မောက်ထိုက်လိုတည်ငြိမ်! ချင်းလင်ဆော့ကံဆိုးပြီလား? ၂
Vol. 52 Ch. 778
တန့်ကွမ်းက သူ့လူများကိုခေါ်ပြီးလိုက်လာသည်။ ဒေသဆိုင်ရာကိုယ်စားလှယ်များလည်းထိုင်ပြီးနောက် သူတို့သူဌေးလူငယ်ကိုတလေးတစားကြည့်နေကြသည်။
တစ်ဖက်တွင် ချင်လင်က အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ထုတ်ပြီး လက်ဖက်ရည်စနှပ်သည်။
သူ့လုပ်ပုံကိုင်ပုံက အလွန်ကျွမ်းကျင်ပြီး လက်ဖက်ရည်စားပွဲတွင်အလုပ်အကြောင်းပြောရတာ အသားကျနေပြီ။
တန့်ကွမ်းက လက်ဖက်ရည်နှပ်နေသောချင်လင်ကိုမေးသည်_
"ဥက္ကဌချင်... ဟန်နဲ့ဟင်နရီမိသားစုကိုပြန်တိုက်ဖို့ ထုတ်ကုန်အသစ်ချက်ချင်းထုတ်တော့မလား?''
ချင်လင်ကနှပ်ထားသောလက်ဖက်ရည်အိုးကို တန့်ကွမ်းတို့အားငှဲ့ပေးရင်း_
"စိတ်မပူပါနဲ့... သူတို့လိုင်းပေါ်တင်ထားတာကြာပြီ... သူနဲ့လိုက်မကစားဘဲ ဘယ်လိုနေနိုင်လဲ?''
"သူတို့လုပ်ရပ်ကိုကြည့်ရင် ဒီ ၈ ယွမ်က သူတို့အတတ်နိုင်ဆုံးလျှော့ထားတဲ့စျေးဖြစ်မယ်... ဒီထက်နည်းရင် သူတို့ရှုံးပြီ''
"အဲဒါကြောင့် မူလလက်ဟောင်းဆော့ကိုပဲဆက်ရောင်းဖို့စီစဉ်ထားတယ်... ဒါပေမဲ့ ကုန်သည်ပေးစျေးကို ၇ ယွမ်သတ်မှတ်မယ်... သူတို့ကစျေးချင်းပြိုင်ချင်တာ... ကျွန်တော်တို့ကမ်းလှမ်းချက်ကိုမငြင်းနိုင်ဘူးမလား?''
"သူတို့လက်ခံတာနဲ့ တစ်ဖက်ကစရှုံးပြီ... ကျွန်တော်ကုန်သည်တွေကို ၆ ယွမ်နဲ့ဆက်ပေးနိုင်တယ်... သူတို့လက်ခံမခံကြည့်ရတာပေါ့''
"ကျွန်တော်လှုပ်ရှားရင် သူတို့အဆုံးအရှုံးများပြီ... မလှုပ်ရှားရင်လည်း ဒီလောက်ပြဿနာကြီးအောင်ဖွပြီးမှ သူတို့မျက်နှာသူတို့ဖြတ်ရိုက်သလိုပဲ... ထုတ်ကုန်အသစ်ထုတ်မှ သူတို့မျက်နှာကြည့်ချင်သေးတယ်''
"ဒီအတောအတွင်းတော့ ခင်ဗျားတို့ကိုယ်စားလှယ်တွေ အကျိုးအမြတ်ရဦးမှာမဟုတ်ဘူး... ခင်ဗျားတို့ကိုဒုက္ခပေးရမှာပဲ''
ချင်းလင်ကုမ္ပဏီအဖို့ ၆ ယွမ်မှာ ၁ ယွမ်မြတ်သေး၍ တောင်တန်းလိုတည်ငြိမ်နေသည်။
ဟန်နဲ့ဟင်နရီမိသားစုက သူ့ကိုဘာလုပ်နိုင်မှာလဲ?
ထိုစကားကြောင့် ချန်ဟယ်ကချက်ချင်း သူသစ္စာရှိကြောင်းပြသည်_
"လုံးဝဒုက္ခမရောက်ပါဘူး... ကျွန်တော်တို့က ကုမ္ပဏီရဲဲ့ဒေသကိုယ်စားလှယ်တွေပါ... ခဏတဖြုတ်အကျိုးအမြတ်မရရင်တောင် ကုမ္ပဏီရဲ့အစီအစဉ်အတိုင်းပူးပေါင်းမယ်... ဒီပွဲနိုင်ရင် ရှေ့လျှောက်ဝင်ငွေဖြောင့်ပြီ''
တခြားကိုယ်စားလှယ်များလည်း အလျင်အမြန်ခေါင်းညိမ့်သဘောတူသည်။ သူဌေးငယ်ငယ်လေးကိုကြည့်ရင်း လေးစားမှုကလည်းတဖွားဖွား။
ပထမဆုံးအနေနှင့် သူတို့သူဌေးကဒီလောက်ငယ်ငယ်ရွယ်ရွယ်နှင့် ဒီလိုစီးပွားကြီးတစ်ခုကိုဘာကြောင့်ထူထောင်နိုင်မှန်း သူတို့သိလိုက်သည်။
တခြားလူသာဆိုရင် ဆော့နှစ်မျိုးကိုချက်ချင်းလက်တုံ့ပြန်ပြီး လျှပ်စီးလိုဖြေရှင်းပစ်လိမ့်မည်။
ဒါပေမဲ့ ဒီသူဌေးငယ်ငယ်လေးက တောင်တန်းလိုတည်ငြိမ်ပြီး ဟန်နှင့်ဟင်နရီမိသားစုကိုချောက်ချရန် အစီအစဉ်တောင်ဆွဲထားသည်။
ရှင်းကျန့်တယ်သားတွေမောက်မာပုံအရ ဒီအကွက်ကိုသူတို့သူဌေးကြောင့်ရွှေ့တာဖြစ်မည်။ သူတို့သူဌေးကဟောဟောဒိုင်းဒိုင်းရှိသည်ဟုတောင် ထင်ကောင်းထင်မည်။
ဟန်နှင့်ဟင်နရီမိသားစုက စျေးပြိုင်ပြီးငွေကုန်ကြေးကျခံနေစဉ် သူတို့ထုတ်ကုန်အသစ်ထုတ်လိုက်ရင် အရှိုက်ထိသွားမည်။
အဲဒီအချိန်ကျ ဟန်နှင့်ဟင်နရီမိသားစုအဆုံးရှုံးခံထားသောငွေများပြန်ရဖို့တောင်မဖြစ်နိုင်။ သူတို့ကြက်သေသေကုန်မည်။
ဒီနည်းက ရိုးနေပြီ။
လက်ဖက်ရည်ဝိုင်းဖွဲ့ပြီးနောက် ချန်ဟယ်တို့ပြန်သွားကြသည်။
သူတို့ကုမ္ပဏီပြန်ပြီး အစီအစဉ်ဆွဲရဦးမည်။
"လောင်တန့်... ပြည်တွင်းကခရမ်းချဉ်ဆော့သူဌေးတွေနဲ့အဆက်အသွယ်လုပ်ပေးပါ... ကျွန်တော်ကပြောစရာရှိလို့ အမြန်ဆုံးလာဖို့ပြောလိုက်ပါ''
ချင်လင်က တန့်ကွမ်းကိုညွှန်ကြားလိုက်သည်။
လောင်ချန်ရဲ့နည်းက စျေးချင်းပြိုင်ဖို့တင်မဟုတ်သေး။ ဒါက ပထမခြေလှမ်းသာ။ ပြည်တွင်းခရမ်းချဉ်ဆော့စျေးကွက်တစ်ခုလုံးကို တစ်ခါတည်းထိန်းချုပ်နိုင်ဖို့ အကွက်တွေရှိသေးသည်။
တိုက်ရိုက်လှမ်းတက်ခြင်းပင်!
မကြာမီ_
ချင်းလင်ဆော့ကိုယ်စားလှယ်ကြီးကြီးငယ်ငယ်အားလုံး အမြန်ဆုံးလှုပ်ရှားကြသည်။
မင်စီရင်စုပြည်နယ်မြို့တော်၌_
မြောင်ဟွေ့၏စူပါမားကတ်သို့ ချင်းလင်ဆော့အရောင်းသမားတစ်ဦးလျှောက်ဝင်လာသည်။ အရောင်းသမားမှာ ချန်ရှီဆိုသောလူငယ်ဖြစ်သည်။
ချန်ဟယ်၏သားဖြစ်ပြီး ချင်းလင်ဆော့အတွက်မင်စီရင်စုကိုယ်စားလှယ်ဖြစ်သည်။ ဘွဲ့ရတစ်ဦးလည်းဖြစ်ပြီး သူ့အဖေကုမ္ပဏီတွင် အောက်ခြေမှစလုပ်ခဲ့သည်။
ချန်ရှီက ခပ်စိတ်စိတ်ဝတ်စုံဝတ်ထား၏။ စူပါမားကတ်ထဲဝင်လိုက်သောအခါ မြင်သာသောနေရာတွင် ဟင်နရီမိသားစုဆော့ကိုတွေ့သောကြောင့် မျက်မှောင်နည်းနည်းကြုတ်သွားသည်။
ဒီအောက်ခြေကုန်သည်တွေက တကယ်အားလုံးရဲ့အမေပဲ။
ဒါပေမဲ့ ဒီလိုဖြစ်တတ်မှန်းသူသိသည်။ တခြားနည်းမရှိ။
ကုန်သည်တွေက အမြတ်နောက်လိုက်သည်။ ပြည်သူတွေလည်း ဒီအတိုင်း။ ဘာပဲဖြစ်ဖြစ် ဒီလူတွေက ချင်းလင်ဆော့နဲ့စာချုပ်ချုပ်ထားတဲ့သူ့အဖေလိုမဟုတ်။
အကျိုးအမြတ်နှင့်တိုက်ရိုက်ဆက်စပ်မှုမရှိလျှင် ဘယ်သူမှကိုယ့်အတွက်ဘဝပေးမည်မဟုတ်ပေ။
နောက်ပြီး အောက်ခြေကုန်သည်တွေက ရောင်းအားအတွက်မရှိမဖြစ်ပင်။
"ရှောင်ချန်... ဒီလာရအောင် အားလို့လားကွ?''
ချန်ရှီကိုမြင်ပြီး မြောင်ဟွေ့နည်းနည်းအားတုံ့အားနာဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် အမြဲတမ်းချင်းလင်ဆော့အော်ဒါတင်တိုင်း သူနဲ့လက်ဖက်ရည်သောက်နေကျ။ အခုသူက ဟင်နရီဆော့မှာထားပြီ။
ထိုအောက်ခြေကုန်သည်များ၏အသက်မွေးဝမ်းကျောင်းကိုချန်ရှီနားလည်သောကြောင့် ချက်ချင်းပြုံးလိုက်ပြီး_
"သူဌေးမြောင်... ဒီနေ့လာတာ ခင်ဗျားကိုပိုက်ဆံပေးဖို့... ဟင်နရီဆော့ကိုဆက်ထား... ချင်းလင်ဆော့ကို ၇ ယွမ်နဲ့ပေးမယ်''
"၇ ယွမ်?''
သူ့စကားကြောင့် မြောင်ဟွေ့အံ့ဩသွားသည်။
ဟင်နရီဆော့ကစျေးချင်းပြိုင်ဖို့ကြိုးစားနေသောကြောင့် ချင်းလင်ဆော့ကလက်မလျှော့ချင်ရင် ၈ ယွမ်တန်ဖိုးလိုက်ထားရမည်မှန်းသိသော်လည်း ချင်းလင်ဆော့က ၇ ယွမ်နှင့်တန်းလက်စားချေကာအနိုင်ယူမည်ဟု သူမထင်မိပေ။
ကုန်သည်ကြီးတွေပြိုင်ရင် ကုန်သည်လေးတွေအမြတ်ထိုင်ကောက်ချိန်ပေါ့။
"ရှောင်ချန်... ငါချင်းလင်ဆော့အများကြီးလိုချင်တယ်''
မြောင်ဟွေ့လည်းချက်ချင်းပြုံးပြီး ချန်ရှီရှေ့တင် ဟင်နရီမိသားစုဆော့များကိုစင်ပေါ်မှဖယ်လိုက်သည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ရှောင်ချန်နဲ့ပိုပြီးဆက်ဆံရေးကောင်းတာ။ တန်ဖိုးချင်း၊အရသာချင်းတူမှတော့ ချင်းလင်ဆော့ကိုပဲရွေးမှာပေါ့။ အခုစျေးသက်သာသွားပြီဆို မပြောနှင့်တော့။
"မပူပါနဲ့... ဒီကိုချင်းလင်ဆော့ မကြာခင်ရောက်မယ်''
ချန်ရှီကပြုံးပြုံးနှင့်ပြောပြီး နောက်တစ်ဆိုင်သွားလိုက်သည်။
တခြားနေရာများတွင်လည်း ချင်းလင်ဆော့အရောင်းကိုယ်စားလှယ်များက ဒီအတိုင်းလုပ်ကြသည်။ ဘာသံမှမကြားလိုက်ရဘဲ ထိုအောက်ခြေကုန်သည်များအားလုံး ချင်းလင်ဆော့ဘက်ရောက်သွားလေသည်။