အခန်း (၈၇၃)
Vol. 59 Ch. 873
ဂြိဟ်တိုက်ပွဲ၏ စည်းမျဉ်းစည်းကမ်းသည် ၎င်းတို့၏ တည်နေရာကို ရွာတစ်ခုအရွယ်အစားအထိ ချဲ့ထွင်နိုင်သည် ဆိုပါက အရင်ဦးဆုံး ထွက်ခွာသွားနိုင်ရန် လျှောက်ထားခွင့်ရှိသည်။
ကျွင်းချောင်ရှောင်း၏ အထင်အရဆိုလျှင် ဤအရာမှာ လွယ်ကူလွန်းနေ၏။ ထို့အပြင် သူသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ၏ တိုက်ခိုက်ရိုက်နှက်မှုကို ခံခဲ့ရသည်ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းသည် သူ၏ ကြိုးစားမှုကြောင့် အနည်းငယ် ကျယ်ပြန့်နေပြီ မဟုတ်ပါလား။
“ကြိုးစားခဲ့တာ ဟုတ်လား”
စနစ်က စောဒက တက်လိုက်သည်။ “မင်းအနေနဲ့ အထဲမှာ နေလို့မရလို့ အပြင်ကို ထွက်ပြီး တိုက်ခိုက်ခဲ့ရတာ မဟုတ်ဘူးလား”
ဒီအရာမှာ သာမန်ပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင် အဘိုးကြီးတင်းနှင့် ခရမ်းရောင်ဘုရင်တို့ကိုခေါ်၍ အားရ ပါးရ တိုက်ခိုက်မည်ဆိုလျှင် သူ့အနေနှင့် မြို့အဆင့်အရွယ်အစားကို မချဲ့ထွင်နိုင်ဘူးဆိုလျှင်တောင်မှ ရွာအဆင့် အရွယ်အစားကို ချဲ့ထွင်ရလွယ်ကူပေမည်။
“နေအုံး”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်မိသည်။ ပြီးသည့်နောက်မှာတော့ တွေးလိုက်မိသည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဝင်ခွင့်က နောက်ငါးနှစ်ကျမှ မဟုတ်လား၊ ဘာလို့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ကိုယ်စားပြုတဲ့ တည်နေရာစက်ဝိုင်းနဲ့အတူ ငါက ကြိုပြီးတော့ ရောက်သွားတာလဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကျင့်ကြံသူတစ်ယောက်ပဲလေ၊ ဒီတော့ အဲတည်နေရာကို ရောက်သွားပြီဆိုတာနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာစက်ဝိုင်းထဲမှာ အလိုလို ပေါ်လာရတဲ့ သဘောမျိုးပဲ”
“..........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ “မင်းဆိုလိုတာက သူတို့ နောက်ငါးနှစ် ဂြိုဟ်တိုက်ပွဲကို ဝင်ပြိုင်မယ်ဆိုရင်လည်း ငါရှိနေတဲ့ နေရာကို ရောက်လာရမှာပေါ့”
“ဖြစ်နိုင်တယ်” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း၏ အမူအရာများသည် ချက်ချင်းပဲ စိတ်ဝင်တစား ဖြစ်မိလာခဲ့၏။ “တကယ်လို့ ငါက တပည့်တွေကိုခေါ်ပြီး အရင်ကြိုသွားမယ်ဆိုရင် နောက်ငါးနှစ်နေလို့ သူတို့ရောက်လာတာနဲ့တပြိုင်နက် တည်နေရာ ကြီးတစ်ခုလုံး ချဲ့ထွင်ထားတာမြင်ရင် အံ့အားသင့်သွားကြမှာ မဟုတ်လား”
“အင်း”
စနစ်က ပြောလိုက်သည်။ “ဒါဖြစ်နိုင်တယ်”
တည်နေရာဂိတ်တံခါးနှင့်အတူ ကျွင်းချောင်ရှောင်းသည် တပည့်များအားခေါ်ဆောင်၍ ဂြိုဟ်တိုက်ပွဲဆီသို့ မည်သည့်အခြေအနေတွင်မဆို သွားရောက်နိုင်ခွင့်ရှိ၏။ ထို့အရာမှာ နောက်ငါးနှစ်နေမှ သွားရမည့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းကျင့်ကြံသူများထက် သာနေသည့် အခြေအနေပင်ဖြစ်သည်။ သူ့အနေနှင့် ဤတည်နေရာဆီ တစ်နှစ်အတွင်း ပြန်လာခဲ့စေရန် အမျိုးသမီးစနစ်၏ သတိပေးမှုကို ပြန်၍ သတိရလိုက်မိ၏။ ထို့ကြောင့် သူ့အနေနှင့် ရံဖန်ရံခါဆိုသလို သွားမှ ဖြစ်ပေလိမ့်မည်။
ငါးနှစ်ကြာပြီးသည့်နောက်မှာတော့ သူသည် တည်နေရာ အနေအထားကြီးတစ်ခုအား မြို့အဆင့်အနေအထားထိ ရောက်ရှိအောင် ချဲ့ထွင်ရန် စဉ်းစားထားမိ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသာ ရောက်ရှိ လာမည်ဆိုပါက ဤမြင်ကွင်းကို မြင်ရလျှင် မေးရိုးတွေ ပြုတ်ကျသည်အထိ အံ့အားသင့်ကြမှာ သေချာသည်။
“မြို့တော်ဝန်မူ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟုန်လင်ရဲ့ ပင်ကိုယ်စွမ်းရည်က တကယ့်ကို ကောင်းတယ်၊ အဆင့်တက်ချင်တယ်ဆိုရင်လည်း သူမကို တားဆီးဖို့ အခြေအနေ မရှိဘူးလေ။ ဘာပဲပြောပြော ကျုပ်တို့ နောက်ငါးနှစ်ကြာပြီးရင် ဂြိုဟ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ပိုပြီးကောင်းလိမ့်မယ် နဲ့တူတယ်”
ဂြိုဟ်တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ရွေးချယ်ပြီးသည်ကို သူသိပြီးသည့် နောက်မှာတော့ သူသည် အားလုံးသောသူများအတွက် တစ်စုံတစ်ခု ပြုလုပ်မှဖြစ်မည်ဟု တွေးတောလိုက်မိ တော့သည်။
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲတွင်ရှိသော သိုင်းအင်ပါယာများအားလုံးသည် သူ့အား ပခုံးပေါ်သို့ တာဝန်များ တင်ပေးခဲ့၏။ သို့ပေမဲ့ သူသည် သူ၏တာဝန်ကို အဓိက အနှစ်ချုပ်ရမည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော ကျင့်ကြံသူများကို စောင့်ရှောက်ရန်ပင် ဖြစ်တော့သည်။ လက်ရှိအခြေအနေမှာတော့ သူသည် ကြင်နာမှု နှင့်အတူ အားလုံးကို စောင့်ရှောက်ရန် စဉ်းစားလိုက်မိတော့၏။
စနစ် “ကိုယ်ကျိုး အတွက် အရင်ဆုံး စဉ်းစားနေတာ မဟုတ်လား။”
ကျေးဇူးပြုပြီး …
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် စိတ်ထဲကနေ ပြောလိုက်သည်။ ငါ့ကို တစ်ကိုယ်ကောင်းဆန် တဲ့လူလို့ မထင်ပါနဲ့၊ ငါလည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။
စနစ် “......”
မူချန်းဟုန်သည် ခေါင်းကို ခါယမ်းကာ နာနာကျင်ကျင် ပြောလိုက်၏။ “အမှန်ကို ပြောရမယ်ဆိုရင် ဂိုဏ်းချုပ်ကျွင်း၊ ကျုပ်နဲ့ တခြားသော ကျင့်ကြံသူတွေက ဂြိုဟ်တိုက်ပွဲဆီကိုဝင်ပြီး သေဖို့အထိ ပြင်ဆင်ထားပြီးကြပြီ”
စောင့်ကြည့်ရေးမျှော်စင်သည် များပြားလှသည့် အဓိကဂိုဏ်းများဆီသို့ သတင်းပို့လွှတ်ပြီးသားပင်ဖြစ်သည်။ ထိုအရာမှာ ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ပင်ဖြစ်၏။ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်သည် ဆိုသည်နှင့် ငြင်းပယ်ခွင့်မရှိဘဲ ထိုနေရာဆီသို့ သွားရောက်ရမည်ဖြစ်သည်။ ဖြစ်နိုင်သမျှ အကောင်းဆုံး တိုက်ခိုက်၍ တည်နေရာကို ချဲ့ထွင်ရန် ကြိုးစားရပေလိမ့်မည်။ ထိုမှသာလျှင် နောင်တစ်ကြိမ် သူတို့ ထပ်မံရွေးချယ်ခံရသည် ဆိုပါက ဂျူနီယာများ အသက်ရှင်နိုင်ရန် အခွင့်အရေး ရရှိလာပေလိမ့်မည်။
မူချန်းဟုန်သည်လည်း ထိုသို့ တွေးတောထားမိ၏။ သူနှင့် တခြားသော ကျင့်ကြံသူများ အားလုံးသည် အရင် မျိုးဆက်ဟောင်းများ ဖြစ်ကြသည်မို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ မျိုးဆက်သစ်လူငယ်များအား ကာကွယ်ရန် အတွက် ၎င်းတို့သည် စတေးကြရန် သန္နိဋ္ဌာန်ချထားပြီးသား ဖြစ်တော့သည်။ ၎င်းတို့အနေနှင့် မိမိကိုယ်ကို စတေးခြင်းလုပ်ငန်း ပြုလုပ်ရသည်မှာ မြင့်မြတ်လှသည်ဟု ခံစားမိ၏။ ထို့နည်းတူစွာပဲ ၎င်းတို့အနေနှင့် မလုပ်ချင်သော အရာကို ပြုလုပ်ရသည်ဟု တစ်ဖက်လှည့်ကာ တွေးတောနိုင်၏။ သို့သော်ငြား သူတို့သည် အထက်နယ်မြေဆီမှ အမိန့်ပေးချက် ကို မလိုက်နာ၍ မရချေ။ ထို့ကြောင့် ပြုလုပ်ရန် ရွေးချယ်ဖို့သာ ရှိတော့၏။
ကျွင်းချောင်ရှောင်းက နှစ်သိမ့်လိုက်သည်။ “အဲနေ့ကို ရောက်လာတဲ့အချိန်မှာ အံ့အားသင့်ဖွယ်ရာ ကိစ္စတွေ ဖြစ်ပေါ် လာနိုင်သေးတာပဲလေ”
“အံအားသင့်ဖွယ်ကိစ္စတွေ ဟုတ်လား”
မူချန်းဟုန်သည် နာနာကျင်ကျင် ပြုံးလိုက်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ဂြိုဟ်တိုက်ပွဲနှင့် ပတ်သက်သည့်အကြောင်းကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း နားမလည်ကြောင်း သူသိရှိ လိုက်မိ၏။ ဤအရာမှာလည်း လက်ခံသင့်ပေသည်။ ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ငယ်ရွယ်လွန်း လှ၏။ အတွေ့အကြုံလည်း မရှိလှချေ။ သူ၏ ဂိုဏ်းသည် တစ်နေ့ထက်တစ်နေ့ ပို၍အားကောင်းကာ နာမည် ကျော်ကြားလာသည်ဆိုသော်လည်း အတွေ့အကြုံနှင့်ပတ်သက်လျှင် သူကဲ့သို့ နှစ်ပေါင်းများစွာနေထိုင်ခဲ့သည် လူတစ်ယောက်နှင့် မည်သို့နှိုင်းယှဉ်နေ၍ ရမည်နည်း။
“ဂိုဏ်းချုပ်ကျွင်း”
မူချန်းဟုန်က ပြောလိုက်သည်။ “ခင်ဗျားက သိုင်းအုပ်စိုးသူအဆင့်ကို ရောက်ရှိနေပြီလေ၊ ဒီတော့ ဂြိုဟ်တိုက်ပွဲစာရင်းမှာ ပါဝင်ဖို့ ပထမဦးဆုံး စာရင်းမှာ မပါဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ပြင်ဆင်ထားသင့် တယ်”
သူ့အနေနဲ့ ယနေ့ ပြိုင်စံရှားဂိုဏ်းဆီသို့ လာရောက်လည်ပတ်ရခြင်း ရည်ရွယ်ချက်သည် ဤအရာပင် ဖြစ်တော့သည်။ သူ၏ သမီးဆီ လာရောက်လည်ပတ်ခြင်း မဟုတ်ချေ။ ဂိုဏ်းချုပ်ကျွင်းအား နောက်ငါးနှစ်အတွင်း ပြိုင်ဆိုင်ရမည့် ဂြိုဟ်တိုက်ပွဲအတွက် ပြင်ဆင်ထားရန် လာရောက် ပြောဆိုခြင်းပင် ဖြစ်တော့သည်။
အချက်အလက်အားဖြင့် ကုန်းရှန့်သည် အချိန်တိုင်း ပြင်ဆင်လျက်ရှိသည်။ သူသည် ပြင်ဆင်နေသည်မှာ တစ်နှစ်နီးပါးခန့်ပင် ရှိတော့မည်ဖြစ်သည်။ သူ့အနေနှင့် သူ၏ တပည့်များကို ခေါ်ဆောင်သွားပြီး မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူအား လက်စားချေနိုင်မည့်နည်းလမ်းကို စက္ကန့်မလပ် စဉ်းစားလျက်ရှိနေ၏။
“မြို့တော်ဝန်မူ”
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ အသာကိုင်းကာဖြင့် ပြောလိုက်တော့သည်။ “ပြောကြည့် တကယ်လို့ နောက်ငါးနှစ်နေလို့ အံ့အားသင့်စရာတွေ ဖြစ်လာမယ်ဆိုရင် ကျုပ်တို့အားလုံးက ဒီကပ်ဘေးကြီးကနေ အောင်မြင်စွာနဲ့ ထွက်ခွာလာနိုင်မှာ မဟုတ်လား၊ ဒီလိုဆိုရင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို ပေးသင့်တယ် မဟုတ်လား၊ ပေးသင့်လား၊ မပေးသင့်ဘူးလား”
“ကြည့်”
စနစ်က ပြောလိုက်သည်။ “ငါခန့်မှန်းထားတာ မှန်ပြီ”
ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် ကြင်နာပြုကို အရင်းပြု၍ တစ်စုံတစ်ခု ပြုလုပ်ရန် စဉ်းစားနေသည်လား၊ လက်ခံသူတွင် ထိုကဲ့သို့ ကောင်းမွန်သည့် စိတ်ဓာတ်မျိုး မရှိသည်ကို သူကောင်းကောင်းသိရှိပြီးဖြစ်သည်။
“ဒီလုံခြုံမှုအတွက်ဆိုတာက ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးအတွက် ရည်ညွှန်းတာလား”
မူချန်းဟုန်သည် နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်တော့၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသာ ဒီကပ်ဘေးကြီးကနေ လုံလုံခြုံခြုံနဲ့ ကျော်ဖြတ်သွားနိုင်မယ်ဆိုရင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တွေ မပြောနဲ့၊ ခင်ဗျားလိုချင်တာ ဘာမဆို ရစေရမယ်”
“တခြားကျင့်ကြံသူတွေကလည်း ဒီလို တွေးနေမှာလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
မူချန်းဟုန်က လေးလေးနက်နက် ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲက အရမ်းကို အန္တရာယ်များတယ်၊ ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက အခြားသောဂြိုဟ်တွေနဲ့ယှဉ်ရင် အရမ်းကို အားနည်းလွန်းတယ်၊ တကယ်လို့ အထဲကိုဝင်သွားမယ်ဆိုရင် ကိုယ့်ရဲ့ခေါင်းကို သူများဆီသွားပြီး ဆက်သလိုက်တာနဲ့ တူတူပဲ၊ ဒီကပ်ဘေးကြီးကိုသာ ရှောင်လွဲနိုင်မယ်ဆိုရင် အားလုံးသောလူတွေရဲ့ သေဆုံးခြင်းကိုသာ ရှောင်ရှားနိုင်တာတင် မဟုတ်ဘူး၊ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ အားအင်အဆင့်ကို ထိန်းသိမ်းထားနိုင်တယ်လို့ တစ်ဘက်လှည့် တွေးနိုင်တယ်၊ ဒီတော့ ဘယ်စွမ်းအားမြင့် ကျင့်ကြံသူကမဆို သဘောတူညီလိမ့်မယ်”
အရင်းအမြစ်များသည် အလွန်တရာ အရေးကြီးလှ၏။ သို့ပေမဲ့ လူများ၏ အသက်နှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ အနာဂတ် နှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ ပြောပြလောက်သည့်အရာ မဟုတ်တော့ချေ။
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် စိတ်လက်ပေါ့ပါးစွာဖြင့် ပြုံးကာ ပြောလိုက်မိသည်။ “မြို့တော်ဝန်မူ... ဆိုရိုး စကားရှိတယ်လေ၊ ခင်ဗျားသာ လေးလေးနက်နက် ရှိနေမယ်ဆိုရင် နောက်ငါးနှစ်မှာ အံ့အားသင့်စရာ အဖြစ် အပျက်တွေလည်း ဖြစ်လာနိုင်တယ်မဟုတ်လား”
သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲဆီသို့ သွားရောက်ပြီးတော့ လက်စားချေမည့် အကြောင်းကို ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ပြီး အခု ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူတစ်ယောက် ဖြစ်သည်မို့ အားလုံးသောလူများအတွက် အလုပ် လုပ်ပေးမှ ဖြစ်ပေလိမ့်မည်။
တာဝန်ယူမှုနှင့် တာဝန်ခံမှု။
ကျုပ် ကျွင်းချောင်ရှောင်းက သွေးမြေကျတဲ့အထိ ကြယ်ကြွေကုန်းမြေတိုက်ကြီး အတွက် ပေးဆပ်သွားမယ်။
စနစ်သည် စိတ်ဓာတ်တကျဖြင့် တွေးလိုက်မိ၏။ “လက်ခံသူ တွေးနေတာက နောက်ငါးနှစ်နေရင် ရောက်လာမယ့် လူအရေအတွက်နဲ့ သူတို့ဆီကရမယ့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်ကို တွက်ချက်နေတာ မဟုတ်ဘူးလား”
.....................
“အဖေ... မျက်လုံးတွေ ဘာလို့နီနေတာလဲ၊ သမီးက ပြိုင်စံရှားဂိုဏ်းထဲမှာ လေ့ကျင့်နေတာလေ၊ အရမ်းကို ပျော်တယ်၊ အခုဆိုရင် သိုင်းဘုရင် အဆင့်ခုနှစ်တောင် ရောက်နေပြီ”
မူချန်းဟုန်သည် အလွန်တရာ ပျော်ရွှင်လျက်ရှိနေသော သူ၏ သမီး စိတ်ညစ်မသွားစေရန် အကောင်းဆုံး ကြိုးစားကာ သရုပ်ဆောင်နေ၏။
မူဟုန်လင်မှာတော့ များများစားစား တွေးတောမထားချေ။ ထို့ကြောင့် ပြောလိုက်တော့သည်။ “အဖေ... ကျွန်မက အချိန်တိုအတွင်း အမြန်ဆန်ဆုံးနဲ့ သိုင်းအုပ်စိုးသူအဆင့်ကို ရောက်ရမယ်”
ဤစကားလုံးသည် မူချန်းဟုန်၏ စိတ်ကို ထိခိုက်သွားစေခဲ့၏။ သူသည် ခက်ခက်ခဲခဲဖြင့် စိတ်ဓာတ်များကို မာကျောစေရန် ကြိုးစားခဲ့ရသူဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ အောက်ဆုံးအခြေအနေသို့ ပြန်လည် ကျဆင်းသွားခဲ့တော့၏။
ကျွင်းချောင်ရှောင်း ပြောခဲ့သော အံ့အားသင့်ဖွယ်အဖြစ်အပျက်ဆိုသည်ကို သူ စိတ်ထဲတွင် နက်နက်နဲနဲ မတွေးခဲ့ချေ။ တိုက်ပွဲတွင် သေဆုံးရန် အစောကတည်းက ပြင်ဆင်ခဲ့ပြီးပြီဖြစ်သည်။ သူ၏သမီးအနေနှင့် သိုင်းအုပ်စိုးသူအဆင့် ဖြစ်လာလျှင်သူ၏နောက်သို့ လိုက်ပါရမှာ သေချာ၏။
“အဖေ... ဘာလို့ ငိုနေတာလဲ” သူမ အဖေဆီမှ မျက်ရည်များကို မြင်ရသည့်အချိန်မှာတော့ မူဟုန်လင်သည် ဇဝေဇဝါနှင့် ဖြစ်မိလာသည်။
မူချန်းဟုန်မှာတော့ အင်္ကျီလက်နှင့် သူ၏မျက်ရည်များကို အသာသုတ်ကာဖြင့် ပြောလိုက်မိသည်။ “အရမ်းပျော်လို့”
သူ၏ သမီးနှင့် ခဏလောက် စကားပြောပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာသွားခဲ့၏။ သူ့ကို ကြည့်ရသည်မှာ အလွန်အမင်း အိုမင်းရင်ရော်သွားပုံပင် ပေါက်သည်။
“ဂိုဏ်းချုပ်ကျွင်းပြောတာ မှန်တယ်၊ တကယ်လို့ ဟုန်လင်အနေနဲ့ အဆင့်ချိုးဖြတ်မယ်ဆိုရင်လည်း ငါတားလို့ မဖြစ်ဘူးလေ”
မူချန်းဟုန်သည် တောင်ခြေဆီသို့ ရောက်သည့်အချိန်မှာတော့ ကောင်းကင်ဆီသို့ မော့ကြည့်လိုက်၏။ သူသည် စိတ်ထဲ၌ ဆုတောင်းလျက်ရှိ၏။ “ဂိုဏ်းချုပ်ကျွင်းပြောတဲ့ အံ့အားသင့်ဖွယ် အဖြစ် အပျက်ဆိုတာ တစ်နေ့မှာ ပေါ်ပေါက်လာပါစေလို့ ဆုတောင်းပါတယ်”
“ဂိုဏ်းချုပ်”
မူဟုန်လင်သည် ဇဝေဇဝါ ဖြစ်မိနေ၏။ “ကျွန်မအဖေက နည်းနည်း ထူးဆန်းနေသလိုပဲ”
အဓိကဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “မင်းက အရမ်းမြန်တဲ့နှုန်းနဲ့ အဆင့်တက်နေတာလေ၊ ဒီတော့ သူဝမ်းသာလွန်းပြီး မျက်ရည်ကျတယ်ဆိုတာ သာမန်ပါပဲ”
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာဖြင့် တောင်အောက် ဆီသို့ ဆင်းသက်သွားသော သက်လတ်ပိုင်းလူုအား သေချာကြည့်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ တွေးတောလိုက်မိ သည်။ “မြို့တော်ဝန်မူ စိတ်မပူနဲ့၊ ကျုပ်ရှိနေမှတော့ အံ့အားသင့်ဖွယ်ဖြစ်ရပ်တွေဆိုတာက ကျိန်းသေပေါက် ဖြစ်လာလိမ့်မယ်”