အခန်း (၈၅၈)
Vol. 58 Ch. 858
ဖော်မြူလာကို ဝင်ရောက်ပြီးသည်နောက်မှာတော့ အဆောင်ခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွား တော့၏။
ကျွင်းချောင်ရှောင်းသည် အသစ်ပေါ်ပေါက်လာခဲ့သော လှိုင်းအဆောင်ကို အသာနှိပ်ကာ ကြည့်ရှုလိုက်၏။ သန့်စင်နိုင်သော အချက်အလက်များသည် ပေါ်ပေါက်လာခဲ့တော့၏။ အဓိကပစ္စည်းများအနေဖြင့် ၁၂၀၅ ၊ အလယ်အလတ်အဆင့်ရှစ် စိတ်ဝိညာဉ်သားရဲအမြုတေ ၃၆၅၊ အလယ်အလတ်အဆင့်ကိုး သားရဲစိတ်ဝိညာဉ်အမြုတေ ၂၁၁ ၊ ဖြည့်စွက်ပစ္စည်းများ သိုင်းဘုရင်ဆေးလုံး တစ်လုံး။
“ဒါအမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်သည်။ “ဒါကမှ သိပ္ပံနည်းကျတာ”
သိုင်းဘုရင်ဆေးလုံးသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်စွမ်းရှိနေ၏။ လှိုင်းအဆောင် ကလည်း တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို ခဏတာတိုးမြှင့်နိုင်စွမ်းရှိနေ၏။ ထိုကြောင့် ဖြည့်စွက်ပစ္စည်း အဖြစ် အသုံးပြုသည်ဆိုသည်မှာ လက်ခံနိုင်လောက်သောအရာပင် ဖြစ်သည်။
ပြန်လည်ကုစားခြင်းဆေးလုံးကို လိုအပ်သော အားအင်တိုးတက်ခြင်း အဆောင်၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို လိုအပ်သော အသိအမြင်အဆောင်ကဲ့သို့ မဟုတ်ပေ။ ယုတ္တိဗေဒ ကျလွန်းလှ၏။
စနစ်ကပြောလိုက်သည်။ “သိုင်းဘုရင်ဆေးလုံးက ပိုပြီးတန်ဖိုးရှိပြီးတော့ သန့်စင်ရတာခက်တယ် မဟုတ်ဘူးလား။ ဒါကို စဉ်းစားသင့်တယ်လေ။”
ကျွင်းချောင်ရှောင်း၏ အမူအယာသည် အေးခဲသွား၏။ ပြီးသည့်နောက်မှာတော့ သူသည် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ “ချီးတဲ့မှ”
“လှိုင်းအဆောင်တစ်ခုကို သန့်စင်ဖို့အတွက် ဘာလို့သိုင်းဘုရင်ဆေးလုံးက လိုအပ်ရတာလဲ။”
စနစ်သည် ဆွံ့အသွား၏။ “ခုနကတော့ ဒါအမှန်ပဲဆို။”
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအချိန်ကို ခဏတာတိုးတက်နိုင်စေရန်အတွက် တစ်စုံတစ်ယောက်သည် သိုင်းဘုရင် အဆင့်ဆေးလုံးကို အသုံးပြုရန် လိုအပ်နေ၏။
ဆိုလိုသည်မှာ ထိုသို့သုံးမိလိုက်သည်ဆိုသည်နှင့် ဂိုဏ်းထဲတွင် သိုင်းဘုရင်တစ်ယောက်ဖြစ်ပေါ်လာရန် အချိန်ကာလ လျော့နည်းသွားသည်ကိုဆိုရမည်။ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် တစ်ခြားသော ဆေးလုံးများ အတွက် လိုအပ် သောပစ္စည်းပစ္စယများသည် များများစားစားထုတ်လုပ်နိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ သိုင်းဘုရင်ဆေးလုံးဆိုသည်မှာတော့ ပေါပေါများများရရှိနိုင်သည့် အရာမျိုးမဟုတ်ပေ။
သိုင်းဘုရင် ဆေးလုံး ကို အသုံးပြုရန် စောင့်စားနေကြသော တပည့်များသည် တန်းစီ၍ပင် ရှိနေကြ၏။ ဤအရာကို အဆောင်အဖြစ် သန့်စင်သည့်နေရာတွင် အသုံးပြုရသည်ဆိုသည်မှာ နာကျင်ဖွယ်ရာကောင်းသော ကိစ္စပင်ဖြစ်ပေလိမ့်မည်။
“ငါ့ကိုလာနောက်နေတာလား”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုကိုင်၍ စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒါကြီးက အရမ်းလွန်လွန်းတယ်။”
လက်ရှိအခြေအနေမှာတော့ သူသည် အဆိပ်ဖြေဆေးနှင့် အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံး ဖော်မြူလာမျိုးကို ထပ်မံရရှိမည်ဆိုလျှင် သိပ္ပံနည်းမကျရန်ပင် ဆုတောင်းနေလိုက်မိတော့၏။
…….
လှိုင်းအဆောင်သည် ကောင်းမွန်သည့်အရာတစ်ခုဖြစ်ပြီး ထိုအရာကိုအသုံးပြုမည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို အချိန်အတိုင်းအတာတိုအတွင်း မြင့်တက်လာနိုင်သည်စေသာမက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်၍ နားလည်မှုသည်လည်း တိုးပွားလာနိုင်စေသည်။
တိတိကျကျပြောရမည်ဆိုလျှင် သိုင်းပညာရှင်များအနေနှင့် မိမိထက်ပို၍ အဆင်မြင့်သော သိုင်းကျင့်ကြံခြင်းအဆင့် ကြီး၏ နည်းဉပဒေသများကို နားလည်နိုင်စွမ်းရှိနေခဲ့၏။ သို့ပေမဲ့ ထိုကဲ့သို့ ကောင်းမွန်လှသောအရာတစ်ခုကို သန့်စင်ရန်အတွက် သိုင်းဘုရင်ဆေးလုံးများ လိုအပ်လျက် ရှိနေတော့၏။ ဤအရာသည် ကျွင်းချောင်ရှောင်းအား အလွန်ပင် စိတ်ဓာတ်ကျဆင်းစေပြီး ထို့အပြင် လက်ခံရန်လည်း ခက်ခဲစေ၏။
စနစ် ကပြောလိုက်သည်။ “ဘာမှမရှိတာထက်စာရင် တော်သေးတာပေါ့။ စိတ်ဓာတ်ကျမနေနဲ့။ ပြီးတော့ အကြီးအကဲဝေနဲ့ တစ်ခြားသူတွေအကုန်လုံးက ဆေးပင်၊ ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးပင်တွေကို စိုက်ပျိုးနေတာမဟုတ်လား။ မကြာခင်မှာရမှာပဲလေ။”
လက်ခံသူအား နှစ်သိမ့်သည့်နေရာတွင် စနစ်သည် တဖြည်းဖြည်းနှင့် အကျွမ်းတဝင် ဖြစ်လာပြီဖြစ်သည်။ အချိန်အတော်ကြာနေထိုင်ပြီးသည်နောက်မှာတော့ ၎င်းသည် လေးနက်သည့်ခံစားချက်များကို မျှဝေနိုင်စွမ်း ရှိလာတော့၏။
“မင်းမှန်တယ်”
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသွားသည်။
အခုအချိန်မှာ သိုင်းဘုရင်ဆေးလုံးအတွက် လိုအပ်တဲ့ပစ္စည်းတွေ အဆင်သင့်ဖြစ်လာဖို့အတွက် စောင့်ဖို့ပဲလိုတော့ တယ်။ ပြီးရင်သိုင်းဘုရင်ဆေးလုံးကို အသုံးပြုပြီးတော့ လှိုင်းအဆောင်ကို သန့်စင်ရမယ်။ သူအနေနှင့် သလင်းအမြုတေများ မလစ်ဟင်းချေ။ လိုအပ်နေသည်မှာ ဖြည့်စွက်ပစ္စည်းပင်ဖြစ်နေတော့၏။
“ဂိုဏ်းချုပ်”
နင်တုရှင်း သည် မနက်မိုးလင်းလာပြီးသည့်နောက်မှာ လာရောက်၍ သတင်းပို့တော့သည်။ “ဒီအချိန်က တပည့်အသစ်တွေကို လက်ခံရမယ့်အချိန်ပဲ။ တခြားညွှန်ကြားစရာတွေရှိသေးလား။”
“မရှိဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပုံမှန်အတိုင်း လုပ်ကြတာပေါ့”
“ကောင်းပါပြီ။”
…
ရက်အနည်းငယ်ကြာပြီးသည်းနောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် တပည့်အသစ်ခေါ်ဆောင်မှုကို စတင်တော့သည်။
ဂိုဏ်း၏ ဂုဏ်သိက္ခာတရားမြင့်တက်လာသည်နှင့်အမျှ လောကကြီးအနှံ့တွင် ရှိနေသော လူငယ်လူရွယ်များအားလုံး သည် လစဉ်လတိုင်း သံမဏိအရိုးတောင်သို့ ရောက်ရှိလာကြပြီး ဂိုဏ်းသားအဖြစ် စာရင်းပေးသွင်းမှုကို ပြုလုပ်ကြ၏။ ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် ခက်ခဲမှုသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ပင် ပျံ့နှံလျက်ရှိနေတော့၏။
ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်တွင် တပည့်များလစ်ဟင်းမှုမရှိပေ။ ထို့ကြောင့် တခါတည်းများများစားစား ရယူ သွားရန် အစီအစဉ်မရှိချေ။ အရည်အသွေးရှိလှသောတပည့်များကို ခေါ်ယူရန်သာ စိတ်ဝင်စား လျက်ရှိနေကြသည်။
ဂိုဏ်း၏ဂုဏ်သိက္ခာတရားကြီးမားလာခဲ့သလိုပဲ ဂိုဏ်းအတွင်းတွင်ရှိသော စမ်းသပ်မှုများကလည်း ပိုမို၍ ခက်ခဲနက်နဲ လာခဲ့တော့၏။
ထို့ပြင် အချို့သောအရေးမကြီးသည့်ကိစ္စရပ်များအားလုံးအား အကြီးအကဲများနှင့်အတူ လွှဲအပ်ထားခဲ့တော့၏။ ဂိုဏ်းချုပ်သည် ဘာမှအရေးမကြီးသောကိစ္စရပ်များကို ဝင်ရောက်ဆုံးဖြတ်နေမည်ဆိုပါက အကြီးအကဲများသည် ဘာသွား၍ လုပ်နေရမည်နည်း။ အေးအေးဆေးဆေး စားလိုက်သောက်လိုက်နှင့် ဇိမ်ခံနေတော့မည်ဖြစ်၏၊ ထိုသို့သော အချင်းအရာမျိုးကို သူသည် အဖြစ်ခံလိမ့်မည်မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေတွင် အထူးတာဝန်အပြင် အခြားသောတာဝန်တစ်ခုကိုပါ သူဘာသူချမှတ် ထားခဲ့၏။ သူ၏အဓိကတာဝန်များ ပြီးဆုံးပြီးသည့်နောက်မှာတော့ သူသည် အရာအားလုံးကို လက်လွှတ်ပြီးသည့်နောက် ချစ်သူလက်ကိုဆွဲကာ တလောကလုံးသို့ အားရပါးရလျှောက်လည်ရန် စဉ်းစားထားခြင်း ဖြစ်သည်။
ထိုအရာကို စဉ်းစားမိလိုက်သည်အချိန်မှာတော့ စနစ်သည် သူ့အား ရင်နာအောင် ပြောဆိုလိုက်၏။ “မင်းရဲ့ အရည်အသွေးနဲ့ ရည်းစားရဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။”
“မင်းဘယ်လိုလုပ်သိလဲ။”
ကျွင်းချောင်ရှောင်းက ခွန်းတုံ့ပြန်လိုက်သည်။ “ငါက ဂိုဏ်းရဲ့ကိစ္စတွေအားလုံးကို ခေါင်းထဲမှာထည့်ထားလို့။ တကယ်လို့ ချိန်ကိုက်ဗုံးကြီး ပျက်ပြယ်သွားတဲ့နေ့ရောက်ရင် ငါဟာ ကျိန်းသေပေါက် အကြီးအကဲဝေလို အဆင့်အတန်း တစ်ခုကို ရောက်လာလိမ့်မယ်။”
…….
တပည့်များလက်ခံခေါ်ယူပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အားရပါးရလေ့ကျင့် သည့် အခြေအနေတစ်ခုဆီသို့ ထပ်မံရောက်ရှိသွားခဲ့တော့သည်။
လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသောသူများအားလုံးသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံရယူ ပြီးသည့်နောက်မှာတော့ ကျင့်ကြံခြင်းအဆင့်ကို အလုံးစုံ အာရုံစိုက်ထားကြ၏။
ဂိုဏ်းချုပ်က ပြောခဲ့သည်။ ၎င်းတို့အနေနှင့် နှစ်ဝက်အတွင်း သိုင်းဘုရင်အဆင့် ထိပ်ဆုံးဆီကို ချိုးဖြတ်ရောက်ရှိမည် ဆိုလျှင် ဂြိုဟ်တိုက်ပွဲဆီသို့ ခေါ်ဆောင်သွားမည်ဟု ဆိုသည်။ ဂိုဏ်းချုပ်ကိုပင် ဒဏ်ရာရရှိပြီး သတိလစ်မေ့မျောအောင် လုပ်နိုင်သည့် ဒီနေရာကြီးသည် ၎င်းတို့အား အလွန်ပင် စိတ်လှုပ်ရှားမိစေ၏။ ထို့ကြောင့် အားလုံးတို့သည် မြန်မြန်ဆန်ဆန်နှင့် အဆင့်ချိုးဖြတ်ရန် ကြိုးစားလျက် ရှိနေတော့ သည်။
လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသောသူများအားလုံးသည် အဆင့်မြင့်စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်ကြသည် ဖြစ်ပြီး များပြားလှသည့် အရင်းအမြစ်များကို ရရှိနေသောကြောင့် အဆင့်သေးများကို ကျော်ဖြတ်ဖို့ဆိုသည်မှာ သံသယ ရှိစရာမလိုပေ။
နောက်လအနည်းငယ်အတွင်းမှာပဲ တစ်ယောက်ပြီးတစ်ယောက်တို့သည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ် ရောက်ရှိသွား၏။ ဟုတ်ပေသည်။ ထိုထဲတွင် အရင်ဦးဆုံး သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားသူမှာ ဖေးအားညို ပင်ဖြစ်တော့၏။
“မဖြစ်သေးဘူး။”
အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲတွင် ရှိနေသော ရီရှင်းချန်သည် အလိုမကျစွာဖြင့် ပြောလိုက်မိသည်။ “သုံးလအတွင်း သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ဖို့ဆိုတာ မလွယ်ဘူး။ မဖြစ်နိုင်ဘူးပဲ။”
သူသည် အတွေ့အကြုံရှိ၏။ သို့ပေမဲ့ သူ့တွင် အချိန်ကာလလုံလုံလောက်လောက်မရှိချေ။
ဂိုဏ်းချုပ် သည် လအနည်းငယ်လောက် စောင့်ဆိုင်းပေးမည်ဆိုပါက သူ့အတွက် ပြဿနာတစ်ခုမဟုတ်ပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းက စောင့်ဆိုင်းပေးရန် အစီအစဉ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် စနစ်သည် သူ့အား နေ့စဉ်နေ့တိုင်း မြေအဆင့်ကျွမ်းကျင်သူတစ်ယောက် သူ့အား လက်ဝါးကြီးနှင့်ရိုက်ခဲ့သည့်အကြောင်းကို မမေ့မလျော့နှင့် သတိပေးလျက်ရှိနေသောကြောင့်ပင်။
…
“ဂိုဏ်းချုပ်”
တစ်နေ့မှာတော့ အကြီးအကဲဝေသည် သူဆီသို့ရောက်ရှိလာပြီးပြောလိုက်၏။ “ပါဝင်ပစ္စည်းတွေအတွက် ဆေးပင်တွေက အဆင်သင့်ဖြစ်နေပြီ။ မြန်မြန်ယူခဲ့တော့။”
သိုင်းဘုရင်ဆေးလုံးအတွက် လိုအပ်သည့် ဆေးပစ္စည်းများ ရောက်ရှိလာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ တိုက်ရိုက်ဆိုသလိုပဲ ဆေးလုံးတစ်လုံးကို ဖော်စပ်လိုက်တော့သည်။
“ဒင်”
ပထမဦးဆုံးဆေးလုံး သန့်စင်ပြီးခဲ့ပြီဖြစ်သည်။
သူသည် အဆောင်ခန်းမဆောင်ကို ဖွင့်လှစ်လိုက်ပြီးသည့်နောက်မှာတော့ လှိုင်းအဆောင်ကိုသန့်စင်မည် ဆိုသည့် ခလုတ်အား နှိပ်လိုက်တော့၏။ တစ်နာရီကြာပြီးသည့်နောက်မှာတော့ နွေးထွေးလှသော လှိုင်းအဆောင်တစ်ခု ဖြစ်တည်လာခဲ့တော့၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို လက်ဖြင့်ကိုင်ကာဖြင့် တွေးမိလိုက်၏။ “ငါ ဒါကိုသုံးလို့ရလား”
မိတ်ဆက်တွင်ပြောသည်မှာ တစ်စုံတစ်ယောက်သည် ဤအရာကိုအသုံးပြုလိုက်သည်ဆိုသည်နှင့် အဆင့်ကြီးတစ်ဆင့် ကို တိုးတက်ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
သူသည် လက်ရှိအခြေအနေ၌ သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်ဖြစ်၏။ ထို့ကြောင့် လိုအပ်ချက်များနှင့် ကိုက်ညီလျက်ရှိ၏။ သို့ပေမဲ့ အထူးတာဝန်နှစ်ခုသည် မပြည့်စုံသေးသောကြောင့် ထိုအရာကို ချိုးဖျက်လိုက်မည်ဆိုလျှင် သူ၏အဆင့် တက်မသွားနိုင်ချေ။ ထိုသို့ဆိုလျှင် ဒုက္ခများပေလိမ့်မည်။
“ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရအောင်”
“ကျွတ်”
ကျွင်းချောင်ရှောင်းသည် အဆောင်အား ချိုးချေလိုက်၏။
သို့ပေမဲ့ မည်သည့်တုန့်ပြန်မှုမျှ မရှိချေ။ ထို့ကြောင့် မြေပေါ်တွင် ဆောင့်ဆောင့်ထိုင်ပြီးသည့်နောက်မှာတော့ ခေါင်းကို လက်ဖြင့်အုပ်ကာ စိတ်ဓါတ်တကျဖြင့် ဖြစ်လျက်ရှိနေတော့သည်။ သူသည်ငိုချင်၏။ သို့ပေမဲ့ မျက်ရည်တော့ကျမလာခဲ့ ချေ။
“သိုင်းဘုရင်ဆေးလုံး”
“ဒီလောက်များပြားတဲ့ သလင်းအမြုတေကို အသုံးပြုပြီးတော့ ငါဖြုန်းတီးခဲ့ပြီ။ … ချီးတဲ့မှ”
“ဒင်”
ထိုအချိန်မှာပဲ တစ်ခြားသောသိုင်းဘုရင်ဆေးလုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ကျွင်းချောင်ရှောင်းသည် လှိုင်းအဆောင် နောက်တစ်ခုကို သန့်စင်ပြီးသည့်နောက်မှာတော့ ရီရှင်းချန်ကို လှမ်းခေါ်လိုက်၏။ “မင်း သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီမဟုတ်လား။”
“ဟုတ်ပါတယ်”
“ဒီလိုဆိုရင် တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ခဏတာတိုးမြှင့်ပေးနိုင်တဲ့အဆောင်တစ်ခုရှိတယ်။ စမ်းကြည့်ရအောင်”
ကျွင်းချောင်ရှောင်းသည် သိုင်းအဆောင်အား ကမ်းပေးလိုက်၏။
“တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ခဏတာတိုးမြင့်စေနိုင်တယ်ဟုတ်လား။” ရီရှင်းချန်သည် အံ့အားတသင့်ဖြင့် အဆောင်အား ချိုးချေလိုက်သည်။
သူ၏ စိတ်ဝိညာဉ်အမြုတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် ပြင်းပြင်းထန်ထန်နှင့် စုစည်းလာပြီး သည့်နောက်မှာတော့ သူ၏အဆင့်သည် သိုင်းဘုရင်အဆင့်ဆီမှ ဂိုဏ်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိသွား၏။
“ဒါက”
ဖေးအားညိုသည် စာခြောက်ရုပ်ကြီးတစ်ခုကဲ့သို့ နေရာတွင် တွေတွေကြီးရပ်လျက်ရှိနေတော့သည်။
သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားသည်မှာ ထူးဆန်းသည့် ကိစ္စတော့မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် သိုင်းအင်ပါယာအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားသလို ခံစားနေမိတော့၏။
“ဆန်းကြယ်လွန်းတယ်။ ဒါက မယုံနိုင်စရာဘဲ။”
ဖေးရှင်းချန်သည် မိမိကိုယ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်သည်။ “ဒီအဆောင်က ကျိန်းသေပေါက် အထက်နယ်မြေကပဲဖြစ်ရမယ်။”
အထက်နယ်မြေ “မဟုတ်ဘူး။ ငါပေးတာမဟုတ်ဘူး”
“အင်း။ ဟုတ်ပြီ။”
ကျွင်းချောင်ရှောင်းက သတိပေးလိုက်၏။ “ဒီအဆောင်ရဲ့အစွမ်းသတ္တိက နှစ်နာရီပဲကြာတယ်။ ဒီအစွမ်းသက်ရောက်မှုပျောက်ကွယ်သွားပြီဆိုတာနဲ့ မင်းရဲ့အဆင့်ကလည်း မူလအဆင့်ကနေပြီးတော့ အဆင့်ကြီး တစ်ဆင့် ပြန်ပြီး လျော့ကျသွားလိမ့်မယ်။ ဒါကလည်း နှစ်နာရီကြာလိမ့်မယ်။”
…….
အချိန်ကာလပြည့်ပြီးသည့်နောက်မှာတော့ ရီရှင်းချန် ၏ အဆင့်သည် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်မှသည် သိုင်းစစ်သူကြီးအဆင့်အထိ ထိပ်ဆုံးဆီသို့ ကျဆင်းသွားခဲ့တော့သည်။ ၎င်းအနေနှင့် ကောင်းကင်ပေါ်မှ ချောက်နက်ထဲသို့ ပြုတ်ကျသွားသလိုပင် ခံစားလိုက်မိတော့သည်။
ပို၍ ဆိုးရွားစွာခံစားနေရသည်မှာ ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။ သူသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်မှသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်ဆီသို့ လျော့ကျသွားခဲ့တော့၏။
သူသည် ထိုင်ခုံပေါ်မှာထိုင်၍ အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “အားအင်အဆင့်ကို တိုးတက်စေနိုင်တဲ့အစွမ်းကို ပေးရင်လည်းပေးပါလား။ ဘာလို့ဘေးထွက်ဆိုးကျိုးတွေက သောက်ကျိုးနည်း ထည့်ထားရတာလဲ။”