အခန်း (၆-၁၀)
Vol. 1 Ch. 6-10
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၆ ။ စနစ်ထံမှနောက်ထပ်တာဝန်တစ်ရပ်
လင်းရှင်းဝေ့စားသောက်ဆိုင်သည် သူတို့လိုမျိုး ကန်းယန်ဈေးမှ အဆင့်နိမ့်ချီသန့်စင်ခြင်းအင့်ကျင့်ကြံသူ အများစု လာရောက်ကြသည့်နေရာဖြစ်သည်။
ကျန်းချန်ရွှမ်နှင့်ရွှီဟိုင်ချွမ်တို့ရောက်သွားချိန်တွင် စားသောက်ဆိုင်တစ်ခုလုံး လေလွင့်ကျင့်ကြံသူများဖြင့် ပြည့်နေပြီဖြစ်သည်။ နောက်ဆုံးတော့ ပြတင်းပေါက်ဘေးတွင် စားပွဲလွတ်တစ်လုံးတွေ့သွားပြီး သူတို့ထိုင်လိုက်ကြသည်။
လင်းရှင်းဝေ့၏ဆိုင်ပိုင်ရှင်ကို စိတ်ဝိဉာဉ်အရက်နှင့်စားစရာများလာချပေးဖို့ မှာလိုက်ပြီးနောက် ရွှီဟိုင်ချွမ်က ကျန်းချန်ရွှမ်ကို ကြည့်ကာ စကားစလာခဲ့သည်။
“တာအိုရောင်းရင်းကျန်း၊ ခင်ဗျားလည်း ရှေးဟောင်းအပျက်အစီးထဲက အခြေအနေကို ကြားထားပြီးလောက်ရောပေါ့။ ဘယ်လိုသဘောရလဲ? အပျက်အစီးထဲ ကျုပ်တို့နဲ့အတူ သွားစူးစမ်းဖို့ စိတ်ဝင်စားလား? ပြောလို့မရဘူး၊ ကျုပ်တို့တွေကံကောင်းပြီး ဒဏ္ဍာရီလာအခြေတည်အဆင့်တက်နိုင်မယ့် အခွင့်အရေးရရင် ရလောက်လောက်မှာ။”
ရွှီဟိုင်ချွမ်က ကျန်းချန်ရွှမ်ကို ထပ်ပြီး ဖိတ်ခေါ်နေပြန်သည်။
အစတုန်းကတော့ ကျန်းချန်ရွှမ်ကို ဖိတ်ခေါ်ဖို့ရန် လက်လျှော့လိုက်တော့ဖို့ တွေးထားခဲ့သော်လည်း ကျန်းချန်ရွှမ်၏ကျင့်ကြံဆင့်က ချီသန့်စင်ခြင်းနဝမအဆင့်ကိုတောင် ရောက်သွားကြောင်း မြင်လိုက်ရချိန်တွင် ထပ်မကြိုးစားကြည့်ဘဲ မနေနိုင်တော့ပေ။
ပြောရရင် ချီသန့်စင်ခြင်းနဝမအဆင့်ကျင့်ကြံသူဆိုတာ အောက်ဆုံးအဆင့်မျိုးမဟုတ်တော့ပေ။ သူတို့သာ ကျန်းချန်ရွှမ်ကို သူတို့အဖွဲ့ထဲ ဆွဲသွင်းနိုင်ရင် သူတို့အဖွဲ့၏အင်အားတိုးတက်လာမည်မှာ မလွဲမသေပင်။
သူတို့ ကျန်းချန်ရွှမ်ကိုပါခေါ်ပြီး နောက်တစ်ကြိမ်သာ ရှေးဟောင်းအပျက်အစီးထဲဝင်ခဲ့ရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ပိုလို့အခွင့်အရေးများပေလိမ့်မည်။
ကံမကောင်းစွာဘဲ ကျန်းချန်ရွှမ်ကတော့ ရွှီဟိုင်ချွမ်၏ဖိတ်ကြားချက်ကို နဂိုအတိုင်း စိတ်ဝင်စားမှုမရှိနေခြင်းပင်။ သူက အပြုံးတစ်ပွင့်ဖြင့် ခေါင်းအသာယမ်းလိုက်သည်။
“စိတ်မကောင်းပါဘူး၊ တာအိုရောင်းရင်းရွှီ။ ဒီတခေါက်လည်း ခင်ဗျားကို စိတ်ပျက်စေရဦးမယ်။ ကျုပ်မှာ လုပ်စရာလေးတွေရှိသေးလို့ ခင်ဗျားတို့နဲ့အတူ ရှေးဟောင်းအပျက်အစီးထဲ မလိုက်နိုင်လောက်ဘူး။ ”
ဘာပဲဖြစ်ဖြစ် တဖက်လူက သူ့ကို တစ်နေရာတည်းသို့သွားရန် ၂ကြိမ်တောင်မှ ဖိတ်ခေါ်နေတာကြောင့် ယတိပြတ်ငြင်းပစ်ဖို့ မသင့်တော့ပေ။ သို့သော်လည်း ထိုစုံတွဲကတော့ သူဘာကိုဆိုလိုချင်မှန်း နားလည်ကြပေသည်။
ရွှီဟိုင်ချွမ်နှင့်မိန်ဟုန်ယန်းတို့၏မျက်နှာထက် စိတ်ပျက်သွားသည့်အရိအရောင်များ ပေါ်လာခဲ့သည်။ သို့သော်လည်း ကျန်းချန်ရွှမ်က ချီသန့်စင်ခြင်းနဝမအဆင့်ကိုကျော်ဖြတ်နိုင်သွားပြီဖြစ်တာကြောင့် ပြီးခဲ့သည့်အခေါက် ကျန်းချန်ရွှမ် သူတို့ကိုငြင်းသည့်အပေါ် မကျေမနပ်ဖြစ်ခဲ့သည့် မိန်ဟုန်ယန်းသည် ဤတစ်ကြိမ်တော့ မပျော်မရွှင်မဖြစ်တော့ပေ။
ဆန့်ကျင်ဘက်အနေနှင့် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုပင်ရှိနေသေးသည်။
“တာအိုရောင်းရင်းကျန်းမှာ လုပ်စရာရှိနေမှတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ကျွန်မနောက်ဆက်ပြောမယ့်ကိစ္စကိုတော့ တာအိုရောင်းရင်းကျန်း အနည်းအများ စိတ်ဝင်စားလာမှာပါ။”
ထိုစကားကိုကြားလိုက်ရတော့ ကျန်းချန်ရွှမ်၏ သိချင်စိတ်ကလည်း နိုးကြွလာခဲ့သည်။ ဒါကြောင့် အပြုံးလေးဖြင့် စမမေးဘဲ မနေနိုင်ခဲ့ပေ။ “ဘာကိစ္စလဲ သိလို့ရမလား?”
“ကျွန်မခင်ပွန်းကိုပဲ ပြောခိုင်းလိုက်ပါ။”
မိန်ဟုန်ယန်းက ပြုံးကာ ရွှီဟိုင်ချွမ်ဘက်သို့လှည့်ကြည့်လိုက်သည်။
ရွှီဟိုင်ချွမ်လည်း ခေါင်းအသာညိတ်လိုက်ပြီး၊ “အဲ့ဒါက လေလွင့်ကျင့်ကြံသူတွေရဲ့ ပစ္စည်းဖလှယ်ပွဲပါ။”
“လေလွင့်ကျင့်ကြံသူတွေရဲ့ပစ္စည်းဖလှယ်ပွဲ?”
“ဟုတ်ပါတယ်။
နောက် ၃လနေရင်၊ ကန်းယန်ဈေးရဲ့ သုန့်ဝန်ပွဲကြည့်စင်မှာ ကျုပ်တို့လို လေလွင့်ကျင့်ကြံဿူတွေအတွက် အထူးတလည်အနေနဲ့ ပစ္စည်းဖလှယ်ပွဲကျင်းပလိမ့်မယ်။
အဲ့ဒီအချိန်ကျရင်၊ ခင်ဗျား ဝယ်ချင်တာ ဒါမှမဟုတ် လဲချင်တာ တစ်ခုခုရှိရင် အဲ့ဒီပစ္စည်းဖလှယ်ပွဲကိုသွားကြည့်နိုင်တယ်။ ပြောလို့မရဘူး ခင်ဗျားလိုချင်တာတစ်ခုခု တွေ့ခဲ့နိုင်တာပဲ။”
“ကျုပ် သိပြီ။”
မျှော်လင့်ထားသလိုပါပဲ၊ ထိုပစ္စည်းဖလှယ်ပွဲအပေါ် သူအနည်းငယ် စိတ်ဝင်စားမိလေသည်။
သူ့မှာ ဝယ်ချင်တာရော လဲချင်တာပါ ဘာမှမရှိဘူးဆိုပေမယ့် သူတခါလောက်သွားကြည့်လို့လဲ ကောင်းတဲ့ကိစ္စပဲလေ။
ထိုသို့တွေးမိပြီးနောက် ချက်ချင်းပင် ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံကို ကျေးဇူးတင်လိုက်သည်။
“ဒီအကြောင်းပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်နပ်ကို ကျုပ်ဧည့်ခံပါရစေ။ ခင်ဗျားတို့နှစ်ယောက် လုမရှင်းကြနဲ့နော်။”
“ဒါဆိုလည်း ကျုပ်တို့ အားမနာနေတော့ဘူး။”
ထို့နောက် သုံးယောက်သားနှုတ်ဆက်လိုက်ကြပြီး လင်းရှင်းဝေ့စားသောက်ဆိုင်မှ ထွက်လာခဲ့ကြကာ ကျန်းချန်ရွှမ်လည်း ဂူဆီသို့ပြန်ခဲ့လေသည်။ သူ ဂူကိုပြန်ရောက်ပြီး မကြာခင်မှာပဲ ဝယ်ယူလာခဲ့သည့် အဆောင်ပြုလုပ်သည့်ပစ္စည်းများကို ထုတ်ယူလိုက်သည်။
ကျန်းချန်ရွှမ်က သူ၏အဆောင်ပြုလုပ်သည့်စွမ်းရည်ကိုသုံးကာ အဆောင်တချို့ရေးဆွဲပြီး ဝိဉာဉ်ကျောက်တုံးအနည်းအကျဉ်းရအောင် ရောင်းချလိုခြင်းဖြစ်သည်။
မဟုတ်လျှင် သူ့မှာ စုဆောင်းထားတာ ဘယ်လောက်ပဲရှိနေပါစေ သုံးဖို့လောက်မည်မဟုတ်ပေ။ ထို့အပြင် သူ့မှာ စုဆောင်းထားသည်ဟု ပြောရလောက်အောင်လဲ များများစားစားရှိမနေခြင်းပင်။
ကျန်းချန်ရွှမ် အရင်ဆုံးလက်ကိုဆေးကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် နံ့သာပေါင်းကို ထွန်းညှိလိုက်လေသည်။
အားလုံးပြီးသည့်နောက် အဆောင်များ စတင်ရေးဆွဲတော့သည်။
ကျန်းချန်ရွှမ် ပထမဆုံးရေးဆွဲသည့်အဆောင်မှာ ရေဓားအဆောင်ဟုခေါ်သည့် အလယ်အလတ်အဆင့် (အဆင့် ၁) အဆောင်တစ်ခုဖြစ်သည်။
၎င်းကိုအသုံးပြုလိုက်သည်နှင့် ၁၀ပေရှည်သည့် ရေဓားတစ်ချောင်းပေါ်လာကာ ရန်သူများကို တိုက်ခိုက်မည်ဖြစ်သည်။
ချီသန့်စင်ခြင်းအလယ်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဂရုမစိုက်မိလျှင် လွင့်ထွက်သွားနိုင်ပေသည်။
ကျန်းချန်ရွှမ်သည် ယခင်က ဤသို့သောအဆောင်မျိုး ဒါဇင်ပေါင်းများစွာ ရေးဆွဲခဲ့ဖူးပြီးဖြစ်သည်။ ထို့ကြောင့် အခုတစ်ကြိမ်မှာ အလွယ်တကူရေးဆွဲပြီးသွားခြင်ပင်။
နေ့တဝက်ကြာပြီးနောက်…
ကျန်းချန်ရွှမ် သူ့လက်ထဲက အဆောင်စုတ်တံကိုချလိုက်သည်။ သူ့ရှေ့တွင် လင်းလက်သည့်ဝိဉာဉ်ချီများ ထုတ်လွှင့်နေသည့် ရေဓားအဆောင်တစ်ခုရှိနေသည်။ ထိုအဆောင်တစ်ခုဆိုလျှင် ဈေးထဲ၌ ဝိဉာဉ်ကျောက်တုံး ၇-၈တုံးဖြင့် ရောင်းချနိုင်ပေသည်။
ဝယ်လိုအားများနေသည့်အချိန်မျိုးဆိုလျှင် ဝိဉာဉ်ကျောက်တုံး ၁၀တုံးဖြင့် ရောင်းချလျှင်တောင်မှ ဝယ်လိုသူအများအပြားရှိနေဦးမည်ပင်။
ကျန်းချန်ရွှမ်တစ်ယောက် ရေဓားအဆောင်ကို ဘေးပို့လိုက်ကာ နောက်ထပ်အဆောင်တစ်ခုထပ်ဆွဲဖို့ကြံလိုက်ချိန်မှာပဲ သူ့စိတ်ထဲ စနစ်အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[ဒင်! တာဝန်တစ်ခု ထုတ်ပြန်လာပါပြီ။ Host၊ ကျေးဇူးပြုပြီး ရေဓားအဆောင် ၁၀၀ ပြီးမြောက်အောင် ရေးဆွဲပေးပါ။]
ထိုအသံကိုကြားလိုက်သည်နှင့် ကျန်းချန်ရွှမ် စိတ်လှုပ်ရှားသွားတော့သည်။
နောက်ဆုံးတော့ စနစ်ရဲ့တာဝန်တွေ ပြန်လာပြီကွ!
သို့သော်လည်း ဤတစ်ခေါက်မှာတော့ စနစ်က သူ့ကို တကယ်ကြီး ရေဓားအဆောင် ၁၀၀ ရေးဆွဲရမည့် တာဝန်များ ပေးလာခဲ့ပေသည်။
သူ ချက်ချင်း သူ့ရှေ့တွင်ပေါ်လာသည့် တာဝန်ပြီးမြောက်မှုနှုန်းကိုကြည့်လိုက်ရာ၊
[ရေဓားအဆောင်ဆွဲခြင်းတာဝန်တိုးတက်မှု : ၅၇ ရာခိုင်နှုန်း]
တစ်နည်းပြောရလျှင် သူက ရေဓားအဆောင် ၅၇ခုကို အောင်အောင်မြင်မြင် ရေးဆွဲပြီးခဲ့ပြီဖြစ်သည်။ ဒီလိုသာဆို နောက်ထပ် ၄၃ခုပဲ ဆွဲဖို့လိုတော့တာပေါ့။
သို့သော်လည်း သူ အရင်ဝယ်ယူထားသည့် အဆောင်ပစ္စည်းပြုလုပ်သည့်ပစ္စည်းများမှာ မလောက်တော့ပေ။ ဒါကြောင့် ထပ်သွားဝယ်ဖို့ လိုလာပေပြီ။
ဒီလိုနဲ့ပဲ…
ကျန်းချန်ရွှမ်တစ်ယောက် သူ၏တာဝန်အသစ်ဖြစ်သည့် ရေဓားအဆောင်ရေးဆွဲခြင်းကို ကြိုးစားဆောင်ရွက်တော့သည်။
၂လကြာပြီးနောက်..
ကျန်းချန်ရွှမ်သည် နောက်ထပ် ကျန်သည့်ရေဓားအဆောင်အားလုံးပြီးမြောက်ဖို့ရန်အတွက် အဆောင်ပစ္စည်းများဝယ်ရန် နောက်ထပ် ဝိဉာဉ်ကျောက်တုံး ၃၃တုံး ထပ်သုံးခဲ့ရပေသည်။
တာဝန်အောင်မြင်မှုနှုန်းပြည့်သွားသည်နှင့် စနစ်ထံမှအသိပေးချက်ကို ထပ်မံကြားလိုက်ရသည်။
[ရေဓားအဆောင် အကြိမ် ၁၀၀ ရေးဆွဲအောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ မင်းအတွက် အဆင့်မြင့် (အဆင့် ၁) ရေဒိုင်းအဆောင်ရေးဆွဲနိုမည့် စွမ်းရည်ရရှိသွားပါပြီ။]
ချက်ချင်းပင် ကျန်းချန်ရွှမ်၏အသိအာရုံထဲ ရေဒိုင်းအဆောင်ရေးဆွဲခြင်းဆိုင်ရာ အသိဉာဏ်နှင့်အတွေ့အကြုံမှန်သမျှ ရုတ်ချည်းရောက်ရှိလာတော့သည်။
ထိုသို့ဝင်ရောက်နေချိန်အတွင်း သူ၏အဆောင်ပြုလုပ်သည့်ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်မြင့် (အဆင့် ၁)သို့ ရောက်ရှိသွားတော့သည်။ ထို့အပြင် သူ့အရည်အချင်းသည်လည်း တိုးမြင့်လာခဲ့သည်။
အဆင့်မြင့် (အဆင့် ၁) ရေဒိုင်းအဆောင်သည် အကာအကွယ်အဆောင်တစ်ခုဖြစ်သည်။ ပြောရလျှင်တော့ ထိုအဆောင်မျိုးသည် သာမာန်အဆင့်မြင့် (အဆင့် ၁) ထိုးစစ်အဆောင်များထက် ရေးဆွဲရပိုမိုခက်ခဲပေသည်။
ကျန်းချန်ရွှမ်သည် အခုဆို ရေဒိုင်းအဆောင်ကိုရေးဆွဲသည့် စွမ်းရည်သာရရှိသွားပြီဖြစ်တာကြောင့် သူသာ အချိန်နှင့်ခွန်အားစိုက်ထုတ်သ၍ တခြားသောင့် အဆင့်မြင့် (အဆင့် ၁) အဆောင်များကို ရေးဆွဲနိုင်သွားပြီဖြစ်ကာ ဆရာအဆင့်ရောက်အောင် လုပ်နိုင်မည်ဟုပင် သူ့ကိုယ်သူ ယုံကြည်ချက်ရှိပေသည်။
တကယ်တမ်း ဤတစ်ခေါက်အတွက် ဆုသည် ယခင်တစ်ခေါက်လောက် မကောင်းသော်လည်း သူ့လက်ရှိအခြေအနေအတွက်တော့ အလွန်အထောက်အကူဖြစ်ပေသည်။ အကြောင်းကတော့ နောက်တစ်လဆိုလျှင် လေလွင့်ကျင့်ကြံသူများ၏လဲလှယ်ပွဲကျင်းပတော့မည်ပင်။
အဆင့်မြင့် (အဆင့် ၁)ရေဒိုင်းအဆောင်များကို သူတတ်နိုင်သမျှ များများ ရေးဆွဲထားခြင်းဖြင့် ထိုအချိန်ကျလျှင် ငွေများများပိုရှာနိုင်ပေလိမ့်မည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၇ ။ လေလွင့်ကျင့်ကြံသူများ၏ပစ္စည်းဖလှယ်ပွဲစတင်ပါပြီ
အချိန်တစ်လက မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်ရွှမ်လည်း ဂူထဲမှထွက်ကာ လေလွင့်ကျင့်ကြံသူပစ္စည်းဖလှယ်ပွဲ တက်ရောက်ရန် သုန့်ဝန်ပွဲကြည့်စင်သို့ ဦးတည်ခဲ့တော့သည်။ ထိုပွဲအတွက် သူ့တွင် ရေဓားအဆောင် ၄၄ ခုနှင့် ရေဒိုင်းအဆောင် ၁၀ ခု အဆင်သင့်ပြင်ဆင်ထားပြီးပေပြီ။
ဟုတ်ပါတယ်၊ သူ တစ်လအတွင်း ရေဒိုင်းအဆောင် ၁၀ခုကို အောင်အောင်မြင်မြင်ရေးဆွဲနိုင်ခဲ့တာပါ။
အဆင့်မြင့် (အဆင့် ၁) အဆောင်တစ်ခုရေးဆွဲခြင်းသည် အလယ်အဆင့် (အဆင့် ၁)အဆောင်ရေးဆွဲခြင်းထက် အလွန့်အလွန်ပိုခက်ခဲတာက ပြောရန်မလိုလောက်တော့ပေ။ လိုအပ်သည့်အချိန်နှင့် စစ်မှန်သောအဆီအနှစ်ပမာဏက အဆများစွာ ပိုများပေသည်။ တချိန်တည်းမှာပဲ သူ့တန်ဖိုးသည်လည်း အလယ်အဆင့်အဆောင်ထက် အဆများစွာ ပိုများပြန်သေးသည်။
မကြာလိုက်ပါဘဲ စတုရန်းမီတာတစ်ထောင်လောက်ရှိသည့် ကြီးမားသော ပွဲကြည့်စင်ကြီးသို့ ကျန်းချန်ရွှမ် ရောက်ရှိလာခဲ့လေသည်။ ဤနေရာသည် လေလွင့်ကျင့်ကြံသူများ ပစ္စည်းဖလှယ်ပွဲကျင်းပမည့် သုန့်ဝန်ပွဲကြည့်စင်ပင်။
ကျန်းချန်ရွှမ်တစ်ယောက် သာမာန်ကာလျှံကာ တစ်ချက်လောက်ဝေ့ကြည့်လိုက်ပြီးနောက် ဤနေရာတွင် လေလွင့်ကျင့်ကြံသူ ရာပေါင်းများစွာ စုဝေးနေကြောင်း တွေ့လိုက်ရသည်။
အချိန်ကြာလာသည်နှင့်အမျှ လူဦးရေကလည်း ပို၍တိုးလာသည်သာ။
“တာအိုရောင်းရင်းကျန်း၊”
ထိုအချိန်မှာပဲ တစ်ယောက်ယောက်က ခေါ်လာတာကြောင့် ကျန်းချန်ရွှမ်တစ်ယောက်လှည့်ကြည့်လိုက်ရာ ထင်သည့်အတိုင်း ရွှီဟိုင်ချွမ်တို့ဖြစ်နေသည်။
“ဒီကို.. ဒီကို..”
ရွှီဟိုင်ချွမ်က လက်ဝှေ့ယမ်းကာ ပြုံးပြနေတာကြောင့် ကျန်းချန်ရွှမ်လည်း ထိုနေရာသို့ ချက်ချင်းသွားလိုက်သည်။
နှုတ်ဆက်စကားပြောလိုက်ကြပြီးနောက် ရွှီဟိုင်ချွမ်က သူ့ဘေးမှ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကိုညွှန်ပြလိုက်ကာ၊ “ဒီမှာ တာအိုရောင်းရင်းကျန်း၊ ခင်ဗျားနဲ့မိတ်ဆက်ပေးရဦးမယ်။ ဒါကတော့ တာအိုရောင်းရင်းကျန့်၊ ကျန့်ယွင်ဖေး။ အရင်တခေါက် ကျုပ်နဲ့ဟုန်ယန်းတို့ ရှေးဟောင်းအပျက်အစီးထဲဝင်တုန်းက တာအိုရောင်းရင်းကျန့်က ကူညီပေးခဲ့တာ။”
ထို့နောက် ကျန့်ယွင်ဖေးဘက်ကိုလှည့်ကာ ဆက်ပြီး မိတ်ဆက်ပေးလာခဲ့သည်။
“တာအိုရောင်းရင်းကျန့်၊ ဒီဘက်က ကျုပ် ခင်ဗျားကိုပြောပြဖူးတဲ့ တာအိုရောင်းရင်းကျန်း၊ ကျန်းချန်ရွှမ်ပဲ။”
“တာအိုရောင်းရင်းကျန်း၊ တွေ့ရတာဝမ်းသာပါတယ်။”
ရွှီဟိုင်ချွမ်၏မိတ်ဆက်ပေးမှုပြီးသည်နှင့် ကျန့်ယွင်ဖေးက ချက်ချင်းလက်နှစ်ဖက်ဆုပ်ကာ(တရုတ်ကားထဲကလိုမျိုး) ကျန်းချန်ရွှမ်ကို ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။
ကျန်းချန်ရွှမ်လည်း ချက်ချင်း ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်လိုက်သည်။ တချိန်တည်းမှာပဲ ဤတာအိုရောင်းရင်းကျန့်သည် မြင်ရရှားသည့်ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေကြောင်းပါ သတိထားမိလိုက်ရသည်။ သူ့နောက်ကျောမှာ ဓားသေတ္တာတစ်ခုသယ်ထားတာကိုး။
ဤကဲ့သို့သောလူမျိုးများသည် တဲ့တိုးဆန်ကာ တစ်ဖက်လူကို လုပ်ကြံခြင်းမရှိကြပေ။ ရွှီဟိုင်ချွမ်တို့ ရှေးဟောင်းအပျက်အစီးထဲ ကျန့်ယွင်ဖေးကိုခေါ်သွားရခြင်းမှာလဲ ထိုအကြောင်းအရင်းကြောင့် ဖြစ်ပေလိမ့်မည်။
သူတို့စကားပြောနေတုန်းမှာပဲ ပွဲကြည့်စင်သို့လူတွေတဖွဲဖွဲရောက်လာကြသည်။
ရွှီဟိုင်ချွမ်တို့က ကျန်းချန်ရွှမ်အား လျှို့ဝှက်အသံပို့စနစ်သုံးကာ စကားပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ဟိုကလူတွေကိုမြင်လား? သူတို့အားလုံးက ကန်းယန်မြို့မှာအခြေချနေတာ နှစ်၃၀ကျော်လောက်ရှိတဲ့ ချီသန့်စင်ခြင်းနောက်ဆုံးအဆင့်မှာရှိနေတဲ့ လေလွင့်ကျင့်ကြံသူတွေပဲ။
ဒီဘက်ကတစ်ယောက်ကို ဖုန့်ခွင်းလို့ခေါ်တယ်။ ချီသန့်စင်ခြင်းနဝမအဆင့်ကျင့်ကြံသူပဲ။ သူက သူ့ရဲ့ရွှေနက်ပုဆိန်လှံကြောင့် ကျော်ကြားတယ်။ သူက ခန္ဓာကိုယ်မာကြောစေတဲ့ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံတာမလို အရမ်းသန်မာတယ်လို့ပြောကြတယ်။
အလယ်ကတစ်ယောက်က ပြုံးနေကျား၊ လီပေါ်ရမ်။ သူ့ရဲ့လက်နက်က ဓားသွားတစ်စုံ။ သူလည်း ချီသန့်စင်ခြင်းနဝမအဆင့်ကျင့်ကြံသူပဲ။ သူ့လက်ထဲမှာသေသွားရတဲ့ ကျင့်ကြံသူတွေဆိုတာ အများကြီးပဲ။
တာအိုရောင်းရင်းကျန်း သူနဲ့တွေ့ဖြစ်ခဲ့ရင် သတိထားနေမှဖြစ်မယ်နော်။
ညာဘက်ကတစ်ယောက်ကတော့ ချန်ကျီရှန်း။ ဒီအမျိုးသမီးက ချီသန့်စင်ခြင်းသတ္တမအဆင့်ပဲရှိသေးတယ်ဆိုပေမယ့် သူက ကျုပ်တို့ ချီသန့်စင်ခြင်းအဆင့်လေလွင့်ကျင့်ကြံသူတွေထဲမှာတော့ နာမည်ကြီး အဆင့်မြင့် (အဆင့် ၁) အဂ္ဂိရတ်ဆရာပဲ။
တာအိုကျင့်ကြံသူတော်တော်များများက ဆေးသန့်စင်ဖို့အတွက် သူ့ဆီ အနည်းဆုံးတစ်ကြိမ်တော့ သွားဖူးကြတယ်။
နောက်ဆုံးတစ်ယောက်ကတော့ ကျိုးယွမ်ဖန်း။ ပြောကြတာတော့ သူက အခြေတည်အဆင့်ရောက်ခါစ ကျင့်ကြံသူတစ်ယောက်လက်ထဲကနေ လွတ်လာဖူးတယ်တဲ့။ ဒီလောက်နှစ်တွေအများကြီးကြာတာတောင် သူကတော့ အခုထိ တည်တည်ငြိမ်ငြိမ်နဲ့ ဘေးကင်းနေတုန်းပဲ။ ဒီတော့ သူလည်း သေချာပေါက် သာမာန်လူတစ်ယောက်မဟုတ်လောက်ဘူး။”
….
ရွှီဟိုင်ချွမ်တို့ဇနီးမောင်းနှံသည် ကျင့်ကြံသူတော်တောများများကို ရင်းနှီးသည့်ပုံပင်။ သူတို့ထံမှ ကျန်းချန်ရွှမ်လည်း တော်တော်များများ သင်ယူလိုက်ရပါသည်။
သူတို့နှစ်ယောက် ဆက်ပြောဖို့ကြံနေတုန်းမှာပဲ ကျန့်ယွင်ဖေးက ဝင်ပြောလာခဲ့သည်။
“စနေပြီ။”
သူတို့လှည့်ကြည့်လိုက်ရာ လူအုပ်ကြီးရှေ့ရှိစင်ပေါ်တွင် တာအိုဝတ်ရုံဖြင့် ချီသန့်စင်ခြင်းနဝမအဆင့်လူတစ်ယောက်က ပွဲကိုစတင်ဦးဆောင်ဖို့ရန် ရောက်နေပြီဖြစ်သည်။
ထိုလူက သူ့ဝတ်ရုံထဲမှ ပစ္စည်းနှစ်ခုကို မထုတ်ယူရင် အရင်ဆုံး လက်နှစ်ဖက်ဆုပ်ကာ စင်အောက်ရှိ ကျင့်ကြံသူများကို နှုတ်ဆက်လိုက်သည်။
တစ်ခုက အဆင့်မြင့် (အဆင့် ၁) ဓမ္မရတနာဖြစ်သော ဓားကောက်တစ်ချောင်းဖြစ်ပြီး ကျန်တစ်ခုကတော့ အဆင့်မြင့် (အဆင့် ၁)ရှိသည့် စိတ်ဝိဉာဉ်သစ်သီးဟုခေါ်သော တိမ်ဖြူသစ်သီးဖြစ်သည်။
နှစ်ခုလုံး ပစ္စည်းကောင်းတွေချည်းပင်။
အရင်ကဆိုလျှင် ဝိဉာဉ်ကျောက်တုံး ၃၀၀ လောက်တန်ကာ နောက်ပိုင်း ဈေးနည်းသွားပေမယ့် ဝိဉာဉ်ကျောက်တုံး ၁၀၀ ထက်တော့ မလျော့ပေ။
အဓိကကတော့ တိမ်ဖြူသစ်သီးသည် အဆင့်နှစ်ဆေးလုံးသန့်စင်ရာတွင်အသုံးပြုသည့် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့်ပင်။ မဟုတ်လျှင် သာမာန် အဆင့်မြင့် (အဆင့် ၁) ဝိဉာဉ်သစ်သီးတစ်လုံးက အလွန်ဆုံးမှ ဝိဉာဉ်ကျောက်တုံး ဒါဇင်ကျော်လောက်သာ တန်ပေလိမ့်မည်။
တာအိုဝတ်ရုံဝတ်ကျင့်ကြံသူက စကားစပြောလာခဲ့သည်။ “ကျုပ်လက်ထဲကပစ္စည်းနှစ်ခုရဲ့ တန်ကြေးကို အားလုံးသိပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့် ဒီပစ္စည်းတွေကို အဆင့်မြင့် (အဆင့် ၁) မြင်းမြီးတုတ်လို ဓမ္မရတနာမျိုးရယ်၊ တန်ဖိုးတူတာတစ်ခုခုရယ်နဲ့ လဲလှယ်ချင်ပါတယ်။”
မကြာလိုက်ပါဘဲ မုတ်ဆိတ်မွေးကောက်ကောက်နှင့် ထွားကျိုးသည့်လူတစ်ယောက်ထွက်လာခဲ့သည်။ သူ့တွင် တာအိုဝတ်ရုံဝတ်ကျင့်ကြံသူ လိုချင်နေသည့် မြင်းမြီးတုတ်အမျိုးအစားဓမ္မရတနာရှိတာကြောင့် ချက်ချင်း လဲလှယ်ပေးခဲ့လေသည်။
တိမ်ဖြူသစ်သီးကိုတော့ ချန်းကျီရှန်းက အဆင့်မြင့် (အဆင့် ၁) စစ်မှန်သောအဆီအနှစ်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံး ၂လုံးဖြင့် လဲလှယ်ခဲ့သည်။
ထိုဆေးလုံးတစ်လုံးကို ဝိဉာဉ်ကျောက်တုံး ၆၀-၇၀ ခန့်တန်တာကြောင့် တာအိုဝတ်ရုံဝတ်ကျင့်ကြံသူအတွက် ဈေးကောင်းရသွားကြောင်း သိသာပေသည်။
သို့သော်လည်း ချန်းကျီရှန်းကတော့ ဂရုစိုက်ပုံမရပေ။
ထို့နောက် ချီသန့်စင်ခြင်းအလယ်အဆင့်နှင့် နှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူအနည်းငယ် စင်ပေါ်သို့ တက်ခဲ့ကြသည်။ အများစုကတော့ အဆင့်နိမ့်အဆောင်များ၊ တန်ဖိုးကြီးလက်နက်များ၊ ဝိဉာဉ်ဆေးပင်များနှင့် အဆင့်နိမ့်ကျင့်ကြံခြင်းနည်းစနစ်များကို ထုတ်ပြလာသည်။
ပစ္စည်းအမျိုးမျိုးထုတ်ပြနေသော်လည်း လက်ရှိကျန်းချန်ရွှမ်အတွက်တော့ တော်တော်လေးအသုံးမဝင်သည့်အရာများ ဖြစ်နေခဲ့သည်။
နောက်ဆုံး ကျိုးယွမ်ဖုန်းဟုခေါ်သည့် ကျင့်ကြံသူ စင်ပေါ်မတက်လာခင်အထိပေါ့။
ထိုလူက အလယ်အဆင့် (အဆင့် ၁) အကာအကွယ်ဓမ္မရတနာ နှင့် အဆင့် ၁ အဆောင်များ ရေးမှတ်ထားသည့် အဆောင်စာအုပ်ကို ထုတ်ယူလာသည်။
အလယ်အဆင့် (အဆင့် ၁) အကာအကွယ်ဓမ္မရတနာကိုတော့ ကျန်းချန်ရွှမ်လုံးဝစိတ်မဝင်စားသော်လည်း အဆင့် ၁ အဆောင်များအကြောင်းပါသည့် အဆောင်စာအုပ်ကတော့ သူ့ကိုစိတ်ဝင်စားသွားစေခဲ့သည်။
ထိုစာအုပ်ထဲတွင် အဆင့်မြင့် (အဆင့် ၁)အဆောင်ရေးဆွဲသည့်နည်းလမ်းသာပါလျှင် သူအတတ်နိုင်ဆုံး အရယူနိုင်အောင် ကြိုးစားမည်ပင်။
ထိုအချိန်မှာပဲ..
ကျိုးယွမ်ဖန်းက၊ “ကျုပ်ရဲ့ အလယ်အဆင့် (အဆင့် ၁) အကာအကွယ်ဓမ္မရတနာကို ဝိဉာဉ်ကျောက်တုံး ၂၀၀ ဒါမှမဟုတ် တန်ဖိုးတူတဲ့ပစ္စည်းတစ်ခုခုနဲ့ လဲပါမယ်။
ဒီအဆင့် (၁)အဆောင်တွေပါတဲ့ အဆောင်စာအုပ်ကတော့ အဆုံးထိမပြီးသေးတာကြောင့် ဝိဉာဉ်ကျောက်တုံး ၃၀၀ ဒါမှမဟုတ် တန်ဖိုးတူတဲ့ပစ္စည်းတစ်ခုခုနဲ့ လဲပါမယ်။”
“အဆောင်စာအုပ်ထဲမှာ ဘယ်လိုအဆင့်မြင့် (အဆင့် ၁) အဆောင်တွေပါလဲ ပြောပြပေးလို့ရမလား?”
ထိုအခိုက် တချိန်လုံး ငြိမ်နေခဲ့သည့် ကျန်းချန်ရွှမ်က ရုတ်တရက် ထပြောလာသည်။ သူ့အသံကိုကြားတော့ ရွှီဟိုင်ချွမ်၊ မိန်ဟုန်ယန်းနှင့် ကျန့်ယွင်ဖေးပင် အံ့ဩတကြီး လှည့်ကြည့်လာကြသည်။
ရွှီဟိုင်ချွမ်ကတော့ မမေးကြည့်ရမနေနိုင်တော့ပေ။ “တာအိုရောင်းရင်းကျန်း၊ ခင်ဗျားဘာတွေ…”
ကျန်းချန်ရွှမ်ပြုံးလိုက်ကာ၊ “တာအိုရောင်းရင်းရွှီ၊ တကယ်တော့ ကျုပ်မကြာသေးခင်ကပဲ အဆင့်မြင့် (အဆင့် ၁) အဆောင်လုပ်တာကို လေ့လာနေခဲ့တာ။ ဒါကြောင့် ဒီအဆင့် ၁ အဆောင်စာအုပ်ကို တော်တော်လေး စိတ်ဝင်စားတယ်။”
သူ့စကားလုံးများက ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံကို ထိတ်လန့်သွားစေည်။ ကျန်းချန်ရွှမ်က အဆောင်ရေးဆွဲသူတစ်ယောက်ဖြစ်နေမည်ဟု သူတို့ တကယ်ကို မထင်ထားခဲ့မိတာပင်။
ဒါ့အပြင် သူက အဆင့်မြင့် (အဆင့် ၁) အဆောင်ရေးဆွဲသူပါဖြစ်နေသေးတယ်။
တကယ်ကိုပဲ…
စင်ပေါ်ရှိ ကျိုးယွမ်ဖန်းလည်း ကျန်းချန်ရွှမ်ကို ကြည့်မလာခင် ခဏမျှ မှင်သက်သွားခဲ့လေသည်။
“ဒီအဆင့် ၁ အဆောင်စာအုပ်ထဲမှာ အဆင့်မြင့် (အဆင့် ၁) အဆောင် သုံးမျိုးပါ,ပါတယ်။
ရွှေရောင်အလင်းတန်းအဆောင်၊ မြေကမ္ဘာလွတ်မြောက်ခြင်းအဆောင်နဲ့ မီးမြွေအဆောင်ပါ။ ခင်ဗျား စိတ်ဝင်စားလား?”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၈ ။ အဆောင်များရောင်းခြင်း
“ကျိုးယွမ်ဖန်း၏မိတ်ဆက်ပေးမှုကိုကြားပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် ပိုလို့ပင် ဆွဲဆောင်ခံလိုက်ရသည်။
ထိုအဆင့်မြင့် (အဆင့် ၁) အဆောင် ၃ခုမှာ မဆိုးဘူးဟု ပြော၍ရသည်။
ရွှေရောင်အလင်းတန်းအဆောင်သည် မကောင်းဆိုးဝါးများကို ဖယ်ရှားနိုင်ပြီး တစ္ဆေသရဲများကို သတ်နိုင်ကာ တချို့သောအဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းများကို သန့်စင်နိုင်သည်။
၎င်းတွင် မိစ္ဆာကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများအပေါ် သက်ရောက်သည့် အကာအကွယ်စည်းလည်းရှိသေးသည်။
မြေကမ္ဘာလွတ်မြောက်ခြင်းအဆောင်ကတော့ အသက်ကယ်အဆောင်ပင်။ ၎င်းအသက်ဝင်လာသည်နှင့် ကျင့်ကြံသူတစ်ယောက်ကို ၁၅ ကီလိုမီတာအထိ ချက်ချင်းရွှေ့ပြောင်းနိုင်သည်။
နောက်ဆုံးကျန်သည့် မီးမြွေအဆောင်ကတော့ နာမည်အတိုင်းပင် မီးစွမ်းအင်ရှိသည့် သေစေနိုင်သောအဆောင်မျိုးဖြစ်သည်။ ၎င်းအသက်ဝင်လာသည်နှင့် ပေပေါင်းများစွာရှည်သည့် သတ္တုများကိုပင် အရည်ပျော်စေလောက်အောင် အပူချိန်မြင့်သော မီးမြွေတစ်ကောင်ပေါ်ထွက်လာမည်ဖြစ်သည်။
ကျန်းချန်ရွှမ် တွေးကြည့်ပြီးသည်နှင့် သူ့အိတ်ကပ်ထဲမှ ရေဒိုင်းအဆောင် ၃ခုနှင့် ရေဓားအဆောင် ၄ခုကို ထုတ်ကာ ကျိုးယွမ်ဖန်းအား၊ “ကျုပ် ဒီအဆင့်မြင့် (အဆင့် ၁) ရေဒိုင်းအဆောင် ၃ခုနဲ့ အလယ်အဆင့် (အဆင့် ၁) ရေဓားအဆောင် ၄ခုကိုသုံးပြီး လဲလှယ်ချင်ပါတယ်။ ဘယ်လိုသဘောရလဲ?”
ဈေးအရပြောရလျှင် အဆင့်မြင့် (အဆင့် ၁) ရေဒိုင်းအဆောင်တစ်ခုသည် ဝိဉာဉ်ကျောက်တုံး ၇၀-၈၀ တန်ကာ အလယ်အဆင့် (အဆင့် ၁) ရေဓားအဆောင်တစ်ခုသည်တော့ ဝိဉာဉ်ကျောက်တုံး ၁၅ တုံးခန့်တန်သည်။
လက်ရှိပေါက်ဈေးအရ ဤသည်မှာ ကျန်းချန်ရွှမ်အတွက်တော့ အမြတ်ရသည့်လဲလှယ်မှုမျိုးမဟုတ်ပေ။
စင်ပေါ်မှ ကျိုးယွမ်ဖန်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်ကို ပြောလာခဲ့သည်။ “နောက်ထပ် ရေဒိုင်းအဆောင်တစ်ခုထပ်ပေးရင် ဒီအဆောင်စာအုပ်က ခင်ဗျားအပိုင်ပဲ။”
“မရဘူး။ အလွန်ဆုံးမှ ခင်ဗျားကို ရေဓားအဆောင်တစ်ခုပဲ ထပ်ပေးနိုင်မယ်။”
“လက်ခံတယ်!”
ကျန်းချန်ရွှမ်၏ကမ်းလှမ်းချက်ကို ကြားသည်နှင့် ကျိုးယွမ်ဖန်း အလျင်အမြန်ခေါင်းညိတ်လိုက်သည်။
မကြာလိုက်ပါဘဲ နှစ်ဦးသား၏အပေးအယူမှာ အထမြောက်သွားပေသည်။ ထိုကိစ္စပြီးနောက် လူတော်တော်များများလည်း ကျန်းချန်ရွှမ်၏ဖြစ်တည်မှုကို သတိပြုမိသွားကာ သူ့ကိုကြည့်လာကြသည်။
ကျန်းချန်ရွှမ်က အလယ်အဆင့်နှင့်အဆင့်မြင့်အဆောင်တွေအများကြီး ထုတ်ခဲ့တာကြောင့် တချို့ဆိုလျှင် သူက အဆောင်ရေးဆွဲသူမှန်း ခန့်မှန်းမိနေပေပြီ။
အဂိ္ဂရိတ်ဆရာဖြစ်သည့် ကျန်းကျီရှန်းပင်လျှင် ကျန်းချန်ရွှမ်ကို ၂ခါ ၃ခါလောက် လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
အကြောင်းကတော့ အလုပ်အကိုင်အားလုံးထဲတွင် အဆောင်ဆရာ၊ အဂ္ဂိရတ်ဆရာ၊ လက်နက်ဆရာနှင့် အစီအရင်ဆရာတို့သည် လူအာရုံစိုက်မှုနှင့်လေးစားမှုအများဆုံး ရရှိသူများဖြစ်ခြင်းကြောင့်ပင်။
ကျန်းချန်ရွှမ်သာ တကယ်ပဲ အဆင့်မြင့် (အဆင့် ၁) အဆောင်ရေးဆွဲသည့်ဆရာဖြစ်ကာ သူ၏လက်ရှိ ချီသန့်စင်ခြင်းနဝမအဆင့်ကိုပါ ထည့်တွက်လိုက်လျှင် တကယ်ကို အထင်ကြီးစရာကောင်းသွားပေပြီ။
အနည်းဆုံး သူတို့ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူအသိုင်းအဝန်းထဲမှာတော့ သူက တကယ့်ကို ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားပြီပင်။
တကယ်တော့ ကျန်းချန်ရွှမ်သည် ထိုကဲ့သို့မီးမောင်းထိုးခံရသည့်လူမျိုး မဖြစ်ချင်ပေ။ သို့သော်လည်း အဆင့် ၁ အဆောင်စာအုပ်က သူ့အတွက် အလွန်အရေးပါနေခဲ့သည်။ ဤသို့သော အခွင့်ကောင်းမျိုးကို လက်မလွှတ်ချင်တာကြောင့် လူတွေအာရုံစိုက်မစိုက်ကို ဂရုစိုက်မနေနိုင်တော့ခြင်းပင်။
ဘာပဲဖြစ်ဖြစ် သူ ချီသန့်စင်ခြင်းနဝမအဆင့်၏ပြီးပြည်စုံသည့်အဆင့်သို့ရောက်သည်နှင့် အခြေတည်အဆင့်ကိုချိုးဖြတ်မှာပင်။ ထိုအချိန်ကျလျှင် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများမှာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ်မဟုတ်တော့ပေ။
ထိုအခိုက်အတန့်တွင်..
ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံသည်တော့ ကျန်းချန်ရွှမ်တစ်ယောက် အဆင့်မြင့် (အဆင့် ၁) အဆောင်ရေးဆွဲသူဖြစ်နေသည်ကို မယုံကြည်နိုင်ဖြစ်နေကြသေးသည်။
ခဏကြာပြီးနောက် ရွှီဟိုင်ချွမ်တစ်ယောက် ကျန်းချန်ရွှမ်ကိုကြည့်ကာ မနည်းအားတင်းပြုံးလိုက်ပြီး၊ “တာအိုရောင်းရင်းကျန်းက တကယ်ကို တစ်ခုခုပဲ။”
“အဲ့လောက်လဲ မဟုတ်ပါဘူး။ အဲ့လောက်လဲ မဟုတ်ပါဘူး။” ကျန်းချန်ရွှမ် အမြန်ခေါင်းယမ်းလိုက်သည်။
“တာအိုရောင်းရင်းကျန်းရဲ့လက်ရှိကျင့်ကြံဆင့်ရယ် အဆောင်ပြုလုပ်ခြင်းစွမ်းရည်ရယ်နဲ့ဆို လုံးဝဆရာကြီးဖြစ်နေပြီလေ။ အခြေတည်အဆင့်ကိုဝင်နိုင်မယ့်အခွင့်အရေးကလဲ အရမ်းမြင့်သွားပြီ။ ကျုပ်တို့ဇနီးမောင်နှံနဲ့တော့မတူဘူး။ ကျုပ်တို့မှာတော့ အခြေတည်အဆင့်ကိုရောက်နိုင်မယ့် မျှော်လင့်ချက်လေးတောင် မတွေ့ရသေးဘူး။”
ရုတ်တရက် အကြောင်းအရာက အနည်းငယ်လေးလံလာခဲ့သည်။ ခဏလောက်တော့ ကျန်းချန်ရွှမ်လည်း ဘာပြန်ပြောလို့ပြောရမှန်း မသိဖြစ်ရလေသည်။
လက်ရှိကျင့်ကြံရေးလောကတွင် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ထောင်သောင်းချီပြီးရှိသည်။
သို့သော်လည်း အဆုံးတွင် တစ်ရာမှာတစ်ယောက်လောက်သာလျှင် သူတို့၏စစ်မှန်သောအဆီအနှစ်ကိုအရည်အဖြစ်ပြောင်းလဲကာ အခြေတည်အဆင့်ကိုတက်လှမ်းနိုင်ကြသည်ပင်။
စနစ်သာမရှိလျှင် သူသည်လည်း အနာဂါတ်မှာ အခြေတည်အဆင့်ကိုအောင်မြင်ဖို့ ယုံကြည်ချက်မရှိပေ။
“ဒါနဲ့လေ တာအိုရောင်းရင်းကျန်း.. ခင်ဗျားမှာ ရေဒိုင်းအဆောင်ကျန်သေးလား။”
ရုတ်တရက် ရွှီဟိုင်ချွမ်က သူ့ကိုမေးလာသည်။
“နည်းနည်းလောက်များကျန်သေးရင် ကျုပ်တစ်ခုလောက်လိုချင်လို့ပါ။”
ရွှီဟိုင်ချွမ်၏စကားကိုကြားပြီးနောက် ကျန့်ယွင်ဖေးကလည်း မျှော်လင့်နေဟန်ဖြင့် ကြည့်လာခဲ့သည်။ “တကယ်လို့ကျန်သေးရင် ကျုပ်လည်း တစ်ခုလိုချင်တယ်။”
သေချာပေါက် အဆင့်မြင့် (အဆင့် ၁) အကာအကွယ်အဆောင်ဆိုသည်မှာ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများကြားတွင်တော့ အလွန်နာမည်ကြီးလေသည်။
ကျန်းချန်ရွှမ် ခဏလောက်တွေးကြည့်လိုက်ပြီးနောက်၊ “ကျုပ်မှာ ရေဒိုင်းအဆောင်နည်းနည်းရှိသေးတယ်။ ခင်ဗျားတို့လိုချင်ရင် ပေါက်ဈေးထက် ၂၀ရာခိုင်နှုန်းလျှော့ပေးပါ့မယ်။ အဆောင်တစ်ခုကို ဝိဉာဉ်ကျောက်တုံး ၅၅တုံးဆိုရင်ရော?”
ဒီလောက်အဆင်ပြေတဲ့ဈေးမျိုးကို သူတို့က ဘာများပြောနိုင်ဦးမှာတဲ့လဲ?
သို့သော်လည်း အခုချိန်မှာ လူတွေအများကြီး သွားလာနေကြတာကြောင့် ဤပစ္စည်းဖလှယ်ပွဲပြီးသည့်နောက်မှသာ သူတို့အရောင်းအဝယ်ကို အပြီးသတ်ဖို့ စီစဉ်လိုက်ကြသည်။
ပစ္စည်းဖလှယ်ပွဲကတော့ စုစုပေါင်း ၂ရက်ကြာမြင့်မည်ပင်။
ထိုအချိန်ကာလအတွင်း ကျန်းချန်ရွှမ်လည်း သူ့အဆောင်များကိုရောင်းရန် စင်ပေါ်သို့တက်ခဲ့သည်။ အဆုံးမှာတော့ သူ့အဆောင်များကို ဖုန့်ခွင်းနှင့်အခြားကျင့်ကြံသူများထံမှ အဆောင်ပြုလုပ်သည့်ကုန်ကြမ်းပစ္စည်းများစွာဖြင့် လဲလှယ်ခဲ့ပေသည်။
အဆောင်ကုန်ကြမ်းအများစုမှာ ရွှေရောင်အလင်းတန်းအဆောင်၊ မြေကမ္ဘာလွတ်မြောက်ခြင်းအဆောင်နှင့် မီးမြွေအဆောင်ပြုလုပ်ရန်ဖြစ်သည်။ ထို့အပြင် ဝိဉာဉ်ကျောက်တုံး ၂၀၀ကိုလည်း ရရှိခဲ့သေးသည်။
အားလုံးက သူ့ကိုသိနေကြပြီဖြစ်တာကြောင့် ကျန်းချန်ရွှမ်လည်း တခြားကျင့်ကြံသူတွေ သူ့ကိုအာရုံစိုက်လာမည်အား ဂရုစိုက်မနေတော့ပေ။
ပစ္စည်းဖလှယ်ပွဲပြီးဆုံးသွားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရွှီဟိုင်ချွမ်တို့အဖွဲ့ရောင်းဝယ်ရမည့်အချိန်ရောက်လာသည်။ ထို့နောက် ကျန်းချန်ရွှမ်တစ်ယောက် နောက်ထပ် ဝိဉာဉ်ကျောက်တုံး ၁၆၅တုံးရသွားခဲ့သည်။
သူ့မှာ အရင်ရှိထားခဲ့သည့် ဝိဉာဉ်ကျောက်တုံးများကိုပါပေါင်းလိုက်လျှင် ကျန်းချန်ရွှမ်တွင် အခုဆို ဝိဉာဉ်ကျောက်တုံး ၅၀၀ထက်မနည်းရှိနေပေပြီ။ ဒါကြောင့် သူအပြင်မှာ အချိန်ဖြုန်းမနေတော့ဘဲ ကန်းယန်ဈေးရှိ သူ့ဂူသို့ မြန်မြန်ဆန်ဆန် ပြန်လာတော့သည်။
ကျန်းချန်ရွှမ် ပြန်ရောက်သည်နှင့် ထုံးစံအတိုင်း ထပ်ပြီး တံခါးပိတ်ကျင့်ကြံပြန်သည်။ အသစ်ရလာသည့် အဆင့်မြင့် (အဆင့် ၁) အဆောင် သုံးမျိုးကို လေ့လာရင်းဖြင့် သူ၏ချီသန့်စင်ခြင်းနဝမအဆင့် စစ်မှန်သောအဆီအနှစ်ကိုလည်း သန့်စင်ခဲ့သည်။
ထိုသို့ဖြင့် မသိလိုက်မသိဘာသာပဲ နောက်ထပ် နှစ်ဝက်ကျော် ကုန်ဆုံးသွားပြန်သည်။
ယခုဆိုလျှင် ကျန်းချန်ရွှမ်သည် အဆင့်မြင့် (အဆင့် ၁) အဆောင်သုံးမျိုးရေးဆွဲရာတွင် ဆရာတဆူဖြစ်နေပြီဖြစ်ကာ တစ်ကြိမ်လျှင် နှစ်ခုတောင်မှ ဆွဲနိုင်ခဲ့သည်။
ထိုအချိန်မှာပဲ သူ့ဂူအပြင်မှအကာအကွယ်အစီအရင်အသက်ဝင်လာသည်ကို ကျန်းချန်ရွှမ် ခံစားလိုက်ရသည်။
သူမျက်မှောင်ကြုတ်မိသွားပေမယ့် ဂူအပြင်ဘက်မှ မြင်ကွင်းကိုကြည့်လိုက်ချိန်တွင်တော့ သူ ထိတ်လန့်သွားမိတော့သည်။
အကြောင်းကတော့ ဂူအပြင်ဘက်တွင်ရှိနေသူမှာ သူ၏အသိမိတ်ဆွေဖြစ်သော ရွှီဟိုင်ချွမ်ပင်ဖြစ်ကာ အရင်နှင့်မတူသည်က သူ့လက်မောင်းတစ်ဖက် ပျောက်ဆုံးနေခြင်းပင်။ ထို့အပြင် သူ့ဘေးတွင် အမြဲအတူ ရှိနေတတ်သည့် မိန်ဟုန်ယန်းသည်လည်း ယခုတော့ ဘယ်မှာမှမတွေ့ရပေ။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၉ ။ အခြေတည်အဆင့်သို့ဝင်ရောက်ခြင်း (၁)
ဘာတွေဖြစ်သွားတာလဲ?
ကျန်းချန်ရွှမ်တစ်ယောက် မကောင်းသည့်ခံစားချက်များရလာသည်။ သူ ဂူ၏အကာအကွယ်စည်းကိုဖယ်ပေးကာ ရွှီဟိုင်ချွမ်ကို ဝင်ခွင့်ပေးလိုက်ချိန်တွင်တော့ ရွှီဟိုင်ချွမ်၏ ပထမဆုံးပြောလိုက်သည့်စကားတချို့ကပင် ကျန်းချန်ရွှမ်၏မျက်လုံးများကို စိုစွတ်လာစေခဲ့သည်။
“တာအိုရောင်းရင်းကျန်း၊ ကျုပ်ရဲ့တာအိုအဖော်(လက်တွဲဖော်) ဟုန်ယန်း သေသွားပြီ။”
ကျန်းချန်ရွှမ်လည်း ခန့်မှန်းမိထားပေမယ့် ရွှီဟိုင်ချွမ်ထံမှ တိုက်ရိုက်ကြားလိုက်ရချိန်တွင် ထိတ်လန့်မိသွားဆဲပင်။
“တာအိုရောင်းရင်းရွှီ၊ ဘာတွေဖြစ်ခဲ့လို့လဲ? သူ(မ) လွန်ခဲ့တဲ့နှစ်ဝက်တုန်းကပဲ အကောင်းကြီးမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သူ…?”
ရွှီဟိုင်ချွမ်၏မျက်ဝန်းအိမ်များအတွင်း မုန်းတီးသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“အဲ့ဒါ ပြုံးနေတဲ့ကျား၊ လီပေါ်ရမ်ကြောင့်ပဲ။ လွန်ခဲ့တဲ့ သုံးလတုန်းက ကျုပ် ဟုန်ယန်းရယ် တာအိုရောင်းရင်းကျန့်ရယ်ကိုခေါ်ပြီး ရှေးဟောင်းအပျက်အစီးထဲဝင်ဖို့သွားခဲ့ကြတယ်။ လမ်းမှာ လီပေါ်ရမ်နဲ့တွေ့တာပဲ။ အဲ့တုန်းက ကျုပ်တို့ အရမ်းဂရုစိုက်ခဲ့ပေမယ့် လီပေါ်ရမ်ရဲ့ထောင်ချောက်ထဲကျသွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။”
ထိုနေရာအရောက် ရွှီဟိုင်ချွမ်က ခဏနားပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ကျန်းချန်ရွှမ်ဘက် ကြည့်လာခဲ့သည်။
“တာအိုရောင်းရင်းကျန်း၊ တကယ်တော့ ကျုပ် ခင်ဗျားဆီက အကူအညီတောင်းချင်လို့လာခဲ့တာပါ။”
“ကျုပ်ရဲ့အကူအညီလိုတာလား?”
ကျန်းချန်ရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံကို သနားမိသော်လည်း ရိုးရိုးသားသားပြောရရင်တော့ ဤပြဿနာထဲ ဝင်မပါလိုပေ။
ကျင့်ကြံရေးလောက၏အောက်ဆုံးအဆင့်တွင် နှစ်ပေါင်း ၁၀၀ ကျော်ရုန်းကန်ခဲ့ပြီးနောက် သူသာ ဤရက်စက်ကြမ်းတမ်းလှသည့်ကျင့်ကြံရေးလောကကြီးတွင် အသက်ရှင်ရပ်တည်လိုလျှင် ပထမဆုံးနှင့် အရေးအကြီးဆုံးအချက်အနေနှင့် ပြဿနာတွေနဲ့ဝေးဝေးနေဖို့လိုမှန်း သူ သိပေသည်။
ထို့အပြင် သူတို့ကြားက ဆက်ဆံရေးကလည်း အရမ်းကြီးကောင်းနေတာမှမဟုတ်ဘဲ။
ဒါပေါ့ သူတို့ကြားက ဆက်ဆံရေးက အရမ်းအရမ်းကို ကောင်းနေခဲ့ရင်တောင်မှ ကျန်းချန်ရွှမ်က သူ့နည်းသူ့ဟန်ဖြင့်သာ သူတို့ကိုယ်စားလက်စားချေပေးမည့်သူပင်။ သူက ဒီလိုအန္တရာယ်စက်ကွင်းထဲ သူ့ကိုယ်သူ ပစ်ဝင်လိုက်ဖို့မပြောနှင့် သူ့အတွက်ဘေးဖြစ်စေမည့်ကိစ္စကိုပင် လွယ်လွယ်ယူမည့်သူမဟုတ်ပေ။
ကျန်းချန်ရွှမ် နားလည်မှုလွဲသွားသည်ကိုမြင်လိုက်သည်နှင့် ရွှီဟိုင်ချွမ်က အလျင်စလိုပြန်ရှင်းပြလာသည်။
“တာအိုရောင်းရင်းကျန်း၊ အထင်မလွဲပါနဲ့။ ကျုပ်က ခင်ဗျားဆီက အဆောင် ၂ခုလောက် ငှားချင်ရုံပါ။
အဆင့်မြင့် (အဆင့် ၁)အဆောင်သာဖြစ်ရင်တော့ ပိုကောင်းတာပေါ့။
ရိုးရိုးသားသားဝန်ခံရရင်၊ ကျုပ်မှာ ကြေးတစ်ပြားမှ မရှိတော့ဘူး။ အကယ်၍ ခင်ဗျား ကျုပ်ကို အဆောင် ၂ခုငှားပေးလိုက်ရင်တောင်မှ အနာဂါတ်မှာ ပြန်မပေးနိုင်လောက်ဘူး။
ဒါကြောင့် ခင်ဗျားမပေးချင်ရင်လည်း ကျုပ်နားလည်ပါတယ်။”
ရွှီဟိုင်ချွမ်၏စကားများကိုနားထောင်ပြီးနောက် ကျန်းချန်ရွှမ် ခဏလောက် တိတ်ဆိတ်သွားသည်။ ထို့နောက်မှ ရွှီဟိုင်ချွမ်ကို လေးလေးနက်နက်ကြည့်လိုက်ကာ၊
“အစ်ကိုရွှီ၊ ခင်ဗျားလုပ်မှဖြစ်မှာလား?”
ကျန်းချန်ရွှမ်က သူ့ကိုရုတ်တရက်ကြီး အစ်ကိုရွှီဟု ခေါ်လိုက်တာကြောင့် ရွှီဟိုင်ချန် ရင်ထဲခံစားသွားရသည်။
ထို့နောက် သူက အလွန်ခိုင်မာသည့်အမူအရာနှင့်၊ “ငါ့ဇနီးကိုသတ်ခဲ့တဲ့ အမုန်းတရားကို ဘယ်လိုမှမကျေအေးပေးနိုင်ဘူး။ ငါသေရမယ်ဆိုရင်တောင်မှ နောက်ဆုံးအထိကြိုးစားသွားဦးမှာ။”
ရွှီဟိုင်ချွမ် စိတ်ဆုံးဖြတ်ထားပြီးသည်ကိုမြင်တော့ ကျန်းချန်ရွှမ်လည်း ထပ်ပြီး မတိုက်တွန်းတော့ဘဲ သူ့ သိုလှောင်အိတ်ထဲမှ မီးမြွေအဆောင် ၂ခု၊ မြေကမ္ဘာလွတ်မြောက်ခြင်း အဆောင် ၂ခု နှင့် ရေဒိုင်းအဆောင် ၂ခုကို ထုတ်ကာ ပေးလိုက်တော့သည်။
“အစ်ကိုရွှီ၊ ဒီအဆောင်တွေကိုယူလိုက်ပါ။ ဒါက ကျွန်တော်ကူညီပေးနိုင်တာအကုန်ပဲ။ ဘာပဲဖြစ်ဖြစ် အသတ်တော့မသေပါစေနဲ့။”
“ကျေးဇူး.. ကျေးဇူးတင်ပါတယ်။”
ရွှီဟိုင်ချွမ်မှာ ရုတ်တရက် ရှိုက်မိသွားတာကြောင့် အသံပင်တုန်သွားရသည်။ သို့သော်လည်း သူ့ခံစားချက်ကို အမြန်ပြန်စုစည်းကာ ကျန်းချန်ရွှမ်ကို ကျေးဇူးတင်စွာဖြင့် ဂါရဝပြုလိုက်သည်။
“ညီလေးကျန်း၊ မင်းရဲ့ကြင်နာမှုကို ငါဘယ်တော့မှ မမေ့ပါဘူး။ ဒီတစ်ခေါက် ငါကံကောင်းပြီး အသက်ရှင်ခဲ့ရင် မီးတောင်ကိုပဲဖြတ်ရ၊ မီးပင်လယ်ပဲဖြတ်ရပါစေ ညီလေးကျန်းအလိုရှိသမျှ ငါအားလုံးလုပ်ပေးမယ်!”
ထိုစကားပြောပြီးသည်နှင့် ရွှီဟိုင်ချွမ်သည် အဆောင်များကိုထည့်ကာ ကျန်းချန်ရွှမ်၏ဂူမှထွက်ခွာသွားတော့သည်။
ရွှီဟိုင်ချွမ်၏တဖြည်းဖြည်းပျောက်ကွယ်သွားသည့်ပုံရိပ်ကိုကြည့်ရင်း ကျန်းချန်ရွှမ် သက်ပြင်းမောသာချမိတော့သည်။
ရွှီဟိုင်ချွမ် အသက်ရှင်လျက်ပြန်လာနိုင်ချေ သိပ်မရှိကြောင်း သူသိပေသည်။
ကျင့်ကြံရေးလောကဆိုတာ ဒါမျိုးပင်။
လူတွေက မွေးလိုက် သေလိုက်ပင်။ သူတို့က အသိမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ဖြစ်နေကြရင်တောင်မှ တစ်ယောက်ဘဝထဲတစ်ယောက် အချိန်ကြာကြာရှိနိုင်မည်မဟုတ်ပေ။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးကြုံတွေ့ရသည်မှာ ကျန်းချန်ရွှမ်အတွက် ပထမဆုံးအကြိမ်မဟုတ်တော့ပေ။
သို့သော်လည်း ထိုအဖြစ်မျိုးကြုံလာတိုင်း သူဝမ်းနည်းနေမိဦးမှာပင်။
ထို့နောက် ကျန်းချန်ရွှမ်လည်း သူ့အလုပ်သူသာ ဆက်လုပ်ခဲ့သည်။
နေ့တိုင်း စစ်မှန်သောအဆီအနှစ်ကို စုဆောင်းကာ သန့်စင်ခြင်းအပြင် အဆင့် ၁ အဆောင်စာအုပ်ထဲရှိ တခြားသောအဆောင်ရေးဆွဲနည်းများကိုလည်း လေ့လာခဲ့သေးသည်။
ဤအဆောင်စာအုပ်က မပြည့်စုံသေးဟုပြောထားသော်လည်း ကျန်းချန်ရွှမ်အတွက်တော့ အလွန်အထောက်အကူဖြစ်နေတုန်းပင်။ အနည်းဆုံးတော့ သူ့ကို အဆင့် ၁ အဆောင်များပြုလုပ်ရာတွင် ထိုးထွင်းသိမြင်နိုင်မှုနှင့် အတွေ့အကြုံများ ရရှိစေသည်။
ထိုသို့နှင့် နေ့ရက်တိုင်း ထူးမခြားနားစွာ ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်ကာလအတွင်း ကျန်းချန်ရွှမ် အပြင်သို့ အကြိမ်အနည်းငယ်ထွက်ခဲ့သေးသည်။
အဓိကကတော့ သူ့အဆောင်များရောင်းချင်၍ဖြစ်ပြီး ဒုတိယအနေနဲ့ အဆောင်ပစ္စည်းပြုလုပ်သည့်ကုန်ကြမ်းများ ဝယ်ယူရန်နှင့် သတင်းအချက်အလက်များစုံစမ်းရန်အတွက် ဖြစ်သည်။
အချိန် ၂ နှစ်ကုန်လွန်ခဲ့ကာ ကျန်းချန်ရွှမ်လည်း ရွှီဟိုင်ချွမ်ကို နောက်တစ်ကြိမ် ထပ်မံမြင်တွေ့ခြင်းမရှိသလို သတင်းအစအနလည်း မကြားခဲ့ရပေ။ ပြုံးနေတဲ့ကျား လီပေါ်ရမ်တောင်မှ လေထဲအငွေ့ပျံသလို ပျောက်ကွယ်နေခဲ့သည်။
သူတို့နှစ်ယောက်လုံး အတူတူပဲသေသွားသလား ဒါမှမဟုတ် ကန်းယန်ဈေးကပဲ ထွက်သွားကြသလားဆိုတာကိုတော့ မသိပေ။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် ထိုအချင်းအရာများသည် ကျန်းချန်ရွှမ်အပေါ် အထူးသက်ရောက်မှုမျိုး မရှိခဲ့ပေ။
လက်ရှိတွင် သူ၏စွမ်းအင်နှင့်အာရုံစူးစိုက်မှုအလုံးစုံကို အခြေတည်အဆင့်ချိုးဖြတ်ရာတွင်သာ နှစ်မြှုပ်ထားခဲ့သည်။
ဟုတ်ပါတယ်၊ ပြီးခဲ့တဲ့ တစ်လလောက်တင် ကျန်းချန်ရွှမ်တစ်ယောက် သူ၏စစ်မှန်သောအဆီအနှစ်နှင့် နတ်အာရုံသည် အတားအဆီးနားရောက်ခါနီးနေသည်ကို ခံစားမိခဲ့သည်။
သူဘယ်လောက်ပဲ ကြိုးစားကျင့်ကြံပါစေ၊ စစ်မှန်သောအဆီအနှစ်ကို ကြိုးစားသန့်စင်ပါစေ တိုးတက်မှုရော အပြောင်းအလဲပါ ရှိမလာခဲ့ပေ။ ၎င်းက လက်ဖဝါးအရွယ်ပုလင်းတစ်လုံးလိုပင်။ ရေတွေဘယ်လောက်ပဲ လောင်းထည့်နေပါစေ သူနိုင်သလောက်သာထိန်းထားနိုင်ပေသည်။ ဒါကြောင့် တစ်ခုတည်းသောနည်းလမ်းမှာ ပုလင်းအရွယ်ကိုကြီးသွားစေရန်အတွက် ပုလင်းပိတ်ကို ဖြတ်ထုတ်ရမည်ပင်။
ကျန်းချန်ရွှမ်တစ်ယောက် သူ့ဂူထဲတွင် ခြေတင်ပျဉ်ခွေကာ နေရာယူလိုက်သည်။ သူ့ဘေးနားတွင်လည်း သေးငယ်သည့် အဆင့် ၂ စိတ်ဝိဉာဉ်စုဆောင်းခြင်းအစီအရင်ကို တည်ခင်းထားပြီးဖြစ်သည်။ ၎င်းကို မကြာခင်တုန်းက တိမ်လွှာပွဲကြည့်စင်ကနေပြီး ဝိဉာဉ်ကျောက်တုံး ၈၀၀ ပေးကာ ဝယ်ယူထားခဲ့ခြင်းပင်။
ဒါက သူ အခြေတည်အဆင့်သို့ချိုးဖြတ်ရန်ကြိုးစားချိန်အတွင်း ဝိဉာဉ်စွမ်းအားအလုံအလောက်ရှိနေစေရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ စနစ်က သူ့ကို အဆင့်အောင်မြင်စွာတက်နိုင်မည့်အခွင့်အရေးတစ်ခုပေးထားရင်တောင်မှ နောက်မှနောင်တရခြင်းထက် အစကတည်းက ဘေးကင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းသည်။
မကြာခင်တွင်..
ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်ထဲမှ စစ်မှန်သောအဆီအနှစ်က စတင်တိုးပွားလာခဲ့သည်။ ၎င်းက သူ အခြေတည်အဆင့်သို့ချိုးဖြတ်တော့မည့် ရှေ့ပြေးလက္ခဏပင်။
ကျန်းချန်ရွှမ်သည် ဂရုမထားစွာဖြင့် စနစ်ထံမှပေးသော အဆင့်ချိုးဖြတ်ရန်အောင်မြင်မှုအခွင့်အလမ်းကိုသုံးကာ အားမထုတ်ဘဲ မနေခဲ့ပေ။ ချက်ချင်းဆိုသလိုပင် သူ့ကိုယ်ထဲမှာ စစ်မှန်သောအဆီအနှစ်တို့မှာ ရုတ်တရက် အလွန်လှိုင်းထန်လာသည်ကို ခံစားလိုက်ရသည်။
စစ်မှန်သောအဆီအနှစ်များသည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သွေးကြောများကိုဖြတ်ကာ နောက်ဆုံး သူ၏ဒန်ထျန်တွင် စုစည်းသွားသည်။
ကျန်းချန်ရွှမ်၏အမူအရာသည်လည်း အနည်းငယ်မျှ ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအဆီအနှစ်၏သဘာဝသည် အလွန်ခက်ထန်လာကာ သူ့ဒန်ထျန်နှင့် စွမ်းအင်သွေးကြောများကို တောင့်ခံနိုင်မည်မဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်း ခံစားမိသည်။ ထိုခံစားချက်က သူနေရာမှာတင် တစ်စစီပေါက်ကွဲထွက်သွားတော့မလိုပင်။
သို့သော်လည်း ထိုအချိန်မှာပင် ထူးထူးဆန်းဆန်း အလွန်စွမ်းအားကြီးမားလှသော အမည်မသိစွမ်းအင်တစ်မျိုးက သူ့ခန္ဓာကိုယ်ထဲတွင်ဖြစ်တည်လာပုံပေါ်သည်။
၎င်းက သူ့ဒန်ထျန်နှင့်စွမ်းအင်သွေးကြောများကို ကာကွယ်ပေးရုံသာမကဘဲ စစ်မှန်သောအဆီအနှစ်၏ခက်ထန်မှုမှ သက်ရောက်မှုကို သူ့ဒန်ထျန်နှင့်စွမ်းအင်သွေးကြောများ တောင့်ခံနိုင်ရန် ကူညီပေးကာ တဖြည်းဖြည်းချင်း သန်မာလာစေသည်။
ထိုသို့ဖြင့် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်ထဲမှ ဗရမ်းဗတာအခြေအနေကြီးမှာ တစ်ပတ်ခန့်ကြာမြင့်သွားခဲ့သည်။
တစ်ပတ်ကြာပြီးနောက်တွင်တော့ သူ့ခန္ဓာကိုယ်ထဲမှ စစ်မှန်သောအဆီအနှစ်များသည် အငွေ့များပျံကာ အရည်အဖြစ်သို့ပြောင်းလဲလာတော့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၀ ။ အခြေတည်အဆင့်သို့ဝင်ရောက်ခြင်း (၂)
စစ်မှန်သောအဆီအနှစ်များ အရည်အဖြစ်သို့ လုံးဝပြောင်းလဲသွားသည်။ ဒါက အခြေတည်အဆင့်သို့ရောက်ရှိသွားသည့်လက္ခဏာပင်။ သို့သော်လည်း ကျန်းချန်ရွှမ် ထိုမျှဖြင့် စိတ်ကိုလွှတ်မချရဲခဲ့ပေ။
သူအမြန်ဆုံး အငွေ့အဖြစ်မှာသာရှိနေသေးသည့် စစ်မှန်သောအဆီအနှစ်များကို ဖိနှိပ်ကာ အရည်အဖြစ်သို့ပြောင်းလဲသည့်အပေါ် အာရုံစိုက်လိုက်သည်။ တဖြည်းဖြည်းချင်း သူ့ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောအဆီအနှစ်အရည်ပမာဏသည် တိုးများလာခဲ့ပေသည်။
ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအဆီအနှစ်အငွေ့မှန်သမျှကို အရည်အဖြစ်သို့ပြောင်းလဲပြီးသွားချိန်မှာတော့ ချီသန့်စင်ခြင်းအဆင့်ကို လုံးဝလွှမ်းမိုးဖိနှိပ်နိုင်သည့်အရှိန်အဝါတစ်ခုက ချက်ချင်းဆိုသလို ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာတော့သည်။
ကောင်းကင်နှင့်မြေကြီးရှိ ဝိဉာဉ်ချီလှိုင်းလုံးကြီးများသည် ကျန်းချန်ရွှမ်ရှိနေသည့်ဂူထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ တချိန်တည်းမှာပဲ အသက် လေးဆယ်ကျော် ငါးဆယ်အတွင်းရှိသည့် ကျန်းချန်ရွှမ်၏ရုပ်ရည်သည် သာမာန်မျက်စိဖြင့် မြင်နိုင်လောက်သည့်အရှိန်နှုန်းဖြင့် အဆယ် နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်အသွင် ငယ်ရွယ်နုပျိုလာပေသည်။ သူ့သက်တမ်းသည်လည်း နှစ်တစ်ရာလောက် ရုတ်ချည်းမြင့်တက်သွားခဲ့သည်။
တကယ်ကို ပါးစပ်အဟောင်းသားဖြစ်စေသည့် မြင်ကွင်းကြီးပင်။ အခြေတည်အဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်ကြားရှိ ကွာခြားချက်မှာ အရွယ်ရောက်ပြီးသားလူ နှင့် အသက် ၄-၅နှစ်အရွယ် ကလေးတစ်ယောက်လိုမျိုး အလွန်ကွာဟချက်ကြီးမားလှပေသည်။
ဒါဆို သက်တမ်းလေး တိုးသွားရုံတင်ပဲလား? ဘယ်ဟုတ်ပါ့မလဲ။
စစ်မှန်သောအဆီအနှစ်ကနေပြီး နတ်အာရုံဖြစ်သွားကာ ကဏ္ဍာမျိုးစုံတွင် ပြောင်းလဲသွားပေသည်။
အပြင်ဘက်ကမ္ဘာတွင်တော့…
အနီးပတ်ဝန်းကျင်မှ ဝိဉာဉ်ချီများ စတင်စုစည်းကာ ကျန်းချန်ရွှမ်ရှိနေသည့် ဂူထဲသို့ အလုံးအရင်းဖြင့် တိုးဝင်သွားချိန်တွင် ကန်းယန်ဈေးတွင်ရှိနေကြသည့် အခြေတည်အဆင့်ကျင့်ကြံသူများမှာ မျက်လုံးများမှေးကျဉ်းလိုက်မိကြသည်။
နေပါဦး~
တစ်ယောက်ယောက် အခြေတည်အဆင့်ကိုတက်ဖို့ ကြိုးစားနေတာလား!
ပထမဆုံးတုံ့ပြန်သူကတော့ ငှားရမ်းသည့်ဂူများတဝိုက်ကို စီမံခန့်ခွဲရသည့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးပင်။ ထိုသူ၏အမည်မှာ ရွှယ်ထျန်းယန်ဖြစ်ပြီး ကန်းယန်းဂိုဏ်း၏လက်ထောက်အကြီးအကဲတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် ၅နှစ်ခန့်ကာ ဂူလုပ်ငန်းကိုစီမံရန်အတွက် စေလွှတ်ခြင်းခံခဲ့ရသူလည်းဖြစ်သည်။
သိပ်သည်းလှသည့်ဝိဉာဉ်ချီများကိုကြည့်ပြီး ကျန်းချန်ရွှမ်တစ်ယောက် အခြေတည်အဆင့်သို့အောင်အောင်မြင်မြင် ရောက်ရှိနိုင်နှုန်းမှာ ၉၀ရာခိုင်နှုန်းထက်ပင် ပို၍ဖြစ်နိုင်ချေရှိသည်ဟု သူမှန်းဆလိုက်သည်။
သူချက်ချင်းပင် ကျန်းချန်ရွှမ်ကို ဂူငှားပေးရာမှာတာဝန်ရှိခဲ့သည့် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကိုရှာလိုက်ကာ ထိုဂူတွင် ဘယ်လိုလူနေထိုင်သလဲဆိုသည့်အကြောင်း စတင်မေးမြန်းတော့သည်။
မမျှော်လင့်ထားစွာဘဲ ထိုဂူတွင် လက်ရှိနေထိုင်နေသူမှာ အဆင့်မြင့် (အဆင့် ၁)အဆောင်ဆရာကြီးဖြစ်နေသည်။
ရွှယ်ထျန်းယန် နည်းနည်းတော့ အံ့ဩမိသွားသည်။
ထို့နောက် နှောင့်နှေးမနေရဲတော့ဘဲ မြန်မြန်ဆန်ဆန်ဖြင့် ကျန်းချန်ရွှမ်၏ဂူအပြင်ဘက်သို့ ရောက်သွားတော့သည်။ သူ ကျန်းချန်ရွှမ်၏ဂူအပြင်ဘက်တွင် ပေါ်လာပြီးမကြာခင်မှာပဲ ခပ်လှမ်းလှမ်းမှ အလင်းတန်းများစွာ ထိုနေရာသို့ ဦးတည်လာခဲ့ကြသည်။
အားလုံးပေါင်း အလင်းတန်း ၅ခု၊ လူ ၅ယောက်ဖြစ်ကာ ယောက်ျား ၃ယောက်နှင့် မိန်းမ ၂ ယောက်ပါဝင်သည်။
သူတို့ကတော့ ချန်ထျန်းဂိုဏ်း၏အကြီးအကဲ ကုချန်းရှန်း၊ လျိုယွင်ဂိုဏ်း၏အကြီးအကဲ ဝမ်တုန်လဲ့၊ မသေမျိုးယဲ့မျိုးနွယ်စု၏အကြီးအကဲ ယဲ့ဖေးချန်း၊ လော့ရှားမန်ဂိုဏ်း၏အကြီးအကဲ ချိုးယီရွှေ နှင့် မသေမျိုးရှန်းမျိုးနွယ်စု၏အကြီးအကဲ ရှန်းရူယန်တို့ဖြစ်ကြသည်။
ထို၅ယောက်လုံး အခြေတည်အဆင့်မှ ကျင့်ကြံသူများပင်။
သူတို့ထဲမှ ချန်ထျန်းဂိုဏ်း၏အကြီးအကဲ ကုချန်းရှန်းနှင့် လျိုယွင်ဂိုဏ်း၏အကြီးအကဲ ဝမ်တုန်လဲ့တို့သည် သက်လတ်ပိုင်းအရွယ်ပုံစံရှိကာ ယဲ့မျိုးနွယ်စုမှ ယဲ့ဖေးချန်းသည်တော့ အသက် ၆၀ကျော် လူအိုကြီးပုံစံရှိသည်။
လော့ရှားမန်ဂိုဏ်းမှ ချိုးယီရွှေနှင့် ရှန်းမျိုးနွယ်မှ ရှန်းရူယန်တို့သည်တော့ အသက် ၂၅၊ ၂၆အရွယ် လှပသည့် မိန်းကလေးများဟန်ပေါ်သည်။ လက်ရှိတွင် ထို ၅ယောက်လုံးသည် ကျန်းချန်ရွှမ်ရှိနေသည့်ဂူကို စိုက်ကြည့်နေကြသည်။
ထို့နောက် ချန်ရှန်းဂိုဏ်း၏အကြီးအကဲ ကုချန်းရှန်းကနေပြီး၊ “ဒီလောက်ပြင်းထန်တဲ့ ဝိဉာဉ်ချီအတက်အကျအရဆို ငါမှန်းတာသာ မမှားရင် ဒီဂူထဲမှာရှိတဲ့ တာအိုရောင်းရင်းက အခြေခံတည်ဆောက်ရေးဆေးလုံးမသုံးဘဲ ကိုယ်တိုင် အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့ လုပ်နေတာပဲဖြစ်မယ်။”
လူတိုင်းသိထားကြသည့်အတိုင်း ကျင့်ကြံသူတစ်ယောက် အခြေတည်အဆင့်သို့ရောက်ရန် အခြေခံတည်ဆောက်ရေးဆေးလုံးကိုသုံးပါက အခြေခံတည်ဆောက်ရေးဆေးလုံးတွင် ဝိဉာဉ်ချီများအလွန်ကြွယ်ဝစွာပါရှိသောကြောင့် ၎င်းကိုသောက်လိုက်သည်နှင့် ခန္ဓာကိုယ်က ဆေးလုံးအတွင်းရှိ ဝိဉာဉ်ချီများကိုအရင်ဆုံး စုပ်ယူပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဝိဉာဉ်ချီလှိုင်းလှုပ်ရှားမှုက ယခုလောက် ပြင်းထန်မည်မဟုတ်ပေ။
“ဒီတာအိုရောင်းရင်းက တကယ်ကိုလေးစားစရာပဲ။ ကျွန်မတကယ်လေးစားသွားပြီ။” ချီယီရွှေတစ်ယောက် အပြုံးတစ်ပွင့်ဖြင့် ချီးမွမ်းမိပေသည်။
သူမစကားကိုကြားလိုက်ရသည်နှင့် လျိုယွင်ဂိုဏ်းမှ ဝမ်တုန်လဲ့က တဟားဟားရယ်လိုက်ကာ၊ “ဘာလဲ? မင်း ဒီဂူထဲက တာအိုရောင်းရင်းအပေါ် စိတ်ကောင်းစေတနာတွေပြချင်လို့လား? မင်းတို့ လော့ရှားမန်ဂိုဏ်းက အမျိုးသမီးတပည့်ပဲလက်ခံတယ်ဆိုတာ မေ့မနေနဲ့ဦး။”
ချိုးယီရွှေလည်း ဝမ်တုန်လဲ့ကိုတချက်လှည့်ကြည့်ကာ လှောင်ရယ်လိုက်ပြီး၊
“တာအိုရောင်းရင်းဝမ်၊ ကျွန်မပြောတဲ့ထဲ တစ်ခုခုများအမှားပါသွားလို့လား?
လော့ရှားမန်ဂိုဏ်းက အမျိုးသမီးတပည့်တွေပဲလက်ခံတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မတို့လည်း အခြေတည်အဆင့်ကို ဘာအထောက်အကူမှမပါဘဲ ကိုယ်တိုင်ချိုးဖြတ်ရဲတဲ့အထိ ရဲရင့်တဲ့တာအိုမိတ်ဆွေမျိုးကို အရမ်းခေါ်ချင်နေတာပါနော်။”
ဆိုလိုရင်းကတော့ ရှင်းလှသည်။
လက်ရှိတွင် ကန်းယန်ဂိုဏ်းမှရွှယ်ထျန်းယန်အပါအဝင် လူ ၆ယောက်လုံးသည် ကျန်းချန်ရွှမ်အတွက် ရောက်လာခြင်းပင်။
သူတို့အားလုံး၏ပန်းတိုင်ကတော့ ကျန်းချန်ရွှမ်ကို အပိုင်ချည်တုပ်ပြီးခေါ်သွားဖို့ပင်။
မျိုးနွယ်စုတွေ ဂိုဏ်းတွေအနေနှင့် ပိုပြီးသန်မာလိုလျှင် သူတို့အဖွဲ့ဝင်လူများကိုသာ မှီခိုရမည်ဖြစ်သည်။ တပည့်များနှင့် အရည်အချင်းရှိအဖွဲ့ဝင်များစုဆောင်းခြင်းသည် မရှိမဖြစ်လိုအပ်သည့်အရာပင်။
အထူးသဖြင့် ကျန်းချန်ရွှမ်လိုမျိုး အခြေတည်အဆင့်ကို ကိုယ်တိုင်ရောက်ရှိသွားသည့်ကျင့်ကြံသူမျိုးသည် မသေမျိုးမိသားစုများနှင့် ဂိုဏ်းများ မတရားလိုချင်ကြသည်ပင်။
ဘာပဲဖြစ်ဖြစ် ကန်းယန်ဈေးထဲမှာ အခြေတည်အဆင့်ကိုတက်လှမ်းတဲ့သူဆိုမှတော့ သေချာပေါက် နတ်ဆိုးကျင့်ကြံသူမဟုတ်နိုင်တော့သလို သူ့နောက်ခံကတော့ ထည့်ပြောလောက်စရာ ပြဿနာမဟုတ်ပေ။
အခုလို ကိုယ်တိုင်ကြိုးစားမှုဖြင့် အခြေတည်အဆင့်ကိုတက်လှမ်းနိုင်မှတော့ သူ့ရဲ့တာအိုနှလုံးသားနှင့် အလားအလာ နှစ်မျိုးလုံးသည် သံသယရှိစရာမလိုတော့ပေ။
စစ်မှန်သောအဆီအနှစ်သိပ်သည်းဆအရ အခြေတည်အဆင့်သို့ ကိုယ်တိုင်တက်ရောက်နိုင်သည့်ကျင့်ကြံသူများသည် ပုံမှန်အခြေခံတည်ဆောက်ခြင်းဆေးလုံးသုံးဆွဲသည့်ကျင့်ကြံသူများထက် ၂ဆကနေ ၃ဆအထိ ပို၍သန်မာကြပေသည်။
ထို့ကြောင့် ယခုအချိန်တွင် ကန်းယန်ဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်သည့် ရွှယ်ထျန်းယန်ပင်လျှင် ကျန်းချန်ရွှမ်ကို ဂိုဏ်းထဲသို့ အလွန်သွင်းချင်နေတော့သည်။
သူက ကျန်လူငါးယောက်ကိုကြည့်ကာ ပြုံးလိုက်ပြီး၊ “လူတိုင်း ဒီဂူထဲမှာရှိတဲ့ တာအိုရောင်းရင်းကြောင့် ရောက်လာတာဆိုမှတော့ ကျုပ်တို့ ကိုယ်ပိုင်နည်းလမ်းကိုယ်စီသုံးပြီး သူ့ကိုဘယ်သူ ခေါ်နိုင်မလဲပဲကြည့်လိုက်ကြရရော?”
ထိုအကြံပေးချက်ကို လူတိုင်းကလည်း ခေါင်းညိတ်လက်ခံခဲ့ကြသည်။
ထိုအချိန် ဂူထဲတွင်…
ကျန်းချန်ရွှမ်တစ်ယောက် သူ့ခန္ဓာကိုယ်အတွင်းရှိပြောင်းလဲမှုများကို ခံစားမိတာကြောင့် ပြုံးလိုက်သည်။
နောက်ဆုံးတော့ အခြေတည်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီပဲ။
တချိန်တည်းမှာပဲ စနစ်ထံမှအချက်ပေးသံက ရုတ်ချည်းပေါ်လာခဲ့သည်။
[ဒင်! အခြေတည်အဆင့်ကိုချိုးဖြတ်နိုင်ခဲ့ပြီး အလယ်အဆင့် (အဆင့် ၂) ဓမ္မရတနာ၊ ဓားပျံ - ကျီယန်ဓား (ခရမ်းရောင်မီးတောက်)ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်၊ host။]
ချက်ချင်းဆိုသလို တစ်ချောင်းလုံးခရမ်းရောင်အတိပြီးကာ ခရမ်းရောင်မီးတောက်များပါ ဝန်းရံနေသည့် ဓားပျံတစ်ချောင်းက ကျန်းချန်ရွှမ်ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
အလယ်အဆင့် (အဆင့် ၂) ဓားပျံတစ်ချောင်းကိုရရှိလိုက်တာကြောင့် ကျန်းချန်ရွှမ် အံ့ဩမှုအပြည့်ဖြင့် ကျေနပ်သွားလေသည်။
စနစ်က သူ့ကို အခြေတည်အဆင့်ရောက်သွားတာနဲ့ ဆုပေးလာလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ပေ။
တကယ်ကို ထောက်ထားပေးတတ်တာပဲ။
အခြေတည်အဆင့်ကိုရောက်ရှိသွားပြီဖြစ်တာကြောင့် အခုလေးတင် သူနဲ့ကိုက်ညီမယ့် ဓမ္မရတနာတွေ၊ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ မန္တန်တွေ ဘယ်လိုများရနိုင်မလဲဆိုပြီး သူတွေးနေခဲ့တာပင်။ မမျှော်လင့်ထားဘဲ စနစ်က သူ့ပြဿနာတွေထဲက တစ်ခုကို ဖြေရှင်းပေးလိုက်တာပဲ။
နောက်ပိုင်း သူ့အဆင့်ကိုခိုင်မာအောင်တည်ဆောက်ပြီး အခြေတည်အဆင့်၏စဦးကျင့်ကြံခြင်းနည်းစနစ်ကို ပိုနိုင်အောင်လုပ်ထားသ၍ အခြေတည်အဆင့်၏အလယ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို တစ်ယောက်ချင်းတိုက်ခိုက်နိုင်စွမ်းရှိလာပေလိမ့်မည်။ အခြေတည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်နှင့် မန္တန်တွေ ဘယ်လိုရနိုင်မလဲဆိုတာကတော့…
ကျန်းချန်ရွှမ်၏အကြည့်တို့က သူ့ဂူအပြင်ဘက်သို့ကျရောက်သွားသည်။
ဒီလူတွေဆီကနေ ရနိုင်တာပဲ။
ထိုလူ၆ယောက် သူ့ဂူအပြင်တွင်ပေါ်လာကတည်းက ကျန်းချန်ရွှမ် သိနေပြီးသားဖြစ်သည်။ ထို့အပြင် ထိုလူများ၏နောက်ခံကိုလည်း သူသိထားပေသည်။
တစ်ခုတည်းသော ပြဿနာကတော့… ဘယ်တစ်ယောက်ကိုရွေးရမလဲ??
***