အခန်း (၈၇၀)
Vol. 59 Ch. 870
စုရှောင်မိုသည် အပြင်စည်းဂိုဏ်းတပည့်များထဲမှ အတွင်းစည်းဂိုဏ်းတပည့်သို့ ရောက်ရှိရန်အတွက် မဲအများဆုံး ဖြစ်နေသည့် ဟယ်ကျုံးဟင်အား အနိုင်ယူတိုက်ခိုက်ခဲ့၏။ တတိယအကြီးအကဲ၏ ကြေညာမှုကို ကြားပြီးသည့် နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် ခဏမျှ တိတ်ဆိတ်သွား၏။
လက်ရှိအချိန်တွင် အပ်တစ်ချောင်းသာ ကျသွားမည်ဆိုပါက လက်ရှိလူများအားလုံး ရှင်းရှင်းလင်းလင်း ကြားနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
ဟား ဟား ဟား ဟား
ရုတ်တရက် စွန်းရင်ချွမ်၏ ရယ်သံသည် ကျယ်လောင်စွာ ပေါ်ပေါက်လာ၏။ သူသည် အော်ဟစ်လိုက်၏။ “ဂျူနီယာ ညီလေးစုက အရမ်းမိုက်တယ်”
သူသည် စုရှောင်မိုနှင့် အလွန်တရာ ရင်းနှီးသော ဆက်ဆံရေးတွင်ရှိ၏။ ထို့ကြောင့် ဟယ်ကျုံးဟင်အား အနိုင်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကျိန်းသေပေါက် ပျော်ရွှင်မိသည်မှာ သဘာဝပင် ဖြစ်၏။
“အံ့အားသင့်စရာပဲ၊ ဂျူနီယာညီလေးစုက အရမ်းအားကောင်းတယ်”
“ငါတို့အားလုံး သူ့ကို အထင်သေးမိတာပဲ”
မူလအားဖြင့် ဟယ်ကျုံးဟင်အနိုင်ရရှိမည်ဟု ထင်မှတ်ထားခဲ့ကြသော တပည့်များသည် ပါးပိတ်ရိုက်ခံရသလိုပင် ခံစားနေမိ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် စုရှောင်မိုအား ချီးကျူးလွန်းသော အကြည့်ဖြင့် ကြည့်နေကြသည်။ အလွန်အားကောင်းလှသော ပြိုင်ဘက်အား တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ဆက်တိုက် တိုက်ခိုက် အနိုင်ယူနိုင်ခြင်း ဆိုသည်မှာ အံ့အားသင့်စရာ အကောင်းဆုံးအရာဖြစ်ပြီး အခြားသော သိုင်းကျင့်ကြံသူများ အားလုံး၏ လေးစားမှုနှင့် ထိုက်တန်သော လုပ်ရပ်ပင် ဖြစ်နေ၏။
ဟုတ်ပေသည်။ များပြားလှသော တပည့်များအားလုံးသည် ကုန်းရှန့်တစ်ယောက် ဟယ်ကျုံးဟင်အား မည်ကဲ့သို့ တိုက်ခိုက်အနိုင်ယူခဲ့သည်ဆိုသည်ကို ပြန်လည်စဉ်းစားလျက်ရှိနေ၏။
မည်ကဲ့သို့ အနိုင်တိုက်ခိုက်ခဲ့သနည်း။ ပြင်းပြင်းထန်ထန် ကြိုးစားခြင်းနှင့် များပြားလှသည့် အရင်းအမြစ်များကို အမှီအခိုပြုပြီး တိုက်ခိုက်အနိုင်ယူခဲ့ခြင်း ပင်ဖြစ်တော့သည်။
ဝေါ့
မြေပေါ်တွင် လဲလျောင်းလျက်ရှိသော ဟယ်ကျုံးဟင်သည် သွေးတစ်လုတ် အန်ထုတ်လာတော့သည်။ ရှင်းလင်းစွာဖြင့် ပြောရမည်ဆိုလျှင် သူသည် တပည့်သစ်တစ်ယောက်ကို ရှုံးနိမ့်ခဲ့သည့်အတွက် လက်သင့်မခံချင်ပေ။ ထို့ပြင် ဤတပည့်သည် မကြာသေးခင်ကမှ ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သော အပြင်စည်း ဂိုဏ်း၏ တပည့်တစ်ယောက်လည်း ဖြစ်လို့နေ၏။
“ပြိုင်ပွဲဝင် နံပါတ် တစ်နဲ့နှစ် စင်ပေါ်ကို လာပါ” တတိယအကြီးအကဲက အော်ဟစ်လိုက်၏။
စုရှောင်မိုသည် အလွန်အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ဖော်ပြသခဲ့သည်ဆိုသော်လည်း အပြင်စည်း ဂိုဏ်းတပည့်များ၏ ပြိုင်ပွဲသည် ဆက်လက်ကာ ကျင်းပရမည်သာဖြစ်၏။ ထို့ကြောင့် ပုံမှန်အတိုင်းပင် ပြန်လည်ကာ ဖြစ်တည်သွားခဲ့သည်။
ဆွစ် ဆွစ်
နံပါတ်စဉ် တစ်နှင့်နှစ်ကို ရရှိခဲ့သော ပြိုင်ပွဲဝင်တို့သည် စင်မြင့်ပေါ်သို့ တိုက်ခိုက်ရန် ရောက်ရှိလာ၏။ လက်ရှိ အခြေအနေမှာတော့ အပြင်စည်းတပည့်များ၏ တိုက်ခိုက်မှုသည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ဖြင့် အလှည့်ကျ ယှဉ်ပြိုင်လျက် ရှိနေတော့၏။ စုရှောင်မိုသည် နောက်တစ်လှည့်ဆီသို့သွားရန် စောင့်နေရန်သာ လိုတော့၏။
ဘုန်း
“စီနီယာအစ်ကိုချင်... အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ စုရှောင်မိုသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။
စင်မြင့်အောက်သို့ ကျလျက်ရှိသော တပည့်ချင်သည် လက်သီးကို ဆုပ်ကာ ပြန်ပြောလိုက်၏။ “ဂျူနီယာညီလေးစုရဲ့ ကျင့်ကြံခြင်းက အရမ်းကို အားကောင်းတယ်လေ၊ ကျုပ်ရှုံးတာကို စိတ်ထဲကနေ သေသေချာချာ လက်ခံမိပါတယ်”
ဗိုလ်စွဲရန် ရေပန်းစားလျက်ရှိသော ဟယ်ကျုံးဟင်ကိုပင် အနိုင်တိုက်ခိုက်နိုင်ခဲ့သော လူတစ်ယောက် ဖြစ်သည်မို့ စုရှောင်မိုသည် ဒုတိယအကျော့ တိုက်ပွဲတွင် အနိုင်တိုက်ခိုက်နိုင်သည်ဆိုသည်ကို မည်သူမှ သံသယမရှိကြပေ။ ၎င်းတို့အနေနှင့် လက်ရှိပြိုင်ပွဲ၏ ဗိုလ်စွဲမည့်လူသည် စုကုန်းရှန့်တစ်ယောက် ဖြစ်မည်မှန်း တွေးမိကြပြီးသား ဖြစ်တော့သည်။
တူညီသည့် တိုက်ခိုက်ရေးပြိုင်ပွဲများတွင်တော့ စုရှောင်မိုသည် ပြိုင်စံရှားဂိုဏ်း၏ အကျင့်အတိုင်း ရိုးရိုးရှင်းရှင်းနှင့် အနိုင်ယူ တိုက်ခိုက်လျက်ရှိနေတော့သည်။ နောက်ဆုံးမှာတော့ ဗိုလ်လုပွဲဆီသို့ ရောက်ရှိခဲ့သည်။ စုရှောင်မိုသည် ထိုက်ရွမ်အအေးဂိုဏ်းဆီမှ သင်ယူတတ်မြောက်ခဲ့သော သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို အမှီပြု၍ တစ်ဖက်လူအား အနိုင်ယူတိုက်ခိုက်ပြီး လက်ရှိပြိုင်ပွဲ၏ ဗိုလ်စွဲသူ အဖြစ် ရောက်ရှိသွား၏။
“ဒါက အရမ်းရိုးရှင်းတယ်”
“အံအားသင့်စရာ မရှိတော့ဘူး”
တပည့်များအားလုံးသည် ဆွံ့အလျက်ရှိနေ၏။ သေသေချာချာ တွေးကြည့်ရမည်ဆိုလျှင် စုရှောင်မိုနှင့် ဟယ်ကျုံးဟင်တို့၏ တိုက်ပွဲ ပြီးဆုံးသွားကတည်းက အနိုင်ရဗိုလ်စွဲသူသည် မည်သူ ဖြစ်မည်မှန်းကို အားလုံးက ခန့်မှန်းသိရှိခဲ့ပြီးကြပြီ ဖြစ်တော့၏။
“စုကုန်းရှန့်က ယခုနှစ် အပြင်စည်းဂိုဏ်းတပည့်များရဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တယ်၊ ဒီတော့ သူ့ကို သီလအမှတ် ငါးရာ ဆုချပြီး သဘာဝစိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ပေးမယ်”
တတိယအကြီးအကဲသည် ကျယ်လောင်စွာ အော်ဟစ် လိုက်၏။ ဆုပေးပွဲ အခမ်းအနား ပြီးသည့်နောက်မှာတော့ သူက ပြောလိုက်သည်။ “အဓိက ဟောခန်းထဲကို လာအုံး”
“ကောင်းပါပြီ”
စုရှောင်မိုသည် တွေးလိုက်မိ၏။ “ငါ အဆင်အခြင်မဲ့ လျှောက်လုပ်တဲ့ကိစ္စရပ်ကြီးက အားလုံးရဲ့ အာရုံ စူးစိုက်မှုကို ရရှိသွားပြီပဲ”
................
အဓိကဟောခန်းထဲမှာတော့ စုရှောင်မိုသည် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ်ရပ်လျက်ရှိသည်။ အကြီးအကဲ အနည်းငယ်တို့သည် အရှေ့တွင် ထိုင်လျက်ရှိပြီး ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာဖြင့် ဤကောင်လေးဆီမှ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိနိုင်မလား ဆိုသည့် မျှော်လင့်ချက်ဖြင့် ကြည့်ရှုလျက် ရှိနေ၏။ ကံဆိုးစွာဖြင့် အထက်နယ်မြေဆီမှ ရရှိခဲ့သော ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ခြင်းနည်းစနစ်သည် အသက်သွင်းထား သည်နှင့် တပြိုင်နက် ၎င်းတို့ ကြည့်ချင်သည်ဆိုလျှင်တောင် ကြည့်၍ မရချေ။
“ရောင်းရင်းလေး”
တတိယအကြီးအကဲက ပြောလိုက်သည်။ “မင်းဘာမင်း ပြောမှာလား၊ ငါတို့က တခြားသူဆီ ကနေ စုံစမ်းရမှာလား”
“အကြီးအကဲ မေးတာကို ဖြေပါ့မယ်”
စုရှောင်မိုသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ကျုပ်နာမည်က စုကုန်းရှန့်ပါ၊ တောင်ပိုင်းသဲကန္တာရနယ်မြေထဲမှာ နေပါတယ်၊ ငယ်ရွယ်စဉ်တုန်းက အဘိုးကြီး ကျွင်းတန်လို့ ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်၊ ပြီးတော့ သူ့ရဲ့တပည့် ဖြစ်လာခဲ့တယ်လေ၊ နှစ်အနည်းငယ်ကြာ အဲအဘိုးကြီး ဆီမှာ သိုင်းပညာကို သင်ကြားခဲ့ရတယ်”
သူ ဤသို့ စဦးပြောဆိုလိုက်သည်နှင့် တပြိုင်နက် အကြီးအကဲများ သည် ခေါင်းညိတ်လိုက်ကြသည်။
“အဘိုးကြီးကျွင်းထျန် ဟုတ်လား” တတိယအကြီးအကဲသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “ဒီလို လူမျိုးရဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူး”
“အကြီးအကဲတွေ မေးတာကို ပြန်ဖြေပါ့မယ်”
စုရှောင်မိုက ပြန်ပြောလိုက်သည်။ “ဆရာက တစ်ကြိမ်တုန်းက ပြောဖူးတယ်၊ ကျင့်ကြံခြင်းလောကထဲကို တစ်ခါတစ်ရံမှသာ ရှားရှားပါးပါး လျှောက်ဝင်တယ်လို့ ပြောတယ်၊ သူ့အနေနဲ့ လောကကြီးတစ်ခွင်ကို လှည့်လည်သွားလာရတာကို နှစ်သက်တယ်”
“ဒါဆိုရင် သူက ရသေ့တစ်ပါးလား”
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ကျင့်ကြံသူ တော်တော်များများတို့သည် ဤကဲ့သို့ လျှောက်၍ သွားလာရ သည်ကို နှစ်သက်သည်ဆိုသော်လည်း ဤကဲ့သို့အရာမျိုးကို နှစ်နှစ်ခြိုက်ခြိုက် လုပ်ကြသည့်သူများမှာ ရသေ့များသာ ဖြစ်ကြ၏။ တချို့သော စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ လောကကြီး တွင် အပူပင်အကြောက်အရွံ့ ကင်းစွာဖြင့် လှည့်လည်သွားလာ နေထိုင်ရခြင်းကို နှစ်သက်ကြတတ်သည်မှာ သဘာဝပင်ဖြစ်၏။
ထိုအထဲတွင် ကျော်ကြားလှသောသူမှာ ထိုက်ရွမ်အဘိုးအိုပင် ဖြစ်တော့သည်။ ၎င်းသည် လေဟာနယ်ကို ဖြတ်သန်း နိုင်သော စွမ်းအားမြင့်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားအဆင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်နှစ်ခုကို ချန်ထားရစ်ခဲ့သည်။ ထို့အပြင် အခြားသော သိုင်းကျင့်ကြံခြင်း အရင်းအမြစ် တစ်ချို့သည်လည်း ၎င်း နှင့် ပတ်သက်လျက်ရှိသည်။
“ဒီတော့ မင်းက ဂိုဏ်းထဲကို မဝင်ခင်ကတည်းက သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိနေတာပေါ့”
“အကြီးအကဲတွေ မေးတာကို ဖြေပါမယ်၊ ကျုပ်က ဒီလထဲမှာမှ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်ခဲ့တာပါ၊ ဒါကလည်း ဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ စီနီယာအစ်ကိုစွန်း၊ အစ်မရှတို့ပေးတဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေကို အမှီပြုရတာပါ၊ ဒီအတွက်လည်း အရမ်းကို ကျေးဇူးတင်မိပါတယ်”
“သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး၊ အခုလိုမျိုး အချိန်အတာတစ်ခု အတွင်း ချိုးဖြတ်ရောက်ရှိဖို့ဆိုတာ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို မပိုင်ဆိုင်ဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ လာဦး”
တတိယအကြီးအကဲသည် လက်ယပ်ကာ ခေါ်လိုက်၏။ ပြီးသည့်နောက်မှာတော့ မှန်လုံးကဲ့သို့သော အရာတစ်ခုကို ထုတ်ယူကာ ပြောလိုက်တော့သည်။ “မင်းလက်ဝါးကို ဒီပေါ်ကိုတင်လိုက်”
ဤအရာသည် စိတ်ဝိညာဉ်အမြစ်ပင်ကိုယ်စွမ်းရည်ကို တိုင်းတာသည့်အရာဖြစ်ကြောင်း စုရှောင်မိုက သိ၏။ ထို့ကြောင့် ရှေ့သို့နှစ်လမ်းတက်ပြီးသည့်နောက် သူ၏ညာဘက်လက်ကို အသာတင်လိုက်သည်။ ပြီးနောက် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုကာ ၎င်း၏စိတ်ဝိညာဉ်အမြစ်အား ဖိနှိပ်ထားလိုက်တော့၏။
ဝှစ်
ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ဖန်လုံးကဲ့သို့သော အရာတွင် အနီရောင်များ ဖြစ်တည်လာခဲ့တော့၏။ တတိယအကြီးအကဲက ပြောလိုက်သည်။ “ဒါဆိုရင် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ပေါ့”
တခြားသော အကြီးအကဲများ အားလုံးသည်လည်း တစ်ယောက်နှင့်တစ်ယောက် တီးတိုး ပြောဆိုလိုက်ကြ၏။
စုရှောင်မိုသည် တွေးလိုက်မိသည်။ “ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်က တကယ့်ကို ကောင်းလွန်းတာပဲ၊ စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်စွမ်းရည်ရဲ့အဆင့်ကိုတောင်မှ ဖိနှိပ်ထားနိုင်စွမ်း ရှိနေတယ်”
“အထူးအဆင့် စိတ်ဝိညာဉ်အမြစ်က သိုင်းစစ်သူကြီးအဆင့်ကို အချိန်တိုအတွင်း ချိုးဖြတ်ရောက်ရှိတယ်ဆိုတာက သာမန်ပဲလေ၊ ပြီးတော့ မင်းက စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ်တွေ အားလုံးကိုလည်း အသုံးပြုခဲ့သေးတယ်” များပြားလှသော အကြီးအကဲများသည် အနှစ်ချုပ်ပြီးသည့်နောက် စုရှောင်မိုတစ်ယောက် အဘယ်ကြောင့် အားကောင်းသည်ဆိုခြင်းကို နားလည်လိုက်ကြပြီဖြစ်၏။
“ကောင်လေး”
တတိယအကြီးအကဲက ပြုံးကာ ပြောလိုက်သည်။ “မင်းက မင်းရဲ့အားအင်တွေကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့တာပဲ”
“အင်း”
စုရှောင်မိုသည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “တောင်ကနေ ဆင်းတဲ့အချိန်မှာ ဆရာက မှာလိုက် တယ်လေ၊ သိုသိုသိပ်သိပ် နေပြီးတော့ လူတွေအရှေ့မှာ ဟိတ်ဟန်ထုတ် ကြွားဝါခြင်းကို မပြုလုပ်ရဘူးတဲ့”
အကြီးအကဲများအားလုံးသည် ရယ်လိုက်မိကြ၏။ ထို့အပြင် ရသေ့တစ်ယောက် အနေနှင့် တပည့်တစ်ယောက်အား သိုသိုသိပ်သိပ်နေထိုင်ရန် မှာကြားသည်ကလည်း ကျိုးကြောင်းဆီလျော်လွန်း လှသည်။
“မင်းသွားလို့ရပြီ” တတိယအကြီးအကဲသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။
“ကောင်းပါပြီ” စုရှောင်မိုသည် ထွက်ခွာသွားခဲ့သည်။ သူသည် သူ၏ အခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာ တော့ ရေနွေးတစ်ခွက်ကို ကောက်ထည့်ကာဖြင့် အသာမော့လိုက်သည်။ အဓိကဟောခန်းထဲ၌ ထိုက်ရွမ်အအေး ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများနှင့် ရင်ဆိုင်ပြောဆိုရသည့်နေရာတွင် သူသည် အနည်းငယ် ကြောက်လန့် နေမိ၏။ သူ့ကိုယ်သူ သူလျှိုတစ်ယောက်ဆိုတာ ပေါ်သွားမလားဆိုသည်ကို စိုးရိမ်ကြောင့်ကြနေမိသည်။
“အခု ငါ့ရဲ့အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ထုတ်ဖော်ပြသခဲ့ပြီပြီ၊ သူတို့က ငါဘယ်သူဖြစ်တယ်ဆိုတာကို စုံစမ်းတော့မှာပဲ၊ ဒါ ဂိုဏ်းချုပ်တာဝန် ဖြစ်သွားပြီ” စုရှောင်မိုက တွေးလိုက်မိသည်။
ထင်မှတ်ထားသည့်အတိုင်းပဲ အဓိကဟောခန်းထဲရှိ အကြီးအကဲများသည် စုရှောင်မိုအကြောင်း ဆွေးနွေးလျက် ရှိနေကြ၏။ ပြီးသည့်နောက်မှာတော့ စုကုန်းရှန့်တစ်ယောက်၏ အကြောင်းအား တောင်ပိုင်းသဲကန္တာရနယ်မြေ ဆီသို့ စေလွှတ်ကာ စုံစမ်းခိုင်းတော့သည်။ ၎င်းတို့အနေနှင့် သူလျှိုတစ်ယောက်ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် မဟုတ်ပေ။
အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ကျင့်ကြံသူတစ်ယောက် ဂိုဏ်းထဲမှာ ရှိနေသည်မှာ ကောင်းမွန်သည့် အရာပင်ဖြစ်သည်။ ကြီးမားလှသော ဂိုဏ်းကြီးများပင်လျှင် ဤကဲ့သို့သောလူမျိုးကို လက်မလွှတ်ချင်ပေ။ သို့ပေမဲ့ ဂိုဏ်း၏ စည်းမျဉ်း စည်းကမ်းများအတိုင်း ၎င်း၏ တည်ရှိမှုနောက်ခံကို သေသေချာချာ စုံစမ်းစစ်ဆေးရမည်မှာ သဘာဝပင်ဖြစ်၏။
ဤအရာမှာ ပြိုင်စံရှားဂိုဏ်းနှင့်တော့ ခြားနားလွန်းကြသည်။ ပြိုင်စံရှားဂိုဏ်းတွင် ကန့်သတ်ချက်များ ရှိနေ၏။ သူလျှိုပြုလုပ်ခြင်း၊ သစ္စာဖောက်ခြင်းပြုလုပ်၍ ဂိုဏ်းထဲမှ ထုတ်ပယ်ခံရမည်ဆိုလျှင် ဂိုဏ်းနှင့်ပတ်သက်သည့် အရာအားလုံးသည် ဦးခေါင်းထဲမှ ပျောက်ကွယ်သွားရမည်ဖြစ်သည်။ ထို့ကြောင့်ပင် ပြိုင်စံရှားဂိုဏ်းအနေနှင့် မည်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ ရှိရှိသမျှ တပည့်အားလုံးကို ဂိုဏ်းထဲသို့ ထည့်သွင်းနိုင်နေခြင်းပင်ဖြစ်တော့သည်။
ထိုက်ရွမ်အအေးဂိုဏ်း၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှသည်။ ရက်အနည်းငယ်အတွင်းမှာပဲ သူတို့သည် စုကုန်းရှန့် နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိလိုက်ကြသည်။ ဤအရာမှာ စုရှောင်မို ပြောဆိုခဲ့သည့် အရာများနှင့် ထပ်တူညီလျက်ရှိတော့သည်။
“အားလုံးပဲ”
တတိယအကြီးအကဲက ပြောလိုက်သည်။ “စုကုန်းရှန့်ရဲ့ စိတ်ဝိညာဉ်အမြစ်က မဆိုးဘူး၊ သူ့ကို ငယ်ရွယ်စဉ်တုန်းက စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ကလည်း ခေါ်ယူပြီး သင်ကြားပေးခဲ့ဖူးတယ်၊ ဒီတော့ သူ့ကို ပြုစုပျိုးထောင်ပေးဖို့ ထိုက်တန်တယ်လို့ ထင်တယ်”
“ဒီကောင်လေးက အထူအပါး နားလည်တယ်၊ ပြီးတော့ တခြားသူတွေရဲ့ရှေ့မှာ ဟန်ရေးမပြတတ်ဘူး၊ တကယ့်ကို ပြုစုပျိုးထောင်ပေးသင့်တဲ့ မျိုးစေ့ကောင်းလေးတစ်ခုပဲ” အကြီးအကဲစွန်းသည် သူ၏အထင်ကို ထုတ်ဖော်ပြသ လိုက်၏။ သူ့အနေနှင့် အခွင့်အရေးရှိသည်ဆိုလျှင် တခြားသောအကြီးအကဲများ၏ရှေ့တွင် စုရှောင်မို၏အကြောင်း ကောင်းမွန်သည့်အရာများကို ပြောဆိုမိမှာ သေချာသည်။ ထို့အပြင် သူ့၏သားသည် သူ့အား ထိုကဲ့သို့ပြောပေးရန် အားပေးအားမြှောက် ပြုလုပ်ထားသည် မဟုတ်ပါလား။
အကြီးအကဲရှကလည်း ပြောလိုက်၏။ “ကျုပ်တို့ သူ့ကို အခွင့်အရေး ပေးသင့်တယ်လေ”
ဤအကြီးအကဲ နှစ်ယောက်၏ ထင်မြင်ချက်ကို ထုတ်ဖော်ပြသပြီးသည့်နောက် တခြားသော အကြီးအကဲများ အားလုံးက သဘောတူညီလိုက်ကြသည်။ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးသည့်နောက် တတိယအကြီးအကဲက ကြေညာလိုက်တော့သည်။ “စုကုန်းရှန့်ကို အစမ်းခန်းမဆောင်ကို ပို့ထားလိုက်”
အစမ်းခန်းမဆောင်ဆိုသည်မှာ ထိုက်ရွမ်အအေးဂိုဏ်း၏ အထူးဌာနတစ်ခုဖြစ်သည်။ ဤနေရာသို့ ရောက်ရှိသွား သောတပည့်များအားလုံးသည် ကောင်းမွန်သည့် အလားအလာကို ပိုင်ဆိုင်ကြပြီး များပြားလှသည့် အရင်းအမြစ် များကိုလည်း သုံးစွဲနိုင်စွမ်း ရှိကြသည်။ အနာဂတ်တွင် ၎င်းတို့အနေနှင့် ကောင်းမွန်သည့်စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်သည်ဆိုပါက အတွင်းစည်းတပည့်အဖြစ်သို့ တိုးတက်ရောက်ရှိရန်အတွက်ဆိုသည်မှာ ပြဿနာ ကြီးတစ်ခု မဟုတ်တော့ချေ။
“ဂိုဏ်းချုပ်” စုရှောင်မိုသည် အစမ်းခန်းမဆောင်ဆီသို့ ရောက်ရှိသွားသည်ကို သိရချိန်မှာတော့ တွေးလိုက်မိတော့ သည်။ သူသည် အထက်အကြီးအကဲများ၏ ယုံကြည်မှုကို ရရှိနေပြီဖြစ်၏။ နောက်ထပ်ခြေလှမ်းတစ်ခုမှာ အတွင်းစည်းတပည့်အဖြစ်သို့ တိုးမြှင့်ရောက်ရှိရန်ပင်ဖြစ်တော့သည်။ ထို့အပြင် တိုက်ရိုက်တပည့်လည်း ဖြစ်လာ နိုင်သေး၏။
ပြိုင်စံရှားဂိုဏ်းထဲတွင်ရှိနေသော ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် လီလိုရှုထံမှ ရရှိခဲ့သော သတင်းအချက်အလက်များကို နားထောင်လျက်ရှိသည်။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်ရဲ့ တန်ဖိုးရှိတဲ့ တပည့်လေးပါလား၊ အချိန်ရောက်လာပြီဆိုရင် သူက ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အထက်အကြီးအကဲတစ်ယောက် ဖြစ်နေမှာ သေချာတယ်”