ဘဝသာ မြင်မြင်ချင်းအချစ်ကဲ့သို့ လှပခဲ့လျှင်...
Vol. 54 Ch. 746
ယောက်ျားရင့်မာကြီးတစ်ယောက်က လွယ်လွယ်နှင့် ငိုခဲသည်။
စုမင်က တော်ရုံတန်ရုံဆို ငိုခဲသော်လည်း ယနေ့တွင် သူ ရှိုက်ကြီးတငင်ငိုချလိုက်သည်။ သူ့မျက်ရည်များက သူ့ပါးပြင်ပေါ်သို့ စီးကျလာသည်။ သူက ပျက်စီးသွားသောနဝမမြောက်တောင်ထွဋ်ကိုကြည့်ရင်း သူ့အတွက်အသက်ပေးဆပ်ခဲ့သောလူများ၏မျက်နှာက အစီအရီပြန်ပေါ်လာလေသည်။
သူက ပိုင်စုနှင့်ယွီရွှမ်၏မျက်နှာကိုပါ ပြန်မြင်ယောင်နေလေသည်။
ဤအရာအားလုံးက ပင်လယ်လေညင်းနှင့် လွင့်မျောသွားပြီး ပြာများနှင့် မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက အင်မော်တယ်များကို ခါးခါးသီးသီး မုန်းတီးခဲ့သည်။ သူ့ကို ယင်မရဏနယ်မြေ၏ပါရမီရှင်ကလေးဖြစ်စေချင်သော ယင်မရဏတစ်ပိုင်းတစ်စလောကကိုလည်း မုန်းလေသည်။
စုမင်က ဆရာကြီးဧ။်ဂူတွင်ရပ်ကာ တခေါခေါ ဟောက်နေသော ဟူကျီ၊ မျက်လုံးမှိတ်ထားသော ဒုတိယအစ်ကိုကို ကြည့်လိုက်သည်။ ထို့နောက် တစ်ကိုယ်လုံး ကျောက်တုံးဖြစ်သွားသေအစ်ကိုကြီးအား ကြည့်လိုက်သည်။ စုမင်က သူတို့ကို တိတ်တဆိတ်ကြည့်ရင်း ငိုနေလေသည်။
စုမင်က အစ်ကိုများကို နောက်ဆုံးတွေ့ခြင်းဖြစ်တာကို သိနေခဲ့သည်။ သူက အရမ်းဝေးသောနေရာကို သွားရတော့မည်။
စုမင်က ဂူအပြင်ဘက်တွင် ရပ်နေပြီး အချိန်အတော်ကြာပြီးနောက်တွင် သူ ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။ ထို့နောက် ဂူရှိရာသို့ ဦးတည်ကာ ကိုးကြိမ်တိုင်တိုင် ရှိခိုးလိုက်သည်။
“အစ်ကိုကြီး.. ဒုတိယအစ်ကို..အစ်ကိုဟူကျီ...အစ်ကိုတို့ပဲ ဆရာကြီးကိုဆက်ရှာပေးကြပါ.. ဆရာကြီး..ကျုပ် စုမင်က တာဝန်မကျေတဲ့တပည့်မိုက်ပါ..”
စုမင်က ငိုယိုရင်း ဒူးထောက်လိုက်သည်။
ခဏကြာတော့ သူ မတ်တတ်ထရပ်လိုက်စဉ် ကြိုးကြာငှက်က အဖြူရောင်ပိတ်စအပိုင်းလေးကို ပေးလိုက်လေသည်။
ထိုပိတ်စမှာ ပိုင်စုသေဆုံးပြီးနောက် ကျန်ရှိခဲ့သောတစ်ခုတည်းသောအကြွင်းအကျန်ဖြစ်သည်။ စုမင်က ပိတ်စကို သူ့ညာလက်ဖြင့် ဖမ်းဆုပ်မထားနိုင်ခဲ့ပေ။သို့သော် ကြိုးကြာငှက်က ပိတ်စလေလွင့်ပြီး ပျောက်ကွယ်မသွားအောင် လုံခြုံစွာ သိမ်းဆည်းထားသည်။
စုမင်က ပိတ်စဖြူကို ငြိမ်သက်စွာကြည့်လိုက်သည်။
နောက်တစ်ရက်အကြာတွင် သူက ကိုးကြိမ်မြောက်တောင်ထွဋ်မှ ထွက်ခွာခဲ့သည်။လွန်ခဲ့သောနှစ်ပေါင်းများစွာက ပင်လယ်အောက်ခြေ၌ကျန်ရှိခဲ့သောဂူတစ်ဂူရှိလေသည်။ ထိုဂူက စုမင်၏လှိုဏ်ဂူဖြစ်ပြီး အပြင်ဘက်တွင် အုတ်ဂူတစ်ခုရှိလေသည်။
ထိုအုတ်ဂူထဲတွင် ပိတ်စဖြူအပိုင်းအစကို မြှုပ်နှံထားပြီး ထိုနေရာက ပိုင်စု၏အုတ်ဂူပင်ဖြစ်သည်။
ယင်မရဏဝဲဂယက်ရှိရှေးကျသောအသံက ပေးထားသည့်ကတိကြောင့် မာန်ပြည်ထောင်ရှိသူ့အစ်ကိုများကို နှောင့်ယှက်နိုင်သည့် စွမ်းအားမရှိတော့ကြောင်း သူ သိလိုက်သည်။
သူ့ဘေးမှာ သူ့ကို တစ်ယောက်တည်း ထွက်သွားခွင့်မပေးသောကြိုးကြာငှက်တစ်ကောင် ရှိလေသည်။ စုမင် ဘာပဲလုပ်လုပ် ၎င်းက တိတ်တဆိတ် လိုက်လာပြီး သူ့အနားမှာနေပေးလေသည်။
ချမ့်ချန်က နဝမမြောက်တောင်ထိပ်မှာရပ်ပြီး စုမင် ထွက်သွားတာကို စောင့်ကြည့်ရင်း ငိုကြွေးခဲ့သည်။ ထိုအချိန်တွင် သူက သူ့စိတ်ဓါတ် လုံးဝခိုင်မာလာရမည်ဟု ကျိန်ဆိုခဲ့သည်။
သူ စုမင်ကို ဘယ်တော့မှ မမေ့နိုင်သလို စိတ်ဓာတ်ကျပြီး ရင်သပ်ရှုမောဖြစ်ခဲ့ရသော နေ့ရက်များကိုလည်း ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။ ယခုအခါ ထိုနေ့ရက်များက အဖိုးတန်သောအမှတ်တရတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။
အရာအားလုံးက မှန်တစ်ချပ်လို ကြေကွဲ ပျက်စီးသွားခဲ့သည်။
ချမ့်ချန်က ငိုပြီး တောင်ပေါ်မှာ ထိုင်လိုက်သည်။
စုမင်က လောကကြီးကို ဖြတ်သန်းခရီးနှင်ခဲ့လေသည်။ သူက ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်စွာဖြင့် လျင်မြန်စွာ ခရီးနှင်လေ၏။ သူက သူ့ကနဦးစွမ်းအားကို လောင်ကျွမ်းစေပြီး သုံးရက်ကြာအောင် ခရီးနှင်ခဲ့သည်။ ထို့နောက် သူက မရဏပင်လယ်ကိုဖြတ်သန်းကာ အနောက်ပိုင်းမဟာမိတ်နယ်မြေသို့ရောက်ရှိခဲ့သည်။
သူ့မှာ အချိန်သိပ်မကျန်တော့ပေ။သူထွက်ခွာမသွားမီ နက်မှောင်တောင် အမှန်တကယ်ရှိမရှိကို သိရှိရန် အနောက်ပိုင်းမဟာမိတ်နယ်မြေသို့ သွားရမည်ဖြစ်သည်။ ထိုနေရာမှာ သူ့မိတ်ဆွေဟောင်းများ ရှိ မရှိကို စစ်ဆေးကြည့်ရမည်ဖြစ်သည်။
အနောက်ပိုင်းမဟာမိတ်နယ်မြေ၏မြေပြင်မှာ အနက်ရောင်ဖြစ်သည်။ ထိုနယ်မြေ၏အစွန်းမှာ တောင်တစ်ခုရှိလေသည်။ ထိုတောင်ကြီးမှာ လက်ချောင်းလေးချောင်းပါသောတောင်နှင့်တူပြီး မြင့်မားစွာ တည်ရှိနေလေသည်။ ထိုတောင်ခြေရင်း၌ မမြင်နိုင်သော တောအုပ်တစ်ခုရှိ လေသည်။
ယခုအချိနမှာ အနောက်ပိုင်းမဟာမိတ်နယ်မြေတွင် ဆောင်းရာသီဖြစ်သည်။ နှင်းများက ကောင်းကင်မှ တဖွဲဖွဲ ကျဆင်းလာကာ အဖြူရောင်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသကဲ့သို့ တောအုပ်ကို မျက်စိပသာဒ ဖြစ်စေလေသည်။ ဖြူဖွေးသောမြေပြင်က မင်္ဂလာပွဲအတွက် ပြင်ဆင်နေပုံရသော်လည်း တစ်ချိန်တည်းမှာပင် အသုဘအခမ်းအနားအတွက် ပြင်ဆင်နေပုံရသည်။
နှင်းတွေကျလာချိန်မှာ စုမင်က သူအမြဲတမ်း လွမ်းဆွတ်နေခဲ့သော နက်မှောင်တောင်ကို ပြန်မြင်ယောင်ပြီး မွေးရပ်မြေဆီကို ရောက်လာခဲ့သည်။
သူ လေ့ချန်ကို ရှာမတွေ့သလို မိတ်ဆွေဟောင်းများကိုလည်း မတွေ့လိုက်ရပေ။ သို့သော် သူ့အမှတ်တရထဲရှိ လှပသောအခိုက်အတန့်များပါဝင်သော တောင်ကြီးကို ရှာဖွေနိုင်ခဲ့သည်။
စုမင်က နက်မှောင်တောင်ကို လှမ်းကြည့်ရင်း သူ့မျက်လုံးထဲတွင် မျက်ရည်များ တစ်ဖန်စီးကျလာသည်။ သူက နက်မှောင်တောင်ပေါ်တွင် လမ်းလျှောက်ပြီး တောင်ပေါ်ရှိ ကျောက်တုံးများကို ကိုင်ကြည့်သည်။ နှင်းများက သူ့ခန္ဓာကိုယ်ပေါ်အဆက်မပြတ်ကျလာပြီး သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ဤလမ်းက သူ ပိုင်လင်းကို ကျောပိုးပြီး စက်ဝိုင်းပုံစံကွေ့ပတ်လမ်းလျှောက်သွားသည့်နေရာဖြစ်၏။
သူက ယခင်နက်မှောင်တောင်တည်ရှိရာနေရာသို့ရောက်ရှိသောအခါ ထိုနေရာတွင် နက်မှောင်တောင်မျိုးနွယ်စုမရှိတော့ပေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ဤနေရာ၌ မျိုးနွယ်စုတစ်ခုရှိခဲ့ပြီး ၎င်း၏အမည်မှာ နက်မှောင်တောင်မျိုးနွယ်စုဖြစ်သည်။ ယခုအချိန်မှာတော့ စုမင်၏ မျက်လုံးရှေ့မှာ အဖြူရောင် နှင်းအလွှာတစ်ခုသာရှိပြီး သစ်ပင်များလည်း ခြောက်သွေ့သွားလေ၏။
သူက ဤနေရာတွင် တိတ်တဆိတ် ရပ်နနေရင်း အချိန်များစွာ ကုန်ဆုံးသွားလေသည်။
ကြိုးကြာငှက်က ဘေးမှအရာအားလုံးကို စောင့်ကြည့်နေပြီး စုမင်ကို တိတ်တိတ်စွာ အဖော်ပြုပေးနေသည်။
နေမင်းကြီးက တောင်ကုန်းပေါ် မေးတင်စပြုလာသည်။ နှင်းများက တဖွဲဖွဲ ကျ နေလေသည်။ သူက ရုတ်တရက် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ်ရှိ နှင်းများဖုံးလွှမ်းနေသောမြေကြီးကို စတင်တူးဖော်ခဲ့သည်။ သူ့လက်ကနေ သွေးထွက်လာသည့်အထိ အရူးတစ်ယောက်လို တူးဖော်နေလေသည်။ သူ့ကိုယ်သူ နာကျင်ရကောင်းမှန်း မသိပေ။
စုမင်က မြေကြီးကို နက်နက်တူးလိုက်သောအခါ မြေအောက်တွင် မြှုပ်ထားသောစွန့်ပစ်ပစ္စည်းများကို တွေ့ရှိခဲ့သည်။၎င်းတို့မှာ ပန်းကန်လုံးများ၊ အိုးများနှင့် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ပြန့်ကျဲနေသော ပစ္စည်းအချို့ဖြစ်သည်။
စုမင်က ထိုပစ္စည်းများကို ကြည့်ရင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ထိုပစ္စည်းများက နက်မှောင်တောင်မျိုးနွယ်စု၏ပိုင်ဆိုင်မှုများဖြစ်ပြီး စုမင်နှင့် ရင်းနှီးလေသည်။
သူနက်မှောင်တောင်ကို မည်သို့စွန့်ခွာခဲ့သည်ကို အမှတ်မရတော့ပေ။ သူ့ရင်ထဲတွင် အပူမီးများ တဟုန်းဟုန်းတောက်လောင်နေလေသည်။ သူ တောအုပ်ထဲက ထွက်လာပြီးနောက် မထင်ရှားသောမီးခိုးငွေ့များက သူ့ရှေ့တွင် ပျံ့လွင့်လာသည်။
မျိုးနွယ်စုငယ်တစ်ခုမှာ ဤနေရာ၌အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ စုမင်က မီးခိုးခေါင်းတိုင်မှ မီးခိုးများကို ကြည့်ကာ ထိုနေရာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။သူ မျိုးနွယ်စုအနီးသို့ တဖြည်းဖြည်းရောက်ရှိလာစဉ် ရွှင်မြူးသောသီချင်းများနှင့် ကလေးများ၏ ရယ်မောသံများ ဝေဝေဆာဆာပျံ့လွင့်လာသည်။
စုမင်က ထိုမျိုးနွယ်စုကို ကြည့်လိုက်ရင်း နက်မှောင်တောင်ကိုကြည့်နေရသလိုခံစားရလေသည်။ နောက်ဆုံးတွင် သူ ခေါင်းငုံ့ကာ ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် လှည့်ကာ အဝေးသို့ လျှောက်သွားခဲ့သည်။ သူ၏ ညာလက်တွင် မျက်နှာဖုံးတစ်ခု ပေါ်လာသည်။ မျက်နှာဖုံးပေါ်တွင် အနက်ရောင်အလင်းတန်းများ တောက်ပနေပြီး နှင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။
စုမင်က သူ့မျက်နှာပေါ် မျက်နှာဖုံးကိုတပ်ခါနီးတွင် သူ့ခြေလှမ်းများ ရုတ်တရက် အေးခဲသွားသည်။ သူ ခေါင်းကိုလှည့်ပြီး အဝေးက တောအုပ်ကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် နှင်းထုပေါ်တွင် လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦး ငြင်းခုံနေကြသည်။
“အရင်က နင် ငါနဲ့ ထာဝရ အတူနေမယ် လို့ ပြောဖူးတယ်လေ.. နင်ပဲ ကတိပေးတယ်ဆို..”
ထိုအသံက မိန်းကလေးတစ်ယောက်၏ အသံဖြစ်ပြီး သူ့ရှေ့က လူငယ်ကို ကြည့်ရင်း ငိုနေခဲ့သည်။
လူငယ်သည် ဒေါသတကြီး စကားမပြောမီ အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။
“တစ်ခါပြောဖူးတယ်... ဒါပေမဲ့...”
“နင်ငါ့ကိုချစ်နေသေးတာ ငါသိတယ်..နင် ဘာလို့ထွက်သွားရမှာလဲ.. ငါတို့ခေါင်းတွေဖြူသွားတဲ့အထိ နှင်းထဲမှာအတူတူလမ်းလျှောက်မယ်လို့ ကျိန်ဆိုခဲ့ဖူးတယ်..အခုလမ်းခွဲတော့မှာလား.. ငါတို့ကတိတွေရော..”
အမျိုးသမီးက ငိုပြီး သူ့အသံက လေထဲတွင် ပျံ့လွင့်နေလေသည်။
လူငယ်က ဒေါသတကြီးဖြင့် ခေါင်းငုံ့လိုက်သည်။ သူ့မှာ ကိုယ့်ဒုက္ခကိုယ်ရှိတယ်။
စုမင်က လူငယ်နှင့် မန်းကလေးကို ကြည့်ကာ သူတို့၏ စကားများကို ဂရုတစိုက် နားထောင်သည်။ထိုစဥ် သူ့မျက်လုံးရှေ့မှာ အရိုင်းဆန်သောအလှများနှင့် ပြည့်နှက်နေသော မိန်းကလေးတစ်ယောက် ပေါ်လာသည်။ ထိုမိန်းကလေးက ပိုင်လင်းဖြစ်သော်လည်း ပိုင်စုနှင့်အလွန်ဆင်တူသည်။
“နှင်းတွေထဲမှာ ခေါင်းတွေဖြူသွားတဲ့အထိ လမ်းလျှောက်မှာလား...”
“ ကတိနော်...”
စုမင်က မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူ့အခြေတည်စိတ်ဝိညာဉ်ကို အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သည်။
တုန်လှုပ်ချောက်ချားမှုတစ်ခုက တောအုပ်ထဲရှိ လူငယ်၏ခန္ဓာကိုယ်ဆီသို့ ပြေးဝင်သွားလေသည်။ လူငယ်က သူ့ခေါင်းကို မော့လိုက်စဉ် သူ့မျက်လုံးတွင်
နူးညံ့သောအကြည့်တစ်ခု ပေါ်လာသည်။ ထိုညင်သာသောအကြည့်ကြောင့် သူ့ရှေ့ရှိ ငိုယိုနေသောမိန်းကလေးက အငိုတိတ်သွားလေသည်။
ထိုလူငယ်က ပြုံးပြပြီး မိန်းကလေးအနားကို ရွှေ့လိုက်သည်။ သူ့လည်ပင်းပေါ်က သားရဲအစွယ်လည်ဆွဲနှင့် ဘယ်ဘက်နားက နားကပ်ကို ချွတ်လိုက်လေသည်။
“နှင်းတွေကြောင့် ငါတို့ခေါင်းတွေဖြူလာတဲ့အထိ လမ်းလျှောက်ကြမယ်..နှင်းမကျတဲ့ အချိန်မှာလည်း လမ်းလျှောက်ကြမယ်..ငါ ကတိပေးတယ် “
မိန်းကလေးက လူငယ်ကို ပွေ့ဖက်ထားထားပြီး ယခုအခါတွင် သူမ၏ ငိုသံက ပျော်ရွှင်မှုဖြင့် ပြည့်နေသည်။
ထိုအချိန်တွင် အဝေးမှ စုမင်က မျက်လုံးဖွင့်လိုက်သည်။ သူက နောက်ပြန်မလှည့်ဘဲ နှင်းထုနှင့်လေထန်ခြင်းကို ရင်ဆိုင်ရင်း အဝေးကို ဆက်လျှောက်သွားလေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး မျက်နှာဖုံးကို ဖြည်းညှင်းစွာ တင်လိုက်သည်။
သူ ထိုသို့လုပ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲက နွေးထွေးမှု အငွေ့အသက်ကိ မခံစားနိုင်တော့ပေ။ ယင်းအစား နှလုံးသားမဲ့ခြင်း၊ ကရုဏာကင်းမဲ့ခြင်းတို့ဖြင့် အစားထိုးခဲ့ပြီး သူ၏တည်ရှိမှုမှာ နှင်းများက မယှဉ်နိုင်လောက်အောင် အေးစက်လာသည်။
စုမင်က အဝေးသို့ ရွေ့လျားသွားသည်။ ထိုအချိန်မှစ၍ သူက မည်သူ့ကိုမှမချစ်နိုင်တော့ဘဲ နာကျင်မှုကို မခံစားနိုင်တော့ပေ။ သူက... သူ မဟုတ်တော့ပေ။
သူက နှင်းထဲတွင် ပုံရိပ်တစ်ခုလို ဖြစ်နေသည်။ ထိုပုံ၏အမည်မှာ ‘ဘဝသာ မြင်မြင်ချင်းအချစ်ကဲ့သို့ လှပခဲ့လျှင်’ ဟူ၍ဖြစ်သည်။