အခန်း (၁၁-၁၅)
Vol. 1 Ch. 11-15
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၁ ။ စည်းရုံးခြင်း
ဟုတ်ပါတယ်။
အခြေတည်အဆင့်ကိုတက်ပြီးနောက်မှာတော့ ကျန်းချန်ရွှမ်တစ်ယောက် ဆက်ပြီး လေလွင့်ကျင့်ကြံသူဖြစ်ဖို့ စိတ်မဝင်စားတော့ပေ။
ဒီလိုသာဆို အရမ်းပင်ပန်းရမှာပေါ့။
သူတစ်ယောက်တည်း အရင်းအမြစ်တွေရဖို့ တိုက်ခိုက်ရမည်။ ဒါ့အပြင် လုံလောက်မှာလည်းမဟုတ်ပေ။
ဂိုဏ်းတစ်ခုခု၊ မျိုးနွယ်စုတစ်ခုခုထဲသာ ဝင်လိုက်မည်ဆိုလျှင် သူ အရင်းအမြစ်များလိုချင်ပါက သူ့ဘက်က ပြန်ထောက်ပံ့ပေးရမည်ဆိုသော်လည်း အနည်းဆုံးတော့ သူ့အချိန်တွေ ခွန်အားတွေကို အများကြီးသက်သာစေလိမ့်မည်။
အရင်းအမြစ်နှင့်လက်နက်ပစ္စည်းများစုဆောင်းဖို့ရန်အတွက် ပင်ပန်းတကြီးကြိုးစားနေရန်မလိုတော့ပေ။
ထိုလူတွေဘက်က ချမှတ်မည့် စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရမှာပေါ့။
ဒီကမ္ဘာမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့မှမရှိဘဲ။ အားလုံးက တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကြသည်ချည်းပင်။
မင်းကို ဂိုဏ်းစည်းမျဉ်းတွေက ကန့်သတ်ထားမည်ဆိုပေမယ့် ဂိုဏ်းဘက်က မင်းကိုလည်း ပြန်ကာကွယ်ပေးမည်ပင်။
ထိုအကြောင်းတွေကို စိုးရိမ်နေမည့်အစား သူကတော့ ဘယ်ဂိုဏ်း ဘယ်မျိုးနွယ်စုက သူ့ကိုအကောင်းဆုံးအကျိုးကျေးဇူးတွေ ထောက်ပံ့ပေးနိုင်မလဲဆိုသည်ကိုသာ သူတွေးမိသည်။
လောလောဆယ်တော့ မသေမျိုးမျိုးနွယ်စုတစ်ခုကိုသာ ကျန်းချန်ရွှမ် ဝင်ချင်မိသည်။ ဂိုဏ်းများကို ဦးစားပေးမစဉ်းစားရတဲ့ အကြောင်းပြချက်အနည်းငယ်ရှိပေသည်။
သို့သော်လည်း ထိုထဲမှ အရေးအကြီးဆုံးအကြောင်းပြချက်ကတော့ ဂိုဏ်းအတွင်းရှိအခြေအနေသည် လွန်စွာရှုပ်ထွေးခြင်းကြောင့်ပင်။ တည့်ပြောရလျှင်တော့ ဂိုဏ်းထဲတွင် အခွဲများစွာရှိပေသည်။ ကျန်းချန်ရွှမ်သိထားသလောက် ကန်းယန်ဈေး၏လက်ရှိပိုင်ရှင် ကန်းယန်ဂိုဏ်းသည် ၃ဖွဲ့ကွဲနေလေသည်။
သူသာ ကန်းယန်ဂိုဏ်းကိုဝင်ဖို့ရွေးချယ်လိုက်လျှင် ထိုအဖွဲ့၃ဖွဲ့၏ ဟန်ချက်ညီအောင်ချိန်ညှိမှုများအတွင်း မလွဲမသွေပါဝင်သွားပေလိမ့်မည်။
ဂိုဏ်းထဲရောက်သွားလို့ကတော့ ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ အခြေအနေပဲ။
ထိုအခြေအနေမျိုးက သူ့အချိန်နှင့်စွမ်းအင်ကို များစွာကုန်ခမ်းစေကာ သူ့ကျင့်ကြံမှုအပေါ် သက်ရောက်မှုရှိမည်မှာ အသေအချာပင်။
ထိုအဖြစ်မျိုးက ကျန်းချန်းရွှမ်လုံးဝမလိုချင်သည့် အခြေအနေမျိုးဖြစ်သည်။
ဒါက ကန်းယန်ဂိုဏ်းအတွက်ပဲဆိုရင်တောင် တခြားဂိုဏ်းတွေရဲ့အခြေအနေကလည်း သေချာပေါက် ပိုကောင်းနေမည်ဟု မဆိုလိုပေ။
ဤသည်က ဂိုဏ်းများအတွင်းရှိ လုပ်ဆောင်မှုယန္တရားပုံစံပင်ဖြစ်သည်။ ချွင်းချက်ဖြစ်သည့်ဂိုဏ်းဟူ၍ များများစားစားရှိမည်မဟုတ်ပေ။
တဖက်မှာတော့ မျိုးနွယ်စုများသည် မိသားစုဆိုသည့်ချုပ်နှောင်မှုကြောင့် ခိုက်ရန်ဖြစ်ပွားမှုနှင့် ရုန်းကန်ရမှုမှာ အတော်လေးလျော့နည်းပေလိမ့်မည်။
ရှိခဲ့ရင်တောင်မှ အတော်လေး မပြင်းထန်သည့် ပြိုင်ပွဲသဘောသာဖြစ်ပေမည်။
အချိန်အများစုမှာ သူတို့အားလုံး၏အားစိုက်မှုများကို အောင်မြင်မှုတစ်ခုရအောင် အတူတကွကြိုးစားဆောင်ရွက်မည့်အပေါ်တွင်သာ ထားကြပေလိမ့်မည်။
ဒါပေါ့ ဘယ်ဟာမှ အပိုင်တွက်လို့မရပါဘူး။
အဖွဲ့မကွဲသည့်ဂိုဏ်းရှိသလိုပဲ အတွင်းပိုင်းမှာ အလဲလဲအကွဲကွဲဖြစ်နေသည့် မျိုးနွယ်စုများလည်း ရှိပေသည်။
ဒါကြောင့်ပဲ ကျန်းချန်ရွှမ်အနေနှင့် သေချာဂရုတစိုက် စဉ်းစားဆုံးဖြတ်ရန်လိုအပ်နေခြင်းပင်။
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ် သူ့ဂူထဲမှာ အချိန်အကြာကြီး ဆက်မနေတော့ပေ။ အရင်ဆုံး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီးနောက် အကာအကွယ်စည်းကိုဖွင့်ကာ ထွက်လာခဲ့သည်။
သူထွက်လာသည်နှင့် သူ့ကိုအချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ကြသည့် ရွှယ်ထျန်းယန်တို့ကို တွေ့လိုက်ရသည်။
ရွှယ်ထျန်းယန်တို့သည်လည်း ကျန်းချန်ရွှမ်ထွက်လာသည်ကို မြင်သည်နှင့် မျက်လုံးများအရောင်လက်သွားကြလေသည်။
အရင်ဆုံး ရွှယ်ထျန်းယန်ကပြုံးလိုက်ကာ၊ “ကျုပ်အမှတ်မမှားဘူးဆိုရင် ခင်ဗျားက တာအိုရောင်းရင်းကျန်း၊ ကျန်းချန်ရွှမ်ပဲဖြစ်ရမယ်?
အခြေတည်အဆင့်ကိုအောင်အောင်မြင်မြင်ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ အနာဂါတ်မှာ ကျီဖုအဆင့်(ခရမ်းရောင်နန်းတော်အဆင့်)ကိုရောက်ဖို့ အခွင့်အရေးရှိလာပြီပဲ။”
ရွှယ်ထျန်းယန်၏စကားကိုကြားသည်နှင့် ကျန်လူများသည်လည်း နောက်ကျမကျန်ရလေအောင်၊
“တာအိုရောင်းရင်းရွှယ်ပြောတာမှန်တယ်။ တာအိုရောင်းရင်းကျန်းက အခြေတည်အဆင့်ကိုရောက်အောင် ကိုယ်တိုင်ကြိုးစားခဲ့တာဆိုတော့ မင်းမှာ ဇွဲလုံ့လ၊ အရည်အချင်းနဲ့ ကံကောင်းမှုရှိမှန်း သိသာနေပြီပဲ။ သေချာပေါက် မင်းရဲ့အနာဂါတ်က တောက်ပနေတော့မှာပဲ။
ချန်ထျန်းဂိုဏ်းက တာအိုရောင်းရင်းကျန်းလို တက်လူတွေကို အမြဲလိုချင်နေတာဆိုတော့ မင်း ငါတို့ဂိုဏ်းကို ဝင်ဖို့ စဉ်းစားကြည့်ပါလား။
မင်းသာ ချန်ထျန်းဂိုဏ်းကိုဝင်ဖို့ဆန္ဒရှိသ၍ ငါတို့ မင်းကို ချက်ချင်းအကြီးအကဲနေရာတန်းပေးမယ်လို့ ငါကိုယ်တိုင် အာမခံနိုင်တယ်။
အဲ့ဒါအပြင် ချီစွမ်းအင်ရှိတဲ့ဂူတွေ၊ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ ဓမ္မရတနာတွေကိုလဲ မင်းစိတ်ကြိုက်ရွေးနိုင်သေးတယ်။ တာအိုရောင်းရင်းကျန်း၊ မင်းကို စိတ်မပျက်စေရဘူး။”
ကုချန်းရှန်း၏စကားများကိုနားထောင်ပြီးနောက် ရွှယ်ထျန်းယန်၊ ဝမ်တုန်လဲ့၊ ချိုးယီရွှေနှင့် ကျန်တဲ့လူအားလုံး သူတို့ရင်ထဲတွင် ကျိန်ဆဲမိလိုက်ကြသည်။
သို့သော်လည်း အခုက ကုချန်းရှန်နဲ့ အချင်းများနေရမည့်အချိန်မဟုတ်သေးကြောင်း အားလုံးနားလည်ကြပေသည်။
အခုလောလောဆယ် အရေးအကြီးဆုံးက ကျန်းချန်ရွှမ်ကို စည်းရုံးရန်နည်းလမ်းစဉ်းစားဖို့ပင်။
ထိုသို့ဖြင့် သူတို့ဂိုဏ်း၊ သူတို့မျိုးနွယ်စုတွင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ထပ်ရှိလာမည့်အပြင် ကျန်းချန်ရွှမ်ကို ခေါ်သွင်းနိုင်ခဲ့သူများအနေဖြင့်ပါ သူတို့ ဆုချီးမြှင့်ခံရပေမည်။
ဒါကပဲ ကျန်းချန်ရွှမ်ကို သူတို့ဂိုဏ်း၊ သူတို့မျိုးနွယ်စုထဲ အတင်းတင်စေချင်နေသည့် အဓိကအကြောင်းအရင်းလဲ ဖြစ်ပေသည်။
“တာအိုရောင်းရင်းကျန်း၊ ကျုပ်တို့ကန်းယန်ဂိုဏ်းက ယွင်တိုင်းပြည်ကျင့်ကြံရေးလောကမှာ ဘယ်လိုအဆင့်အတန်းရှိလဲဆိုတာ အထူးတလည်ရှင်းပြဖို့ မလိုလောက်တော့ပါဘူး။
ကျုပ်တို့ဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်လား၊ ရတနာပစ္စည်းတွေလား ဒါမှမဟုတ် ကျင့်ကြံရေးဆိုင်ရာအရင်းအမြစ်တွေလား ဘာပဲဖြစ်ဖြစ် တခြားကျီဖုအဆင့်(ခရမ်းရောင်နန်းတော်)ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေတောင် ယှဉ်လို့ရနိုင်တဲ့အရာမဟုတ်ဘူး။
အကြီးအကဲနေရာတွက် ကျုပ် ကတိမပေးနိုင်ပေမယ့်လည်း ကျုပ်လို လက်ထောက်အကြီးအကဲဖြစ်အောင်လုပ်ပေးဖို့ကတော့ ပြဿနာတစ်ရပ်မဟုတ်ပါဘူး။
ခင်ဗျားကံကောင်းရင်၊ ကန်းယန်ဂိုဏ်းရဲ့ အနာဂါတ်မှာ ရွှေအမြုတေအဆင့်ကိုရောက်သွားနိုင်တဲ့ ဘိုးဘေးရဲ့တပည့်မဖြစ်လာနိုင်စရာတောင် မရှိဘူး။
ခင်ဗျား မှန်မှန်ကန်ကန်ရွေးချယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”
ရွှယ်ထျန်းယန်က အလွန်ယုံကြည်ချက်ရှိနေသည်။ တကယ်တော့ သူက သူ့ဂိုဏ်းအတွက် အခြေတည်အဆင့်ကျင့်ကြံသူ ၂ကြိမ်မက ခေါ်ဆောင်ပေးခဲ့ဖူးပြီးဖြစ်သည်။ အရင်တုန်းက အခြေတည်အဆင့်ကျင့်ကြံသူအသစ်စက်စက်တစ်ယောက်အနေနှင့် ယွင်တိုင်းပြည်၏ထိပ်တန်းသုံးခုထဲမှ ကန်းယန်ဂိုဏ်းကို ဝင်ခွင့်ရနိုင်သည်ဟု ကြားလိုက်သည်နှင့် ချက်ချင်းမဆိုင်း လက်ခံသွားကြသည်ချည်းဖြစ်သည်။
သို့သော်လည်း ကျန်းချန်ရွှမ်၏လမ်းစဉ်ကတော့ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနှင့် ပြဿနာကင်းကင်းနေနိုင်ဖို့ပင်။
ဝမ်တုန်လဲ့၊ ယဲ့ဖေးချန်း၊ ချိုးယီရွှေနှင့် ရှန်းရူယန်တို့သည်လည်း ကျန်းချန်ရွှမ်ကို သူတို့ဂိုဏ်း၊ မျိုးနွယ်စုများသို့ ဖိတ်ကြားကာ ကတိတစ်မျိုးမျိုးစီပေးကြသည်။
အားလုံးက အစောပိုင်းက ကုချန်းရှန်းပြောသွားသည်နှင့် ဆင်တူပေသည်။
ကျန်းချန်ရွှမ်က ချက်ချင်းအဖြေတစ်ခုမပေးခဲ့ဘဲ သူသေချာစဉ်းစားကြည့်ပြီး၊ စဉ်းစားပြီးတဲ့အခါမှ လူတိုင်းကိုအဖြေပေးပါမည်ဟု ပြောခဲ့သည်။
တကယ်တော့ သူ့စိတ်ထဲတွင် ဘယ်ကိုရွေးမလဲဆိုတာ ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ကျန်တဲ့ ၅ယောက်ကို အရှက်မကွဲစေချင်ပေ။ သူသာ ချက်ချင်းကြီး ငြင်းလိုက်လျှင် သူတို့ဘယ်လိုခံစားရမလဲ ပြောရခက်လှပေသည်။
သူတို့က ကျန်းချန်ရွှမ်သည် သူတို့ကိုအထင်သေးကာ မျက်နှာမပေးဟု ခံစားသွားရနိုင်သည်။ ထိုသို့ မလိုအပ်သည့်ပြဿနာများကို ရှောင်ရှားရန်အတွက် သူ ဝင်ရောက်လိုသည့်အဖွဲ့ဆီ မသွားခင် ကျန်လူများအရင်ထွက်သွားအောင် စောင့်တာက ပိုကောင်းပေသည်။
သူတို့သာ စိတ်သဘောထားမကျဉ်းမြောင်းသ၍ ဒီလိုကိစ္စလေးကြောင့်ဖြင့် သူ့အပေါ် မကောင်းသည့်ထင်မြင်ချက်များ ကျန်ရှိခဲ့လိမ့်မည်မဟုတ်ပေ။
တကယ်တမ်း သူတို့ဂိုဏ်းတွေက သူတို့ကို အခုလိုမျိုး အရည်အချင်းရှိတဲ့လူတွေစုဆောင်းဖို့ လွှတ်လိုက်တယ်ဆိုကတည်းက သူတို့အားလုံးသည် ပြောဆိုညှိနှိုင်းရလွယ်ကူသူများဖြစ်လောက်၍ပင်။ မဟုတ်လျှင် အရည်အချင်းရှိတဲ့လူတော်တွေကို စုဆောင်းမိမယ့်အစား ရန်သူတွေချည်း တိုးလာတော့မှာပေါ့။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၂ ။ ရှန်းမျိုးနွယ်စု
ကျန်းချန်ရွှမ်၏စကားများကိုနားထောင်ကြည့်ပြီးနောက် သူဘာကိုဆိုလိုချင်မှန်း အနည်းနဲ့အများသဘောပေါက်ကြသည်။
ကျန်းချန်ရွှမ် ကိုင်တွယ်သွားသည့်နည်းလမ်းက သူတို့ကို ထင်မြင်ချက်ကောင်းများပင် ကျန်ရှိသွားစေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီလိုယဉ်ကျေးကာ နှိမ့်ချသည့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ထောင်လွှားမောက်မာနေတဲ့လူတွေထက် အဆ ရာထောင်ချီပိုသာပေသည်။
အားလုံးလဲ အကြောင်းအရင်းကိုနားလည်ကြပြီဖြစ်တာကြောင့် ဆက်ပြီးမနေကြတော့ဘဲ ကျန်းချန်ရွှမ်ကို အပြုံးဖြင့်နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။
…
နောက်တစ်နေ့…
ကျန်းချန်ရွှမ်တစ်ယောက် ကန်းယန်ဈေးရှိ မသေမျိုးရှန်းမျိုးနွယ်စု၏အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
ဟုတ်ပါတယ်၊ ကျန်းချန်ရွှမ်ရွေးချယ်လိုက်တာကတော့ ယွင်တိုင်းပြည် အရှေ့တောင်ဘက်တွင်တည်ရှိသော ပင်းချွမ်စီရင်စုမှ မသေမျိုးရှန်းမျိုးနွယ်စုပင်ဖြစ်သည်။
ရှန်းမျိုးနွယ်စုကို သူရွေးချယ်ခဲ့ရသည့်အကြောင်းအရင်းများရှိပေသည်။
ပထမဆုံးအချက်အနေနှင့် ရှန်းမျိုးနွယ်စုသည် အမြင်ပွင့်လင်းကြသည်။ ဒါ့အပြင် ယွင်တိုင်းပြည်ရှိ မသေမျိုး မျိုးနွယ်စုများကြားတွင်လည်း အကောင်းဆုံးဂုဏ်သတင်းရှိသည့်မျိုးနွယ်စုများထဲ ပါဝင်သေးသည်။ ဒါပေါ့ မင်းက ရှန်းမျိုးနွယ်စုဝင်တစ်ယောက်လို့ပြောလိုက်ရုံနဲ့တော့ လူတိုင်းက မင်းကို မတူထူးခြားစွာ ဆက်ဆံကြမှာမဟုတ်ပါဘူး။
အနည်းဆုံးတော့ အပေါ်ယံမှာ သဟဇာတဖြစ်အောင် ဆက်ဆံကြမှာပါ။
ဒီလိုမျိုးနွယ်စုထဲမှာ ဒရမ်မာချိုးတဲ့အကွက်တွေ သိပ်ပြီးအများကြီးရှိလေ့လည်း မရှိဘူး။ သူသာ ဒီမှာနေလိုက်ရင် ပြဿနာပေါင်းမြောက်များစွာကနေ ရှောင်တိမ်းနိုင်ပြီးသားဖြစ်သွားလိမ့်မယ်။
နောက်ဆက်ပြီး ရှန်းမျိုးနွယ်စု၏ အင်အားနှင့်နောက်ခံအကြောင်း ဆက်ပြောရလျှင်တော့ ရှန်းမျိုးနွယ်စုသည် ယွင်တိုင်းပြည်ရှိ မသေမျိုး မျိုးနွယ်စုများနှင့် ဂိုဏ်းများကြားတွင် အလွန်သန်မာသည့်အထဲ မပါဝင်ပေ။
ယခုထက်ထိ ရှန်းမျိုးနွယ်စုထဲတွင် ကျီဖုအဆင့်ကိုရောက်နေသူ တစ်ယောက်သာရှိသေးသည်။ လက်ရှိတွင်တော့ အခြေတည်အဆင့်ရောက်နေသောသူမှာ မျိုးနွယ်စုအတွင်းမူရင်းအဖွဲ့သားနှင့် အပြင်မှခေါ်ဆောင်ထားသောလူ အားလုံးပေါင်း ၈ယောက်ရှိပေသည်။ ကျန်းချန်ရွှမ်ကိုပါ ထည့်တွက်လိုက်ရင်တော့ ၉ယောက်ဖြစ်သွားပေမည်။
ဤကဲ့သို့သော အင်အားမျိုးက သန်မာသည်ဟု ယူဆ၍မရသော်လည်း အားနည်းသည့်အထဲတော့ မပါဝင်တော့ပေ။
ရှန်းမျိုးနွယ်စုအကြောင်း စဉ်းစားဖို့အထိုက်တန်ရဆုံးအချက်သည်ကား သူ့နောက်ကွယ်မှာရှိသည့် ကျောထောက်နောက်ခံပင်ဖြစ်သည်။
ထိုလူသည် ကန်းယန်ဂိုဏ်းမှ ကျီဖုအဆင့်ကျင့်ကြံသူ ရှန်းမန်ရွှယ်ဖြစ်ကာ မသေမျိုးရှန်းမျိုးနွယ်စု၏ ကျီဖုအဆင့်ဘိုးဘေး၏ညီမပင်။
အရေးအကြီးဆုံးအချက်ကတော့ သူမသည် ကန်းယန်ဂိုဏ်း၏ လက်ရှိအချိန်မှာရွှေအမြုတေအဆင့်ကျင့်ကြံသူများထဲမှတစ်ဦး၏ တာအိုအဖော်လည်းဖြစ်နေခြင်းပင်။
ထိုဆက်ဆံရေးဖြင့်ဆိုလျှင် နောင် အနှစ် ၂၀၀တွင် ယွင်တိုင်းပြည်ကျင့်ကြံရေးလောကအတွင်းရှိ ရှန်းမျိုးနွယ်စု၏အဆင့်အတန်းမှာ မကိုင်လှုပ်နိုင်လောက်အောင် ခိုင်မာသွားပေလိမ့်မည်။ သူသာ ထိုသို့သော မသေမျိုး မျိုးနွယ်စုတွင် နေထိုင်ပါက သူ့အတွက်လည်း သေချာပေါက် တိတ်ဆိတ်ငြိမ်းချမ်းသည့်အချိန်ကောင်းလေးကို ပိုင်ဆိုင်ရပေလိမ့်မည်။
နောက်ဆုံးအကြောင်းအရင်းကတော့ မနေ့က ရှန်းရူယန် မထွက်သွားခင်က သူ့ကို လျှို့ဝှက်အသံပို့ဆောင်မှုသုံးကာ ပြောခဲ့သည့်စကားကြောင့်ပင်။
ရှန်းရူယန်က ကျန်းချန်ရွှမ်အား သူသာ ရှန်းမျိုးနွယ်စုထဲဝင်မည်ဆိုလျှင် အဆင့် ၂ ဂူ (ဝိဉာဉ်ချီဂူ)ကို ရနိုင်ရုံသာမက တစ်နှစ်ကို ဝိဉာဉ်ကျောက်တုံး ၅၅၀ နှင့် သူ အခြေတည်နှောင်းပိုင်းအဆင့်မတိုင်ခင်အထိ ကျင့်ကြံနိုင်မည့် အဆင့် ၂ ကျင့်ကြံရေးနည်းစနစ်ကိုပါ ပေးမည်ဟု ပြောခဲ့သည်။ ထို့အပြင် ရှန်းမျိုးနွယ်စု၏ကျမ်းစာဆောင်မှ အဆင့် ၂ မန္တန်တစ်ခုကိုလည်း ရွေးချယ်ယူခွင့်ပေးဦးမည်ပင်။
ဒါတင်မကသေး ရှန်းမျိုးနွယ်စုက အဆင့် ၂ အဆောင်စာအုပ်ကိုပါ ကျန်းချန်ရွှမ်ကို ထောက်ပံ့နိုင်သေးသည်။ ထိုစာအုပ်တွင် အဆင့်နိမ့် (အဆင့် ၂) အဆောင်များအားလုံးနှင့် အလယ်အဆင့် (အဆင့် ၂) အဆောင်များ ပါဝင်ပေသည်။
ထိုစာအုပ်ရရန် အခြေအနေကတော့ ကျန်းချန်ရွှမ် အဆင့် ၂ အဆောင်ဆရာဖြစ်သွားပြီးနောက် သူ့တွင် ရောင်းချစရာအဆောင်များရှိလာခဲ့လျှင် ရှန်းမျိုးနွယ်စုထံ အရင်ဆုံးပြန်ရောင်းပေးရန်သာဖြစ်သည်။
ခြုံငုံကြည့်လိုက်လျှင် ရှန်းမျိုးနွယ်စု၏ကမ်းလှမ်းချက်များမှာ တခြားသူများထက် လွန်စွာရက်ရောသာလွန်နေခဲ့သည်။ ရှန်းမျိုးနွယ်စု၏ အတွင်းအပြင်ပတ်ဝန်းကျင်အခြေအနေက ကျန်းချန်ရွှမ်အတွက် အသင့်တော်ဆုံးဖြစ်နေသည်ပါ ပေါင်းလိုက်ချိန်တွင်တော့ ရှန်းမျိုးနွယ်စုကို မရွေးချယ်ရန် အကြောင်းအရင်းကိုမရှိတော့ပေ။
လက်ရှိတွင်..
ကျန်းချန်ရွှမ်ရောက်လာသည်ကို ရှန်းရူယန်မြင်သည်နှင့် ချက်ချင်းအပြုံးတစ်ပွင့် ပွင့်လန်းလာတော့သည်။ “ကြိုဆိုပါတယ်၊ တာအိုရောင်းရင်းကျန်း၊ ရှင့်အတွက် အကောင်းဆုံးဖြစ်မယ့်နေရာကို ရွေးချယ်မယ်ဆိုတာ သိသားပဲ။ အခုတော့ ကြည့်ရတာ ကျွန်မကို တကယ်စိတ်မပျက်စေခဲ့ဘူး။”
ကျန်းချန်ရွှမ်လည်း ပြန်ပြုံးပြလိုက်ကာ၊ “မင်းတို့နဲ့လက်တွဲခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ၊ အကြီးအကဲရှန်း။ မင်းရဲ့ကမ်းလှမ်းချက်တွေက အရမ်းကောင်းလွန်းနေတော့ ကျုပ်မှာ ငြင်းစရာအကြောင်းပြချက်ကို ရှာလို့တောင် မရတော့ဘူးလေ။”
ပြောရင်းဆိုရင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်မိကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကြသည်။
“တာအိုရောင်းရင်းကျန်း ခဏလောက်စောင့်ပေးပါ။ ကျွန်မ ဒီမှာ စီစဉ်စရာရှိတာ အားလုံးစီစဉ်ပြီးသွားရင် ရှင့်ကို ရှန်းမျိုးနွယ်စုပင်မနေရာဆီ ခေါ်သွားပေးပါ့မယ်။
ကျွန်မအစ်ကို ရှန်းမျိုးနွယ်စုရဲ့ခေါင်းဆောင်လည်း ရှင့်ကိုတွေ့ရင် သေချာပေါက် ဝမ်းသာနေလိမ့်မယ်။”
ကျန်းချန်ရွှမ် အနည်းငယ် အံ့ဩသွားရသည်။ ရှန်းရူယန်၏ပြောစကားအရ သူမသည် လက်ရှိ ရှန်းမျိုးနွယ်စုခေါင်းဆောင်၏ညီမဖြစ်ပုံပင်။
အဓိပ္ပါယ်ရှိသားပဲ။
မဟုတ်လို့ သူမသာ သာမာန်ရှန်းမျိုးနွယ်စု၏အကြီးအကဲတစ်ယောက်ဆိုလျှင် ဤမျှရက်ရောလွန်းသည့်ကမ်းလှမ်းချက်မျိုးကို အလျဉ်းသင့်သလို ပေးလာဖို့မဖြစ်နိုင်ပေ။
တွေးကြည့်ပြီးနောက် ကျန်းချန်ရွှမ် ချက်ချင်းပြုံးလိုက်ကာ ရှန်းရူယန်ကို ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုလည်း အကြီးအကဲရှန်းကိုပဲ ဒုက္ခပေးရဦးမယ်။”
ခဏကြာပြီးနောက်..
ရှန်းရူယန် အားလုံးစီစဉ်ပြီးသွားသည်နှင့် ကျန်းချန်ရွှမ်ကို ပြုံးပြလိုက်ကာ၊
“တာအိုရောင်းရင်းကျန်း၊ ရှင် ရှန်းမျိုးနွယ်စုထဲဝင်မယ့်အကြောင်း ကျွန်မအစ်ကိုကို စာပို့ထားပြီးသွားပြီ။ ကျွန်မအစ်ကိုကလည်း ကျွန်မရှင့်ကိုပြောခဲ့တဲ့ ကမ်းလှမ်းချက်တွေကို သဘောတူတယ်။ ဒီတော့ ရှင့်မှာ ဘာမှလုပ်စရာမကျန်တော့ရင် အခုပဲ စထွက်လိုက်ကြရအောင်။”
“ကောင်းပြီ။”
ကျန်းချန်ရွှမ် သဘောတူလိုက်သည်။
မကြာခင်မှာပဲ နှစ်ဦးသား ကန်းယန်ဈေးရှိ ရှန်းမျိုးနွယ်စုအိမ်တော်မှ ထွက်လာခဲ့ကြသည်။ ကန်းယန်ဈေးမှလမ်းလျှောက်ထွက်လာပြီးနောက်တွင်တော့ ယွင်တိုင်းပြည်၊ ပင်းချွမ်စီရင်စုဆီသို့ ပျံသန်းကာသွားခဲ့ကြသည်။
ကန်းယန်ဈေးမှ ပင်းချွမ်စီရင်စုသို့သွားရာ ခရီးလမ်းမှာ အလွန်အားသုံးရမည့်ခရီးမျိုးဖြစ်ကာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်၏အရှိန်ဖြင့်တောင်မှ အနည်းဆုံး တစ်လလောက် အချိန်ယူရမည်ဖြစ်သည်။
ထို့အပြင် ခရမ်းလမ်းတလျှောက်တွင် အနားယူဖို့ရန်လည်းလိုသေးသည်။ ထို့ကြောင့် နှစ်ဦးသား ပင်းချွမ်စီရင်စုရှိ ရှန်းမျိုးနွယ်စု၏ပိုင်နက်သို့ရောက်ရှိသွားချိန်တွင် တစ်လခွဲပင် ကြာမြင့်သွားခဲ့သည်။
ရှန်းမျိုးနွယ်စု၏ဌာနချုပ်သည် အဆင့် ၃ စိတ်ဝိဉာဉ်ကြောပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ စိတ်ဝိဉာဉ်ကြောတည်ရှိရာတောင်ကိုတော့ ယွီဟွာတောင်ဟု ခေါ်ဆိုပေသည်။
တောင်တစ်ခုလုံးကိုတော့ တိုင်ယွမ်လျှို့ဟယ်အစီအရင်ဟုခေါ်သည့် အဆင့် ၃ အကာအကွယ်အစီအရင်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ပြောကြသည်မှာတော့ ထိုအစီအရင်သည် ကျီဖုအဆင့်နှောင်းပိုင်းမှ ကျင့်ကြံသူများ၏စုပေါင်းတိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်ဟူ၍ပင်။
ဌာနချုပ်အတွင်းမှာတော့ ပုံရိပ်ယောင်အစီအရင်များစွာရှိပေသည်။ မျိုးနွယ်စု၏တံဆိပ်ပြားမပါလျှင် ကျီဖုအဆင့်ရောက်နှင့်ပြီးသား လူတစ်ယောက် ဝင်သွားလျှင်ပင် အချိန်အတော်ကြာ မျက်စိလည်နေပေလိမ့်မည်။
လက်ရှိအချိန်တွင်တော့ ရှန်းရူယန်က အကာအကွယ်အစီအရင်ကို အသာလေးဖွင့်ကာ ကျန်းချန်ရွှမ်နှင့်အတူ ရှန်းမျိုးနွယ်စုထဲသို့ဝင်သွားခဲ့သည်။ တချိန်တည်းမှာပဲ သူတို့ဆီသို့ ဦးတည်လာနေသည့် အလင်းတန်း လေးခုကိုလည်း မြင်လိုက်ရသည်။
ထိုအလင်းတန်းများနီးကပ်လာချိန်မှာတော့ အသက် ၄၀ ဝန်းကျင်ပုံစံရှိကြသည့် အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသူများ၏ကျင့်ကြံဆင့်မှာ အခြေခံတည်အဆင့်တွင်ရှိကြပြီး တစ်ဦးဆိုလျှင် အခြေတည်အဆင့်၏ နဝမအဆင့်တွင်ရှိကာ အလွန်ပြင်းထန်သည့်အရှိန်အဝါရှိလေသည်။ သူကတော့ လက်ရှိ ရှန်းမျိုးနွယ်စု၏ခေါင်းဆောင် ရှန်းရူယန်၏အစ်ကို ရှန်းတောက်မင်ပင်ဖြစ်သည်။
ရှန်းတောက်မင်က သူ့ညီမ ရှန်းရူယန်ကိုမြင်လိုက်သည်နှင့် မျက်နှာထက်တွင် ချက်ချင်း အပြုံးတပွင့်ပေါ်လာကာ၊ “ရူယန်၊ ပြန်လာပြီပေါ့။”
သူ ပြောနေချိန်တွင် ကျန်လူသုံးယောက်၏အကြည့်များသည်တော့ ကျန်းချန်ရွှမ်ပေါ်သို့ ရောက်နေခဲ့သည်။
ရှန်းတောက်မင်က ကျန်းချန်ရွှမ်ကိုလည်း ပြုံးပြလိုက်ကာ၊ “ဒီကတာအိုရောင်းရင်းက ကျန်းချန်ရွှမ်ဖြစ်မယ်ထင်တယ်။ ရူယန်ဆီကနေ မင်းအကြောင်း ကြားထားပြီးပါပြီ။ တကယ်ကို ကြည့်ကောင်းတဲ့ လူငယ်လေးပဲ။ အခြေတည်အဆင့်ကို ကိုယ်တိုင်ကြိုးစားဖြတ်ကျော်နိုင်ခဲ့တဲ့သူဆိုတဲ့အတိုင်းပဲ။ ငါက ရှန်းမျိုးနွယ်ရဲ့လက်ရှိခေါင်းဆောင် ရှန်းတောက်မင်ပါ။ ရှန်းမျိုးနွယ်ကိုယ်စား မင်းကိုကြိုဆိုပါရစေ!”
ထိုသို့ဖြင့် ရှန်းမျိုးနွယ်၏အခြေတည်အဆင့်ကျင့်ကြံသူ သုံးဦးသည်လည်း သူတို့လက်များကိုဆုပ်ကာ ကျန်းချန်ရွှမ်ကို နှုတ်ဆက်လာခဲ့ကြသည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၃ ။ ဂူရွေးချယ်ခြင်း
ကျန်းချန်ရွှမ်လည်း မြန်မြန်ဆန်ဆန်ပင် ပြန်လည်နှုတ်ဆက်စကားဆိုလိုက်သည်။
“မြှောက်နေပြန်ပါပြီ။ ကျွန်တော်က ဒီအတိုင်းကံကောင်းသွားရုံပါ။”
နှစ်ဦးနှစ်ဖက် ယဉ်ကျေးစွာဖြင့် စကားကောင်းလေးများ အနည်းအကျဉ်းဖလှယ်လိုက်ကြသည်။
ထို့နောက် ရှန်းတောက်မင်က အပြုံးဖြင့်၊ “တာအိုရောင်းရင်းကျန်း၊ ခင်ဗျားကို မိတ်ဆက်ပေးပါရစေ။”
သူကပြောရင်း တစ်ဖက်က သုံးယောက်ထဲမှ အစိမ်းရောင်ဝတ်စုံဖြင့်တစ်ယောက်ကို ညွှန်ပြလိုက်ကာ၊ “ဒါကတော့ ကျုပ်ရဲ့အစ်ကို ရှန်းတောက်ဖုန်း၊ လက်ရှိမှာတော့ ရှန်းမျိုးနွယ်စု သတင်းအချက်အလက်ပို့ဆောင်ရေးခန်းမရဲ့ အကြီးအကဲပါ။
သူကတော့ ကျုပ်နဲ့ ရူယန်ရဲ့ဝမ်းကွဲ အဆင့် ၂ အဂ္ဂိရတ်ပညာရှင် ရှန်းရူရွှမ်ပါ။”
သူက သုံးယောက်ထဲရှိ တစ်ဦးတည်းသောအမျိုးသမီးထံသို့ ညွှန်ပြကာ မိတ်ဆက်လာသည်။
နောက်ဆုံးအနေနှင့် ကျောနောက်တွင် ဓားရှည်တစ်လက်လွယ်ထားသည့် အမျိုးသားကိုညွှန်ပြလိုက်ကာ၊
“ဒီပုဂ္ဂိုလ်ကတော့ ခင်ဗျားလိုပဲ၊ ရှန်းမျိုးနွယ်ထဲကို အပြင်ကနေဝင်လာတဲ့ အကြီးအကဲပါ။
သူက ရှုန်းဝမ်တောက်၊ လက်ရှိမှာတော့ ရှန်းမျိုးနွယ် ဥပဒေစိုးမိုးရေးခန်းမဆောင်ရဲ့ အကြီးအကဲတစ်ယောက်ပါ။”
ဟမ်၊ ဥပဒေစိုးမိုးရေးခန်းမရဲ့အကြီးအကဲတဲ့လား?
ကျန်းချန်ရွှမ် အနည်းငယ်အံ့ဩသွားကာ အကြီးအကဲရှုန်းထံသို့ မသိစိတ်က လှမ်းကြည့်မိသွားသည်။ ဤအကြီးအကဲရှုန်းဆိုသူကို ရှန်းမျိုးနွယ်စုက အတော်လေးယုံကြည်သည့်သဘောပင်။ မဟုတ်လျှင် အပြင်လူတစ်ယောက်က ဥပဒေစိုးမိုးရေးခန်းမရဲ့အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်မှာတဲ့လား။
ဘာပဲဖြစ်ဖြစ် အားလုံးနားလည်ထားကြသည့်အတိုင်း သတင်းအချက်အလက်ပို့်ဆောင်ရေးခန်းမနှင့် ဥပဒေစိုးမိုးရေးခန်းမဆိုသည်မှာ ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုများ၏ အဓိကအချက်အချာနေရာများဖြစ်သည်။
ထိုရာထူးများကို သူတို့၏အဓိကလူရင်းများနှင့် အယုံကြည်ရဆုံးလူများကိုသာ ပေးအပ်ကြသည်ပင်။
အကြီးအကဲရှုန်းသည်လည်း ကျန်းချန်ရွှမ်၏အကြည့်ကို ခံစားမိသွားပုံရကာ ချက်ချင်းပင် သူ့ကိုပြုံးပြလာခဲ့သည်။
“အကြီးအကဲကျန်း၊ ခင်ဗျား အချိန်ရရင် ကျုပ်ဆီလာခဲ့လေ၊ အတူသောက်ကြတာပေါ့။”
သူ့စကားများက အလွန်ရိုးသားပုံပေါ်ပေသည်။ ထိုအပြုအမူကိုကြည့်ရုံဖြင့် အကြီးအကဲရှုန်းသည် ကျန်းချန်ရွှမ်အပေါ် အတော်လေးဖော်ရွေမှန်းသိသာလှသည်။
အဓိပ္ပါယ်တော့ရှိသား။
အခြေတည်အဆင့်ကိုရောက်နေတဲ့ကျင့်ကြံသူတစ်ယောက်ဆိုမှတော့ သေချာပေါက် မိုက်မဲသူမဟုတ်တော့ပေ။
သူတို့က သူတို့နဲ့အဆင့်တူ သို့မဟုတ် သူ့တို့ထက် ပို၍အဆင့်မြင့်သူတိုင်းကို ဖော်ဖော်ရွေရွေရှိကြကာ ရန်သူထက်မိတ်ဆွေသာ ဖြစ်လိုကြသည်။
ဘယ်လိုငတုံးကများ သူတို့နဲ့အဆင့်တူသည့်ကျင့်ကြံသူတစ်ယောက်ကို ရန်ညှိုးဖွဲ့မတဲ့လဲ။
ထို့အပြင် ကျန်းချန်ရွှမ်လိုမျိုး အခြေတည်အဆင့်ကို ကိုယ်တိုင်တက်လှမ်းခဲ့သည့် ကျင့်ကြံသူမျိုးပင်။
အားလုံး စကားတပြောပြောဖြင့် မျိုးနွယ်စုခန်းမရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။
ရှန်းတောက်မင်က၊ တံဆိပ်ပြားတစ်ခု၊ မြေပုံနှင့် သိုလှောင်အိတ်တစ်လုံးကိုထုတ်လိုက်ကာ၊
“တာအိုရောင်းရင်းကျန်း၊ ခင်ဗျားက အခုကစပြီး ကျုပ်တို့ရှန်းမျိုးနွယ်ရဲ့ ဧည့်အကြီးအကဲ၊ ရှန်းမျိုးနွယ်စုရဲ့ နဝမမြောက်အခြေတည်အဆင့်အကြီးအကဲဖြစ်သွားပါပြီ။
ဒီတံဆိပ်ပြားက ခင်ဗျားရဲ့အထောက်အထားကို ကိုယ်စားပြုပါလိမ့်မယ်။ အခုကစပြီး ရှန်းမျိုးနွယ်စုရဲ့ အထူးနေရာတချို့ကလွဲလို့ ဒီတံဆိပ်ပြားကိုသုံးပြီး ခင်ဗျားစိတ်ကြိုက် ဝင်နိုင်ထွက်နိုင်ပါပြီ။”
သူကပြောရင်း သိုလှောင်အိတ်ကို ကျန်းချန်ရွှမ်ထံသို့ ကမ်းပေးလိုက်သည်။
“ဒီသိုလှောင်အိတ်ထဲမှာ ခင်ဗျားရဲ့ဒီနှစ်အတွက် ဧည့်အကြီးအကဲအဖြစ်ကနေရတဲ့ လစာထည့်ထားပေးပါတယ်။ စုစုပေါင်း ဝိဉာဉ်ကျောက် အတုံး ၅၅၀နဲ့ နေ့စဉ်အသုံးအဆောင်တချို့ပါ။ ပြီးရင် ကြည့်လိုက်ပါဦး။
ဒီမြေပုံကတော့…”
ရှန်းတောက်မင်က ထိုမြေပုံကို ကျန်းချန်ရွှမ်လက်ထဲထည့်ပေးလိုက်သည်။
“ဒီထဲမှာ ရှန်းမျိုးနွယ်စုရဲ့ လွတ်နေတဲ့ အဆင့် ၂ ဂူတွေအားလုံး ပါ,ပါတယ်။ ဒီမြေပုံကိုကြည့်ပြီး ခင်ဗျားကျင့်ကြံချင်တဲ့နေရာကို ရွေးချယ်လို့ရပါတယ်။
ပြီးတော့ ဒီမြေပုံထဲမှာ ပင်းချွမ်စီရင်စုတစ်ခုလုံးနဲ့ အနီးအနားကနယ်မြေတချို့ကို မှတ်သားထားပါသေးတယ်။ အကြီးအကဲကျန်း အချိန်အားရင် ကိုယ်တိုင် လည်ပတ်ကြည့်ပေါ့။”
ထို့နောက် ခနတဖြုတ် စကားဆက်ပြောခဲ့ကြသည်။
ရှန်းတောက်မင်က ရှန်းရူယန်ကိုကြည့်လိုက်ပြီး၊
“ဒါနဲ့ ရူယန်၊ အကြီးအကဲကျန်းက အခုမှရှန်းမျိုးနွယ်စုကိုရောက်တာဆိုတော့ ရှန်းမျိုးနွယ်စုရဲ့ နေရာတော်တော်များများကို ရင်းနှီးဦးမှာမဟုတ်ဘူး။ မင်းပဲ သူ့ကိုလိုက်ပြပေးလိုက်ရင်မကောင်းဘူးလား?”
“ကောင်းပါပြီ။” ရှန်းရူယန်က အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
ခဏကြာပြီးနောက် ရှန်းရူယန်က ကျန်းချန်ရွှမ်ကိုခေါ်ကာ ခန်းမထဲမှ ထွက်သွားခဲ့သည်။
နှစ်ဦးသားပျောက်သွားသည်နှင့် ရှန်းတောက်မင်က ကျန်ရှိနေသည့်သုံးဦးထံသို့လှည့်ကာ မေးမြန်းလိုက်သည်။
“တောက်ဖုန်း၊ ဝမ်းကွဲရူရွှမ်၊ အကြီးအကဲရှုန်း၊ ခင်ဗျားတို့ ကျန်းချန်ရွှမ်ကို ဘယ်လိုထင်လဲ?”
အစိမ်းရောင်ဝတ်စုံနှင့် ရှန်းတောက်ဖုန်းက ခေါင်းအသာငြိမ့်ကာ ရိုးရိုးရှင်းရှင်းပြန်ဖြေလာလေသည်။
“ကောင်းပါတယ်။”
ရှန်းရူရွှမ်ကတော့ ခဏလောက်တွေးကြည့်နေပြီးနောက်မှ၊ “လောလောဆယ်တော့ မပြောတတ်သေးဘူး၊ ဒါပေမယ့် ဧည့်အကြီးအကဲအဖြစ်ထားဖို့ကတော့ အဆင်ပြေလောက်ပါတယ်။”
နောက်ဆုံးအနေဖြင့် ရှုန်းဝမ်တောက်ကာ ခပ်ဟဟရယ်လိုက်ကာ၊ “ခေါင်းဆောင်ရှန်း၊ ခင်ဗျားဘာတွေများ ဒီလောက်ပူပန်နေတာလဲ?
အချိန်ကြလာရင် သူဘယ်လိုလူစားမျိုးလဲ အလိုလိုသိလာမှာပဲကို။
သူ ခင်ဗျားညီမကို ခိုးပြေးသွားမှာစိုးနေတာလား?”
ထိုစကားကြောင့် ရှန်းတောက်မင် ရယ်လိုက်မိကာ ရှုန်းဝမ်တောက်ကို ပုတ်လိုက်ပြီး၊ “လောင်ရှုန်း၊ ခင်ဗျာ လူတွေကိုမစရမနေနိုင်ဘူးလား?”
…….
တချိန်တည်းမှာပဲ ရှန်းရူယန်ကတော့ ကျန်းချန်ရွှမ်ကို ရှန်းမျိုးနွယ်စု၏ပတ်ဝန်းကျင်အနေအထားနှင့်ရင်းနှီးအောင် ခေါ်ဆောင်သွားပေးနေခဲ့သည်။ ထို့နောက် ကျန်းချန်ရွှမ်၏လက်ထဲမှ မြေပုံအတိုင်း အဆင့် ၂ ဂူအလွတ်အနည်းငယ်ကို ကိုယ်တိုင်ကြည့်ရန် ခေါ်သွားခဲ့သည်။
“ဘယ်လိုလဲ? အကြီးအကဲကျန်း သဘောကျတဲ့ ဂူများရှိလား?”
ကျန်းချန်ရွှမ်က သူ့လက်ထဲမှမြေပုံကိုကြည့်လိုက်ပြီး ခဏလောက်တွေးကာ ချောင်အကျဆုံးသောနေရာကိုညွှန်ပြလိုက်သည်။
“ဒီနေရာပဲ ရွေးကြတာပေါ့။”
ရှန်းရူယန် အံ့ဩစွာကြည့်လိုက်မိသည်။
“အကြီးအကဲကျန်း၊ ရှင် ဒီနေရာကိုလိုချင်တာ သေချာရဲ့လား?
ပြောရရင် ဒီအဆင့် ၂ ဂူက လက်ရှိ ရှန်းမျိုးနွယ်စုမှာရှိတဲ့ အကောင်းဆုံး အဆင့် ၂ ဂူမျိုးထဲမှာမပါဘူးနော်။”
“သေချာပါတယ်။ ကျုပ် ဆုံးဖြတ်ပြီးပြီ။”
ကျန်းချန်ရွှမ် အတိအကျကို ခေါင်းညိတ်လိုက်သည်။ သူမလာခင်ကတည်းက ထိုနေရာကိုရွေးကို စိတ်ကူးထားပြီးသားပင်။
ဤတခေါက် သူရှန်းမျိုးနွယ်ကိုဝင်ရသည်က သူ့အတွက် သင့်တော်မည့် အေးအေးဆေးဆေးကျင့်ကြံနိုင်မည့်နေရာမျိုးရှာချင်၍ပင်။
သူ တခြားဂူတွေကိုလည်း ကြည့်ခဲ့ပါတယ်။
ဒါပေါ့၊ ထိုထဲမှ တစ်ဂူ နှစ်ဂူဆိုလျှင် ထိပ်တန်းအဆင့်ဟုပင် သတ်မှတ်၍ရပေသည်။
သို့သော်လည်း ကျန်းချန်ရွှမ်၏အမြင်မှာတော့ ထိုဂူများသည် သူ့လိုအပ်ချက်နှင့်ကိုက်ညီခြင်းမရှိနေပေ။
ရှင်းရှင်းပြောရလျှင် ထိုဂူများ၏တည်နေရာသည် ထိုက်သင့်သလောက် ချောင်မကျနေပေ။ ကျန်းချန်ရွှမ် အခုရွေးချယ်လိုက်သည့်နေရာနှင့်မတူပေ၊ ထိုနေရာသည် ရှန်းမျိုးနွယ်စု၏အတွင်းဘက်အကျဆုံးအပိုင်းတွင် တည်ရှိနေကြသည်။ ထို့အပြင် အခြားသော အဆင့် ၂ဂူများနှင့်လည်း အတော်အသင့်ဝေးပြီး ပတ်ဝန်းကျင်မှာ အတော်လေးအိုဟောင်းသည့်ပုံပေါ်သည်။
တစ်ခုခုအရေးပေါ်ဖြစ်နေသည်မှလွဲ၍ ဘယ်သူကမှ သူ့ကိုလာနှောက်ယှက်လိမ့်မည်မဟုတ်ပေ။
“ဒါဆိုလည်း.. ကောင်းပြီလေ။”
ရှန်းရူယန်က အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
အဆုံးမှာတော့ ဒီလိုနေရာမျိုးကို ကျန်းချန်ရွှမ်ရွေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
တခြားပိုကောင်းတဲ့ရွေးချယ်စရာတွေရှိနေတာပဲကို…
ရှန်းရူယန် ခေါင်းအသာယမ်းလိုက်ပြီး ပြုံးလိုက်ကာ၊ “ဒီလိုဆိုမှတော့ ကျွန်မ ရှင့်ကိုခေါ်သွားပေးပါ့မယ်။”
“ကောင်းပါပြီ။ အကြီးအကဲရူယန်ကိုပဲ ဒုက္ခပေးရဦးမယ်။”
ရှန်းမျိုးနွယ်စုထဲတွင်တော့ ကျန်းချန်ရွှမ်အနေဖြင့် ရှန်းရူယန်ကို တာအိုရောင်းရင်းရှန်းဟူ၍ ဆက်ခေါ်ဖို့ မသင့်တော်တော့ပေ။
ရှန်းမျိုးရိုးတွေက အများကြီးဖြစ်တာကြောင့် အကြီးအကဲရှန်းဟူ၍ခေါ်ဖို့လည်း အဆင်မပြေပြန်ပေ။ ထို့ကြောင့်အဆုံးမှာတော့ ရှန်းရူယန်က သူမကို နာမည်ပဲခေါ်ဖို့ မဟုတ်လည်း ရူယန်ဟုခေါ်ဖို့ ကျန်းချန်ရွှမ်ကိုပြောလာခဲ့သည်။
သို့သော်လည်း ကျန်းချန်ရွှမ်တွေးကြည့်ပြီးနောက် သူမ၏အဆင့်အတန်းကို ‘ရူယန်’နှင့်တွဲခေါ်ဖို့ဆုံးဖြတ်လိုက်ပေသည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၄ ။ စူထရာသိုလှောင်ခန်းမသို့သွားခြင်း
လက်ရှိအချိန်တွင်…
နေ့တဝက်ကြာပြီးနောက်တွင်တော့ နှစ်ဦးသား ကျန်းချန်ရွှမ်ရွေးချယ်ထားသည့် ဂူအပြင်ဘက်သို့ ရောက်ရှိလာခဲ့ပေပြီ။
တိတ်ဆိတ်ကာ တသီးတသန့်ဖြစ်နေသည့်ပတ်ဝန်းကျင်ကိုကြည့်ပြီး ကျန်းချန်ရွှမ် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဒါက သူ သူလိုချင်တဲ့ပုံစံနဲ့ တထပ်တည်းပဲ။
ရှန်းရူယန်၏ဆွံ့အနေသည့်အကြည့်များကို လျစ်လျူရှုရင်း သူ့ကိုယ်ပေါ်မှ အကြီးအကဲတံဆိပ်ပြားကိုထုတ်ယူလိုက်သည်။ သူ့အဆီအနှစ်ကို ထည့်သွင်းလိုက်ပြီးနောက်မှာတော့ ထိုတံပြားကို သူ့ရှေ့ရှိဂူဆီသို့ ချိန်ကာ မြောက်ကိုင်လိုက်သည်။
ဖုန်း!
တခဏချင်းပင် နဂိုက မြူများအုပ်ဆိုင်းနေသည့် ဂူကြီးသည် ချက်ချင်းဆိုသလို ပေတစ်ထောင်ခန့်ရှိသည့် နေရာကျယ်ကြီးတစ်ခုက အထင်အရှား ပေါ်ထွက်လာခဲ့သည်။
ရှန်းရူယန်က ကျန်းချန်ရွှမ်ကိုကြည့်ကာ ပြောလာခဲ့သည်။
“အကြီးအကဲကျန်း၊ ရှင်ရွေးထားတဲ့ဂူကိုရောက်ပြီဆိုမှတော့ ကျွန်မလည်း ဆက်မနေတော့ပါဘူး။”
ပြောပြီးသည်နှင့် အစီအရင်ပြားတစ်ခုကို ကျန်းချန်ရွှမ်ထံသို့ ကမ်းပေးလိုက်သည်။
“ဒါကတော့ အဆင့် ၂ အကာအကွယ်အစီအရင်ပြားပါ။ ဒီအစီအရင်က တခြားလူတွေရဲ့နတ်အာရုံနဲ့ စူးစမ်းမှုကို ထုတ်ဖော်ပေးပြီး အခြေတည်အဆင့်ကျင့်ကြံသူတွေရဲ့တိုက်ခိုက်မှုကိုလည်း ကာဆီးပေးပါတယ်။ အကြီးအကဲကျန်း နောက်မှ ရှင့်ရဲ့ဂူမှာ ဆင်ထားလိုက်ပေါ့။
ဒါနဲ့ စကားမစပ်…”
ထို့သို့ပြောပြီးနောက် ရှန်းရူယန်က တစ်ခုခုကိုတွေးနေပြီးမှ ကျန်းချန်ရွှမ်ကို စကားဆက်လာခဲ့သည်။
“အဆင့် ၂ ကျင့်ကြံခြင်းနည်းစနစ်နဲ့ မန္တန်တို့ အဆောင်စာအုပ်လိုတွေကတော့ ရှင့်ရဲ့အကြီးအကဲတံဆိပ်ပြားနဲ့ ရှန်းမျိုးနွယ်စုရဲ့ စူထရာသိုလှောင်ခန်းမမှာ နောက်မှ ကိုယ်တိုင်သွားရွေးလိုက်ပေါ့။”
ထို့နောက် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ခေါင်းညိတ်နှုတ်ဆက်ကာ အလင်းတန်းတစ်ခုအသွင်ဖြင့် အဝေးသို့ပျံသန်းသွားတော့သည်။
နေ့တဝက်ခန့်ကြာပြီးနောက်မှာတော့ ကျန်းချန်ရွှမ်တစ်ယောက် သူရွေးချယ်ထားသည့်ဂူကို သန့်ရှင်းရေးလုပ်၍ပြီးသွားခဲ့သည်။ ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်ယူလိုက်သည်။
မကြာလိုက်ပါဘဲ အိပ်ရာ၊ စားပွဲ၊ ကုလားထိုင်၊ လက်ဖက်ရည်အိုးနှင့်ခွက်အစုံ၊ စာအုပ်စင် နှင့် စိတ်ဝိဉာပန်းနှင့်ဆေးပင်အနည်းငယ်တို့က ဂူထဲတွင် ပေါ်ထွက်လာခဲ့သည်။
အစက ဗလာကျင်းနေသည့်ဂူမှာ ချက်ချင်းဆိုသလို လူတစ်ဦးနေထိုင်သည့်အရိပ်အယောင်အပြည့်ဖြစ်သွားလေသည်။
ထို့နောက် ကျန်းချန်ရွှမ်က ရှန်းရူယန် သူ့ကိုပေးခဲ့သည့် အဆင့် ၂ အကာအကွယ်စီအရင်ကိုအသက်သွင်းကာ သူ့ဂူတွင် တည်ဆောက်လိုက်သည်။
ချက်ချင်းဆိုသလို အပြာဖျော့ဖျော့အလင်းတန်းဝိုင်းတစ်ခုပေါ်လာကာ ပြန်ပျောက်သွားခဲ့သည်။ ထိုအစီအရင်ကို အတွင်းစည်းရေကောင်းကင်ဝိဉာဉ်အစီအရင်ဟုခေါ်ကြောင်း ကျန်းချန်ရွှမ်သိလိုက်သည်။ ၎င်းသည် အလွန်သာမာန်ကျသည့် အဆင့် ၂ အကာအကွယ်အစီအရင်တစ်ခုသာဖြစ်ပေသည်။
အစီအရင်၏ဗဟိုချက်ပစ္စည်းမှာ အဆင့်နိမ့် (အဆင့် ၂)ရတနာ ရေသလင်းကျောက်တုံးဖြစ်သည်။ ၎င်းကိုအသုံးပြု၍ သာမာန် အဆင့် ၂ မန္တန်တချို့ကို တားဆီးဖို့က ပြဿနာတစ်ရပ်မဟုတ်ပေ။ သို့သော်လည်း အဆင့် ၂ အင်အားကြီးမန္တာန်မျိုးဆိုလျှင်တော့ ဤအကာအကွယ်အစီအရင်သည် ဘယ်လိုမှတောက်ခံနိုင်လိမ့်မည်မဟုတ်ပေ။
သို့ဆိုလျှင်ပင် တစ်စုံတစ်ယောက်က သူ့ဂူကိုရောက်သည်အထိ တိုက်ခိုက်လာနိုင်သည်ဆိုလျှင် ထိုသည်က ရှန်းမျိုးနွယ်စုတစ်ခုလုံး နိဂုံးချုပ်သွား၍သာဖြစ်ပေမည်။ ထိုအချိန်ကျလျှင် အဆင့်နိမ့် (အဆင့် ၂) အတွင်းစည်းရေကောင်းကင်ဝိဉာဉ်အစီအရင်ကိုမပြောနှင့် အဆင့်မြင့် (အဆင့် ၂) အကာအကွယ်အစီအရင်သည်ပင် အသုံးမဝင်တော့ပေ။
ဤအတွင်းစည်းရေကောင်းကင်ဝိဉာဉ်အစီအရင် အသုံးပြုပုံအစစ်အမှန်မှာ အကြီးအကဲများအတွက် သီးခြားနေရာတစ်ခုဖန်တီးနိုင်ဖို့ရန်သာဖြစ်ပေသည်။
ပထမဆုံးအနေနှင့် အခြားသူများ၏ အကြည့်စူးစူးများကို ကာကွယ်ရန်ဖြစ်ကာ ဒုတိယအနေနှင့် အကြီးအကဲများကို လေးစားသမှု အနည်းနှင့်အများပြသရန်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာမြင့်များသည့်အခြေတည်အဆင့် အကြီးအကဲတစ်ယောက်က သူ့ဂူအပြင်မှာ အကာအကွယ်အစီအရင်လေးတစ်ခုကိုတောင်မှ မတည်ထားရင် အရမ်းကိုမှညံ့ဖျင်းရာမရောက်သွားဘူးလား?
ထို့အပြင် ကျင့်ကြံသူတိုင်းသည် သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို လျှို့ဝှက်လိုကြသည်။
ဂူကိုသန့်ရှင်းပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် ကူရှင်ပေါ်တွင် တင်ပျဉ်ခွေကာထိုင်လိုက်သည်။ သူ၏ မူလအစနည်းစနစ်ကို လှည့်ပတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို သူ၏ခန္ဓာကိုယ်ထဲသို့ အလွန်အမင်းများပြားကြွယ်ဝလှသည့် ဝိဉာဉ်ချီများ တိုးဝင်လာခဲ့သည်။
ဒါက သူအရင်က တခါမှမခံစားခဲ့ရဖူးသည့် ခံစားချက်မျိုးပင်။
အဆင့် ၂ ဂူလို့မပြောရဘူး၊ ဝိဉာဉ်ချီရဲ့ သိပ်သည်းဆနဲ့ အရည်အသွေးက အဆင့် ၁ ဂူတွေ ဘယ်လိုမှယှဉ်နိုင်တဲ့အရာမဟုတ်ဘူးပဲ။
ကျန်းချန်ရွှမ် ခဏလောက်ဆက်ပြီး ကျင့်ကြံပြီးမှသာ မျက်လုံးများကိုပြန်ဖွင့်လိုက်သည်။
သို့သော်လည်း သူကျင့်ကြံသည့် မူလအစနည်းစနစ်သည် သူ့အဆင့်နှင့်မကိုက်ညီတော့ပေ။
အဆင့် ၂ ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းမှဖြစ်တော့မှာပဲ။
ထိုအကြောင်းတွေးလိုက်မိသည်နှင့် မနက်ဖြန်ပဲ ချက်ချင်းအကောင်အထည်ဖော်ဖို့ ကျန်းချန်ရွှမ်ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်ကို ရှန်းမိသားစု၏ စူထရာသိုလှောင်ခန်းမသို့သွားကာ သူဆက်ပြီးကျင့်ကြံဖို့သင့်တော်မည့် အခြေတည်အဆင့်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သွားရွေးရပေမည်။
တချိန်တည်းမှာပဲ…
ရှန်းမျိုးနွယ်တောင်၏ပင်မတောင်ထိပ်တွင် ခေါင်းဆောင် ရှန်းတောက်မင်သည် ရှန်းရူယန်၏တင်ပြချက်ကိုနားထောင်ကာ အနည်းငယ်မှင်သက်နေမိသည်။
“ဒီအကြီးအကဲကျန်းက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ။”
ရှန်းရူယန်ကတော့ ဆွံ့အစွာ ခေါင်းသာယမ်းလိုက်လေသည်။
“အစ်ကို၊ ငါကတော့ သူက ဒီအတိုင်း တစ်ယောက်တည်းနေချင်ပြီး ဘယ်သူမှ သူ့ကိုမရှာစေချင်ရုံပဲလို့ တွေးနေမိပါလိမ့်။”
ရှန်းတောက်မင် ထိုစကားကိုကြားပြီး မပြုံးမိဘဲ မနေနိုင်ခဲ့ပေ။
“မင်းပြောတာမှန်တယ်။ အကြီးအကဲကျန်းက တကယ်ကို အဲ့လိုလူမျိုးလို့ထင်ရတယ်။
ဒါပေမယ့် အဆင်ပြေပါတယ်။ သူ ရှန်းမျိုးနွယ်စုကို သစ္စာမဖောက်သ၍ နတ်ဆိုးကျင့်ကြံသူမဟုတ်သ၍ သူ့စိတ်ကြိုက်လွှတ်ထားလိုက်ပါ။”
ထို့နောက် ရှန်းရူယန်ကိုကြည့်ကာ ပြုံးလိုက်ပြီး၊
“ဒီတခေါက် မင်း အကြီးအကဲကျန်းကို ရှန်းမျိုးနွယ်စုဆီ ခေါ်ယူနိုင်ခဲ့တယ်။ မင်းရဲ့ ပံ့ပိုးမှုအရ ချင်းရှုဆေးလုံးလောက်တော့ ရသင့်တယ်။
ပြီးမှ အကြီးအကဲစွန်းဆီမှာ သွားထုတ်လိုက်။ ပြီးရင် သူ့ကို ကန်းယန်ဈေးက မင်းရဲ့နေရာဆီသွားခိုင်းလိုက်။ ပြီးရင် အဲ့မှာပဲနေပြီး အခြေတည် စတုတ္ထအဆင့်ကိုတက်ခိုင်း။”
“ဟုတ်ကဲ့ပါ။”
ရှန်းရူယန် ခေါင်းညိတ်လိုက်သည်။
နောက်တနေ့…
ကျန်းချန်ရွှမ် ဂူထဲမှထွက်ကာ ရှန်းမျိုးနွယ်၏ စူထရာသိုလှောင်ခန်းမကိုသွားခဲ့သည်။
ရှန်းမျိုးနွယ်စု စူထရာခန်းမ၏တာဝန်ရှိသူမှာ အခြေတည်အဆင့်ကျင့်ကြံသူအိုကြီးတစ်ယောက်ဖြစ်သည်။
သူကတော့ ရှန်းချန်းနျန်ဖြစ်ပြီး အသက် ၁၇၀ကျော်လေက်ပြီဖြစ်ကာ အခြေတည်သတ္တမအဆင့်ကျင့်ကြံသူဖြစ်သည်။
သူ့အသက်အရဆိုလျှင် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းမှ ဆုံးခန်းတိုင်လာပြီဖြစ်ကြောင်း သိသာပေသည်။ သူ့အနေနှင့် ကျီဖုအဆင့်ကိုတက်ဖို့ရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူကိုယ်တိုင် ဦးစွာ စူထရာသိုလှောင်ခန်းမသို့သွားကာ လာရောက်ပညာယူကြသည့် အငယ်များကို လမ်းညွှန်မည့်နေရာကို ယူလိုက်သည်။
ရှန်းမျိုးနွယ်စုတစ်ခုလုံးတွင် သူသည် လေးစားခံရသည့်လူပင်။
လက်ရှိတွင်တော့ ကျန်းချန်ရွှမ် ရောက်လာသည်ကိုမြင်သည်နှင့် ရှန်းချန်းနျန်၏မျက်နှာထက်တွင် ကြင်နာသည့်အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
“မနေ့ကပဲ အရည်အချင်းရှိတဲ့လူငယ်လေးတစ်ဘောက် ရှန်းမျိုးနွယ်ကိုဝင်လာတယ်လို့ကြားထားတာ။ အဲ့တစ်ယောက် မင်းပဲဖြစ်ရမယ်။ တကယ်ကို ငယ်ရွယ်ပြီး အလားအလာရှိတဲ့လူငယ်လေးပဲ။ အနာဂတ်မှာ ကျီဖုအဆင့်ကိုဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ချက်တွေအများကြီးရှိတာပဲ။”
သိသာစွာပဲ ကျန်းချန်ရွှမ် သက်ရှည်သစ်သီးစားထားခြင်းဖြစ်ကြောင်း ရှန်းချန်းနျန် သတိမထားမိခဲ့ပေ။
သူက ကျန်းချန်ရွှမ်ကို အသက် ၅၀မပြည့်ခင် အခြေတည်အဆင့်သို့ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်ဟုသာ ထင်မှတ်နေလေသည်။
ရှန်းချန်းနျန်၏စကားများကိုကြားပြီးနောက် ကျန်းချန်ရွှမ် ချက်ချင်းပြုံးလိုက်ကာ ခေါင်းအသာယမ်းလိုက်သည်။
“အကြီးအကဲရှန်းကတော့ ကျွန်တော့်ကိုမြှောက်နေပြန်ပါပြီ။ ကျွန်တော်က ဒီအတိုင်းကံကောင်းသွားခဲ့ရုံပါ။”
“ဟားဟား၊ ကျင့်ကြံရေးလောကမှာ ကံကောင်းတယ်ဆိုတာကလည်း အရည်အချင်းတစ်ခုပဲ။ မင်းကိုယ်တိုင် အခြေတည်အဆင့်ကိုတက်နိုင်ခဲ့တာကပဲ မင်းရဲ့အရည်အချင်းအကြောင်း သိသာနေစေပြီ။ ဒါနဲ့..”
ရှန်းချန်းနျန်က တစ်ခုခုကိုတွေးမိသွားပုံဖြင့် ပြုံးရင်း ခေါင်းယမ်းလိုက်သည်။
“မင်း ဒီကို အခြေတည်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ရှာဖို့ လာခဲ့တာမဟုတ်လား။
ကြည့်စမ်း၊ ငါ မေ့တောင်မေ့တော့မလို့။
အကြီးအကဲကျန်း မင်း အဆင့် ၂ ကျင့်ကြံခြင်းနည်းစနစ်ရှာချင်ရင် ဒုတိယထပ်ကိုသာ တည့်တည့်တက်သွားလိုက်။
အဲ့ဒီမှာ အဆင့် ၂ ကျင့်ကြံခြင်းနည်းစနစ်တွေတင်မကဘူး အဆင့် ၂ မန္တာန်တွေလည်းရှိတယ်။ မင်းကြိုက်တာရွေးပြီးရင် စာရင်းသွင်းလိုက်ရုံပဲ။
ဒါပေမယ့် အဲ့ဒါမလုပ်ခင် မင်းကို ပေးစရာတစ်ခုရှိတယ်။”
ပြောပြီးသည်နှင့် ရှန်းချန်းနျန်က ကျောက်စိမ်းပြားလေးတစ်ခုကို ကျန်းချန်ရွှမ်အား ပေးလာခဲ့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၅ ။ ဒြပ်စင်ငါးပါးနည်းစနစ်နှင့်အာတိတ်နတ်အလင်းတန်း
ကျန်းချန်ရွှမ်လည်း ကျောက်စိမ်းပြားကိုယူကြည့်လိုက်ရာ တကယ်တမ်း အဆင့် ၂ အဆောင်ပြုလုပ်သည့်နည်းလမ်းများရေးထွင်းထားသည့် ကျောက်စိမ်းပြားဖြစ်နေသည်။ ထို့အပြင် အဆင့် ၂ အဆောင်များပြုလုပ်ရာတွင် သတိပြုရမည့်အချက်အလက်တချို့ကိုလည်း ရေးထွင်းထားသေးသည်။
အတော်လေးပြည့်စုံတာပဲ။
သူလည်း ရှန်းချန်းနျန်ကိုပြုံးပြကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
ထို့နောက် စကားအနည်းငယ်ဆက်ပြောဖြစ်ခဲ့ကြပြီး ကျန်းချန်ရွှမ်လည်း စူထရာသိုလှောင်ခန်းမထဲသို့ ဝင်ခဲ့လိုက်သည်။
စူထရာသိုလှောင်ခန်းမထဲသို့ဝင်လိုက်သည်နှင့် ကျီဖုအဆင့်မသေမျိုး မျိုးနွယ်စုတစ်ခု၏ အုတ်မြစ်က ဘယ်လောက်အထိနက်ရှိုင်းမှန်း ကျန်းချန်ရွှမ် နားလည်သွားရသည်။
ဘယ်လောက်တောင်လည်းဆို သူ့မျက်စိတဆုံးပင်။
အဆင့် ၁ ကျင့်ကြံခြင်းနည်းစနစ်နှင့်မန္တာန်ပေါင်း တစ်ရာထက်မနည်းရှိလို့နေကာ အားလုံးကို ကျောက်စိမ်းပြားများပေါ်တွင်ရေးထွင်းထားပြီး စာအုပ်စင်အတန်းရှည်ကြီးများဖြင့် စနစ်တကျ စီထားလေသည်။
သူ ကျောက်စိမ်းပြားအနည်းငယ်ကို ကျောက်ယူကြည့်ရာ သူ့လက်က ၎င်းထဲကို ဖြတ်သန်းသွားခဲ့သည်။ ထိုတော့မှ ဤကျင့်ကြံခြင်းနည်းစနစ်များနှင့် မန္တာန်များအားလုံးသည် သူတို့ကိုယ်ပိုင်ထူးခြားသည့်နည်းလမ်းများဖြင့် သိမ်းဆည်းထားခြင်းဖြစ်မှန်း သိခဲ့ရသည်။ ပြင်ပမှ သာမာန်ပစ္စည်းများ ဘယ်လိုမှမယှဉ်နိုင်သည့်အရာပင်။
ထိုသို့ဖြင့် ကျန်းချန်ရွှမ် ဒုတိယထပ်သို့ဆက်တက်ခဲ့သည်။
ဤအထပ်ရှိကျောက်စိမ်းပြားအရေအတွက်သည် အောက်ထက်ကထက် သိသိသာသာကိုပိုနည်းသည်။ သို့သော်လည်း ဒါဇင်များစွာရှိနေတုန်းပင်။ ထို့အပြင် ကျောက်စိမ်းပြားတိုင်းကို ကန့်သတ်ခြင်းအစီအရင်များဖြင့် ဖုံးလွှမ်းထားကာ ထိလိုက်မိသည်နှင့် အစီအရင်က ချက်ချင်းအသက်ဝင်ကာ ခိုးယူသူကို တိုက်ခိုက်ပေလိမ့်မည်။
ကျန်းချန်ရွှမ်က သူ့တံဆိပ်ပြားကိုမြှောက်ကာ သူဖတ်ချင်သည့် ကျင့်ကြံခြင်းနည်းစနစ်ရေးထွင်းထားသည့် ကျောက်စိမ်းပြားပေါ်တင်လိုက်သည်။ ခဏလောက် လိုက်ဖတ်ကြည့်ပြီးနောက် တကယ်ကိုပဲ သူနှင့်သင့်တော်သည့် အဆင့် ၂ ကျင့်ကြံခြင်းနည်းစနစ်အနည်းငယ်ကို ကျန်းချန်ရွှမ် တွေ့ရှိခဲ့ပေသည်။
ဥပမာအားဖြင့်၊ အမှောင်မူလဝိဉာဉ်နည်းစနစ်၊ ချန်ချင်းစစ်မှန်သောနည်းစနစ်၊ စသည်တို့ဖြစ်သည်။
ဘယ်နည်းစနစ်ကိုယူသင့်သလဲ ကျန်းချန်ရွှမ် ရွေးချယ်ဖို့ခက်ခဲနေချိန်မှာပင် သူ့စိတ်ထဲတွင် စနစ်၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[ဒင်! အောင်မြင်မှုစနစ်က တာဝန်ထုတ်ပြန်လိုက်ပါပြီ။ ကျေးဇူးပြုပြီး ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို အကြိမ် ၁၀၀ ကျင့်ကြံပေးပါ၊ Host။]
အမ်? ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်?
ကျန်းချန်ရွှမ်တစ်ယောက် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်သည် မည်သည်ကိုပြောမှန်း နားမလည်နိုင်ခင် ခဏလောက် မှင်သက်သွားခဲ့ရသည်။
၎င်းသည် စူထရာသိုလှောင်ခန်းမထဲတွင်ရှိသည့် အဆင့်၂ ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။
ဒါပေမယ့် ဒီဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်က….
အကောင်းဘက်ကပြောရလျှင်တော့ ၎င်းသည် အလယ်အလတ်ဖြစ်ကာ ကျင့်ကြံခြင်းနည်းစနစ်များခြုံငုံပါဝင်ပေသည်။ ဒြပ်စင်ငါးမျိုး၏ဝိဉာဉ်စွမ်းအားပါဝင်နေသည့်အချက်ကိုပါ ထည့်ပြောလိုက်လျှင် ကျန်းချန်ရွှမ်လို ဝိဉာဉ်အမြစ်ရှိသည့်ကျင့်ကြံသူများအတွက် အလွန်သင့်တော်ပေသည်။
ထို့အပြင် ဤကျင့်ကြံခြင်းနည်းစနစ်တွင်ပါဝင်သည့် ဝိသေသလက္ခဏာများအရ သူ ကျီဖုအဆင့်ကိုတက်လှမ်းနိုင်ပြီးနောက် တခြားကျင့်ကြံခြင်းနည်းလမ်းတစ်ခုခုကို ပြောင်းလဲကျင့်ကြံရာတွင် ပြဿနာဖြစ်လာမည်မဟုတ်ပေ။
ဒါဆို ဒီဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံနည်းစနစ်က ကောင်းတာလား?
မင်းသာ ဒီလိုမျိုးတွေးလိုက်မိပြီဆို လုံးဝမှားသွားပြီပဲ။
အကောင်းဘက်ကပြောလျှင်တော့ အလယ်အလတ်နှင့်ဒြပ်စင်ငါးမျိုးလုံး ကျင့်ကြံလို့ရတာပေါ့၊ တကယ်လို့ ပွင့်ပွင့်လင်းလင်းသာပြောရလျှင်တော့ ၎င်းသည် ငြီးငွေ့စရာကောင်းပြီး ထူးခြားချက်များမပါရှိပေ။
ဒြပ်စင်ငါးပါး၏စွမ်းရည်များပါရှိတာအပြင် သူကျင့်ကြံနေသည့် စစ်မှန်သောအဆီအနှစ်အတွက် ထူးထူးခြားခြားဖြစ်စရာ ဘာမှကိုမရှိပေ။
၎င်းသည် သတ္တုဒြပ်စင်ကျင့်ကြံခြင်းနည်းစနစ်လိုမျိုး ထက်ရှမာကျောခြင်းမရှိသလို မီးဒြပ်စင်နည်းစနစ်လိုမျိုး ပေါက်ကွဲနိုင်စွမ်းလည်းမရှိပေ။ ထို့အပြင် မြေဒြပ်စင်လိုမျိုးလည်း ပြင်းထန်မှုမျိုးမရှိပေ။
ပြောရရင်တော့ သာမာန်ထဲကသာမာန်သာဖြစ်သည်။
ထိုနည်းစနစ်သည် ကျင့်ကြံသူ၏စွမ်းအားကို မြှင့်တင်ရာမှာ အထူးတလည်အထောက်အကူပြုတာမျိုးမရှိပေ။
တခါတုန်းက ပြိုင်ဘက်ကင်းကျင့်ကြံနိုင်စွမ်းရှိသည့် ဉာဏ်ကြီးရှင်ကျင့်ကြံသူတစ်ဦးရှိခဲ့ဖူးသည်။ သူသည် ဤကျင့်ကြံခြင်းနည်းစနစ်အကြောင်း ကောလဟာလများကို မယုံကြည်ဘဲ အခြေတည်ဝိဉာဉ်အဆင့်ကိုကျင့်ကြံရာမှာ ထိုနည်းစနစ်ကိုအသုံးပြုခဲ့လေသည်။
ထို့နောက်တွင်တော့ သူ၏နတ်တန်ခိုးနှင့်စွမ်းအားမှာ အဆင့်တူကျင့်ကြံသူများထက် အဆပေါင်းများစွာ ယုတ်လျော့သွားကြောင်း သိလိုက်ရကာ လွန်စွာနောင်တရခဲ့လေသည်။ ဤသို့ဖြင့် သူသည် အခြေတည်ဝိဉာဉ်အဆင့်တွင် အားအနည်းဆုံးကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့သည်။
ကံကောင်းစွာဖြင့် ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်သည် မြင့်မားသောလိုက်ဖက်ညီမှုရှိသည်။ ၎င်းသည် ကောလဟာလများအတိုင်း တကယ်ကိုအသုံးမကျသည့်နည်းစနစ်ဖြစ်ကြောင်း သိလိုက်ပြီးနောက် အခြေတည်ဝိဉာဉ်အဆင့်ကျင့်ကြံသူသည် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို လက်လျှော့ကာ တခြားသောကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲကျင့်ကြံခဲ့သည်။
ထိုအချိန်မှစ၍ ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်သည် အထူးနာမည်တစ်ခုရှိလာကာ သာမာန်အကျဆုံးကျင့်ကြံခြင်းနည်းစနစ်ဟု ခေါ်တွင်လာခဲ့သည်။
အခုတော့ စနစ်က သူ့ကို ထိုဒြပ်စင်ငါးပါးကျင့်ကြံခြင်းနည်းစနစ်အား အကြိမ် ၁၀၀ ကျင့်ကြံစေချင်နေလေသည်။ ဒါဘာကိုဆိုလိုတာလဲ?
စနစ်ကို သူ့ကိုလာကစားနေတာလား?
ဒါမှမဟုတ် ဒီဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်နဲ့ပတ်သတ်ပြီး မဖော်ထုတ်ရသေးတဲ့ ထူးခြားချက်တစ်ခုခုရှိနေလို့ပဲလား?
ဘာပဲဖြစ်ဖြစ် ကျန်းချန်ရွှမ်အနေဖြင့် ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် ထိုကဲ့သို့သော နည်းစနစ်မျိုးကိုရွေးလိမ့်မည်မဟုတ်ပေ။
သူ့အရည်အချင်းနှင့်စွမ်းရည်က ထိုစဉ်အခါက အခြေတည်ဝိဉာဉ်အဆင့်ကျင့်ကြံသူထက် အဆများစွာသာလွန်သည်ဟု သူ့ကိုယ်သူ စိတ်ကြီးမဝင်မိပေ။
သို့သော်လည်း အခုတော့ စနစ်က သူ့ကို တာဝန်တစ်ခုအဖြစ် ပေါးလာပြီဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် ကျည်ကိုကိုက်ကာ ပြီးဆုံးအောင် ဆောင်ရွက်ရပေတော့မည်။
ထိုသို့ဖြင့် ကျန်းချန်ရွှမ်လည်း အဆင့် ၂ မန္တာန်များရှိသည့်ဘက်အခြမ်းကိုမသွားခင် ဒြပ်စင်ငါးပါးကျင့်ကြံခြင်းနည်းစနစ်ကျောက်စိမ်းပြားကို ယူခဲ့ရတော့သည်။
စနစ်ထံမှရရှိထားသည့် ပြီးပြည့်စုံသည့်မန္တာန်ကျောက်စိမ်းအမွေအနှစ်နှင့်ဆိုလျှင် သူ့အနေဖြင့် စွမ်းအားကြီးသည့် အဆင့် ၂ မန္တာန်တစ်ခုကိုရွေးချယ်လိုက်ရုံသာ။ အားလုံးသိထားကြသည့်အတိုင်း မန္တာန်တစ်ခုသည် စွမ်းအားကြီးလေ ဆရာအဆင့်ရောက်အောင်လေ့ကျင့်ဖို့ ခက်ခဲလေဖြစ်သည်။
သို့သော်လည်း ထိုအချက်က ကျန်းချန်ရွှမ်အတွက်တော့ ပြဿနာမဟုတ်ပေ။
မကြာလိုက်ပါဘဲ အဆင့် ၂ မန္တာန်သုံးခုကို ကျန်းချန်ရွှမ် တွေ့ရှိသွားသည်။
၎င်းတို့မှာ အဆင့်နိမ့် (အဆင့် ၂) ကျင်းရွှမ်အလင်းဓားမန္တာန်၊ အဆင့်နိမ့် (အဆင့် ၂) ချီယန်လောင်ကျွမ်းဓားမန္တာန် နှင့် အလယ်အဆင့် (အဆင့် ၂) အာတိတ်နတ်အလင်းတန်းမန္တာန်တို့ဖြစ်သည်။
ပထမနှစ်မျိုးကိုပြီးပြည့်စုံသည့်အဆင့်အထိလေ့ကျင့်လိုက်မည်ဆိုလျှင် ရွှေနက်ရောင်ဓားချီ ၁၀၀အထိဖန်တီးနိုင်ကာ ချီကိုသိပ်သည်းစေပြီး ပေ ၁၀၀ ရှည်သည့် ဓားကိုပါ ပုံဖော်နိုင်ပေလိမ့်မည်။ မန္တာန်နှစ်မျိုးလုံးသည် ထိခိုက်မှုပြင်းထန်ပြီး အခြေတည် အလယ်အဆင့်မှကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်ပေသည်။
အာတိတ်နတ်အလင်းတန်းမန္တာန်သည်တော့ ပြီးပြည့်စုံသည့်အဆင့်ရောက်သွားမည်ဆိုလျှင် အခြေတည် နှောင်းပိုင်းအဆင့်မှကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့်ဝိဉာဉ်ကိုပင် အေးခဲသွားစေနိုင်သည့် အလွန်အမင်းအေးစက်သည့်အလင်းတန်းကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။
ထို့အပြင် ဤမန္တာန်သည် အလွန်မှလျှို့ဝှက်ကာ ကာကွယ်ဖို့ရန်မဖြစ်နိုင်ပေ။
အားအကောင်းဆုံး အဆင့် ၂မန္တာန်များထဲတွင်ပါဝင်သည်ဟုဆိုနိုင်သည်။
တစ်ခုတည်းသောပြဿနာကတော့ ၎င်းကို ပြီးပြည့်စုံသည့်အဆင့်သို့ရောက်အောင် ကျင့်ကြံရန် အင်မတန်မှခက်ခဲနေခြင်းပင်။ အရည်အချင်းအမြင့်မားသည့်လူမျိုး၊ နားလည်နိုင်စွမ်းမမြင့်မားသည့်လူမျိုးများအတွက် ထိုမန္တာန်ကို အဆင့်မြင့်သည်အထိကျင့်ကြံရန် ဘယ်လိုမှမဖြစ်နိုင်ပေ။
ကျန်းချန်ရွှမ်သေချာတွေးကြည့်ပြီးနောက်မှာ အလယ်အဆင့် (အဆင့် ၂) အာတိတ်နတ်အလင်းတန်းမန္တာန်ကို ရွေးချယ်ထားလိုက်သည်။ ဤအာတိတ်နတ်အလင်းတန်းမန္တာန်ထက် ပိုမြင့်သည့်မန္တာန်မရှိတာကြောင့် မဟုတ်ပေ။
သို့သော်လည်း သူ၏လက်ရှိ အခြေတည်ပထမအဆင့်က ပြဿနာဖြစ်သည်။ သူ့ကို အဆင့်မြင့် (အဆင့် ၂) မန္တာန်တစ်ခုပေးလာလျှင်တောင် သူ့မှာ ၎င်းကိုအသက်သွင်းနိုင်မည့် စစ်မှန်သောအဆီအနှစ်အလုံအလောက်မရှိပေ။
ဒါကြောင့်ပဲ သူအသုံးပြုနိုင်မည့် အားကောင်းသည့်မန္တာန်ကိုရှာယူခဲ့ဖြင်းဖြစ်သည်။ မဟုတ်လျှင် သူများတွေနဲ့ရင်ဆိုင်ရတဲ့အခါ သူဘာမန္တာန်မှမသုံးတတ်ရင် ရှက်စရာမကောင်းပေဘူးလား။
ထို့နောက် ကျန်းချန်ရွှမ်တစ်ယောက် ဒြပ်စင်ငါးပါးကျင့်ကြံခြင်းနည်းစနစ်ကျောက်စိမ်းပြားနှင့် အာတိတ်နတ်အလင်းတန်းမန္တာန်ကို ကိုင်ကာ ရှန်းချန်းနျန်ထံသို့ပြန်လာခဲ့သည်။
ကျန်းချန်ရွှမ်ပြန်ရောက်လာသည်ကိုမြင်သည်နှင့် ရှန်းချန်းနျန်က ချက်ချင်းပြုံးကာ၊ “အကြီးအကဲကျန်း၊ မင်းလိုချင်တာရွေးပြီးသွားပြီပေါ့?”
“ဟုတ်တယ်။”
ကျန်းချန်ရွှမ် ပြန်လည်ပြုံးပြကာ ကျောက်စိမ်းပြားနှစ်ခုကို ရှန်းချန်းနျန်လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှန်းချန်းနျန်တစ်ယောက် ကျောက်စိမ်းပြားနှစ်ခုကိုကြည့်ပြီးနောက် အံ့ဩနေသည့်အမူအရာဖြင့် ကျန်းချန်ရွှမ်ကိုကြည့်လာလေသည်။
“အကြီးအကဲကျန်း၊ မင်းဒါကိုရွေးချင်တာ သေချာပြီလား?”
“သေချာပါပြီ။”
ကျန်းချန်ရွှမ် ပြတ်ပြတ်သားသားခေါင်းညိမ့်လိုက်သည်။
ရှန်းချန်းနျန်လည်း ဘာမှမပြောနေတော့ဘဲ စာရင်းသွင်းတာကိုပဲ ကူညီပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားများအား ကျန်းချန်ရွှမ်လက်ထဲပြန်ထည့်ပေးလိုက်လေသည်။
“အကြီးအကဲကျန်း၊ မင်းပြန်ရောက်လို့ ကျောက်စိမ်းပြားကို ဖွင့်လိုက်ရင်၊ ကျောက်စိမ်းပြားက မင်းကို အထဲမှပါတဲ့အကြောင်းအရာတွေ မပြန့်ပွားစေဖို့အတွက် ကတိသစ္စာပြုခိုင်းလိမ့်မယ်။
ဒါက မင်းသေချာပေါက် သတိထားရမယ့်အချက်ပဲ။ မဟုတ်ရင် ကျောက်စိမ်းပြားမှာ ဘာမှပေါ်လာမှာမဟုတ်ဘူး။”
***