အခန်း (၈၅၇)
Vol. 58 Ch. 857
တောင်တစ်ရာတောတန်း၏ အပြင်ဘက်မှာတော့ ချင်ပုတောင်သည် စိုးရိမ်ပူပန်စွာဖြင့် စောင့်မျှော်နေ၏။ အထဲတွင် မည်သည့်လှုပ်ရှားမှုများမရှိတော့သော်လည်း သူသည် အထဲသို့ ဝင်မသွားရဲချေ။
“ဆရာ”
ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းတို့ ထွက်မလာနိုင်မှာ စိုးရိမ်မိတယ်၊ ဒီတော့ ထွက်သွားကြစို့”
“အင်း”
တခြားသောလူတစ်ယောက်က ပြောလိုက်သည်။ “နာရီအနည်းငယ်ကြာပြီ၊ တကယ့်ကို အသက်ရှင်သေး တယ်ဆိုရင် ထွက်သွားလောက်တာ ကြာနေပြီ”
“ညီလေး”
ချင်ပုတောင်သည် တောင်တစ်ရာတောတန်းဆီသို့ မျက်နှာမူ၍ ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်၏။ "ဒါတွေအားလုံး ကျုပ်အပြစ်ပါပဲ၊ ဒါပေမဲ့ စိတ်မပူပါနဲ့"
သူ၏ အကြည့်များသည် တည်ငြိမ်လေးနက်သွားခဲ့၏။ "ကျိန်းသေပေါက် ညီလေးနဲ့ ညီလေးတပည့်တွေကို အကောင်းဆုံး သင်္ချိုင်းကြီးတစ်ခု တည်ဆောက်ပေးမယ်၊ ပြီးတော့ ကျုပ်ရဲ့မျိုးဆက်တွေ အကုန်လုံး ကျိန်းသေပေါက် လာပြီးတော့ ဂါရဝပြုမယ်"
"အစ်ကိုကြီး...အဲလိုလုပ်ဖို့ မလိုပါဘူး" အသံတစ်ခုသည် သူ၏ဘေးဘက်ဆီမှ ထွက်ပေါ်လာ၏။
ချင်ပုတောင်သည် ကြောင်အသွား၏။ အလောတကြီးနှင့် လှည့်ကြည့်လိုက်သည့်နောက်မှာတော့ သူ၏ဘေးတွင် မတ်တပ်ရပ်နေသည့် ကျွင်းချောင်ရှောင်းအား မြင်လိုက်ရတော့သည်။ ကျွင်းချောင်ရှောင်းသည် ပန်းသီး တစ်လုံးအား ကိုက်စားလျက် ရှိနေ၏။ သူသည် အလွန်တရာ ထိတ်လန့်စွာဖြင့် အနောက်သို့ ဆုတ်လိုက်မိသည်။ တုန်ရင်နေသည့် အသံဖြင့် မေးလိုက်တော့သည်။ "မင်း... မင်းက လူသားလား၊ သရဲလား"
"လူသားပါ" ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
တစ်ဖက်လူသည် အရိပ်ထွက်နေသည်ကို သေချာကြည့်ရှုပြီးနောက် ချင်ပုတောင်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ပခုံးပေါ်သို့ လက်တင်၍ ပြောလိုက်တော့ သည်။ “ညီလေး... မသေသေးဘူးနော်”
“ကံကောင်းလို့ အသက်ရှင်နေတာပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ပြောနေတုန်းမှာပဲ လီချင်းယန်နှင့် တခြားသူများအားလုံးသည် တောထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လျှောက်လာ၏။ ၎င်းတို့၏ တစ်ကိုယ်လုံးသည် သွေးများနှင့် ပေကျံနေသည်ဆိုသော်လည်း အားလုံးသည် စိတ်အားတက်ကြွစွာဖြင့် ရှိနေတော့၏။
ချင်မိသားစုမှ ကျွမ်းကျင်သူများ အားလုံးသည် ဆွံ့အလျက်ရှိနေကြ၏။ လူ၏အရေအတွက်ကို ကြည့်ရှုမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ကြီးကြီးမားမား ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပုံ မပေါ်ပေ။ အဘယ့်ကြောင့် အချိန် ကြာမြင့်စွာ အထဲတွင် နေထိုင်နေရသနည်း။
......................
“ကျုပ်တို့က သားရဲတချို့ကို သတ်ဖြတ်နိုင်တယ်ဆိုပေမယ့် အထဲမှာ အရမ်းအားကောင်းတဲ့ သားရဲတွေ ရှိသေးတယ်လေ”
လမ်းတလျှောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကြောင့်မို့လို့ တပည့် တွေကို ခေါ်ပြီးတော့ မြန်မြန်ဆန်ဆန် ထွက်ခွာလာတာ၊ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအတွက်ကတော့ ဒါကို သွားတူးဖို့ မစဉ်းစားတာ ပိုကောင်းမယ်၊ မဟုတ်ရင် အထဲမှာ အသက်တစ်ခါတည်း သေသွားနိုင်တယ်”
သူ့အနေနှင့် ရှိရှိသမျှသော ကျောက်ရိုင်းတုံးများကို ယူဆောင်လာခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဤသို့ အမှန်အတိုင်းပြောရမယ်ဆိုသည်ကို ရှက်ရွံ့နေမိ၏။ ထို့ကြောင့် လိမ်ညာခဲ့ခြင်းသာဖြစ်တော့၏။
ချင်ပုတောင်သည် သက်ပြင်းချကာဖြင့် ပြောလိုက်သည်။ “အထဲမှာ သားရဲတွေဖန်တီးထားတဲ့ ထောင်ချောက်တစ်ခု ရှိနေမယ်လို့ မထင်ထားဘူး၊ အင်း.... စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကိုလည်း မယူတော့ပါဘူး၊ ညီလေး... လုံလုံခြုံခြုံနဲ့ ပြန်လာမိတာပဲ ဝမ်းသာမိပြီ၊ ဒါက အားလုံးအတွက် ပျော်စရာပဲလေ၊ ပြီးတော့”
သူသည် အသာ ရပ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီခရီးမှာ ညီလေးသာ ပါမလာဘူးဆိုရင် ကျုပ် သေသွားခဲ့တာ ကြာပြီလေ”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းကိုသာ အကူအညီမတောင်းခဲ့ဘဲ သူ၏ မိသားစုဆီမှ ကျွမ်းကျင်သူများနှင့်သာ လာရောက်ခဲ့မည်ဆိုပါက ဤနေရာသည် သူ၏ သင်္ချိုင်းဖြစ်သည်မှာ ကြာလောက်ပြီ ဖြစ်သည်။ သူ၏ ကျေးဇူးတင်မှုကို ဖော်ပြရန်အတွက် ချင်ပုတောင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေကာ ပြောလိုက်သည်။ “ညီလေး... ဒီအထဲမှာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတိတိ ရှိတယ်၊ ဒါတွေကို ကူညီတဲ့အတွက် ကျေးဇူးတင်ခလို့ သတ်မှတ်ပေးလိုက်ပါ”
“အစ်ကိုကြီး”
ကျွင်းချောင်ရှောင်းက ငြင်းဆန်လိုက်သည်။ “ဒါကို လက်မခံပါရစေနဲ့”
သူ့အနေနှင့် ဒါကို တကယ်ပင် လက်မခံချင်ပေ။ ထို့အပြင် အထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်းနီးပါးကို ရရှိခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် အားနာသလို ခံစားမိနေသည်။ သူ့အနေနှင့် အဘယ်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံး လေးတစ်သိန်းလောက်ကို ဂရုစိုက်ရမည်နည်း။
“ညီလေး... မင်း ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ကျိန်းသေပေါက် လက်ခံရမယ်” သူ့တွင် ပိုက်ဆံရှားပါးမနေချေ။ ထို့ကြောင့် ကျိန်းသေပေါက် ကျွင်းချောင်ရှောင်းကို ပေးမှဖြစ်မည်။
အပူတပြင်း ငြင်းပယ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ဤအရာကို လက်ခံရန်သာ တတ်နိုင်တော့၏။ ၎င်းတို့ ပြန်ရာလမ်းမှာတော့ တောင်တစ်ရာဘုရင်၏ နောက်လိုက်ဖြစ်သော စိတ်ဝိညာဉ်သားရဲများ အားလုံးသည် ၎င်းတို့၏ လူသားပုံစံကို အသွင်ပြောင်းကာဖြင့် အမှောင်ထဲမှ တဖြည်းဖြည်းချင်း လိုက်ပါလာခဲ့ကြတော့သည်။ ၎င်းတို့၏ ခေါင်းဆောင်ကိုယ်တိုင်ပင် အလျော့ပေးခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့ကိုယ်တိုင်ပင် ရွေးချယ်စရာမရှိတော့ဘဲ အညံ့ခံရပေတော့မည်။
အနည်းဆုံး စိတ်ဝိညာဉ်သားရဲဘုရင် သုံးဆယ်မှ ငါးဆယ်နီးပါးခန့်ရှိပြီး သိုင်းအုပ်စိုးသူ အဆင့်နှင့်နှိုင်းယှဉ်၍ရသော စိတ်ဝိညာဉ်သားရဲများသည် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသည်။ ဤစိတ်ဝိညာဉ် သားရဲများအားလုံးကို စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့ ထည့်သွင်းနိုင်မည်ဆိုလျှင် ဂိုဏ်း၏ အားအင်အဆင့်သည် ပိုမိုကာ တိုးပွားသွားပေတော့မည်။ ထို့ပြင် ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ သွားရောက်တိုက်ခိုက်ရန်လည်း ပိုမို၍ ယုံကြည်ချက် ရှိလာခဲ့၏။ နှစ်ရက်တာ ခရီးသွားခဲ့ပြီးသည့်နောက်မှာ ၎င်းတို့သည် လမ်းခွဲတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြ၏။
ချင်ပုတောင်သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ညီလေး... ကျုပ်တို့ ထပ်တွေ့ကြတာပေါ့”
“အစ်ကိုကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်”
ချင်ပုတောင် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ အမှောင်ထဲမှာ ပုန်းကွယ်လျက်ရှိနေသော ကြမ်းတမ်းလှသည့် သားရဲများသည် အပြင်ဘက်သို့ ထွက်လာကြတော့၏။ တောတစ်ရာဘုရင်၏ လက်အောက်ခံသားရဲများ ဖြစ်သည်မို့ ၎င်းတို့၏ အရေအတွက်သည် နည်းပါးသည်တော့ မဟုတ်ပေ။ အနည်းဆုံးသားရဲစုစုပေါင်း နှစ်သိန်းနီးပါးခန့် ရှိ၏။ ကျွင်းချောင်ရှောင်းသည် ထိုသားရဲများအားလုံးကို သံမဏိအရိုးတောင်ပေါ်တွင် နေရာချထားရန် စဉ်းစားဆုံးဖြတ် ခဲ့ပြီးဖြစ်သည်။
ပြိုင်စံရှားဂိုဏ်းသည် တပည့်အများအပြားမရှိချေ။ သို့ပေမဲ့ စိတ်ဝိညာဉ်သားရဲ စစ်တပ်ကြီးမှာတော့ နည်းနည်း နောနော မဟုတ်ခဲ့ချေ။ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် သူ၏ဂိုဏ်း တိုးတက်စေရန်သာ အာရုံစိုက်ထားမိ၏။ လောကကြီးတစ်ခုလုံးကို အပိုင်သိမ်းရန် စဉ်းစားထားခြင်းမျိုး မရှိချေ။ သူ့အနေနှင့် သားရဲမျိုးနွယ်များအားလုံးကို ခေါ်ဆောင်လာပြီး စစ်တပ်ကြီး တစ်ခုကဲ့သို့ ဖန်တီးခဲ့ခြင်း ဆိုသည်မှာ တခြားအကြောင်းအရာကြောင့်တော့ မဟုတ်ချေ။ တခြားသော ကုန်းမြေတိုက်ကြီးတွင်ရှိသော ဂြိုဟ်အသီးသီးဆီသို့ သွားရောက်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်ကို လုယက်ရန် သူ၏အကြံအစည်ကို အကောင်အထည်ဖော်ရန်အတွက်သာ ဖြစ်တော့သည်။
.............
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် ပြန်ရောက်ပြီးသည့်နောက် စိတ်ဝိညာဉ်သားရဲနှစ်သိန်းအား သံမဏိအရိုးတောင်အတွင်းသို့ ထားရှိလိုက်တော့သည်။
“ဂိုဏ်းချုပ်”
ရွှဲရမ်ကွေ့က ပြောလိုက်သည်။ “ဒီသားရဲတွေ အကုန်လုံးက ကြမ်းတမ်းလွန်းတယ်လေ၊ တစ်နှစ်ပတ်လုံး ဒီတောထဲမှာပဲ ထားလိုက်မယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေ နည်းပါးသွားလိမ့်မယ်လို့ ထင်တယ်”
“ဒါက အဓိပ္ပာယ်ရှိတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ လှောင်အိမ်ထဲတွင် နေထိုင်နေသော ခြင်္သေ့နှင့် တောထဲတွင်နေထိုင်နေသော ခြင်္သေ့ မည်သူအားကောင်းသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း စဉ်းစားကြည့် လိုက်ရုံနှင့် သိရှိနိုင်စွမ်းရှိသည်။
“ခင်ဗျားဘယ်လိုလုပ်မယ် စဉ်းစားထားလဲ”
“ကျုပ်ရဲ့အကြံကတော့ သူတို့အားလုံးကို တိုက်ခိုက်ရေးနည်းစနစ်တွေ၊ နည်းဗျူဟာတွေနဲ့ ရင်းနှီးသွားအောင် လေ့ကျင့်ပေးတာ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။
ရွှဲရမ်ကွေ့သည် လူသားများကို လေ့ကျင့်ပေး ရုံနှင့် မလုံလောက်တော့ချေ။ လက်ရှိအချိန်တွင် သားရဲများကိုပင် စစ်နည်းဗျူဟာများ လေ့ကျင့်ပေးရန် စဉ်းစားလျက်ရှိနေတော့၏။
သာမန်အခြေအနေတွင် ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့သောကိစ္စမျိုးကို စဉ်းစား လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကြမ်းတမ်းလှသော သားရဲများအားလုံးသည် သူ၏ အမိန့်ကို နားထောင်နိုင်စွမ်း ရှိနေသည်။ ထို့ကြောင့် စစ်တပ်ကဲ့သို့ လေ့ကျင့်ပေးရန် ဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စတော့ မဟုတ်ချေ။ သေသေ ချာချာ လေ့ကျင့်ပေးမည်ဆိုလျှင် ၎င်းတို့၏ အားအင်သည် အဆုံးစွန်ထိ တိုးတက်သွားမှာ သေချာ၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိစ္စကို ခင်ဗျားတာဝန် ထားလိုက်မယ်”
“ဂိုဏ်းချုပ်”
ရွှဲရမ်ကွေ့သည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ပြီးတော့ စိတ်ဝိညာဉ်ကြောင်က လူသားစကားကို ပြောဆိုနိုင်စွမ်း ရှိနေတယ်၊ ဒီတော့ သားရဲတွေနဲ့ ဆက်သွယ်နိုင်စွမ်းရှိတယ်၊ သူကို သားရဲစီး ဟောခန်းဆီ ပေးလိုက်ပါလား”
“ပြဿနာမရှိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အား......
အခန်းထဲမှာတော့ စိတ်ဝိညာဉ်ကြောင်သည် တံခါးကို အသာဖက်ကာဖြင့် အော်ငိုလျက်ရှိသည်။ “မသွားချင်ဘူး၊ ဒီမှာပဲ နေချင်တယ်”
ဘုန်း
ရှောင်မိုရှန်းသည် ၎င်းအား မြေပြင်ပေါ်သို့ ကောက်ရိုက်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ဒါက သခင်ရဲ့ အမိန့်ပဲလေ၊ လိုက်နာရမယ်”
အနည်းငယ်လောက် ရိုက်နှက်ခံရပြီးသည်နောက်မှာ စိတ်ဝိညာဉ်ကြောင်သည် သားရဲစီးဟောခန်း၏ တပည့် တစ်ယောက်အဖြစ် သွားရောက်ကာ သတင်းပို့ရတော့သည်။ ၎င်း၏ မျက်လုံးထဲမှာတော့ မျက်ရည်များ ဝိုင်းလျက် ရှိနေတော့၏။
ကြမ်းတမ်းလှသော သားရဲများကို လေ့ကျင့်ပေးရသည်မှာ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ သို့ပေမဲ့ ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့နှစ်ယောက် ရှိနေသည်ဖြစ်သောကြောင့် ဤအရာမှာ ပြဿနာတစ်ခုမဟုတ်ဟု ကျွင်းချောင်ရှောင်းက ယုံကြည်မိနေသည်။
“ပြီးတော့”
သူသည် ထိုင်ခုံပေါ် ထိုင်ပြီးသည့်နောက်မှာတော့ မေးထောက်ကာ တီးတိုးရေရွတ်လိုက်မိ၏။ “တပည့်တွေ ပိုပြီးတိုးတက်လာစေဖို့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေကိ ဘယ်လိုဖြန့်ဝေပေးရမယ်ဆိုတာ စဉ်းစားဖို့ အချိန်ကြပြီ”
အထူးတာဝန် ပြည့်စုံသည့်နေ့တွင် လီချင်းယန်နှင့် တခြားသောတပည့်များအားလုံးသည် သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိနေမည်ဟု ယုံကြည်ချက် ရှိလို့နေ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ပိုမိုကောင်းမွန်သည့် ဆေးလုံး ဖော်မြူလာ မရှိဘဲနှင့် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိနိုင်ဖို့ဆိုသည်မှာ ယုံကြည်ချက် မရှိပေ။
“သိုင်းအုပ်စိုးသူဆေးလုံး၊ သိုင်းအုပ်စိုးသူဆေးလုံး”
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးကို ဖွင့်လိုက်၏။ ပြီးသည့်နောက်မှာတော့ အထဲတွင်ရှိသော ပစ္စည်းများကို သေသေချာချာ ကြည့်ရှုလိုက်သည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးနိုင်သော အဆင့်မြင့်ဆေးလုံးဖော်မြူလာကို သူရှာဖွေမတွေ့ရှိခဲ့ချေ။ ထို့ကြောင့် တခြားအရာများကိုသာ အာရုံစိုက်ကြည့်ရှုထား၏။
“နေအုံး” သူ၏မျက်လုံးများသည် လှိုင်းအဆောင်ဟူသော ဖော်မြူလာတစ်ခုပေါ်သို့ ကျရောက်သွားခဲ့တော့၏။ ထို့အရာအား အသာနှိပ်၍ ကြည့်ရှုလိုက်၏။
“ပစ္စည်းအမျိုးအစား - လှိုင်းအဆောင် ဖော်မြူလာ
မိတ်ဆက် - ထိုအရာကို ဝယ်ယူပြီးသည့်နောက်မှာတော့ လှိုင်းအဆောင်ကို သန့်စင်ရန်အတွက် ဖော်မြူလာကို ရရှိမည်။
အကျိုးသက်ရောက်မှု - လှိုင်းအဆောင်ဖော်မြူလာအား ချိုးချေလိုက်သည်ဆိုသည်နှင့် တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းအဆင့်ကြီးတစ်ခုကို တိုးတက်ရောက်ရှိသွားလိမ့်မည်။
အစွမ်း - ထိုအရာကို အသုံးပြုပြီးသည့်နောက်မှာတော့ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိသွားပြီး ပိုမို အားကောင်းသည့် အားအင်များကို ထုတ်ဖော်နိုင်လိမ့်မည်၊ ထို့အပြင် အဆင့်ကြီးတစ်ဆင့်၏ နည်းဥပဒေသများကို ကြည့်ရှုနိုင်ရန် အခွင့်အရေးလည်း ရလိမ့်မည်ဖြစ်သည်၊ အဆင့်ချိုးဖြတ်နိုင်ရန်အတွက် အခွင့်အလမ်းကောင်းကို ရရှိနိုင်သည်။
အကျိုးမသက်ရောက်မှု - အသုံးပြုသူသည် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ချိုးဖြတ်နိုင်စွမ်း ရှိ၏၊ သို့ပေမဲ့ ထိုအရာ၏ အစွမ်းသက်ရောက်မှုသည် နှစ်နာရီသာကြာမြင့်၏၊ အစွမ်းသက်ရောက်မှု ကုန်ဆုံးသွားသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်ကြီးတဆင့် အောက်သို့ ပြုတ်ကျသွားပေလိမ့်မည်၊ ထိုအစွမ်း သက်ရောက်မှုမှာလည်း နှစ်နာရီကြာမြင့်သည်။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒါကို သုံးပြီးရင် ချင်းယန်နဲ့ ရှောင်ကျီတို့ ဂြိုဟ်တိုက်ပွဲဆီကို ခေါ်သွားလို့ ရနိုင်မလား မသိဘူး”
စနစ်က ပြောလိုက်သည်။ “ရနိုင်တာပေါ့”
“ဒါဆိုရင် ဝယ်လိုက်မယ်”
“ဒင်...လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြု၍ လှိုင်းအဆောင် ဖော်မြူလာအား ဝယ်ယူ ခဲ့သည်၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၄၄၈၀ / ၅၀၀၀၀”