ချင်းလင်ဆော့ထုတ်ကုန်အသစ်?
Vol. 52 Ch. 780
ထျန်းဟိုင်အစားအသောက်ကုမ္ပဏီ_
ကျွမ်စစ်ရှီးက ဟန်၊ ဟင်နရီနှင့် ချင်းလင်ဆော့ကြား စီးပွားရေးစစ်ပွဲကိုမျက်စိဒေါက်ထောက်ကြည့်နေသည်။ ကြည့်အကောင်းဆုံးစီးပွားရေးစစ်ပွဲပင်။
ချင်းလင်ဆော့က ဟန်နှင့်ဟင်နရီမိသားစုကိုလိုက်ပြိုင်မည်ဟု လုံးဝမထင်မိ။
နောက်ပြီး ကောင်းကင်ဘုံနှင့်လူ့ပြည်တိုက်ပွဲမှာ အထိအခိုက်များလိမ့်မည်။
ထျန်းဟိုင်ဆော့စျေးကွက်မှာ ထပ်ပြီးဘောင်ကျဉ်းသွားပြန်သည်။ မူလက ထျန်းဟိုင်အစားအသောက်ကုမ္ပဏီမှာ အလယ်အလတ်မှအဆင့်နိမ့်ဆော့ကို ၆ ယွမ်နှင့်သာရောင်းသည်။
ချင်းလင်ဆော့ကအဆင်မြင့်ထုတ်ကုန်ဖြစ်ပြီး ၁၅ ယွမ်ပေးရသည်။ အခု ၇ ယွမ်နှင့်ရောင်းနေပြီဖြစ်၍ သူတို့နှင့်အတူတူလောက်ကျသည်။
သူ့ထျန်းဟိုင်ဆော့ကို ဘယ်သူဝယ်မှာတဲ့လဲ?
အဓိကက ပြည်တွင်းဆော့မှာ ပွဲထဲဝင်ပါနိုင်စွမ်းတောင်မရှိ။ ညှင်းဆဲခံရဖို့သာရှိသည်။
ထိုအချိန်တွင် အတွင်းရေးမှူးကရုတ်တရက်ပြေးဝင်လာပြီး အစီရင်ခံသည်_
"ဥက္ကဌကျွမ်... ချင်းလင်အစားအသောက်ကုမ္ပဏီကဖိတ်တယ်... သူတို့သူဌေးက ရုံချန်းကိုလာစေချင်တယ်တဲ့''
ကျွမ်စစ်ရှီးကြောင်သွားသည်။
ချင်းလင်အစားအသောက်ကုမ္ပဏီသူဌေးက ဟန်နဲ့ဟင်နရီကြောင့် အလုပ်များနေမှာမလား?
ဘာလို့သူ့ကိုဖိတ်တာလဲ?
ဒါဆော့နဲ့ပတ်သက်ရမည်။ ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ စူးစမ်းချင်စိတ်ကြောင့် သူသွားမည်ဖြစ်၍ အတွင်းရေးမှူးအား_
"လေယာဉ်လက်မှတ်ဖြတ်ပေးပါ''
"ကောင်းပါပြီ ဥက္ကဌကျွမ်!''
အတွင်းရေးမှူးက အလျင်စလိုထွက်သွားသည်။
မကြာမီ ကျွမ်စစ်ရှီးက သူ့ဒရိုင်ဘာနှင့်အတူမင်မြို့တော်ရောက်သွားသည်။ ထို့နောက် ဒရိုင်ဘာကိုကားငှားခိုင်းပြီး ရုံချန်းဆက်သွား၏။
ချင်းလင်အစားအသောက်ကုမ္ပဏီက ကျုံးမင်ဟိုတယ်တွင်အခန်းငှားပေးထားသောကြောင့် ရုံချန်းထဲဝင်လာသည်နှင့် ကျုံးမင်ဟိုတယ်သို့တန်းမောင်းခိုင်းသည်။
နောက်တစ်နေ့တွင် ကျွမ်စစ်ရှီးကိုချင်းလင်ကုမ္ပဏီသူဌေးနှင့်တွေ့ရန်ဖိတ်ကြားခံရသည်။ အောက်ထပ်ဆင်းလိုက်သောအခါ သူရင်းနှီးသောမျက်နှာတချို့ကိုမြင်ပြီး အံ့ဩသွားသည်။
ဒီလူတွေက ပြည်တွင်းဆော့ဘရန်းပိုင်ရှင်တွေ!
လောင်ကျိမြန့်ဆော့၊ လဲကျားဆော့၊ ကျိရှန်ဆော့၊ လီမင်းဆော့...
သူတို့ကလည်း ထိပ်တန်းဆော့ဘရန်း ၁၀ ခုထဲပါသည်။
ဒါပေမဲ့ ချင်းလင်ကုမ္ပဏီသူဌေးက ဘာလို့သူတို့အကုန်လုံးကိုဖိတ်ရတာလဲ?
တခြားဆော့ဘရန်းသူဌေးများကလည်း ကျွမ်စစ်ရှီးကိုမြင်ပြီး တအံ့တဩနှုတ်ဆက်ကြသည်။
"ဥက္ကဌကျွမ်''
"ဥက္ကဌကျွမ်လည်းရောက်နေတယ်''
"ဥက္ကဌကျွမ်.. မတွေ့တာကြာပြီ''
သူတို့အားလုံးခရမ်းချဉ်ဆော့ထုတ်သောကြောင့် တစ်ယောက်ကိုတစ်ယောက်သိကြသည်။
ကျွမ်စစ်ရှီးလည်း သူတို့ကိုနှုတ်ဆက်ပြီး စကားစမြည်ပြောတော့သည်။
ချင်းလင်ကုမ္ပဏီသူဌေးက ဘာလို့သူတို့ကိုခေါ်လဲသိချင်နေကြသည်။ လောလောဆယ် မခန့်မှန်းနိုင်သေး။ နောက်ဆုံး ချင်းလင်ကုမ္ပဏီမှလာကြိုသောကားထဲသာ တက်လိုက်သွားတော့သည်။
မကြာမီ ကားကချင်းလင်အပန်းဖြေစံအိမ်ကားပါကင်ရောက်လာသည်။
ကျွမ်စစ်ရှီးတို့ကကားပေါ်မှဆင်းပြီး သူတို့ရှေ့မှစံအိမ်ကိုလည်းကောင်း၊ မယုံနိုင်အောင်ကောင်းသောလေနှင့်ရှုခင်းကိုလည်းကောင်း တအံ့တဩကြည့်လိုက်ကြသည်။
ကားထဲမှထွက်ထွက်ချင်း ရသောလေကြောင့် တစ်ကိုယ်လုံးလန်းဆန်းသွား၏။
"ဒါချင်းလင်အပန်းဖြေစံအိမ်လား?''
"တကယ်လှတာပဲ... လေကကောင်းလိုက်တာ''
"ချင်းလင်ကုမ္ပဏီသူဌေးက အကောင်းကိုတကယ်သိတာပဲ... ဒီလိုနေရာမျိုးဖန်တီးနိုင်တယ်''
ထိုအချိန်တွင် ကြိုစောင့်နေသောတန့်ကွမ်းရောက်လာပြီး_
"သူဌေးတို့.. တွေ့ရတာဝမ်းသာပါတယ်... သူဌေးကလာကြိုခိုင်းထားတာပါ''
ကျွမ်စစ်ရှီးက သူ့ကိုလည်းမှတ်မိသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီတာဝန်ခံအနေနှင့် ကုမ္ပဏီသူဌေးထက်ပိုပြီး တန့်ကွမ်းကနာမည်ကြီးသည်။
ကျွမ်စစ်ရှီးကချက်ချင်း တန့်ကွမ်းကိုအပြုံးနှင့်နှုတ်ဆက်သည်_
"ဥက္ကဌတန့်... ခင်ဗျားအကြောင်းတွေအများကြီးကြားဖူးပါတယ်... ဒီနေ့တွေ့ရတာဂုဏ်ယူပါတယ်''
တခြားသူများလည်းရှေ့တိုးလာပြီး အားတက်သရောလက်ဆွဲနှုတ်ဆက်ကြသည်။
ချင်းလင်ဆော့စီးပွားရေးကဘယ်လိုပဲဖြစ်ဖြစ် ချင်းလင်အစားအသောက်ကုမ္ပဏီ၏အားဖြည့်လက်ဖက်ရည်နှင့်ဆေးဖျော်ရည်စီးရီးက စျေးကွက်ကိုသိမ်းပိုက်ထားပြီး အခုချင်းလင်ကုမ္ပဏီက သူတို့ထက်ပိုကြီးနေသည်။
ထို့ကြောင့် ချင်းလင်ကုမ္ပဏီတာဝန်ခံဖြစ်သောဥက္ကဌတန့်နှင့်မိတ်ဆွေဖြစ်ထားရင် အကျိုးမယုတ်ပေ။
တန့်ကွမ်းက ကျွမ်စစ်ရှီးတို့ကိုကြိုပြီး ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်းထဲခေါ်လာသည်။
ဧည့်ခန်းထဲတွင် ချင်လင်ကအသင့်စောင့်နေ၏။
တန့်ကွမ်းလည်း ချင်လင်ကိုချက်ချင်းအစီရင်ခံလိုက်သည်_
"ဥက္ကဌချင်... အားလုံးရောက်ပါပြီ''
ကျွမ်စစ်ရှီးတို့ကဝင်ဝင်ချင်း ချင်လင်ကိုမြင်သော်လည်း သိပ်အာရုံမစိုက်မိ။ ဘာပဲဖြစ်ဖြစ် သူတို့အမြင်မှာ လူငယ်လေးတစ်ယောက်သာ။ ချင်းလင်ကုမ္ပဏီကသူတို့ကိုလွှတ်ထားသောဝန်ထမ်းလေးဟုထင်နေကြသည်။
သို့ရာတွင် တန့်ကွမ်းစကားကြောင့် လုံးဝအံ့ဩသွားလေသည်။
ဒါချင်းလင်ကုမ္ပဏီသူဌေး?
"ဟူး!''
ကျွမ်စစ်ရှီးမှာ ရုတ်တရက်ဗလောင်ဆူသွားသည်။
အမှန်ပင်။ ချင်းလင်ကုမ္ပဏီသူဌေးကဒဏ္ဍာရီဆန်သော်လည်း ဒီလောက်ငယ်မည်ဟုမထင်မိ။ ကောလိပ်ကျောင်းပြီးခါစ ဘွဲ့ရလူငယ်လောက်သာရှိသည်။
ချင်လင်လည်း ကျွမ်စစ်ရှီးတို့ကိုနေရာပေးလိုက်သည်_
"ထိုင်ကြပါ သူဌေးတို့... ဒီတစ်ခါတွေ့ချင်ရတာက ငွေဝင်မယ့်နည်းနှစ်နည်းပေးချင်လို့ပါ''
သူ့စကားကြောင့် ကျွမ်စစ်ရှီးတို့စိတ်ဝင်စားသွားသည်။
ဘာပဲဖြစ်ဖြစ် ငွေမကြိုက်တဲ့သူရှိလို့လား? ပြီးတော့ ဒီဥက္ကဌချင်လေးမှာ ငွေရမယ့်နည်းနှစ်နည်းရှိတယ်တဲ့။
ကျွမ်စစ်ရှီးကထိုင်ပြီး စူးစမ်းလိုက်သည်_
"ဥက္ကဌချင်... ခင်ဗျားပြောတဲ့ငွေဝင်နည်းက?''
ချင်လင်ကပြုံးလိုက်ပြီး_
"ကျွန်တော်တို့ချင်းလင်ဆော့က ဟန်နဲ့ဟင်နရီမိသားစုနဲ့စျေးချင်းပြိုင်နေတာ အားလုံးအသိပဲ... ပြီးရင် ကျွန်တော်စျေးညှိမှာပါ... ကျွန်တော်တို့က ၆ ယွမ်နဲ့စိန်ခေါ်မယ်''
"ပြီးရင် ဟန်နဲ့ဟင်နရီက နောက်ဆုတ်မလား ရှေ့တိုးမလားပဲ... သူတို့တုံ့ပြန်လိမ့်မယ်... ဒီအရင်းရှင်တွေယုံကြည်ထားတာက ကျွန်တော်ကထပ်ပြီးခြောက်တယ် အပြတ်ဖြတ်မယ်ပေါ့... သူတို့က ၆ ယွမ်နဲ့ဆက်လိုက်လိမ့်မယ်''
"ဒီတော့ ခင်ဗျားတို့ဖြန့်ဝေသူတွေကိုအသုံးချပြီး ဟန်နဲ့ဟင်နရီကဆော့နှစ်မျိုးမှာပေးဖို့ပြောချင်ပါတယ်... အခု ၆ ယွမ်ဆိုပေမဲ့ မကြာခင်စျေးတက်ပါလိမ့်မယ်... အဲဒီအချိန်ကျရင် ဒီအော်ဒါတွေကိုခင်ဗျားတို့ရဲ့သီးသန့်ကိုယ်စားလှယ်တွေအပေါ်ပုံချလို့ရတယ်... ဒါသေချာပေါက်ရမယ့်နည်းပါ''