← Chapters

အခန်း (၈၇၈)

Vol. 59 Ch. 878

အခန်း (၈၇၈)

Vol. 59 Ch. 878

ကျွင်းချောင်ရှောင်းသည် စုရှောင်မိုကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများ ပေးခဲ့၏။ ထိုမှသာ သူ၏ လစ်ဟင်း ခဲ့သော ကျင့်ကြံရမည့် အချိန်များကို ကာမိမှာ သေချာသည်။ လီချင်းယန်နှင့် တခြားသူတို့သည်ပင်လျှင် ဤကဲ့သို့ များပြားလှသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို မရရှိခဲ့ပေ။ ကျန်းယန်ဝတ်စုံ၊ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး၊ ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံးများအပြင် သူသည် စုရှောင်မိုအား လှိုင်းအဆောင် နှစ်ခုကိုပင် ပေးအပ်ခဲ့သေး၏။

စုရှောင်မိုအနေနှင့် လက်ရှိအချိန်တွင် လှိုင်းအဆောင်ကို အသုံးမပြုနိုင်ဘူး ဆိုသော်လည်း သိုင်းဘုရင်ထိပ်ဆုံး အဆင့်သို့ ရောက်ရှိသည်နှင့် သူသည် သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်ပွားရန် အခွင့်အရေး နှစ်ကြိမ် ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏အသက်ကို ကယ်တင်ရန်အတွက် အသက်ကယ်အဆောင်နှစ်ခု ရရှိသည်နှင့်ပင် ဆင်တူပေလိမ့်မည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် သူ့တပည့်၏ ဂုဏ်ရှိန်ဝါကို ပို၍ တိုးပွားစေရန် အဘိုးကြီး ကျွင်းတန် ဆိုသည့်လူအား ဖန်တီးရန် စဉ်းစားထားသေး၏။ မည်ကဲ့သို့ ဖန်တီးရမည်နည်း။ သူသေချာ မသိသေးချေ။ သို့ပေမဲ့ အရေးကြီးဆုံးအရာသည် ထိုကျွင်းတန်ဆိုသည့်လူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် လူတစ်ယောက် ဖြစ်ရမည်။ အလွန်ထည်ဝါလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သူလည်းဖြစ်ရပေလိမ့်မည်။ ထိုမှသာလျှင် ထိုက်ရွမ် အအေးဂိုဏ်းတစ်ခုလုံးသည် စုရှောင်မိုအား ပို၍ တန်ဖိုးထားမှာ ဖြစ်၏။

“ငါ ဒီအစီအစဉ်ကို အကောင်းဆုံးလုပ်ရမယ်” ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။

စုရှောင်မိုသည် အချစ်ရေး၊ အချစ်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အကြီးအကဲဝေကို မေးမြန်းပြီးသည့်နောက် မှာတော့ သူ၏ ကျင့်ကြံခြင်းကို အာရုံစိုက်ထားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် သူ၏ဂိုဏ်းတူရောင်းရင်း များနှင့် ကွာခြားသွားခဲ့ပြီ ဖြစ်သောကြောင့် အလဟဿမနေခဲ့ပေ။ ထို့ကြောင့် ပြင်းပြင်းထန်ထန်နှင့် ကျင့်ကြံလျက် ရှိနေသည်။ ထို့ပြင် ထိုက်ရွမ် အအေးဂိုဏ်းထဲတွင် သူသည် ကျင့်ကြံရန် အချိန်မရှိခဲ့ချေ။ ရက်အနည်းငယ်အတွင်း သူသည် စမ်းသပ်မှု မျှော်စင်ထဲသို့ ဝင်ရောက်ခဲ့သည်။

စမ်းသပ်မှုမျှော်စင်၊ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၊ အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေတို့ အားလုံးဆီကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ အဓိကဟောခန်းဆီသို့ ရောက်လာခဲ့၏။ “ဂိုဏ်းချုပ်... ကျွန်တော် ပြန်ရတော့မယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သတိထား”

“ကောင်းပါပြီ”

ဂိတ်တံခါးရှေ့သို့ ရောက်ရှိချိန်မှာတော့ တပည့်များသည် စုရှောင်မိုအား လိုက်ပါ ပို့ဆောင်တော့သည်။ လျှိုဝမ်ရှစ် သည် မျက်ရည်များကို အသာသုတ်ကာဖြင့် လက်ကို ယမ်းခါလိုက်၏။ “စီနီယာအစ်ကို... တကယ်လို့ အစား အသောက်တွေ မလုံလောက်ဘူးဆိုရင် ဂိုဏ်းကို ပြန်လာခဲ့နော်၊ ကျွန်မ လုပ်ပေးမယ်” သူမအနေနဲ့ ဒီတကြိမ်တွင် စားသောက်စရာ အများအပြားကို ဖန်တီး ပြုလုပ်ပေးခဲ့၏။ ထိုအရာများ အားလုံးအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်း၍ ပေးအပ်ခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဂျူနီယာညီမလေး” စုရှောင်မိုသည် တောင်ခြေဆီသို့ လျှောက်သွားခဲ့၏။ ပြီးသည့်နောက် မှာတော့ ဂိုဏ်းချုပ်နှင့် သူ၏ဂိုဏ်းတူ ညီအစ်ကို မောင်နှမများ အားလုံးကို လက်ယမ်းကာ နှုတ်ဆက်လိုက်ခဲ့သည်။ အရှေ့တောင်ရန်ကျူးဆီမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူသည် မျက်နှာဖုံးကို အသာဝတ်ပြီးသည့် နောက်မှာတော့ စုကုန်းရှန့် အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ့အနေနှင့် ထိုက်ရွမ်အအေးဂိုဏ်း ထဲတွင် တစ်နှစ်နီးပါးခန့် သူလျှိုလုပ်နေရသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းသည်သာ သူ၏ အိမ်တစ်ခုဖြစ်သည် ဟု ခံစားမိနေ၏။ ထို့ကြောင့် အိမ်ကို ပြန်နိုင်ရန်အတွက် သူသည် ဂိုဏ်းချုပ်ပေးသည့် တာဝန်များကို ပြည့်စုံအောင် မြန်မြန် ထမ်းဆောင်နိုင်မှ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။ “စီနီယာအစ်ကိုစုက မပေါ်သွားနိုင်ပါဘူးနော်၊ တကယ်လို့ သိသွားရင် ဘယ်လိုဖြစ်မလဲ၊ သူ့ကို ဖမ်းပြီးတော့ နှိပ်စက်ခံရမှာလား”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ “ကောင်မလေး... မင်း ဒီထက် မင်္ဂလာရှိတဲ့ အကြောင်းအရာတွေကို စဉ်းစားလို့ မရနိုင်ဘူးလား”

ဟုတ်ပေသည်။ ဤကဲ့သို့အရာမျိုး ဖြစ်ပွားလာနိုင်သည်ကို ကြိုတင်တွက်ချက်ရမှာဖြစ်၏။ မထင်မှတ်ထားသည့် အချိန်တွင် ဤကဲ့သို့အရာမျိုး ဖြစ်ပွားလာမည်ဆိုပါက သူ့အနေနှင့် သူ့တပည့်၏ လုံခြုံရေးကို ပထမဦးစားပေး အနေနှင့် လုပ်ဆောင်ရမှာ ဖြစ်၏။

.....................

စုရှောင်မိုကို လိုက်ပါပို့ဆောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက် သည်။ “အလုပ်ကိစ္စတွေ လုပ်ဖို့ အချိန်ရောက်ပြီပဲ”

မည်သည့်ကိစ္စဖြစ်သနည်း။ ဂြိုဟ်တိုက်ပွဲ တည်နေရာဆီသို့ သွား၍ ပြဿနာရှာရန်ပင် ဖြစ်တော့သည်။

ဖြောင်း ဖြောင်း

လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ လီဖေး၊ ထျန်းချီ၊ ဟယ်ဝူတီ၊ လုံကျိရန်၊ လီယုဟွာ၊ လင်းယွမ်ရွှယ်၊ စုန့်ရွှမ်ကျူး တို့အားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာထိပ်တွင် ရပ်လျက်ရှိနေကြ၏။ ကျိုးဟုန်သည် ဤတစ်ကြိမ်မှာတော့ လိုက်ပါ မလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဓားဘုရင်အဆင့်ထိပ်ဆုံးသို့ မရောက်ရှိသေးသောကြောင့် ပင်ဖြစ်၏။

ဓားတာအိုနှင့် သိုင်းပညာတာအိုတို့မှာ ကွာခြားချက်များ ရှိနေ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်၏ အဆင့်မြင့်တက်ခြင်းကို အကူအညီသိပ်၍ မဖြစ်စေနိုင်ပေ။ ၎င်းအနေနှင့် ဓားတာအိုနှင့်ပတ်သက်၍ ပိုမိုနားလည် လာသည်ဆိုပါက ဓားအုပ်စိုးသူတစ်ယောက် ဖြစ်လာမှာဖြစ်သည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအင်များသည်လည်း ၎င်း၏တန်းတူ သိုင်းအုပ်စိုးသူများထက် ပိုမို၍ အားကောင်းသွားမှာ ဖြစ်သည်။

အကြီးဆုံးတပည့်ကြီးမှလွဲ၍ လီချင်းယန်နှင့် တခြားသောသူများ အားလုံးတို့သည် ကျန်းယန်ဝတ်စုံများကို ဝတ်ဆင် ထားကြ၏။ ၎င်းတို့အားလုံးသည် စစ်ပွဲဆီသို့ သွားရောက်မည့် စစ်သူကြီးများကဲ့သို့ပင် ဖြစ်နေသည်။ ကျန့်ရာ၊ နင်ညီအစ်ကို၊ တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်းဟိုင်တို့သည်လည်း တပည့်များ၏ ရှေ့တွင် ရပ်လျက်ရှိနေ၏။ လက်ရှိ အခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲများ အားလုံးသည်လည်း အဆင်သင့် ဖြစ်နေကြ၏။

အကြီးအကဲဝေမှာတော့ ၎င်း၏ အားအင်အဆင့်များကို ပြန်လည်အားကောင်းအောင် ပြုလုပ်နေရသည်ဖြစ်ပြီး ဆေးပင်များကို အနီးကပ် စောင့်ရှောက်နေရသည်ဖြစ်သောကြောင့် လိုက်ပါ မလာနိုင်ချေ။

ခရမ်းရောင်ဘုရင်နှင့် တောင်တစ်ရာဘုရင်တို့သည်လည်း လိုက်ပါလာခဲ့ကြသည်။ ၎င်းတို့နှစ်ယောက်သည် သူတော်စင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော သားရဲများဖြစ်သည်။ ကျိန်းသေပေါက် အားကောင်းလွန်းလှသော သူများ ဖြစ်ကြသည်။ မြေအဆင့်ကျွမ်းကျင်သူကို ရိုက်နှက်နိုင်မည်လား ဆိုသည်ကတော့ ၎င်းတို့၏ စွမ်းဆောင်ရည် အပေါ် မူတည်လျက်ရှိနေသည်။

မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အသာရှေ့သို့ လျှောက်လိုက်သည်။ နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည်လည်း ၎င်းတို့၏ သခင်နောက်မှ လိုက်ပါလာသည်။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် မတည့်ကြချေ။ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ရန်စောင်လျက်ရှိနေကြ၏။ လူအားလုံးတို့သည် ဂြိုဟ်တိုက်ပွဲ၏ တည်နေရာ ရွေ့ပြောင်းခြင်းဂိတ်တံခါးရှေ့တွင် ရပ်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲက တကယ့်ကို အန္တရာယ် များလွန်းတယ်၊ အထဲကို ရောက်ပြီဆိုတာနဲ့ လေးလေးနက်နက် ပြုမူဆောင်ရွက်ရမယ်၊ ရန်သူကို လုံးဝ အထင်သေးလို့ မရဘူး”

“ကောင်းပါပြီ” အားလုံးက အော်ဟစ်လိုက်ကြ၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်၏။ “သွားကြစို့”

ရွှီး

လီချင်းယန်သည် တည်နေရာဂိတ်တံခါးဆီသို့ အရင်ဆုံး ဝင်ရောက်လိုက်၏။ သို့ပေမဲ့ သူကြားလိုက်ရသည့်အသံမှာ အဆင့်သတ်မှတ်ချက်သည် မပြည့်စုံပေ။ ထို့ကြောင့် ဝင်ရောက်၍မရဟု ဆိုသည်သာ ဖြစ်၏။ ထို့ကြောင့် သူသည် လှိုင်းအဆောင်အား အသာချိုးဖြတ်လိုက်တော့သည်။

“ဝင်ရောက်သူသည် သိုင်းအုပ်စိုးသူအဆင့် ဖြစ်သည်ကို သိရှိခဲ့၏၊ ထို့ကြောင့် အနိမ့်ဆုံးသော လိုအပ်ချက်နှင့် ကိုက်ညီသည်၊ တည်နေရာရွေ့ပြောင်းခြင်း အသက်ဝင်သည်၊ ဆယ်ရာခိုင်နှုန်း...၊ သုံးဆယ်ရာခိုင်နှုန်း၊ တစ်ရာ ရာခိုင်နှုန်း.. တည်နေရာရွေ့ပြောင်းခြင်း စတင်ပါပြီ”

ရွှီး

လီချင်းယန်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့အနေနဲ့ အထဲကို ဝင်မယ်ဆို လှိုင်းအဆောင်ကို ချိုးဖြတ်မှ ဖြစ်လိမ့်မယ်”

ရှောင်ကျီ၊ လီဖေးနှင့် တခြားသူများ အားလုံးသည်လည်း လှိုင်းအဆောင်ကို ချိုးဖြတ်ပြီးနောက် သိုင်းအုပ်စိုးသူ အဆင့်ဆီသို့ ရောက်ရှိသွားခဲ့ကြ၏။ ၎င်းတို့အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် တည်နေရာ ရွေ့ပြောင်း ရောက်ရှိသွားခဲ့ကြ၏။ ဤဖြစ်စဉ်တွင် ၎င်းတို့၏ သွေးများသည် ဆူပွက်လျက်ရှိနေကြ၏။ သို့ပေမဲ့ အနည်းငယ် ကြောက်ရွံ့မှုကိုလည်း ခံစားနေရသည်။ ဂြိုဟ်တိုက်ပွဲသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းလှသနည်း ဆိုသည်ကို သူတို့ မသိရှိပေ။ သို့ပေမဲ့ ဂိုဏ်းချုပ် ကိုပင် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိအောင် ပြုမူနိုင်ခဲ့၏။ ထို့ကြောင့် သူတို့အားလုံးသည် မည်သို့သော အရာမျိုးနှင့် ကြုံတွေ့ရမည်ကို အကြီးအကျယ် သိချုင်နေမိကြ၏။

ကောင်းကင်ကြီး တစ်ခုလုံးသည် မဲမှောင်လျက်ရှိပြီး မြေပြင်မှာတော့ ရဲရဲနီလျက်ရှိသည်။ အလွန်အားကောင်း လှသော သတ်ဖြတ်လိုခြင်း ဆန္ဒများသည် လေထုထဲတွင် ရစ်သိုင်းလျက်ရှိ၏။ ဤနေရာသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဖြစ်ပြီး သတ်ဖြတ်ခြင်းနှင့် အသတ်ခံရခြင်းဆိုသည့် အရာနှစ်ခုတည်းသာ တည်ရှိသောနေရာ ဖြစ်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကိုယ်စားပြုသော တည်နေရာစက်ဝန်းမှာတော့ အရွယ်အစားအားဖြင့် မီတာ ဒါဇင်အနည်းငယ်သာရှိသော တည်နေရာဖြစ်သည်။ ဤနေရာသည် လူသူကင်းရှင်းလျက်ရှိနေ၏။

“ချီးတဲ့မှ... ဟိုကောင် ဘယ်ရောက်နေတာလဲ”

ထိုနေရာ၏ အပြင်ဘက်တွင်တော့ သိုင်းကျင့်ကြံသူ နှစ်ဆယ်၊ သုံးဆယ်ကျော်တို့ အားလုံးသည် လေထုထဲတွင် ရပ်လျက်ရှိနေ၏။ ၎င်းတို့၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ဒေါသတရားများနှင့် ပြည့်နှက်နေကြသည်။ ၎င်းတို့သည် ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးမှ ဖြစ်ကြ၏။ ကျွင်းချောင်ရှောင်း ပထမဦးဆုံး သတ်ဖြတ်ခဲ့သောလူသည် ဤဂြိုဟ်မှပင် ဖြစ်တော့၏။

“အစ်ကိုကြီး”

သိုင်းကျင့်ကြံသူတစ်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။ “ဒီကောင်က တစ်စုံတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ မဖြစ်နိုင်ဘူးလား”

“သူ အသတ်ခံရပြီဆိုရင် ငါတို့ သတိပေးချက်ကို လက်ခံရရှိရမှာပေါ့”

သက်လတ်ပိုင်းလူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ထူးဆန်းတယ်၊ ဘာလို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာက ဂြိုဟ်တိုက်ပွဲထဲမှာ ပေါ်လာ ရတာလဲ၊ ပြီးတော့ ဘာလို့ တစ်ယောက်တည်း ဖြစ်နေရတာလဲ”

တခြားသောသူများသည်လည်း ဤအရာကို ဇဝေဇဝါ ဖြစ်မိနေ၏။ တိုက်ခိုက်ရေး တည်နေရာ၏ စည်းမျဉ်းအရ ဆိုလျှင် အနည်းဆုံး လူနှစ်ထောင်ကို ပို့ဆောင်ရမှာဖြစ်သည်။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီး ပိုင်ဆိုင်သော တည်နေရာစက်ဝိုင်းလေးသည် အလွန်သေးငယ်လွန်းလှပြီး အခန်းတစ်ခု အရွယ်အစားမျှသာ ရှိနေ၏။

“သူရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ အနီရောင်အလင်းတန်းတွေကို ဖြေရှင်းပြီးသွားပြီမို့ တိုက်ပွဲတည်နေရာတစ်ခုခုမှာ ပုန်းနေတာလည်း ဖြစ်နိုင်တယ်” တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။

“လက်ရှိအခြေအနေမှာတော့ ဖြစ်နိုင်စရာ အဲတစ်ခုပဲ ရှိတယ်” ၎င်းတို့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာသည် အဘယ်ကြောင့် ပေါ်ပေါက်လာသည်ဖြစ်ကြောင်းကို နားမလည်ကြချေ။ သို့ပေမဲ့ သူတို့သည် ကျွင်းချောင်ရှောင်းအား နှစ်ဝက်နီးပါး ရှာဖွေနေခဲ့ခြင်းပင်ဖြစ်သည်။ သွေးကြွေးကို သွေးနှင့်ဆပ်မှ ဖြစ်ပေလိမ့်မည်။

ဝှစ် ဝှစ်

ရုတ်တရက် တစ်ဒါဇင်လောက်ရှိသော အလင်းတန်းများသည် အဝေးဆီမှ ပျံသန်းရောက်ရှိလာ၏။ ၎င်းတို့သည် လင်းယွမ်ကုန်းမြေတိုက်ကြီးဆီမှ ဖြစ်၏။ ထိုသူများ အားလုံးသည်လည်း ကျွင်းချောင်ရှောင်းကို ရှာဖွေနေကြသူများ ဖြစ်သည်။

သာမန်အားဖြင့် ဂြိုဟ်တိုက်ပွဲလို တည်နေရာမျိုးတွင် မည်သည့်အရာကိုမှ ဂရုစိုက်နေစရာ မလိုချေ။ မြင်သည်နှင့် သတ်ဖြတ်ရုံသာဖြစ်၏။ သို့ပေမဲ့ ဤဂြိုဟ်နှစ်ခုဆီမှ ကျင့်ကြံသူများသည် ပေတစ်ရာအကွာအဝေးတွင် ရပ်တန့်လျက်ရှိပြီး တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လိုသည့်ဆန္ဒများ မရှိကြချေ။ ၎င်းတို့သည် မတိုက်ခိုက် ချင်၍ မဟုတ်ပေ။ နားလည်မှုဖြင့် တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ခြင်းသာ ဖြစ်ပေတော့၏။

အကယ်၍ တိုက်ခိုက်မည်ဆိုလျှင် အသူရာကွင်းပြင်ဆီသို့ သွား၍ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။ အသူရာကွင်းပြင် ဆိုသည်မှာ သတ်ဖြတ်ခြင်း၏ အဓိက တည်နေရာပင် ဖြစ်တော့၏။ အထက်နယ်မြေ၏ စည်းမျဉ်းစည်းကမ်းများ အရ အသူရာကွင်းပြင်ထဲသို့ ရောက်ရှိသွားသူများသည် သတ်မှတ်အချိန်ကာလအတွင်း တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ရမှာဖြစ်သည်။

ဟုတ်ပေသည်။ ဤစည်းမျဉ်းသည် မကြာသေးခင်ကမှ ထပ်ပေါင်းထားသော စည်းမျဉ်းပင်ဖြစ်၏။ အစတုန်းက ဤစည်းမျဉ်း မရှိခဲ့ချေ။ အထက်နယ်မြေမှ လူများသည် အဆင့်နိမ့်နယ်မြေမှ လူများအား တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်စေချင်၏။

သို့ပေမဲ့ အဆင့်နိမ့်နယ်မြေအတွင်းရှိ သိုင်းကျင့်ကြံသူများသည် ရူးသွပ်နေသူ များ မဟုတ်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် နားလည်မှုများ ထားခဲ့ကြရ၏။ “ငါ့ကို ပြဿနာမရှာနဲ့၊ ငါလည်း မင်းကို ပြဿနာမရှာဘူး”ဆိုသော စည်းမျဉ်းပင်ဖြစ်သည်။

၎င်းတို့ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေမည် ဆိုပါက တခြားသူများသည် အားရပါးရနှင့် ရေနွေးလေးသောက်ကာ ထိုင်ကြည့်နေကြမည် မဟုတ်ပါလား၊ ဤကဲ့သို့သော အခြေအနေမျိုးသည် အဓိပ္ပာယ်မရှိလှချေ။

သို့သော်ငြား ဤအခြေအနေကို အခြေခံပြီး အထက်နယ်မြေမှ လူများကလည်း စည်းမျဉ်း တစ်ခု ဖန်တီးခဲ့တော့၏။ အသူရာကွင်းပြင်ထဲသို့ ဝင်ရောက်သူများ အားလုံးသည် သတ်မှတ်ထားသည့် အချိန် အတိုင်းအတာ အတောအတွင်းတွင် သတ်ဖြတ်ကြရန်ပဲ ဖြစ်တော့၏။

All Chapters