အခန်း (၈၆၆)
Vol. 58 Ch. 866
ဟူး ဟူး …။
ပြိုင်စံရှားဂိုဏ်း၏ အတွင်းခြံဝန်းထဲမှာတော့ အဆင့်တက်သည့် အော်ရာများ အလွန်အားကောင်းစွာဖြင့် ဖြစ်တည်လျက် ရှိနေ၏။
လီချင်းယန်သည် တံခါးကို တွန်းဖွင့်ကာ အပြင်ဘက်သို့ လျှောက်ထွက်လာသည်။ သူ၏ ပုံစံကို ကြည့်ရသည်မှာ ပိုမို၍ အားအင်တိုးတက်နေပုံပေါ်သည်။
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ရင်း ပြုံးလိုက်မိ၏။ “မင်းက ငါပေးတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို မဖြုန်းတီးခဲ့ဘူးပဲ၊ ထင်မှတ်ထားတာထက် ပိုပြီးမြန်ဆန်စွာနဲ့ သိုင်းဘုရင်ထိပ်ဆုံး အဆင့်ကို ရောက်ရှိသွားခဲ့ပြီ”
လက်ရှိအခြေအနေမှာတော့ အထူးတာဝန်ပြည့်စုံစေရန်အတွက် အချိန်ကာလသည် နှစ်လသာ ကျန်ရှိတော့သည်။ လီချင်းယန်သည် ရီရှင်းချန် ပြီးသည့်နောက်မှာတော့ သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့သူ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လင်းယွမ်ခန်းမဆောင်ထဲ ရောက်ရှိပြီးနောက် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သောကြောင့်လည်း ဖြစ်၏။
“ဂုဏ်ပြုပါတယ် ဒုတိယ စီနီယာအစ်ကို”
လီဖေး၊ ထျန်းချီနှင့် တခြားသောသူများသည် သူ့အား ဂုဏ်ပြုစကား ဆိုလိုက်ကြ၏။
လီချင်းယန်က ပြောလိုက်သည်။ “မင်းတို့အနေနဲ့ ပိုပြီး ကြိုးကြိုးစားစားနဲ့ သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ချိုးဖြတ် နိုင်ဖို့ ကြိုးစားရမယ်၊ ဂိုဏ်းချုပ်ကို စိတ်မပျက်စေနဲ့”
ဂိုဏ်း၏ အတွင်းရေးကိစ္စရပ်များကို စီမံအုပ်ချုပ်သူတစ်ယောက်ဖြစ်သည်မို့ သူသည် တခြားသောသူများကို စိတ်အားတက်ကြွစေရန် အားပေးလျက် ရှိနေ၏။
“ကောင်းပါပြီ”
အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ အားလုံးသောသူများ၏ မျက်လုံးများသည် ယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။ ဂိုဏ်းချုပ်သည် သူတို့အား များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးစွမ်းထားလေ၏။ ထို့အပြင် သိုင်းပညာအရင်းအမြစ်နှင့်ပတ်သက်၍ အမျိုးအစားအစုံကိုလည်း ချပေးထားသည်။ ထိုသို့ဆိုလျှင်တောင်မှ နှစ်လအတွင်း သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ မရောက်ရှိနိုင်ပါက သူတို့အတွက် လွန်သည်ဟု ဆိုရမည်။
လီဖေး၊ ထျန်းချီနှင့် တခြားသောသူများသည် လီချင်းယန်၏ အဆင့်ချိုးဖြတ်မှုကို နမူနာယူပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ကျင့်ကြံမှုများကို ဇွဲကောင်းကောင်းဖြင့် ပိုမိုကာ ပြုလုပ်ကြတော့သည်။
“သွားကြစို့၊ သွားကြစို့... စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲကို သွားပြီး လေ့ကျင့်ကြရအောင်၊ ဒါမှ ဒုတိယ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီလေးရီတို့ကို အမှီလိုက်နိုင်တော့မှာ”
ဟား ဟား ဟား
ဟား ဟား ဟား
အပြင်ဘက်ခြံဝန်းထဲသို့ ရောက်သည့်အချိန်မှာတော့ စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ ကြက်သီးထလောက်စရာ ရယ်သံကြီး ထွက်ပေါ်လျက်ရှိသည်။
ဆွစ်
ခန်းမသခင်ကျိသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲကို ခုန်ဆင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဘန်း
၎င်း၏ အဝတ်အစားများသည် ပွင့်ထွက်သွားပြီးသည့်နောက် ခေါင်းပေါ်တွင်ရှိနေသော ခရမ်းရောင်ဆံပင်များသည် လေထဲတွင် လွင့်လျက်ရှိ၏။ ၎င်းကို ကြည့်ရသည်မှာ အလွန်အမင်း မောက်မာပြီး ဝံ့ကြွားလှပုံပေါ်သည်။
“ကျုပ်”
ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် တောက်လောင်လျက်ရှိသည်။ “နောက်ဆုံးမှာတော့ စည်းခတ် မခံခင်က အားအင်အဆင့်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီ”
လက်ရှိအချိန်အတောအတွင်းတွင် သူသည် တစ်နေ့လျှင် အစားသုံးနပ်ကို တစ်နပ်သာ စားခဲ့ရ၏။ ထို့ကြောင့် တစ်စုံတစ်ခု မှားယွင်းခဲ့သည်ဟု ခံစားမိနေသည်။ ထို့ကြောင့်ပင် အားအင်အဆင့်များ ပြန်လည်ရရှိရန်အတွက် အဓိက အာရုံစိုက်ကာ လေ့ကျင့်ခဲ့၏။ ထို့ကြောင့်ပင် ထင်မှတ်ထားသည့်အတိုင်း စည်းခတ်မခံရစဉ်က အားအင် အဆင့်ကို ပြန်လည် ရောက်ရှိလာခဲ့တော့၏။
အဓိက ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မျက်နှာကို အသာအုပ်ကိုင်ကာ ပြောလိုက်၏။ “ပြောရမယ် ဆိုရင် ခင်ဗျားကို အသာထပ်ပြီး စည်းခတ်ချင်တယ်ဆိုရင် အနည်းဆုံး သိုင်းနယ်မြေကျင့်ကြံသူ ငါးယောက် လိုအပ် မှာပေါ့”
“ငါးယောက် ဟုတ်လား၊ ဟမ့် ဒါက အတိတ်တုန်းကပဲ”
ခရမ်းရောင်ဘုရင်သည် သူ၏ နဖူးစပ်တွင် ကျဆင်းနေသော ဆံခြည်တစ်မျှင်အား အသာသပ်တင်ကာ ခပ်မာမာ ပြောလိုက်၏။ “အခု နောက်တစ်ယောက် ထပ်ထည့် လိုက်အုံး”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွား၏။ ချီးတဲ့မှ... လူတစ်ယောက်က ဘာထူးလာမှာမလို့လဲ။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သိုင်းနယ်မြေ ကျင့်ကြံသူငါးယောက်နဲ့ အခု ယှဉ်ပြီး ချနိုင် နေပြီပေါ့”
“ပြဿနာမရှိဘူး” ၎င်းသည် သူ၏ ကျင့်ကြံခြင်း အဆင့်များကို ပြန်လည်ရရှိခဲ့ပြီဖြစ်၏။ ထို့ကြောင့် ခရမ်းရောင် ဘုရင်၏ နှာခေါင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်လျက်ရှိပြီး လောကကြီးတစ်ခွင်လုံးတွင် သူသာ အမြင့်မြတ်ဆုံး လူတစ်ယောက်ဖြစ်သည်ဟု ခံစားနေမိတော့၏။
...................
စားသောက်ခန်းထဲမှာတော့ မောက်မာလှသော ဟောခန်းသခင်ကျိသည် သူ၏ ဂုဏ်သိက္ခာတရားများကို လုံးဝ ဂရုမစိုက်တော့ဘဲ အရသာရှိလှသော ဟင်းပွဲများကို ပလုတ်ပလောင်းနှင့် စားသုံးနေသည်။ ဤနေ့သည် အပြစ်ပေးမှု အဆုံးသတ်သွားခဲ့သော နေ့ပင်ဖြစ်၏။ ထို့ကြောင့် တစ်နေ့လျှင် အစားသုံးနပ်ကို ပြန်လည် စားသုံး နိုင်သည်သာမက သူသည် ပိုမိုကာပင် စားသုံးလျက်ရှိ၏။ ထမင်းတစ်ပန်းကန်ကို စားသုံးပြီးသည့်နောက်မှာတော့ ပန်းကန်တွင် ကျန်ရှိနေသော ထမင်းလုံးများကို လျှာဖြင့် လျက်လိုက်သည်။ ပြီးသည့်နောက်မှာတော့ လက်မကို ထောင်ကာဖြင့် ပြောလိုက်သည်။ “တုတု.... မင်းရဲ့ချက်ပြုတ်ခြင်းစွမ်းရည်က ပိုပိုပြီး ကောင်းလာတာပဲ”
လျှိုဝမ်ရှစ်သည် ဘေးတစ်ဖက်တွင် ထိုင်ကာဖြင့် ခေါင်းကိုက်သလို ပြောလိုက်မိသည်။ “ဟောခန်းသခင်ကျိ.... တစ်နေ့ကို တစ်ကြိမ်ပဲ တစ်လလုံးလုံး စားခဲ့ရတယ်၊ မျက်နှာတောင် ချောင်ကျသွားသလိုပဲ”
ဂိုဏ်း၏ အဓိက စားဖိုမှူးတစ်ယောက် ဖြစ်သည်မို့ သူမသည် ဂိုဏ်းသူဂိုဏ်းသားများ အားလုံး ဆာလောင်ခြင်းနှင့် အလေးချိန် ကျဆင်းခြင်းတို့ကို စိုးရိမ်ပူပန်တတ်သည်။ သူမ၏ စီနီယာအစ်ကိုစုသည် ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် ကောင်းကောင်းမွန်မွန် မစားရမည်ကို သူမကပင် စိုးရိမ်လျက် ရှိနေသေး၏။ ထို့ကြောင့် စီနီယာအစ်ကိုစုသာ ရောက်ရှိလာမည်ဆိုပါက ကျိန်းသေပေါက် အရသာရှိလှသော အစားအစာများကို ဖန်တီးပေးမှာဖြစ်သည်။
“အင်း”
ခရမ်းရောင်ဘုရင်သည် သက်ပြင်းချကာ ပြောလိုက်၏။ “ဒါတွေအားလုံးက တာဝန်ကို ပြည့်စုံအောင် မလုပ် နိုင်ခဲ့တဲ့ ငါ့ရဲ့ အပြစ်ပဲလေ”
တကယ်တမ်းမှာတော့ သူသည် စုရှောင်မိုကို ကူညီရင်း လွှဲမှားခဲ့ရ၏။ သို့ပေမဲ့ ဤသို့သော လွှဲမှားမှုသည် စုရှောင်မို အား ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် ကြီးမားသော အောင်မြင်မှုကြီးကို ရအောင် ကူညီပေးခဲ့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်ဖြစ်ကြောင်းကိုသာ သိပါက ထမင်းသုံးနပ်တွင် တစ်ကြိမ်သာ စားခဲ့ရသည့်အဖြစ်အတွက် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိနေပေလိမ့်မည်။
“ကောင်းပြီ”
လျှိုဝမ်ရှစ်က ပြုံးကာ ပြောလိုက်သည်။ “နောက်နေ့လည်း ထပ်လာစားအုံးပေါ့”
“စားရမှာပေါ့ … စားရမှာပေါ့”
ခရမ်းရောင်ဘုရင်သည် ပန်းကန်လွတ်တစ်ခုကို ဘေးဘက်တွင်ချကာ စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “နောက်ထပ် တစ်ပန်းကန် ထပ်ပေးအုံး”
“ဟင်း.....”
ဆိုးသွမ်းလှပါသည်ဆိုသော သားရဲဘုရင်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိနေသည်။ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။ ၎င်း၏နောက်လိုက်ဖြစ်သော အကြီးအကဲညိုမှာတော့ ဘေးတစ်ဖက်တွင် အသာမှီရင်း ပြုံးလျက်ပြောလိုက်၏။ “ကျုပ်ကိုလည်း တစ်ပန်းကန်ပေးအုံး”
“ကောင်းပြီ”
ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိလာသည်ဆိုသည်နှင့် ရှိရှိသမျှ လူအားလုံးတို့သည် ပြောင်းလဲသွားခဲ့ ကြသည်မှာ သဘာဝပင်ဖြစ်၏။
........................
“အထက်နယ်မြေက ရောက်ရှိလာတဲ့ သားရဲဘုရင်က သူ့ရဲ့ အားအင်တွေကို စည်းခတ်မခံရခင် အခြေအနေအထိ ပြန်ရရှိခဲ့တယ်၊ ဒီတော့ တိုက်ပွဲတည်နေရာထဲကို ရောက်ရှိပြီဆိုရင် လက်စားချေဖို့အတွက် ငါ့ကို ကျိန်းသေပေါက် ကူညီပေးနိုင်မှာပဲ” ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင်ထိုင်ရင်း တွေးလျက်ရှိနေသည်။
မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့်သူသည် မေ့ပျောက်၍ မရနိုင်သည့် အမုန်းတရားဖြင့် ခံစားနေမိ၏။ သူသည် ထိုကိစ္စကို မေ့လျော့နေမည် မဟုတ်ချေ။
ထို့ပြင် မမေ့လျော့အောင်လည်း စနစ်သည် နေ့စဉ် နေ့တိုင်း သတိပေးလျက်ရှိ၏။ အကြီးအကဲတင်း၊ တောတစ်ရာဘုရင် ပိုင်လျှို၊ လက်ရှိ ခရမ်းရောင်ဘုရင်တို့ ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် လက်စားချေရန်အတွက် ယုံကြည်လျက်ရှိနေတော့သည်။
သူ့အနေနှင့် ဒုတိယအကြိမ်မြောက် တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်သည်ဆိုပါက ကျိန်းသေပေါက် ရှိရှိသမျှ အားလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်မည်ဟု တေးထား၏။
ဟုတ်ပေသည်။ တစ်ချိန်တည်းမှာပင် သူသည် မျှော်လင့်လျက်ရှိနေသေး၏။ မည်သည့်အရာကို မျှော်လင့်နေသနည်းဆိုသော် တာဝန်နှစ်ခု ပြီးဆုံးပြီး နောက်တွင် ရရှိမည့် ဂိုဏ်းစုဆောင်းမှတ်များနှင့် ဆုလာဘ်များကိုပင်ဖြစ်၏။
“ချီးတဲ့မှ... ငါ စောင့်ကို မစောင့်ချင်တော့ဘူး” ပို၍ စဉ်းစားလေ ကျွင်းချောင်ရှောင်းသည် ဂနာမငြိမ် ဖြစ်လာလေ ဖြစ်သည်။
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “ရှောင်မိုက တစ်လအတွင်း အပြင်စည်းတပည့်တွေရဲ့ စမ်းသပ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့ ပြောတယ်”
“သူက အချိန်ကောင်းဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီနဲ့ တူတယ်” ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်သည်။ လွန်ခဲ့သည့်လက စုရှောင်မိုသည် ရှရွှေယွင်၏ ဦးဆောင်မှုနှင့်အတူ တာဝန်များကို ပြုလုပ်ခဲ့၏။ ခက်ခဲမှုမှာ အလွန် တရာ မြင့်မားလှသည်ဆိုသော်လည်း ဆုလာဘ်များမှာ အလွန်တရာ ရက်ရက်ရောရော ရရှိခဲ့တော့သည်။ ထို့ကြောင့် သူ့အနေနှင့် ကျင့်ကြံဖို့အချိန်တွေ ပိုမိုကာ ရရှိခဲ့ပြီး ပိုမိုကာ အားကောင်းလာခဲ့၏။
“ဟယ်ကျုံးဟင်လို့ခေါ်တဲ့ အပြင်စည်းတပည့်တစ်ယောက်က ပြဿနာရှာနေတယ်လေ၊ သူတို့နှစ်ယောက်က တိုက်ပွဲမှာ ယှဉ်ပြိုင်ကြဖို့ သဘောတူညီထားတယ်၊ အနိုင်ရရှိသူကို အဲဒီစစ်ဆေးမှုက ဆုံးဖြတ်ပေးလိမ့်မယ်” လီလိုရှုက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ တပည့်ကို ရန်စရဲတယ်ဆိုမှတော့ သူက သေခြင်းတရားဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရသလဲဆိုတာကို သင်ယူတတ်မြောက်ချင်နေတဲ့ပုံပဲ”
စုရှောင်မိုနှင့် ဟယ်ကျုံးဟင် တို့၏ တိုက်ပွဲနှင့်ပတ်သက်လျှင် ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့်များ ကြားထဲတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆွေးနွေးလျက်ရှိနေ၏။ ထို့ပြင် ဟယ်ကျုံးဟင်ဆိုသည်မှာ ဂိုဏ်းကို အစောကြီးကတည်းက ရောက်ရှိနေသူဖြစ်ပြီး အတွင်းစည်းတပည့်ဖြစ်ရန်အတွက် အခွင့်အရေး အကောင်းဆုံး လူတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်လား။
………..
ကျွီ
တံခါးပွင့်လာ၏။ စွန်းရင်ချွမ်သည် မြန်မြန်လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “ဂျူနီယာညီလေးစု... မင်းရဲ့ ဦးနှောက်ကို မြင်းကန်ခံလိုက်ရပြီလား၊ ဘယ်လိုဖြစ်ပြီးတော့ ဟယ်ကျုံးဟင်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ရတာလဲ”
“အင်း”
စုရှောင်မိုသည် ကျင့်ကြံရာမှ ရပ်တန့်လိုက်ပြီးသည့်နောက် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “သူက ကျုပ်ကို တောက်လျှောက်ရန်စနေတာလေ၊ သဘောမတူလို့ မဖြစ်ဘူး”
“မင်း... မင်း...”
စွန်းရင်ချွမ်သည် ထိုင်ချလိုက်ပြီးနောက် ပြောလိုက်သည်။ “ဒီလို လုပ်ရအောင်၊ ဒီစိန်ခေါ်မှုကို ဖျက်ပေးဖို့ ငါ့အဖေကို သွားပြောမယ်” သူသည် စုရှောင်မိုအတွက် တွေးပေးနေခြင်းဖြစ်၏။ ထို့အပြင် ဟယ်ကျုံးဟင်မှာ အလွန်အားကောင်းလွန်းလှ၏။
“သဘောတူထားတယ်ဆိုမှ တိုက်ကို တိုက်ခိုက်ရမယ်လေ၊ ပြီးတော့”
စုရှောင်မို၏ မျက်လုံးများသည် ချက်ချင်း ဆိုသလိုပဲ လေးနက်သွား၏။ “ကျုပ် ကုန်းရှန့်က နိမ့်ပါးတဲ့လူတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ အားလုံးက အနိုင်ကျင့်လို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာကိုသိအောင် အားအင်အဆင့်တွေကို ထုတ်ဖော်ပြသချင်တယ်”
စွန်းရင်ချွမ်သည် ကြောင်အသွား၏။ သူ့ ဂျူနီယာညီလေး၏ ဆုံးဖြတ်ချက် ပြတ်သားလှသော အကြည့်များကို မြင်ရပြီးသည့်နောက်မှာတော့ သူသည် ယွမ်လင်တောင်တန်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်များကို မျက်လုံးထဲတွင် ပြန်လည် မြင်ယောင်လာမိ၏။ ထိုစဉ်ကလည်း ဂျူနီယာညီလေးစုသည် အလွန်ခိုင်မာလှသော စိတ်ဓာတ်များကို ထုတ်ဖော်ပြသခဲ့သည် မဟုတ်ပါလား။
“ကောင်းပြီ၊ ငါနားလည်ပြီ”
စွန်းရင်ချွမ်သည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ပခုံးကို အသာပုတ်ကာ အားပေးလိုက်၏။ “ပြင်ပလူတွေက မင်းကို ဘယ်လိုပဲ သံသယရှိတယ်ပဲဖြစ်ဖြစ် မင်းရဲ့စီနီယာအစ်ကိုက မင်းဘေးနားမှာ အမြဲတမ်းရှိပြီးတော့ အားပေးနေမယ်”
“ကျေးဇူးပါ စီနီယာအစ်ကို” စုရှောင်မို ပြုံးကာ ပြောလိုက်သည်။
စွန်းရင်ချွမ်သည် သူ၏ရင်ဘတ်ကို အသာထိုးကာဖြင့် ဒေါသထွက်ချင်ဟန် ဆောင်လိုက်သည်။ “မင်း ငါ့ကို ကျေးဇူးတင်တယ်လို့ ထပ်ပြောရင် ငါမင်းကို ရိုက်ရတော့မယ်”
ဟား ဟား ဟား
စုရှောင်မိုသည် ရူးကြောင်ကြောင်ဖြင့် ရယ်လိုက်၏။
“ဒီမှာ”
စွန်းရင်ချွမ်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးကာ ပြောလိုက်၏။ “ဒီထဲမှာ သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတစ်ရာရှိတယ်၊ ဒါတွေကိုသုံးပြီးတော့ မြန်မြန်ဆန်ဆန် လေ့ကျင့်လိုက်၊ အချိန်ရောက်လာပြီဆိုရင် မင်း အဲဒီကောင်ကို မြေပေါ်ကို ကျအောင်လို့ ရိုက်သာရိုက်တော့”
“ဒါတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်”
စုရှောင်မိုနှင့် စွန်းရင်ချွမ်တို့သည် မျက်လုံးချင်းဆုံသွား၏။ မည်သည့် စကားမှ ပြောစရာမလိုဘဲ စုရှောင်မိုသည် လက်စွပ်ကို ကောက်ယူကာ ပြောလိုက်မိ၏။ “စိတ်မပျက်စေရပါဘူး စီနီယာအစ်ကို၊ အပြင်စည်းဂိုဏ်းရဲ့ ပြိုင်ပွဲရောက်ရင် ဟယ်ကျုံးဟင်ကို ကျိန်းသေပေါက် အနိုင်ယူပြမယ်”
သူဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သူ့အနေနှင့် ဤပြိုင်ပွဲကို အနိုင်ရမှ ဖြစ်ပေလိမ့်မည်။
“ဟယ်ကျုံးဟင်... ထိုက်ရွမ်အအေးဂိုဏ်းရဲ့ တပည့်၊ ကျုပ် စုရှောင်မိုက လေးလေးနက်နက် တိုက်ခိုက်ပြီဆိုရင် ဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်ဘူး”