အခန်း (၈၆၅)
Vol. 58 Ch. 865
ယင်လေဝံပုလွေဘုရင်ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ စုရှောင်မိုနှင့် ရှရွှေယွင်တို့သည် ထိုက်ရွမ်အအေး ဂိုဏ်းဆီသို့ ပြန်လာခဲ့ကြတော့သည်။ တာဝန်များအားလုံး ပြီးသွားပြီးသည့်နောက်မှာတော့ ဆုလာဘ်များ ရရှိကြ သည်။
ရှရွှေယွင်သည် စုရှောင်မိုအား ဆေးလုံးများကို ပေးစွမ်းကာ ပြောလိုက်တော့၏။ “ဘာကြောင့်လဲလို့ မမေးနဲ့၊ ဒါက မင်းရမယ့်အရာတွေပဲ”
“အင်း” စုရှောင်မိုသည် ဆုလာဘ်များ အားလုံးကို လက်ခံလိုက်၏။ ပြီးသည့်နောက်မှာတော့ ကြောင်တောင်တောင် နှင့်ပြုံးကာ ပြန်ပြောလိုက်တော့သည်။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”
ရှရွှေယွင်၏ အရှေ့၌ သူသည် အလွန်ရည်မှန်းချက်ကြီးမားသောသူတစ်ယောက်အဖြစ် ဟန်ဆောင်ထားခဲ့၏။ သို့ပေမဲ့ ဂိုဏ်းထဲတွင်တော့ သိုသိုသိပ်သိပ်နှင့် အားလုံးနှင့် ချစ်ခင်ရင်းနှီးမှု ရရှိရန် ကြိုးစားနေသည့်လူတစ်ယောက် အဖြစ် ဟန်ဆောင်ထားခဲ့သည်။ ဤအရာသည် သူ၏ သရုပ်ဆောင်စွမ်းရည်အား စမ်းသပ်ခြင်းပင် ဖြစ်တော့၏။
“အနာဂတ်မှာ စွန်းရင်ချွမ်နဲ့ အချိန်ဖြုန်းတာကိုလျှော့”
ရှရွှေယွင်က ပြောလိုက်သည်။ “တကယ်လို့ တာဝန်တွေ ရှိလာပြီဆိုရင် ငါမင်းကို လာခေါ်မယ်”
“ကောင်းပါပြီ” စုရှောင်မိုက ခေါင်းညိတ်လိုက်သည်။
“အင်း… ဟုတ်ပြီ”
ရှရွှေယွင်onf ထွက်ခွာမသွားခင်မှာပဲ အသာရပ်ကာဖြင့် လှမ်းပြောလိုက်သည်။ “အပြင် စည်းတပည့်တွေအတွက် ပြိုင်ပွဲက မကြာခင် ကျင်းပတော့မှာလေ၊ မင်းအနေနဲ့ ကောင်းမွန်တဲ့ရလဒ်တွေ ရလာပြီးတော့ အကြီးအကဲတွေရဲ့ မျက်လုံးထဲရောက်ဖို့အတွက် ကြိုးစားသင့်တယ်"
"ဒါကို ကျုပ်အကောင်းဆုံး လုပ်ပါ့မယ်" စုရှောင်မိုက ပြောလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် ကျင့်ကြံခြင်းအပေါ်တွင်သာ စိတ်ကို အာရုံထားလိုက်သည်။ သီလအမှတ်များနှင့် တာဝန်ထမ်းဆောင်ခြင်းမှ ရလာသော ဆုလာဘ်များကြောင့် သူသည် ကျင့်ကြံခြင်းတွင် အားရပါးရ အာရုံစိုက်ရန် စဉ်းစားထားတော့၏။
ဤအတောအတွင်းတွင် ရှရွှေယွင်သည် တစ်ခါတစ်ရံ ပေါ်ပေါ်လာပြီး သူ့အား တာဝန်များ ထမ်းဆောင်ရန် လာလာခေါ်လေ့ရှိ၏။ ယွမ်လင်တောင်တန်းထဲတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များပြီးသည့်နောက် ဤအမျိုးသမီးသည် ယခင်ကထက် ပိုမိုကူညီကာ သိုင်းပညာအရင်းအမြစ်များ ရရှိအောင် ဖန်တီးပေးနေသည်ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်မိ၏။
"ကုန်းရှန့်...မင်းအခုတလော ရှရွှေယွင်နဲ့ အရမ်းရင်းနှီးနေတယ်နော်၊ မင်းတို့အကြားမှာ ပတ်သက်မှု ရှိနေတာလား"
စားသောက်ခန်းဆီသို့ သွားရာလမ်းမှာတော့ စွန်းရင်ချွမ်က တီးတိုးမေးလိုက်၏။ သူတင်မက တခြားသော အပြင်စည်းတပည့်များ အားလုံးသည်လည်း ထိုအချင်းအရာကို ပြောဆိုနေကြခြင်းပင်ဖြစ်၏။ ထို့အပြင် အမြဲတမ်း အေးစက်နေဟန်ပေါ်သော အစ်မရှသည် စုရှောင်မိုနှင့် ရံဖန်ရံခါဆိုသလို တွေ့လာခဲ့ကြ၏။ ထို့ကြောင့် အားလုံး၏ မျက်လုံးထဲတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း နားလည်မိလိုက်ကြ၏။
"အစ်မရှနဲ့ ကျုပ်က ဘယ်လို ပတ်သက်မှုမျိုး ရှိရမှာလဲ၊ ကျုပ်တို့က တာဝန်တွေကို တူတူသွားလုပ်ကြတာလေ" စုရှောင်မိုက မြန်မြန်ဆန်ဆန်ပဲ ငြင်းပယ်လိုက်သည်။
သူသည် အတော်စိတ်ဓာတ်ကျနေပြီဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ရှရွှေယွင်၏ အကူအညီကြောင့် သူသည် တခြားသူများ၏ အတင်းလုပ်ပြောစရာတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ရ၏။ ထို့အပြင် သူမသည် မိန်းမလေးလှလေး တစ်ဦးဖြစ်သည်မို့ ဂိုဏ်းထဲတွင် ချစ်ခင်မြတ်နိုးကြသူများ အများအပြား တည်ရှိနေ၏။ သူသည်သာ သူမနှင့် နီးကပ်နေမည်ဆိုလျှင် တခြားသူများသည် အမြင်ကြည်ကြတော့မည် မဟုတ်ချေ။
ထင်မှတ်ထားသည့်အတိုင်းပင် စားသောက်ခန်းဆီသို့ လျှောက်လာပြီး အစားအသောက်များကိုယူရန် ပြင်သည့် အချိန်မှာတော့ အရပ်ရှည်ရှည်၊ ခပ်ချောချောနှင့် လူတစ်ယောက်သည် သူ၏လမ်းကို ပိတ်ပင်ထား၏။ "ကောင်လေး... မင်းကို ငါ ဂျူနီယာညီမလေးရှနဲ့ ဝေးဝေးနေဖို့ အကြံပေးချင်တယ်"
သူ၏နာမည်သည် ဟယ်ကျုံးဟင် ဖြစ်သည်။ ၎င်းသည် အပြင်စည်းဂိုဏ်းသားထဲတွင် အားအကောင်းဆုံးထဲမှ တစ်ယောက်လည်း ဖြစ်၏။ ပြောရမည်ဆိုလျှင် ယခုနှစ်၏ အပြင်စည်းပြိုင်ပွဲအပြီးတွင် အတွင်းစည်းတပည့်အဖြစ် တိုးမြှင့်ရောက်ရှိနိုင်မည့် အခွင့်အလမ်းလည်း ရှိနေသူဖြစ်သည်။ ထိုက်ရွမ်ဂိုဏ်းထဲတွင် အပြင်စည်းတပည့်များ များပြားစွာ တည်ရှိ နေသည်ဆိုသော်လည်း ၎င်းတို့အား အဆင့်အသီးသီးဖြင့် ခွဲခြားထားခဲ့၏။
စုရှောင်မို၊ စွန်းရင်ချွမ်နှင့် ရှရွှေယွင်တို့သည် ဂိုဏ်းအတွင်းသို့ နောက်ပိုင်းမှ ဝင်လာကြသူများဖြစ်၏။ တခြားသော တပည့်များသည် အပြင်စည်းတပည့် ဖြစ်နေကြသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ပြောရမည်ဆိုလျှင် စုရှောင်မိုသည် တက္ကသိုလ်ကျောင်းသား ဖြစ်သည်ဆိုလျှင်တောင်မှ ပထမနှစ်ဖြစ်သည်။ ဟယ်ကျုံးဟင်မှာတော့ တတိယနှစ် ကျောင်းသားဟု ဆိုရမည်။
"စီနီယာအစ်ကိုဟယ်က ဂျူနီယာညီမလေးရှကို ချစ်မြတ်နိုးနေတာ ကြာပြီလေ၊ ဂျူနီယာညီလေးစုနဲ့ ဂျူနီယာ ညီမလေးရှတို့က လက်ရှိ အခုတလော တပူးပူး တတွဲတွဲ လုပ်နေကြတာ၊ ဒီတော့ တစ်စုံတစ်ခု ဖြစ်တော့မယ်လို့ ထင်တယ်"
စားသောက်ခန်းထဲတွင်တော့ အပြင်စည်းတပည့်များသည် တီးတိုး ဆွေးနွေးလျက်ရှိနေကြတော့သည်။
"ကုန်းရှန့်"
စွန်းရင်ချွမ်သည် စုရှောင်မို ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်၏။ "ကြောက်စရာမလိုဘူး၊ စီနီယာ အစ်ကို ဒီမှာရှိနေပြီ၊ မင်းကို ဘယ်သူကမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"
"ကျေးဇူးပါ စီနီယာအစ်ကို"
စုရှောင်မိုသည် သူ၏ အစားအစာများကို သယ်ဆောင်ကာဖြင့် တည်နေရာတစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်တော့၏။ ပြီးသည့်နောက်မှာတော့ သူသည် ဘာမှန်းမသိဘဲ ရှရွှေယွင်ကို လှမ်းကြည့်လိုက် မိသည်။
ရှရွှေယွင်သည် ခေါင်းကိုငုံ့ကာဖြင့် အားရပါးရ ထမင်းစားလျက်ရှိနေ၏။
သူ၏ စိတ်ထဲတွင်တော့ ပြိုလဲလျက်ရှိနေသည်။ "ဒါက တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်လား"
"အကြီးအကဲ ကျွင်းတန်"
ပြိုင်စံရှားဂိုဏ်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် တီးတိုးရေရွတ်လိုက်သည်။ "ဒါက ငါ့ရဲ့ နာမည်အသစ်လား"
လီလိုရှုက ပြောလိုက်သည်။ "ရှောင်မိုက ပြောတယ်၊ အကြီးအကဲရှရဲ့ မြေးမလေး ရှရွှေယွင်က သူ့ကို လတ်တလောမှာ ရှုပ်အောင် လုပ်နေတယ်တဲ့၊ သူမကြောင့် သူက တခြားသော အပြင်စည်းတပည့်တွေရဲ့ သတိ ပေးခြင်းကို ခံနေရတယ်၊ ဒါကြောင့် ဘာလုပ်သင့်လဲလို့ ဂိုဏ်းချုပ်ကို မေးလိုက်တယ်"
"အခု သူက ထိုက်ရွမ်ဂိုဏ်းထဲကို ရောက်နေတာ ကြာပြီလေ၊ တကယ်လို့ အမြင့်ကို တက်ချင်တယ်ဆိုရင် အကြီးအကဲတွေရဲ့ စိတ်လှုပ်ရှားမှုကို ရရှိအောင် သူ့ရဲ့ အားအင်အဆင့်ကို ပြမှ ဖြစ်လိမ့်မယ်" ကျွင်းချောင်ရှောင်း သည် ခဏလောက် စဉ်းစားကာဖြင့် ပြောလိုက်သည်။ "တစ်ချိန်လုံး သိုသိုသိပ်သိပ် နေနေစရာ မလိုဘူးလို့ ရှောင်မိုကို ပြောလိုက်၊ တကယ်လို့ အချိန်ကောင်းတစ်ခုကို ရောက်လာပြီဆိုရင် အထက်အကြီးအကဲတွေ အားလုံးရဲ့ အာရုံစူးစိုက်မှုကို ရရှိအောင်လို့ ကိုယ်ရဲ့ အစွမ်းအစကို ထုတ်ဖော်ပြသရမယ်"
"ကောင်းပါပြီ" လီလိုရှုသည် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သတင်းစကားကို ပေးပို့လိုက်တော့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ "တကယ်လို့ ကျွမ်းကျင်သူတွေရဲ့ တပည့် တစ်ယောက်ယောက်သာ ထိုက်ရွမ်အအေးဂိုဏ်းထဲမှာ ရှိနေတယ်ဆိုတာ သိမယ်ဆိုရင် စုရှောင်မိုက ပိုပြီးတော့ အားလုံးရဲ့ အာရုံစူးစိုက်မှုကို ရမှာ မဟုတ်လား"
သူသည် ထိုင်ခုံလက်ရမ်းကို တတောက်တောက်ဖြင့် ခေါက်ကာ ပြောလိုက်သည်။ "ဂြိုဟ်တိုက်ပွဲတွေ ပြီးသွားပြီဆိုရင် ငါက အကြီးအကဲကျွင်းတန်ဆိုတဲ့ လူတစ်ယောက် ကို ဖန်တီးရမယ်၊ ဒါမှ ရှောင်မိုရဲ့ လိမ်ညာမှုက ပိုပြီးတော့ ယုတ္တိတန်တော့မှာ"
စနစ်ကပြောလိုက်သည်။ "လက်ခံသူအနေနဲ့ စုရှောင်မိုကို ဒီထက်မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိစေချင်တာ၊ လုချင်းချင်းနဲ့ ဖန်းလင်းယုတို့ရဲ့ သတင်းစကားကို သိချင်ရုံသက်သက် မဟုတ်တော့ဘူးလား"
"တကယ်လို့ ငါ့တပည့်က တခြားသော ဂိုဏ်းကြီးတွေမှာ အရေးကြီးတဲ့ တည်နေရာ တစ်ခုခု ရရှိထားနိုင်တယ်ဆိုရင် ပိုပြီး ကောင်းမယ် မဟုတ်လား" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
................
ထိုက်ရွမ်အအေးဂိုဏ်း
စုရှောင်မိုသည် ဟောခန်းသခင်လီဆီမှ သတင်းစကားကို ရရှိပြီးသည့်နောက်မှာတော့ တွေးလိုက်တော့သည်။ "အချိန်ကောင်းမှာ ငါဘယ်လို ကိုယ်ထင်ပြရမလဲ"
ဤအချိန်ကောင်းမှာ အလွန်ပင် အရေးကြီးလှ၏။ သူသည် သူ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသပြီး ဟယ်ကျုံးဟင်ကို ရိုက်နှက်၍ မဖြစ်ချေ။ ထိုသို့ဆိုလျှင် တခြားသောသူများအနေနှင့် သူ့အား သံသယဝင်စရာများ ဖြစ်လာနိုင်သည်။ "အရင်ဆုံး နည်းစနစ် ခန်းမဆောင်ကို သွားပြီးတော့ သီလအမှတ်တွေနဲ့ သိုင်းစွမ်းရည်ကို လဲလှယ်ရမယ်"
စုရှောင်မိုသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ အပြင်စည်းတပည့်များအတွက် သိုင်းကျင့်ကြံခြင်း နည်းစနစ်ခန်းမဆောင်ဆီကို သွားလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ လှုပ်ရှားမှု နည်းစနစ်နှင့် လက်သီး နည်းစနစ်တစ်ခုကို ကောက်ယူကာ စာရင်းပေး၍ ပြန်လည်ထွက်ခွာခဲ့သည်။
"ဒီကောင်လေးက သီလအမှတ် ငါးရာကို အသုံးပြုပြီးတော့ အရမ်းခက်တဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်နှစ်ခုကို လဲလှယ်သွားတယ် ဟုတ်လား"
သိုင်းနည်းစနစ်ခန်းမဆောင်၏ အကြီးအကဲသည် စာအုပ်၏ စာရင်းကို ကြည့်ရှု ပြီးသည့်နောက်မှာတော့ စုရှောင်မို လဲလှယ်သွားသော နည်းစနစ်များသည် အရမ်းအဆင့်မြင့်မားလှသော အရာမျိုး မဟုတ်သော်လည်း သင်ယူရန် အလွန်ခက်ခဲလွန်းသည့် သိုင်းနည်းစနစ်များ ဖြစ်ကြောင်း သိရှိလိုက်ရ၏။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။
သူ၏ နေထိုင်ရာဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော စုရှောင်မိုသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက် ထားတော့၏။ သူ၏ သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်နှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းတို့နှင့် ပေါင်းစပ်ပြီး သည့်နောက်မှာတော့ အဆင့်မြင့်သိုင်းနည်းစနစ်တစ်ခုကို နားလည်ဖို့ ဆိုသည်မှာ အလွန်တရာ လွယ်ကူလွန်းနေ၏။
"သွားကြစို့"
ရှရွှေယွင်သည် အပြင်ဘက်မှ အော်လိုက်၏။ "တာဝန်သွားပြီး လုပ်ကြရအောင်"
စုရှောင်မိုသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ဤအမျိုးသမီးနှင့် ထပ်မံကာ လိုက်သွားပြီး တာဝန်များကို ထမ်းဆောင်တော့၏။ ပြီးသည့်နောက်မှာတော့ သိုင်းပညာ၏ အရင်းအမြစ်များ အားလုံးကို ရရှိလာခဲ့သည်။
"ဟယ်ကျုံးဟင်က အပြင်စည်းတပည့်အဖြစ်ကနေ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာဖို့ လုံလောက်တဲ့ အရည်အသွေးတွေရှိတယ်"
တာဝန်ထမ်းဆောင်ဖို့ သွားသည့်လမ်းမှာတော့ ရှရွှေယွင်က ပြောလိုက်သည်။ "တကယ်လို့ မင်းအနေနဲ့ သူ့ကို အနိုင်ယူနိုင်တယ်ဆိုရင် ဂိုဏ်းအကြီးအကဲတွေအားလုံးက မင်းကို တန်ဖိုးထား လာလိမ့်မယ်"
စုရှောင်မို၏နှုတ်ခမ်းများသည် တုန်ယင်သွား၏။ "နေ့စဉ်နေ့တိုင်း တာဝန်ပြုလုပ်ဖို့ဆိုပြီး ကျုပ်ကို လာခေါ်နေတာ အဲဒီ ရည်ရွယ်ချက်နဲ့လား"
"ငါက မင်းရဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံအောင်လို့ ဖြည့်ဆည်းပေးနေတာလေ" ရှရွှေယွင်သည် ရပ်တန့်ကာဖြင့် သေချာလှည့်ကြည့်လိုက်သည်။
သေချာပြီ၊ ဤမိန်းကလေးသည် သူ့အနားသို့ ရောက်ရှိလာသည်မှာ ရည်ရွယ်ချက်တစ်ခု ဖြစ်နေသည်။ သူမ၏ ရည်ရွယ်ချက်သည် သူ့အား ဒုက္ခပေးရန်သာ ဖြစ်တော့သည်။ သို့ပေမဲ့ သူသည်သာ ဟယ်ကျုံးဟင်အား တကယ်တမ်း အနိုင်ယူနိုင်မည်ဆိုလျှင် ကျိန်းသေပေါက် အားလုံး၏ အသိအမှတ်ပြုမှုကို ရရှိတော့မှာ သေချာ၏။
"ရော့"
ရှရွှေယွင်သည် အမှတ်တမဲ့ ပုံစံမျိုးဖြင့် သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်တော့သည်။ "ဒီမှာ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်ရှိတယ်"
"ဒါက" စုရှောင်မို ကြောင်သွားသည်။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်ဆိုသည်မှာ အလွန်များပြားသည့် ပမာဏဖြစ်၏။ ထိုက်ရွမ်းအအေးဂိုဏ်း၏ အပြင်စည်းတပည့်တစ်ယောက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင် ရှာဖွေ၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
"ဘာကြောင့်လဲ မမေးနဲ့"
ရှရွှေယွင်က ပြောလိုက်သည်။ "ငါ ဟယ်ကျုံးဟင်ကို မုန်းလို့ပဲ"
စုရှောင်မို နားလည်သွားမိ၏။ တစ်ဖက်လူသည် သူမအား သွားရောက်ကာ အမြဲလိုလို နှောင့်ယှက်လေ့ရှိသူ ဖြစ်ပေ လိမ့်မည်။ ထို့ကြောင့်ပဲ သူမသည် ရည်ရွယ်ချက်ရှိရှိနှင့် သူ၏ အနားသို့ ကပ်လာပြီး သူ့အား ဒိုင်းတစ်ခုသဖွယ် အသုံးပြုခဲ့ခြင်းပင်ဖြစ်ပေလိမ့်မည်။
စုရှောင်မိုက ပြုံးလိုက်၏။ "စီနီယာအစ်မ မုန်းတဲ့လူက ကျုပ်ရဲ့ ရန်သူပဲလေ၊ စီနီယာအစ်မသာ တစ်လောကလုံးကို မုန်းမယ်ဆိုရင် တစ်လောကလုံးက ကျုပ်ရဲ့ ရန်သူပဲ"
ရှရွှေယွင်၏ အမူအရာများသည် အေးခဲသွားသည်။ ပြီးနောက် တီးတိုး ပြောလိုက်၏။ "အရူးလေး"