အရင်းရှင်ဗျူဟာ! ချင်းလင်ဆော့ရှုံးမှာ! ၃
Vol. 52 Ch. 776
မြောင်ဟွေ့မှာ မင်စီရင်စုပြည်နယ်မြို့တော်မှ စူပါမားကတ်ငယ်လေးတစ်ခု၏ပိုင်ရှင်ဖြစ်သည်။ ဒီလိုစူပါမားကတ်ငယ်လေးများကို ပိုင်ရှင်ကိုယ်တိုင်စီမံကြသည်။ ကျွမ်းကျင်မန်နေဂျာခန့်မထားပေ။
ထို့ကြောင့် ပစ္စည်းများကိုသူကိုယ်တိုင်ဝယ်ယူရသည်။
ခါတိုင်းလို မြောင်ဟွေ့ကပစ္စည်းများစီနေသည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်၊ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် ချင်းလင်ဆော့နောက်တစ်သုတ် မဖြစ်မနေထပ်မှာရမည်။
ဒီပစ္စည်းသုံးမျိုးက ရေပန်းစားနေသည်။
မြောင်ဟွေ့ကုန်ဖြည့်နေစဉ် ဝတ်စုံနှင့်လူငယ်တစ်ယောက်လျှောက်လာပြီး_
"သူဌေးမြောင်... ဆော့ရောင်းအားဘယ်လိုလဲ?''
မြောင်ဟွေ့ကလူငယ်ကိုကြည့်ပြီး ခနိုးခနဲ့ရယ်ကာ_
"အရောင်းသမားဟူ... ငါခဏခဏပြောပြီးပြီလေ... တို့စူပါမားကတ်က ချင်းလင်ဆော့ပဲမှာတာ''
"သူဌေးမြောင်... ဒီတစ်ခါမတူတော့ဘူး... သတင်းတွေတွေ့တယ်မလား? ကျွန်တော်တို့ဆော့ဘရန်းက ချင်းလင်ဆော့ထက်မညံ့ဘူး... ပြီးတော့ ဒီတစ်ခါ ၈ ယွမ်နဲ့ပေးမှာ''
မြောင်ဟွေ့ပြန်စဉ်းစားလိုက်သည်။
ချင်းလင်ဆော့က အရမ်းနာမည်ကြီးနေပေမဲ့ ၁၄ ယွမ်နဲ့ဝယ်ပြီး ၁၅ ယွမ်နဲ့ရောင်းရတာ။ ၁ ယွမ်ပဲမြတ်တယ်။
ဟင်နရီမိသားစုဆော့က ချင်းလင်ဆော့ထက်မညံ့ဘဲ ၈ ယွမ်နဲ့ပေးမယ်ဆိုတော့ ၁၂ ယွမ်နဲ့ရောင်းရင်တောင် ၄ ယွမ်မြတ်သေးတယ်။
ကုမ္ပဏီနှစ်ခုကြားကုန်စျေးနှုန်းတိုက်ပွဲဖြစ်ပြီး ရှေ့လျှောက်ပြန်ကောင်းသွားမည်မှန်း သူသိသည်။
ဒါပေမဲ့ သူဌေးနှစ်ယောက်ပြိုင်ဆိုင်တဲ့ကြားမှာ သူတို့အမြတ်ထုတ်ရမယ့်အချိန်မလား?
ထိုအတွေးနှင့် မြောင်ဟွေ့က အရောင်းသမားဟူအား_
"အရောင်းသမားဟူ... စမ်းကြည့်တာပေါ့''
"သူဌေးမြောင်... ခင်ဗျားကဉာဏ်ကောင်းတာပဲ''
အရောင်းသမားဟူနှုတ်ခမ်းထောင့်ကပြုံးလာသည်။ သူနောက်ထပ်လုပ်ငန်းချနိုင်ပြီ။
တခြားနေရာများတွင်လည်း ဒီအတိုင်းပင်။
နောက်ပြီး လှုပ်ရှားသူများက ဟင်နရီမိသားစုမှကိုယ်စားလှယ်များတင်မဟုတ်။ ဟန်ဆော့ကိုယ်စားလှယ်များကလည်း ဒီစျေးနှင့်ကုန်သည်များကိုပေးသည်။
သူတို့ကုန်ကျစရိတ်က ဟင်နရီမိသားစုနည်းနှင့်အတူတူလောက်ရှိသည်။
မသိလိုက်မသိဘာသာနှင့် ကြီးကြီးသေးသေးကုန်သည်များစွာက ဆော့နှစ်မျိုးတန်ဖိုးကြောင့်ဘက်ပြောင်းပြီး အော်ဒါများတင်ကြသည်။
မင်စီရင်စုအထွေထွေကိုယ်စားလှယ်ချန်ဟယ်လည်း ချက်ချင်းသတင်းရသည်။ သူ့လက်အောက်တွင် နေ့စဉ်မိုဘိုင်းဖုန်းစျေးကွက်အခြေအနေကိုခွဲခြမ်းစိတ်ဖြာသည့်အဖွဲ့ရှိသည်။
ထို့ကြောင့် ညနေရောက်လျှင် စျေးကွက်အခြေအနေပုံမှန်မဟုတ်မှန်းသိသွားသည်။ စာရင်းအချက်အလက်အရ ကုန်သည်အတော်များများက ဒီနေ့ချင်းလင်ဆော့ရောင်းကုန်ပြီး အော်ဒါအသစ်တင်ရမည်။
သို့သော် တစ်နေကုန်သည့်တိုင် ကုန်သည်အများစုက အော်ဒါမတင်ကြချေ။
ချန်ဟယ်ကငတုံးမဟုတ်။ တစ်ခုခုဖြစ်နေမှန်း သူသိ၍ ချက်ချင်းသူ့လူများကိုခေါ်မေးသည်။
မကြာခင် သူ့လူတစ်ယောက်အပြေးရောက်လာပြီး အစီရင်ခံသည်_
"ဥက္ကဌချန်... မကောင်းတော့ဘူး... ဟင်နရီနဲ့ဟန်ဆော့လေ... ကုန်သည်တွေကို ၈ ယွမ်နဲ့ရောင်းနေတယ်... ဒီနေ့အော်ဒါမှာမယ့်ကုန်သည်တွေအားလုံးက ဟင်နရီနဲ့ဟန်ဆော့ကိုအော်ဒါတင်ကြတယ်''
"ဘာ? ၈ ယွမ်?''
ချန်ဟယ်အံ့အားသင့်သွားသည်။ ဟင်နရီနှင့်ဟန်မိသားစုရည်ရွယ်ချက်ကို သူတန်းသိသည်။ သူတို့ကစျေးချင်းစစ်ခင်းနေတာ။
ဒါပေမဲ့ ချင်းလင်ကုမ္ပဏီကနေ သူတို့ယူတဲ့ပစ္စည်းတန်ဖိုးက ၁၁ ယွမ်!
ချန်ဟယ်တင်မဟုတ်။ ဒေသဆိုင်ရာကိုယ်စားလှယ်အားလုံးလိုလို ပုံမှန်မဟုတ်မှန်းသတိထားမိသည်။ တစ်ချိန်တည်းမှာ ဟင်နရီနှင့်ဟန်မိသားစုက စျေးချင်းပြိုင်နေသောသတင်းလည်းရသည်။
ထို့ကြောင့် ချင်းလင်ဆော့၏ဒေသဆိုင်ရာကိုယ်စားလှယ်များ ကြောက်စိတ်ဝင်လာသည်။
ဆိုင်ရှင်ကိုတိုက်ရိုက် ၈ ယွမ်ပေးတော့ သူတို့ကဘယ်လိုလုပ်ရမလဲ? တစ်ပဲတစ်ပြားအမြတ်အတွက်တိုက်ခိုက်ချင်ရင်တောင် သူတို့မှာလုပ်နိုင်စွမ်းမရှိ။
ချင်းလင်ဆော့ဒေသကိုယ်စားလှယ်များနှင့်ဆန့်ကျင်ဘက် Lude မှာ သူ့လက်အောက်ခံများမှအစီရင်ခံချက်ရပြီး အူမြူးနေသည်။
သူထင်ထားတဲ့အတိုင်း။ ကုန်သည်တွေကို ၈ ယွမ်နဲ့ချပေးတာ။ ကုန်သည်တစ်ယောက်ပြီးတစ်ယောက်ပါလာသည်။
ဒီအခြေခံအဆင့်ကုန်သည်တွေက ပြင်ပရောင်းအားတွင်နောက်ဆုံးအပိုင်းဖြစ်သည်။ ကိုယ်စားလှယ်များနှင့်မတူပေ။ သူတို့ကိုယ်ပိုင်ဝင်ငွေကိုသာလိုချင်ပြီး စာချုပ်ချုပ်မထားသောကြောင့် လာဘ်ထိုးနိုင်သည်။
နောက်ပြီး ၈ ယွမ်နှင့်အမြတ်ကြီးသောကြောင့် ကုန်သည်တိုင်းလိုလိုမက်ကြသည်။
ဒီအရင်းရှင်ဗျူဟာနှင့်စျေးပြိုင်ခြင်းကြောင့် ချင်းလင်ဆော့ ခွက်ခွက်လန်အောင်ရှုံးတော့မည်!