အခန်း (၁၆-၂၀)
Vol. 1 Ch. 16-20
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၆ ။ ယင်ယန်ဒြပ်စင်ငါးပါးဝိဉာဉ်အမြစ်
“သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ အကြီးအကဲရှန်း။” ကျန်းချန်ရွှမ် အပြုံးဖြင့်သာ ရှန်းချန်းနျန်ကို ကျေးဇူးတင်စကားပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် အံ့ဩလို့နေခဲ့သည်။
အစကတော့ ရှန်းချန်းနျန်သာ သူရွေးချယ်ထားသည့် ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်နှင့် အာတိတ်နတ်အလင်းတန်းကိုမြင်လျှင် အနည်းနှင့်အများ တစ်ခုခုတော့ ပြောလာလိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး ရှန်းချန်းနျန်က ဒြပင်စင်ပါးပါးစစ်မှန်သောနည်းစနစ်အစာ အခြားတစ်ခုခုပြောင်းယူရန် သူ့ကိုတိုက်တွန်းလာလိမ့်မည်ဟုပင် တွက်ဆထားခဲ့သည်။
တကယ်တမ်း သူက ဘာမှပြောမလာခဲ့ဘဲ ကျန်းချန်ရွှမ်ကို လိုအပ်သည့် သတိပေးချက်ကိုသာ အသိပေးလာခဲ့ပေသည်။
ကျန်းချန်ရွှမ်မှာ ရှန်းချန်းနျန်တစ်ခုခုပြောလာလျှင် ပြန်ပြောရမည့် စကားကိုပင်ရှာထားခဲ့ရသော်လည်း အဆုံးမှာတော့ ထိုစကားများကို သုံးပင်မသုံးလိုက်ရပေ။
ထိုသို့ဖြင့် နားမလည်နိုင်ဖြစ်နေရသည်မှာ ကျောက်စိမ်းပြားကိုယူပြီး ဂူဆီသို့ပြန်ရောက်သည်အထိပင်။
ကျင့်ကြံခြင်းနည်းစနစ်များနှင့်မန္တာန်များသည် ကျင့်ကြံသူများအတွက် အထူးသီးသန့်အရာများဖြစ်ကြသည်။
မင်းတို့အချင်းချင်းကြားက ဆက်ဆံရေးက အလွန်တရာမှကောင်းနေရင်တော့ တမျိုးပေါ့။ မဟုတ်ပါဘဲနှင့် တစ်ဖက်လူ၏ကျင့်ကြံခြင်းနည်းစနစ်နှင့်မန္တာန်အကြောင်း ဝေဖန်စပ်စုပါက တစ်ဖက်လူက မင်းကို ရိုင်းစိုင်းသည်ဟု မှတ်ယူသွားနိုင်တယ်။
ရှန်းချန်းနျန်သည် အသက် ၁၇၀ ကျော်အောင် ရှင်သန်နေထိုင်ခဲ့ပြီးဖြစ်တာကြောင့် ကျင့်ကြံသူများကြားမှ အခြေခံကျသည့်စည်းမျဉ်းများကို သိရှိပြီးဖြစ်သည်။
ထိုသို့နားလည်သွားပြီးနောက် ကျန်းချန်ရွှမ်လည်း ဆက်တွေးမနေတော့ဘဲ ကျောက်စိမ်းပြားများပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့သည်။
ရှန်းချန်းနျန် သူ့ကိုသတိပေးခဲ့သည့်စကားအရ သူသာ ဒြပ်စင်ငါးပါးကျင့်ကြံခြင်းနည်းစနစ်နှင့် အာတိတ်နတ်အလင်းမန္တာန်ကို ကျင့်ကြံလိုလျှင် အရင်ဦးဆုံး နည်းစနစ်များကို ပြင်ပသို့ထုတ်ဖော်ခြင်းမပြုကြောင်း ကျိန်ဆိုရပေမည်။
ကျန်းချန်ရွှမ်တစ်ယောက် ကျောက်စိမ်းပြားကို သူ့နဖူးထက်သို့ အသာအယာတင်လိုက်သည်နှင့် သူ့စိတ်ထဲသို့ သတင်းစကားတစ်ခုက ချက်ချင်းဝင်ရောက်လာခဲ့သည်။
[ဤနည်းစနစ်ကိုကျင့်ကြံဖို့အတွက် ကျောက်စိမ်းပြားပါ အကြောင်းအရာများကို မမြင်တွေ့နိုင်ခင် တာအိုနှလုံးသားဖြင့် ကျိန်ဆိုမှုပြုလုပ်ရမည်။]
ကျန်းချန်ရွှမ်လည်း ချက်ချင်းပင် သူ့တာအိုနှလုံးသားဖြင့် ဤနည်းစနစ်ကို တခြားဘယ်သူ့ကိုမှပေးမည်မဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။ ချက်ချင်းပင် ကျောက်စိမ်းပြားပေါ်ရှိ ကန့်သတ်လွှာသည် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်ရွှမ်၏စိတ်အာရုံထဲတွင် ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ် အပြည့်အစုံပေါ်လာခဲ့သည်နှင့် စတင်ကျင့်ကြံကြည့်လိုက်သည်။
ဤဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်သည် အမှန်အကန်ကို အလယ်အလတ်မျှချေညီသည့် ကျင့်ကြံခြင်းနည်းနစ်ဖြစ်တာကြောင့် ကျန်းချန်ရွှမ်ပင် အံ့ဩသွားမိရသည်။
ရက်အနည်းငယ်အတွင်းမှာပဲ ထိုကျင့်ကြံခြင်းနည်းစနစ်နှင့် ရင်းနှီးသွားခဲ့သည်။ ထို့နောက် စနစ်ညွှန်ကြားထားသည့်အတိုင်း ထိုကျင့်ကြံခြင်းနည်းစနစ်ကို စတင်ကျင့်ကြံတော့သည်။
သူက ဧည့်အကြီးအကဲတစ်ယောက်ဖြစ်တာကြောင့် ရှန်းမျိုးနွယ်စုက သူ့ကို ပုံမှန်မျိုးနွယ်ဝင်တွေ ထမ်းဆောင်ရသည့် မဖြေမနေတာဝန်များကို ပေးအပ်လာခြင်းမရှိပေ။ ရှန်းမျိုးနွယ်စုမှာ ဆိုးရွားသည့်ဘေးအန္တရာယ်မကြုံသ၍ ကျန်းချန်ရွှမ်အနေဖြင့် သူအလိုရှိသလို ဂူထဲတွင်သာ နေထိုင်နိုင်သည်။
သို့သော်လည်း သူသာ ဘာမှမလုပ်ဘဲနေလျှင် သူ၏နှစ်စဉ်လစာကလွဲလို့ တခြားမည်သည့်ထောက်ပံ့မှုမှရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသာ ကျင့်ကြံခြင်းရင်းမြစ်များလိုချင်လျှင် တာဝန်တချို့ထမ်းဆောင်ပေးမှဖြစ်ပေမည်။
ဒါပေါ့၊ သူသာ အပြင်မှာလျှောက်သွားပြီး ကျင့်ကြံရေးရင်းမြစ်များရှာဖွေလိုလျှင်လည်း ရှန်းမျိုးနွယ်စုက သူ့ကိုတားဆီးပိတ်ပင်မည်မဟုတ်ပေ။ အားလုံး သူ့စိတ်ကြိုက်လုပ်နိုင်သည်။
ကျန်းချန်ရွှမ်က ထိုမျှငြိမ်းချမ်းသည့်ဘဝမျိုးကို ရွေးချယ်မည့်သူမဟုတ်ပေ။
သူသာ ထိုမျှလောက်ငြိမ်းချမ်းလွန်းသည့်ဘဝမျိုးနေလိုလျှင် ရှန်းမျိုးနွယ်စုအားရွေးမည်မဟုတ်ဘဲ ဘေးကင်းသည့်တစ်နေရာ သို့မဟုတ် သေမျိုးလောကမှမြို့တစ်မြို့ကိုရှာကာ ဇနီးမယားတွေအများကြီးယူပြီး ကလေးတပုံတပင်နှင့် ပျော်ရွှင်နေလိမ့်မည်။
သို့ပေမယ့်လည်း စနစ်ကပေးထားသည့်တာဝန်နှင့် အာတိတ်နတ်အလင်းတန်းကို ပြီးပြည့်စုံသည့်အဆင့်အထိ မကျင့်ကြံမပြီးမချင်းတော့ ဤဂူထဲမှအပြင်ထွက်ဖို့ရော မျိုးနွယ်စုမှတာဝန်ယူဖို့ရော လုပ်မည်မဟုတ်ပေ။
အချိန်က မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပဲ နှစ်တစ်နှစ်ကုန်ဆုံးသွားပြီးပင်။
ယနေ့တွင်တော့.. ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်အား ကျင့်ကြံ၍ပြီးစီးသွားခဲ့ပေပြီ။
တချိန်တည်းမှာပဲ အချိန်ကြာပျောက်ဆုံးနေခဲ့သည့် စနစ်ထံမှအသိပေးချက်ကိုလည်း လက်ခံရရှိခဲ့သည်။
[ဒင်! ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်ကို ကြိမ် တစ်ရာကျင့်ကြံခြင်းတာဝန်အား ပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် Host။ ယင်ယန်ဒြပ်စင်ငါးပါးဝိဉာဉ်အမြစ်ကို ရရှိသွားပါပြီ။]
[ယင်ယန်ဒြပ်စင်ငါးပါးဝိဉာဉ်အမြစ်မှာ ယန်သစ်သားဝိဉာဉ်အမြစ်၊ ယင်သစ်သားဝိဉာဉ်အမြစ်၊ ယန်မီးဝိဉာဉ်အမြစ်၊ ယင်မီးဝိဉာဉ်အမြစ်၊ ယန်မြေဓာတ်ဝိဉာဉ်အမြစ်၊ ယင်မြေဓာတ်ဝိဉာဉ်အမြစ်၊ ယန်သတ္တုဝိဉာဉ်အမြစ်၊ ယင်သတ္တုဝိဉာဉ်အမြစ်၊ ယန်ရေဝိဉာဉ်အမြစ်နဲ့ ယန်ရေဝိဉာဉ်အမြစ်တို့ပဲဖြစ်ပါတယ်။ သူ့ကို ဝိဉာဉ်အမြစ်ဆယ်ပါးလို့လဲ ခေါ်ကြပါသေးတယ်။ ဒါကတော့ ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံခြင်းအတွက်ရရှိတဲ့ အကောင်းဆုံးပါရမီပဲဖြစ်ပါတယ်။]
ပြောရလျှင် ယန်ဒြပ်စင်ငါးပါးဝိဉာဉ်အမြစ်များနှင့် ယင်ဒြပ်စင်ငါးပါးဝိဉာဉ်အမြစ်များရှိခြင်းပင်။
အများအားဖြင့် ယင်နှင့်ယန်မျှချေမညီမှုကို မှားယွင်းသောဝိဉာဉ်အမြစ်ပိုင်ရှင်များဟုခေါ်ဆိုကြသည်။ ကျန်းချန်ရွှမ်ကဲ့သို့ မှားယွင်းသောဝိဉာဉ်အမြစ်ပိုင်ရှင်များသည် ခန္ဓာကိုယ်ထဲတွင် ယင် သို့မဟုတ် ယန်ဓာတ် ပိုများနေခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။
ယင်နှင့်ယန် မျှချေမညီခြင်းသည် ကျင့်ကြံရာတွင် ခက်ခဲမှုကိုနှစ်ဆဖြစ်သွားစေသည်။ ဒါကြောင့်ပဲ မှားယွင်းသည့်ဝိဉာဉ်အမြစ်ရှိကြသူများကို ပင်ကိုပါရမီအဆင့်နိမ့်သည်ဟု သတ်မှတ်ထားကြခြင်းဖြစ်သည်။
ထို့အပြင် ကျင့်ကြံရေးပင်ကိုပါရမီအပြောင်မြောက်ဆုံးသော ဒြပ်စင်ပါးပါး သန့်စင်သောယန်ဝိဉာဉ်အမြစ်နှင့် ဒြပ်စင်ငါးပါးသန့်စင်သောယင်ဝိဉာဉ်အမြစ်ဟူ၍လည်း ရှိသေးသည်။
သို့သော်လည်း ထိုသို့သောပါရမီမျိုးနှင့်ကျင့်ကြံသူများသည် ဒြပ်စင်ငါးပါးသန့်စင်သောယန်ကျင့်ကြံခြင်းနည်းစနစ် သို့မဟုတ် ဒြပ်စင်ငါးပါးသန့်စင်သောယင်ကျင့်ကြံခြင်းနည်းစနစ်များကို အမြင့်ဆုံးအခြေအနေအထိ ကျင့်ကြံဖို့ရန်လိုအပ်ပေသည်။
ကံမကောင်းစွာဖြင့် လက်ရှိ အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကတွင် ထိုသို့သောကျင့်ကြံခြင်းနည်းစနစ်မျိုး ဘယ်ဂိုဏ်း ဘယ်မျိုးနွယ်စုမှာမှ မရှိသလောက်ပင်။
ဒါကြာင့်ပဲ…
လက်ရှိကျင့်ကြံရေးလောကတွင် ဒြပ်စင်ငါးပါးသန့်စင်သောယန်ဝိဉာဉ်အမြစ်ပါရမီရှင်နှင့် ဒြပ်စင်ငါးပါးသန့်စင်သောယင်ဝိဉာဉ်အမြစ်ပါရမီရှင်တို့သည် အဆင့်အနိမ့်ဆုံးဝိဉာဉ်အမြစ်ပိုင်ရှင်များအဖြစ်သာ သတ်မှတ်ခံထားရပေသည်။
ဤအချက်အလက်များသည် စနစ်က သူ့ကို ယင်ယန်ဒြပ်စင်ငါးပါးဝိဉာဉ်အမြစ်ပေးပြီးနောက်တွင်မှ သူ့စိတ်ထဲ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။
အခုဆို သူ့တွင် ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်ကိုကျင့်ကြံရန်အတွက် အကောင်းဆုံးပါရမီရှိသွားပေပြီ။ အခုချိန် ပြန်ကျင့်ကြံကြည့်လျှင် ယခင်နှင့်ဘယ်လိုကွာခြားချက်ရှိလာမည်လဲကိုတော့ သူမပြောနိုင်ပေ။
ထို့ကြောင့် ကျန်းချန်ရွှမ်တစ်ယောက် မျက်လုံးများကိုမှိတ်ကာ သူ၏စစ်မှန်သောအဆီအနှစ်ကို လှည့်ပတ်လိုက်ပြီး အတွေးများကို အကောင်အထည်ဖော်လိုက်တော့သည်။
လတဝက်ခန့်ကြာပြီးနောက်…
ကျန်းချန်ရွှမ်တစ်ယောက် အံ့ဩမှုအပြည့်ဖြင့် မျက်လုံးများပြန်ဖွင့်လာခဲ့သည်။
လက်ရှိအခိုက်အတန့်တွင် သူကျင့်ကြံခဲ့သည့် ဒြပ်စင်ငါးပါးစစ်မှန်သောကျင့်ကြံခြင်းနည်းစနစ်၏သဘာဝသည် ယခင်နှင့်ကွာခြားသွားကြောင်း သိရှိသွားခဲ့ပေပြီ။
ပထမဆုံးအနေနှင့် သူ့ကိုယ်တွင်းရှိစစ်မှန်သောအဆီအနှစ်၏ အရည်အသွေးနှင့်ပမာဏသည် ယခင်ထက် သုံးဆလောက်အထိ ပိုများလာခဲ့သည်။
၎င်းမှာ သာမာန်အခြေတည်တတိယအဆင့်မှကျင့်ကြံသူတစ်ယောက်တွင်ရှိသည့် စစ်မှန်သောအဆီအနှစ်၏အရည်အသွေး၊ ပမာဏနှင့်ညီမျှပေသည်။ ထို့အပြင် သူ့ကျင့်ကြံဆင့်တိုးလာသည်နှင့်မျှ ၎င်းသည်လည်း ဆက်လက်တိုးများနေဆဲပင်။
ထို့အပြင် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကိုကျင့်ကြံခြင်းမှ ရရှိခဲ့သည့် စစ်မှန်သောအဆီအနှစ်သည် သူ၏ဒြပ်စင်ငါးပါးမန္တာန်များ၏ စွမ်းအားကို တစ်ဆမှ နှစ်ဆအထိ တိုးမြှင့်သွားစေပြန်သည်။
ယခင်က တခါမှအိပ်မက်ပင်မမက်ဖူးသည့်အခြေအနေမျိုးဖြစ်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံခြင်းနည်းစနစ်များသည် သူနှင့်သဘာဝတူညီသည့်မန္တာန်များ၏စွမ်းအားကို တဝက်လောက်သာ တိုးမြင့်သွားစေသည်။ ကျန်းချန်ရွှမ်ကတော့ နှစ်ဆပင်တိုးသွားခြင်းဖြစ်သည်။
တကယ်ကို ရူးချင်စရာပဲ!
ဒါတင်မကသေး သူလက်ရှိ တွေ့ရှိထားသည့်အချက်များမှာ တစ်ပိုင်းတစ်စလောက်သောဖြစ်ပြီး နောက်ထပ်ထူးခြားသည့်အချက်များရှိဦးမည်ဟုလည်း ကျန်းချန်ရွှမ် ခံစားနေမိသေးသည်။
“ဟားဟား.. ဟားဟားဟား!”
အခုချိန်မှာတော့ ကျန်းချန်ရွှမ်တစ်ယောက် သူ၏စိတ်လှုပ်ရှားနေသည့်ခံစားချက်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ ဂူထဲတွင် အကျယ်ကြီးအော်ရယ်နေမိတော့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၇ ။ တာဝန် (၁)
ရက်အနည်းကြာပြီးနောက်..
ကျန်းချန်ရွှမ်၏ ကျောက်ဂူနံရံပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ထိုကျောက်နံရံသည် ကြောက်မက်ဖွယ်ရာ အအေးဓာတ်များဖြင့်ဖုံးလွှမ်းသွားကာ ဂူတစ်ခုလုံး၏အပူချိန်သည်လည်း ရုတ်ချည်းကျဆင်းသွားခဲ့သည်။
ဤကဲ့သို့အခြေအနေမျိုးတွင် ကျန်းချန်ရွှမ်၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင်တောင်မှ အရိုးထိတိုက်အေးစက်မှုကို ခံစားမိနေဆဲဖြစ်သည်။ ထို့အပြင် သူ၏နတ်အာရုံက အေးခဲတော့မတတ်ဖြစ်နေကာ ဓားချက်များဖြင့်အထိုးခံရသလို နာကျင်မှုမျိုးကိုလည်း ခံစားနေရသေးသည်။
ထိုအလင်းတန်းသာ တစ်ယောက်ယောက်အပေါ် တိုက်ရိုက်ထိခတ်သွားမည်ဆိုလျှင် ဘယ်လောက်တောင်မှ နာကျင်မှုဝေဒနာခံစားရမည်လည်း မှန်းဆကြည့်၍ပင်ရပေပြီ။
ဒါကတော့ ကျန်းချန်ရွှမ်တစ်ယောက် ကျွမ်းကျင်သွားသည့် ပထမဆုံး အဆင့် ၂ မန္တာန်၊ ပြီးပြည့်စုံသည့်အဆင့်သို့ရောက်အောင်ကျင့်ကြံနိုင်ခဲ့သည့် တစ်ခုတည်းသောမန္တာန် - အာတိတ်နတ်အလင်းတန်းပင်!
ဒါပေါ့ ပြီးပြည့်စုံသည့်မန္တာန်ကျောက်စိမ်းအမွေအနှစ်၏အစွမ်းကြောင့်ပါပဲ။
ဤမန္တာန်ကိုရွတ်လိုက်သည်နှင့် အခြေတည်နှောင်းပိုင်းအဆင့်မှကျင့်ကြံသူဆိုလျှင်တောင်မှ ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။
ဒါ့အပြင် ပြဿနာတစ်ရပ်ရှိသေးသည်။ ၎င်းကတော့ အာတိတ်နတ်အလင်းတန်းသည် စစ်မှန်သောအဆီအနှစ်အမြောက်အမြားကို အသုံးပြရခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်၏ ယင်ယန်ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကိုကျင့်ကြံခြင်းမှ ရရှိထားသည့် စစ်မှန်သောအဆီအနှစ် ပမာဏဖြင့်ဆိုလျှင်ပင် အာတိတ်နတ်အလင်းတန်းကို နှစ်ကြိမ်သာရွတ်နိုင်မည်ဖြစ်သည်။
သူ့မှာ အခြားရွေးချယ်စရာမရှိသည့်အခါမျိုးမှလွဲ၍ ဤမန္တာန်ကို ကျန်းချန်ရွှမ် ပေါ့ပေါ့ဆဆအသုံးပြုလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း အာတိတ်နတ်အလင်းတန်းကိုအသုံးမပြုလျှင်တောင်မှ ကျန်းချန်ရွှမ်၏ စစ်မှန်သောအဆီအနှစ်ခွန်အားနှင့် အလယ်အဆင့် (အဆင့် ၂) ဓမ္မရတနာ ကျီယန်ဓားဖြင့်ဆိုလျှင် အခြေတည်အလယ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အပြတ်အသတ်တိုက်ခိုက်နိုင်ပါသေးသည်။
ထိုသို့ဖြင့် ကျန်းချန်ရွှမ်တစ်ယောက် အခြေတည်အဆင့်တွင် အခြေခံတချို့နှင့် သူ့ကိုယ်သူကာကွယ်နိုင်မည့် စွမ်းရည်တချို့ရှိသွားသည်။ နောက်ဆက်ပြီး အေးအေးဆေးဆေး ကျင့်ကြံရမည့်အချိန်ပင်။
မျက်စိတမှိတ်အတွင်းမှာပဲ နောက်ထပ်အချိန်နှစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကျန်းချန်ရွှမ်၏ကျင့်ကြံဆင့်သည် အခြေတည်ပထမအဆင့်၏အတားအဆီးသို့ရောက်သည်အထိ တိုးတက်လာခဲ့သည်။ ဤအရှိန်နှုန်းသည် ကောင်းကင်ဝိဉာဉ်အမြစ်ရှိသည့် ကျင့်ကြံသူများထက် မနိမ့်ကျဘဲ တကယ်တမ်း ပိုတောင် ကောင်းသည်ဟု ဆို၍ရသည်..
ပုံမှန်အခြေအနေမျိုးဆိုလျှင် အခြေတည်ပထမအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် အတားအဆီးကိုရောက်နိုင်ဖို့ရန် အနည်းဆုံး ၇နှစ်မှ ၈နှစ်အထိ အချိန်ပေးရသည်။ ထိုထက် ကျင့်ကြံနှုန်းနှေးကွေးသည့်လူများဆိုလျှင် ဆယ်နှစ်မကပင်ကြာသွားတတ်သည်။
ထို့အပြင် အဆင့် ၂ အဆောင်ပြုလုပ်နည်းများရေးထွင်းထားသည့် ကျောက်စိမ်းပြားလည်းရှိသေးသည်။
ကျန်းချန်ရွှမ်တစ်ယောက် အားလပ်ချိန်များတွင် ထိုအဆောင်ပြုလုပ်နည်းများကို လေ့လာဖို့ရန်လည်း မမေ့လျော့ခဲ့ပေ။
အဆင့်မြင့် (အဆင့် ၁) ရွှေဓားအဆောင်၊ အဆင့်မြင့် (အဆင့် ၁) သစ်သားချပ်ဝတ်အဆောင်၊ အဆင့်မြင့် (အဆင့် ၁) ပေါက်ကွဲမီးတောက်အဆောင် စသည်ဖြင့် အဆောင်အချို့ကိုပင် ကြိုးစားရေးဆွဲခဲ့ပြီး အားလုံးလည်းအောင်မြင်ခဲ့ပေသည်။
ဒါတင်မကသေး အဆင့်နိမ့် (အဆင့် ၂) အဆောင်များလည်း ကြိုးစားကြည့်ခဲ့သေးသည်။
အဆင့်နိမ့် (အဆင့် ၂) ပြန်လည်နုပျိုခြင်းအဆောင်၊ အဆင့်နိမ့် (အဆင့် ၂) ပူးကပ်အဆောင် နှင့် အဆင့်နိမ့် (အဆင့် ၂) ဝိဉာဉ်စုဆောင်းရေးအဆောင်တို့ဖြစ်ကာ အကြိမ်ပေါင်းများစွာ ကြိုးစားရေးဆွဲခဲ့သော်လည်း တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။
ထိုအခါမှ သူ၏ အဆောင်ပြုလုပ်ခြင်းဆိုင်ရာအတွေ့အကြုံက မလုံလောက်သေးမှန်း နားလည်သွားခဲ့သည်။ သူဒါကိုလေ့လာဖို့ ပိုပြီးအချိန်ပေးဖို့လိုအပ်သည်။
ကံမကောင်းစွာဖြင့် အဆောင်လုပ်နည်းလေ့ကျင့်ခြင်းသည် လိုအပ်သည့်ရင်းမြစ်ပမာဏ အင်မတန်မြင့်မားပေသည်။
အနည်းဆုံး ကျန်းချန်ရွှမ်၏လက်ရှိအနေအထားဖြင့်တော့ သူ့မှာ ဆက်ပြီးလေ့ကျင့်ဖို့နည်းလမ်းမရှိနေပေ။ သူ အပြင်ထွက်ပြီး အရင်းအမြစ်တွေပိုရှာမှဖြစ်ပေတော့မည်။
ထို့အပြင် လက်ရှိတွင် သူ့ကျင့်ကြံရေးလမ်းကြောင်းသည်လည်း အတားအဆီးဖြင့်ကြုံနေရပြီဖြစ်တာကြောင့် သူအပြင်ထွက်ဖို့အချိန်ရသွားပေပြီ။
ဒါကြောင့် ကျန်းချန်ရွှမ်တစ်ယောက် အကာအကွယ်စည်းကိုမကာ ကျီယန်ဓားကိုဆွဲပြီး ရှန်းမျိုးနွယ်စု၏အဓိကနယ်မြေဆီသို့ပျံသန်းသွားခဲ့သည်။
အတော်ဝေးဝေးပျံသန်းလာပြီးနောက်တွင်တော့ ကျန်းချန်ရွှမ်နှင့်သိပ်မဝေးတော့ ရှန်းမျိုးနွယ်စုအဓိကနယ်မြေသို့ အလင်းတန်းတစ်ခုကလည်း ဦးတည်နေသည်ကိုတွေ့လိုက်ရသည်။
ထိုအလင်းတန်းသည်လည်း ကျန်းချန်ရွှမ်ကိုမြင်ပုံရကာ သူ့ထံသို့ ဦးတည်ရာပြောင်းလိုက်သည်။
ထိုအလင်းတန်းနီးကပ်လာချိန်တွင် တခြားသူမဟုတ်ဘဲ သူနှင့်ရင်းနှီးသည့် ရှန်းရူယန်သာဖြစ်ကြောင်း မြင်လိုက်ရသည်။ သို့သော်လည်း လွန်ခဲ့သည့် သုံးနှစ်ကနှင့်ယှဉ်လျှင် ရှန်းရူယန်၏အရှိန်အတွသည် သိသိသာသာကို ပိုပြီးသန်မာလာခဲ့သည်။
သူမအဆင့်တက်သွားတာလား?
ကျန်းချန်ရွှမ်တွေးနေတုန်းမှာပဲ ရှန်းရူယန်က သူ့ရှေ့သို့ရောက်လာပြီဖြစ်ကာ ပြုံးပြလာသည်။
“အကြီးအကဲကျန်း၊ မတွေ့တာကြာပေါ့။ ဒီအတောအတွင်း ဘယ်လိုနေလဲ?”
“မဆိုးပါဘူး။ အကြီးအကဲရူယန်ကတော့ မတွေ့တာကြာတဲ့အတောအတွင်း အဆင့်တောင်တက်သွားတဲ့ပုံပဲ။ တကယ်ကို ဂုဏ်ပြုထိုက်ပါတယ်။”
“ဟဟ၊ အကြီးအကဲကျန်းကတော့ မြှောက်ပင့်နေပါပြီ။”
ရှန်းရူယန်က စိတ်အခြေအနေကောင်းနေပုံရကာ ပြုံးပြုံးရယ်ရယ်ဖြင့်ရှိနေသည်။
“ဒါနဲ့ အကြီးအကဲကျန်းကရော ဘယ်သွားမလို့လဲ?”
တဖက်ကမေးလာတာကြောင့် ကျန်းချန်ရွှမ်လည်း ဖုံးကွယ်မနေဘဲ ပြန်ဖြေလိုက်သည်။
“ကျုပ် တာဝန်ခန်းမကိုသွားပြီး သင့်တော်မယ့်တာဝန်ရှိမလား သွားကြည့်မလို့ပါ။”
“အို၊ ရှင် တာဝန်လုပ်ချင်လို့လား?”
ရှန်းရူယန် မျက်လုံးများတောက်သွားလေသည်။
“မကြာသေးခင်ကတင် တာဝန်ကောင်းတစ်ခုကို တွေ့ထားလို့ ကျွန်မနဲ့အတူလုပ်နိုင်မယ့်လူကိုရှာဖို့ စိတ်ကူးနေတာ။ အကြီးအကဲကျန်း၊ စိတ်ဝင်စားလား?”
ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား အနည်းငယ်စိတ်ရှုပ်ထွေးဟန်ဖြင့်ကြည့်လိုက်ပြီးနောက် “အကြီးအကဲကျန်း၊ ခင်ဗျားပြောတဲ့တာဝန်အကြောင်း အသေးစိတ်ကိုပြောပြလို့ရမလား?”
“ရတာပေါ့။”
ရှန်းရူယန် အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။
“တာဝန်ခန်းမကို လမ်းလျှောက်သွားရင်းပြောကြရအောင်။ ကျွန်မလည်း တာဝန်ကို လက်မခံရသေးဘူး။ အကြီးအကဲကျန်း နားထောင်ကြည့်ပြီးလို့ ကျွန်မနဲ့အတူလုပ်ဆောင်ဖို့ဆန္ဒရှိရင် နှစ်ယောက်အတူ တာဝန်ကိုလက်ခံကြတာပေါ့။”
ထို့နောက် ရှန်းရူယန်က ကျန်းချန်ရွှမ်အား တာဝန်အကြောင်းပြောပြလာခဲ့သည်။
သိပ်မကြာခင်တုန်းက ရှန်းမျိုးနွယ်စု၏အုပ်ချုပ်မှုနယ်မြေအောက်မှ ကူယန်မြို့ဟုခေါ်သော မြို့တစ်မြို့တွင် အဆင့် ၂ နတ်ဆိုးသားရဲအနည်းငယ်က ဘယ်နေရာကမှန်းမသိထွက်ပေါ်လာခဲ့သည်။ တခါတရံ ကူယန်မြို့သို့ အဝင်အထွက်လုပ်သည့်လူတချို့ကိုလည်း တိုက်ခိုက်ခဲ့ကြသေးသည်။
မကြာလိုက်ပါဘဲ သေမျိုးလူသား အယောက်ရာနှင့်ချီအောင် သေဆုံးသွားခဲ့လေသည်။
မကြာသေးခင်အချိန်ကတော့ ၎င်းတို့သည် အဆင့် ၁ နတ်ဆိုးသားရဲ ရာကျော်ကိုဦးဆောင်ကာ ကူယန်မြို့ကို တည့်တိုးတိုက်ခိုက်လာ၏။ ကံကောင်းစွာဖြင့် ကူယန်မြို့ကို အဆင့် ၂ အစီအရင်ဖြင့်ကာကွယ်ထားခြင်းဖြစ်တာကြောင့် ကြီးကြီးမားမားဆုံးရှုံးမှုမဖြစ်သွားခဲ့ပေ။
သို့သော်လည်း ဤအတိုင်းသာဆက်သွားလျှင် ကူယန်မြို့တစ်မြို့လုံး ဝန်းရံပိတ်ဆို့ခံရပေတော့မည်။ ပြောရလျှင် ကူယန်မြို့တစ်မြို့လုံးတွင် အဆင့်အမြင့်ဆုံးကျင့်ကြံသူဟူ၍ ပြီးပြည့်စုံသည့် ချီသန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူများသာရှိခြင်းကြောင့် ထိုအဆင့် ၂နှင့် အဆင့် ၁ နတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုကို အဆင့် ၁ အကာအကွယ်အစီအရင်ဖြင့်သာ တောင့်ခံနိုင်ကြခြင်းဖြစ်သည်။
ထို့ကြောင့် တမြန်နေ့ကပဲ၊ ကူယန်မြို့ကနေပြီး ရှန်းမျိုးနွယ်စုထံသို့ ထိုနတ်ဆိုးသားရဲများကို သုတ်သင်ရှင်းလင်းရန်အတွက် အခြေတည်အဆင့်ကျင့်ကြံသူများပို့ပေးဖို့ အကူအညီတောင်းစာ ပို့ခဲ့လေသည်။
ရှန်းရူယန်၏ တာဝန်အကြောင်းရှင်းပြချက်ကိုကြားပြီးနောက် ကျန်းချန်ရွှမ်၏ပထမဆုံးတုံ့ပြန်မှုမှာ သံသယဝင်မိခြင်းဖြစ်သည်။ ဤအရှုပ်အထွေး၏နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုတစ်ခုခုရှိမရှိကို သူတွေးနေမိသည်။
ပြောရလျှင် အဆင့် ၂ နတ်ဆိုးသားရဲအနည်းငယ်က ဘာကြောင့်များ အဆင့် ၁ နတ်ဆိုးသားရဲအုပ်ကြီးကိုဦးဆောင်ကာ ကူယန်မြို့ကို ရုတ်တရက်လာတိုက်ရတာလဲ?
သူဘယ်လိုပဲ တွေးကြည့်တွေးကြည့် ထူးဆန်းနေလေသည်။ ကြားထဲမှာ အဓိပ္ပါယ်မရှိသည့်ဟာကွက်အများအပြားရှိနေသည်။
ကျန်းချန်ရွှမ်သည် ဘေးကင်းလုံခြုံဖို့ကိုဦးစားပေးပြီး စွန့်စားရသည့်ကိစ္စမျိုးကို မနှစ်သက်သူဖြစ်သည်။ ထို့ကြောင့် သူ၏ဒုတိယတုံ့ပြန်မှုကတော့ ထိုသို့သောအန္တရာယ်များလှသည့်အခြေအနေထဲ သူ့ကိုယ်သူ ပစ်မဝင်ချင်ခြင်းပင်။
သို့သော်လည်း ထိုအချိန်မှာပဲ စနစ်၏အသံက သူ့စိတ်ထဲ ရုတ်တရက်ပေါ်လာခဲ့ပြန်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၈ ။ တာဝန် (၂)
[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ ကျေးဇူးပြုပြီး ပထမဆုံးသော အဆင့် ၂ နတ်ဆိုးသားရဲတစ်ကောင်ကို တတ်နိုင်သမျှအမြန်ဆုံး Host။]
ကျန်းချန်ရွှမ်တစ်ယောက် ဆွံ့အလို့သွားရသည်။
အခုတင်ပဲ ရှန်းရူယန်၏ဖိတ်ကြားချက်ကို ငြင်းဖို့ကြံနေတုန်းမှာပဲ စနစ်က သူ့ကို ဒီလိုတာဝန်မျိုးပေးလာခဲ့သည်။ ထို့အပြင် စနစ်က သူ့ကို အမြန်ဆုံးတောင်မှ ပြီးအောင်လုပ်စေချင်နေသေးပြန်သည်။
တကယ်ပဲ အမြန်ဆုံးဆိုတာကို ဘာကိုပြောချင်တာလဲ?
ကျန်းချန်ရွှမ်၏အတွေးကိုကြားသွားသလိုပဲ စနစ်က ချက်ချင်းအဖြေပြန်ပေးလာခဲ့သည်။
[Host၊ ဒီတာဝန်ကို သုံးရက်အတွင်းပြီးဆုံးအောင် ဆောင်ရွက်ပါ။ မဟုတ်ရင် ကျရှုံးတယ်လို့သတ်မှတ်ပါမယ်။]
သုံးရက်?
ကျန်းချန်ရွှမ် ပို၍ပင် ဆွံ့အသွားရသည်။
စနစ်က သူ့ကို ရှန်းရူယန်နှင့်အတူပူးပေါင်းပြီး တာဝန်ကိုလုပ်ဆောင်စေချင်နေတာပင်။ မဟုတ်ရင် ဒီလောက်အချိန်တိုလေးအတွင်း အဆင့် ၂ နတ်ဆိုးသားရဲတစ်ကောင်က သူကဘယ်လိုလုပ်သတ်နိုင်မှာတဲ့လဲ?
သတ်နိုင်မယ်ဆိုရင်တောင်မှ တစ်ဖက်ကအခြေအနေကိုဘာမှမသိဘဲ သူကတော့ မသွားရဲပါဘူးနော်။
ကျန်းချန်ရွှမ်တစ်ယောက် အတွေးများနေပြီးနောက် ရှန်းရူယန်ကိုကြည့်လိုက်ကာ၊
“အကြီးအကဲရူယန်၊ ဒီနတ်ဆိုးသားရဲတွေက ကူယန်မြို့ပြင်မှာ ဘာကြောင့်ပေါ်လာရလဲ ခင်ဗျားသိထားပြီလား?”
“ကျွန်မလည်း မသိသေးဘူး။” ရှန်းရူယန် ခေါင်းအသာယမ်းလိုက်သည်။ “အကြောင်းအရင်းကို ရှာဖွေရတာလည်း ဒီတစ်ခေါက် ကျွန်မတို့တာဝန်ရဲ့တစိတ်တပ်ိုင်းပဲ။ အကြောင်းအရင်းကိုသိရတာနဲ့ နတ်ဆိုးသားရဲတွေကိုမသုတ်သင်နိုင်ရင်တောင် ကျွန်မတို့ မျိုးနွယ်စုထောက်ပံ့မှုအမှတ်တွေအများကြီးရနိုင်သေးတယ်။”
မျိုးနွယ်စုထောက်ပံ့မှုအမှတ်ဟူသည် ရှန်းမျိုးနွယ်စုအတွင်းပိုင်းရှိ ထူးခြားသောယန္တရားတစ်ခုဖြစ်သည်။ ရှန်းမျိုးနွယ်စုမှ ဘယ်သူမဆို ထောက်ပံ့မှုအမှတ်ကိုသုံးပြီး ရင်းမြစ်များကိုလဲလှယ်နိုင်ပေသည်။
ကျင့်ကြံခြင်းနည်းစနစ်မှသည် ဆေးလုံးများအထိ၊ နတ်လက်နက်များမှသည် အဖိုးတန်ပစ္စည်းများအထိ ရှန်းမျိုးနွယ်စုမှာရှိသည့်အရာဖြစ်နေသ၍ မျိုးနွယ်စု၏ထောက်ပံ့မှုအမှတ်ကိုသုံးကာ လဲလှယ်နိုင်မည်ဖြစ်သည်။
အရေးအကြီးဆုံးအချက်ကတော့ ရှန်းမျိုးနွယ်စုလို ကျီဖုအဆင့်မျိုးနွယ်စုကြီး၏လက်ထဲတွင်ရှိသည့် ကျင့်ကြံရေးဆိုင်ရာအရင်းအမြစ်များသည် ပြင်ပလောကရှိလေလွင့်ကျင့်ကြံသူများ တွေးဆနိုင်သည်ထက်ကိုများပြားကာ တန်ဖိုးကြီးလှပေသည်။
မင်းမှာ ဝိဉာဉ်ကျောက်တုံးအလုံအလောက်ရှိနေရင်တောင်မှ ဝယ်လို့ရနိုင်သည့်အရာများမဟုတ်ပေ။ ဒါကပဲ မျိုးနွယ်စုများနှင့်ဂိုဏ်းများထဲဝင်ခြင်းက လေလွင့်ကျင့်ကြံသူဖြစ်ရခြင်းထက် အကြီးမားဆုံးအကျိုးကျေးဇူးဖြစ်နေခြင်းပင်။
ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ တာဝန်ခန်းမသို့ ရောက်ရှိလာခဲ့ကြသည်။
ရှန်းမျိုးနွယ်စုမှတပည့်တချို့က သူတို့ကိုမြင်သည်နှင့် တလေးတစားဦးညွှတ်နှုတ်ဆက်ကြသည်။
ရှန်းရူယန်ကိုတော့ ပထမဒေါ်လေး၊ ဒုတိယဒေါ်လေး၊ အကြီးအကဲရူယန် စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြပြီး ကျန်းချန်ရွှမ်ကိုတော့ တမျိုးတည်းသာ ခေါ်ကြပေသည်။
အကြီးအကဲကျန်း။
သေချာပေါက်ကိုပဲ သုံးနှစ်တာအတောအတွင်း ရှန်းမျိုးနွယ်စုမှတပည့်များစွာသည် သူတို့မျိုးနွယ်စုထဲသို့ ကျန်းမျိုးရိုးအမည်ဖြင့် အကြီးအကဲတစ်ယောက် ရောက်ရှိနေကြောင်း သိထားကြပြီးဖြစ်သည်။
ကျန်းချန်ရွှမ်လည်း အငယ်များကိုပြန်နှုတ်ဆက်လိုက်သည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ အားလုံးကိုပြန်နှုတ်ဆက်ရင်းဖြင့်ပဲ တာဝန်များထုတ်ပြန်ရာနှင့် ပေးအပ်ရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ရှန်းရူယန်ကာ ကျောက်စိမ်းပြားတစ်ပြားကိုယူကာ စစ်ကြည့်လိုက်ပြီးနောက် ကျန်းချန်ရွှမ်ဘက်သို့ ပြန်လှည့်လိုက်ကာ၊ “ရပြီ၊ ဒီတာဝန်ပဲ။ အကြီးအကဲကျန်း အရင်ကြည့်လိုက်ပါဦး”
ရှန်းရူယန်ကပြောရင်း တာဝန်ကျောက်စိမ်းပြားကို ကျန်းချန်ရွှမ်ထံပေးလိုက်သည်။
ကျန်းချန်ရွှမ် ကျောက်စိမ်းပြားကိုယူလိုက်ပြီးနောက် သူ့နဖူးပေါ်သို့တင်လိုက်လေသည်။ မကြာလိုက်ပါဘဲ တာဝန်နှင့်ပတ်သတ်သည့် သက်ဆိုင်ရာအချက်အလက်များကို ဖတ်ပြီးသွားခဲ့သည်။
အစောပိုင်းက ရှန်းရူယန် သူ့ကိုပြောပြခဲ့သည့်အချက်များနှင့် သိပ်မကွာပေ။ တစ်ခုတည်းသောပြောစရာကတော့ တာဝန်မှရရှိလာမည့် ဆုကြေးသာဖြစ်သည်။ သူသာ တာဝန်ကိုပြီးမြောက်သ၍ မျိုးနွယ်စုထောက်ပံ့မှုအမှတ် တစ်ထောင်ရရှိမည်ဖြစ်သည်။
တကယ်လို နောက်ကွယ်ကအကြောင်းအရာကိုဖော်ထုတ်နိုင်လျှင်တောင်မှ ထောက်ပံ့မှုအမှတ် လေးရာရရှိဦးမည်ဖြစ၍ စုစုပေါင်း ဆုကြေးအနေနှင့် ထောက်ပံ့မှုအမှတ် ၁၄၀၀ ပေးမှာဖြစ်သည်။
မျိုးနွယ်စု၏ထောက်ပံ့မှုအမှတ် ၁၄၀၀က ဘယ်လောက်တန်ကြေးရှိမလဲ?
ရိုးရိုးရှင်းရှင်း ဝိဉာဉ်ကျောက်တုံးဖြင့်သာတွက်လျှင် ဝိဉာဉ်ကျောက်တုံး ၁၄၀၀ နှင့်ညီမျှပေသည်။
သို့သော်လည်း မျိုးနွယ်စု၏ထောက်ပံ့မှုအမှတ်များသည်က ထိုဝိဉာဉ်ကျောက်တုံးများထက် အဆများစွာပို၍ အဖိုးတန်လှသည်။
ဘယ်သူကမှ ထောက်ပံ့မှုအမှတ်ကို ဝိဉာဉ်ကျောက်တုံးဖြင့်လဲလောက်သည်အထိ မတုံးအပေ။
ဒီဥပမာနဲ့ သိပ်မရှင်းသေးဘူးထင်ရင်တော့ ဒါဆိုလဲ ဓမ္မရတနာတွေ၊ ဆေးလုံးတွေ၊ တခြားအရင်းအမြစ်တွေနဲ့ ဥပမာပေးပြရတာပေါ့။
ပုံမှန်အားဖြင့်ဆိုရလျှင် အဆင့်နိမ့် (အဆင့် ၂) ဓမ္မရတနာတစ်ခုသည် ဝိဉာဉ်ကျောက်တုံး ၆၀၀မှ ၈၀၀ အထိတန်ကြေးရှိသည်။ သို့သော်လည်း မျိုးနွယ်စုထောက်ပံ့မှုအမှတ်ကိုသုံးပြီး လဲလှယ်မည်ဆိုလျှင်တော့ ထိုမျှအများကြီးလိုအပ်မည်မဟုတ်ပေ။
မျိုးနွယ်စုထောက်ပံ့မှတ်နှင့်လဲလှယ်သည့် မည်သည့်ပစ္စည်းအတွက်မဆို ပြင်ပထက် ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ သက်သာပေသည်။
တနည်းပြောရလျှင်တော့ အဆင့်နိမ့် (အဆင့် ၂) ဓမ္မရတနာတစ်ခုသည် ထောက်ပံ့အမှတ်ဖြင့်ဆိုလျှင် အမှတ် ၄၀၀ မှ ၆၀၀အတွင်းသာ ကျသင့်မည်ဖြစ်သည်။
ဤဆုကြေး ထောက်ပံ့အမှတ် ၁၄၀၀ ဖြင့်ဆိုလျှင် အဆင့်နိမ့် (အဆင့် ၂) ဓမ္မရတနာ ၃ခုအထိတောင် ဝယ်နိုင်ပေလိမ့်မည်။
ဒါ့အပြင် နတ်ဆိုးသားရဲများကိုသတ်ဖြတ်ခြင်းဖြင့်ရရှိလာမည့် ကျင့်ကြံအားကိုထည့်မတွက်ရသေးပေ။
ကျန်းချန်ရွှမ်လို အလွန်သတိထားသည့်စရိုက်မျိုးနှင့်လူတောင်မှ နှစ်ယောက်ခွဲယူရမည်ကို သိသော်လည်း ဤမျှရက်ရောသည့်ဆုကြေးမျိုး၏ သွေးဆောင်ခြင်းကို ခံလိုက်ရပေသည်။
သို့သော်လည်း နှစ်ယောက်ခွဲယူရမည်ဆိုလျှင်ပင် ရှန်းမျိုးနွယ်ထံမှ အဆင့်နိမ့် (အဆင့် ၂) ဓမ္မရတနာတစ်ခုလောက်တော့ လဲလှယ်ဖို့လုံလောက်ပေဦးမည်။
“ဘယ်လိုလဲ? အကြီးအကဲကျန်း၊ ရှင်ကျွန်မနဲ့အတူ ဒီတာကိုလုပ်ချင်လား?”
ထိုအချိန်မှာပဲ ရှန်းရူယန်က ကျန်းချန်ရွှမ်ကိုလှည့်ကြည့်ကာ အပြုံးလေးဖြင့်မေးလာခဲ့သည်။
ကျန်းချန်ရွှမ်လည်း ခဏလောက်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“လုပ်တာပေါ့၊ ဒါပေမယ့် ကျုပ်တို့ ဆုကြေးကို ဘယ်လိုခွဲကြမလဲ?”
ကျန်းချန်ရွှမ်ကတော့ ဆုကြေးကိစ္စမျိုးကို လုပ်ငန်းမစခင်ကတည်းက ရှင်းရှင်းလင်းလင်းပြောထားသင့်သည်ဟု ခံစားရသည်။ ဤကဲ့သို့ကိစ္စမျိုးကြောင့်ဖြင့် မိတ်ဆွေချင်း ကျောမခိုင်းလိုပေ။
ကျန်းချန်ရွှမ်အနေနှင့် ကျင့်ကြံရေးလောကတွင် နှစ်တစ်ရာကျော်ကြာအောင် နေထိုင်ခဲ့ပြီးဖြစ်တာကြောင့် ဤကဲ့သို့အလားတူအဖြစ်အပျက်များကို မရေမတွက်နိုင်အောင် မြင်တွေ့ဖူးပြီးဖြစ်သည်။
ရှန်းရူယန်သည်လည်း ထိုအကြောင်း ဟိုးအစောကတည်းက စဉ်းစားထားပြီးပုံရသည်။ ကျန်းချန်ရွှမ်၏အမေးကိုကြားသည်နှင့် သူမကပြုံးလိုက်ကာ ချက်ချင်းအဖြေပြန်ပေးလာခဲ့သည်။ “ကျွန်မတို့ နှစ်ယောက်တည်းပဲဆိုတော့ တစ်ယောက်တစ်ဝက်ခွဲကြရင်ရော?”
ထိုသို့ဆိုလျှင် သူမက ကျန်းချန်ရွှမ်ကို အကူအညီပေးချင်နေမှန်း သိသာလှသည်။
အကြောင်းကတော့ ရှန်းရူယန်သည် အခြေတည် စတုတ္ထအဆင့်တွင်ရှိကာ ကျန်းချန်ရွှမ်ကတော့ အခြေတည်ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ပြောရလျှင် တစ်ယောက်က အခြေတည် အလယ်အဆင့်တွင်ရှိပြီး ကျန်တစ်ယောက်သည်တော့ အခြေတည်အစောပိုင်းအဆင့်တွင်သာရှိသေးသည်။
များများစားစားတွေးနေရန်ပင်မလိုဘဲ ဤကဲ့သို့ ညီတူညီမျှ ဆုကြေးခွဲဝေခြင်းသည် ကျန်းချန်ရွှမ်အတွက် အကျိုးအမြတ်ပိုများသည်မှာ ထင်ရှားနေတော့သည်။
ကျန်းချန်ရွှမ်လည်း သူမ၏ကြင်နာမှုကို ငြင်းပယ်မနေဘဲ ချက်ချင်းခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီလေ၊ ကျုပ်တို့ဘယ်အချိန်စထွက်ကြမလဲ?”
သူ့စိတ်ထဲ စနစ်ကပေးသည့်တာဝန်အကြောင်းက ရှိနေသေးတာကြောင့် အမြန်ဆုံးစထွက်နိုင်လျှင် အကောင်းဆုံးပင်။
“မနက်ဖြန်မနက်ထွက်ကြတာပေါ့။ ကျွန်မ ရှင့်ကို မနက်ဖြန်မနက်ကျရင် ဒီနေရာမှာပဲ စောင့်နေမယ်လေ။ ဘယ်လိုလဲ?”
ရှန်းရူယန်က ခဏလောက်တွေးကြည့်ပြီးနောက် ပြန်ဖြေလာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကျန်းချန်ရွှမ်ကတော့ ခေါင်းယမ်းလိုက်သည်။
“ကျုပ်အထင်တော့ အခုပဲစထွက်ကြတာကောင်းမယ်။ မြန်မြန်ဖြေရှင်းပြီးလေ ကောင်းလေပဲ။ ဒီလိုဆို ကူယန်မြို့ကလူတွေလည်း စောစောစီးစီးအေးချမ်းသွားရုံမကဘူး ကျုပ်တို့လည်း ကြိုတွက်မရတဲ့ အပြောင်းအလဲဖြစ်နိုင်ချေတွေကို ရှောင်ရှားနိုင်တာပေါ့။
ဘာပဲဖြစ်ဖြစ် ကူယန်မြို့ရဲ့အကာအကွယ်အစီအရင်က ဒီကြားထဲ ဘာမှမဖြစ်သွားပါဘူးလို့ ကျုပ်တို့ဘယ်သူမှ အာမခံနိုင်တဲ့အရာမဟုတ်ဘူးလေ။”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၁၉ ။ ကူယန်မြို့သို့ရောက်ရှိခြင်း
ကျန်းချန်ရွှမ် ထိုသို့ပြောလာလိမ့်မည်ဟု ရှန်းရူယန်လုံးဝမမျှော်လင့်ထားတာကြောင့် ကြားကြားခြင်းအံ့ဩတကြီးဖြစ်သွားပြီးမှသာ ပြုံး၍ ခေါင်းညိတ်လာခဲ့သည်။
“အကြီးအကဲကျန်းပြောတာ မှန်ပါတယ်။ ဒါဆိုလည်း ကျွန်မတို့ ထပ်ပြီးအချိန်ဆွဲမနေကြတော့ရအောင်။”
အစကတော့ ကျန်းချန်ရွှမ်ကို ပြင်ဆင်မှုတချို့ပြုလုပ်ရန်အတွက် သူမအချိန်ပေးလိုခဲ့ခြင်းဖြစ်သော်လည်း ကျန်းချန်ရွှမ်ဘက်ကအရင် အချိန်မနှောင့်နှေးလိုကြောင်းပြောလာခြင်းဖြစ်၍ သူမဘက်က ပိုလို့တောင်မှ ပျော်ပျော်ကြီးသဘောတူလိုက်တော့သည်။
သို့ပါသော်လည်း ကျန်းချန်ရွှမ်ပြောသည်က အဓိပ္ပါယ်ရှိကြောင်း သူမနားလည်ပေသည်။ သူတို့အချိန်ထပ်ဆွဲလျှင် အခြေအနေအပြောင်းအလဲတွေရှိလာနိုင်သည်။ သူတို့ မဖြေရှင်းနိုင်သည့်တစ်စုံတစ်ခုသာဖြစ်သွားခဲ့လျှင် ပြဿနာက ပိုကြီးသွားပေလိမ့်မည်။
ထိုသို့ဖြင့်..
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ တာဝန်ကို အတူတကွလက်ခံကာ အချိန်ဆွဲမနေဘဲ တာဝန်ခန်းမမှထွက်ပြီး ရှန်းမျိုးနွယ်စုမှ ပျံသန်းထွက်ခွာခဲ့ကြသည်။
ရှန်းမျိုးနွယ်စုနှင့်ကူယန်မြို့သည် မိုင်တစ်သောင်းခန့်ကွာဝေးသည်ကြောင့် နေ့တဝက်မတိုင်ခင်မှာပဲ နှစ်ဦးသား ကူယန်မြို့ကောင်းကင်ယံသို့ ရောက်ရှိသွားကြတော့သည်။
သို့သော်လည်း သူတို့နှစ်ဦးရောက်ရှိသွားသည်နှင့် အဆင့် ၁ နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာက အကာအကွယ်အစီအရင်ကို တိုက်ခိုက်နေကြောင်း မြင်လိုက်ကြရသည်။
အဆင့် ၁ နတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုသည် အဆင့်နိမ့် (အဆင့် ၂) အကာအကွယ်အစီအရင်တစ်ခု ကြီးကြီးမားမားထိခိုက်မှုမဖြစ်စေပါသော်လည်း အချိန်ကြာကြာဆက်တိုက်ဖြစ်နေရင်တော့ဖြင့် မြို့တွင်းရှိ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများအတွက် ဝန်ပိုကြီးလာပေလိမ့်မည်။
ပြောရလျှင် အဆင့်နိမ့် (အဆင့် ၂) အကာအကွယ်အစီအရင်တစ်ခုကို ထိန်းသိမ်းရသည်က စွမ်းအင်နှင့်အရင်းအမြစ်အမြောက်အများလိုအပ်ပေသည်။ မြို့တွင်းမှ ကျင့်ကြံသူများ၏ စစ်မှန်သောအဆီအနှစ်များ ကုန်ဆုံးသွားလျှင် သို့မဟုတ် မြို့တွင်းမှ ဝိဉာဉ်ကျောက်တုံးများ သုံးကုန်သွားလျှင် ထိုအဆင့် ၂ အကာအကွယ်အစီအရင်သည်လည်း အချိန်တိုအတွင်း ရပ်တန့်သွားပေလိမ့်မည်။
အထူးသဖြင့် ဤကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်လာရလျှင် သူတို့အနေနှင့် တန်ပြန်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။
မြို့တွင်းရှိ ချီသန့်စင်ခြင်းကျင့်ကြံသူများအနေနှင့် အဆင့် ၂ နတ်ဆိုးသားရဲဒါဇင်ကျော်၏ဝန်းရံတိုက်ခိုက်မှုကို မခုခံနိုင်သည်ကို မပြောနှင့်ဦး။ သူတို့ ခုခံနိုင်မည်ဆိုလျှင်တောင်မှ သူတို့မြို့ထဲကထွက်ပြီး တိုက်ခိုက်သည်နှင့် အမှောင်ထဲတွင် ပုန်းနေသည့် အဆင့် ၂ နတ်ဆိုးသားရဲများသည် အခွင့်ကောင်းယူကာ သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ကြလိမ့်မည်။
ထိုသို့သာဖြစ်လာလျှင် ချီသန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူမှန်သမျှ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။
အခြေအနေက အလွန်အရေးကြီးနေကြောင်း နားလည်လိုက်ပြီးနောက် ရှန်းရူယန်၏မျက်ဝန်းများအတွင်း အေးစက်မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားခဲ့သည်။
သူမက စကားတစ်ခွန်းပင်ဆိုမနေတော့ဘဲ သူမ၏သွယ်လျသော လက်ချောင်းများကို အောက်သို့ညွှန်လိုက်သည်နှင့် ချက်ချင်းဆိုသလို ငွေဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ..
ဘုန်း ဘုန်း ဘုန်း!
၎င်းက အမြှောက်ဆံတွေ မြေပေါ် ပစ်လိုက်သလိုပင်။ မျက်စိတ်တမှိတ်အတွင်းမှာပဲ ကူယန်မြို့ကိုဝိုင်းထားသည့် အဆင့် ၁ နတ်ဆိုးသားရဲ ဒါဇင်ကျော်မှာ မီးသွေးတုံးများအဖြစ် ပြောင်းလဲသွားတော့သည်။
ကျန်းချန်ရွှမ်၏မျက်လုံးများလည်း ကျဉ်းမြောင်းသွားခဲ့သည်။
လျှပ်စီးမန္တာန်ပဲ!!
ကြည့်လိုက်ရင် အန္တရာယ်ကင်းပုံပေါ်သည့် ရှန်းရူယန်သည် ဤကဲ့သို့ ပြင်းထန်သည့်မန္တာန်တစ်ခုကို ကျွမ်းကျင်နေလိမ့်မည်ဟု သူတကယ်ကို မမျှော်လင့်ထားခဲ့ပေ။
အားလုံးသိကြသည့်အတိုင်း လျှပ်စီးမန္တာန်များသည် မန္တာန်အားလုံးထဲတွင် အားအကောင်းဆုံး၊စွမ်းအားအကြီးဆုံး မန္တာန်များဖြစ်ကြသည်။ ၎င်းကို လေ့ကျင့်ဖို့ခက်ခဲသလို ဆရာအဆင့်ကျွမ်းကျင်ဖို့ဆို ပို၍ပင်ခက်ခဲလှသည်။
ပင်ကိုပါရမီမြင့်လွန်းတာမျိုး၊ လျှပ်စီးမန္တာများကို လေ့ကျင့်ရန် အထူးသင့်လျော်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးရှိတာမျိုးမဟုတ်လျှင် သာမာန်လူတစ်ယောက်အတွက် လျှပ်စီးမန္တာန်များကို ရှန်းရူယန်လိုအဆင့်မျိုးရောက်အောင်လေ့ကျင့်နိုင်ဖို့ အလွန်ခက်ခဲပေသည်။
ကျန်းချန်ရွှမ်မှာ မေးချင်သည်များရှိနေကြောင်း သိနေသလိုပင် ရှန်းရူယန်ကအရင် သူ့ကိုလှည့်ကြည့်ကာ ရှင်းပြလာခဲ့သည်။
“ဒါက ရှန်းမျိုးနွယ်စုရဲ့ အဆင့် ၂ လျှပ်စီးမန္တာန်လေ။ ကျွန်မမှာ လျှပ်စီးဝိဉာဉ်အမြစ်ရှိလို့ လျှပ်စီးမန္တာန်တွေမှာ တော်တယ်လေ။ မန္တာန်အသက်သွင်းဖို့တွေမလိုဘဲ ချက်ချင်းပင်ပစ်လွှတ်နိုင်တဲ့အထိပဲ။”
လျှပ်စီးဝိဉာဉ်အမြစ်တဲ့လား?
ရှန်းရူယန်၏ဝိဉာဉ်အမြစ်သည် လျှပ်စီးဝိဉာဉ်အမြစ်ဖြစ်နေလိမ့်မည်ဟု ကျန်းချန်ရွှမ် မထင်ထားခဲ့ပေ။
ပုံမှန်အခြေအနေအတိုင်းဆိုလျှင် ကျင့်ကြံသူတစ်ယောက်၏ဝိဉာဉ်အမြစ်သည် ဒြပ်စင်ငါးပါးသာဖြစ်သည်။ ထိုဒြပ်စင်ငါးပါးစွမ်းရည်အချိုးကသာ ကွဲပြားသွားခြင်းပင်။
ဒြပ်စင်တစ်ခုတည်းပါသည့်ဝိဉာဉ်အမြစ်ကိုတော့ ကောင်းကင်အဆင့်ဝိဉာဉ်အမြစ်ဟုခေါ်ကြသည်။ ၎င်းသည် ကျင့်ကြံရေးအတွက် အထူးပါရမီရှိခြင်းပင်။
သို့သော်လည်း ဒါတင်မကသေး ဒြပ်စင်ငါးမဟုတ်သည် ဝိဉာဉ်အမြစ်တချို့လည်းရှိသေးသည်။ ဥပမာအားဖြင့် ရှန်းရူယန်လိုမျိုး လျှပ်စီးဝိဉာဉ်အမြစ်၊ လေဝိဉာဉ်အမြစ်၊ ရေခဲဝိဉာဉ်အမြစ် စသည်တို့ပါဝင်သည်။
ထိုဝိဉာဉ်အမြစ်များသည် ဒြပ်စင်ငါးပါးထဲကမဟုတ်တာကြောင့် မူကွဲဝိဉာဉ်အမြစ်များဟု ခေါ်ကြသည်။ ထိုသို့သောဝိဉာဉ်အမြစ်ရှိသည့် ကျင့်ကြံသူများသည် ကျင့်ကြံမှုအလားအလာတွင် ကောင်းကင်အဆင့်ဝိဉာဉ်အမြစ်ပိုင်ရှင်များထက်သာ နိမ့်ပေသည်။
ထိုဝိဉာဉ်အမြစ်ပိုင်ရှင်အများစုသည် ကျီဖုအဆင့်ကိုအောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ကြသည်။ သူတို့မှာသာ ကြီးမားသည့်အခွင့်အရေး၊ ဇွဲလုံ့လနှင့် နားလည်နိုင်စွမ်းသာရှိလျှင် ရွှေအမြုတေအဆင့်ကိုချိုးဖြတ်နိုင်ဖို့ပင် အခွင့်အရေးရှိသည်။
လက်ရှိတွင်တော့ မြို့တွင်းရှိကျင့်ကြံသူများသည် လေထဲရှိ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကို သတိထားမိသွားကြပြီဖြစ်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြတော့သည်။
“အဲ့ဒါ ရှန်းမျိုးနွယ်စုက အခြေတည်အဆင့်စီနီယာကြီးတွေပဲ!”
“ရှန်းမျိုးနွယ်စုက ငါတို့ကို ကူညီဖို့ လူတွေလွှတ်လိုက်ကြပြီ!”
“မြန်မြန်လေး အစီအရင်ကိုဖွင့်ပေးလိုက်ကြ!”
….
သူတို့အောက်ရှိမြို့ထဲမှလူများ၏ ဝမ်းသာအော်ဟစ်သံများကို ကူယန်မြို့ကောင်းကင်ယံတွင်ရပ်နေကြသည့် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ ကြားကြသော်လည်း မြို့ထဲကိုဝင်ဖို့ အလျင်မလိုခဲ့ပေ။ လောလောဆယ် မြို့အပြင်ခပ်လှမ်းလှမ်းရှိနေရာတစ်ခုကိုသာ သူတို့နှစ်ယောက် အာရုံစိုက်ကြည့်နေကြလေသည်။
ထိုနေရာတွင် အဆင့် ၂ နတ်ဆိုးသားရဲ၏အရှိန်အဝါကို သူတို့ခံစားမိ၍ပင်။
သို့သော်လည်း ခဏလောက်တွေးကြည့်ပြီးနောက် ထိုနေရာသို့ အစောတလျင် မပျံသန်းသွားကြဘဲ ကူယန်မြို့သို့သွားသွားလိုက်ကြသည်။
ကူယန်မြို့၏ မြို့အရှင် ရှန်းချွမ်ဟိုင်သည် ချက်ချင်းပင် ချီသန့်စင်ခြင်းကျင့်ကြံသူအုပ်စုကို ဦးဆောင်ကာ ရောက်လာခဲ့သည်။
ရှန်းချွမ်ဟိုင်ကတော့ ရှန်းမိသားစုကနေပြီး ကူယန်မြို့ကိုစောင့်ရှောက်ရန် လွှတ်ထားသူဖြစ်ကာ အခုဆို အသက် ၇၆နှစ်ရှိပြီဖြစ်ပြီး ပြီးပြည့်စုံသည့်ချီသန့်စင်ခြင်းအဆင့်သို့ရောက်နေသူလည်းဖြစ်သည်။ ပြောရရင်တော့ သူ့ရဲ့တာအိုလမ်းကြောင်းက ဆက်လက်တိုးတက်ဖို့ရာ လမ်းမမြင်တော့ပေ။
အခုချိန်မှာတော့ ရှန်းချွမ်ဟိုင်သည် လေးစားမှုအပြည့်ဖြင့် စိတ်အားထက်သန်စွာ နှုတ်ဆက်လာသည်။
“အကြီးအကဲတို့၊ မြို့ပြင်ကနတ်ဆိုးသားရဲတွေကို ကူရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အကြီးအကဲတို့လည်း ခရီးပန်းကြရောပေါ့။ ကျွန်တော့်ရဲ့စံအိမ်မှာ ခဏလောက် လာနားကြပါလား။”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဘက်က ကန့်ကွက်လာခြင်းမရှိတာကြောင့် မကြာလိုက်ပါဘဲ ဤအုပ်စုသည် ကူယန်မြို့အတွင်းရှိ ရှန်းချွမ်ဟိုင်၏စံအိမ်သို့ ရောက်ရှိသွားခဲ့ကြသည်။
စံအိမ်ထဲမှအစေခံများက စိတ်ဝိဉာဉ်လက်ဖက်ရည်နှင့်အချိုပွဲများယူဆောင်လာပေးပြီးနောက်တွင်တော့ ရှန်းရူယန်က ရှန်းချွမ်ဟိုင်ကို ကြည့်လိုက်ကာ၊
“မြို့အရှန်ချွမ်ဟိုင်၊ အကြောင်းအရာအသေးစိတ်ကို ကျွန်မတို့ကိုပြောပြပေးပါလား။
ဒါနဲ့ ကျွန်မက ရှန်းရူယန်ပါ။ ရှင် ကျွန်မကို အကြီးအကဲရူယန်လို့ ခေါ်လို့ရတယ်။
ဒီ ကျွန်မဘေးကလူကတော့ ရှန်းမျိုးနွယ်စုရဲ့ဧည့်အကြီးအကဲ ကျန်းချန်ရွှမ်ပါ။ သူ့ကို အကြီးအကဲကျန်းလို့ပဲ ခေါ်လို့ရတယ်။”
ရှန်းရူယန်က မိတ်ဆက်ပေးပြီးနောက် စိတ်ဝိဉာဉ်လက်ဖက်ရည်တစ်ငုံယူသောက်လိုက်သည်။
ရှန်းရူယန်က မေးလာပြီဖြစ်တာကြောင့် ရှန်းချွမ်ဟိုင်လည်း ချက်ချင်းပင် ကူယန်မြို့၏လက်ရှိအခြေအနေကို ပြောပြလာခဲ့သည်။
လက်ရှိအခြေအနေကတော့ သူတို့သိထားပြီးသားနှင့် သိပ်မကွာလှပေ။ သို့သော်လည်း ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကို အာရုံစိုက်မိသွားစေသည့် ကိစ္စတချို့တော့ရှိသည်။
ပြီးခဲ့သည့်ညက၊ ကူယန်မြို့မှ ကီလိုမီတာဒါဇင်ကျော်ကွာဝေးသည့်နေရာတွင် ပြင်းထန်သည့်ဝိဉာဉ်အလင်းတန်းတစ်ခု ငါးမိနစ်ခန့် ထွက်ပေါ်လာခဲ့သည်။
ထိုငါးမိနစ်အတောအတွင်း အနီးအနားရှိနတ်ဆိုးသားရဲများ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြပုံပင်။ ကူယန်မြို့အတွင်းရှိ ရှန်းချွမ်ဟိုင်နှင့် တခြားကျင့်ကြံသူများကတော့ ဘာတွေဖြစ်သွားလည်း မသိလိုက်ကြပေ။
သို့သော်လည်း ဒီနေ့မနက်မှာတော့ အဆင့် ၁ နတ်ဆိုးသားရဲဒါဇင်ကျော် ကူယန်မြို့သို့ ရောက်ရှိလာကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မရှင်းပစ်ခင်အထိ ဆက်တိုက်တိုက်ခိုက်လာခဲ့ကြသည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်သည်လည်း ထိုအခြေအနေအကြောင့် စိတ်ရှုပ်ထွေးသွားကြရသည်။
သို့ပေမယ့် ဤတခေါက် အဆင့် ၂ နတ်ဆိုးသားရဲများ ရုတ်တရက်ပေါ်လာရခြင်းက ပြီးခဲ့သည့်ညက ပုံမှန်မဟုတ်သည့်ဖြစ်ရပ်နှင့် ဆက်စပ်နေလောက်သည်ဟု အလိုလိုခံစားမိလိုက်ကြသည်။
ထိုသို့တွေးမိလိုက်သည်နှင့် ရှန်းရူယန်က ကျန်းချန်ရွှမ်ဘက်သို့ ချက်ချင်းလှည့်လာကာ၊ “အကြီးအကဲကျန်း၊ ကျွန်မတို့ ဒီည အဲ့ဒီနေရာကိုသွားကြည့်ကြရင်မကောင်းဘူးလား?”
ကျန်းချန်ရွှမ် ပြန်ဖြေတော့မည့်အချိန်မှာပဲ ရုတ်တရက် အပြင်မှနေပြီး တစ်စုံတစ်ယောက်က တုန်လှုပ်ချောက်ချားနေသည့်အမူအရာဖြင့် ပြေးဝင်လာခဲ့သည်။
“မကောင်း… မကောင်းတော့ဘူး! နတ်..နတ်ဆိုးသားရဲတွေ၊ သူတို့.. သူတို့.. သူတို့ ထပ်လာကြပြန်ပြီ!
အရမ်းများတယ်၊ နတ်ဆိုးသားရဲတွေ အများကြီးပဲ!”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၂၀ ။ ကြက်သွေးရောင်မီးတောက်ကင်းမြွေ
“ဘာပြောတယ်?”
သတင်းစကားကိုကြားသည်နှင့် မြို့အရှင်ရှန်းချွမ်ဟိုင်တစ်ယောက် ချက်ချင်းမတ်တပ်ထရပ်မိသွားသည်။
“တကယ်ပဲဘာတွေဖြစ်ကုန်တာလဲ? ရှင်းရှင်းလင်းလင်းပြောစမ်း!”
တဖက်လူက ရှန်းချွမ်ဟိုင်၏အရှိန်အဝါကြောင့် အနည်းငယ်ကြောက်လန့်သွားပုံပေါ်သော်လည်း သူ့ကိုယ်သူအားတင်းကာ ပြန်ဖြေလာခဲ့သည်။
“မြို့အရှင်၊ ကျွန်တော်လည်း ဘာတွေဖြစ်သွားမှန်းမသိပါဘူး။ ရာနဲ့ချီတဲ့နတ်ဆိုးသားရဲတွေ ရုတ်တရက်ကြီး ဒီကိုဦးတည်လာနေတာပဲသိတာပါ။ ပြီးတော့ အဲ့ထဲမှာ အဆင့် ၂ နတ်ဆိုးသားရဲ ၃ကောင်လည်းပါသေးတယ်။”
“ဘာ?”
ရှန်းချွမ်ဟိုင်၏အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်သည်လည်း လေးနက်နေသည့်အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အဆင့် ၂ နတ်ဆိုးသားရဲသုံးကောင်က ရာနဲ့ချီတဲ့ အဆင့် ၁ နတ်ဆိုးသားရဲများကိုဦးဆောင်ပြီး ကူယန်မြို့ကို ရုတ်တရက်လာရောက်တိုက်ခိုက်ခြင်းပင်။ သေချာပေါက် ပုံမှန်မဟုတ်သည့်တစ်စုံတစ်ရာဖြစ်နေကြောင်း ထင်ရှားလှသည်။
“အကြီးအကဲတို့…”
ထိုအချိန်မှာပဲ ရှန်းချွမ်ဟိုင်က ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဘက်က ပြန်လှည့်ကာ တုန့်ဆိုင်းနေသည့်အမူအရာဖြင့် ပြောလာခဲ့သည်။
“အခုအခြေအနေတွေက အရေးပေါ်ဖြစ်နေပြီ။ အကြီးအကဲတို့နှစ်ယောက်လည်း ကျွန်တော်တို့နဲ့အတူတခါတည်းလိုက်ပြီး အခြေအနေကိုစစ်ပေးလို့ရမလား?
ကိစ္စတစ်ခုခုဖြစ်လာရင် ခင်ဗျားတို့ရဲ့အကူအညီကိုလိုလာနိုင်လို့ပါ။”
“သွားကြတာပေါ့။”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့လည်း အချိန်ဖြုန်းမနေခဲ့ဘဲ ချက်ချင်း သဘောတူလိုက်သည်။
နတ်ဆိုးသားရဲအုပ်ကြီးသာ ကူယန်မြို့ကို အမှန်တကယ်တိုက်ခိုက်ပြီဆိုလျှင် သူတို့နှစ်ဦးကတော့ သေချာပေါက်အန္တရာယ်မရှိနိုင်ကြောင်း သေချာသိကြပေသည်။ သို့သော်လည်း ကူယန်မြို့အတွင်းရှိ သေမျိုးလူသားထောင်ချီနှင့် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများသည်တော့ အသက်ရှင်လျက်လွတ်မြောက်နိုင်ရန် ခက်ခဲလှသည်။
ထိုသို့သော ဆုံးရှုံးမှုမျိုးကို ရှန်းမျိုးနွယ်စုကလည်း လက်မခံနိုင်ပေ။
မကြာခင်မှာပဲ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ရှန်းချွမ်ဟိုင်နှင့် အခြားသောကျင့်ကြံသူများသည် ကူယန်မြို့၏မြို့ရိုးထက်တွင် ပေါ်ထွက်လာခဲ့ကြသည်။
ကံကောင်းစွာဖြင့် မြို့ရိုးကိုစောင့်ရှောက်နေသည့်ကျင့်ကြံသူများသည် လျင်လျင်မြန်မြန်တုံ့ပြန်နိုင်ခဲ့ကြသည်။
အန္တရာယ်အငွေ့အသက်ကိုခံစားမိကြသည်နှင့် မြို့၏အဆင့် ၂ အကာအကွယ်အစီအရင်ကို ချက်ချင်းအသက်သွင်းခဲ့ကြခြင်းပင်။
အစီအရင်ကိုတာဝန်ယူထားသူကတော့ ကောချင်းယန်ဟုခေါ်သည့် ချီသန့်စင်ခြင်းနဝမအဆင့်မှကျင့်ကြံသူဖြစ်ပြီး မြို့အရှင် ရှန်းချွမ်ဟိုင်ပြီးလျှင် ပြီးပြည့်စုံသည့်ချီသန့်စင်ခြင်းအဆင့်သို့ရောက်ရှိနေသည့် တစ်ဦးတည်းသူလည်းဖြစ်သည်။
လက်ရှိတွင်တော့ သူ့အခြေအနေက ကောင်းပုံမပေါ်ပေ။ မျက်နှာမှာဖြူဖျော့နေပြီး ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောအဆီအနှစ်သည်လည်း ပျောက်ကွယ်နေကာ နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ခုလည်းရှိလို့နေသည်။
သိသိသာသာကိုပဲ ဤချီသန့်စင်ခြင်းနဝမအဆင့်ကျင့်ကြံသူသည် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားခြင်းပင်။
“အစ်ကိုကော၊ ဘယ်လိုနေလဲ? ခင်ဗျား အဆင်ပြေရဲ့လား?” ကာချင်းယန်ကိုမြင်လိုက်သည်နှင့် ရှန်းချွမ်ဟိုင်က စိုးရိမ်တကြီးမေးလိုက်သည်။
တပြိုင်နက်တည်း ကောချင်းယန်ဆီမှ အစီအရင်ထိန်းသိမ်းသည့်တာဝန်ကိုပါ လွှဲပြောင်းယူလိုက်သည်။
ကောချင်းယန်လည်း အလျင်စလို သူ့စိတ်ထဲမှ ဆေးတစ်လုံးကိုထုတ်ယူကာ မြိုချလိုက်ပြီး တအောင့်လောက်နေကာမှ အားတင်းပြုံးကာ စကားပြောနိုင်ခဲ့သည်။
“အဆင်ပြေသွားပြီ။ ဒါပေမယ့် ကူယန်မြို့ရဲ့အခြေအနေကတော့ မကောင်းဘူး။”
ကောချင်းယန်က မြို့ကိုကိုလှမ်းကြည့်လိုက်သည်။
လက်ရှိအချိန်တွင် ကူယန်မြို့အပြင်ဘက်၌ အဆင့် ၁ နတ်ဆိုးသားရဲရာချီက အကာအကွယ်အစီအရင်ကို အရူးအမူးတိုက်ခိုက်နေကြတာကြောင့် အစီအရင်မှာ တုန်ခါနေလေသည်။ အဆင့် ၁ နတ်ဆိုးသားရဲများ၏နောက်တွင်တော့ ကင်းမြီးကောက်ခေါင်းနှင့် မြွေခန္ဓာကိုယ်ရှိသည့် နတ်ဆိုးသားရဲ ၃ ကောင်က ရပ်နေခဲ့သည်။
တစ်ကောင်ချင်းစီတိုင်းသည် ၅မီတာမှ ၆ မီတာအထိရှည်လျားကြသည်။ ၎င်းတို့၏ကိုယ်ထည်ကို သတ္တုလိုအခွံမျိုးဖြင့် ဖုံးကာထားပြီး ကြီးမားသည့်အနီရောင်ညှပ်လက်မကြီးတစ်စုံက အဖွဲ့အပိတ်လုပ်နေခြင်းကနေ သတ္တုပြားနှစ်ပြားပွတ်ဆွဲသံလိုမျိုး အသံများထွက်ပေါ်နေသည်။
၎င်းတို့၏ခန္ဓာကိုယ်အောက်ပိုင်းရှိ မြွေခန္ဓာကိုယ်ကြီးသည်လည်း အဆက်မပြတ်တွန်လိမ်လို့နေသည်။ ထိုကြီးမားသည့်အမြီးကြီး မြေပြင်ပေါ်ရိုက်ချလိုက်တိုင်း မြေပြင်ထက်တွင် ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့စေသည်။
ထိုနတ်ဆိုးသားရဲကတော့ - ကြက်သွေးရောင်မီးတောက်ကင်းမြွေပင်!
“ဂျီ!!”
ရုတ်တရက် အဆင့် ၂ ကြက်သွေးရောင်မီးတောက်ကင်းမြွေ သုံးကောင်က စိတ်မရှည်ဟန်ဖြင့် ဟိန်းဟောက်လာကြပြီး တပြိုင်တည်း လေပေါ်သို့တက်ကာ ကူယန်မြို့သို့ တိုက်ခိုက်ကြလေသည်။
တခဏတွင်းမှာပင် ၎င်းတို့၏ကြီးမားသည့်လက်မကြီးများကနေတဆင့် ပူပြင်းတောက်လောင်နေသည့် မီးလုံးကြီးများထွက်ပေါ်လာသည်။
ထိုမီးလုံးများ အဆင့် ၂ အအကာအရံပေါ်သို့ကျသွားသည်နှင့် ချက်ချင်းဆိုသလို အစီအရင်မျက်နှာပြင်ထက်တွင် လှိုင်းများထလာသည်။ အစီအရင်ကို ထောက်ကန်ပေးထားနေသည့် ရှန်းချွမ်းဟိုင်သည်၏မျက်နှာသည်လည်း ချက်ချင်းဖြူဖျော့လို့သွားတော့သည်။
အခြေတည်အဆင့်မှတိုက်ခိုက်မှုမျိုးသည် သူ့အတွက်တော့ တောင့်ခံရန် အလွန်တရာခက်ခဲလှပေသည်။ ထို့အပြင် ၎င်းက တစ်ခါတည်းမဟုတ် သုံးခါဆက်တိုက်ဖြစ်နေသေးသည်။
ဒါ့အပြင် အခြားအဆင့် ၁ နတ်ဆိုးသားရဲများ၏ အဆက်မပြတ်တိုက်ခိုက်နေမှုများပါပေါင်းလိုက်ချိန်မှာတော့ ရှန်းချွမ်းဟိုင် ထပ်ပြီးတောင့်ခံမနေနိုင်တော့ဘဲ နဖူးတွင် ချွေးအေးများစို့လာတော့သည်။
“အကြီးအကဲကျန်းက ဒီမှာပဲစောင့်ကြည့်နေလိုက်ပါ။ ကျွန်မ သူတို့နဲ့သွားကစားပေးလိုက်ဦးမယ်။”
ထိုအချိန်မှာပဲ ရှန်းရူယန်က ကျန်းချန်ရွှမ်ကို လှည့်ပြောလိုက်သည်။
ကျန်းချန်ရွှမ် ခဏလောက်တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ၊
“ကောင်းပြီလေ။ ဒါဆိုလည်း အကြီးအကဲရူယန် ဂရုစိုက်ပါ။ မင်းတစ်ယောက်တည်းမနိုင်ဘူးထင်ရင် ကိုယ့်ကိုယ်ကို အရမ်းတွန်းအားမပေးပါနဲ့။”
“သိပြီ။”
ရှန်းရူယန် လက်ခံလိုက်ပြီးနောက် ချက်ချင်းဆိုသလို မိုးကြိုးသွားတစ်စင်းနှယ် ကူယန်မြို့ အကာအရံထဲမှ တိုးထွက်သွားခဲ့သည်။
ရုတ်တရက်ကြီး လေထဲသို့ရောက်ရှိလာသည့် မိုးကြိုးသွားသဏ္ဍာန်ကြောင့် အပြင်ဘက်ရှိ နတ်ဆိုးသားရဲများမှာ အချိန်မီမတုံ့ပြန်လိုက်နိုင်ပေ။
ထိုပုံရိပ်ပေါ်လာပြီးနောက် ချက်ချင်းပင် ငွေဖြူရောင်လျှပ်စီးများ ကျဆင်းလာပြီး ကူယန်မြို့ကို ရူးသွပ်စွာတိုက်ခိုက်နေကြသည့် အဆင့် ၁ နတ်ဆိုးသားရဲပေါင်းဒါဇင်ကျော်မှာ ချက်ချင်းပင် မီးသွေးတုံးများအဖြစ်ပြောင်းလဲသွားပြီး နောက်ထပ် နတ်ဆိုးသားရဲအတော်များများသည်တော့ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။
ရုတ်တရက်အပြောင်းအလဲကြောင့် ထိတ်လန့်တကြားပြေးလွှားကြရင်း ကူယန်မြို့အပြင်ဘက်ရှိ နတ်ဆိုးသားရဲအုပ်ကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်တော့သည်။
ရှန်းရူယန်ကသည် ထိုအဆင့်နိမ့်နတ်ဆိုးသားရဲများအပေါ်တွင်သာ အချိန်ဖြုန်းမနေဘဲ လျှပ်တပြတ်အတွင်းမှာပင် အဆင့် ၂ ကြက်သွေးရောင်မီးတောက်ကင်းမြွေများရှေ့သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
“ဝှီး!”
သူမ၏သွယ်လျသည့်လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည်နှင့် ကြက်သွေးရောင်မီးတောက်ကင်းမြွေသုံးကောင်၏ ဦးခေါင်းထက်တွင် ငွေရောင်လျှပ်စီးများတဖျတ်ဖျတ်လက်နေသည့် စည်းတံဆိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းကတော့ ရှန်းရူယန်၏ အလယ်အဆင့် (အဆင့် ၂) ဓမ္မရတနာ မိုးကြိုးစည်းတံဆိပ်ပင်။
ဘုန်း!
ကြက်သွေးရောင်မီးတောက်ကင်းမြွေသုံးကောင်မှာ တောက်ပလွန်းသည့်အလင်းတန်းများကြောင့် မူးဝေသွားပြီးနောက် တခဏချင်းမှာပဲ သူတို့နားထဲ ကျယ်လောင်ကာ ထိတ်လန့်ဖွယ်ကောင်းသည့် မိုးကြိုးပစ်သံက ဝင်ရောက်လာခဲ့သည်။
မူးဝေနေသည့် နတ်ဆိုးသားရဲသုံးကောင်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာကြသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေကိုတုန်လှုပ်စေနိုင်လောက်သည့် နာကျင်ကာ ဒေါသတကြီးဟိန်းဟောက်သံများ ဆူဆူညံညံထွက်လာတော့သည်။
ကြက်သွေးရောင်မီးတောက်ကင်းမြွေတစ်ကောင်ကတော့ လောင်ကျွမ်းသွားကာ ၎င်း၏မာကျောသည့် ကျောခွံမှာ မီးသွေးခဲအဖြစ်သို့ပြောင်းလဲသွားသည်။
ကျန်သည့် ကြက်သွေးရောင်မီးတောက်ကင်းမြွေနှစ်ကောင်သည်တော့ မိုးကြိုးသွားကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်သွားပုံမပေါ်ဘဲ ၎င်းတို့၏အပေါ်ယံအရေပြားအနည်းငယ်သာ မီးကျွမ်းသွားလေသည်။
ကြက်သွေးရောင်မီးတောက်သုံးကောင်ထဲမှ အကြီးဆုံးတစ်ကောင်သည် နားမခံသာလောက်သည့် အော်သံကျယ်ကြီးနှင့်အတူ လျှပ်တပြတ်ဆိုသလို ရှန်းရူယန်ရှေ့သို့ ရောက်ရှိသွားသည်။
ရှန်းရူယန်သည်လည်း ထိုကြက်သွေးရောင်မီးတောက်ကင်းမြွေသည် မိုးကြိုးစည်းတံဆိပ်ကြောင့် တိုက်ခိုက်ခံရပြီးနောက် ဤမျှ အလျှင်အမြန်ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် ထိတ်လန့်သွားလေသည်။
ကံအားလျော်စွာပဲ သူမ၏တုံ့ပြန်မှုသည်တော့ နှောင့်နှေးနေခြင်းမရှိခဲ့ပေ။
ချက်ချင်းဆိုသလို သူမရှေ့တွင် သုံးမြှောင့်ပုံ အနီ၊ အဝါ နှင့် အပြာရောင်ဝိဉာဉ်အလင်းဒိုင်းသုံးခုပေါ်ထွက်လာခဲ့သည်။ ၎င်းကတော့ သူမယူလာသည့် အလယ်အဆင့် (အဆင့် ၂) ဓမ္မရတနာ ဒြပ်စင်သုံးပါးဝိဉာဉ်ဒိုင်းပင်။
ပြင်းထန်သည့်ရိုက်ချက်ကြောင့် ဒိုင်းကာမှာ ပြင်းပြင်းထန်ထန်တုန်ခါသွားသော်လည်း အဆုံးတွင်တော့ ကြက်သွေးရောင်မီးတောက်ကင်းမြွေ၏ အမြီးရိုက်ချက်ကို တားဆီးပေးနိုင်ခဲ့သည်။
သို့သော်လည်း ရှန်းရူယန် စိတ်မအေးနိုင်ခင်မှာပဲ သူမ၏အနောက်ဖက်ကနေပြီး နောက်ထပ် ဒဏ်ရာအနည်းငယ်သာရထားသည့် ကြက်သွေးရောင်မီးတောက်ကင်းမြွေက မီးလုံးကြီးတစ်လုံးမှုတ်ထုတ်ကာ တိုက်ခိုက်လာလေသည်။
***
စာစဉ် ၁ ပြီး၏။