အခန်း (၈၅၅)
Vol. 58 Ch. 855
တောင်တစ်ရာဘုရင်သည် အရူးတစ်ယောက် မဟုတ်ပေ။ သူ၏ အစစ်အမှန်ပုံစံကို ပြောင်းလဲလိုက်ပြီးနောက် တခြားသူများ၏ ရိုက်နှက်မှုကို လွယ်လွယ်ကူကူ ခံရမည်ကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ သူ၏ အားအင်အဆင့်နှင့် ခုခံကာကွယ်မှု အားအင်သည် ကျိန်းသေပေါက် တိုးတက်သွားပေတော့မည်။ သားရဲများသည် လူသားပုံစံနှင့်ဆိုလျှင် ကြည့်ကောင်းလွန်းလှ၏။ သို့ပေမဲ့ ၎င်းတို့၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်မှသာလျှင် အစစ် အမှန် အားအင်အဆင့်ကို ရရှိမှာဖြစ်သည်။
ကျွင်းချောင်ရှောင်း၊ နဂါးလေးနှင့် ရှောင်မိုရှန်းတို့၏ အလစ်ချောင်းတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံပြီးသည့်နောက်မှာ တော့ တောင်တစ်ရာဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားလှသည့် အမာရွတ်များသာ ဖြစ်ပေါ်လာတော့၏။ အတွင်းကလီစာများမှာ မည်သည့် ထိခိုက်မှုကိုမှ မဖြစ်ပေါ်ခဲ့ချေ။
ဟူး ဟူး …။
၎င်းသည် လက်သီးကြီးကို ဆုပ်ကာဖြင့် တည်နေရာအတားအဆီးကြီးကို ထိုးနှက်လိုက်တော့သည်။ တောင်တစ်ရာ ဘုရင်အနေနှင့် လက်ရှိအခြေအနေတွင် ပြုလုပ်နေသည်မှာ တိုက်ခိုက်ခြင်း မဟုတ်ပေ။ အစီအရင်ကြီးကို ဖြစ်နိုင်သမျှ အမြန်ဆုံးချိုးဖြတ်ရန်သာဖြစ်၏။ ထိုမှသာလျှင် ခန့်မှန်း၍ မရနိုင်သော အခြေအနေဆီမှ လွတ်မြောက် နိုင်မှာဖြစ်သည်။
မိစ္ဆာသူတော်စင်ဝူကျူး၏ အားအင်အဆင့်သည့် ၎င်းနှင့် နှိုင်းယှဉ်၍ ရနေသည်။ ထို့ပြင် ကျွင်းချောင်ရှောင်း၏ လောင်ချာနှင့် နဂါးလေးနှင့် ရှောင်မိုရှန်းတို့၏ တိုက်ခိုက်မှုကလည်း တရစပ် တိုက်ခိုက်လျက်ရှိနေ၏။ ထို့ကြောင့် တောင်တစ်ရာဘုရင် မပြောနှင့် တောင်တစ်ထောင်ဘုရင်ဆိုလျှင်တောင်မှ ကြီးမားသည့် အကျိုးဆက်ကို ခံစားသွား ရမှာသေချာ၏။
ဘုန်း
အစစ်အမှန်ပုံစံကို အသွင်ပြောင်းပြီးသည့်နောက်မှာတော့ ၎င်း၏အားအင်အဆင့်သည် သိသိသာသာ တိုးတက်သွားခဲ့၏။ ထို့ကြောင့် လက်သီးကြီးနှင့် တည်နေရာ အတားအဆီးကို ထိုးနှက်လိုက်သည့် အချိန်အတွင်းမှာပဲ တုန်ခါမှု များသည် ယခင်ကထက် ပိုမို၍ ပြင်းထန်လာခဲ့သည်။
“ဂိုဏ်းချုပ်”
ကျန်းတယ်ကျွင်းသည် အသံပို့လွှတ်လိုက်တော့၏။ “ကြာကြာ တောင်ခံနိုင်မှာ မဟုတ်ဘူး”
ဤနဂါးချုပ်နှောင်ခြင်း အစီအရင်သည် တစ်ဖက်လူအား ချုပ်နှောင်ရန် ရည်ရွယ်ချက်သာရှိ၏။ ထို့ကြောင့် တစ်ဖက်လူအနေဖြင့် ပြင်းထန်လှသော အားအင်ဖြင့် ဆက်တိုက် တိုက်ခိုက်နေမည်ဆိုပါက အချိန်တန်သည်နှင့် ကျိန်းသေပေါက် ပျက်စီးသွားမှ သေချာသည်။
ဆွစ်
တင်းရှင်းဝမ်သည် ရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်အသုံးပြုရန် ပြင်လိုက်သည်။
ဟူး ဟူး
လက်ဝါးရိုက်ချက်ကြီးတစ်ခုသည် ပြင်းထန်လှသော လေအဟုန်နှင့်အတူ ရောက်ရှိလာတော့သည်။ တင်းရှင်းဝမ် သည် အလောတကြီးဖြင့် ရှောင်ရှားလိုက်ပြီး မျက်မှောင်ကုတ်လိုက်၏။ “ဒီကောင့်ရဲ့ အားအင်အဆင့်က အရင်က ထက်ပိုပြီး တိုးပွားလာတာပဲ”
“သေစမ်း” တောင်တစ်ရာဘုရင်သည် လက်ကြီးတစ်ဖက်ကို အသာမြှောက်ကိုင်ကာဖြင့် နဂါးလေးနှင့် ရှောင်မိုရှန်း တို့ကို လှမ်း၍ တိုက်ခိုက်လိုက်သည်။ ၎င်းခန္ဓာကိုယ်သည် အလွန်ကြီးမားလာပြီးသည့်နောက်မှာတော့ ရူးသွပ်သည့် အခြေအနေသို့ပင် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် စိတ်ကြမ်း၊ ကိုယ်ကြမ်းနှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက် နေတော့သည်။ ထို့အပြင် လက်ဝါးရိုက်ချက်များတွင် မယုံနိုင်စရာ အမြန်နှုန်းကလည်း ပါလျက်ရှိ၏။
ရှောင်မိုရှန်းသည် သူ၏အတောင်ပံများကို ဖြန့်ကားကာဖြင့် ခုခံရန် ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပဲ “လမ်းအရှေ့က ဖယ်စမ်း”
နဂါးလေးသည် သူမ၏ မျက်နှာအား ခုန်ကန်လိုက်၏။ သူမသည် နောက်ဘက်သို့ လွင့်စင်သွားတော့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် စက္ကန့်ဝက်လောက်လာ ကြာမြင့်ခဲ့၏။ ဒီအချိန်မှာတော့ ကြီးမားလှသော လက်ကြီးတစ်ဖက်သည် ပြင်းထန်လှသော အားအင်နှင့်အတူ နဂါးလေးအား ထိမှန်သွားတော့သည်။
ဘုန်း
ရှောင်မိုရှန်းသည် နောက်ဘက်သို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်၏။ ပြီးနောက် သူမ၏ မျက်နှာကို ဖုံးကာကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “နင် ငါ့ကို ကန်ရဲ …”
သူမ၏ အသံသည် ရုတ်တရက် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် နဂါးလေးသည် မြေထဲသို့ ပေအနည်းငယ်ပင် နစ်ဝင်နေပြီဖြစ်သောကြောင့် ဖြစ်သည်။ နဂါးလေး၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းလျက် ရှိသည်။ ကြည့်ရသည်မှာ တောင်တစ်ရာဘုရင်၏ တိုက်ခိုက်ချက်ကြောင့် ဒဏ်ရာရရှိသွားခဲ့ခြင်းမှာ ထင်ရှားသည်။
“ငါ့ကို ကန်တာ မဟုတ်ဘဲနဲ့ ငါ့ကို ကယ်တာလား”
နဂါးလေးသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ငါပြောသားပဲ၊ နင်က အရှုပ်ထုတ်ကလွဲရင် ဘာမှ မဟုတ်ဘူး”
ဟူး ဟူး
ထိုအချိန်မှာတော့ တောင်တစ်ရာဘုရင်သည် ခြေဆောင့်ကာ နင်းလိုက်တော့သည်။
တင်းရှင်းဝမ်သည် သူမအား အချိန်ကိုက် ကာကွယ်နိုင်ခဲ့၏။ သို့ပေမဲ့ ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်ချိန်မှာပဲ သူသည် ရပ်တန့်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ….
ဘုတ်
ခရမ်းရောင်ဘုရင်သည် နဂါးလေးရှေ့တွင် ရပ်တန့်လိုက်၏။ သူသည် ခေါင်းကိုမော့ကာဖြင့် နှာခေါင်းကို ရှုံ့လိုက် သည်။
“ခွေးကောင်... ငါမင်းနဲ့ တိုက်ခိုက်မယ်”
“အရှုံးသမား... သေစမ်း”
တောင်တစ်ရာဘုရင်သည် ခြေထောက်ကြီးဖြင့် ဆေင့်ကာနင်းချလိုက်သည်။
ဘုန်း
ထိုအချိန်မှာပဲ ခရမ်းရောင်ဘုရင်၏ အဝတ်အစားများသည် ပွင့်ထွက်သွား၏။ သူ၏ ကောက်ကြောင်းညီပြီး သန်မာ ကြီးထွားလှသော ကြွက်သားများသည် အမြောင်းမြောင်းဖြင့် ပေါ်လာတော့သည်။ သူသည် ရုတ်တရက် လက်ဝါး ကြီးကို မြှောက်လိုက်တော့၏။ ပြင်းထန်လှသော အော်ရာများသည် ထိုနေရာဆီမှ ထွက်ပေါ်လာ၏။
ဘုန်း
ပြင်းထန်လှသော ခြေဆောင့်နင်းချက်နှင့် လက်ဝါးပင့်ရိုက်ချက်တို့ တွေ့ဆုံသွားခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ တောင်တစ်ရာဘုရင်သည် ဒေါသတကြီး အော်ဟစ်ရင်း အနောက်ဘက်သို့ လွင့်စင်သွားခဲ့သည်။
သူ၏ မျက်လုံး ထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ သူအနိုင်တိုက်ခိုက်ခဲ့သော တစ်ဖက်လူ၏ အော်ရာများသည် အရင်ကထက်စာလျှင် ပို၍ အားနည်းခဲ့၏။ သို့ပေမဲ့ လက်ရှိ သူ၏ ကန်ချက်ကို ကြံ့ကြံ့ခံ ရင်ဆိုင် နိုင်သည့်အပြင် သူ၏ခြေထောက်ကြီးကိုပါပင့်၍ နောက်သို့ရောက်အောင် တွန်းထုတ်နိုင်ခဲ့သေးသည်။ ဤနေရာတွင် ရှင်းပြရမည်ဆိုလျှင် ခရမ်းရောင်ဘုရင်သည် သားရဲဘုရင်တစ်ယောက် မဟုတ်တော့ပေ။ ပြိုင်စံရှား ဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီဖြစ်၏။
ဝှစ်
ထိုအချိန်မှာတော့ မိစ္ဆာသူတော်စင်ဝူကျူးသည် နောက်ဘက်သို့ ရောက်ရှိလာသည်။
“ရတနာငါးပါးလက်ဝါး”
ဝှစ် ဝှစ်
မိစ္ဆာအော်ရာများသည် ရူးရူးမူးမူး ဖြစ်တည်လာပြီးသည့်နောက် လက်ဝါးချက်ထဲတွင် စုတည်လာတော့သည်။ ပြီးနောက် မတူညီသည့် စွမ်းအင်ငါးမျိုးသည် စုဖွဲ့လာသည်။ ဤအရာသည် တောင်ကြီးတစ်ခုလုံးကိုပင် ချိုးဖြတ် နိုင်သည့် အရှိန်အဝါမျိုး ပါဝင်လျက်ရှိသည်။
ဘုန်း
တောင်တစ်ရာဘုရင်သည် ကြီးမားသော ခန္ဓာကိုယ်ကြီး ရှိသည်။ ထို့ကြောင့် မရှောင်တိမ်းနိုင်ခဲ့ချေ။ ချက်ချင်းပဲ လက်ဝါးရိုက်ချက်ကို ခံယူလိုက်ရပြီးသည့်နောက် မိစ္ဆာအော်ရာ ငါးခုသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး ကြီးမားသည့် ဒဏ်ရာကို ဖြစ်ပေါ်စေတော့သည်။
အဘိုးကြီးတင်း၏ ရတနာငါးပါးလက်ဝါးရိုက်ချက်သည် ခန္ဓာကိုယ်ကို ထွင်းဖောက်နိုင်သည့် အားအင်မျိုး ပါဝင်လျက်ရှိသည်။ စိတ်ဝိညာဉ်သားရဲလို မာကျောလှသည့် ခန္ဓာကိုယ်ပင်လျှင် ချွင်းချက်မရှိ ခံယူနေရ၏။
ဟူး
မိစ္ဆာအော်ရာငါးခုတို့သည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာ ပြင်းပြင်းထန်ထန်ပဲ တိုက်စား တော့သည်။ တောင်တစ်ရာဘုရင်သည် ခုခံနိုင်သေးသည်ဆိုသော်လည်း မျက်နှာတစ်ခုလုံး ပျက်ယွင်းလာခဲ့တော့ သည်။ ခရမ်းရောင်ဘုရင်သည် ရှေ့သို့လှမ်းတက်လိုက်ပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “ကျုပ်ရဲ့ ရှေ့မှာ ဘုရင်ဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲဖို့ မင်းက မထိုက်တန်ဘူး”
ဘုန်း
လက်သီးချက်ကြီးသည် တောင်တစ်ရာဘုရင်၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာ၏။ တောင်တစ်ရာဘုရင်သည် နောက်သို့လှန်ပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။ ဤကဲ့သို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ တစ်ဖက် လူသည် မိစ္ဆာငါးပါး အော်ရာများ၏ လွှမ်းမိုးမှုကို ခံနေရသောကြောင့် ဖြစ်သည်ဆိုသော်လည်း ခရမ်းရောင်ဘုရင်၏ အားအင်အဆင့်သည် ယခင်ကထက် ပိုမို၍ အားကောင်းလာခဲ့သည်မှာတော့ ထင်ရှားနေသည်။ သံသယရှိစရာပင် မလိုချေ။ သူသည် စည်းခတ်မခံရခင်က အားအင်အဆင့်မျိုးကို ပြန်လည်ရရှိမည်ဆိုပါက အရမ်း အရမ်းကို အားကောင်းမှာ သေချာတော့သည်။ ထို့ပြင် လက်ရှိကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိနေသည်မှာ ပြိုင်စံရှား ဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်း၏ အကျိုးဆက်ပင်ဖြစ်၏။
“ရတနာငါးပါးလက်ဝါး” တင်းရှင်းဝမ်သည် နောက်ထပ် လက်ဝါးရိုက်ချက်ကြီးကို ထုတ်ဖော်တိုက်ခိုက်လိုက်ပြန်သည်။
ဘုန်း
တောင်တစ်ရာဘုရင်သည် နောက်ဆုံးမှာတော့ မည်သို့မှ မခံစားနိုင်ခဲ့ချေ။ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ မတူညီသည့် မိစ္ဆာဓာတ်ငါးမျိုးသည် သူ၏ခန္ဓာကိုယ်ထဲတွင် တိုးဝင်လျက်ရှိပြီး ခန္ဓာကိုယ်၏ အတွင်းကလီစာများ အားလုံးကို တိုးဝင်တိုက်ခိုက်လျက်ရှိနေ၏။
“လမ်းဖယ်”
နဂါးလေးသည် တွင်းနက်ထဲမှ ခုန်ထွက်လိုက်ပြီးသည့်နောက် ဒေါသတကြီး ပြောလိုက်သည်။ “မီးရှို့ပစ်မယ်”
အဘိုးကြီးတင်းနှင့် ခရမ်းရောင်ဘုရင်တို့သည် မြန်မြန်ဆန်ဆန်ပဲ ရှောင်ရှားလိုက်သည်။ နဂါးလေးသည် လက်ကို မြှောက်လိုက်ပြီးသည့်နောက် အလွန်တရာ ပူပြင်းလှသော မီးတောက်များသည် ခန္ဓာကိုယ်ပေါ်တွင် ဖြစ်တည်လာ ခဲ့၏။ ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် လေပွေလှိုင်းကြီးကဲ့သို့ပင် တောင်တစ်ရာဘုရင်ဆီ ဦးတည်သွား တော့သည်။
“နဂါးမီးတောက် မုန်တိုင်း”
ဝှစ် ဝှစ်
ကြမ်းတမ်းလှသော မီးတောက်များသည် မီးဒေါက်တိုင်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာပြီးသည့်နောက် အစီအရင် ထဲတွင်ရှိနေသော အပူချိန်သည် ချက်ချင်းဆိုသလိုပဲ တိုးတက်သွား၏။ လီချင်းယန်နှင့် တခြားသူများသည် ချက်ချင်း စိတ်ဝိညာဉ်ချပ်ဝတ်များကို အသက်သွင်းကာဖြင့် ကာကွယ်ထားလိုက်၏။
ဘုန်း ဘုန်း
မီးတောက်များသည် အတားအဆီးအစီအရင်နှင့် ထိမှန်ပြီးသည့်နောက်မှာတော့ အစီအရင်ကြီးတစ်ခုလုံးသည် ပျောက်ကွယ်သွား၏။ ကျန်းတယ်ကျွင်း၏ အမူအရာသည်လည်း ပျက်ယွင်းသွားသည်။ သူ့အနေနှင့် လက်ရှိတွင် ဘာမှ ပြုလုပ်နိုင်စွမ်း မရှိတော့ချေ။
ဝှစ်
အတားအဆီးအစီအရင်ကြီး ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် နဂါးလေး၏ နဂါးမီးတောက်မုန်တိုင်းသည် အတားအဆီး လုံးဝမရှိတော့ဘဲ ပြင်းပြင်းထန်ထန်ဖြင့် တောက်လောင်တော့၏။ မီးတောက်များသည် ကောင်းကင်အပေါ်ဆီသို့ လွင့်တက်သွားပြီးသည့်နောက် တိမ်များကိုပင် မီးရှို့တော့မလိုပင်။
ချင်ပုတောင်နှင့် တခြားသောသူများသည် မျက်လုံးအပြူးသား ဖြစ်မိနေကြ၏။ အထဲတွင် မည်သည့်အရာများ ဖြစ်နေသည်ကို သူတို့ သေချာမသိရှိကြချေ။
ဘုန်း
ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာပြီး မီးတောက်တိုင်ကြီးတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာတော့ အပူလှိုင်းများသည် တလက်လက်နှင့် ဖြစ်တည်လာပြီး အားလုံး၏ မျက်နှာအနားကိုပင် အပူလှိုင်းလာ၍ ရိုက်ခတ်တော့သည်။
..................
တောင်၏အတွင်းပိုင်းမှာတော့ အပူလှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ မီးလောင် သွားသောတည်နေရာကြီးတစ်ခုသည် ပေတစ်ရာပတ်လည်ခန့်ပင် တည်ရှိနေ၏။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြား သောသူများအားလုံးတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်ချပ်ဝတ်များကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားလိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက် ရှိ၏။ နဂါးလေး၏ နဂါးမီးတောက်မုန်တိုင်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့တွင်ရှိသော အတားအဆီးကို ဖယ်ရှားပြီးသည့်နောက် အံ့အားတသင့်ဖြင့် ပြောလိုက်တော့သည်။ “နဂါးမီးတောက်နည်းစနစ်က တကယ့်ကို အားကောင်းတာပဲ”
ဘုတ်
နဂါးလေးသည် ထိုင်ချလိုက်၏။ သူ့အနေနှင့် ယခုမှ သင်ယူတတ်မြောက်ခဲ့သော စွမ်းရည်တစ်ခုကို အလုံးစုံ ထုတ်ဖော်အသုံးပြုခဲ့သည်ဆိုသော်လည်း ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းရည်အားလုံးမှာ ကုန်ခမ်းသွားခဲ့၏။ လက်ရှိအခြေအနေမှာ ဒဏ်ရာရရုံတင်မကဘဲ အလွန်အမင်းအားနည်းသည့် အခြေအနေတစ်ခုကိုပင် ရောက်ရှိနေ ခဲ့၏။
“ဟေး”
ရှောင်မိုရှန်းသည် သူ၏ရှေ့တွင် ဆင်းသက်လိုက်၏။ ပြီးနောက် ထူးမခြားနားသလို မေးလိုက်သည်။ “နင် အဆင်ပြေရဲ့လား”
“မင်းကအရှုပ်ထုတ်ပဲ” နဂါးလေးသည် စကားကို ဆုံးအောင်ပင် မပြောရသေးဘဲ မျက်လုံးများ ချာချာလည်ကာဖြင့် သတိလစ်မေ့မျောသွားခဲ့တော့သည်။ ၎င်း၏ ခန္ဓာကိုယ်သည် ကင်းလိပ်ရှောတစ်ကောင်၏ ပုံသဏ္ဍာန်မျိုး ပြန်လည် ပြောင်းလဲသွားတော့သည်။
ရှောင်မိုရှန်းသည် နဂါးလေးအား ကျောပေါ်သို့ ကောက်တင်လိုက်၏။ သူမ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်နေ၏။ “နင် သတိမေ့နေလို့ မဟုတ်လို့ကတော့ ကျိန်းသေပေါက် လွှတ်ပေးမှာ မဟုတ်ဘူး”
ရွှီး
သူမသည် သူမ၏ သခင်ရှေ့ဆီသို့ ပျံသန်းလိုက်ပြီးသည့်နောက် နဂါးလေးကို အောက်သို့ပစ်ချလိုက်သည်။ နဂါးလေး သည် သတိလစ်မေ့မျောနေရုံသာဖြစ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခြင်းမဟုတ်ကြောင်း ကျွင်းချောင်ရှောင်း သိရှိ လိုက်သည်။
တောင်တစ်ရာဘုရင်သည် လူသားတစ်ယောက် ပုံစံမျိုး ပြန်လည်ပြောင်းလဲနေပြီဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မီးကင်ခံရသလို မဲနက်လျက်ရှိနေသည်။ ၎င်းသည် တွင်းနက်ကြီးထဲတွင် လဲလျက် ရှိနေ၏။ နဂါးမီးတောက်မုန်တိုင်းကြောင့် ဤရောင်းရင်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ရုံမက ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းကလီစာများမှာလည်း ရတနာငါးပါးလက်ဝါးရိုက်ချက်၏ မိစ္ဆာဓာတ်များကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ အတားအဆီးအစီအရင်ထဲတွင် ပိတ်လှောင်ခံရပြီးနောက် ပြိုင်စံရှားဂိုဏ်း၏ လူများအားလုံး၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရသည်။ မသေသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
“ငါ ဒါနဲ့ စမ်းကြည့်လို့ရနိုင်မလား”
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်သားရဲဖမ်းဘောလုံးအား ထုတ်ယူလိုက်၏။ အတိတ်တုန်းက သူသည် ခရမ်းရောင်ဘုရင်ကို ထိန်းချုပ်နိုင်ရန်အတွက် သူသည် ဤအရာကို အသုံးပြုခဲ့ဖူး၏။ သို့ပေမဲ့ မအောင်မြင်ခဲ့ချေ။ “သွားစမ်း”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ “သားရဲဖမ်းဘောလုံး”
ဒင် …။
ဤဘောလုံးသည် တောင်တစ်ရာဘုရင်၏ခေါင်းနှင့် ထိမှန်သွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ အလွန်တောက်ပ လွန်းသော ထိုက်ကျိပုံစံ အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက် တောင်တစ်ရာဘုရင်၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ “အောင်မြင်သွားတာလား၊ ဒီလိုလည်း လုပ်လို့ရတယ်လား”