ဖရာလီတာချင်း လဲရအောင်
Vol. 12 Ch. 22
လင်ဒါနှစ်ယောက်က စျေးကနေ ပြန်လာပြီးတဲ့နောက်မှာ အတူတူ ဟင်းချက်ဖို့အတွက် ပြင်ဆင်လိုက်ကြပါတယ်။ လင်ဒါ နံပါတ်တစ်က ပဲသီးစိမ်းနဲ့မုန်လာဥနီတွေကို လှီးနေပြီး လင်ဒါနံပါတ်နှစ်ကတော့ အတော်အသင့်လှီးထားတဲ့ ကြက်သားတွေကို မုန့်နှစ်ထဲထည့်စိမ်နေပါတယ်။
လင်ဒါနံပါတ်တစ်က အသီးအနှံတွေအသင့်ဖြစ်ပြီဆိုတာနဲ့ နေကြာဆီကို အိုးထဲထည့်အပူပေးပြီး ဆီဆူတဲ့အခါမှာတော့ အသီးအနှံတွေကို အရင်ထည့်တယ်။ ပဲသီးစိမ်းတွေ အရောင် ပြောင်းသွားတဲ့အခါမှ ထမင််းထည့်ပြီးလှော်ပါတယ်။
လင်ဒါနံပါတ်နှစ်ကတော့ မုန့်နှစ်နဲ့ကြက်သားကိုကြော်နေပြီး အပြင်ဘက်က ပေါင်မုန့်အစတွေ ရွှေအိုရောင်ပြောင်းသွား တဲ့အချိန်မှာတော့ မီးအပူချိန်ကို လျှော့လိုက်တယ်။ ပေါင်မုန့် ဖီးကင်နံသင်းသင်းနဲ့ ကြက်သားညှော်နံက ကျောင်းဝန်ထမ်း အဆောင်ရဲ့ဘုံမီးဖိုချောင်ထဲမှာ သင်းပျံသွားတယ်။
ဟင်းပွဲတွေနှစ်ပွဲလုံး ပြိုင်တူနီးပါး အသင့်ဖြစ်သွားပြီးတဲ့ နောက်မှာတော့ သူတို့က ဟင်းတွေကို ကြွေပန်းကန်အပြန့်ထဲ လှလှပပ သေချာထည့်လိုက်ကြပါတယ်။ အဲဲဒီနောက်တော့ လင်ဒါနံပါတ်တစ်က ရှာလကာရည်နဲ့ကြက်သွန်နီလှီးပြီးသား ကိုအသုံးပြုပြီး ရိုးရှင်းတဲ့အချဥ်ရည်ကို ပြင်ဆင်လိုက်တယ်။
“နေ့လယ်စာတော့ အသင့်ဖြစ်ပြီ။ လူတွေပြန်လာဖို့ပဲ လိုတော့တယ်။” လင်ဒါနှစ်ယောက်က ပြိုင်တူလက်ပိုက်ရင်း ပြောလိုက်တယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်က ဟင်းပွဲတွေကို အပြင်သယ်သွားပြီး ကျောက်စားပွဲခုံပေါ်မှာ နေရာချလိုက်တယ်။
လင်ဒါနံပါတ်တစ်က နှုတ်ခမ်းပေါ်ကို လက်ညိုးတင်လိုက်ပြီး “ပြောခါမှ ဂေါ်ဖီဝယ်ဖို့တောင် မေ့သွားတယ်။ မက်ဒါနာက ဂေါ်ဇီနဲ့ကြက်ဥကြော်ရင် သိပ်ကြိုက်တာလေ။ အိမ်မှာဆိုရင် အမြဲတမ်းအဲဒါပဲ ကြော်စားနေကျ။”
လင်ဒါက မက်ဒါနာတစ်ယောက် ဂေါ်ဖီကြော်တစ်မျိုးပဲ ကြော်တတ်တယ်ဆိုတာကို မေ့နေပုံရပြီး ဂေါ်ဖီကြော် ကြိုက်တတ်တယ်လို့ပဲ ထင်နေတာပါ။ လင်ဒါနံပါတ်နှစ်က “လောလောဆယ်တော့ ကြက်ဥပဲရှိတာဆိုတော့ ကြက်ဥ ဟက်ပွိုင့်ထပ်ကြော်ပေးလိုက်မယ်လေ။” လို့ပြောလိုက်ရင်း မီးဖိုချောင်ထဲ ထပ်ဝင်သွားတယ်။
လင်ဒါနံပါတ်တစ်ကတော့ ဟင်းတွေအေးမသွားအောင် စတီးအုပ်စောင်းတွေနဲ့အုပ်လိုက်ရင်း ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပါတယ်။ ကောင်းကင်ပေါ်က နေက မွန်းလွဲချိန် ရောက်နေပြီဆိုတာကို ညွန်ပြနေလေရဲ့။
“မက်ဒါနာ လမ်းလျှောက်ထွက်ဦးမယ်ဆိုပြီး ထွက်သွားတာ နေ့လယ်စာစားဖို့တောင် နောက်ကျနေပြီပဲ။ ပြန်ရောက် မလာသေးဘူး။”
အဲဒီနောက်တော့ လင်ဒါက ခြေသံကြားတဲ့အတွက်ကြောင့် ကျောင်းတွင်းလမ်းပေါ်ကို ကြည့်လိုက်တော့ ချစ်စရာဂါဝန် ဝတ်ထားတဲ့ ဗြိတိသျှလိုလီလေးက လေးလံပုံရတဲ့ အထုပ် တစ်ထုပ်ကို တရွတ်တိုက်ဆွဲလာတာ မြင်လိုက်ရတယ်။ ဒါပေမဲ့ အနားနီးခါမှ သေချာမြင်ရတော့ အဲဒါက အထုပ် တစ်ထုပ်မဟုတ်ဘဲ လူတစ်ယောက်ဖြစ်နေတယ်။
အနက်ရောင်ဆံပင်တွေရှိပေမဲ့ မျက်နှာပေါက်က ဥရောပဘက် နည်းနည်းလွယ်တဲ့ လူငယ်လေးဖြစ်ပြီး မျက်ဖြူစိုက်နေတယ်။ လင်ဒါလည်း အလန့်တကြားနဲ့ ဖရာလီတာကို အော်ပြောတော့တာပေါ့။
“ဖ... ဖရာလီတာ... အဲဒီလူက သေနေပြီလားဟင်။”
ဖရာလီတာက ခေါင်းခါလိုက်ပြီးတော့ သတိမေ့နေတဲ့ ဝါ့ဇ်ကို ခွေးသေတစ်ကောင်လိုမျိုး ဂရုမစိုက်ဘဲ လမ်းမဘေးကို ပစ်ချလိုက်တယ်။ အဲဒီနောက်တော့ ကျောက်စားပွဲခုံမှာ ဝင်ထိုင်ပြီးတော့ မုန့်နှစ်ကြက်သားကြော်တစ်တုံးကို ယူစားတယ်။
“မဆိုးပါဘူး၊ ဆားနည်းနည်းငန်မယ်မှတ်တာ။” လို့ ကောက်ချက်ချတယ်။
လင်ဒါနံပါတ်နှစ်ကလည်း ကြက်ဥဟက်ပွိုင့်သုံးလေးလုံး ကြော်ပြီးထည့်ထားတဲ့ ပန်းကန်ပြားနဲ့အတူ အပြင်ကိုပြန် ထွက်လာချိန် လမ်းမဘေးမှာ ခွေးသေတစ်ကောင်ကို ပစ်ထားခံရတဲ့ ဝါ့ဇ်ကိုမြင်ပြီး လန့်သွားတယ်။ လန့်တာမှ ကြော်ပြီးသား ကြက်ဥပန်းကန် ပြုတ်ကျခါနီးနီးပဲ။
“ဘာ... ဘာတွေဖြစ်နေကြတာလဲဟင်။”
ဖရာလီတာကတော့ ရှင်းပြရမှာ ပျင်းနေတဲ့ပုံစံနဲ့ လေပူတွေ မှုတ်ထုတ်လိုက်တယ်။ အဲဒီနောက် စားပွဲပေါ်လက်တင်ပြီး လက်ချောင်းတွေကို တတောက်တောက်ခေါက်ရင်းနဲ့ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်ရှင်းပြပါတယ်။
“ကုန်တိုက်တစ်ခုထဲဝင်ပြီး နေ့လယ်စာစားမလို့ကြံပေမဲ့ လိုလီလေးတွေကို ရေခဲမုန့်ဝယ်ကျွေးပြီး လှည့်ဖျားဖို့ ကြံနေတဲ့ တဏှာရူးတစ်ကောင်နဲ့ တွေ့လာတာလေ။ သူ့ကြည့်ရတာ နှာဘူးကျတာကလွဲလို့ သိပ်ပြီးဆိုးဆိုးဝါးဝါး အကျင့်မျိုးရှိမယ့်ပုံမပေါ်တာနဲ့ ရဲစခန်းမအပ်တော့ဘဲ ဒီခေါ်လာလိုက်တာ။ နိုးလာရင်တော့ နည်းနည်းပါးပါး ထပ်ပညာပေးရမှာပေါ့။”
“....” လင်ဒါနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ရဲစခန်းအအပ်ခံရတာကမှ ဖရာလီတာ လက်ထဲမှာ ပြုသမျှနုပြရတာထက် ပိုကောင်းတယ်လို့ သူတို့ တွေးမိသွားကြတာ။
ဖရာလီတာကတော့ သူတို့နှစ်ယောက်ကို ဂရုမစိုက်ဘဲ ဖန်ခွက်ထဲ ရေအပြည့်ဖြည့်လိုက်တယ်။ အဲဒီနောက် လဲကျနေတဲ့ ဝါ့ဇ်ဆီကိုသွားပြီး မျက်နှာတည့်တည့်ပေါ် ရေလောင်းချလိုက်တယ်။
“ဝူး.... ဝရူး...” ရေတွေက နှာခေါင်းထဲဝင်လာတဲ့အတွက် ဝါ့ဇ်အသက်ရှူမှားသွားပြီး သတိပြန်လည်လာကာ ထထိုင်တယ်။
“အဟွက်... အဟွက်... ငါဘယ်ရောက်နေတာလဲ။”
ဝါ့ဇ်က ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ သစ်ပင်ပန်းမန် များစွနဲ့ စိမ်းစိုနေတဲ့ ကျောင်းဝန်းကြီးကိုကြည့်နေရင်းနဲ့ သူ့ခေါင်းသူ ကုပ်လိုက်မိတယ်။ နောက်တော့ အမြွှာတွေလို ရုပ်ချင်းဆင်တူတဲ့ လင်ဒါနှစ်ယောက်ကိုတွေ့ပြီး ပြုံးပြတယ်။ အဲဒီနောက် သူ့ကိုလက်ပိုက်ပြီးကြည့်နေတဲ့ ဖရာလီတာကို သတိထားမိသွားပြီ။
“ဖရာလီတာ၊ တော်သေးတာပေါ့။ နင်ထပ်စိတ်ဆိုးသွားပြီး ထပ်ထွက်ပြေးသွားပြီ ထင်နေတာ။”
ဖရာလီတာကတော့ ဝါ့ဇ်ကို မတူသလိုမတန်သလိုကြည့်ရင်း “ဟဲ့အကောင်၊ နင်ငါ့ကိုသိသလိုလိုပုံစံနဲ့ စကားပြောနေမယ် ဆိုရင်တော့ နောက်ထပ် လက်သီးစာထပ်ကျွေးရလိမ့်မယ်။ မျက်နှာကို မလုပ်ရဲဘူး မထင်နဲ့နော်။”
“....” ဝါ့ဇ်က ဖရာလီတာရဲ့လက်သီး သေးသေးကျစ်ကျစ် လေးတွေကို တစ်ချက်ခိုးကြည့်လိုက်ရင်း သူ့ပါးစပ်ကိုယ်သူ ပိတ်ထားလိုက်တယ်။
လင်ဒါ နံပါတ်တစ်ကတော့ ဝါ့ဇ်ကိုသေချာကြည့်နေရင်းနဲ့ “ သေချာကြည့်ကြည့်တော့ သူက မက်ဒါနာ မိန်းကလေး မဖြစ်ခင်က ပုံနဲ့တူသလိုပဲနော်။ အရင်တစ်ပတ်က ဖလေရာတောင် ငါတို့ကို မက်ဆေ့ဂျာမှာလိုက်ပို့ပြီး ကြွားနေသေးတယ်လေ။”
လင်ဒါက ဖုန်းကိုဖွင့်လိုက်ပြီး ပုံတစ်ပုံကို ထုတ်ပြတယ်။ ဖရာလီတာနဲ့တခြားလင်ဒါလည်း ကြည့်လိုက်ကြတာပေါ့။ သူတို့ရှေ့က အူကြောင်ကြောင် ကျောင်းသားဝတ်စုံနဲ့ဝါ့ဇ်နဲ့ တစ်ပုံစံတည်းပဲ။
လင်ဒါနံပါတ်နှစ်က “မဟုတ်မှလွဲရော မူကွဲတွေဘာတွေများ ဖြစ်နေမလား။”
ဝါ့ဇ်ကတော့ လင်ဒါနှစ်ယောက်ကို ဂရုမစိုက်ဘဲ ဒူးကိုထောက် အဲဒီဒူးနှစ်ဖက်ကို ခြေထောက်တွေလိုအသုံးချပြီးတော့ ဖရာလီတာနားကို ကပ်သွားတယ်။
“ဖရာလီတာ၊ နင့်ကို စိတ်ဆိုးအောင်လုပ်မိရင် တောင်းပန်ပါတယ်ဟာ။ စိတ်ဆိုးပြေအောင် နင်ငါ့ကို ဘယ်လိုလုပ်လုပ် ငါသည်းခံမှာပါ။ အဲဒီလိုကြီး ငါ့ကို မသိသလိုတော့ လုပ်မနေပါနဲ့။”
ဒါပေမဲ့ ဖရာလီတာရဲ့မျက်နှာပေါ်က ရွံမုန်းတဲ့အမူအရာက ပိုပြီးပြင်းထန်လာတယ်။ အသေးမလေးက မြေပေါ်ကို တံထွေးထွီခနဲတောင် ထွေးလိုက်သေးတယ်။
“ဒီကောင်က လိုလီကွန်းရုံတင်မကဘဲ အနှိပ်စက်ခံရတာကို သာယာတဲ့သူပါ ဖြစ်နေသေးတာပဲ။”
ဖရာလီတာက ဝါ့ဇ်ကို အသေသတ်ဖို့အတွက် အာ့ခ်မီဂါကို ဆင့်ခေါ်တော့မယ့် အချိန်မှာပဲ ကျောင်းလမ်းလေးပေါ်ကနေ ချစ်စရာ ကောင်မလေးတစ်ယောက်ရဲ့တီတီတာတာ စကားသံများစွာကို ကြားလိုက်ရတဲ့အတွက် အားလုံး လှည့်ကြည့်လိုက်ကြတယ်။
သာမန်တီရှပ်နဲ့ဂျင်းဘောင်းဘီတိုကို ပြန်ပြောင်းလဲ ဝတ်ဆင်ထားပြီဖြစ်တဲ့ မက်ဒါနာရဲ့လက်မောင်းကို နောက်ထပ် ဖရာလီတာတစ်ယောက်က အတင်းဖက်ထားပြီး ပျားသကာလိုချိုမြတဲ့ စကားတွေပြောနေပါတယ်။
“ကျွန်မကလေ ဆေလာမက်ဒါနာ စပွဲဦးထွက်ကတည်းက သဘောကျနေခဲ့တာ။ တစ်နေ့ကျရင် ဆေလာမက်ဒါနာလို အစွမ်းထက်တဲ့ မှော်ဆရာမလေးဖြစ်ရမယ်ဆိုပြီးတော့ လေ့ကျင့်နေခဲ့တာ။”
ဝါ့ဇ်ကတော့ အဲဒီမြင်ကွင်းကို တွေ့တာနဲ့ ငိုမဲ့မဲ့ဖြစ်သွားပြီး သူ့ကိုလက်ပိုက်ကြည့်နေတဲ့ ဖရာလီတာကို တစ်လှည့် ပြန်ပြီးတော့ ကြည့်ပါတယ်။ အဲဒီနောက် မက်ဒါနာကို အတင်းတွယ်ကပ်နေတဲ့ ဖရာလီတာကို ပြန်ကြည့်တယ်။ နောက်တော့ သဘောပေါက်သွားဟန်နဲ့ သူ့ခေါင်းသူ ဆုပ်ကိုင်ရင်း...
“ငါဘာလို့ အစကတည်းက သတိမထားခဲ့မိတာပါလိမ့်။” ဆိုပြီး ငိုတော့တာပဲ။
...
ကျောက်စားပွဲခုံမှာတော့ လူစုံတပ်စုံ ရှိနေပါပြီ။ ဝါ့ဇ်က ရှုံးနိမ့်သွားတဲ့သူတစ်ယောက်လိုမျိုး စိတ်ရောကိုယ်ပါ မတည်မငြိမ်ဖြစ်နေပြီး တုန်ယင်နေတဲ့လက်တွေနဲ့ သူ့ရှေ့က ဖန်ခွက်ထဲ ကိုကာကိုလာတွေ လောင်းထည့်လိုက်တယ်။ လက်က တုန်နေတာကြောင့် အမြုပ်တွေအများကြီးထလာပြီး လျှံကျကုန်တယ်။
ဒါပေမဲ့ သူက လျှံကျလာတဲ့အချိုရည်တွေကို ဂရုစိုက်ပုံ မရဘဲ အရက်မသောက်ရတာ ကြာပြီဖြစ်တဲ့ အရက်သမား တစ်ယောက်လိုမျိုး ကိုလာတစ်ခွက်လုံးကို တစ်ချက်တည်း မော့ချပစ်လိုက်တယ်။
ဂေ့...
သူက လေတက်လိုက်ပြီးတဲ့နောက် သူ့ရှေ့က ကသိကအောင့် ဖြစ်စရာမြင်ကွင်းကို ကြည့်လိုက်ပါတယ်။ ဖရာလီတာနှစ်ယောက်က ဆံပင်အဖြူနဲ့ကောင်မလေးကို အတင်းဖက်တွယ်ထားကြတယ်။ ဂါဝန်အနီနဲ့ဖရာလီတာက စိတ်ကူးယဥ်ကမ္ဘာထဲမှာ နစ်မျောနေပုံရပြီး ဒီဘက်ကမ္ဘာက မက်ဒါနာကိုယ်တိုင်က သူ့ကိုယ်သူ ဆေလာမက်ဒါနာ မဟုတ်ကြောင်း ရှင်းပြပြီးတာတောင် တွယ်ကပ်နေတုန်းပဲ။
သတ္တုလက်အိတ်ဝတ်ထားတဲ့ ဖရာလီတာကတော့ သူ့ရဲ့မက်ဒါနာကို ပိုချစ်စရာကောင်းပြီးနူးညံ့တဲ့ ဖရာလီတာဆီ ပေးလိုက်ရမှာကြောက်တဲ့အတွက် အတင်းတွယ်ဖက်ထားပြီး တခြားဖရာလီတာကို မာန်ဖီပြီးကြည့်နေတာ မြင်နိုင်ပါတယ်။
“ငါဘာလို့ အချစ်ရှုံးသမားတစ်ယောက်လို ခံစားနေရတာ ပါလိမ့်။ ဒီကမ္ဘာက မက်ဒါနာက ဖရာလီတာတွေကို သံလိုက်လိုမျိုး ဆွဲဆောင်ထားနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။” သူက ငိုသံကြီးနဲ့ ပြောလိုက်တယ်။
“ဒီတော့ နင်က မှော်ပညာကြီးစိုးတဲ့ကမ္ဘာကနေလာတဲ့ မာရာဒင် ဝါ့ဇ်ပေါ့။ ငါ့ရဲ့မူကွဲလို့ ပြောရမှာပဲ။”
မက်ဒါနာက သူ့ကိုဝိုင်းလုနေတဲ့ ဖရာလီတာနှစ်ယောက်ကို လစ်လျူရှုပြီးတော့ ဝါ့ဇ်ကို လှမ်းစကားပြောတယ်။ မက်ဒါနာ အဖို့တော့ သူ့ကိုမိန်းကလေးတွေ ဝိုင်းလုကြတာဟာ သာမန် ဖြစ်ရိုးဖြစ်စဥ် နေ့စဥ်ဘဝကိစ္စရပ်တစ်ခုလိုမျိုး ဖြစ်နေတာ ကြာပါပြီ။
“ခါးပတ်ပတ်ထားတဲ့ အမည်မသိမက်ဒါနာတစ်ယောက်က ငါ့ကမ္ဘာထဲကျူးကျော်လာပြီး ငါ့ကိုစိန်ခေါ်ခဲ့တယ်။ သူ့မှာ တခြားမက်ဒါနာမူကွဲတွေရဲ့စွမ်းအားရှိနေတယ်။ ငါ့စွမ်းအားက အကန့်အသတ်ရှိတော့ သူငါ့ကိုအနိုင်မယူနိုင်ခင် ဒီကိုထွက်ပြေးလာခဲ့တာပဲ။”
ဝါ့ဇ်က ရှင်းပြလိုက်ရင်း ငွေရောင်မှော်စာအုပ်လေးကို ထုတ်ပြလိုက်တယ်။ “ဒီစာအုပ်က ငါ့ကိုကမ္ဘာတွေကြား ခရီးသွားလို့ရအောင် ကူညီပေးနိုင်တယ်။ မက်ဒါနာအဖြစ် ပြောင်းထားတဲ့အချိန်မှာပဲ ငါဒါကိုသုံးနိုင်တာ။”
မက်ဒါနာက မျက်လုံးကို ချာလည်လှည့်ရင်း ပြောလိုက်တယ်။ “ကမ္ဘာတွေကြားကူးသန်းသွားလာနိုင်တဲ့ နည်းပညာကို ပိုင်ဆိုင်ထားတဲ့ မက်ဒါနာနောက်တစ်ယောက် ရှိနေတာ မယုံနိုင်သေးဘူး။ ဒါပေမဲ့ အဲဒါက ကိန်းရှင် ဖြစ်သွားပြီလို့ ဆိုရမှာပဲ။ ဝါ့ဇ်၊ နင်က ကမ္ဘာတွေအများကြီးကို ကူးပြောင်းပြီးလောက်ပြီဆိုတော့ မြေပုံလိုဟာမျိုးရှိလား။”
မက်ဒါနာက ကမ္ဘာကူးပြောင်းစက်ကို တီထွင်ပြီးသွားပါပြီ။ သူ့မှာလိုအပ်နေတာဆိုလို့ မြေပုံတစ်ခုပါ။ ဝါ့ဇ်က ခေါင်းကို ခါပြလိုက်တယ်။
“ငါလည်း ဒီကမ္ဘာကို တစ်ခါပဲလာဖူးတာလေ။ ဒီတော့ ဒီကမ္ဘာနဲ့ငါ့ကမ္ဘာကိုပဲသိတယ်။”
ဝါ့ဇ်ရဲ့အဖြေက အားရကျေနပ်စရာမရှိဘူး။ မက်ဒါနာ လေပူတွေကို မှုတ်ထုတ်ရင်း ချစ်စရာကောင်းနေတဲ့ ဖရာလီတာနှစ်ယောက်လုံးကို ခေါင်းပုတ်ပေးလိုက်တယ်။ ဒါကြောင့် ဝါ့ဇ်က မက်ဒါနာကို မကြည်ကြည့်စိုက်ကြည့်တယ်။
“နင်တို့ကမ္ဘာက ဖရာလီတာက Tsudere ဖြစ်နေတာလား။ Yandereဖြစ်နေတာထက်တော့ ပိုကောင်းတဲ့ပုံစံပဲ။ ဒါပေမဲ့ နင်က မက်ဒါနာဆိုတာ ဘာလိုသူ့ကို ရှင်းမပြထားတာလဲ။”
မက်ဒါနာက သာမန်အတိုင်းပဲမေးလိုက်တာဆိုပေမဲ့ ဝါ့ဇ် အတွက်တော့ အဲဒီကိစ္စက အခက်ခဲဆုံး တက္ကသိုလ်ဝင်တန်း သင်္ချာပုစ္ဆာတစ်ပုဒ်ထက် ပိုဆိုးတယ်။
“ငါပြောပြခဲ့ပေမဲ့ ဖရာလီတာက သူ့ နှလုံးသားထဲနေရာယူထားတဲ့ မှော်ဆရာမလေး မက်ဒါနာက ငါ့လို ဆန်ကုန်မြေလေးယောက်ျားလေးတစ်ယောက် ဖြစ်နေတာကို လက်မခံနိုင်ခဲ့ဘူးလေ။ အဲဒီကတည်းက လက်တွေ့ဘဝကြီးကို စွန့်ပယ်လိုက်ပြီး စိတ်ကူးယဥ် ကမ္ဘာလေးထဲမှာပဲ နစ်မြုပ်နေတော့တာ။”
မက်ဒါနာက ဝါ့ဇ်ရဲ့ဖရာလီတာကို ကြည့်လိုက်တယ်။ ဒီကောင်မလေးက သူ့ဖရာလီတာထက် အများကြီး ပိုချစ်ဖို့ကောင်းတာတော့ အမှန်ပဲ။ နည်းနည်း ရူးကြောင်ကြောင် ဖြစ်နေတာလေးတစ်ခုပဲ။
“ ငါသူ့ရှေ့မှာပေါ်လာတော့ သူက ငါ့ကိုသူ့စိတ်ကူးထဲက မက်ဒါနာလို ထင်သွားတာလား။”
မက်ဒါနာက သဘောပေါက်သွားဟန်နဲ့ ခေါင်းညိတ်လိုက်ပြီး ဝါ့ဇ်ကို ပြောလိုက်တယ်။ “ဝါ့ဇ်ရေ၊ ငါတို့တွေ ဖရာလီတာချင်း လဲယူထားလိုက်ရင် မကောင်းဘူးလား။”
ဘုန်း...
“အဲဒီလိုလုပ်လို့ဖြစ်မလား။”
“အဲဒီလိုလုပ်လို့ ဖြစ်မလားဟဲ့။”
ဝါ့ဇ်ရော သတ္တုလက်အိတ်ထဲထားတဲ့ ဖရာလီတာရောက မတ်တပ်ရပ်လိုက်ပြီး သူတို့ရှေ့က ကျောက်စားပွဲခုံကို ပြိုင်တူလက်ဝါးနဲ့ထုလိုက်တယ်။ မက်ဒါနာကတော့ အခုထိ ခေါင်းကုပ်နေတုန်းပဲ...
“ဒါပေမဲ့.... ဒီဖရာလီတာက ပိုချစ်ဖို့ ကောင်းတာကို” လို့ပြောတော့ မက်ဒါနာရဲ့ဖရာလီတာအစစ်က ခုန်ပေါက်နေအောင် ဒေါသထွက်နေတော့တာပဲ။
“မက်ဒါနာ... ဒါနောက်စရာမဟုတ်ဘူးနော်။ နင်ပြောတော့ ငါ့ကို ဘယ်တော့မှ မထားခဲ့ပါဘူးဆို။ အခုကျတော့ ဘယ်က လာလို့လာမှန်းမသိတဲ့ လိုလီကွန်းအမှိုက်ကောင်လက်ထဲ ထည့်လိုက်တော့မလို့လား။”
ဝါ့ဇ်ရဲ့တုံ့ပြန်မှုကတော့ ပိုဆိုးတယ်။ သူက ငွေရောင်မိတ်ကပ်ဘူးလေး ထုတ်လိုက်ပြီး
“Moom Prism Power Make UP!” ချက်ချင်းပဲ မှော်ဆရာမလေးအဖြစ် ပြောင်းလိုက်တယ်။
အဲဒီနောက်တော့ မှော်ဆရာမလေးမက်ဒါနာက လက်မှာ ဝတ်ထားတဲ့ လက်အိတ်ကိုချွတ်ပြီး မက်ဒါနာရဲ့ မျက်နှာတည့်တည့် ပစ်ပေါက်လိုက်တယ်။
“နင့်ရဲ့အပြုအမူက ငါ မာရာဒင် ဝါ့ဇ်၊ ဆေလာမက်ဒါနာရဲ့ ဂုဏ်သိက္ခာကို စော်ကားရာရောက်တယ်လို့ ယူဆတယ်။ ငါတို့နှစ်ယောက်ထဲက တစ်ယောက်မရှိမှ ဖြစ်မယ့်အတွက် စီးချင်းထိုးပြီးတော့ ဖြေရှင်းကြရအောင်။”
လင်ဒါနှစ်ယောက်ကတော့ မက်ဒါနာနှစ်ယောက်ကို ကြည့်နေရင်း သက်ပြင်းချလိုက်မိကြတယ်။ “နင်တို့ နှစ်ယောက်က ခါးပတ်မက်ဒါနာကို အနိုင်ယူဖို့အတွက် မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးနေကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အချင်းချင်းထကုန်ကြတာလဲ။”