နဂါးကိုးကောင်
Vol. 25 Ch. 343
ချပ်…
ဝေယိုရွှမ်း၏အသွေးအသားများထဲမှ အနက်ရောင်ချီစွမ်းအင်များသည် မုန်တိုင်းထန်သကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာလျက်ရှိပြီး ထိုစွမ်းအင်များ၏ဖိအားကြောင့် မြေပြင်သည်ပင် များစွာ အက်ကွဲရလျက် ရှိ၏။
စွမ်းအင်များ၏ဖိအားကြောင့် တောင်ကုန်းပေါ်ရှိ တပည့်များ၏ မျက်နှာအမူအရာများသည်ပင် ပြောင်းလဲကုန်ရသည်။ကျောက်တုံးပွဲကြည့်စင်ပေါ်ရှိ လုဟုန်း၏မျက်နှာတွင်အေးစက်စက်အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဝေယိုရွှမ်းမှာ ကြီးမြတ်သော မဟူရာမိစ္ဆာကျင့်စဥ်အားအလုံးစုံ မတက်မြောက်သေးသော်လည်း ထိုကျင့်စဥ်၏ စွမ်းအင်သုံးဆယ်ရာခိုင်နှုန်းခန့်အား အသုံးပြုနိုင်နေပြီ ဖြစ်၏။အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဥ်အား သုံးဆယ်ရာခိုင်နှုန်းမျှ သုံးနိုင်ခြင်းသည်ပင် ပုံမှန် ကောင်းကင်ဘုံငယ်ကျင့်စဥ်တစ်ခုနှင့် ယှဥ်၍မရတော့အောင် မြင့်မားနေပြီ ဖြစ်သည်။
ဝေယိုရွှမ်းသည် ထိုကျင့်စဥ်အားအသုံးပြုလိုက်သည်ကို ကြည့်ခြင်းအားဖြင့် ပြိုင်ပွဲ၏အဆုံးသတ်မှာ နီးကပ်လာပြီဖြစ်ကြောင်း သိနိုင်ပေသည်။
လုဟုန်းသည် အေးစက်စွာဖြင့် စိန်းထိုက်ယွမ်အားကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာသည်အနည်းငယ်မျှ တင်းမာလျက် ရှိနေ၏။အဘယ်ကြောင့်ဆိုသော် ဇူယွမ်တွင်လည်း အဆင့်နိမ့်ကောင်းကင်ဘုံကျင့်စဥ်ဖြစ်သော ကောင်းကင်နေနတ်ဘုရားမှတ်တမ်းရှိနေခြင်းအား သိရှိထားသောကြောင့် ဖြစ်သည်။သို့သော်လည်း ထိုကျင့်စဥ်နှစ်ခု၏ ကွာခြားချက်မှာကောင်းကင်နေနတ်ဘုရားမှတ်တမ်းကျင့်စဥ်သည်အလုံးစုံ ကျွမ်းကျင်တက်မြောက်မှုမရှိပဲနှင့် အသုံးပြု၍ မရခြင်းဖြစ်ပေ၏။
လုဟုန်း၏နှုတ်ခမ်းအစုံမှာ လှောင်ပြောင်သရော်လိုဟန်များဖြင့် တွန့်ကွေးသွားခဲ့ရသည်။ စိန်းထိုက်ယွမ်သည် အမှန်တကယ်ပင် ဇူယွမ်ဟူသော ကောင်လေးမှတိုက်ပွဲအလှည့်အပြောင်းများ ပြုလုပ်နိုင်လိမ့်မည်ဟုယုံကြည်နေပါသလော။ ထိုသို့ဆိုလျှင် သူသည်လုဟုန်း၏တပည့်များအား အမှန်တကယ် လျှော့တွက်ထားခဲ့သည်ပင် ဖြစ်သည်။
“တကယ်စိတ်ပျက်အားငယ်ရတယ်ဆိုတာဘာလဲမင်းသိစေရမယ်။”
လုဟုန်း၏မျက်ဝန်းအစုံမှာ ရက်စက်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။စိန်းထိုက်ယွမ်အား မျက်နှာရစရာပင် မရှိအောင် မလုပ်နိုင်တော့သော်လည်း သူ၏မျှော်လင့်ချက်များအား ချိုးဖဲ့ဖျက်စီးနိုင်တော့မည် ဖြစ်၏။
ကျောက်တုံးပွဲကြည့်စင်ထက်၌ရှိနေသော လုစုန့်သည်ဝေယိုရွှမ်းအား ရစ်ဝဲလျက်ရှိနေသော အနက်ရောင်ချီစွမ်းအင်၏ဖိအားကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်ခုံးတို့ ရှုံ့တွသွားခဲ့သည်။ ဤယှဥ်ပြိုင်ပွဲသည် သူခန့်မှန်းထားသည်ထက်ပင်ပို၍ပြင်းထန်နေသေး၏။
လုစုန့်၏ဘေးတွင်ရှိနေသော လုယန်းမှာ အံ့အားသင့်နေသော အမူအရာဖြင့် စကားဆိုလိုက်သည်။
“ဝေယိုရွှမ်းက တကယ်ကိုအံ့သြဖို့ကောင်းတာပဲ။လုဟုန်းရဲ့ခရမ်းရောင်အဆင့်တပည့်တွေထဲမှာတောင် အဆင့်နိမ့်ကောင်းကင်ဘုံကျင့်စဥ်ကို ကျင့်နိုင်တဲ့သူက နည်းနည်းပဲ ရှိတာ။”
လုစုန့်မှ ခေါင်းကိုခါယမ်းကာ ပြန်၍ပြောလိုက်သည်။ “သူက ကျွမ်းကျင်တတ်မြောက်တဲ့အဆင့်ကို မရောက်သေးဘူး။ချီစွမ်းအင်ဖောက်ပြန်မှုကို ဖြစ်စေနိုင်တယ်။”
လုယန်းမှ ပခုံးအားတွန့်ကာ စကားဆိုလိုက်သည်။ “မကျွမ်သေးတော့ရော ဘာဖြစ်လဲ။ဒီလောက်ဆိုရင်ကို ဇူယွမ်ကိုနိုင်ဖို့ လုံလောက်နေပြီပဲ။”
လုစုန့်မှ စိတ်မကောင်းသောအမူအရာဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။ “သနားဖို့ကောင်းလိုက်တာ။”
လုယန်း၏တွန့်ကွေးနေသော နှုတ်ခမ်းအစုံမှာ တည်ကြည်သွားကာ ပြန်၍ပြောလိုက်၏။ “ဘာသနားစရာရှိလို့လဲ။ သူက ဝေယိုရွှမ်းနဲ့ တော်တော်လေးတော့ ယှဥ်ချနိုင်ခဲ့တာပဲလေ။အဖိုးကသူတကယ်ကြီး ဝေယိုရွှမ်းကို နိုင်လိမ့်မယ်လို့ ထင်နေတာလား။”
သူမသည် လုစုန့်က ဇူယွမ်အား အလွန်အမင်းအထင်ကြီးနေသည်ဟု ခံစားနေရသည်မှာ ထင်ရှားပေသည်။
လုစုန့်သည် သက်ပြင်းချကာ ခေါင်းငြိမ့်ပြလိုက်၏။ “တကယ်ဆို မူလစဦး တတိယအဆင့်လောက်နဲ့ဝေယိုရွှမ်းကို ဒီလောက်ထိ ယှဥ်ချနိုင်တာကိုကတော်တော်လေး ဟုတ်နေပါပြီ။”
ဗြိ...
အနက်ရောင်ချီစွမ်းအင်များသည် ဝေယိုရွှမ်း၏အသွေးအသားများထဲတွင် တစ်စထက်တစ်စ သိပ်သည်းလာသည်နှင့်အမျှ ခန္ဓာကိုယ်မှာလည်းကြီးထွားလာကာ အဝတ်များကိုပင် ဆုတ်ပြဲသွားစေခဲ့သည်။အနည်းငယ်မျှသော အသက်ရှူချိန်လေးအတွင်းမှာပင် ချောမောခန့်ညားသော ဝေယိုရွှမ်းမှအနက်ရောင် လူထွားကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အနက်ရောင်ချီစွမ်းအင်များမှာ ဝေယိုရွှမ်းအားရစ်ဝဲလျက်ရှိနေကာ အနက်ရောင်မူလမှော်စာလုံးများသည် သူ၏ခန္ဓာကိုယ်အား ဖုံးအုပ်ထားလျက်ရှိသည်။ကြီးမြတ်သော မဟူရာမိစ္ဆာကျင့်စဥ်သည် လူတစ်ဦး၏ ကိုယ်ခန္ဓာအား ခေတ္တမျှအလွန်အမင်း စွမ်းအားကြီးစေနိုင်ပြီး အနီးနားရှိ အရာများအား အိမ်မက်ဆိုးတစ်ခုအလား ဖျက်ဆီးပစ်စေနိုင်သည်။
ဝေယိုရွှမ်း၏မျက်ဝန်းများမှာ အလုံးစုံ အနက်ရောင်သို့ပြောင်းလဲသွားခဲ့သည်။ သူသည် ဇူယွမ့်အား သိမ်းငှက်တစ်ကောင်မှ သားကောင်အားထိုးသုတ်တော့မည့်အလား ကြည့်လိုက်ကာ လျှို့ဝှက်ပြီး ခန့်မှန်းရခက်သော အပြုံးများဖြင့် သူ၏နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားခဲ့၏။
“ငါဒါကို ခရမ်းရောင်ခါးစည်းပြိုင်ပွဲအတွက် သိမ်းထားမလို့ပဲ။ဒါပေမယ့် မင်းကငါ့ကို ဒီကျင့်စဥ်ကို ထုတ်သုံးရအောင်တောင် လုပ်နိုင်တယ်ဆိုတော့ မင်းလည်းတော်တော်လေးကို အရည်အချင်းရှိသားပဲ။”
ဝုန်း...
ထိုစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက်ဝေယိုရွှမ်းမှာ မြေပြင်အား ဆောင့်နင်းချလိုက်ပြီးသူ၏အလွန်ကြီးမားသော ခန္ဓာကိုယ်သည် အနက်ရောင် အခိုးအငွေ့သဏ္ဍာန်သို့ ပြောင်းလဲသွားကာအလင်းတန်းတစ်ခုအလား လျင်မြန်စွာ ရွေ့လျားသွားလေသည်။
“မြန်လိုက်တာ။”
ဇူယွမ်၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားခဲ့ရ၏။ ဝေယိုရွှမ်းသည် ယခုအချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် လျင်မြန်နေပေသည်။
ဝုန်း...
ချက်ချင်းဆိုသလိုပင် ထိုအနက်ရောင် အခိုးအငွေ့များသည် သူ၏ရှေ့၌ ပေါ်လာခဲ့သည်။ ဇူယွမ်မှာသူ၏ခေါင်းနောက်တွင်ရှိနေသော ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲယူလိုက်ကာ ချီစွမ်းအင်များကိုစုတ်တံတလျှောက် စီးဆင်းစေလိုက်၏။
“အသင်္ချေသော ဝေလငါးများ မှော်စာလုံး”
စုတ်တံ၏ထိပ်ဖျားမှ တောက်ပသောအလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး မှေးမှိန်သော ဧရာမဝေလငါးပုံသဏ္ဍာန်မှာ ပေါ်ပေါက်လာခဲ့သည်။စုတ်တံ၌ စီးဆင်းလျက်ရှိသော စွမ်းအင်မှာ တောင်များကိုပင် ဖြိုခွင်းပစ်နိုင်လောက်အောင် ကြီးမားကာပြင်းထန်စွာဖြင့် ဝေယိုရွှမ်းအား တိုက်ခိုက်ခဲ့၏။ဝေယိုရွှမ်းမှာ သူ၏လက်နှစ်ဖက်လုံးကို မြှောက်ကာကြက်ခြေခတ်သဏ္ဍာန်ပြုလုပ်၍ ကောင်းကင်ဘုံယွမ်စုတ်တံအား တိုက်ရိုက်ရင်ဆိုင်ခဲ့လေသည်။
ဝုန်း...
ရင်ဆိုင်တွေ့ဆုံမှုကြောင့် စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားခဲ့ပြီး လေထုများကို ဆုတ်ဖြဲသွားခဲ့၍ တောင်ကုန်းများပင် အက်ကွဲသွားခဲ့ရကာ အပျက်အစီးများစွာကို ဖြစ်ပေါ်စေခဲ့သည်။သူတို့နှစ်ဦး ရင်ဆိုင်တိုက်ခိုက်မှုတွင် ဇူယွမ်မှာအဝေးသို့ အနည်းငယ်မျှ လွင့်စင်ခဲ့ရသော်လည်းဝေယိုရွှမ်းမှာမူ တစ်လက်မပင် ရွေ့လျားသွားခြင်းမရှိချေ။
ဝှစ်...
ဝေယိုရွှမ်းသည် ဇူယွမ့်ထံသို့ လျင်မြန်စွာဖြင့် ရောက်ရှိလာပြီး အနည်းငယ်မျှပင် တွေဝေတုန့်ဆိုင်းခြင်း မရှိပဲလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဇူယွမ်အား လွင့်ထွက်သွားစေရန် ထိုးချလိုက်သည်။ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များသည်ဇူယွမ်၏အရေပြားများကိုပင် ဆုတ်ပြဲသွားစေမတက်ဖိအားကို ပေးစွမ်းလျက်ရှိသည်။
စိတ်ကြီးဝင်နေသော ဝေယိုရွှမ်းအား ဇူယွမ်မှသတ်ဖြတ်ချင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ခရမ်းပြာရောင်အလင်းတန်းတစ်ခုလင်းလက်သွားပြီး မှော်ဆန်သောနဂါးကြေးခွံ ပေါ်လာခဲ့လေသည်။
ကြီးမားသောလက်သီးနှင့် သေးငယ်သောလက်သီးတို့လေထုထဲ၌ တွေ့ဆုံသွားခဲ့ကြ၏။နဂါးကြေးခွံများမှာ အနည်းငယ် ကွဲအက်သွားခဲ့ပြီးဇူယွမ်မှာ အနောက်သို့ အတော်လေး ဆုတ်သွားခဲ့ရသည်။တစ်ဖက်တွင်တော့ ဝေယိုရွှမ်းသည် ခြေလှမ်းအနည်းငယ်မျှသာ အနောက်သို့ ဆုတ်သွားခဲ့ရပြီးတည်ငြိမ််အောင် ထိန်းထားနိုင်ခဲ့၏။
“ဇူယွမ်...မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။”
ဝေယိုရွှမ်းသည် ဇူယွမ်အားကြည့်ကာ လျှို့ဝှက်သောမျက်ဝန်းများဖြင့် ပြုံးလိုက်ရင်း စကားဆိုလိုက်သည်။
“အဲ့လိုဆိုရင်တော့ ဒီအချိန်က မင်းအတွက်ချန်ထားတဲ့တောင်ကုန်းကို သုံးရတော့မယ့်အချိန်ပဲ။”
ဇူယွမ်၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားခဲ့ပြီးလက်များကိုအတူတကွပေါင်းစည်းလိုက်ကာကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များက သူ၏ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့သည်။
“နဂါးကိုးကောင် နိယာမ...နဂါးရှစ်ကောင်။”
ချီစွမ်းအင်များမှာ သားရဲရှစ်ကောင်အသွင်သို့ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ ဖိအားကိုထုတ်လွှတ်လျက်ရှိသည်။မျက်စိတစ်မှိတ်စာမျှသောအချိန်လေးအတွင်းမှာပင် ထိုသားရဲရှစ်ကောင်မှာဟိန်းသံသဲ့သဲ့ပေးကာ ဝေယိုရွှမ်းထံသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့၏။
“မင်းက ကောင်းကင်ဘုံငယ်ကျင့်စဥ်လေးကို ထုတ်သုံးရဲတယ်ပေါ့လေ။ မင်းက မင်းကိုယ်မင်း အရူးလုပ်နေတာပဲ။”
ဝေယိုရွှမ်းမှ ကျယ်လောင်စွာဖြင့် အော်ဟစ်ရယ်မောလိုက်၏။ သူ၏ကြီးမားသော ခန္ဓာကိုယ်မှာ အရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး လက်သီးများကို ဆုပ်လိုက်ကာ ကြောက်မက်ဖွယ်ရာကောင်းသော သားရဲရှစ်ကောင်ထံသို့ တိုးဝင်သွားခဲ့သည်။
ဝုန်း..ဝုန်း...ဝုန်း…
ကြီးမားသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားခဲ့ပြီး လေထုများကို ဆုတ်ဖြဲသွားကာ လေဟာနယ်များဖြစ်ပေါ်စေခဲ့၏။ဝေယိုရွှမ်းသည် သားရဲတစ်ကောင်အား ဖြိုခွဲလိုက်တိုင်း အနောက်သို့အနည်းငယ် ဆုတ်သွားခဲ့ရသည်။ရှစ်ကောင်မြောက်သားရဲအား ဖျက်စီးပြီးသည့်အချိန်တွင် သူသည်ကျောက်တုံးစင်မြင့် အစွန်အဖျားသို့ပင်ရောက်ရှိနေပြီဖြစ်ကာ သူ၏လက်သီးဆုပ်မှလတ်ဆက်သောသွေးများ ယိုစီးကျလျက် ရှိ၏။
တောင်ကုန်းပေါ်၌ရှိနေသော တပည့်များမှာ ထိုမြင်ကွင်းကြောင့် အံ့သြသွားခဲ့ရလေသည်။ မည်သူမှပင် ဝေယိုရွှမ်းသည် လက်သီးသက်သက်ဖြင့်ကြောက်မက်ဖွယ်ရာ သားရဲများအား ဖျက်စီးပစ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ထိုသားရဲတစ်ကောင်ချင်းစီတိုင်းသည် မူလစဦးပဥ္စမအဆင့်တစ်ယောက်အား ဖျက်စီးနိုင်စွမ်းရှိသည်ကို လူတိုင်းသိရှိထားခဲ့ကြလေသည်။သို့သော်လည်း ထိုသားရဲရှစ်ကောင်လုံးအား ဝေယိုရွှမ်းမှ ဖျက်စီးပြခဲ့၏။
“မဆိုးပါဘူး။ မင်းရဲ့နဂါးကိုးကောင်နိယာမကိုငါနည်းနည်းတော့ အထင်ကြီးမိသားပဲ။”
ဝေယိုရွှမ်းမှာ သူ၏သွေးအလိမ်းလိမ်းပေကျံနေသောလက်သီးအားကြည့်ကာ ဇူယွမ်အား အေးစက်စွာဖြင့်စကားဆိုလိုက်သည်။ သူသည် ပထမ၌ တိုက်ခိုက်မှုအား အလွယ်တကူ ဖျက်စီးနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပြီး ထိုတိုက်ခိုက်မှုအား ရပ်တန့်နိုင်ရန် တန်ဖိုးတစ်ခုပေးဆပ်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
နဂါးကိုးကောင် နိယာမသည် ကောင်းကင်ဘုံငယ်ကျင့်စဥ်တစ်ခုသာ ဖြစ်သော်လည်း ဇူယွမ်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းအောင် အသုံးပြုနိုင်ခဲ့ပြီးပုံမှန် ကောင်းကင်ဘုံကျင့်စဥ်တစ်ခုထက်ပင် များစွာပို၍ သာလွန်နေခဲ့သည်။
“ဒါဆိုနဂါးရှစ်ကောင်က မလုံလောက်ဘူးပဲ။”
ဇူယွမ်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ရေရွတ်လိုက်သည်။ နဂါးရှစ်ကောင်ဖြင့် စမ်းသပ်တိုက်ခိုက်ပြီးသည့်နောက်တွင် ဝေယိုရွှမ်းမှာ သူထိပ်တိုက်ရင်မဆိုင်ရဲလောက်အောင် အင်အားကြီးသူမဟုတ်ကြောင်းသိရှိလိုက်ရပေသည်။ထို့ကြောင့် သူသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်းစကားဆိုလိုက်သည်။
“ငါလည်း ဒါကိုသိမ်းထားချင်ခဲ့တာ။”
“အမ်..” ဝေယိုရွှမ်းမှ လှောင်ပြောင်သရော်လိုဟန်ဖြင့်ရေရွတ်လိုက်သည်။
ဇူယွမ်မှာ ဘာမှထပ်၍မပြောတော့ပဲ မျက်လုံးများကိုပိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ချီစွမ်းအင်များမှဟိန်းသံသဲ့သဲ့ပေါ်ထွက်လာကာ ချီသားရဲရှစ်ကောင်တို့ပေါင်းစည်းသွားခဲ့သည်။
“ထပ်ပြီးတော့လား။”
ဝေယိုရွှမ်း၏ လှောင်ပြောင်သရော်လိုစိတ်မှာ ပို၍ ကြီးထွားလာခဲ့၏။ဇူယွမ်၏နဂါးကိုးကောင် နိယာမသည် သန်မာသော်လည်း ထိုအဆင့်မျှဖြင့် သူ့အားမတိုက်ခိုက်နိုင်ပေ။ ဇူယွမ်၏လုပ်ဆောင်နေမှုများသည် မူလစဦး ချီစွမ်းအင်များအား ဖြုန်းတီးနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
“မင်းလုပ်နိုင်တာ ဒါအကုန်ပဲထင်တယ်။ ဒီလိုဆိုရင်တော့ ဒီအချိန်က မင်းကိုတောင်ကုန်းနဲ့ ရိုက်ချပေးရတော့မယ့်အချိန်ပဲ။”
ဝေယိုရွှမ်းသည် အရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး ဤယှဥ်ပြိုင်ပွဲအား အဆုံးသတ်တော့မည့်ဟန် ရှိသည်။
ဇူယွမ်၏လက်များမှာ ပေါင်းစည်းသွားခဲ့ပြီးတည်ငြိမ်သောအသံဖြင့် အော်ဟစ်လိုက်သည်။
“နဂါးကိုးကောင်နိယာမ...နဂါးကိုးကောင်”
သူ၏ဦးခေါင်းထက်မှ သားရဲရှစ်ကောင်မှာလေထုများကိုပင် ဆုတ်ပြဲစေနိုင်သော ဟိန်းသံသဲ့သဲ့ပေးကာ ထွက်ပေါ်လာခဲ့ပြီး ထိုသားရဲများအနက်မှတစ်ခုသည် သူ၏ကြီးမားသော ပါးစပ်ကြီးအားဖွင့်ဟကာ အခြားချီစွမ်းအင်သားရဲများအားဝါးမြိုလျက် ရှိသည်။
သားရဲတစ်ကောင်အား အပြီးသတ် ဝါးမြိုလိုက်ပြီးနောက် ကျန်သည့်ခြောက်ကောင်အားလည်းဆက်တိုက်ဆိုသလို ဝါးမြိုနေခဲ့သည်။နောက်ဆုံးတစ်ကောင်အား ဝါးမြိုခဲ့ပြီးသည့်နောက်တွင် ဇူယွမ်၏ဦးခေါင်းထက်မှ ပေထောင်ကျော်ရှိ၍ ရက်စက်ကြမ်းကြုတ်လှသောနဂါးအသွင်သို့ပြောင်းလဲသွားသော ချီသားရဲကြီးအား လူတိုင်းမှအံ့သြစွာ ငေးမောကြည့်ရှုနေခဲ့ကြ၏။
ထိုနဂါးသားရဲကြီးသည် စိတ်နှလုံးများကိုပင် တုန်လှုပ်ခြောက်ခြားစေနိုင်သော ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်နေလျက် ရှိသည်။တောင်ကုန်းများပေါ်၌ရှိနေသော တပည့်ပေါင်းများစွာသည် ထိုမြင်ကွင်းအား မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေခဲ့ရ၏။
အကြီးအကဲ စိန်းထိုက်ယွမ် ၊လုဟုန်းနှင့် လုစုန့်တို့၏ တပည့်များသည်ပင်ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကျုံ့မိကြသည်အထိဖြစ်သည်။ဇူယွမ်သည် နဂါးကိုးကောင်နိယာမကျင့်စဥ်၏အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်၏။
နဂါးကိုကောင်နိယာမကျင့်စဥ်၏နောက်ဆုံးအဆင့်နဂါးကိုးကောင်..။