အခန်း (၁-၅)
Vol. 1 Ch. 1-5
အပိုင်း ၁ ။ အဆုံးသတ်၊ Cheat Systemကို အသက်သွင်းပြီ
ဒီမှာ အခြေချကြတာပေါ့။
ဆံပင်ဖြူဖြူ ခါးကုန်းကုန်းနှင့်အဘိုးကြီးတစ်ယောက်သည် အတော်အသင့်သာယာဝပြောသော မြို့တစ်မြို့တွင် ပေါ်လာခဲ့သည်။ ဤနေရာသည်က ဟယ်ယန်စီရင်စု၏ တရားစီရင်မှုအောက်တွင်ရှိသည့် ချိုးယဲ့(ဆောင်းဦးရွက်)မြို့ဖြစ်သည်။
ထိုမြို့သည် ဟယ်ယန်စီရင်စုလက်အောက်ရှိ များစွာသော သေမျိုးမြို့များထဲတွင် အကောင်းဆုံးပတ်ဝန်းကျင်ရှိသည့်မြို့လည်းဖြစ်သလို အနုပညာလက်ရာအမြောက်ဆုံး မြို့များထဲမှ တစ်မြို့လည်း ဖြစ်သေးသည်။
အဘိုးကြီးကျန်းချန်ရွှမ်သည် သူ့ရှေ့တွင်ရှိနေသည့် ဧရာမစံအိမ်ကြီးကိုကြည့်ရင်း ရုတ်တရက် သက်ပြင်းအသာချလိုက်လေသည်။
အခုကစပြီး ငါဒီမှာ အေးအေးဆေးဆေးနဲ့ သေပါရစေ။
ထိုသို့တွေးနေရင်းဖြင့်ပင် ကျန်းချန်ရွှမ်သည် စံအိမ်ကြီးအတွင်းသို့ ဝင်သွားနေပေပြီ။
စံအိမ်ထဲတွင် မည်သည့်အိမ်ဖော်၊ အစေခံမျှ မရှိပေ။ ကျန်းချန်ရွှမ် ဤအိမ်ကိုမဝယ်ခင်ကတည်းက အိမ်ပိုင်ရှင်အား သူ့ကိုခစားမည့်သူတစ်ယောက်မှ မလိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်သည်။ ပြောရရင်တော့ အခုလိုလူမရှိတာက သူ့ကိုယ်ပိုင်တောင်းဆိုချက်ဖြစ်သည်။
သူ့မှာ အသက်ရှင်ဖို့ အချိန်၁နှစ်၊နှစ်နှစ်လောက်သာကျန်မှတော့ ကျန်းချန်ရွှမ်သည် သူ့ဘဝလက်ကျန်သက်တမ်းကို ဘယ်သူ့အနှောက်အယှက်မှမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ ဖြတ်သန်းလိုတော့သည်။
ဒါ့အပြင် ဤနေရာသို့ သူရောက်နေကြောင်း သေမျိုးတွေကို တပ်မလှန့်လိုပေ။
ကျန်းချန်ရွှမ်သည် သာမာန်လူသားတစ်ယောက်မဟုတ်ဘဲ စစ်မှန်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ တုန်းက မတော်တဆမှုတစ်ခုကြောင့် အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကဟုခေါ်သည့် ဤနေရာသို့ ကူးပြောင်းလာခဲ့သည်။
ကံအားလျော်စွာပဲ ချီသန့်စင်ခြင်းကျင့်ကြံသူတစ်ယောက်၏ကျင့်ကြံရေးအမွေအနှစ်ကိုပါ ရရှိခဲ့သည်။ အစကတော့ သူ့ရဲ့ကျင့်ကြံရေးလမ်းကြောင်းက လွန်စွာချောမွေ့ကာ မသေမျိုးတစ်ယောက်ဖြစ်လာတော့မည်ဟု တွေးထင်ခဲ့သည်ပင်။ သူ့ဘေးမှာ ရတနာမျိုးစုံနှင့် အလှလေးများဖြင့် ဝန်းရံနေမည်ဟု တွေးခဲ့သည်။
မမျှော်လင့်ထားစွာဘဲ လက်တွေ့က သူ့အပေါ် လှည့်စားနောက်ပျောက်သွားခဲ့သည်။
သူ့ကိုကူညီပေးမယ့် စနစ်ဆိုတာလည်းမရှိသလို အထူးအကူပစ္စည်းဟူ၍လဲ ပေါ်မလာခဲ့ပေ။
အရေးအကြီးဆုံးကတော့ သူ့ရဲ့ကျင့်ကြံရေးပင်ကိုပါရမီမှာ အဆင့်အနိမ့်ဆုံးဖြစ်သည့် ဝိဉာဉ်အမြစ်ရှိနေခြင်းပင်။ ဒါကြောင့် သူ့ကျင့်ကြံရေးအရှိန်မှာ ခရုတွားသွားနေသလိုဖြစ်ခဲ့သည်။
ထို့အပြင် သူသည် သေရာမှာကိုကြောက်သလို အခွင့်အရေးတွေ အကျိုးအမြတ်တွေရဖို့ တခြားသူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့အသာထား ထိပ်တိုက်ပင် ရင်မဆိုင်ဝံ့သူဖြစ်သည်။ ဒါကြောင့်ပဲ နှစ်၁၀၀ကြာပြီးနောက် သူ၏ကျင့်ကြံဆင့်မှာ ချီသန့်စင်ခြင်း အဌမအဆင့်သို့သာ ရောက်ရှိခဲ့သည်။
သူဟာ ချီသန့်စင်ခြင်း၏ပြီးပြည့်စုံသည့်အဆင့်ဖြစ်သော နဝမအဆင့်သို့ပင် မရောက်ရှိခဲ့ပေ။
အထူးသဖြင့် သူ ချီသန့်စင်ခြင်း အဌမအဆင့်သို့ရောက်နိုင်ခဲ့သည့်အကြောင်းအရင်းမှာ ကံကောင်းပြီး အကြောင်းအရင်းမရှိ အဆင့်တက်နိုင်မည့်အခွင့်အရေးတစ်ခု ရရှိသွားခြင်းကြောင့်သာဖြစ်သည်။ ထိုအတွက်ကြောင့်သာမဟုတ်လျှင် ချီသန့်စင်ခြင်း စတုတ္ထ ဒါမဟုတ် ပဉ္စမအဆင့်လောက်မှာသာ သူသောင်တင်နေဦးမည်ပင်။
သူ့လိုလူမျိုးက အခြေတည်အဆင့်၊ ခရမ်းရောင်နန်းတော်အဆင့်၊ ရွှေအမြုတေအဆင့်များကို ချိုးဖြတ်နိုင်ဖို့ဆိုတာ စကားထဲပင်ထည့်ပြောလို့မရကြောင်း တွေးကြည့်နိုင်ပေသည်။ သူမသေခင်လေးတောင် ချီသန့်စင်ခြင်းနဝမအဆင့်ကို ချိုးဖြတ်ဖို့ရန် မဖြစ်နိုင်ပေ။
ဒါကြောင့်ပဲ အခုဆို ကျန်းချန်ရွှမ်မှာ ဘာမျှော်မှန်းချက်မှ မရှိတော့ဘဲ သူ့ရဲ့ကျန်ရှိသည် တစ်နှစ်၊ နှစ်နှစ်တာ သက်တမ်းကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းသွားချင်တော့သည်။
စံအိမ်တစ်ခုလုံးကို လျှောက်ပတ်ကြည့်ပြီးနောက် ခြံဝန်းအလယ်ရှိအကြီးဆုံးအခန်းကို သူ့အိပ်ခန်းအဖြစ် ကျန်းချန်ရွှမ် ရွေးချယ်လိုက်သည်။
သို့နှင့်ပင် ကျန်းချန်ရွှမ် ထိုစံအိမ်တွင် နေထိုင်ခဲ့သည်က နှစ်ဝက်ပင် ကြာမြင့်သွားခဲ့သည်။
တစ်နေ့မှာတော့..
သူ့ခန္ဓာကိုယ်က အားလျော့လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
ထို့နောက် ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးတို့က စတင်ခမ်းခြောက်လာခဲ့သည်။ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအဆီအနှစ်များမှာ ခမ်းခြောက်သွားသည့်မြစ်တစ်ခုနှယ် မဖြစ်မချင်း အလျင်အမြန် ကုန်ခမ်းသွားပြီး ယခင်နှင့်ယှဉ်လျှင် သူ့ခန္ဓာကိုယ်မှာ သိသိသာသာကို ပိုမိုပိန်ပါးသွားခဲ့သည်။ ခြေလှမ်းတိုင်းဟာ သူ့ရှိသမျှခွန်အား,အားလုံးကို နှုတ်ယူသွားသလိုပင်။ ကျန်းချန်ရွှမ်တစ်ယောက် မတတ်နိုင်စွာဘဲ တုန်တုန်ရီရီဖြင့်ပင် သက်ပြင်းချလိုက်မိသည်။
ဤပုံစံအတိုင်းဆို နောက်ထပ် ၁နှစ်၊ ၂နှစ် အသက်ရှင်ဖို့မပြောနှင့် နောက်တစ်နေ့ နေထွက်မှာကိုတောင် မြင်ရဖို့ မသေချာတော့ပေ။
ဟူး…
ထားပါတော့..
ဘာပဲဖြစ်ဖြစ် ငါလဲ နှစ်၁၀၀ကျော်တောင် ရှင်သန်ခဲ့ပြီးပြီမဟုတ်လား။
အသက် ၅၀ လောက်နဲ့သေသွားကြတဲ့လူတွေနဲ့ယှဉ်ရင် သူက တော်တော်လေးကံကောင်းနေပါပြီ။
သူ ဘာကိုမှထပ်ပြီး မတောင်းဆိုတော့ပါဘူး။
ကျန်းချန်ရွှမ် သူ့ကိုယ်သူဖြေသိမ့်ရင်း သူ့ရဲ့နောက်ဆုံးထွက်သက်ကို တိတ်တဆိတ် စောင့်ဆိုင်းနေချိန်မှာပဲ သူ့စိတ်ထဲတွင် စက်ရုပ်သံတစ်သံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
[ဒင်! နှစ် ၁၀၀ ကျင့်ကြံရေးအောင်မြင်မှုရှိသည့် လက်ခံကိုယ်နှင့် ချိတ်ဆက်မိပါပြီ။ အောင်မြင်မှုစနစ်ကို အသက်သွင်းပါတော့မယ်]
ဘာပြောလိုက်တယ်?
ကျန်းချန်ရွှမ်တစ်ယောက် မှင်သက်သွားရသည်။
သူ သွေးလေခြောက်ခြားနေတာလား? ဒါမှမဟုတ် တကယ်ပဲ စနစ်ဖေဖေကြီးရောက်လာတာလား?
ရုတ်တရက်အခြေအနေကြောင့် ကျန်းချန်ရွှမ်၏ခံစားချက်များ ဖော်မပြနိုင်လောက်အောင် ရှုပ်ထွေးသွားရသည်။
ချီသန့်စင်ခြင်း အဌမအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုအသံသည် သူသွေးလေခြောက်ခြားပြီး ကြားယောင်နေခြင်းမဟုတ်ဘဲ အမှန်စင်စစ် စနစ်မှအသိပေးချက်တစ်ခုဖြစ်ကြောင်း သေချာနေသည်။
ဒီတော့ ဘာလုပ်ရမှာလဲ?
ဘာပဲဖြစ်ဖြစ် သူကသေရတော့မှာလေ။
ဒီ cheat system ရောက်လာရင်တောင် သူ့မှာ အသုံးပြုနိုင်မယ့် ကံမျိုးမရှိတော့ဘူး။
ပြီးတော့ ဆိုင်းအင်စနစ် ဒါမှမဟုတ် ကံစမ်းခြင်းစနစ်တွေ မဟုတ်ဘဲ အောင်မြင်မှုစနစ်ကို အသက်သွင်းလိုက်တယ်လို့ပြောလိုက်မှန်း သူ ရှင်းရှင်းလင်းလင်းကို ကြားလိုက်တာပဲ။
အောင်မြင်မှုစနစ်ဆိုတဲ့ နာမည်အတိုင်း ဒီစနစ်ဆီကနေ သူတစ်ခုခုလိုချင်ရင် သူ့ဘက်ကလည်း တစ်ခုခုကို အောင်မြင်အောင် ပြန်လုပ်ပေးဖို့ လိုအပ်မှာပဲ။
အစောက စနစ်ပြောလိုက်တဲ့ နှစ် ၁၀၀ ကျင့်ကြံရေးအောင်မြင်မှုဆိုတာလိုမျိုးပေါ့။
ဒါဆို ဆုကရော?
ငါ့ကိုသာ ဆုမပေးရင် မင်းလိုစနစ်ကို အသက်သွင်းလိုက်တာ ဘာများအသုံးဝင်မှာလဲ?
ဒင်!
ကျန်းချန်ရွှမ်၏အတွေးများကို ကြားလိုက်သည့်အတိုင်း သူ့စိတ်ထဲမှ စနစ်ထံမှ နောက်ထပ်အသိပေးချက်သံတစ်ခု ထွက်လာပြန်သည်။
[ဒင်! နှစ် ၁၀၀ ကျင့်ကြံရေးအောင်မြင်မှုရှိသည့် လက်ခံကိုယ်နှင့် ချိတ်ဆက်မိပါပြီ။ မင်းအတွက် အထူးဆုလာဘ်အနေနဲ့ သက်ရှည်သစ်သီးတစ်လုံးရရှိပါမယ်။ ဒီသစ်သီးက မင်းရဲ့သက်တမ်းကို အနှစ် ၆၀ စာတိုးမြှင့်ပေးနိုင်စွမ်းရှိပါတယ်။]
“ေ-ာ့ခ်”
ကျန်းချန်ရွှမ် မထိန်းနိုင်ပဲ ဆဲပင်ဆဲမိသွားသည်။
တကယ်ကြီး ဆုရှိနေတာလား?
ပြီးတော့ သူ့ဘဝသက်တမ်းရှည်ဖို့အတွက် အရေးတကြီးလိုအပ်နေတဲ့ ပစ္စည်းလဲ ဖြစ်သေးတယ်။
ဒါတင်မကဘူး၊ သူ့သက်တမ်းက နောက်ထပ် အနှစ် ၆၀ တောင် ရှည်သွားဦးမှာ။
မြန်မြန်လေး! သက်ရှည်သစ်သီးဘယ်မှာလဲ??
ကျန်းချန်ရွှမ် စိတ်ထဲကနေပြီး စနစ်ကို အလျင်စလိုခေါ်ထုတ်လိုက်သည်။ အကြောင်းကတော့ သူအတွေးများနေတုန်း သူ့အသက်စွမ်းအင်က ဘုံဘိုင်ခေါင်းကရေလို အလျင်အမြန်စီးထွက်သွားကြောင်း ခံစားမိ၍ပင်။ အရင်ကသာ ဒီလိုအခြေအနေမျိုးဖြစ်ရင်တော့ သူသေချာပေါက် စိုးရိမ်ပူပန်နေမှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ မျှော်လင့်ချက်မှမရှိတော့ဘဲ။ သူသေလဲ သေတယ်ပေါ့။
သို့ပေမဲ့ အခုတော့ မတူတော့ပေ။ သူ့မှာ မျှော်လင့်ချက်အသစ်လေး ရှာတွေ့ရုံရှိသေး သေသွားရလျှင် အလွန်ကြေကွဲဖို့ကောင်းပေသည်။ အသက်ရှင်ဖို့နည်းလမ်းရှိနေမှတော့ ဘယ်သူကများ သေချင်နေဦးမှာလဲ?
ကျန်းချန်ရွှမ် စိုးရိမ်ပူပန်နေချိန်မှာပဲ ရုတ်တရက်ပင် သူ့လက်ထဲတွင် လိမ္မော်ရောင်သစ်သီးတစ်လုံး ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ့စိတ်ထဲတွင် စာတန်းတစ်ခုပါ ပေါ်လာခဲ့သည်။
[သက်ရှည်သစ်သီး : စားသုံးခြင်းဖြင့် သက်တမ်းကို အနှစ် ၆၀ အထိ တိုးသွားစေနိုင်သည်။ သက်ရှည်ဆေးလုံးသန့်စင်ရာတွင် လိုအပ်သည့် အဓိကပါဝင်ပစ္စည်းတစ်မျိုးလည်း ဖြစ်သည်။]
ဒီလိုအချိန်မှာ ဆေးလုံးသန့်စင်ဖို့ကို ကျန်းချန်ရွှမ် ဘယ်လိုလုပ်များ ဂရုစိုက်နိုင်မယ်တဲ့လဲ။
သူကဖြင့် သေခါနီးနေပြီလေ။ ဒီလိုအသုံးမဝင်တာတွေ တွေးနေရင် တကယ်ကို တုံးအမိုက်မဲတဲ့သူပဲ။
ထို့ကြောင့် တစ်စက္ကန့်မျှပင် အချိန်ဖြုန်းမနေတော့ဘဲ သက်ရှည်သစ်သီးကို အမြန်ဆုံးကိုက်စားကာ အပြီးသတ်လိုက်တော့သည်။
ဘွန်း!!
တခဏတွင်းပင်၊ ကျန်းချန်ရွှမ်တစ်ယောက် သူက ပျက်စီးယိုယွင်းလာသော ခန္ဓာကိုယ်သည် အသက်ဓာတ်များပြန်လည်ပြည့်ဝလာသည်ကို ခံစားမိလိုက်သည်။ ထိုအသက်ဓာတ်များမှာ အလွန်ကြွယ်ဝလှတာကြောင့် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ သူက ကုန်းနေပြီဖြစ်သော အရိုးအဆစ်များကို ပြန်လည်တည့်မတ်သွားစေသည်။ သူ၏အဖြူရောင်ဆံပင်များသည် ပြန်လည်နက်မှောင်လာကာ မျက်နှာသည်လည်း ပြန်လည်နုပျိုလာခဲ့သည်။
ခဏလေးအတွင်းမှာပင် ကျန်းချန်ရွှမ်သည် အားနည်းသည့်အဘိုးကြီးတစ်ယောက်အဖြစ်ကနေ အသက် ၄၀-၅၀ခန့်ရှိသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
အသက်စွမ်းအင်များ ပြန်လည်ရောက်ရှိလာကာ တက်ကြွလန်းဆန်းလာခဲ့သည်။ ဤခန္ဓာကိုယ်နှင့်ဆိုလျှင် ကျန်းချန်ရွှမ်တစ်ယောက် ချီသန့်စင်ခြင်း၏ပြီးပြည့်စုံသည့်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကာ အခြေခံတည်ဆောက်ရေးအဆင့်ကိုချိုးဖြတ်ဖို့ပင် သေချာပေါက် ကြိုးစား၍ရနိုင်ပေမည်။
ကံမကောင်းစွာဖြင့် လောလောဆယ်တော့ ထိုအဆင့်သို့ မရောက်သေးပေ။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် ကျန်းချန်ရွှမ်အတွက်တော့ သက်တမ်း အနှစ် ၆၀ ပြန်လည်ရရှိခြင်းကပင် အတော်လေးများနေပေပြီ။ အထူးသဖြင့် သူ့မှာ cheat system တစ်ခုပါ ရှိနေပြီလေ။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၂ ။ အကြိမ် ၁၀၀ တာဝန်
ခဏအကြာတွင် ကျန်းချန်ရွှမ်တစ်ယောက် အောင်မြင်မှုစနစ်၏လုပ်ဆောင်ချက်များအကြောင်း အနည်းနှင့်အများ နားလည်လာခဲ့သည်။
ရှင်းရှင်းပြောရလျှင် ၎င်းသည် ပုံမှန်မဟုတ်သည့်ကြားချိန်များအတွက် သူအောင်မြင်အောင်လုပ်ရမည့် တာဝန်များထုတ်ပေးသွားမယ့် စနစ်တစ်ခုဖြစ်သည်။
သူသာ စနစ်ကပေးသည့်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သ၍ စနစ်ထံမှ သက်ဆိုင်ရာဆုလာဘ်များရရှိမည်ပင်။
သူ့ရဲ့နောက်ထပ်တာဝန်ကတော့ အကြိမ် ၁၀၀ ကျော်ဖြတ်ဖို့ ကြိုးစားရန်ဖြစ်သည်။
ကြိုးစားမှုတိုင်းအတွက် တာဝန်တိုးတက်မှုတွင် တစ်မှတ်ထည့်ပေါင်းသွားမည်ပင်။ သို့သော်လည်း ပြဿနာကတော့ သူသာ ကျင့်ကြံခြင်းအတားအဆီး(ပိတ်ဆို့မှု)ကို အောင်မြင်စွာဖြတ်ကျော်နိုင်ရင် ကောင်းပေမယ့် ကျရှုံးသွားခဲ့မယ်ဆိုရင် သူ့ခန္ဓာကိုယ်ကို အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုတချို့ရှိလာမည်ပင်။ ဒီလိုသာဆို ပြန်လည်ကောင်းမွန်ဖို့အတွက် အချိန်အများကြီးယူရပေမည်။ ထိခိုက်မှုကသာ အလွန်ပြင်းထန်လျှင် ပြန်လည်သက်သာဖို့အတွက် ကုသရေးဆေးလုံးများပါ လိုအပ်လာနိုင်သည်။ ကံကောင်းစွာဖြင့် လက်ရှိပိတ်ဆို့မှုမှာ အသေးစားသာဖြစ်သည်။ အကယ်၍များ အခြေခံတည်ဆောက်ရေးအဆင့်နှင့် ခရမ်းရောင်နန်းတော်အဆင့်ကို ချိုးဖြတ်ရသလို အကြီးစားပိတ်ဆို့မှုသာဖြစ်ပါက သူကျရှုံးသွားသည်နှင့် သာမာန်အသေးအမွှားထိခိုက်မှုတချို့လောက်ဖြင့် ပြီးသွားမည်မဟုတ်ပေ။
အဆိုးဆုံးအနေနှင့် သေပင်သေသွားနိုင်သည်။
သမိုင်းတလျှောက်တွင် ထိုအကြောင်းအရင်းကြောင့် သေဆုံးသွားခဲ့ကြရသည့် ကျင့်ကြံသူအများအပြားရှိပေသည်။
ကံအားလျော်စွာဖြင့် သူ့ကျင့်ကြံဆင့်မှာ အခုမှ ချီသန့်စင်ခြင်း အဌမအဆင့်တွင်သာ ရှိနေသေးသည်။ သူ ချီသန့်စင်ခြင်းနဝမအဆင့်ကိုချိုးဖြတ်ဖို့ကြိုးစားရင်း ကျရှုံးသွားခဲ့ရင်တောင် အကျိုးဆက်က သူခံနိုင်သည့်အတိုင်းအတာတွင်သာ ရှိသည်။
အထူးသဖြင့် သူ၏ယခင်ကြိုးစားမှုများတွင် စနစ်က ပါဝင်နေပုံရသည်။ ဒါကြောင့်ပဲ သူအခုဘာမှမလုပ်ရသေးတာတောင်မှ သူ့တာဝန်ပြီးမြောက်မှုမှာ ၃၄ရာခိုင်နှုန်းရောက်နေပြီဖြစ်သည်။
တစ်နည်းပြောရရင် ဤတာဝန်ကိုပြီးမြောက်ဖို့အတွက် သူနောက်ထပ် ၆၆ကြိမ်သာ ချိုးဖြတ်ရလိုတော့သည်။
သို့ပေမဲ့ ပြဿနာကတော့ နဝမအဆင့်ကိုရောက်ရန် ထိုမျှအကြိမ်အများကြီး အတားအဆီးတွေကိုကျော်ဖြတ်ဖို့ မလိုအပ်ခြင်းပင်။ သူ့ပင်ကိုစွမ်းရည်က ဘယ်လောက်ပဲနိမ့်ကျတယ်ဆိုဆို သူသာ အချိန်နဲ့ကြိုးစားအားထုတ်လိုစိတ်ရှိသ၍ ၆ကြိမ်လောက်ကြိုးစားရုံဖြင့် ကျော်ဖြတ်နိုင်မည်သာ။
ဘာပဲဖြစ်ဖြစ် ၁၀ကြိမ်လောက်ဆို တော်တော်လေး လုံလောက်နေပြီလေ၊ ဟုတ်တယ်မလား?
ပြဿနာက စပြီပဲ။ ကျန်တဲ့ ကြိုးစားရမယ့် အကြိမ် ၅၀ကျော်အတွက်ကရော?
အဲ့ဒီအကြိမ် ၅၀ကျော်အတွက် သူ အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့ ချီသန့်စင်ခြင်းနဝမအဆင့်ရောက်တဲ့အထိ စောင့်မနေနိုင်ဘူးလေ၊ ဟုတ်တယ်မလား?
အဲ့လိုသာဆို သူသေသွားမှာပေါ့။
အနည်းဆုံး ကျန်းချန်ရွှမ် သိသလောက်ထဲမှာတော့ အခြေတည်အဆင့်ကိုချိုးဖြတ်ရမှာ ကျရှုံးသွားပြီးနောက် အသက်ရှင်ကျန်ခဲ့သူဆိုတာ တစ်ခါမှကို မကြားဖူးပေ။ မင်းမှာသာ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတွေ အိပ်မက်မက်ကြရသည့် အခြေခံတည်ဆောက်ခြင်းဆေးလုံးမရှိနေရင်ပေါ့။ ထိုဆေးလုံးသည် အခြေတည်အဆင့်ကို ချိုးဖြတ်နိုင်ချေ ၅၀ရာခိုင်နှုန်း တိုးပေးရုံသာမကဘဲ ကျရှုံးသွားခဲ့ရင်တောင်မှ ဒျန်ထျန်နဲ့အသက်ကို ကာကွယ်ပေးနိုင်စွမ်းရှိသည်။ အများဆုံး အသက်စွမ်းအင်အနည်းအကျဉ်းလောက်သာ လျော့သွားမည်ပင်။ ထိုအရာကလည်း ရက်အနည်းငယ်ခန့် အားဖြည့်လိုက်ရုံဖြင့် ပြန်ကောင်းမည်သာ။
ဒါပေမဲ့ သူ့လိုချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူလေးတစ်ယောက် ထိုမျှအလွန်တရာအဖိုးတန်သည့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဘယ်လိုလုပ်ပြီး ရနိုင်မတဲ့လဲ။
ဒါကြောင့်ပဲ…
ကျန်းချန်ရွှမ်၏လက်ရှိအခြေအနေအရ သူသာ စနစ်ကပေးလာသည့် တာဝန်ကို ပြီးမြောက်လိုလျှင် လိုအပ်သည့်ကြိုးစားမှုအကြိမ်ရေကို ချီသန့်စင်ခြင်းနဝမအဆင့်ကို မချိုးဖြတ်နိုင်ခင် ဖြည့်သွားမှဖြစ်မည်။
မဟုတ်ရင်တော့ သူတစ်သက်လုံး ဒီတာဝန်ကို ပြီးမြောက်တော့မှာမဟုတ်ပေ။
ထိုသို့တွေးမိပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် သူ့အိပ်ခန်းသို့ပြန်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့အတွက် သက်တောင့်သက်သာဖြစ်မည့် ပုံစံအနေအထားကို အသေအချာ နေရာယူပြီးနောက် သူလတ်တလောကျင့်ကြံနေသည့် မူလအစနည်းစနစ်ကို ဖြည်းညှင်းစွာ လှည့်ပတ်လိုက်သည်။
ဤနည်းစနစ်သည် အလွန်သာမာန်ဆန်သည့်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ကာ ဘာထူးခြားမှုမှမရှိသည့် သာမာန်သာဖြစ်သည်။
သူ့အကြောင်းပြောဖို့ထိုက်တန်စေသည့် တစ်ခုတည်းသောအချက်မှာ ဤနည်းစနစ်သည် အစပြိဖို့ရန်အတွက် အလွန်ရိုးရှင်းခြင်းပင်။ ဘယ်လိုဝိဉာဉ်အမြစ်ရှိပါစေ၊ ဘယ်လိုအရည်အချင်းမျိုးပဲရှိပါစေ ကျင့်ကြံသူ၏ဝိဉာဉ်အမြစ်နှင့် မည်သည့်တွန်းကန်မှုမှမဖြစ်ဘဲ ကျင့်ကြံနိုင်ခြင်းပင်။
လက်ရှိတွင်..
ကျန်းချန်ရွှမ်တစ်ယောက် မူလအစနည်းစနစ်ကို အကြိမ်အနည်းငယ်လှည့်တ်ပြီးသွားပြီဖြစ်သည်။ ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်သည် ရုတ်တရက်ဆိုသလို သူ၏စစ်မှန်သောအဆီအနှစ်ကို ချီသန့်စင်ခြင်းနဝမအဆင့်၏အတားအဆီးထံသို့ ညင်သာစွာပို့လိုက်သည်။ တကယ့်ကိုမှ ညင်ညင်သာသာဖြည်းဖြည်းလေးပင်။ ပြောရရင် သူ့အင်အား၏ဆယ်ပုံတစ်ပုံတောင်မရှိသည့်အားဖြင့် ပို့လိုက်ခြင်းဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း အတားအဆီးနေရာသည် နဂိုအတိုင်းဆက်ရှိနေခဲ့သည်။ ကျန်းချန်ရွှမ်အတွက်မူ သေးငယ်သည့်တုံ့ပြန်မှုတစ်ခုသာ ခံစားလိုက်ရပြီး ဒန်ထျန်နေရာတွင် ခပ်ပါးပါးနာကျင်သွားသည်။ သို့သော်လည်း ထိုဒဏ်ရာပြန်ကောင်းဖို့ရန် အချိန် ၁ -၂ ရက်လောက်သာ လိုအပ်ပေသည်။
ဒါက အဓိကမဟုတ်ဘူး။ အဓိကအချက်က ကြိုးစားမှုအကြိမ်ရေပဲ။
သူ့အမြင်အာရုံရှေ့ ဂဏန်းအရေအတွက်မှာ ၃၄ရာခိုင်နှုန်းမှ ၃၅ရာခိုင်နှုန်းသို့ပြောင်းလဲသွားခြင်းပင်။
တကယ်အလုပ်ဖြစ်တာပဲ!
ကျန်းချန်ရွှမ် စိတ်လှုပ်ရှားသွားတော့သည်။
ကြည့်ရသလောက် သူ့ထင်မြင်ချက်အတိုင်းပင်။ စနစ်က ကြိုးစားမှုအကြိမ်အရေအတွက်ကိုသာ ဂရုစိုက်ကာ အဆင့်ချိုးဖြတ်နိုင်ခြင်း၊ မနိုင်ခြင်းအပေါ် ဂရုမစိုက်ပေ။
ဒါကြောင့် ချိုးဖြတ်ဖို့ကြိုးစားလိုက်သ၍ အဆင်ပြေပေလိမ့်မည်။
ဘယ်လောက်တောင် ကောင်းလိုက်လဲ!
ဒီအတိုင်းသာဆို ဒီbugကို အသုံးချပြီး နောက်ထပ် ကြိုးစားမှုအကြိမ်ရေ ၆၅ကြိမ်ကိုပါ ပြီးအောင် လုပ်လိုက်နိုင်ပြီပဲ။
ဒါပေါ့၊ ဒီလိုမအောင်မြင်တဲ့ကြိုးစားမှုတွေက သူ့ဒန်ထျန်ကို ထိခိုက်မှုတချို့တော့ ရှိစေမှာပါ။
ဒါပေမဲ့ သူသာ ပြန်ကောင်းအောင်အားဖြည့်ပြီး နောက်ထပ်မကြိုးစားခင် ကြားမှာ အချိန်တစ်ခုခြားထားလိုက်ရင် ဒီထိခိုက်မှုက ပြဿနာတစ်ခုမဟုတ်တော့ဘူးလေ။
…
ထိုသို့ဖြင့် ကျန်းချန်ရွှမ်သည် သူ့စံအိမ်တွင် နောက်ထပ်၁နှစ် နေထိုင်ခဲ့သည်။
ချီသန့်စင်ခြင်းနဝမအဆင့်အတားအဆီးကို ချိုးဖြတ်ဖို့ရန် ငါးရက်တစ်ကြိမ်နှုန်းဖြင့် ကြိုးစားခဲ့လေသည်။ ဤသည်မှာ သူယခင်ကြိုးစားမှုများမှ စမ်းစစ်ပြီးနောက် အသင့်တော်ဆုံး အချိန်အပိုင်းအခြားပင်ဖြစ်သည်။
ငါးရက်ဆိုသည်က သိပ်မရှည်ကြာဘဲ သူ၏ဒဏ်ရာပြန်လည်သက်သာလာမှုကို မထိခိုက်စေပေ။
ဒင်!
တချိန်တည်းမှာပဲ သူ့အမြင်အာရုံရှေ့ရှိ တိုးတက်မှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းပြည့်သွားကာ အချိန်အတော်ကြာ ပျောက်နေခဲ့သည့် စနစ်သည်လည်း သူ့စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
[အဆင့်ချိုးဖြတ်ရန် အကြိမ် ၁၀၀ ကြိုးစားခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ မင်းအတွက် အောင်အောင်မြင်မြင်အဆင့်ချိုးဖြတ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ဆုအဖြစ်ရရှိပါတယ်။]
အောင်အောင်မြင်မြင်နဲ့အဆင့်ချိုးဖြတ်နိုင်မယ့် အခွင့်အရေးတစ်ခု?
သောက်ရမ်းမိုက်တာပဲ!
စနစ်မှပေးအပ်သည့်တာဝန်ကို ပြီးမြောက်အောင်လုပ်ပြီးနောက် ဤသို့အဖိုးတန်လှသည့် ဆုလာဘ်မျိုးရလိမ့်မည်ဟု ကျန်းချန်ရွှမ် မထင်မှတ်ထားခဲ့ပေ။
ဒီလိုသာဆို ဒီအခွင့်အရေးကိုအသုံးချပြီး အခြေတည်အဆင့်ကို တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် ချိုးဖြတ်လို့ရတော့မှာပေါ့?
ဒီအတိုင်းဆို သူ ကျင့်ကြံရေးလောကရဲ့ အောက်ဆုံးအဆင့်မှာပဲရှိတဲ့ ကျင့်ကြံသူတစ်ယောက် မဖြစ်တော့ဘူးပဲ။
ပြောရလျှင် အခြေတည်အဆင့်ကျင့်ကြံသူများသည် ကျင့်ကြံရေးဂိုဏ်း အတော်များများ၏ပင်မကျောရိုးဖြစ်သည်။ သူတို့ဘယ်နေရာကိုသွားသွား တလေးတစားဆက်ဆံခံရမည်ပင်။ အကယ်၍ လေလွင့်ကျင့်ကြံသူဖြစ်နေရင်တောင်မှ ချွင်းချက်မဟုတ်ပေ။
ကျင့်ကြံရေးမိသားစုတော်တော်များများသည် သူတို့မိသားစုထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာဖို့ရန် ကြိုးစားထောက်ပံ့ကြသည်။
အခုဆို သူလည်း ထိုအဆင့်ကိုရောက်ဖို့ မျှော်လင့်ချက်ရှိလာပေပြီ။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ?
ကျန်းချန်ရွှမ်တစ်ယောက် စနစ်ထံမှ နောက်ထပ်တာဝန်တစ်ခု ရလာဖို့ မမျှော်လင့်မိဘဲ မနေတော့ပေ။ ဒါ့အပြင် စနစ်ကလည်း သူ့ကို စိတ်မပျက်စေပေ။ သူတွေးနေတုန်းမှာပဲ ရင်းနှီးနေသည့် စက်ရုပ်သံက ထပ်မံထွက်ပေါ်လာပြန်သည်။
ဒင်!
[နောက်ထပ် အောင်မြင်မှုတာဝန်။ မန္တာန်အကြိမ် ၁၀၀ ရွတ်ခြင်း တာဝန်ကို ပြီးမြောက်အောင်လုပ်ပါ။]
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၃ ။ ကန်းယန်ဈေးကဂူဗိမာန်ကို လူတစ်ယောက်ရောက်လာတယ်
မန္တာန် တစ်ရာ?
ရရှိလာမည့်ဆုကိုမျှော်လင့်ပြီး အပျော်မလွန်ခင် ကျန်းချန်ရွှမ်တစ်ယောက် တခဏမျှ မှင်သက်သွားရသည်။
ပြီးခဲ့သည့်တာဝန် နှစ်ခုတွင်ရရှိခဲ့သည့် ဆုလာဘ်များအရ ကျန်းချန်ရွှမ်အဖို့ နောက်ထပ်တာဝန်များမှနေပြီး ဆုရအောင် မကြိုးစားဘဲနေဖို့ဆိုတာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း သူသာ ယခုတာဝန်ကို ပြီးမြောက်လိုလျှင် ဤသေမျိုးလေက၏မြို့လေးပေါ်၌ ဆက်ပြီးနေထိုင်ဖို့ရန် မသင့်တော်ပေ။ မန္တာန်ရွတ်ဖတ်ခြင်းသည် တစ်နေရာတည်းတွင် ငြိမ်ငြိမ်နေလးထိုင်ကာ အဆင့်ချိုးဖြတ်ဖို့ကြိုးစားရသည်နှင့် လုံးဝကွာခြားသည်။ သူ့အနေနှင့် အနီးအနားရှိ တောအုပ်များထဲ သွားစမ်းသပ်ရင်တောင်မှ သေမျိုးလူသားတွေ မမြင်စေဖို့ဆိုသည်က မဖြစ်နိုင်သလို ဒါကြောင့်ပဲ သူ့တာဝန်ပြီးမြောက်မှုနှုန်းကိုပါ ထိခိုက်စေနိုင်သည်။
ဒီတော့ သူ ဒီနေရာကို စွန့်ခွာရတော့မယ့် အချိန်ပဲ။
ထိုသို့တွေးလိုက်မိသည်နှင့် ကျန်းချန်ရွှမ်တစ်ယောက် အချိန်ဆွဲမနေတော့ပေ။ ထိုညမှာပဲ ချိုးယဲ့မြို့ကနေ သူထွက်လာခဲ့တော့သည်။
…
လအနည်းငယ်ကြာပြီးနောက်၊
ကန်းယန်ဈေးမှ အတန်ငယ်လှမ်းသည့် တောအုပ်တစ်ခုတွင်…
ကျန်းချန်ရွှမ်သည် သူ့ရှေ့တွင်ရှိနေသည့် ကြီးမားသည့်သစ်ပင်ကြီးထံသို့ ချိန်ရွယ်ကာ မီးတောက်ဓားသွား ဟူသည့် မန္တာန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုသစ်ပင်ကြီးမှာ နှစ်ပိုင်းကွဲထွက်သွားပြီး အပိုင်းအစများမှာ မီးတောက်အနည်းငယ်ကြား လုံးဝလောင်ကျွမ်းသွားလေသည်။
ဒင်!
ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်၏စိတ်ထဲ စနစ်၏အချက်ပေးသံက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
[မန္တာန်အကြိမ် ၁၀၀ ရွတ်ဖတ်ရန်တာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ ဆုလာဘ်အနေနဲ့ ကျောက်စိမ်းအမွေအနှစ်ပြီးပြည့်စုံသည့်မန္တာန်ကို ရရှိပါမယ်။]
[ကျောက်စိမ်းအမွေအနှစ်ပြီးပြည့်စုံသည့်မန္တာန် : အသုံးပြုပြီးနောက် host သတ်မှတ်လိုက်သည့် မန္တာတစ်ခုအပေါ်တွင် ချက်ချင်းလက်ငင်း ပြီးပြည့်စုံသည့်အဆင့်ရောက်အောင် တိုးမြှင့်ပေးနိုင်ပါတယ်။]
[မှတ်ချက် : ထိုမန္တာန်က host ရဲ့ လက်ရှိ ကျင့်ကြံရေးအဆင့်ကန့်သတ်ချက်ကိုတော့ မကျော်လွန်နိုင်ပါ။]
တနည်းပြောရလျှင် သူအဆင့်မြှင့်ဖို့ရွေးချယ်လိုက်မည့် မန္တာန်သည် သူအမှန်တကယ်ထိန်းချုပ်နိုင်မည့် မန္တာန်မျိုးသာ ဖြစ်ရမည်ပင်။ လောလောဆယ် သူထိန်းချုပ်နိုင်သည့် မန္တာန်များအားလုံးမှာ (အဆင့် ၁) အမြင့်အဆင့်များအတွင်းမှာသာ ရှိပေသည်။
ပြောရရင်တော့ သူသာ အခုချိန် ကျောက်စိမ်းကို အသုံးပြုလိုက်လျှင် အများဆုံးမှ (အဆင့် ၁) အမြင့်အဆင့် ရှိမန္တာတစ်ခုကိုသာ ပြီးပြည့်စုံသည့်အဆင့်ရောက်အောင် လုပ်နိုင်မည်သာ။
သို့သော်လည်း သူသာ အခြေခံအဆင့်ကိုချိုးဖြတ်နိုင်သွားလျှင် သေချာပေါက် သူ့မှာရွေးချယ်စရာတွေ ပိုများလာမည်ပင်။
(အဆင့် ၂) အမြင့်အဆင့် အန္တာန်ဆိုရင် ထိန်းချုပ်ရအနည်းငယ် ခက်လောက်မည်။ ဒါပေမဲ့ (အဆင့် ၂) အဆင့်နိမ့် သို့မဟုတ် အလယ်အဆင့်လောက်ဆိုရင်တော့ သေချာပေါက် ပြဿနာမရှိလောက်ပေ။
သူ အခြေတည်အဆင့်ဝင်ရောက်ပြီးခါစဆိုရင်တောင် (အဆင့် ၂) ပြီးပြည့်စုံသည့်အဆင့် မန္တာန်ဖြင့်ဆိုလျှင် ထိုအဆင့်တွင် အလျင်အမြန်ခြေကုပ်ယူနိုင်လောက်မည်။
ထို့ကြောင့် အဆင့်အမြန်ဆုံးချိုးဖြတ်နိုင်မည့်နည်းကို စတင်တွေးတောရတော့သည်။
ကျန်းချန်ရွှမ် တွေးရင်းဖြင့်ပင် ကန်းယန်ဈေးထဲရှိ သူနေထိုင်ရာ ဂူဗိမာန်ဆီသို့ ပြန်သွားလိုက်သည်။ သူ လွန်ခဲ့သည့်လအနည်းငယ်က ထိုဂူဗိမာန်ကို ငှားယူခဲ့ခြင်းဖြစ်ကာ ဈေးနှုန်းမှာ မသက်သာလှပေ။ လစဉ်ငှားရမ်းခအတွက် ဝိဉာဉ်ကျောက်တုံး ၃တုံးတောင်မှ ပေးရလေသည်။ အဆင့်နိမ့်ဂူများကြားတွင်တော့ ၎င်းသည် ဈေးကြီးသည့်ထဲ ပါပေသည်။ ကံကောင်းစွာဖြင့် ဤဂူထဲရှိဝိဉာဉ်စွမ်းအားမှာ အတော်လေးပေါများသည်။
အနည်းဆုံးတော့ ကျန်းချန်ရွှမ်လို ချီသန့်စင်ခြင်းအဌမအဆင့်ကျင့်ကြံသူတစ်ယောက်အတွက်တော့ နေ့စဉ်ကျင့်ကြံရေးအတွက် ကျေနပ်လောက်အောင် လုံလောက်သည့်ပမာဏပင်။
ထိုအချိန်မှာပဲ..
ကျန်းချန်ရွှမ် သူ့ဂူသို့ပြန်ရောက်ပြီး မကြာလိုက်ခင်မှာပင် သူ့ဂူပေါ်တွင်ရှိသည့် အတားအဆီးမှာ အသက်ဝင်လာကြောင်း ခံစားလိုက်ရသည်။ အတားအဆီးမှရောင်ပြန်ဟက်နေသည့်အလင်းရောင်မှတဆင့် သူ့ဂူအပြင်ဘက်တွင် လူနှစ်ယောက် ရပ်နေကြောင်း သိလိုက်ရသည်။
ထိုသူနှစ်ဦးမှာ အသက်၄၀ ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။
ကျန်းချန်ရွှမ် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ဂူအပြင်ဘက်ရှိ စုံတွဲသည် မကြာသေးခင်က သူနှင့် ကန်းယန်ဈေးတွင် သိကျွမ်းခဲ့သည့် လေလွင့်ကျင့်ကြံသူများဖြစ်ကြောင်း မှတ်မိသွားလေသည်။ အမျိုးသား၏နာမည်မှာ ရွှီဟိုင်ချွမ်ဖြစ်ပြီး သူ့လိုပဲ ချီသန့်စင်ခြင်းအဌမအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အမျိုးသမီးသည်တော့ မိန်ဟုန်ယန်းဟုခေါ်ကာ ချီသန့်စင်ခြင်း သတ္တမအဆင့်တွင်ရှိသည်။
ဒီနှစ်ယောက် ဘာလို့ သူ့ဂူဆီလာတာပါလိမ့်?
ကျန်းချန်ရွှမ် အနည်းငယ်သံသယဝင်မိသော်လည်း ရှေ့သို့ထွက်ကာ အတားအဆီးကိုဟလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ မင်းနောက်ဆုံးတော့ ပြန်ရောက်နေပြီပေါ့။” ကျန်းချန်ရွှမ် ဂူပေါ်မှအတားအဆီးကို ဟပေးလိုက်သည်နှင့် သက်လတ်ပိုင်းလူအမျိုးသား ရွှီဟိုင်ချွမ်က စပြောလာသည်။
ကျန်းချန်ရွှမ်လည်း အရင်ဆုံး ရွှီဟိုင်ချွမ်နှင့် မိန်ဟိုင်ယန်းကို ဂူထဲသို့ခေါ်သွားလိုက်ပြီးမှ ရွှီဟိုင်ချန်ကို ပြန်မေးလိုက်သည်။
“တာအိုရောင်းရင်းရွှီ၊ ကျုပ်ကို ဘာကိစ္စနဲ့များလာရှာတာလဲ?”
ရွှီဟိုင်ချွမ်နှင့် မိန်ဟုန်ယန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် ရွှီဟိုင်ချွမ်က ခေါင်းအသာညိတ်ကာ၊ “တာအိုညီနောင်ကျန်း၊ တကယ်တော့ ဒီတစ်ခေါက်လာတာ ခင်ဗျားကို ကျုပ်တို့နဲ့အတူ ရှေးဟောင်းအပျက်အစီးမှာ သွားရှာဖွေဖို့ ဖိတ်ချင်လို့ပါ။”
“ရှေးဟောင်းရှာဖို့ ဖိတ်မယ်?”
ရွှီဟိုင်ချွမ်၏စကားကိုကြားပြီးနောက် ကျန်းရွှမ်ချန် မျက်မှောင်အသာကြုတ်လိုက်သည်။
ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်း ၁၀၀ ကျော်နေထိုင်ခဲ့ပြီးဖြစ်တာကြောင့် သူသည် ဘာမှနားမလည်သည့် နလပိန်းတုန်းတစ်ယောက်မဟုတ်တော့ပေ။ ထိုရှေးဟောင်းအပျက်အစီးဆိုသောနေရာသည် ဘယ်လိုနေရာဖြစ်ကြောင်း ကောင်းကောင်းသိပေသည်။
ရှေးဟောင်းအပျက်အစီးဆိုသည်က သူတို့လိုကျင့်ကြံသူတွေ ခြေချဖို့သင့်သည့်နေရာမျိုး မဟုတ်ဟု ပြောလျှင်တောင် ချဲ့ကားပြောခြင်းမဟုတ်ပေ။
ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်ဘုံကပေးအပ်သည့် အခွင့်အလမ်းကောင်းရှိကာ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးချန်ရစ်ခဲ့သည့် ဂူဗိမာန်ကို ရှာတွေ့ခဲ့လျှင်တောင်မှ ထိုနေရာကို သေချာပေါက် တခြားလူများနှင့် မျှဝေမည်မဟုတ်ပေ။
ပြောရလျှင် ထိုသို့သော မိုးပေါ်ကကျလာသည့် အခွင့်အလမ်းမျိုးသည် လူအများ၏လောဘစိတ်ကို ဆွဲဆောင်နိုင်လေသည်။ ထိုအခွင့်အလမ်းများကိုမြင်ပြီး သူတို့အဖော်က သူတို့နောက်ကျော်ကို ဓားနဲ့ထိုးတာမျိုး ဒါမှမဟုတ် ဆွဲချသွားတာမျိုးလုပ်ပြီး အခွင့်အလမ်းအတွက် သူတို့ကို တိုက်ခိုက်လာမှာမဟုတ်ပါဘူးလို့ အာမခံနိုင်ခြင်းမရှိပေ။
ထိုသို့သော ပုံတိုပတ်စဇာတ်လမ်းများကို ပြီးခဲ့သည့် နှစ်များအတွင်း ကျန်းချန်ရွှမ်တစ်ယောက် အကြိမ်ပေါင်းမနည်း ကြားဖူးခဲ့ပြီးဖြစ်သည်။ ဒါကြောင့် ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံ၏ဖိတ်ကြားချက်ကို သူစိတ်မဝင်စားမိပေ။
ကျန်းချန်ရွှမ် ငြင်းလောက်မည်ကို ခန့်မှန်းမိသည့်အလား ရွှီဟိုင်ချွမ်က စကားဆက်ပြောလာခဲ့သည်။
“တာအိုရောင်းရင်းကျန်း၊ ခင်ဗျားကို ကျုပ်တို့နဲ့အတူ ရှေးဟောင်းအပျက်ရှာဖို့ခေါ်တာမှာ ညှီနံ့တစ်ခုခုရှိတယ်လို့ တွေးနေတာလား?”
ကျန်းချန်ရွှမ်၏အဖြေကိုမစောင့်ဘဲ ရွှီဟိုင်ချွမ်က ဆက်ရှင်းပြလာသည်။
“ရိုးရိုးသားသားပြောရရင်၊ ကျုပ်တို့ပြောတဲ့ ဒီရှေးဟောင်းအပျက်အစီးကို ကျုပ်တို့ဘာသာရှာတွေ့ခဲ့တာမဟုတ်ဘူး။ ပြီးတော့ ဒီအပျက်အစီးအကြောင်းသိတာ ကျုပ်တို့တွေချည်းပဲလဲ မဟုတ်ဘူး။”
ထိုသို့နှင့် ရွှီဟိုင်ချွမ်က ထိုရှေးဟောင်းအပျက်အစီးအကြောင်း အကြမ်ဖျင်းကို ကျန်းချန်ရွှမ်အား ပြောပြလာသည်။
အကြောင်းကတော့ ဒီလိုပင်။
ရွှီဟိုင်ချန်တို့ဇနီးမောင်နှံပြောသည့် ရှေးဟောင်းအပျက်အစီးသည် တကယ်တမ်း မကြာသေးခင်က ကန်းယန်ဂိုဏ်းရှာတွေ့ခဲ့သည့် အပျက်အစီးဖြစ်သည်။
ကန်းယန်ဂိုဏ်းသည် ယွင်တိုင်းပြည်ရှိ ထိပ်တန်းကျင့်ကြံရေးဂိုဏ်း ၃ခုထဲမှ ၁ခုဖြစ်ကာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးက ဦးစီးနေခြင်းဖြစ်သည်။ ထိုသူသည် ကန်းယန်တောင်နယ်နမိတ်၏အရှင်သခင်အစစ်ဖြစ်ကာ လက်ရှိသူတို့နေသည့် ကန်းယန်ဈေး၏ပိုင်ရှင်လည်းဖြစ်သည်။
ရွှီဟိုင်ချွမ်တို့ပြောသလိုဆို ကန်းယန်ဂိုဏ်းမှတွေ့ရှိခဲ့သည့် ရှေးဟောင်းအပျက်အစီးသည် ချီသန့်စင်ခြင်းအဆင့်နှင့် အခြေတည်အဆင့်မှ ကျင့်ကြံသူများကိုသာ ဝင်ရောက်ခွင့်ပေးသည့် အလွန်ခိုင်မာသည့်အတားအစီးရှိနေပုံပင်။ ခရမ်းရောင်နန်းတော်အဆင့်လူတစ်ဦး ဝင်သွားသည်နှင့် ရှေးဟောင်းအပျက်အစီးတွင် ပုန်းကွယ်နေသည့် အတားအဆီးက ထိုလူကို လွင့်ထွက်သွားစေခဲ့သည်။ အကယ်၍ သူတို့သာ အတင်းအကြပ် ဝင်ဖို့ကြိုးစားမည်ဆိုလျှင် ရှေးဟောင်းအပျက်အစီးသည် သူ့ဘာသာဖျက်ဆီးပစ်မည်ပင်။
ထိုသို့ဆိုလျှင် အမြတ်ထက် အရှုံးက ပိုသာသွားလိမ့်မည်။
ထိုအတားအစီးကို ပယ်ဖျက်ဖို့အတွက် သူတို့ဂိုဏ်းမှ ရွှေအမြုတေအဆင့်ပုဂ္ဂိုလ်ကိုလည်း မနှောက်ယှက်လိုကြတာကြောင့် သူတို့လိုမျိုး ရှေးဟောင်းအပျက်အစီးထဲကိုစူးစမ်းရှာဖွေလိုကြသည့် လေလွင့်ကျင့်ကြံသူများကို သုံးရန် စဉ်းစားမိသွားခြင်းပင်။
ဤအတိုင်းဆို ရှေးဟောင်းအပျက်အစီးကို စူးစမ်းရှာဖွေမည့်နှုန်းကို တိုးမြင့်နိုင်စေရုသာမက သူတို့ကန်းယန်ဂိုဏ်းမှတပည့်များ ဆုံးရှုံးနိုင်ချေကိုလည်း လျှော့ချပေးနိုင်သည်။
အထူးသဖြင့် ကန်းယန်ဂိုဏ်းက လေလွင့်ကျင့်ကြံသူများ ထိုရှေးဟောင်းအပျက်အစီးထဲသို့ ဝင်ရောက်စူးစမ်းရှာဖွေသ၍ သူတို့ရှာတွေ့လာသမျှ၏ ၁၀ရာခိုင်နှုန်းကို ယူထားခွင့်ပေးမည်ဟု ပြောလာခြင်းပင်။ ထိုကမ်းလှမ်းချက်ကပဲ လေလွင့်ကျင့်ကြံသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့လေသည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၄ ။ ချီသန့်စင်ခြင်းနဝမအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ခြင်း
၁၀ရာခိုင်နှုန်း ထိန်းသိမ်းနိုင်ခွင့်ဆိုသည့် ဆုလာဘ်သည် အတော်လေးနည်းပုံထင်ရသော်လည်း တကယ်တမ်း ကန်းယန်ဂိုဏ်းဘက်က အရမ်းရက်ရောသည်ဟု ပြော၍ရသည်။
ကန်းယန်ဂိုဏ်းကဲ့သို့ ဂိုဏ်းအတော်များများသည် သူတို့ကို ဘာတစ်ခုမှ ယူခွင့်ပေးလေ့မရှိပေ။ အများဆုံး သူတို့ရခဲ့သည့်ပစ္စည်းများအတွက် ဝိဉာဉ်ကျောက်တုံး သို့မဟုတ် ဆေးလုံးအနည်းအကျဉ်းလောက်သာ ပြန်ပေးတတ်ကြသည်။
ထို့အပြင် ကန်းယန်တောင်နယ်နမိတ်ရှိ ကန်းယန်ဂိုဏ်း၏လွှမ်းမိုးနိုင်စွမ်းဖြင့် သူတို့သာ မင်းကို ‘ရှေးဟောင်းအပျက်အစီးထဲဝင်စမ်း’လို့ပြောလာလျှင် မင်းမှာ ‘မဝင်ဘူး’လို့ပြောနိုင်မည်မဟုတ်ပေ။
ဒါတင်မကသေး နောက်ဆုံးရသတင်းများအရ ရှေးဟောင်းအပျက်အစီးမှရလာသည့် ရတနာများကို ကန်းယန်ဂိုဏ်းကနေပြီး အခြေတည်အဆင့်ဆေးလုံးဖြင့် လဲလှယ်သွားသည့် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများပင်ရှိသည်ဟု ကြားရလေသည်။
ချီသန့်စင်ခြင်းအဆင့်မှာသာရှိသည့် လေ့လွင့်ကျင့်ကြံသူများအနေဖြင့် အခြေတည်အဆင့်ကိုတက်လှမ်းနိုင်မည့် မျှော်လင့်ချက်အလင်းတန်းကို သေသေသေကြေကြေတိုက်ခိုက်ပြီး အရယူနိုင်မည်ဆိုခြင်းကပင် သူတို့အတွက် အဆုံးစွန်သောပန်းတိုင်ဖြစ်နေပြီမဟုတ်ပါလား။
ဒါကြောင့်ပဲ..
လက်ရှိတွင် ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံ့သည် သူတို့နှင့်အတူ ရှေးဟောင်းအပျက်အစီးကို စူးစမ်းရှာဖွေကို ကျန်းချန်ရွှမ်ကို ခေါ်ရန် အစွမ်းကုန်ကြိုးစားနေကြခြင်းဖြစ်သည်။
သို့သော်လည်း ထိုအရာအားလုံးက ကျန်းချန်ရွှမ်အတွက် လုံးဝဆွဲဆောင်မှုမရှိခဲ့ပေ။ အခုဆို သူ့မှာ စနစ်ကပေးထားသော အဆင့်တစ်ဆင့်အောင်အောင်မြင်မြင်ချိုးဖြတ်နိုင်မည့် အခွင့်အရေးရှိနေပြီမဟုတ်ပါလား။
သူသာ ချီသန့်စင်ခြင်းနဝမအဆင့်ကိုဝင်ရောက်နိုင်သ၍ အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့ဆိုသည်က ကိတ်မုန့်စားရသလိုပင်။
ဘာကြောင့်များ ရှေးဟောင်းအပျက်အစီးလိုနေရာကိုသွားပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေတော့မှာလဲ?
ထို့အပြင် ကျန်းချန်ရွှမ်၏အမြင်တွင်တော့ ထိုရှေးဟောင်းအပျက်အစီးက ဘယ်လောက်ပဲ ဆွဲဆောင်နိုင်စွမ်းကြီးမားနေပါစေ သူတို့လို ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများအတွက်တော့ အမြောက်စွာကောင်အဖြစ် ဇာတ်သိမ်းမည့်အရေးမှ လွတ်မြောက်ဖို့ လမ်းမမြင်ပေ။ မင်းမှာ ကောင်းကင်ကိုအံတုနိုင်သည့် ကောင်းချီးမင်္ဂလာရှိနေလို့ ရှေးဟောင်းအပျက်အစီးထဲတွင် အတိုင်းထက်အလွန်ထူးခြားသည့်ရတနာတချို့ ရှာတွေ့ခဲ့သည်ဆိုရင်တောင် ပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ရလိမ့်မည်မဟုတ်ပေ။
ကန်းယန်ဂိုဏ်းကလည်း ရှေးဟောင်းအပျက်အစီး၏အစစ်အမှန်ရတနာများကို သူတို့လိုအဆင့်နိမ့်လေ့လွင့်ကျင့်ကြံသူများလက်ထဲ အပါခံမည်မဟုတ်ပေ။ ထိုအစား သူတို့ကို လက်စဖျောက်ပစ်နိုင်သည်။ ဒါကြောင့်ပဲ…
ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံ ဘယ်လောက်ပဲပြောနေပါစေ ကျန်းချန်ရွှမ်၏စိတ်ကို မဆွဲဆောင်နိုင်ခဲ့ပေ။
ဒါကြောင့် ရွှီဟိုင်ချွမ်တို့လည်း ကူကယ်ရာမဲ့စွာဖြင့် စိတ်ပျက်လက်ပျက် ထွက်သွားကြရတော့သည်။
“လောင်ကုန်း(ယောက်ျား)၊ ဒီကျန်းချန်ရွှမ်က အရမ်းတကိုယ်ကောင်းဆန်တာပဲ။ ကျွန်မတို့နဲ့အတူလိုက်ဖို့ကို ငြင်းလိုက်တယ်။ အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ?”
ကျန်းချန်ရွှမ်၏ဂူအပြင်ဘက်သို့ရောက်ချိန်တွင် မိန်ဟုန်ယန်းက မပျော်မရွှင်အမူအရာဖြင့် သူမခင်ပွန်းကိုကြည့်ကာ ပြောလိုက်သည်။
ရွှီဟိုင်ချွမ်လဲ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး ခေါင်းသာယမ်းလိုက်တော့သည်။
“တာအိုရောင်းရင်းကျန်းက မလိုက်ချင်မှတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ငါတို့ကတော့ တစ်ယောက်ယောက်ထပ်ရှာမှရမယ်။ ရှေးဟောင်းအပျက်အစီးထဲဝင်ဖို့က ငါတို့နှစ်ယောက်ထဲနဲ့ မလုံလောက်ဘူးလေ။”
ဇနီးမောင်နှံနှစ်ယောက်လည်း စကားတပြောပြောဖြင့် ဈေး၏တခြားဘက်သို့ လျှောက်သွားကြသည်။
ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံကို ပြန်ပို့ပြီးနောက် ကျန်းချန်ရွှမ်၏စိတ်ထဲ စနစ်သံက ပေါ်လာခဲ့သည်။
[ဒင်! နောက်တာဝန်အတွက် ကြေညာချက်ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အကြိမ် ၁၀၀ စွမ်းအင်လှည့်ပတ်မှုတာဝန်ကိုပြီးမြောက်အောင် လုပ်ပါ။]
[မှတ်ချက် : အရင်ပြုလုပ်ခဲ့သည့်အကြိမ်များကို ယခုတာဝန်တွင် ထည့်တွက်သွားမည်မဟုတ်ပါ။]
အဓိပ္ပါယ်တော့ရှိသား။
သူက နှစ်၁၀၀ကျော်တောင် ကျင့်ကြံခဲ့တာဆိုတော့ အရင်က စွမ်းအင်လှည့်ပတ်ခဲ့တာတွေကိုပါ ထည့်တွက်လိုက်ရင် အကြိမ် ၃၀၀ မကတောင် ဖြစ်သွားလိမ့်မယ်လေ။ စနစ်က ဒီလောက်သိသာတဲ့အမှားမျိုးကိုတော့ ဘယ်အဖြစ်ခံပါ့မလဲ။
ဒါပေမဲ့ ပြောခါမှ ဒီတစ်ခေါက် စနစ်ချပေးလိုက်တဲ့တာဝန်က လက်ရှိသူ့လိုအပ်ချက်နဲ့ ကိုက်ညီနေတာပဲ။ သူလဲ ချီသန့်စင်ခြင်းနဝမအဆင့်ကိုတက်ချင်နေတာလေ။
ဒါပေမဲ့ အရင်ဆုံးပြင်ဆင်မှုတွေလုပ်ပြီး ချီသန့်စင်ခြင်းနဝမအဆင့်ကိုချိုးဖြတ်နိုင်မယ့် ဆေးလုံးတစ်လုံးပါ ဝယ်ထားရမယ်။
….
တိမ်လွှာပွဲကြည့်စင်တွင်…
ဤနေရာသည် ကန်းယန်ဈေးရှိ ဆေးလုံးနှင့် လက်နက်အဆောင်ပစ္စည်းများ ရောက်ချသည့် အကြီးမားဆုံးဆိုင်ကြီးဖြစ်သည်။
ထိုဆိုင်၏ပိုင်ရှင်သည် ကန်းယန်ဂိုဏ်းမှဟူ၍လဲပြောကြသည်။
တိမ်လွှာပွဲကြည့်စင်တွင်ရောင်းချသည့်ပစ္စည်းများမှာ အရည်အသွေးကောင်းတာကြောင့် ဈေးမချိုသော်လည်း ကျင့်ကြံသူမိသားစုများနှင့် လေလွင့်ကျင့်ကြံသူများစွာက လာရောက်ဝယ်ယူကြသည်။
ကျန်းချန်ရွှမ်ရောက်သွားချိန်တွင် တိမ်လွှာပွဲကြည့်စင်၌ အထူးသဖြင့် ဒီနေ့မှ လူပိုကျနေသည်ကို သတိပြုမိသွားသည်။
တချက်ကြည့်လိုက်ဖြင့် အများစုသည် လေလွင့်ကျင့်ကြံသူများဖြစ်ကြောင်း သတိထားမိလိုက်သည်။ ခဏလောက်တွေးကြည့်ပြီးနောက်မှာ ဘာတွေဖြစ်နေမှန်း အကြမ်းဖျင်းလောက် ကျန်းချန်ရွှမ် နားလည်သွားလေသည်။
ရှေးဟောင်းအပျက်အစီးနဲ့ သက်ဆိုင်နေလောက်သည်။
လူတိုင်းက ရှေးဟောင်းအပျက်အစီးထဲမဝင်ရောက်ခင် အသက်ကယ်ပစ္စည်းမှန်သမျှကို ဝယ်နိုင်သမျှဝယ်သွားဖို့ ကြိုးပမ်းနေခြင်းဖြစ်သည်။
“ဒီကတာအိုရောင်းရင်းက လက်နက်ပစ္စည်းဝယ်ချင်တာလား? အဆောင်လက်ဖွဲ့ဝယ်ချင်တာများလား?”
ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို ချီသန့်စင်ခြင်းပဉ္စမအဆင့်တွင်ရှိသည့် ချိုသာကြည့်ကောင်းသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ကျန်းချန်ရွှမ်နားသို့ချဉ်းကပ်လာသည်။ သူမဝတ်ဆင်ထားသည့်ပုံစံကိုကြည့်ခြင်းအားဖြင့် တိမ်လွှာပွဲကြည့်စင်မှဖြစ်မှန်း သိသာပေသည်။
ကျန်းချန်ရွှမ်လည်း ခေါင်းအသာယမ်းက သူလိုအပ်သည့်အရာကို ထိုအမျိုးသမီးကျင့်ကြံသူအား ပြောပြလိုက်သည်။
ကျန်းချန်ရွှမ်လိုချင်သည့်ပစ္စည်းကိုကြးသည်နှင့် အမျိုးသမီးကျင့်ကြံသူက သူ့ကိုဆေးလုံးများရောင်းချသည့်အခြမ်းသို့ခေါ်ဆောင်သွားသည်။ ထို့နောက် ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူကာ အပြုံးလှလှလေးဖြင့် ကျန်းချန်ရွှမ်ထံ ပေးလိုက်လေသည်။
“ဒါကတော့ တာအိုရောင်းရင်း ရှာနေတဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းဆေးလုံးပါ။ ဒါက ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူတွေ အဆင့်ချိုးဖြတ်တဲ့နေရာမှာ ကူညီပေးပါတယ်။ ဒီအတွက် ဝိဉာဉ်ကျောက်တုံး ၁၀၀ ကျပါတယ်။”
ကျန်းချန်ရွှမ်လည်း ကျောက်စိမ်းပုလင်းကိုယူကာ အထဲကိုဖွင့်ကြည့်လိုက်သည်။ ဤစိတ်ဝိဉာဉ်သန့်စင်ဆေးလုံး၏အရည်အသွေးမှာ သိပ်မဆိုးလှပေ။ နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ ကျန်းချန်ရွှမ်တွင် ဆုဆောင်းထားသော ငွေကြေးတချို့ရှိနေပြီပင်။
သိပ်ပြီးမများသော်လည်း စိတ်ဝိဉာဉ်သန့်စင်ခြင်းဆေးလုံးတစ်လုံးဝယ်ဖို့အတွက် ဝိဉာဉ်ကျောက်တုံး ၁၀၀ သုံးဖို့ကတော့ ပြဿနာတစ်ရပ်မဟုတ်ပေ။ ဒါကြောင့် ကျန်းချန်ရွှမ်လည်း ဝိဉာဉ်ကျောက်တုံးများဖြင့် ပေးချေလိုက်သည်။
ထို့နောက် သူ၏ဂူထံသို့ပြန်ကာ တံခါးပိတ်ကျင့်ကြံတော့သည်။
ချီသန့်စင်ခြင်း အဌမအဆင့်မှ နဝမအဆင့်သို့ဝင်ရောက်ခြင်းလုပ်ငန်းစဉ်သည် တကယ်တော့ စွမ်းအင်စုဆောင်းကာ သန့်စင်ခြင်းသာဖြစ်သည်။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာသာ စစ်မှန်သည့်အဆီအနှစ်လုံလောက်သည့်ပမာဏကို စုဆောင်းထားမိသ၍ ချီသန့်စင်ခြင်းနဝမအဆင့်ကို ချိုးဖြတ်ရန်ကြိုးစားကြည့်နိုင်ပေပြီ။
သန့်စင်ခြင်းအတွက်ကတော့ သန့်စင်ခြင်းဖြင့် စစ်မှန်သောအဆီအနှစ်ကို ပို၍သိပ်သည်းလာစေပေမည်။ သို့သော်လည်း ချီသန့်စင်ခြင်းအဆင့်ကိုချိုးဖြတ်ရမည့်အမှတ်နေရာသို့ စစ်မှန်သောအဆီအနှစ်ကို စုဆောင်းကာ သန့်စင်ရသည့်လုပ်ငန်းစဉ်သည် အချိန်အမြောက်အမြားလိုအပ်ပေသည်။
ပုံမှန်အခြေအနေအရ စစ်မှန်သောဝိဉာဉ်အမြစ်ရှိသည့် ချီသန့်စင်ခြင်းအဌမအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် အဆင့်ချိုးဖြတ်ရန် ၈နှစ်မှ ၁၅နှစ်အထိ ကြာအချိန်ယူရသည်။
ကျန်းချန်ရွှမ်လို မှားယွင်းသည့်ဝိဉာဉ်အမြစ်ရှိသူသာဆိုလျှင် သေချာပေါက် အချိန်ပိုကြာမည်သာ။
ကံကောင်းစွာဖြင့် ကျန်းချန်ရွှမ် ဤအဆင့်တွင် ရပ်တန့်နေသည့်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ အခြေခံအားဖြင့် သူ့စုဆောင်းထားမှုမျာ လုံလောက်နေပေပြီ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းဆေးလုံးပါသောက်လိုက်မည်ဆိုလျှင် ချောချောမွေ့မွေ့အဆင့်ချိုးဖြတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
မကြာခင်မှာပဲ..
ကျန်းချန်ရွှမ် သူ၏အကောင်းဆုံးအခြေအနေသို့ရောက်အောင် ပြင်ဆင်ပြီးသွားသည်။
ဒါကြောင့် သူဝယ်ယူလာသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းဆေးလုံးကိုသောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောအဆီအနှစ်ပမာဏမှာ ရုတ်ချည်းတိုးပွားလာတော့သည်။
ကျန်းချန်ရွှမ်လည်း အချိန်ဆွဲမနေတော့ဘဲ မူလအစနည်းစနစ်ကို အမြန်ဆုံးလှည့်ပတ်လိုက်ပြီး ထိုအတိုင်း ထပ်ခါတလဲလဲ ဆက်လက်လည်ပတ်စေသည်။
ထိုသို့ဖြင့် လဝက်ခန့်ကြာပြီးနောက် တစ်ကိုယ်တည်းကျင့်ကြံခြင်းတွင်နစ်မြုပ်နေခဲ့သည့် ကျန်းချန်ရွှမ်၏မျက်လုံးများ ရုတ်ချည်းပွင့်လာ သူ၏နှုတ်ခမ်းထက် အပြုံးတစ်ပွင့်ပါ ပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးတော့ ချီသန့်စင်ခြင်းနဝမအဆင့်ကိုအောင်မြင်သွားပြီ။
လက်ရှိတွင် သူ့ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအဆီအနှစ်မှာ ယခင်ထက် ၄၀ရာခိုင်နှုန်းပိုတိုးသွားခဲ့သည်။
ဒါ့အပြင် သူ့ခွန်အားသည်လည်း သိသိသာသာကို တိုးလာခဲ့သည်။
ကျန်းချန်ရွှမ် သူ့ရှေ့ရှိနံပါတ်ကိုကြည့်လိုက်ရာ..
[တာဝန်တိုးတက်မှု : ၁၅ ရာခိုင်နှုန်း]
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၅ ။ အဆောင်ပြုလုပ်ရန်ပစ္စည်းများဝယ်ယူခြင်း
လဝက်ကြာပြီးတာတောင်မှ သူတာဝန်ရဲ့ ၁၅ရာခိုင်နှုန်းပဲ ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာပဲ။
ကြည့်ရတနာ ၁၀၀ရာခိုင်နှုန်းပြည့်ဖို့ဆို အချိန်တစ်ခုတော့ လိုဦးမယ်။
ဒီလိုဆိုမှတော့ သူလည်း ချီသန့်စင်ခြင်းအဆင့်ချိုးဖြတ်ပြီးစဆိုတော့ အခြေခိုင်အောင်လုပ်ရဦးမှာပဲ။
ထို့ကြောင့်ပဲ ကျန်းချန်ရွှမ်၏တံခါးပိတ်ကျင့်ကြံမှုက ပြန်လည်စတင်ခဲ့ပြန်သည်။
သူ တံခါးပိတ်မကျင့်ကြံခင်ကတည်းက ဤဂူအတွက် တစ်နှစ်စာငှားရမ်းခ ကြိုရှင်းထားခဲ့တာကြောင့် ကျင့်ကြံနေစဉ်အတွင်း နှောက်ယှက်ခံရမည်ကို စိုးရိမ်မနေပေ။
တချိန်တည်းမှာပဲ ဂူအပေါ်ရှိ အကာအကွယ်အစီအရင်ကိုလည်း အသက်သွင်းထားသေးသည်။ ဒါကြောင့် သူ့ကိုမနှောက်ယှက်စေချင်သည့် ရည်ရွယ်ချက်မှာ ပိုလို့ထင်ရှားနေတော့သည်။
တစ်ယောက်ယောက်သာ အကြောင်းမရှိ သူ့ကိုလာနှောက်ယှက်ရင် တခါတည်း ရန်သူအဖြစ် သတ်မှတ်လိုက်မှာပင်။
ဤသို့ဖြင့်… နှစ်ဝက်ကျော်ကြာမြင့်ပြီးနောက်…
ကျန်းချန်ရွှမ်၏တံခါးပိတ်ကျင့်ကြံခြင်းခရီးစဉ်မှာ ပြီးဆုံးသွားကာ ချီသန့်စင်ခြင်းနဝမအဆင့်ကောင်းစွာ အခြေကျသွားပြီဖြစ်သည်။ သူ၏တာဝန်ပြီးမြောက်မှုကိုကြည့်လိုက်ရာမှာလည်း ၁၀၀ရာခိုင်နှုန်း ပြည့်သွားပြီပင်။
[စွမ်းအင်လှည့်ပတ်မှု အကြိမ် ၁၀၀ ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ မင်းအတွက် ဖွဲ့စည်းပုံ(ပြုပြင်ပေးခြင်း) +၁ ရရှိပါမယ်။]
ဖွဲ့စည်းပုံပြုပြင်ပေးတာ?
ကျန်းချန်ရွှမ် အနည်းငယ်တော့ အံ့ဩသွားရသည်။ ဤတစ်ခေါက်တာဝန်အတွက် ဆုလာဘ်က သူ့ဖွဲ့စည်းပုံကိုတိုးတက်လာစေဖို့အတွက်ဖြစ်မည်ဟု အမှန်ကို မမျှော်လင့်ထားခဲ့ပေ။
တကယ်ကို မထင်ထားခဲ့ဘူး။
လူတိုင်းသိကြတဲ့အတိုင်း ကျင့်ကြံရေးလောကတွင် ပြောင်းလဲရန်အလွန်ခက်ခဲသည့် အရာနှစ်ခုရှိသည်။
တစ်ခုက သိနားလည်နိုင်စွမ်းဖြစ်ကာ ကျန်တစ်ခုကတော့ ဖွဲ့စည်းပုံဖြစ်သည်။
ကျန်းချန်ရွှမ်လည်း သူ့ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုရှိလား အာရုံခံကြည့်လိုက်ရာ ဝိဉာဉ်အမြစ်ကတော့ ပြောင်းလဲခြင်းမရှိတာကို သတိထားလိုက်မိသည်။ ၎င်းက အခုထိ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေတို့၏ မှားယွင်းသောဝိဉာဉ်အမြစ်ဖြစ်နေတုန်းပင်။
ဒါဆို ငါကျင့်ကြံကြည့်လိုက်ရင်ရော?
ထိုသို့တွေးမိသည်နှင့် ကျန်းချန်ရွှမ်ချက်ခြင်းပင် မူလအစကျင့်ကြံခြင်းနည်းစနစ်ကို စတင်လှည့်ပတ်လိုက်တော့သည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ ကျန်းချန်ရွှမ်၏မျက်လုံးများ ပြန်ဖွင့်လာခဲ့သည်။
သူ့ပုံစံက အနည်းငယ်လည်း စိတ်လှုပ်ရှားနေပုံပင်။
မျှော်လင့်ထားသလိုပဲ၊ စနစ်က သူ့ကိုအရူးမလုပ်သွားဘူး။
လက်ရှိတွင် သူ၏စွမ်းအင်လှည့်ပတ်မှုနှုန်းမှာ ယခင်ထက် ၂၀ရာခိုင်နှုန်း ပို၍မြန်လာခဲ့သည်။ ထို့အပြင် တစ်ကြိမ်လှည့်တိုင်းလည်း ယခင်ထက် ၂၀ရာခိုင်နှုန်းပိုပြီး ဝိဉာဉ်ချီကို ဆုပ်ယူနိုင်ခဲ့လေသည်။
ဤသည်က သူ့ဖွဲ့စည်းပုံကို အနည်းငယ်မျှ တိုးမြင့်သွားစေရုံဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများဖြစ်သည်။ ဒဏ္ဍာရီလာကောင်းကင်အဆင့်ဝိဉာဉ်အမြစ်ရှိသည့် တမူထားသည့်ကျင့်ကြံသူများဆိုလျှင် ဘယ်လောက်တောင်မှ ကျင့်ကြံမှုအရှိန်တွေ မြန်ဆန်နေကြမလဲ သူတကယ်ကို မမှန်းဆနိုင်တော့ပေ။
ကျင့်ကြံရေးဂိုဏ်းတွေ၊ မိသားစုတွေက ဤသို့ပင်ကိုယ်အရည်အချင်းမြင့်မားသည့် တပည့်များကို တန်ဖိုးထားကြသည်မှ မထူးဆန်းတော့ပေ။ ဒါက သေလောက်အောင်ကြိုးစားနေရုံဖြင့် ရောက်ရှိနိုင်သည့်အဆင့်မျိုးမဟုတ်ပေ။
ကံကောင်းလို့ ငါ့မှာ စနစ်ဖေဖေကြီး ရှိနေပြီ။ ဘယ်လောက်ပဲ ကွာဟချက်က ကြီးမားနေပါစေ အဆင့်မြန်မြန်တက်ပြီး သူတို့တွေကို လိုက်မှီဖို့ဆိုတာ မဝေးတော့ဘူး။
ကျန်းချန်ရွှမ်တစ်ယောက် တွေးရင်းတောရင်းဖြင့် နောက်လာမည့်တာဝန်ကို မျှော်လင့်နေမိတော့သည်။
သို့ပါသော်လည်း၊ ၂နာရီကြာ… ၄နာရီ.. ၁ရက်… ၂ရက်…ကြာမြင့်လာသည့်တိုင်အောင် စနစ်ထံမှ နောက်ထပ်တာဝန်အကြောင်း ဘာသတင်းမှမကြားခဲ့ရပေ။ ကျန်းချန်ရွှမ် အနည်းငယ် ပူပန်လာမိသည်။
တစ်ခုကတော့ စနစ်စတင်ကြေညာတုန်းက မစ်ရှင်ထုတ်ပေးမည့် အချိန်ကွာဟချက်မှာ ပုံသေမရှိကြောင်းပြောထားသည်ကို သူ မှတ်မိနေသေးတာပင်။ ထိုအတွက် ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာကိုပဲ မသိတာဖြစ်သည်။
ကျန်းချန်ရွှမ် တာဝန်အကြောင်းတွေးမိရင်း ဂူထဲမှာပဲဆက်ပြီး မနေနိုင်တော့တာကြောင့် အဆောင်ပြုလုပ်လဖို့အတွက် လိုအပ်သည့်ပစ္စည်းတချို့ဝယ်ရန် အပြင်ထွက်ဖို့စိတ်ကူးလိုက်သည်။
အရင်ကဆိုလျှင် ကျန်းချန်ရွှမ်သည် အလယ်အဆင့် (အဆင့် ၁)အဆောင်ဖန်တီးသူဖြစ်ပြီး ထိုတစ်မျိုးကိုသာ ကျွမ်းကျင်ခဲ့သည်။
ထိုအဆောင်ဖန်တီးမှုဖြင့်ပဲ ချီသန့်စင်ခြင်းအဌမအဆင့်သို့ရောက်အောင် ကိုယ့်ကိုယ်ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ဖြစ်ပေသည်။
အခုတော့ သူ့မှာ အချိန်တစ်ခုအထိ ထောက်ပံ့ပေးနိုင်မည့် စုဆောင်းထားသော ဝိဉာဉ်ကျောက်တုံးများရှိသည်ဆိုသော်လည်း ချီသန့်စင်ခြင်းနဝမအဆင့်၏ ပြီးပြည့်စုံသောအဆင့်ရောက်သည်အထိ လုံလောက်ဖို့ကတော့ အလှမ်းဝေးလွန်းသည်။
ဒါကြောင့်ပဲ သူ့အိတ်ကပ်လေးပြန်ဖောင်းလာစေရေးအတွက် အဆောင်ရောင်းသမားလေး ပြန်လုပ်ဖို့ လိုနေခြင်းဖြစ်သည်။
တချိန်တည်းမှာပဲ လွန်ခဲ့သည့် ၆လအပြီး ဘာအသစ်အဆန်းတွေများ ရှိလာသလဲဆိုတာကိုပါ သူမြင်ချင်ပေသည်။
ကျန်းချန်ရွှမ် အပြင်ထွက်လာသည်နှင့် ကန်းယန်ဈေးသည် ယခင်နှစ်ဝက်တုန်းကထက် ပိုပြီး လူများလာသည်ကို ချက်ချင်းသတိထားမိသွားသည်။
ပတ်ဝန်းကျင်ကို အနည်းအကျဉ်းစုံစမ်းမေးမြန်းကြည့်ပြီးနောက် ကန်းယန်ဈေးမှာ လူပို,ပိုများလာခြင်းမှာ ရှေးဟောင်းအပျက်အစီးကြောင့်ဖြစ်ကြောင်း သိလိုက်ရလေသည်။
မကြာသေးခင်ကပဲ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည် ရှေးဟောင်းအပျက်အစီးထဲမှရလာသည့် ရတနာများကိုသုံးကာ ကန်းယန်ဂိုဏ်းထဲ ဝင်နိုင်ခဲ့သည်ဟုပြောကြသည်။ ထို့အပြင် ထိုသူသည် အတွင်းစည်းတပည့်တစ်ဦးပင်ဖြစ်လာကာ သူ၏လေလွင့်ကျင့်ကြံသူဆိုသည့်နာမည်ကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်သွားခဲ့သည်။
ထို့အပြင် တခြားကျင့်ကြံသူတော်တော်များများသည်လည်း ထိုရှေးဟောင်းအပျက်အစီးမှ ကျင့်ကြံရေးအရင်းအမြစ်များစွာ ရရှိခဲ့ကြကာ ချက်ချင်းလိုလိုပဲ နေရာအနှံ့မှ ကျင့်ကြံသူများစွာ၏စိတ်ဝင်စားမှုကို ဆွဲဆောင်သွားတော့သည်။
ကျန်းချန်ရွှမ်သည် ရတနာပွဲကြည့်စင်ဟုခေါ်သည့် ဆိုင်တစ်ဆိုင်သို့ ဝင်သွားခဲ့သည်။
ချက်ချင်းပင် အသက်၄၀ ဝန်းကျင်သတ်လတ်ပိုင်းအမျိုးသားတစ်ဦးက ရောက်လာကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် ကျန်းချန်ရွှမ် ဘာလိုအပ်သလဲ မေးလာခဲ့သည်။
ရတနာပွဲကြည့်စင်သည် တိမ်လွှာပွဲကြည့်စင်လောက် မကျော်ကြားသလို ပစ္စည်းများများစားစားလဲမရှိပေ။ သို့သော်လည်း တိမ်လွှာပွဲကြည့်စင်ထက် ပိုကောင်းသည့်အချက်ကတော့ ဤဆိုင်မှပစ္စည်းများမှာ ပို၍ဈေးသက်သာခြင်းပင်။
ကျန်းချန်ရွှမ်ကလည်း အဆင့်နိမ့်အဆောင်ပစ္စည်းပြုလုပ်မည့် ပစ္စည်းများကိုသာ လိုအပ်ခြင်းဖြစ်တာကြောင့် အရည်အသွေးနှင့်ပတ်သတ်၍ အထူးပြောနေစရာမလိုပေ။
မကြာလိုက်ပါဘဲ သက်လတ်ပိုင်းလူကြီးက ကျန်းချန်ရွှမ်လိုချင်သည့်ပစ္စည်းများကို ယူလာပေးခဲ့ကာ စုစုပေါင်း ဝိဉာဉ်ကျောက်တုံး ၃၂ တုံးကျသင့်ပေသည်။
သူသာ တိမ်လွှာပွဲကြည့်စင်မှ ဝယ်ခြင်းဖြစ်လျှင် အခုထက် ဝိဉာဉ်ကျောက်တုံး ၄-၅တုံးပိုကျပေလိမ့်မည်။ ဝိဉာဉ်ကျောက်တုံး ၄-၅တုံးလေက်ပိုသွားသည်က အများကြီးမဟုတ်ဟုထင်ရသော်လည်း သူတို့လို အဆင့်နိမ့်သည့် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများအတွက်တော့ များနေပေသေးသည်။
ကျန်းချန်ရွှမ် ဆိုင်က ထွက်တော့မည့်အချိန်မှာပဲ သူ့နောက်မှနေပြီး ရင်းနှီးနေသည့်အသံတစ်သံကို ကြားလိုက်ရသည်။
“အာ? ဒါ တာအိုရောင်းရင်းကျန်းမဟုတ်လား?”
ကျန်းချန်ရွှမ် လှည့်ကြည့်လိုက်ရာ မတွေ့ဖြစ်တာ နှစ်ဝက်ကျော်နေပြီဖြစ်သည့် ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံကို တွေ့လိုက်ရသည်။ လက်ရှိတွင် ထိုနှစ်ဦး၏မျက်နှာပေါ်တွင် ဖုံးဖိမရနိုင်လောက်အောင်အထိ ပျော်ရွှင်နေသည့်အမူအရာမျိုးရှိနေခဲ့သည်။
ကောင်းတာ တစ်ခုခုများဖြစ်ထားလို့လား?
ကျန်းချန်ရွှမ်လည်း အပြုံးတစ်ပွင့်ဖြင့်၊ “အိုး တာအိုရောင်းရင်းရွှီနဲ့ တာအိုအဆွေမိန်တို့ပဲ မတွေ့ရတာကြာပေါ့။”
“ဟုတ်ပါ့ တာအိုရောင်းရင်းကျန်းရယ်။ ကျုပ်တို့နောက်ဆုံးတွေ့ဖြစ်ခဲ့ကြတာ တော်တော်တောင်ကြာသွားပြီ။”
ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံက ခေါင်းညိတ်ကာ ထောက်ခံကြသည်။
“ဒါနဲ့ တာအိုရောင်းရင်းကျန်း ဒီရက်တွေအတွင်း ဘာတွေများအလုပ်ရှုပ်နေတာလဲ?”
“နေပါဦး၊ ခင်..ခင်ဗျား.. ချီသန့်စင်ခြင်းနဝမအဆင့်ကိုရောက်သွားပြီလား?”
အခုမှပဲ ကျန်းချန်ရွှမ်၏ပြောင်းလဲမှုကို ရွှီဟိုင်ချွမ်တို့ သတိထားမိသွားကြပုံပင်။ သူတို့မျက်နှာထက် အံ့ဩရိပ်များထင်ဟပ်လာကာ လက်နှစ်ဖက်ကိုဆုပ်လိုက်ကြသည်။
“ခင်ဗျား ချီသန့်စင်ခြင်းနဝမအဆင့်ကို ချိုးဖြတ်နိုင်သွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ကြည့်ရတာ အနာဂါတ်မှာ အခြေတည်အဆင့်ကိုရောက်နိုင်ဖို့ မျှော်လင့်ချက်ရှိသွားပြီပဲ။”
“ဂုဏ်ပြုပါတယ်!”
ကျန်းချန်ရွှမ်လည်း သိုသိုသိပ်သိပ်အမူအရာဖြင့် ခေါင်းအသာယမ်းပြလိုက်ကာ၊ “ဒီအတိုင်း ကံကောင်းသွားရုံပါ”ဟုသာ ပြောလိုက်သည်။
“ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်ကိုကြည့်ရတနာလဲ ကောင်းတဲ့ကိစ္စတစ်ခုခုရှိနေပုံပဲ။”
ရွှီဟိုင်ချွမ်နဲ့မိန်ဟုန်ယန်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ရွှီဟိုင်ချွမ်က၊ “အဲ့လောက်တောင် သိသာသွားတာလား?”
“ပြီးခဲ့တဲ့တစ်ခေါက် ကျုပ်တို့နှစ်ယောက် ရှေးဟောင်းအပျက်အစီးထဲဝင်ခဲ့ကြတုန်းက ကံကောင်းပြီး ပစ္စည်းကောင်းလေးတွေ တွေ့ခဲ့ကြတယ်လေ။
တာအိုရောင်းရင်းကျန်း မင်းအဆင်ပြေရင်၊ ကျုပ်တို့ ဝယ်စရာရှိတာဝယ်ပြီးရင် လင်းရှင်းဝေ့စားသောက်ဆိုင်ကို သွားကြရင်မကောင်းဘူးလား?”
ထိုစုံတွဲက ကျန်းချန်ရွှမ်နှင့်မိတ်ဖွဲ့ချင်နေတာ သိသာလှသည်။
ကျန်းချန်ရွှမ်သည် ဤသို့ပေါင်းသင်းဆက်ဆံရသည်ကို သဘောမကျသော်လည်း ရွီဟိုင်ချန်တို့ဇနီးမောင်နှံသည် သူ ကန်းယန်ဈေးသို့ရောက်ပြီးနောက် ပထမဆုံးတွေ့ရသည့် မိတ်ဆွေများဖြစ်နေသည်။ သူ လက်ရှိနေသည့် ဂူပင်လျှင် ဤဇနီးမောင်နှံက မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ ငြင်းဆိုဖို့က မသင့်လှတာကြောင့် ခေါင်းညိတ်လိုက်ရပေသည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း ခဏနေကျ လင်းရှင်းဝေ့စားသောက်ဆိုင်ကို သွားကြတာပေါ့။”
***