← Chapters

အခန်း (၈၆၉)

Vol. 59 Ch. 869

အခန်း (၈၆၉)

Vol. 59 Ch. 869

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဂိုဏ်းထဲတွင် တပည့်များအားလုံးသည် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သည့်လူဟူ၍ မဖြစ်နိုင်ချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ဖြစ်နိုင်နေ၏။

ဂိုဏ်းချုပ်ကျွင်းအနေနှင့် သူ၏ ဂိုဏ်းစုဆောင်းမှတ်များအား အသုံးပြု၍ တခြားသောပစ္စည်းများကို မဝယ်ဘဲ အထူးအဆင့်ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်များကိုသာ ဆက်တိုက်ဝယ်ယူနေမည်ဆိုပါက အားလုံးသောသူများသည် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်ကြမှာဖြစ်သည်။

ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် သူလျှိုအဖြစ် ရောက်ရှိနေသော စုရှောင်မိုသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် အမြစ်ဟု ပြောဆိုခဲ့၏။ ထို့ကြောင့် သူသည် အရိပ်လေကိုးပါးခြေလှမ်းကို ချောမွေ့စွာဖြင့် ထုတ်ဖော်အသုံးပြု သည့်နောက်မှာတော့ အကြီးအကဲများအားလုံးသည် ဤအရာမှာ အားကောင်းလှသော စိတ်ဝိညာဉ်အမြစ်ကို မပိုင်ဆိုင်ဘဲနှင့် ပြုလုပ်၍ရသည့်အရာ မဟုတ်ကြောင်း သိရှိလိုက်ကြ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟယ်ကျုံးဟင်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သူသည်လည်း အရင်က အရိပ်လေကိုးပါးခြေလှမ်းကို သင်ယူခဲ့ဖူး၏။ သို့ပေမဲ့ လအနည်းငယ်ကြာ သင်ယူပြီးသည့်နောက် အကျိုးမရှိဟု သူသုံးသပ်ခဲ့မိ၏။ ထို့ကြောင့် ထိုအရာကို ဆက်လက် မကျင့်ကြံဘဲ လက်လျော့ခဲ့ရသည်။ လက်ရှိအခြေအနေမှာ တော့ တစ်ဖက်မှလူသည် သင်ယူလေ့လာနိုင်ရံသာမက ကျွမ်းကျင်သည့်အဆင့်အထိပါ ရောက်ရှိလျက်ရှိသည်။

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ပေါက်ကွဲသည့်အသံတစ်ခုကို ကြားလိုက်ရ၏။ လက်ဝါးရိုက်ချက်တစ်ခုသည် ဘေးတစ်ဖက်ဆီမှ ဝင်ရောက်လာတော့သည်။ ထိုလက်ဝါးရိုက်ချက်သည် အလွန်တရာ မြန်ဆန်ပြီး အားကောင်းလွန်းလှ သောကြောင့် ဟယ်ကျုံးဟင်သည် ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားမိ၏။ “ဆိုးတာပဲ”

ဝုန်း

ဘုတ် ဘုတ်

ဟယ်ကျုံးဟင်သည် လက်ဝါးရိုက်ချက် ထိမှန်ပြီးသည့်နောက် နောက်သို့ လွင့်စင်သွားသည်။ သူသည် မိမိကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ စုရှောင်မို၏ ညာဘက်လက်သီးသည် တောက်ပသည့်မီးအလင်းတန်းတချို့ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။

“မီးတောက်လက်ဝါး ခြောက်မျိုး”

ဝှစ်

စုရှောင်မိုသည် မည်သည့်စကားကိုမှ မဆိုချေ။ သူသင်ယူတတ်မြောက်ထားသော ထိုက်ရွမ်အအေးဂိုဏ်းဆီမှ သိုင်းပညာရပ်နှစ်ခုကို အသုံးပြု၍ ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်တော့သည်။ ကြည့်ရှုနေကြသော ပြိုင်ပွဲဝင်များနှင့် ဂိုဏ်း၏ တပည့်များအားလုံးသည် ဆွံ့အလျက်ရှိ၏။

စုကုန်းရှန့် နှင့် ဟယ်ကျုံးဟင်တို့သည် လွန်ခဲ့သည့်လ ကတည်းက တိုက်ခိုက်ရန် သဘောတူခဲ့ကြ၏။ တပည့် အနည်းငယ်တင်သာမဟုတ်၊ တပည့် တော်တော်များများတို့သည် စုရှောင်မိုတစ်ယောက် ရှုံးနိမ့်သွားမည်ဟု ထင်မှတ်ခဲ့ကြသည်။ ၎င်းတို့သည် တူညီသည့်အဆင့်တွင် ရှိကြသူများ မဟုတ်ကြချေ။

သို့ပေမဲ့ လက်ရှိ တိုက်ခိုက် သည့်အချိန်မှာတော့ စုကုန်းရှန့်သည် အပေါ်စီးမှ တိုက်ခိုက်လျက်ရှိနေတော့၏။ ဤအရာကို ယုံကြည်ရန်အတွက် အားလုံးမှာ ခက်ခဲလျက်ရှိနေသည်။ စွန်းရင်ချွမ်နှင့် ရှရွှေယွင်တို့ အပါအဝင် ထိုက်ရွမ်အအေးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများ အားလုံးသည်လည်း အံ့အားသင့်မိနေကြ၏။

ဝှစ် ဝှစ်

ဘုန်း ဘုန်း

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ စုရှောင်မိုသည် သူ၏လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ဆက်တိုက်ဆိုသလိုပဲ အချိန်ကိုက် တိုက်ခိုက်၏။ သူသည် တစ်ဖက်လူ၏ ဟာကွက်များကို ကြည့်ရှုကာဖြင့် မီးတောက်လက်ဝါး ခြောက်မျိုးကို အသုံးပြု၍ ဆက်တိုက် တိုက်ခိုက်ခြင်းကို ပြုလုပ်သည်။ ဤကဲ့သို့ သိုင်းနည်းစနစ် နှစ်ခုကို ယှဉ်တွဲပူးပေါင်း တိုက်ခိုက်ခြင်း သည် ကြည့်ကောင်းလွန်းလှပြီး ခန့်မှန်းရန်လည်း ခက်ခဲလွန်း၏။ ထို့အပြင် ခိုင်မာပြီး အားကောင်းလွန်းလှသေးသည်။

ထို့ကြောင့် ဟယ်ကျုံးဟင်သည် အချိန်တိုအတွင်းမှာပဲ ခံစစ်စီးဆီသို့ ရောက်ရှိသွားတော့သည်။ သူသည် အနောက်သို့ တစ်လှမ်းချင်းဆီ ဆုတ်ခွာလျက်ရှိနေ၏။

“တတိယအကြီးအကဲ”

အကြီးအကဲများထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ဒီ စုကုန်းရှန့်ရဲ့ ကျင့်ကြံခြင်း အဆင့်က သိုင်းစစ်သူကြီးအဆင့်ပဲ”

သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ထိပ်ဆုံးအထိ ရောက်ရှိရန် ကျင့်ကြံသူများတွင် နှစ်မျိုးနှစ်စားရှိ၏။ သို့ပေမဲ့ စုကုန်းရှန့် သည်သာ သိုင်းဆရာအဆင့်သာရှိမည်ဆိုပါက သိုင်းစစ်သူကြီးအဆင့်တွင် ရှိနေသော ဟယ်ကျုံးဟင်အား အနိုင်ရရှိရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

ထို့ကြောင့်ပင် စုရှောင်မို အနေနှင့် သူ၏ သိုင်းကျင့်ကြံခြင်းအဆင့်အား သိုင်းစစ်သူကြီးအဆင့်သို့ တိုးမြှင့်ထားရန် လိုအပ်ကြောင်း ကြိုတင် စဉ်းစားခဲ့ခြင်းပင် ဖြစ်တော့သည်။

“လွန်ခဲ့တဲ့လကတင် သိုင်းဆရာအဆင့်ကို ချိုးဖြတ်ရောက်ရှိထားတာလေ၊ တစ်လပဲ ကြာသေးတယ် သိုင်းစစ်သူကြီးအဆင့်ကို ရောက်ရှိသွားပြီ၊ ဒါဆိုရင် သူက ကျင့်ကြံခြင်းနည်းစနစ်ကို ဖုံးကွယ်ထားတာလား၊ ဒါမှမဟုတ် အခုမှ အဆင့်တက်သွားခဲ့တာလား” အကြီးအကဲတစ်ယောက်က မေးခွန်းထုတ်လိုက်၏။

သာမန်အခြေအနေအရ ကြည့်ရှုမည်ဆိုလျှင် အကြီးအကဲများအားလုံးသည် စုရှောင်မို တစ်ယောက် ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားတာ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိကြသည်။

“နှစ်ခုလုံး ဖြစ်နိုင်တယ်” တတိယအကြီးအကဲက ခန့်မှန်းလိုက်၏။

အကြီးအကဲစွန်းက ပြောလိုက်သည်။ “ကျုပ်သားက သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးခဲ့သေးတယ်လေ၊ ဒီကောင်လေးက ဒီစိတ်ဝိညာဉ်ကျောက်တုံး အကုန်လုံးကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့ရတာ၊ ခင်မင်လွန်းလို့ ပေးခဲ့တာပဲ။ အခု စုကုန်းရှန့်က ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး ကျင့်ကြံခဲ့တာကြောင့် သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားတာ ဖြစ်ရမယ်”

“ရွှေယွင်ကလည်း သူ့ကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးခဲ့သေးတယ်လေ” အကြီးအကဲရှက ပြောလိုက်သည်။ ၎င်းတို့နှစ်ယောက်၏ ပြောစကားကို ကြားပြီးသည့်နောက်မှာတော့ သံသယဖြစ်မိနေကြသော အကြီးအကဲများ အားလုံးသည် ချက်ချင်းပဲ စိတ်သက်သာရာ ရမိသွားကြ၏။

၎င်းတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ “ဒီကောင်လေးက အချိန်တိုအတွင်းမှာ သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး၊ သူက အရင်းအမြစ်တွေ အများကြီးကို အသုံးပြု ခဲ့တာပဲ”

စုရှောင်မို၏ အားထုတ်မှုသည် အလဟဿ မဖြစ်ခဲ့ချေ။ သူ၏ အဆင့် ရုတ်တရက် တိုးမြင့်သွားခြင်းသည် အားလုံးသောသူများကို ထိတ်လန့်သွားစေခဲ့သည်ဆိုသော်လည်း စွန်းရင်ချွမ်နှင့် ရှရွှေယွင်တို့ဆီမှ ရရှိသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများသည် များပြားလွန်းလှသောကြောင့် အဆင့်တက်သွားခြင်း ဖြစ်မည်ဟု အထက်အကြီးအကဲပိုင်းများ အားလုံးက ခံစားမိနေကြ၏။

ဟုတ်ပေသည်။ သူ့အနေနှင့် ဤတိုက်ပွဲတွင် မည်သို့သော ရလဒ်မျိုးကို ရသည်မဆို သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်စွမ်းရည်ကို စမ်းသပ်ခံရတော့မည်ကို ကောင်းကောင်းသိနေ၏။ ထို့ကြောင့် ဟယ်ကျုံးဟင်ကို တိုက်ခိုက် နေရင်းမှ သူသည် တွေးလျက်ရှိသည်။ “ငါ ဘယ်အဆင့်ကို ထုတ်ဖော်ပြသရင် ကောင်းမလဲ”

သူ့အနေနှင့် သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ထုတ်ဖော် မပြသချင်ပေ။ အဘယ်ကြောင့်ဆိုသော် အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဂိုဏ်းသည် သူ့အား အကြီးအကျယ် လိုက်လံစုံစမ်းတော့မှာဖြစ်၏။ တော်ရုံလောက် သူ၏ နောက်ခံကို လိုက်လံစုံစမ်းမည်ဆိုလျှင် သူ့အနေနှင့် ဂရုစိုက်နေမည် မဟုတ်ချေ။ ဤအရာကို ဂိုဏ်းချုပ်ကျွင်းသည် အရာအားလုံး ဖန်တီးပေးထားမည်ဖြစ်၏။

“အဆင့်မြင့် အဆင့်လောက်ဆိုရင် မဆိုးပါဘူး” စုရှောင်မိုသည် တွေးလိုက်၏။ ပြီးသည့်နောက်မှာတော့ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ “ဒီတော့ အထူးအဆင့် စိတ်ဝိညာဉ်အမြစ်လို့ လုပ်လိုက်ရအောင်”

အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ဆိုသည်မှာ တတိယနှင့် ဒုတိယအဆင့် ဂိုဏ်းများထဲတွင် အတော်အတန် ကောင်းမွန်နေပြီဖြစ်၏။ သို့ပေမဲ့ ပထမအဆင့် ဂိုဏ်းထဲတွင်တော့ သာမန်ပင် ဖြစ်၏။

ဘုန်း …။

စုရှောင်မိုသည် အခွင့်အရေးကို အရယူပြီးသည့်နောက်မှာတော့ မီးတောက်လက်ဝါးခြောက်မျိုးကို အသုံးပြု၍ ဟယ်ကျုံးဟင်၏ကျောကို ရိုက်နှက်လိုက်သည်။

…………..

ကြည့်ရှုနေကြသည့် တပည့်များ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားကြသည်။ လူတော်တော်များများသည် ကုန်းရှန့်တစ်ယောက် ဆယ်ကွက်မပြည့်ခင် ရှုံးနိမ့်သွားမည်ဟု တွေးခဲ့ကြ၏။ သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက် သည့်အချိန်တွင် ကုန်းရှန့်သည် ဘာမှမဖြစ်ရုံမက ဟယ်ကျုံးဟင်သည်သာ ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံနေရ၏။

“ချီးတဲ့မှ”

သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက် ဟယ်ကျုံးဟင်၏ မျက်နှာပေါ်တွင် အေးစက်မှုများ ဖြစ်တည်လာသည်။ သူသည် ဂိုဏ်းထဲကို အခုမှ ဝင်ရောက်လာသည့် တပည့်တစ်ယောက်၏ အနိုင်ယူခြင်းကို မည်သို့မှ သည်းမခံနိုင်ချေ။

ဟူး ဟူး

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ဆီမှ အားကောင်းလွန်းသော စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာသည်။ သူသည် ဒေါသအလွန်ထွက်နေပြီဖြစ်၏။ သူ့အနေနှင့် တန်ပြန် တိုက်ခိုက်မှုကို ထုတ်ဖော်မှ ဖြစ်တော့မည်။

ဝှစ်

ထိုအချိန်မှာပဲ စုရှောင်မိုသည် သူ၏ အနောက်ဘက်ဆီသို့ ဝေ့ဝိုက်ကာ ရောက်ရှိလာပြီးနောက် မီးတောက်လက်ဝါး ခြောက်မျိုး ကို ဆက်တိုက် ထုတ်ဖော်တိုက်ခိုက်ပြန်၏။ ထို့ကြောင့် ဒေါသမီးများ တောက်လောင်လျက်ရှိသော ဟယ်ကျုံးဟင်သည် နောက်သို့ မီတာ အနည်းငယ် လွင့်စင်သွားရပြန်၏။

စုရှောင်မို အနေနှင့် သိုင်းစစ်သူကြီး ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်သာ ထုတ်ဖော်ခဲ့ပြီး ထိုက်ရွမ်အအေးဂိုဏ်းမှ သိုင်းနည်းစနစ်နှစ်ခုအား ထုတ်ဖော် အသုံးပြုကာဖြင့် တစ်ဖက်လူအား အနိုင်တိုက်ခိုက်နေခြင်းပင် ဖြစ်တော့၏။ တစ်ဖက်လူသည် တကယ့်ကို အမှိုက်လိုလူမျိုး ဖြစ်တော့၏။ သူ၏ ပြိုင်စံရှားဂိုဏ်းမှ ကျင့်ကြံခြင်း နည်းစနစ်များကို ထုတ်ဖော်ကာ အသုံးပြုမည်ဆိုပါက တစ်ကွက်တည်း နှင့်ပင် အသက်ပျောက်သွားမှာ သေချာ၏။

“ငါ တိုက်ခိုက်မယ်ဆိုရင် ကြီးကြီးမားမား တိုက်ခိုက်ပေးမယ်”

ဝှစ်

စုရှောင်မိုသည် ချက်ချင်းပဲ အနီးကို ကပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အတွဲလိုက် တိုက်ခိုက်မှုများကို ဆက်တိုက် ထုတ်ဖော်တော့သည်။ အလွန်တရာ ပူလောင်လှသော လက်ဝါးရိုက်ချက်များသည် လေ့ကျင့်ရေး ကွင်းပြင်ထဲတွင် ပြည့်နှက်သွား၏။ အပူလှိုင်းများသည် တည်နေရာအနှံ့ဆီသို့ လွင့်စင်သွား၏။ လက်ရှိအနေနှင့် သူလုပ်ရန်လိုသည်မှာ ဟယ်ကျုံးဟင်အနေနှင့် တန်ပြန်တိုက်ခိုက်မှုကို ထုတ်ဖော်၍ မရစေရန် ဆက်တိုက် တိုက်ခိုက် အနိုင်ယူခြင်းပင် ဖြစ်တော့၏။

ဝှစ် ဝှစ်

ဘုန်း ဘုန်း ဘုန်း

ဆက်တိုက် တိုက်ခိုက်မှု၏ အောက်မှာတော့ ဟယ်ကျုံးဟင်သည် နောက်ဘက်သို့ လွင့်စင်သွားရပြန်သည်။ သူ့အနေနှင့် အရှေ့သို့တိုး၍ တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ပေ။ အလွန်ဆိုးဝါးလှသော အခြေအနေသို့ ရောက်ရှိနေသည်။

......................

ဟယ်ကျုံးဟင်သည် ဤပြိုင်ပွဲတွင် ဗိုလ်စွဲရန်အတွက် အလေးပေးမှုအများဆုံး လူတစ်ယောက်ပင်ဖြစ်၏။ သို့ပေမဲ့ ပထမဦးဆုံးပွဲမှာပဲ ယခုမှ ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သော အပြင်စည်းဂိုဏ်းတပည့်တစ်ယောက်၏ ရိုက်နှက်မှုကို ဆိုးဆိုးရွားရွား ခံနေရတော့သည်။

“ကောင်းကင်ဘုံ”

စွန်းရင်ချွမ်သည် ထိတ်လန့်တုန်လှုပ်လျက် ရှိနေ၏။ သူသည် ကြောင်အအဖြင့် ပြောလိုက်မိသည်။ “ကုန်းရှန့်... သူက အရမ်းအားကောင်းတာပဲ”

ရှရွှေယွင် က တွေးလိုက်မိသည်။ “သူက အစောကြီးကတည်းက စဉ်းစားထားပြီးသား ဖြစ်လိမ့်မယ်၊ ဒီလို အခြေအနေမျိုးကြားမှာ သူ့ရဲ့အားအင်အဆင့်ကို ထုတ်ဖော်ပြသဖို့ စဉ်းစားထားတာ ကျိန်းသေတယ်၊ သူ့ရဲ့ အရည်အချင်းက တခြားသူတွေကို မြှောက်ပင့်ပြောဆိုပြီး နေရာယူတာမဟုတ်ဘဲနဲ့ တကယ့်အစစ်အမှန် တိုက်ခိုက်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်တယ်ဆိုတာပဲ”

အား အား …။

ဘုန်း

ဟယ်ကျုံးဟင်သည် ဒေါသတကြီးဖြင့် ပေါက်ကွဲတိုက်ခိုက်ချင်၏။ သို့ပေမဲ့ သူ့အနေနှင့် ဆက်တိုက်ဆိုသလိုပဲ ပါးစပ်နှင့်သာ တိုက်ခိုက်နေရသည်။ အဘယ်ကြောင့်ဆိုသော် စုရှောင်မိုသည် သူ၏မျက်နှာအား ဆက်တိုက် ဆိုသလို ထိုးနှက်နေရသောကြောင့် တအားအားနှင့် အော်နေရခြင်းပင်ဖြစ်သည်။ နောက်ဆုံးမှာတော့ နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် မြေပေါ်သို့ ဖင်ထိုင်ကျလုမတတ်ပင် ဖြစ်နေ တော့သည်။

“သူတို့က အဆင့်တူတွေ မဟုတ်ဘူး” အကြီးအကဲများသည် ခေါင်းကို ခါယမ်းလိုက်၏။ တိုက်ခိုက်ချက် အနည်းငယ်မျှ တိုက်ခိုက်ပြီးသည့်နောက် စုရှောင်မို၏ အဆင့်သည် မြင့်မားလှသည့်မဟုတ်သော်လည်း တိုက်ခိုက်ရေးနည်းစနစ်များသည် ပိုမို၍ ကောင်းမွန်သည်က ထင်ရှားလွန်းသည်။

“အံအားသင့်စရာပဲ”

“ဒါက အရမ်းကို အံ့အားသင့်လွန်းတယ်” တတိယအကြီးအကဲ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာ တော့သည်။ နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့ကြသည့် တပည့်များ အများအပြားရှိ၏။ ထို့ကြောင့် မထင်မှတ်ထားသော ပါရမီရှင်များ ပေါ်ပေါက်လာသည်ဆိုသည်မှာ သာမန်ပင်ဖြစ်၏။

သို့ပေမဲ့ ဤကုန်းရှန့်သည် တတိယအကြီးအကဲအား ကောင်းမွန်သည့် ခံစားချက်များ ပေးစွမ်းလျက်ရှိသည်။ ၎င်းသည် ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်း မရှိသော်လည်း တိုက်ခိုက်ရေးအတွေ့အကြုံနှင့် သိုင်းနည်းစနစ်များကို အသုံးပြုမှုသည် အတွေ့အကြုံရင့်ကျက်လှသည့် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ ဤအရာသည် သူ့အား စိတ်ဝင်စားမိစေ၏။ ကျွမ်းကျင်သည့် ဆရာတစ်ယောက်ယောက်၏ လမ်းညွှန်ပေးမှု မပါဘဲနှင့် ဤကဲ့သို့ အဆင့်မျိုးထိ ရောက်ရှိရန် ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်တော့သည်။

ဘုန်း

ထိုအချိန်မှာတော့ အလုံးစုံ တိုက်ခိုက်ခြင်းကို ခံနေရသော ဟယ်ကျုံးဟင်သည် မည်သို့မှ မခံစားနိုင်တော့ဘဲ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ အမူအရာများသည် ရှုံ့တွလျက်ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သည့် နာကျင်မှုများနှင့် ပြည့်နှက်နေတော့သည်။

“စီနီယာဟယ်”

စုရှောင်မိုသည် စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ကာဖြင့် ဦးညွတ်လိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ပထမတိုက်ပွဲ”

တတိယအကြီးအကဲသည် အချိန်မဖြုန်းတော့ချေ။ ချက်ချင်းပဲ ကြေညာလိုက်၏။ “ကုန်းရှန့် နိုင်တယ်၊ ဟယ်ကျုံးဟင် ရှုံးပါတယ်”

All Chapters