အခန်း (၈၅၉)
Vol. 58 Ch. 859
ရီရှင်းချန်းကို စမ်းသပ်ပြီးသည့်နောက် လှိုင်းအဆောင်သည် တကယ်ပဲ ကျင့်ကြံခြင်းအဆင့်ကို အဆင့်ကြီး တစ်ဆင့် တိုးမြှင့်နိုင်စွမ်းရှိနေသည်ကို သိရှိလိုက်ရသည်။ ထို့အပြင် အဆင့်ချိုးဖြတ်ပြီးသည့်နောက်မှာတော့ တစ်စုံ တစ်ယောက်သည် အစစ်အမှန် အဆင့်တိုးတက်သွားသလို ခံစားလိုက်ရ၏။ ထိုအရာသည် အသုံးပြု သည့်သူအတွက် အလွန်ပင် အကျိုးများသည့်အရာပင် ဖြစ်တော့သည်။
ပြောရမည်ဆိုလျှင် လှိုင်းအဆောင်၏ အစွမ်းကြောင့် အဆင့်တိုးတက်ခြင်းဆိုသည်မှာ ဒုတိယအဆင့် သာဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ အဆင့်ချိုးဖြတ်ပြီးသည့်နောက် ကြုံတွေ့ရသည့် အတွေ့အကြုံကို ခံယူရခြင်းပင်ဖြစ်တော့သည်။ ထိုအရာသည် သိုင်းကျင့်ကြံသူအား ချက်ချင်းအဆင့်တက်သွားရန် ကူညီပေးနိုင်ခြင်းမရှိဟု ဆိုသော်လည်း ထိုအရာကို တွေ့ကြုံပြီးသည့်နောက်မှာတော့ နားလည်ရန် လိုအပ်နေသည့် အချိန်နှင့် အတွေ့အကြုံများသည် ပိုမိုကာ လျော့ကျသွားပေလိမ့်မည်။
“မဆိုးဘူးပဲ” ကျွင်းချောင်ရှောင်းသည် အလွန်တရာ ကျေနပ်သွား၏။ ဤလှိုင်းအဆောင်နှင့်ဆိုလျှင် သိုင်းအုပ်စိုးသူ ဆေးလုံးများကို တကူးတက လိုက်လံရှာဖွေနေရန် မလိုအပ်တော့ချေ။
သို့ပေမဲ့ သိုင်းဘုရင်ဆေးလုံးများကို ဖော်စပ်ရန်အတွက် တော်တော်များများ လိုအပ်နေသေး၏။ အချိန်အတိုင်းအတာတစ်ခုအတွင်း များပြားလှသော သိုင်းဘုရင်ဆေးလုံးများကို ဖန်တီးရန်ဆိုသည်မှာ လွယ်ကူလှသည့်အရာတော့ မဟုတ်ချေ။ “လောလောဆယ် ဆေးလုံးတစ်ရာတော့ လုပ်ထားရမယ်”
သိုင်းဘုရင်ဆေးလုံးတစ်ရာကျော် သန့်စင်ပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လှိုင်းအဆောင် အခုတစ်ရာကို ဖန်တီးရန် စဉ်းစားလိုက်၏။ ကျန်သည့် ဆေးလုံးအနည်းငယ်ကို သိုင်းဘုရင်အဆင့် ချိုးဖြတ်နိုင်ရန် ကြိုးစားနေသည့် တပည့်များကိုပေးရန် ထားခဲ့လိုက်၏။
ပြိုင်စံရှားဂိုဏ်း၏ သိုင်းဘုရင်အဆင့်သည် လစဉ်လတိုင်း တိုးတက်လာလျက်ရှိနေသည်။ ပထမအဆင့် ဂိုဏ်းများ ပင်လျှင် သူတို့ကဲ့သို့ များပြားလှသည့် သိုင်းဘုရင်များကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့ အခြေအနေ တစ်ခုရောက်ရှိရန် ဖန်တီးနိုင်ခြင်းဆိုသည်မှာ တကယ့်ကို ရူးသွပ်ဖွယ်ရာပင် ဖြစ်သည်။
အားလုံးပြီးသည့် နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အကျင့်အတိုင်း အထူးတာဝန်ကို နှိပ်ကြည့်လိုက်သည်။ တာဝန်ပြီးဆုံးရန် အတွက် သုံးလ ကျန်ရှိသေးလျက် ရှိနေ၏။ “မကြာတော့ဘူး၊ မကြာတော့ဘူး၊ ငါဘယ်သူ့ကို ဂြိုဟ်တိုက်ပွဲထဲ ခေါ်သွားရင် ကောင်းမလဲ”
အဘိုးကြီးတင်း၊ ကျန့်ရာနှင့် ဂိုဏ်း၏ အဓိကအကြီးအကဲများသည် ကျိန်းသေပေါက် ခေါ်ဆောင်သွားရမည့်လူများ ဖြစ်သည်။ ကျိရှုနှင့် ပိုင်လျှို (တောတစ်ရာဘုရင်) တို့သည်လည်း လိုက်ပါလာရမှာဖြစ်သည်။
ကျွင်းချောင်ရှောင်း အနေနှင့် နှောင့်နှေးနေသည်မှာ ရီရှင်းချန်နှင့် တခြားသူများ အားလုံးကို ခေါ်သွားသင့်လား၊ မခေါ်သွားသင့်ဘူးလား ဆိုသည့်အရာပင် ဖြစ်တော့သည်။ အထူးတာဝန်ပြီးဆုံးပြီးသည့်နောက် ၎င်းတို့အားလုံးသည် သိုင်းအုပ်စိုးသူ အဆင့်ကို ချိုးဖြတ်မနိုင်လောက်ဘူးဆိုသည်ကို သူခန့်မှန်းမိ၏။ ထို့ကြောင့် လှိုင်းအဆောင်၏ အားကိုးဖြင့် အထဲသို့ ခေါ်သွားနိုင်စွမ်းရှိသည်။ သို့ပေမဲ့ ထိုအရာ၏ အစွမ်းသည်ကလည်း နှစ်နာရီသာခံ၏။
“အထဲမှာ တစ်စုံတစ်ခုဖြစ်လို့ အချိန်အတိုင်းအတာ တစ်ခုအတွင်း ပြန်မလာနိုင်ဘူးဆိုရင် ကျိန်းသေပေါက် ဒုက္ခများ မှာပဲ”
ကျွင်းချောင်ရှောင်းသည် စားပွဲခုံကို အသာခေါက်ကာဖြင့် ပြောလိုက်၏။ “ဒီကိစ္စကို သေသေချာချာ စဉ်းစားဖို့ လိုတယ်”
ပြီးသည့်နောက်မှာတော့ သူသည် ဤအချင်းအရာနှင့်ပတ်သက်၍ တပည့်များအား ကိုယ်တိုင်စဉ်းစားခွင့်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် လီချင်းယန်နှင့် တခြားသူများ အားလုံးကို ခေါ်လိုက်တော့၏။
“ဂိုဏ်းချုပ်”
ရှောင်ကျီသည် ပထမဦးဆုံး ရွေးချယ်လိုက်၏။ သူ၏ မျက်လုံးများသည် ဆုံးဖြတ်ချက်ခိုင်မာသည့် အရိပ်သင်္ကေတများနှင့် ပြည့်နှက်နေ၏။ “တပည့်က လိုက်ပါ့မယ်”
“တပည့်လည်း လိုက်မယ်”
လီချင်းယန်၊ လီဖေး၊ ထျန်းချီနှင့် တခြားသောသူများအားလုံးသည်လည်း ၎င်းတို့၏ အထင်အမြင်များကို ဖော်ပြလျက်ရှိ၏။ ၎င်းတို့သည် စိတ်လှုပ်ရှားစရာ ကိစ္စရပ်များကို စိတ်ပါဝင်စားကြသူများဖြစ်၏။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ ကျိန်းသေပေါက် လိုက်ပါကြမှာ ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုဆိုရင် သုံးလအတွင်း သိုင်းဘုရင်ထိပ်ဆုံးအဆင့်အထိ ရောက်အောင် ကြိုးစားကြ”
“ကောင်းပါပြီ” အားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် ပိုမို၍ ကြိုးစားကျင့်ကြံကြတော့၏။
.................
“ဂိုဏ်းချုပ်”
တစ်နေ့မှာတော့ လီလိုရှုသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ရှောင်မိုက သတင်းပို့ တယ်၊ ဆယ်ရက်ကြာပြီးလို့ရှိရင် ယွမ်လင်တောင်ထဲကို အပြင်စည်းတပည့်တွေနဲ့ သွားပြီး လေ့ကျင့်ရမယ်တဲ့၊ ယွမ်လင်တောင်ဆိုတာ ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အထူးလေ့ကျင့်ရေး တည်နေရာတစ်ခုပဲလေ။ အဲဒီတောထဲမှာ များပြားလှတဲ့ သားရဲရိုင်းတွေရှိတယ်။ နှစ်စဉ်နှစ်တိုင်း အပြင်စည်းတပည့်တွေက တောထဲကို ဝင်ပြီးတော့ တကယ်တမ်း တိုက်ခိုက်ခဲ့ကြတယ်။ များပြားလှတဲ့ သားရဲရိုင်းတွေကို သတ်ဖြတ်နိုင်တဲ့သူတွေက ကြီးမားတဲ့ ဆုလာဘ်ကို ရရှိကြတယ်လေ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် ရှောင်မိုအနေနဲ့ ထွန်းတောက်လာဖို့ အခွင့်ကောင်းပဲ၊ ဟောခန်းသခင်ကျိကို သူ့ရဲ့သားရဲအနည်းငယ်ကိုခေါ်ပြီး ယွမ်လင်တောင်ထဲသို့ သွားဖို့ ပြောလိုက်။ အဓိက ရှောင်မို ပိုပြီး ထင်ရှားရမယ်။”
“ကောင်းပါပြီ” လီလိုရှု ထွက်ခွာသွားခဲ့၏။
မကြာခင်မှာပဲ ဟောခန်းသခင်ကျိသည် သူ၏နောက်ပါများနှင့်အတူ ယွမ်လင်တောင်တန်းဆီသို့ ဦးတည်သွားခဲ့ တော့သည်။ ကျွင်းချောင်ရှောင်းသည် သူ့အား တာဝန်တစ်ခုသာ ပေးခဲ့၏။ ထိုတာဝန်မှာ စုရှောင်မို ထွန်းတောက် နိုင်စေရန်အတွက် အခြေအနေ အကောင်းဆုံးဖြစ်သည်အထိ ပံ့ပိုးပေးရန်ပင် ဖြစ်တော့သည်။
စုရှောင်မိုအနေနှင့် မိမိကိုယ်ကို အားကိုး၍ အားလုံးထက် ထင်းလင်းနေရန် ကြိုးစားမည်ဆိုလျှင် ကျိန်းသေပေါက် အချိန်ယူရမည် ဖြစ်သည်။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ၎င်းတို့က ကူညီလိုက်မည်ဆိုပါက ကျိန်းသေပေါက် ပို၍ မြန်ဆန်သွားမည်ဖြစ်၏။
..........
တောထဲမှာတော့ ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့် ငါးရာကျော်တို့သည် သိုင်းအုပ်စိုးသူအဆင့် အကြီးအကဲတစ်ယောက်၏ ဦးဆောင်မှုနှင့်အတူ ယွမ်လင်တောင်ထဲသို့ ဝင်လာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့်အတူ ထွန်းတောက်လျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်းဆိုသလိုပဲ ဂိုဏ်းသည် အစစ်အမှန် တိုက်ခိုက်သည့် လေ့ကျင့်ခန်းကို ပြုလုပ်တတ်၏။ ၎င်းတို့သည် ကောင်းမွန်စွာဖြင့် လုပ်ဆောင်နိုင်သည် ဆိုလျှင် ဆုလာဘ်ရရှိရုံသာမက များပြားလှသည့် သီလအမှတ်များကိုလည်း ရရှိမှာဖြစ်၏။ လုံလောက်သည့် သီလ အမှတ်များ ရရှိမည်ဆိုလျှင် အပြင်စည်းတပည့်မှသည် အတွင်းစည်းတပည့်ဆီသို့ ရောက်ရှိသွားနိုင်သည်။
ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့်ဆီမှ အတွင်းစည်းတပည့်ဆီသို့ အလွယ်ကူဆုံး ဝင်ရောက်နိုင်သည့် နည်းလမ်းသည် ဂိုဏ်း၏ ပြိုင်ပွဲများတွင် ဤကဲ့သို့ ကောင်းမွန်လှသည့်ရလဒ်များကို ရယူနိုင်စွမ်းပင်ဖြစ်၏။ အပြင် စည်းတပည့်များသည် ဇွဲကောင်းကောင်းနှင့် ကြိုးစားမည်ဆိုလျှင် သီလအမှတ်များကို စုစည်းပြီး အတွင်းစည်း တပည့်ဆီသို့ ရောက်ရှိနိုင်စွမ်း ရှိ၏။
“ဂျူနီယာညီလေးစု”
လမ်းတလျှောက်မှာတော့ အသားအရည်ဖြူရော်ရော် နှင့် လူတစ်ယောက်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ယွမ်လင်တောင်က အရမ်းကို အန္တရာယ်များတယ်ဆိုပေမယ့် ငါ့နောက်ကို လိုက်လာမယ်ဆိုရင် မင်းလုံလုံခြုံခြုံ နဲ့ဖြစ်မယ်လို့ အာမခံတယ်လေ”
စုရှောင်မိုက ပြုံးကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုစွန်း”
သူသည် စိတ်ထဲတွင်တော့ တီးတိုးရေရွတ်လျက်ရှိသည်။ သူက သိုင်းစစ်သူကြီးအဆင့်လေ၊ ဘယ်လိုဖြစ်ပြီးတော့ သူ့ကိုယ်သူ အရမ်းအားကောင်းတယ်လို့ ထင်နေတာပါလိမ့်။
သိုင်းဘုရင်တစ်ယောက်အနေဖြင့် သူသည် ကျင့်ကြံခြင်းနည်းစနစ်ဖုံးကွယ်ခြင်းကို အသုံးပြုကာဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းဆရာအဆင့်ဆီသို့ နှိမ့်ချ ထားခဲ့၏။ ထို့ကြောင့် တစ်နေကုန် အဆင့်နိမ့် အပြင်စည်း တပည့်ကျင့်ကြံသူများကြားတွင် ပုန်းကွယ်နေထိုင်နေရတော့၏။ ရွေးချယ်စရာလမ်းမရှိပေ။ ဂိုဏ်းချုပ်ပေးထား သော တာဝန်ကို ပြည့်စုံစေရန်အတွက်ငှာ စုရှောင်မိုသည် အဆုံးထိ သူလျှိုတစ်ယောက် ပြုလုပ်သွားရန် စဉ်းစား ထားတော့၏။
“ဒီမှာနားမယ်”
မကြာခင်မှာပဲ ဦးဆောင်လာသော အကြီးအကဲက အော်ဟစ်လိုက်တော့သည်။
“ဂျူနီယာညီလေးစု”
စွန်းရင်ချွမ်က လက်ကို ဝှေ့ယမ်းကာဖြင့် ပြောလိုက်သည်။ “ဒီကိုလာပြီးတော့ အစ်ကို့ရဲ့ ပခုံးလေးကို နှိပ်ပေးအုံး”
“ကောင်းပါပြီ”
စုရှောင်မိုသည် ပြုံးပြုံး ပြုံးပြုံးဖြင့် ပြေးသွားမိ၏။ ပြီးသည့်နောက်မှာတော့ တစ်ဖက်လူ၏ပခုံးအား ကျွမ်းကျင်စွာဖြင့် နှိပ်နယ်ပေးလျက် ရှိနေတော့သည်။ သူသည် ပြုံးကာ ပြောလိုက်မိသည်။ “စီနီယာအကိုစွန်း ... ဒီလောက်လောက်ဆို အဆင်ပြေလား”
“ကောင်းတယ်၊ ကောင်းတယ်”
စွန်းရင်ချွမ်သည် မျက်လုံးကို မှိတ်ကာဖြင့် ပြောလိုက်သည်။ “မဆိုးဘူးပဲ”
ဤနေရာတွင် ညအင်ပါယာသာဖြစ်မည်ဆိုပါက တစ်ခါတည်း ပခုံးရိုးကို ရိုက်ချိုးလိုက်မှာ သေချာသည်။ ထို့ကြောင့် စုရှောင်မိုကဲ့သို့သော လူမှသာလျှင် ဤကဲ့သို့ ကိစ္စရပ်များကို ပြုလုပ်နိုင်စွမ်းရှိ၏။ သူသည် အစစ်အမှန်ပင် သူလျှို တစ်ယောက်ဖြစ်ရန် မွေးဖွားလာသည့်လူတစ်ယောက်ပင် ဖြစ်၏။
“ရင်ချွမ်”
ဦးဆောင်လာသော အကြီးအကဲ၏ မျက်နှာသည် မဲမှောင်လျက်ရှိသည်။ သူသည် တီးတိုးပြောလိုက်သည်။ “မင်းဒီကိုလာတာ အတွေ့အကြုံရဖို့လေ၊ အပျော်သက်သက်လာတာ မဟုတ်ဘူး”
“အဖေ”
စွန်းရင်ချွမ်သည် ပြုံးကာ ပြောလိုက်၏။ “ခဏလေးပါ”
“အင်း”
အကြီးအကဲစွန်းသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက်မှာ စုရှောင်မိုကို ကြည့်ကာ ပြောလိုက်သည်။ “ဂိုဏ်းကို ပြန်ရောက်ရင် မင်းကို စိတ်ဝိညာဉ်ချီစုစည်းခြင်း အစီအရင်ထဲကိုသွားပြီး သုံးရက်တိတိ လေ့ကျင့်ခွင့်ပေးမယ်”
စိတ်ဝိညာဉ်ချီအစီအရင်ဆိုသည်မှာ ထိုက်ရွှမ်အအေးဂိုဏ်း၏ လေ့ကျင့်ရသည့် တည်နေရာတစ်ခုဖြစ်သည်။ အထဲတွင်ရှိသော စိတ်ဝိညာဉ်ချီများသည် အပြင်လောကထက် အလွန်တရာ များပြားလွန်း၏။
သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်း၏ စိတ်ဝိညာဉ်စုဆောင်းခြင်းအစီအရင်နှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ ဘာမှ မဟုတ်ချေ။ သို့သော်လည်း လက်ရှိ ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့်များ အတွက်တော့ ဤနေရာသည် နတ်ဘုံနတ်နန်းတစ်ခုပင် ဖြစ်တော့၏။ ၎င်းတို့ဝင်ချင်တိုင်း ဝင်လို့ရသည့်နေရာလည်း မဟုတ်ချေ။
“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲစွန်း”
စုရှောင်မိုသည် ပျော်ရွှင်သွား၏။ ပြီးသည့်နောက်မှာတော့ ပြင်းပြင်းထန်ထန် နှိပ်တော့သည်။ ထင်ထားတဲ့အတိုင်းပဲ၊ ငါ့ရဲ့ နည်းဗျူဟာက အလုပ်ဖြစ်တယ်၊ ငါ့အနေနဲ့ စွန်းရင်ချွမ်ကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုနိုင်မယ်ဆိုရင် အကြီးအကဲစွန်းက ငါ့ကို တန်ဖိုးထားမှာပဲ။
တွေးနေတုန်းမှာပဲ သူသည် အဝေးတစ်နေရာရှိ ကြီးမားလှသည့် ကျောက်တုံးကြီးပေါ်တွင် ထိုင်လျက်ရှိသော လှပလွန်းသော မိန်းကလေးတစ်ယောက်ကို လှမ်းကြည့်လိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ သူမကလည်း အကြီးအကဲရှရဲ့ မြေးမလေးပဲလေ၊ သူမနဲ့ နီးစပ်ဖို့ ငါ အခွင့်အရေးရှာရမယ်။
စုရှောင်မို၏ အပြင်းတိုးတက်ခြင်းနည်းလမ်းသည် ထိုက်ရွမ်အအေးဂိုဏ်း၏ ပတ်သက်ဆက်နွယ်နေသော အကြီးအကဲများနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းကို လိုက်လံ၍ ရင်းရင်းနှီးနှီး ဆက်ဆံရေးကို တည်ဆောက် ထားခြင်းပင် ဖြစ်တော့သည်။
“မြန်မြန် သွားကြစို့”
ထိုက်ရွမ် အအေးဂိုဏ်းမှ တပည့်များသည် အချိန်အတော်ကြာ နားပြီးသည့်နောက် ယွမ်လင် တောင်တန်းဆီသို့ ဆက်လက်ကာ ခရီးဆက်တော့သည်။
ထို့အချိန်မှာပဲ ဟောခန်းသခင်ကျိနှင့် ၎င်း၏ နောက်လိုက် နောက်ပါများသည် ရောက်ရှိလာရှိကြပြီဖြစ်တော့၏။
“အကြီးအကဲညို... ကျုပ်တို့ ဘာလုပ်ကြမလဲ”
ကျိရှု သည် အဝတ်အစားတွေ ချွတ်ပစ်ပြီး တိုက်ခိုက်သည့်နေရာတွင် ကျွမ်းကျင်လှသည်ဆိုသော်လည်း စုရှောင်မိုတစ်ယောက် ထွန်းတောက်လာစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးရ မည့် ကိစ္စရပ်မျိုးတွင်တော့ ဘာတစ်ခုမှ လုပ်နိုင်စွမ်းမရှိချေ။
အကြီးအကဲညိုက ပြောလိုက်သည်။ “ထိုက်ရွမ်အအေးဂိုဏ်းသားတွေကို ပြဿနာ နည်းနည်းလောက် ရှာလိုက်ရုံပဲလေ၊ လိုအပ်လာပြီဆိုရင် ကျုပ်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ပုံစံပြောင်းပြီး သူတို့ကို အနိုင်ကျင့်လိုက် ကြတာပေါ့”
“အင်း... ဒီလိုလုပ်ကြတာပေါ့” ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။
“ဘုရင်... ပစ်မှတ်တွေ ရောက်နေပြီ”
“ဒါဆိုရင် ပုန်းနေကြ၊ မတွေ့စေနဲ့”
ဝှစ် ဝှစ်
စိတ်ဝိညာဉ်သားရဲဟောခန်းရှိ ကျွမ်းကျင်သူများသည် ပုန်းအောင်းလျက်ရှိနေကြ၏။
အကြီးအကဲစွန်းသည် ဤမျှ များပြားပြီး အားကောင်းလှသော စိတ်ဝိညာဉ်သားရဲများသည် ယွမ်လင်တောင်တန်း ထဲတွင် ပုန်းအောင်းနေမည်ဟု ထင်မှတ်လိမ့်မည် မဟုတ်ချေ။ သူသည် တပည့်များနှင့်အတူ လက်နှစ်ဖက်ကို အသာနောက်ပစ်ကာ လျှောက်ဝင် သွားပြီး အေးစက်စက် ပြောလိုက်သည်။ “ဒီနေရာမှာ လေ့ကျင့်ဖို့က အချိန် ငါးရက် ကြာလိမ့်မယ်၊ မင်းတို့က အဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ တစ်ယောက်ထဲဖြစ်ဖြစ် ကြိုက်သလို ယှဉ်ပြိုင်နိုင်တယ်၊ အချိန်ပြည့်သွားပြီဆိုရင် ဒီနေရာကို ပြန်လာကြပေါ့”
“ကောင်းပါပြီ” တပည့်များအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
“လေ့ကျင့်ခန်းစမယ်” အကြီးအကဲစွန်း ဤစကားကို အော်လိုက်ပြီးပြီးချင်းမှာပဲ တပည့်ငါးရာကျော်တို့သည် ချက်ချင်းဆိုသလိုပဲ နေရာအနှံဆီသို့ ပြန့်ကျဲကာ ထွက်ခွာသွားကြတော့သည်။ တချို့သည် တောင်၏အတွင်းဘက် ဆီသို့ တစ်ယောက်ထဲဝင်ရောက်သွားကြပြီး တခြားသူများမှာတော့ သုံးယောက်အဖွဲ့၊ ငါးယောက်အဖွဲ့ဟူ၍ အသီးသီး ဖွဲ့စည်းကာဖြင့် ထွက်ခွာသွားကြလေတော့သည်။