← Chapters

အခန်း (၈၆၇)

Vol. 58 Ch. 867

အခန်း (၈၆၇)

Vol. 58 Ch. 867

“စုကုန်းရှန့်က လအနည်းငယ်အတွင်းမှာပဲ အပြင်စည်းတပည့် ဖြစ်လာခဲ့တာလေ၊ သူ့ရဲ့ အရည်အသွေးက ယွမ်လင် တောင်တန်းမှာတုန်းက ကောင်းကောင်း စွမ်းဆောင်ရည်ကို ပြခဲ့တာကြောင့် သီလအမှတ် ငါးရာတောင် ရရှိခဲ့တယ်၊ အခု စီနီယာအစ်ကိုဟယ်ကိုတောင် စိန်ခေါ်နေပြီ၊ သူ့ခေါင်းထဲမှာ တစ်စုံတစ်ခု မှားယွင်းနေတာများလား”

“အကြီးအကဲရှရဲ့မြေးက သူ့ကို တာဝန်တွေ ပြုလုပ်တဲ့နေရာမှာ တောက်လျှောက်ခေါ်သွားတာလေ၊ အဲတော့ ဆုလာဘ်တွေ အများကြီးရရှိခဲ့တယ်၊ ပြီးတော့ စိတ်ဝိညာဉ်ချီ အစီအရင်ထဲကို သွားပြီးတော့ ခဏ ခဏ လေ့ကျင့်ခဲ့ရတယ်၊ သူ့ရဲ့အားအင်အဆင့်က နည်းနည်းတော့ တိုးတက်လာလောက်တယ်”

“ဂျူနီယာညီလေးဟယ်က တကယ့်ကို ပါရမီရှင် သိုင်းစစ်သူကြီးတစ်ယောက် မဟုတ်လား၊ သူ့အနေနဲ့ ဘယ်လောက် ကျင့်ကျင့် သိုင်းဆရာအဆင့်က အများဆုံးပဲလေ၊ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး”

ထိုက်ရွမ်အအေးဂိုဏ်းရဲ့ တပည့်များအားလုံးသည် စုရှောင်မိုနှင့် ဟယ်ကျုံးဟင်၏ အကြောင်းနှင့်ပတ်သက်၍ သေသေချာချာ ဆွေးနွေးလျက်ရှိနေကြသည်။ ထိုအရာသည် ဂိုဏ်း၏ အကြီးအကဲများဆီသို့ပါ ရောက်ရှိသွားစေ၏။ ထို့ကြောင့် ပုံမှန် အစည်းအဝေးများတွင်ပင်လျှင် ဤအကြောင်းအရာကို ထည့်သွင်းကာ ပြောဆိုနေကြ၏။

ဟား ဟား ဟား ဟား ဟား

အကြီးအကဲစွန်းသည် ရယ်မောလိုက်၏။ “နှစ်ပေါင်းများစွာ ဂိုဏ်းထဲမှာ နေထိုင်ခဲ့ပြီး အပြင်စည်းဂိုဏ်းသား တစ်ယောက်ဖြစ်နေတဲ့ ဟယ်ကျုံးဟင်ကို ရင်ဆိုင်ရဲတယ်ဆိုတော့ ကုန်းရှန့်က တကယ့်ကို သတ္တိရှိတာပဲ”

သူ၏သားသည် စုရှောင်မိုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိ၏။ ထို့ကြောင့် သူ့အနေနှင့် စုရှောင်မိုဘက်မှ ရပ်တည် ပေးရသည်ဆိုသည်မှာ အဓိပ္ပာယ်ရှိလှသည်။ ထို့ပြင် သူသည် စုရှောင်မိုကို ကူညီရင်း စိတ်ဝိညာဉ်ချီစုစည်းခြင်း အစီအရင်ထဲသို့ဝင်ရောက်ခွင့်ရရန် ကြိုးစားပေးခဲ့သေးသည်။

“ဟယ်ကျုံးဟင် ကလည်း အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဖြစ်ဖို့ အလားအလာရှိတဲ့လူတစ်ယောက်ပဲလေ၊ သူ့လိုသူမျိုးကို စိန်ခေါ်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလည်း ဖြစ်နိုင်လောက်တယ်”

“ယွင်လင်တောင်တန်းမှာတုန်းက သူ့ရဲ့အသက်သေမှာတောင် မကြောက်ဘဲနဲ့ စိတ်ဝိညာဉ်သားရဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့ လူတစ်ယောက်ဆိုတော့ သူ့ထက် အဆင့်မြင့်မားတဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက်ကို စိန်ခေါ်ရဲတယ် ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး”

တတိယအကြီးအကဲက ပြောလိုက်သည်။ “အကြီးအကဲရှ... ခင်ဗျားရဲ့ မြေးမလေးကလည်း ဒီကောင်လေးနဲ့ လက်ရှိမှာ တပူးပူး တတွဲတွဲ ဖြစ်နေတယ်လို့ ကြားတယ်လေ”

“ဒါက အမှန်ပဲ”

အကြီးအကဲရှက ခေါင်းညိတ်လိုက်၏။ “အဲဒီ မတော်တဆမှုကိစ္စဖြစ်ပြီးကတည်းက ရွှေယင်က ဒီကောင်လေးနဲ့ပတ်သက်ရင် နည်းနည်း အလေးထားတယ်လေ၊ ပြီးတော့ သူ့ကို သိုင်းပညာ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ပေးလေ့ရှိတယ်”

“ကြည့်ရတာ”

တတိယ အကြီးအကဲက ပြောလိုက်သည်။ “သူ့အနေနဲ့ ဟယ်ကျုံးဟင်ရဲ့ စိန်ခေါ်မှုကို မပယ်ဖျက်ဘူး ဆိုတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလို့ ဖြစ်လိမ့်မယ်”

သိုင်းနည်းစနစ် ခန်းမဆောင်၏ အကြီးအကဲက ပြောလိုက်သည်။ “မကြာသေးခင်က ဒီကလေးက သီလအမှတ် ငါးရာကို အသုံးပြုပြီးတော့ မီးလက်ဝါး ခြောက်မျိုးနဲ့ အရိပ်လေကိုးမျိုး ခြေလှမ်းကို လဲလှယ်ခဲ့တယ်လေ၊ သူ့အနေနဲ့ ပြင်ဆင်ထားပြီးလောက်ပါပြီ”

“ဘာ...” အကြီးအကဲစွန်းနှင့် အကြီးအကဲရှတို့သည် အံ့အားသင့်မိသွား၏။ “မီးလက်ဝါးခြောက်မျိုးနဲ့ အရိပ်လေ ကိုးမျိုးခြေလှမ်း ဟုတ်လား၊ အဲတာတွေက အဆင့်မြင့် သိုင်းနည်းစနစ်တွေဆိုပေမယ့် ထိပ်ဆုံးအဆင့်ထိရှိတဲ့ သိုင်းနည်းစနစ်တွေတော့ မဟုတ်ဘူး၊ ပြီးတော့ ကျင့်ကြံရတာ အရမ်းခက်တယ် မဟုတ်လား”

တတိယအကြီးအကဲက ပြုံးကာ ပြောလိုက်သည်။ “ဒီ စုကုန်းရှန့်က မထင်မှတ်ထားတဲ့ အံ့အားသင့်စရာတွေ ယူဆောင်လာမယ်ထင်တယ်”

.....................

ကျွီ

တံခါးပွင့်သွားပြီးတဲ့နောက်မှာတော့ စွန်းရင်ချွမ်သည် အလောတကြီးဖြင့် လျှောက်ဝင်လာသည်။ “ကုန်းရှန့်... မင်း သီလအမှတ် ငါးရာကို အသုံးပြုပြီးတော့ မီးလက်ဝါးခြောက်မျိုးနဲ့ အရိပ်လေကိုးမျိုးခြေလှမ်းကို ဝယ်ယူခဲ့တယ်ဆို”

“ဟုတ်တယ်” စုရှောင်မိုက ခေါင်းညိတ်လိုက်၏။

“ချီးတဲ့မှ...”

စွန်းရင်ချွမ်သည် ထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ ကြေကွဲစွာဖြင့် ပြောလိုက်သည်။ “ဒီသိုင်း နည်းစနစ်တွေရဲ့အဆင့်က မနိမ့်ဘူးဆိုပေမဲ့ ကျင့်ကြံဖို့ အရမ်းခက်တယ်လေ၊ သီလအမှတ်တွေ အသုံးပြုတယ် ဆိုတာ တကယ့်ကို ဖြုန်းတီးမှု တစ်ခုပဲ”

“အင်း”

စုရှောင်မိုသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ကျုပ်လည်း မသိဘူး၊ သူ့ရဲ့ မိတ်ဆက်ဖော်ပြထားတာ တော်တော်ကောင်းလို့ စဉ်းတောင်မစဉ်းစားဘဲ ဝယ်လိုက်တာလေ”

“အင်း”

စွန်းရင်ချွမ်က ပြောလိုက်သည်။ “နောက်ဆိုရင်ငါ့ကိုပြော... ငါမင်းနဲ့အတူ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ဆီကို လိုက်ခဲ့မယ်၊ ပြီးရင် တကယ့်ကို အကုန်အကျနည်းပြီးတော့ အကျိုးသက်ရောက်မှုရှိတဲ့ သိုင်းနည်းစနစ်တွေနဲ့ လဲလှယ်ဖို့အတွက် ညွှန်ပြပေးမယ်လေ”

“နောက်တစ်ကြိမ်ကျရင် စီနီယာအစ်ကိုစွန်းကို ခေါ်ပါ့မယ်” စုရှောင်မိုက ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် မင်းအခု ကျင့်ကြံတာကို ငါမနှောက်ယှက်တော့ဘူး”

စွန်းရင်ချွမ်သည် မတ်တပ် ထရပ်လိုက်၏။ သို့ပေမဲ့ ထွက်ခွာမသွားခင်မှာပဲ သူက ပြောလိုက်သည်။ “ငါ့အဖေပြောတာတော့ တတိယ အကြီးအကဲက မင်းကို အထင်ကြီးနေတယ်တဲ့”

“တတိယ အကြီးအကဲက ကျုပ်ကို အထင်ကြီးနေတယ် ဟုတ်လား”

စုရှောင်မိုသည် မိမိကိုယ်ကိုယ် ပြောလိုက်၏။ “ဒီအတောအတွင်း ပြင်ဆင်စရာရှိတာတွေကို သေသေချာချာ ပြင်ဆင်ထားမှ ဖြစ်မယ်၊ ဒါမှ ဟယ်ကျုံးဟင်ကို အနိုင်တိုက်ခိုက်တဲ့အချိန်မှာ သက်သေသာဓကတွေ အကုန်လုံးက ပြင်ဆင်ပြီးသား ဖြစ်နေမှာ၊ ဘာပဲပြောပြော ငါ့ကို စုံစမ်းကြမှာ မဟုတ်လား”

ထိုက်ရွမ်အအေးဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်များသည် ပြိုင်စံရှားဂိုဏ်းနှင့် ခြားနားလွန်းလှ၏။ သိုင်းဘုရင် တစ်ယောက်အနေနှင့် ဤနေရာတွင် နေထိုင်ရသည်ဆိုခြင်းမှာ အချိန်ဖြုန်းခြင်းနှင့်ပင် ဆင်တူသည်။ သူ့အနေနှင့် ကျင့်ကြံစရာလည်း သိပ်မရှိလှချေ။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ထိုက်ရွမ်အအေးဂိုဏ်းတွင်ရှိသော သိုင်း ကျင့်ကြံခြင်းနည်းစနစ်ကို အချိန်ပေးကာ ကျင့်ကြံနေခြင်းပင်ဖြစ်၏။ ထိုမှသာလျှင် အထက်အကြီးအကဲများသည် သူကြိုးကြိုးစားစား လေ့ကျင့်နေခြင်းကြောင့် ဟယ်ကျုံးဟင်ကို အနိုင်ရရှိခဲ့တာဖြစ်ကြောင်း တွေးမိပေလိမ့်မည်။

ဟုတ်ပေသည်။ ကောင်းမွန်သည့် ပါရမီနှင့် တိုက်ခိုက်နိုင်စွမ်းကို ပြမှသာလျှင် အသိအမှတ်ပြုမှုကို ခံကြရမှာ ကျိန်းသေ၏။

“ကြည့်အုံး... သူက စုကုန်းရှန့်တဲ့”

“ဒီကောင် အခုတလော အခန်းထဲကနေ သိပ်ထွက်တာ မတွေ့ဘူး၊ ကောင်းကောင်းမွန်မွန် လေ့ကျင့်နေတာ ထင်တယ်”

“သူနဲ့ စီနီယာအစ်ကိုဟယ်တို့ကြားက ကွာခြားချက်က ခြေလှမ်းတစ်လှမ်း၊ နှစ်လမ်းမှ မကတာ၊ ဒီတော့ ဘယ်လောက်ပဲ လေ့ကျင့် လေ့ကျင့် အလကားပါပဲ”

စားသောက်ခန်းဆီသို့လာရာလမ်းတွင် စုရှောင်မိုသည် အားလုံး၏ ဆွေးနွေးမှုကို ကြားနေရ၏။ သူ၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု တည်ရှိနေသည်။

သူသည် တခြားသော ရောင်းရင်းများနှင့် တပည့်များက သူ့အား အထင်သေးနေကြသည်ကို စိတ်လက် မပူပန်ပေ။ သူ့အနေနှင့် ကြိုးကြိုးစားစား လေ့ကျင့် နေသည်ဖြစ်ကြောင်း သိရှိစေချင်သည့် ရည်ရွယ်ချက် အောင်မြင်လျှင် အဆင်ပြေနေပြီဖြစ်၏။

ပြောရမည်ဆိုလျှင် စုရှောင်မို၏ တွက်ချက်မှုများသည် အလွန်တိကျလွန်းလှ၏။ သူသည် အရာကိစ္စအားလုံးကို စစ်တုရင်ခုံပေါ်တွင် ရှိနေသည့် စစ်တုရင်ရုပ်များကဲ့သို့ သေသေချာချာ စီစဉ်ကာ ဖန်တီးတည်ဆောက်နေခြင်းပင် ဖြစ်တော့သည်။

...................

ပြိုင်စံရှားဂိုဏ်းထဲတွင်တော့ ကျွင်းချောင်ရှောင်းသည် လက်ရှိ၌ လီလိုရှု၏ သတင်းပို့ချက်များကို နားထောင်လျက် ရှိနေ၏။ ပြီးသည့်နောက်မှာတော့ ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် ပြုလုပ်ခဲ့သမျှသော စုရှောင်မို၏ ပြုလုပ်ချက် များကို ကြီးကြီးကျယ်ကျယ် ချီးကျူးနေမိ၏။ သူ၏ တပည့်သည် သူထင်မှတ်ထားသည်ထက် ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်နေသည်။

“ရှောင်မို”

ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။ “အပြင်စည်းဂိုဏ်းရဲ့ စမ်းသပ်ပွဲမှာ တကယ့်ကို ကောင်းကောင်းမွန်မွန် အစွမ်းပြနိုင်မယ်ဆိုရင် မင်းက ထိုက်ရွမ်အအေးဂိုဏ်းထဲမှာ အေးအေးသက်သာနဲ့ နေထိုင်လို့ ရပြီပဲ”

ဝှစ် ဝှစ်

ရုတ်တရက် အဆင့်ချိုးဖြတ်သည့် အရှိန်အဟုန်များ ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီးသည့်နောက် သဘောတကျဖြင့် ပြောလိုက်သည်။ “မဆိုးဘူး၊ မဆိုးဘူး ရှောင်ကျီက သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်သွားပြီပဲ”

လဝက်ကြာမြင့်ပြီးသည့်နောက်မှာတော့ လီဖေး၊ ထျန်းချီ၊ လုံကျိရန်နှင့် တခြားသော အတွင်းစည်းတပည့်များ အားလုံးသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ချိုးဖြတ်ရောက်ရှိသွားခဲ့ကြ၏။

“ဒါက လှိုင်းအဆောင်ပဲ”

ကျွင်းချောင်ရှောင်းသည် အဆောင်များကို ရက်ရက်ရောရော ထုတ်ပေးကာ ပြောလိုက်သည်။ “ဒါကို သုံးပြီးရင် မင်းတို့အနေနဲ့ အဆင့်ကြီးတစ်ဆင့်ကို ချိုးဖြတ်နိုင်တဲ့ အခွင့်အရေးကို ရလိမ့်မယ်”

ဂိုဏ်းချုပ်တွင် ပစ္စည်းကောင်းများ အများကြီးရှိ၏။ လီချင်းယန်နှင့် တခြားသောသူများသည် ထိုအရာကို အသားကျ နေပြီးသားဖြစ်သည်။ ထို့ကြောင့်ပင် အဆောင်ကို ရယူပြီးသည့်နောက် တစ်ခါတည်း ချိုးချေလိုက်၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များသည် သိုင်းဘုရင်အဆင့်မှသည် သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ် ရောက်ရှိသွားခဲ့ကြ သည်။

“ကောင်းကင်ဘုံ... တကယ့်ကို အံ့အားသင့်စရာပဲ”

“အဆင့်ချိုးဖြတ်သွားတဲ့ ခံစားချက်က သိုင်းအုပ်စိုးသူအဆင့်ကို တကယ်ရောက်ရှိသွားသလိုပဲ” အားလုံးသည် ဆွံ့အသွားခဲ့ကြ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လှိုင်းအဆောင်ရဲ့ အကျိုးသက်ရောက်မှု က မင်းတို့ကို ပိုပြီးအားကောင်းစေရုံမကဘူး၊ ကိုယ့်ထက် အဆင့်တစ်ဆင့်မြင့်တဲ့ သိုင်းအုပ်စိုးသူအဆင့်ရဲ့ အသုံးဝင်ပုံ၊ လောကကြီးကို ကြည့်ရှုနိုင်ပုံ စတဲ့ အခွင့်အရေးကို ရတယ်၊ ဒီတော့ မင်းတို့အနေနဲ့ အနာဂတ်မှာ အဆင့် ချိုးဖြတ်နိုင်ဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်”

“သိပါပြီ”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် ခြေချိတ်ထိုင်လိုက်ကြ၏။ ၎င်းတို့သည် ကျင့်ကြံခြင်း နည်းစနစ်များကို လှည့်ပတ်ပြီးသည့်နောက်မှာတော့ လက်ရှိ ရှိနေကြသော ကျင့်ကြံခြင်း အဆင့်နှင့်ပတ်သက်၍ ကောင်းကောင်းနားလည်အောင် ကြိုးစားကြတော့သည်။

ရီရှင်းချန်နှင့် ဟယ်ဝူတီမှလွဲ၍ ကျန်သည့်သူများ အားလုံး သည် သိုင်းအုပ်စိုးသူအဆင့်၏ အတွေ့အကြုံကို သိရှိကြသူများ မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့သောအဆောင်ကို အသုံးပြုခြင်းအားဖြင့် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ခံစားမိကြ၏။

ရွီး

ခဏလောက် ကြာပြီးသည့်နောက်မှာတော့ လီဖေးသည် မတ်တပ်ထရပ်လိုက်သည်။ သူသည် ခြေထောက်ကို အသာဆောင့်နင်းလိုက်ပြီးနောက် သူ၏ ဒန်ထျန်ထဲရှိ စွမ်းအင်တစ်မျိုးကို အသုံးပြုလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံး သည် လေထဲသို့ မြင့်တက်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် စိတ်လှုပ်ရှားစွာဖြင့် ထရယ်လိုက်မိ၏။

“ဟား ဟား ဟား ကျုပ်ပျံနေပြီ၊ ကျုပ်ပျံနေပြီ”

“အား... ငါ အရမ်း မနာလိုဖြစ်လာပြီ” လီထျန်းထျန်းသည် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာကာ ပြောလိုက်၏။

သူ၏ အိမ်မက်သည် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီး လောကကြီးတွင် ပျံသန်းနိုင်ရန်ပင် ဖြစ်တော့ သည်။ ပျံသန်းနိုင်ခွင့်ဆိုသည်မှာ လူသားတစ်ယောက်၏ ဘဝရည်မှန်းချက်ပင် ဖြစ်နေသည် မဟုတ်ပါလား။ ဆိုးရွားသည်မှာ သူသည် သိုင်းဘုရင်အဆင့်ခုနှစ် ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။ ထို့ကြောင့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ရန် အလှမ်းဝေးကွာလွန်းနေသေးသည်။

“မကောင်းတော့ဘူး”

လီဖေးသည် ကောင်းကင်ယံထက်တွင် ပျံသန်းနေတုန်း ရှိနေစဉ်မှာပဲ ရုတ်တရက် ဟန်ချက် ပျက်ကာဖြင့် မြေပြင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျလာသည်။ တစ်စုံတစ်ယောက်သည် ပျံသန်းနိုင်ရန် အခွင့်အရေးကို ရရှိခဲ့သည့်ဆိုသော်လည်း ကျင့်ကြံသူများအနေဖြင့် ဟန်ချက်ပျက်ကာ မြေပေါ်သို့ ပြုတ်ကျသည့် အလေ့အထမျိုး လည်း ရှိ၏။

“ငါထပ်ပြီး စမ်းကြည့်ရမယ်”

လီချင်းယန်သည် မတ်တပ်ထရပ်ပြီးနောက် လေထဲသို့ ခုန်တက်လိုက်သည်။ သူသည် တည်ငြိမ်မှုဆိုသည် နာမ်စားနှင့် လိုက်ဖက်လှသော လူတစ်ယောက်ဖြစ်သည်မို့ အပေါ်သို့ ပျံတက်ရာတွင် မိမိကိုယ်ကို သေချာဂရုစိုက်၏။ ထို့ကြောင့် ပြုတ်ကျမလာခဲ့ချေ။

ဘုတ်

အခြားတစ်ဖက်မှာတော့ လီဖေးသည် ဒုတိယအကြိမ်မြောက် ကောင်းကင်ပေါ်သို့ ပျံတက်ပြီး ဒုတိယ အကြိမ်မြောက် ပြန်လည် ပြုတ်ကျလာ၏။ သူသည် အလျင်လိုလွန်းနေ၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ချေ။ မြေပေါ်သို့ ထပ်ကာထပ်ကာ ပြုတ်ကျလျက်ရှိ၏။ သူ၏ခေါင်းတွင်တော့ ဘုကြီးနှစ်ဘုက ထင်ထင်ရှားရှားပေါ်လျက် ရှိနေသည်။ သူက ပြောလိုက်သည်။ “ငါ မလုပ်နိုင်ဘူးဆိုတာ မယုံကြည်နိုင်ဘူး”

ရွီး … ရွှီး

ရှောင်ကျီ၊ လုံကျိရန်နှင့် တခြားသောသူများ အားလုံးသည်လည်း လှိုင်းအဆောင်ကို အသုံးပြု၍ ပျံသန်းလျက် ရှိနေကြ၏။ ထို့ကြောင့် အပြင်ဘက်ခြံဝန်း ကောင်းကင်ယံထက်တွင် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ပျံသန်းကာ ဆော့ကစားလျက်ရှိနေကြသည်။

ဤမြင်ကွင်းကို ကြည့်ရသည်မှာ အထူးအဆန်းဖြစ်လွန်းလှ၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်များမှာ အောက်သို့ တဖုတ်ဖုတ်ပင် ပြုတ်ကျသောကြောင့် စုတ်ပြတ်သတ် လျက်ရှိနေသည်ဆိုသော်လည်း ပျော်ရွှင်လျက်ရှိနေသည်ကို အတိုင်းသား မြင်နေကြရ၏။

မည်သို့ပင် ဆိုစေကာမူ ၎င်းတို့အားလုံးသည် သိုင်းအုပ်စိုးသူတစ်ယောက်၏ နိယာမများနှင့် ပတ်သက်၍ ပိုမိုကာ နားလည်လာခဲ့ကြပြီ ဖြစ်သည်။ ဤအရာမှာ လှိုင်းအဆောင်ကို အသုံးပြုရခြင်း၏ အကျိုးသက်ရောက်မှုဟုပင် သတ်မှတ်ရပေမည်။

“ငါ မနာလိုလိုက်တာ၊ ဒီထက်ပိုပြီး အားကောင်းလာအောင် ကြိုးကြိုးစားစားနဲ့ ကျင့်ကြံမှဖြစ်မယ်၊ မကြာခင် ငါက စီနီယာအစ်ကိုတွေလိုပဲ ကောင်းကင်ယံကို ပျံတက်နိုင်ဖို့ အခွင့်အရေး ရစေရမယ်”

All Chapters