အခန်း (၈၆၄)
Vol. 58 Ch. 864
“မင်းညာနေတာ။”
ရှရွှေယွင်သည် စုရှောင်မိုပြောသည့် စကားလုံးများကို ကြားရသည့်အချိန်မှာတော့ သူမ၏ လေသံသည် တည်ငြိမ် ပြတ်သားစွာဖြင့် ခိုင်ခိုင်မာမာ ပြောဆိုခဲ့တော့သည်။
စုရှောင်မိုသည် ပါးစပ်ထဲမှတဆင့် နှလုံးသားများ ခုန်ထွက်သွားမတက်ပင် ဖြစ်မိသွားတော့သည်။ ဤအေးစက်သည့် အမျိုးသမီးသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့သွားခဲ့သည်လား။
ဒီလိုဆိုရင်မဖြစ်တော့ဘူး။ သူ့အနေနှင့် ကောင်းကောင်း ဖုံးကွယ်ထားမှဖြစ်တော့မယ်။
“ဝံပုလွေသားရဲက အနောက်ကနေလိုက်တဲ့အချိန်မှာ မင်းပြေးတာအရမ်းကို မြန်လွန်းတယ်။ လှုပ်ရှားမှုနည်းစနစ်တစ်ခု ကို အသုံးပြုထားသည်မဟုတ်လား။”
ရှရွှေယွင်သည် သံသယအပြည့်ဖြင့် စူးစိုက်ကာ ကြည့်နေသည်။ သူမထိုကဲ့သို့ ပြောလေ စုရှောင်မိုက မသက်မသာခံစား ရလေဖြစ်သည်။ “ကျုပ်ကနိမ့်ပါးစွာဖြင့် မွေးဖွားလာခဲ့ရတာလေ။ ဘယ်လိုမျိုး လှုပ်ရှားမှုနည်းစနစ်ကို ကျင့်ကြံနိုင်ရမှာလဲ။ အစ်မရှ မနောက်ပါနဲ့။”
“နိမ့်ပါးစွာမွေးဖွားလာတာဟုတ်လား။”
ရှရွှေယွင်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ “ဒီလို ပေါက်တက်ကရစကားတွေနဲ့ မင်းကိုခေါ်ယူခဲ့တဲ့ အကြီးအကဲတွေကိုပဲ မင်းသွားပြီးလိမ်ညာလို့ရမယ်။”
ချီးတဲ့မှ ..။
ဤအမျိုးသမီးသည် အမှန်ပင်တစ်စုံတစ်ရာကို သိရှိသွားခဲ့တာဖြစ်ရမည်။ ထိုသို့ဆိုလျှင် သူမည်သို့လုပ်ရမည်နည်း။ သူမကို သတ်ပစ်ရမည်လား။ ထိုသို့လုပ်ခြင်းဖြင့် သဲလွန်စကို ဖျောက်ဖျက်ပစ်နိုင်သည်။
ရှရွှေယွင်သည် ပေါ့ပါးစွာဖြင့် ပြောလိုက်မိသည်။ “မင်းက ကိုယ့်ကိုယ်ကို မထင်မရှားနဲ့ ပြုမူနေထိုင်နေတာလား။ တခြားသူတွေကို မြှောက်ပင့်ကပ်ရပ်ပြီးတော့ အပေါ်ကို တက်အောင်ကြိုးစားနေတာလား။”
သူမပြောတာ အမှန်ပင်ဖြစ်၏။
ထိုင်ရှန်အအေးဂိုဏ်းသို့ ရောက်ရှိကတည်းက သူသည် သိုသိုသိပ်သိပ်နှင့်နေထိုင်ခဲ့၏။ သူသည် အခြားထင်ပေါ်သည့် ကိစ္စရပ်များကို တခုမှမပြုလုပ်ချေ။ အဆက်အသွယ်များကို အားကိုးကာ အပေါ်သို့ တက်ရောက်နိုင်ရန်သာ ကြိုးစားခဲ့ခြင်း ပင်ဖြစ်သည်။
အနည်းငယ်တုံ့ဆိုင်းမှုရှိနေသော စုရှောင်မိုသည် နှလုံးသားထဲတွင် ဆုံးဖြတ်ချက်ကြီးချလိုက်သည်။ ပြီးတော့ ရှရွှေယွင်က ပြောလိုက်၏။
“ယွမ်လင်တောင်ထဲမှာ စိတ်ဝိညာဉ်သားရဲတွေရဲ့ တိုက်ခိုက်မှုကို မင်းခံခဲ့ရတယ်။ တဖက်လူတွေက မင်းကို ပြင်းပြင်း ထန်ထန် မတိုက်ခိုက်ဘူးဆိုပေမဲ့ မင်းရဲ့ သိုင်းဆရာကျင့်ကြံခြင်းအဆင့်နဲ့ ဒီလိုမျိုး ကြာရှည်ဘယ်လိုမှခံနိုင်မှာ မဟုတ်ဘူး။”
စုရှောင်မို မျက်မှောင်ကုတ်မိသွား၏။ သူသည် တဖက်လူနှင့်နီးကပ်စေရန် ကြိုးစားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းထဲတွင် သူ၏အဆင့်မြင့်တက်စေရန်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သူသည် အခြေအနေတစ်ခုလုံးကို တဖက်လူအား ဖွင့်ပြပေးလိုက်သလိုဘဲ ဖြစ်ခဲ့ရ၏။
စုရှောင်မိုသည် စတင်ကာ စဉ်းစားလာမိတော့သည်။
ရှရွှေယွင်က ပြောလိုက်သည်။ “မင်းကတကယ့်ကို ရည်မှန်းချက်ကြီးတဲ့လူတစ်ယောက်ပဲ။ အပြင်စည်းဂိုဏ်းသားတစ်ယောက်အနေနဲ့ မင်းက ဘယ်လိုမှ စိတ်ကျေနပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းနားလည်ဖို့က အတွင်းစည်းဂိုဏ်းသားတပည့်တစ်ယောက်ဖြစ်လာဖို့ ဆိုတာက ဖြတ်လမ်းနည်းပေါ်မှာ မမူတည်ဘူး။ မင်းရဲ့ကိုယ်ပိုင်အားအင်ပေါ်မှာဘဲမူတည်တယ်။”
“ဟမ်”
စုရှောင်မိုကြောင်သွားသည်။ တဖက်လူသည် သူ့အား သူလျှိုတစ်ယောက်ဖြစ်သည်ဟု သိရှိသွားပြီမလားဟု သူ စဉ်းစားနေခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ တကယ်တန်းမှာတော့ တဖက်လူသည် သူ့အား ရည်မှန်းချက်ကြီးမားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ကိုယ်၏ ကိုယ်စွမ်းကိုယ်စကို အသုံးမပြုဘဲ တခြားသူများကို မြှောက်ပင့်ကပ်ဖားကာဖြင့် အပေါ်သို့ တက်ရောက်ရန် ကြိုးစားနေသည့်လူတစ်ယောက်ဟု ထင်မှတ်သွားခဲ့ခြင်းသာဖြစ်တော့၏။
စုရှောင်မိုသည် ပုခုံးကိုတွန့်ကာဖြင့် အကူအညီမဲ့စွာပြောလိုက်သည်။ “အဆုံးသတ်မှာတော့ သိသွားပြီ။”
ရှရွှေယွင်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားခဲ့၏။
တဖက်လူ၏ မျက်နှာအမူအရာကို ဖတ်ရှုရာတွင် အလွန်တော်လှသည်ဆိုသော စုရှောင်မိုသည် ထိုအရာကို ချက်ချင်း သတိပြုမိသွား၏။ ထို့ကြောင့်ပင် တွေးလိုက်မိတော့သည်။ သူမက ငါ့ကို သူလျှိုတစ်ယောက်လို့ထင်နေတာမဟုတ်ဘူး။ ဒီအခွင့်အရေးကို အရယူပြီး သူမကို ထပ်ပြီး လှည့်စား ရမယ်။
“ကျုပ်က အရင်တုန်းက သာမန်လူတစ်ယောက်လိုမျိုးဘဲ နေထိုင်သွားဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ကျုပ်ပြန်ရလိုက် မိတာက သံသယတွေပါလား။”
“ဟန်ဆောင်နေတာကို ရပ်လိုက်တော့။ ငါက မြင်တာတွေအကုန်လုံးကို ထုတ်ပြီးတော့ ပြောပြပေးနေတာ။”
စုရှောင်မိုသည် ထိုင်ချလိုက်တော့၏။ ပြီးသည့်နောက်မှာတော့ သူ၏မျက်နှာပေါ်တွင် ရိုးသားပြီး ရိုးရှင်းလှသော အကြည့် ပုံပန်းသွင်ပြင်တို့ ပေါ်ပေါက်လာခဲ့၏။ “ကျုပ်က အရင်တုန်းက လှုပ်ရှားမှုနည်းစနစ်ကို ကျင့်ကြံခဲ့ဖူးတယ်လေ။ ဒါကလည်း စီနီယာ အစ်ကိုစွန်းနဲ့ အစ်မရှတို့ မျက်နှာသာရစေဖို့အတွက် ဖုံးကွယ်ထားမိတာပါ။”
“ဒါဆိုရင် ယွမ်လင်တောင်တန်းတုန်းက ကိစ္စကရော။”
ရှရွှေယွင်က မေးလိုက်သည်။
“ဟုတ်ပါတယ်။”
စုရှောင်မိုသည် ခေါင်းကိုငုံ့ကာဖြင့် စိတ်ဓာတ်ကျချင်ဟန်ဆောင်လိုက်တော့သည်။ “ကျုပ်က ကြီးမားတဲ့မိသားစုတစ်ခုကနေ ဆင်းသက်လာတာမဟုတ်ဘူး။ ဒီတော့ အစ်မရှလိုမျိုး အအေးကောင်းကင် ခန္ဓာကိုယ် လည်းမရှိဘူး။ ပြီးတော့အကြီးအကဲအဘိုးတစ်ယောက်လည်းမရှိဘူး။ ထိုက်ရွှမ်အအေးဂိုဏ်းထဲမှာ နေရာတစ်ခုရဖို့ ဆိုတာ ကောင်းကင်ပေါ်တက်လှမ်းရတာထက် ခက်ခဲလိမ့်မယ်။ ဒါကြောင့်မလို့ အသက်ကို အသေခံပြီး ကြိုးစားခဲ့တာပါ။”
“မင်းကအခု လမ်းမှန်ပေါ်ကိုရောက်နေပြီ။”
ရှရွှေယွင်က ပြောလိုက်သည်။ “ယွမ်လင်တောင်ပေါ်မှာ မတော်တဆဖြစ်ခဲ့တဲ့ကိစ္စတွေပြီးတဲ့နောက်မှာ အကြီးအကဲတွေက မင်းကိုသဘောကျနေ တာ။”
စုရှောင်မိုသည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်၏။ “အစ်မရှ ကျုပ်ဘဝမှာ ကျုပ်အသက်နဲ့ လဲလှယ်ခဲ့တဲ့အရာတွေက ဒီသဘောကျတယ်ဆိုတဲ့အရာတွေနဲ့ပဲ ပြီးသွားတော့မှာလား။”
“မင်းကအရမ်းတော်တယ်လေ။” ရှရွှေယွင်က ပြောလိုက်သည်။
“အဲဒီအခြေအနေမျိုးမှာဆိုရင် မင်းက အချိန်မရွေးသေဆုံးသွားနိုင်တယ်။ ဒါပေမဲ့အသက်ကို အလောင်းအစား လုပ်ပြီးတော့ ဒီကိစ္စကြီးတစ်ခုလုံးကို အောင်မြင်အောင် ပြုလုပ်ခဲ့ပြီ။ အခုမင်းအောင်မြင်ခဲ့ပြီ။ အောင်မြင်ခဲ့လို့လည်း တန်ဖိုးထားခံရတာပေါ့။ ဒါပေမဲ့ မအောင်မြင်ဘူးဆိုရင်တော့ ကျိန်းသေပေါက် သေဆုံးသွားခဲ့မှာပဲ။”
ဤအမျိုးသမီးသည် မရိုးရှင်းလှပေ။ သို့ပေမဲ့ သူမခန့်မှန်းချက်များသည် နောက်ဆုံးကို ရောက်ခါနီးမှ ကွေ့ကာ လွဲသွားခဲ့တော့သည်။
စုရှောင်မိုက ထပ်ကာပြောလိုက်၏။ “ကျုပ် မှန်ကန်တဲ့အလောင်းအစားကို လုပ်ခဲ့မိတာဘဲ။”
“မင်းကကံကောင်းတယ်။ ထိုက်ရွှမ်အအေးဂိုဏ်းထဲမှာ နေရာတစ်ခုရဖို့ဆိုရင် မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့ပဲ လိုတယ်။” ရှရွှေယွင်က ပြောလိုက်သည်။
စုရှောင်မိုက ပြောလိုက်၏။ “အားအင်အဆင့်ဆိုတာက အရင်းအမြစ်တွေကနေ တည်ဆောက်ရတာ။ တကယ်လို့ ကျွန်တော် စုရှောင်မိုက အကြီးအကဲတွေရဲ့ တန်ဖိုးထားမှုကို ခံရမယ်ဆိုရင် အစ်မရှနဲ့ စီနီယာ အစ်ကိုစွန်းတို့ရဲ့ သိုင်းကျင့်ကြံခြင်းအရင်းအမြစ် ဆယ်ပုံတစ်ပုံလောက်ပဲရအုံး ၊ အခြားသူတွေထက် အားမနည်းစေရဘူး။”
“မင်းအဲလောက်ထိ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတာလား။” ရှရွှေယွင်က မေးလိုက်သည်။
“ဟူး”
ရုတ်တရက်ဆိုသလိုဘဲ စုရှောင်မိုသည် သူ၏ကျင့်ကြံခြင်းအဆင့်အား သိုင်းစစ်သူကြီးအဆင့်ဆီသို့ တိုးမြှင့်ကာ ဖော်ပြ လိုက်တော့သည်။ လှိုဏ်ဂူထဲတွင် ကြီးမားသည့် အားအင်များဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်တော့သည်။
“တောင်ထဲကို သွားတဲ့အချိန်မှာ ဆရာက တခြားသူတွေကို အထင်မသေးဖို့ မှာကြားခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တော့ အထင်သေးရမယ်တဲ့”
ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့သော စကားမျိုးကို သူ့အား ပြောဆိုကာဖြင့် အားပေးခဲ့ဖူး၏။
“ဒီတော့ မင်းက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခဲ့တာပေါ့။” ရှရွှေယွင်၏ လေသံနှင့်မျက်လုံးများသည် အံ့အားသင့်မှုများ လုံးဝမပေါ်ခဲ့ပေ။
“အစ်မရှ”
စုရှောင်မိုသည် ပြုံးကာပြောလိုက်သည်။ “တဲ့တိုးဆန်တဲ့ လူတစ်ယောက်အနေနဲ့ ကွေ့ပတ်ပြီးတော့ မပြောတော့ပါဘူး။ အစ်မကလည်း တာဝန်တစ်ခုရှိတယ် ဆိုပြီးတော့ ဒီကို ခေါ်လာတယ်ဆိုတာက ကျုပ်ကို စမ်းသပ်ချင်လို့မဟုတ်လား။”
ရှရွှေယွင်သည် သူ့အား ကြည့်လိုက်သည်။ “မင်းရဲ့ရည်မှန်းချက်က ဘာလဲ။”
စုရှောင်မိုသည် သူ၏ အော်ရာများကို ပြန်လည်ထိန်းသိမ်းပြီးသည့်နောက်မှာတော့ ထက်ရှသည့် အကြည့်မျိုးကြည့်ကာ ပြောလိုက်၏။ “အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာဖို့၊ တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်လာဖို့၊ ပြီးတော့ အကြီးအကဲ ဒါမှမဟုတ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာဖို့။”
ရှရွှေယွင်သည် ကြောင်အသွား၏။ ဤကောင်လေး၏ ရည်မှန်းချက်သည် အလွန်ကြီးမားလွန်းလှ၏။ ၎င်းသည် ဂိုဏ်းချုပ်တစ်ယောက်ပင် ဖြစ်ချင်နေသေး၏။
ပထမတုန်းက သူသည် သိပ်မပြောချင်ခဲ့ပေ။ သို့ပေမဲ့ တကယ်တန်းပြောရမည်ဆိုလျှင်တော့ အဆုံးစွန်ထိ ပြောမှ ဖြစ်မည်ဟု တွေးလိုက်မိ၏။
“ဟုတ်တယ်။ ဒါက ကျုပ်ရဲ့ ရည်မှန်းချက်မဟုတ်ဘူး။ ကျုပ်ရဲ့ အိမ်မက်ဘပဲ။ အစ်မရှ ကျွန်တော့်ကို ရယ်ချင်ရယ်လို့ရတယ်။ အိမ်မက်မက်နေတဲ့ လူတစ်ယောက်ပါလို့ တွေးရင်လည်းတွေးလို့ရတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အိမ်မက်တွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဆရာက တစ်ခါပြောခဲ့ဖူးတယ်။ စစ်ရေးစစ်ရာကို မတတ်မြောက်တဲ့ စားဖိုမှုးတစ်ယောက်က အပ်ချုပ်သည်ကောင်းတစ်ယောက် မဖြစ်လာနိုင်ဘူး။”
ကျွင်းချောင်ရှောင်း “ဟုတ်တယ်။ ဒါ ငါတကယ်ပြောခဲ့တာ။”
“ခွီ”
ရှရွှေယွင်သည် နောက်ဆုံးစကားကို ကြားရသည့်အချိန်မှာတော့ ထရယ်မိလိုက်သည်။ သို့ပေမဲ့ သူမသည် ချက်ချင်းဘဲ မျက်နှာအမူအရာကို ပြန်လည်ပြောင်းလဲလိုက်၏။ ခပ်တည်တည်ဖြင့် ပြန်ကာပြောလိုက်မိတော့သည်။ “အိမ်မက်ဆိုတာ စကားလုံးတွေပေါ်ကနေ စတင်တာမဟုတ်ဘူး။ လုပ်ရပ်နဲ့အလုပ်ကြိုးစားမှုအပေါ် မူတည်လာ တာ။”
“ကျုပ်အလုပ်ကြိုးစားနေပါတယ်။”
“တခြားလူတွေကို မြှောက်ပင့်ကပ်ဖားပြီးတော့ အလုပ်ကြိုးစားလို့မရဘူး။ ပြီးတော့ စွန်းရင်ချွမ်နဲ့ အချိန်ဖြုန်းနေတာကို ရပ်လိုက်သင့်တယ်။”
“ကျုပ်က အစ်မရှကို မြှောက်ပင့်ချင်တာပါ။ ဒါပေမဲ့ ကျုပ်ကြောင့် အစ်မရှရဲ့ ကျင့်ကြံခြင်းအဆင့်တွေ နှောင့်နှေး သွားမှာလည်း စိုးရိမ်ရတယ်။”
“လောလောဆယ် ၂ရက်နားလိုက်တော့။”
ရှရွှေယွင်က ပြောလိုက်၏။ “ပြီးရင် ယွမ်လင်တောင်တန်းဆီကို သွားရအောင်။”
“ဒါက”
စုရှောင်မို ပြော၍ မပြီးသေးခင်မှာဘဲ သူမက ဖြတ်၍ ပြောလိုက်သည်။ “ငါတိတ်တဆိတ်မင်းကို ကူညီပေးမယ်။”
“ကျေးဇူးတင်ပါတယ်။ အစ်မရှ။။”
“ဒါနဲ့ မင်းဆရာရဲ့ နာမည်က စုကျွင်းတန်လား။”
“ဟုတ်ပါတယ်။ ကျုပ်ဆရာရဲ့ နာမည်က အဖိုးကြီးကျွင်းတန်ပါ။ သူကတောင်ထဲမှာ တံခါးပိတ်ကျင့်ကြံနေထိုင် နေထိုင်နေပါတယ်။”
“အဖိုးကြီးကျွင်းတန်ဟုတ်လား။”
ရှရွင်ယွင်သည် ကြိတ်ကာပြောလိုက်မိသည်။ “ဒီလိုလူမျိုးရဲ့နာမည်ကို တခါမှမကြားဖူးဘူး။ ဖုံးကွယ်နေတဲ့ သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မယ်။”
စုရှောင်မိုသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ ကံကောင်းစွာပင် ဤအမျိုးသမီးသည် အကြောင်း အရာကိုပြောင်း၍ ပြောဆိုခဲ့သည်။ သူ့အား ရည်မှန်းချက်ကြီးမားသည့် လူတစ်ယောက်ဖြစ်သည်ဟု တွေးတောခဲ့၏။ ထို့ကြောင့် ကံကောင်းသည်ဟု ဆိုရမည်။
…
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ရှရွှေယွင်သည် ဒဏ်ရာများမှ ပြန်လည်သက်သာလာခဲ့တော့သည်။ ၎င်းတို့နှစ်ယောက်သည် ယွမ်လင်တောင်တန်းဆီသို့ ထပ်မံကာ သွားရောက်ခဲ့တော့သည်။
“စီနီယာအစ်မ”
စုရှောင်မိုသည် အပြင်ဘက်တည်နေရာထဲတွင် ရပ်ကာ တီးတိုးပြောလိုက်သည်။ “ဝံပုလွေသားရဲတွေကို အရင်ဆုံး ဆွဲခေါ်ဖို့တာဝန်ကို ကျုပ်ယူလိုက်မယ်။ ပြီးရင် အတူတူပူးပေါင်းပြီးတော့ ယင်လေဝံပုလွေဘုရင်ကို သတ်ခဲ့ကြတာပေါ့။”
“ကောင်းပြီ”
ရှရွှေယွင်ကပြောလိုက်သည်။
“ဒါဆိုကျုပ်အရင်သွားတော့မယ်။”
စုရှောင်မိုသည် တခါတည်း ပြေးဝင်သွားပြီးသည့်နောက်မှာ ဝံပုလွေများအား မြူဆွယ်တော့သည်။ ပြီးသည့်နောက်မှာတော့ သိုင်းဆရာအဆင့်နှင့် နှိုင်းယှဉ်၍ ရသော ဤသားရဲများအားလုံးသည် သူ၏နောက်သို့ လိုက်ပါလာခဲ့ကြတော့သည်။
ရွှီ
မကြာခင်မှာဘဲ စုရှောင်မို သည် မြက်ခင်းထဲမှ ခုန်ထွက်လိုက်၏။ “အချိန်သိပ်မရှိဘူး။ မြန်မြန်အဆုံးသတ်လိုက်ရအောင်။”
ရှရွှေယွင်သည် ကြောင်အသွား၏။ ဤလူငယ်သည် မြန်ဆန်လွန်းနေသည်မဟုတ်လား။ သို့ပေမဲ့သူမသည် သေသေ ချာချာ တွေးတောရန်အတွက် အချိန်မရှိတော့ချေ။ ထို့ကြောင့် သူမ၏ ဓားအား ထုတ်ယူကာ စုရှောင်မိုနှင့်အတူ တောထဲသို့ ပြေးဝင်သွားခဲ့၏။
ယင်လေဝံပလွေဘုရင်၏ အားအင်အဆင့်သည် မဆိုးလှချေ။ သို့ပေမဲ့ တခြားသောသားရဲများ၏ အကူအညီ မရှိသေး ချေ။ လူသားနှစ်ယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကိုခံရသည့် အခြေအနေမှာတော့ ဆိုးရွားသည့်ရလာဒ်ကို ရရှိသွားခဲ့ ကြတော့သည်။
အချိန်အတော်ကြာတိုက်ခိုက်ပြီးသည့်နောက်မှာတော့ ၎င်း၏ဦးခေါင်းသည် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။
အောင်း
ဒီအချိန်မှာဘဲ တခြားသို့ ရောက်ရှိနေကြသော ဝံပုလွေများသည် ချက်ချင်းဘဲ အနောက်သို့ ပြန်ရောက်လာခဲ့ကြတော့ ၏။
“သွားကြစို့”
ဝံပုလွေဘုရင်၏ ဦးခေါင်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်လျက်ရှိနေသော ရှရွှေယွင်အား ကောက်ချီကာဖြင့် အကြိမ်အနည်းငယ်ခုန်၍ တောအုပ်ထဲမှ ပျောက်ကွယ်သွားခဲ့တော့၏။
သူမ၏ နားထဲတွင် တိုးလျက်ရှိသော လေအေးများကို ခံစားကာ ရှရွှေယွင်သည် စုရှောင်မို၏ ရင်ခွင်ထဲမှ ထွက်နိုင်ရန် ကြိုးစားလျက်ရှိ၏။ သူမသည် စိတ်ထဲမှာ ကြိတ်ကာတွေးမိသည်။ “ဒီကောင်လေးငါ့ကို ထပ်ပြီးအသားယူပြန်ပြီလား။”