← Chapters

အခန်း (၈၅၆)

Vol. 58 Ch. 856

အခန်း (၈၅၆)

Vol. 58 Ch. 856

တောင်တစ်ရာဘုရင်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သားရဲဖမ်း ဘောလုံးကို ထုတ်ယူကာဖြင့် စမ်းသပ်ကြည့်မိခြင်းသာဖြစ်သည်။ သူ့အနေနှင့် ဖမ်းဆီးနိုင်လိမ့်မည်ဟု မျှော်လင့်ချက် မရှိချေ။ အဘယ်ကြောင့်ဆိုသော် အရင်တုန်းက ခရမ်းရောင်ဘုရင်ကိုပင် ဖမ်းဆီးနိုင်စွမ်း မရှိသောကြောင့်ဖြစ်၏။ သို့ပေမဲ့ သူမထင်မှတ်ထားသည့်အရာမှာ တကယ်ပင် ဖြစ်ပျက်လာခဲ့၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ဆွံ့အနေမိ၏။ “အစောကြီးကတည်းက ဒီလောက်လွယ်မယ်မှန်းသိရင် ငါအစောကြီးကတည်းက ပစ်လိုက်ပါတယ်၊ ဘာလို့ လူတွေအများကြီးခေါ်ပြီးတော့ တိုက်ခိုက်နေမှာလဲ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက ဒီသားရဲကြီးကို ဖမ်းဆီးနိုင်တယ်ဆိုတာက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားလို့လေ၊ မဟုတ်ရင် အောင်မြင်မှာ မဟုတ်ဘူး”

“ဒီလိုဆိုရင် ခရမ်းရောင်ဘုရင်က ဒဏ်ရဗရပွနဲ့ ဖြစ်ခဲ့တာပဲ၊ ဘာလို့ မအောင်မြင်တာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်မိ၏။

“ဒါက”

စနစ်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “သူက အထက် နယ်မြေက လာတာမို့လို့ ဖြစ်မယ်ထင်တယ်၊ သူ့ရဲ့ အားအင်အလားအလာက အရမ်းအားကောင်းတယ်လေ၊ သားရဲ ဘောလုံးက သူ့ကို ဘယ်လိုမှ မဖမ်းဆီးနိုင်ဘူး”

သူရှင်းပြမှုသည် အဓိပ္ပာယ်ရှိလား၊ မရှိလားကိုတော့ မသိပေ။ သို့ပေမဲ့ ဖြစ်နိုင်သည်ဟုသာ ကျွင်းချောင်ရှောင်းက ခံစားမိ၏။ ထို့ပြင် သွေးမျိုးဆက်နှင့် အဓိက အားအင်အဆင့်အရဆိုလျှင် တောင်တစ်ရာဘုရင်သည် ခရမ်းရောင် ဘုရင်ကို မည်သို့မှ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခင်က ခရမ်းရောင်ဘုရင်ကို အနိုင်ယူနိုင်ခဲ့သည်ဆိုသည်မှာ ခရမ်းရောင်ဘုရင်အနေနှင့် အထက်နယ်မြေမှ ကျဆင်းလာခြင်းနှင့် အားအင်အဆင့်များ ယုတ်လျော့နေခြင်းအပြင် အဆိပ်မိခံခဲ့ရခြင်းကြောင့်ပင်ဖြစ်သည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် သားရဲဖမ်းဘောလုံးကို အသာပြန်သိမ်းပြီးနောက် ပြောလိုက်သည်။ “ကောင်းလိုက်တာ”

တောင်တစ်ရာဘုရင်သည် သူတော်စင်အဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော သားရဲဖြစ်၏။ ထို့ကြောင့် လူပေါင်းများစွာ တို့သည် အစီအရင်ထဲတွင် စည်းခတ်၍ တိုက်ခိုက်ခဲ့ရသေးသည်။ လက်ရှိအချိန်တွင် သူ၏ ပဋိညာဉ်သားရဲဖြစ်လာခဲ့ပြီဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် ကျိန်းသေပေါက် တိုးတက်သွား ပေမည်။

“ဂိုဏ်းချုပ်” လီ

ချင်းယန်က ပြောလိုက်သည်။ “ဒီစိတ်ဝိညာဉ်သားရဲတွေကို ဘာဆက်လုပ်ရမလဲ”

“သူတို့အားလုံးကို ကြိုးတုပ်လိုက်”

၎င်းတို့အားလုံး၏ ဘုရင်သည် ထိန်းချုပ်ခံလိုက်ရပြီဖြစ်သောကြောင့် ၎င်း၏ နောက်လိုက်များသည်လည်း ကျိန်းသေပေါက် သူ၏တပည့် ဖြစ်လာရပေလိမ့်မည်။

“သွားတော့”

ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “သလင်းအမြူတေတွေ၊ အရိုးတွေ၊ အ‌ရေခွံတွေ အကုန်လုံးကိုယူ၊ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ဟာမှန်သမျှကို ယူကြ”

“ကောင်းပါပြီ” သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် တိုက်ပွဲတည်နေရာတစ်ခုလုံးကို ရှင်းလင်းနေကြ၏။ အမြှောက်ကျည်ဆန်မကျသည့်နေရာနှင့် မီးမလောင်သည့်နေရာတွင် ရှိနေကြသော သားရဲအမြူတေများသည် ပြန့်ကျဲလျက်ရှိနေကြ၏။ ထိုကဲ့သို့သော နေရာများမှ ရရှိခဲ့သော သလင်းအမြူတေများကို သိမ်းဆည်းလျှင်ပင် သိမ်းမနိုင်ဖြစ်လျက်ရှိနေ၏။

“ချင်ခေါင်းဆောင်”

ကျွင်းချောင်ရှောင်းသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ရဲ့တကယ့်ကို အစ်ကိုကြီးပဲ” သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအကြောင်းကိုသာ ထုတ်ဖော်မပြောဆိုခဲ့ဘူးဆိုပါက ဤနေရာသို့ ရောက်ရှိလာနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူတော်စင်အဆင့် စိတ်ဝိညာဉ်သားရဲကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“နေအုံး… စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းဆိုတာ ရှိသေးတာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ကောင်းပြီ”

ရွှီး

သူသည် အဆင့်မြင့်သားရဲဖမ်းဘောလုံးကို အသာဝှေ့ယမ်းပြီးသည့်နောက် တောတစ်ရာဘုရင်သည် အပြင်ဘက်သို့ ရောက်ရှိလာသည်။ ထိုသူသည် မြေပေါ်တွင် လဲလျက်ရှိပြီး အားပျော့စွာဖြင့် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် သခင်”

သားရဲဖမ်းဘောလုံးနှင့် ထိန်းချုပ်ခံရသည့် သားရဲသည် ပဋိညာဉ်သားရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ ၎င်းတို့သခင်၏ စကားကို နားထောင်ရန်သာ ရှိ‌တော့သည်။ မည်သို့မှ ခုခံတုန့်ပြန်ရန် အကြောင်း မရှိချေ။

“ဒီတောင်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေ ရှိတယ်ဆိုတာ တကယ်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ရှိပါတယ်”

တောင်တစ်ရာဘုရင်က ပြောလိုက်သည်။ “ဒါပေမဲ့ အကုန်လုံးကို တူးထုတ်ပြီးသွားပြီလေ၊ တွင်း အလွတ်ကြီးတွေပဲ ကျန်တော့တယ်၊ တွင်းအလွတ်ကြီးနဲ့ လူသားတွေကို မြူစွယ်ထားတာ”

“ဒါ ခင်ဗျား တူးထုတ်ခဲ့တာပေါ့”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘယ်နေရာမှာလဲ”

တောင်တစ်ရာဘုရင်သည် အားပြတ်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်… ကျုပ်ရဲ့အသိုက်ထဲမှာပါ”

ဘုန်း

သူပြော၍ မပြီးသေးခင်မှာပဲ အတွင်းခံအနီကို ဝတ်ဆင်ထားသော ခရမ်းရောင်ဘုရင်သည် မြန်မြန်ဆန်ဆန်နှင့် လျှောက်လာပြီးသည့်နောက် တောင်တစ်ရာဘုရင်အား လက်သီးနှင့် ထိုးလိုက်သည်။ ပြီးသည့်နောက်မှာတော့ ၎င်း၏ခြေထောက်ကြီးကို မြှောက်ကာဖြင့် ထပ်တလဲလဲ ဆောင့်နင်းလျက်ရှိတော့သည်။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းက ဘယ်လောက် တော်နေလို့လဲ၊ မင်းက ဘယ်လောက်တတ်နေလို့လဲ၊ ထ… ငါနဲ့ တိုက်ခိုက်စမ်း”

“……” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

တစ်ဖက်လူသည် အလွန်အားနည်းသည့် အခြေအနေမျိုးတွင် ရှိနေသည်တောင်မှ ခရမ်းရောင်ဘုရင်သည် အားရပါးရ ဆက်၍ တွယ်လျက်ရှိနေသေးသည်။ တောင်တစ်ရာဘုရင်သည် လက်ရှိ အခြေအနေတွင် သူ၏ ပဋိညာဉ်သားရဲဖြစ်နေသည်ဆိုသော်လည်း ဟောခန်းသခင်ကျိနှင့် ပုဂ္ဂိုလ်ရေး ရန်ငြှိုးများ တည်ရှိနေ၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ဒေါသတရားကို ဖြေလွှတ်ပေးရန် အခွင့်အရေး ပေးထားလိုက်သည်။

ဘုန်း ဘုန်း

ခရမ်းရောင်ဘုရင်သည် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် လီချင်းယန်နှင့် ရှောင်ကျီတို့သည် ခရမ်းရောင်ဘုရင်အား အသာနောက်သို့ ဆွဲလိုက်တော့၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား.. ရိုက်ပြီး နှက်ပြီးသွားပြီပဲ၊ ဒီနေ့ကပြီး နှစ်ယောက်ကြားမှာရှိတဲ့ ရန်ငြှိုးတွေကို သင်ပုန်းချေလိုက်တော့၊ ခင်ဗျားတို့ နှစ်ယောက်က ဂိုဏ်းကို ပိုမိုအားကောင်းဖို့အတွက် ကောင်းကောင်းမွန်မွန်နဲ့ ကူညီရမယ်”

ခရမ်းရောင်ဘုရင်သည် ကြောင်သွား၏။ “ဒီလောက် အရှက်မဲ့တဲ့ကောင်ကို တစ်ခါတည်းခေါ်သွားအုံးမှာလား”

“သူ့ကိုခေါ်မသွားလို့ သတ်ပစ်ရမှာလား”

“ကျုပ်တို့ သတ်ရမယ်လေ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဟောခန်းသခင်ကျိ… ဆုံးဖြတ်ချက်တွေကို ကိုယ့်ရဲ့ စိတ်ခံစားချက်အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်လို့ မရဘူး၊ ပြီးတော့ ကျုပ်တို့က ကြီးမားတဲ့ ကိစ္စကြီးကို တူတူ လက်တွဲပြီး လုပ်ရဦးမှာလေ၊ ဒီတော့ အလွန်အားကောင်းလှတဲ့ တိုက်ခိုက်ရေးကျွမ်းကျင်သူတွေ တည်ရှိနေဖို့ လိုအပ်တယ်မဟုတ်လား”

ပြောပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်၏ စိတ်သည် ပြန်လည်ပြောင်းလဲသွားခဲ့တော့သည်။ သူသည် အေးစက်စက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်မျက်နှာကြောင့် ကျုပ် သူ့ကို လက်လွှတ်ပေးလိုက်တော့မယ်”

ဆွစ်

ကျွင်းချောင်ရှောင်းသည် တစ်ကိုယ်လုံးရောင်ကိုင်းလျက်ရှိသော တောင်တစ်ရာဘုရင်အား သားရဲဖမ်းဘောလုံး ထဲသို့ ပြန်လည်ထည့်သွင်းကာ ပြောလိုက်တော့သည်။ “အနားယူလိုက်တော့”

“ကောင်းပြီ”

တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် စိတ်အပန်းဖြေလျက်ရှိနေကြတော့၏။ “မဆိုးဘူးပဲ၊ မတိုက်ခိုက်ရတာ အချိန်အတော်ကြာမြင့်ခဲ့ပြီ မဟုတ်လား”

သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စု စုစည်းလျက်ရှိနေပြီး စောဏက သတ်ဖြတ်ခဲ့သော တိုက်ပွဲအကြောင်းကို ဆွေးနွေးလျက်ရှိသည်။ ၎င်းတို့၏ မျက်လုံးထဲတွင်ရှိနေသော တိုက်ခိုက်လိုခြင်း တိုက်ပွဲဆန္ဒများသည်လည်း ယုတ်လျော့သွားခဲ့ကြပြီဖြစ်သည်။ ၎င်းတို့သည် စစ်တပ်ပုံစံမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့်ပင် အလွန်တရာပင် သွေးအေးလွန်းလှသည်။

လီချင်းယန်နှင့် ရှောင်ကျီတို့သည်လည်း ကောင်းကောင်းမွန်မွန် တိုက်ခိုက်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့ တိုက်ခိုက်ခဲ့သော သားရဲများမှာ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင်ရှိသော ပုံရိပ်ယောင်သားရဲများထက် ပိုမို၍ အားကောင်း သောကြောင့် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ကြသည် မဟုတ်ပါလား။

…………….

နှစ်နာရီ ကြာမြင့်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တောင်တစ်ရာဘုရင်အား ဆင့်ခေါ်လိုက်ပြီး ၎င်း၏ အသိုက်ဆီသို့ ဦးတည်သွားရန် အမိန့်ပေးလိုက်တော့သည်။

ဤအရာသည် ရှုပ်ထွေးလှသော ပတ်ဝန်းကျင်တွင် တည်ရှိနေသော သဘာဝလှိုဏ်ဂူကြီးတစ်ခုဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အတွင်းစည်းတပည့်များကို ဦးဆောင် ကာဖြင့် ကြီးမားလှသည့် လှိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်သည့် အချိန်မှာတော့ မျက်လုံး အပြူးသား ဖြစ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူမြင်မြင်သမျှ အရာအားလုံးသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်နေသော ကြောင့် ဖြစ်၏။ ဤအရာသည် တကယ့်ကို ရတနာသိုက်ပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် မျက်လုံး ပေကလပ်၊ ပေကလပ်ပင် ဖြစ်သွား၏။ “ဒါက အနည်းဆုံး တစ်သန်းလောက်ရှိမယ်ထင်တယ်”

“သခင်”

တောင်တစ်ရာဘုရင်က ပြောလိုက်သည်။ “ဒါက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိသေးတယ်၊ နောက်ထပ် ဒီလိုမျိုး လှိုဏ်ဂူကိုးခုရှိသေးတယ်”

“ဒါက ဆယ်ပုံတစ်ပုံပဲ ရှိသေးတယ် ဟုတ်လား၊ ကိုးခုတောင် ကျန်သေးတယ်၊ လောလောဆယ် အားလုံးပေါင်း တစ်သန်းရှိတယ်၊ ဆယ်ခုဆိုတော့ အားလုံးပေါင်း သန်းတစ်ရာပဲ၊ သန်းတစ်ရာပဲ သန်းတစ်ရာ”

ဘုတ်

ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်ဘဲ မျက်လုံးများ ချာချာလည်ကာ သတိလစ်မေ့မျောလုမတတ် ဖြစ်သွား၏။

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “တစ်သန်းကို တစ်ဆယ်နဲ့ မြှောက်လိုက်တာ ချီးတဲ့မှ… ဘယ်လိုဖြစ်လို့ သန်းတစ်ရာဖြစ်သွားတာလဲ”

“ဟာ… မဖြစ်တော့ဘူး၊ ဂိုဏ်းချုပ် သတိလစ်သွားပြီဟ၊ မြန်မြန် ခြေမကိုချိုး၊ ခြေမကိုချိုး”

ဆယ်ခုမြောက်လှိုဏ်ဂူထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို သိုလှောင် လက်စွပ်ထဲသို့ ထည့်သွင်းလိုက်တော့သည်။

သူသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရှိပြီး မျက်နှာကို လက်တစ်ဖက်ဖြင့် မော့ကိုင်ထားသည်။ မျက်နှာတစ်ခုလုံးသည် ဖြီးလျက်ရှိနေ၏။

ချင်ပုတောင် ပြောသည်မှာ အမှန်ပင်ဖြစ်တော့သည်။ တောင်ထဲတွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းသည် အလွန်တရာ ကြီးမားလှ၏။ လက်ရှိအခြေအနေတွင် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကျော်ပင် ရရှိနေသည်။

“ငါ ချမ်းသာပြီ၊ ငါ ချမ်းသာပြီ”

ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း အရူးတစ်ယောက်လိုမျိုး ပြုံးဖြီးနေ၏။ များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများသည် ဂိုဏ်း၏ အနာဂတ်ကို ပိုမိုကာ ဖွံ့ဖြိုးတိုးတက်စေတော့မှာဖြစ်၏။

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ချစ်တယ်နော်”

စနစ်က ပြောလိုက်သည်။ “သူ့ကို နည်းနည်းပါးပါး ပေးဖို့ အစီအစဉ်မရှိဘူးလား”

“ကျုပ် အစ်ကိုကြီးနဲ့လိုက်လာတာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို တူးထုတ်ဖို့လေ၊ အခု သူက ထွက်ပြေးသွားတယ်၊ ပြီးတော့ မိုင်းတွင်းထဲမှာလည်း ဘာကျောက်ရိုင်းမှ မရှိဘူး၊ ဘယ်လို့ မျှဝေပေးရမှာလဲ” ကျွင်းချောင်ရှောင်း သည် အပြစ်ကင်းစင်စွာဖြင့် ပြန်မေးလိုက်၏။

“……..”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက တကယ့်ကို သစ္စာရှိတာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီသဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေက ဂိုဏ်းရဲ့အားအင်အဆင့်ကို တိုးတက်စေနိုင်တယ်၊ ပြီးတော့ လီချင်းယန်နဲ့ တခြားသူတွေကို သိုင်းဘုရင်ထိပ်ဆုံးအဆင့်ထိ မြန်မြန်ဆန်ဆန် အဆင့်ချိုးဖြတ်စေနိုင်တယ်၊ ဒါကြောင့် ကျုပ်အနေနဲ့ အစ်ကိုကြီးကို နည်းနည်း ဒုက္ခပေးရမှာပေါ့”

“ချမ်းသာလှသော ခေါင်းဆောင်ချင်က သူ့ကို ကယ်တင်တဲ့အတွက် ကျေးဇူးတင်နေမှာပဲ” စနစ်က ပြောလိုက်သည်။ ဤအရာမှာ အမှန်ပင်ဖြစ်၏။

“ပြန်ကြစို့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူသည် သူတော်စင်အဆင့် စိတ်ဝိညာဉ်သားရဲကြီးကို ထိန်းချုပ်နိုင်သည်သာမက သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကျော်ကိုပင် ရရှိခဲ့သေး၏။ တောင်တစ်ရာ တောထဲသို့ လာရသည့် ခရီးစဉ်သည် များပြားလှသည့် အကျိုးအမြတ်များကို ရရှိခဲ့သည်ဟု ဆိုရမည်။ ကျွင်းချောင်ရှောင်းသည် မည်သို့မျှ မနေနိုင်တော့ဘဲ သီချင်းပင် ထဆိုလိုက်၏။ “တကယ်ချစ်ရင် ပြန်လာမှာလား သူငယ်ချင်းရေ …..”

တပည့်များအားလုံးသည် မြန်မြန်ဆန်ဆန်ပဲ သူတို့၏ အကြားအာရုံကို စည်းခတ်လိုက်ကြတော့သည်။

All Chapters