ကွဲပြားသော အစီအစဉ်
Vol. 10 Ch. 123
“တစ်”
အာရန်သည် တည်ငြိမ်နေသော လေသံဖြင့် ရေတွက်ခြင်းကို စတင်လိုက်သည်။
ရေခဲနတ်ဆိုး၏ အမူအရာများ မှောင်မိုက်သွားခဲ့သည်။
အကယ်၍သူသာ သူ၏ တပည့်ကို အခြားအကြီးအကဲတစ်ဦး၏ အစေခံဖြစ်ရန် သဘောတူညီလိုက်မိပါ အချိန်တိုလေးအတွက်ပင် ဖြစ်စေကာမူ ယင်းသည် သူ၏ ဂုဏ်သိက္ခာကို နင်းခြေခံရခြင်းနှင့် မခြားနားတော့ပါ။
သို့မဟုတ်သူက သဘောမတူခဲ့လျှင်လည်း သူသည် သူရရှိခဲ့ဘူးသမျှထဲတွင် အရည်အချင်းအရှိဆုံးဟုသတ်မှတ်ထားသော တပည့်တစ်ဦးကို ဆုံးရှုံးရဦးမည်ဖြစ်လေသည်။
“နှစ်”
အာရန်၏ အသံသည် ပို၍ အေးစက်လာခဲ့သည်။
ရုတ်တရက် ရေခဲနတ်ဆိုးသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရလေသည်။
သူသည် သူ၏ မာနကို ပြန်လည်မြိုချကာ အာရန်၏ သဘောတူညီချက်ကို လက်ခံရလိမ့်မည်ဖြစ်လေသည်။
ယင်းသည် သူ့တပည့်၏ အသက်လုံခြုံရေးအတွက် တစ်ခုတည်းသော နည်းလမ်း လည်း ဖြစ်နေခဲ့လေသည်။
“စောင့်ပါဦး”
အာရန်သည် သူ၏ ရေတွက်ခြင်းကို မပြီးဆုံးမှီမှာပင် ရေခဲနတ်ဆိုးက ဝင်ပြောလိုက်လေသည်။
“ငါက ငါ့တပည့်ကို မင်း အပြစ်ပေးမဲ့ ပုံစံကို လက်ခံပါတယ် ငါ့တပည့်က ဒီခရီးစဉ် မပြီးဆုံးခင်အထိ မင်းကို အစေခံတစ်ဦးအနေနဲ့ အမှုထမ်းပေးပါလိမ့်မယ်”
ရေခဲနတ်ဆိုး၏ လက်ခံလိုက်ခြင်းကို ကြားရသောအခါ အာရန်၏ မျက်နှာတွင် အောင်မြင်သော အပြုံးတစ်ခု ပျံ့နှံ့သွားခဲ့လေသည်။
သူသည် သူ၏ ရည်ရွယ်ချက်အောင်မြင်ခဲ့ပြီမဟုတ်ပါလော။
“ငါက မင်းကို ငါ့တပည့်အပေါ် အုပ်ထိမ်းခွင့်အာဏာကိုပေးအပ်လိုက်မယ် ဒါပေမယ့် တစ်ပြိုင်တည်းဒီအချိန်အတွင်းမှာလည်း မင်းက သူ့ရဲ့လုံခြုံရေးကို တာဝန်ယူပေးရလိမ့်မယ် တကယ်လို့ ဒီခရီးစဉ်အတွင်းမှာ သူသာ တစ်ခုခု ဖြစ်ခဲ့ရင်...”
“စိတ်မပူပါနဲ့ သူက ငါ့ရဲ့ နောက်ဆုံးစည်းကို မကျော်လွန်သရွေ့ သူက မင်းဆီကို လုံခြုံစွာ ပြန်ရောက်လာနိုင်ပါလိမ့်မယ်”
အာရန်သည် ထိုသို့ပြန်ဖြေကာ ရဲ့လန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်းဆရာစကားကို မင်းကောင်းကောင်းကြားလိုက်မယ်လို့ငါမျှော်လင့်တယ် ငါ့တပည့်ကို နောက်တစ်ကြိမ် ထိဖို့ ကြိုးစားရင်တော့ မင်း ဘယ်ကို ထွက်ပြေးတယ်ဆိုတာကို ငါဂရုမစိုက်ဘူး မင်းရဲ့ ခေါင်းကို ငါရအောင် ချေမွပစ်မယ်”
အာရန်သည် ရဲ့လန်အား သူ၏ တပည့်မလေး၏ ခြေရင်းတွင် ပစ်ချလိုက်လေသည်။
“အခု င့ါတပည့်ကို တောင်းပန်လိုက်စမ်း”
ရဲ့လန်၏ အမူအရာများသည် တွန့်လိန်သွားခဲ့ပြီး သူသည် သူ၏ခေါင်းကို ငုံ့ထားလိုက်ရသည်။
‘ဒီမျိုးမစစ်ကောင် ငါမင်းကို သတ်မယ် ငါ တစ်နေ့မှာ မင်းကို သေချာပေါက် သတ်ပစ်မယ်’
ရဲ့လန်သည် သူ၏စိတ်ထဲတွင် ထပ်ခါထပ်ခါ ရေရွတ်နေခဲ့မိလေသည်။
သို့သော်အပြင်တွင်မူ သူ၏ခေါင်းကို မော့လိုက်သည့်အချိန်တွင် သူသည် ထိုခံစားချက်များကို သတိမထားမိစေရန် ဖုံးကွယ်လိုက်လေသည်။
သူသည် ဝမ်ချင်းယုကို တောင်းပန်သော မျက်လုံးများဖြင့်စိုက်ကြည့်လိုက်သည်။
သူသည် တောင်းပန်ခြင်း မပြုလုပ်ခင် မတ်တတ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း ဓားဧကရာဇ်၏ အော်ရာက သူ့ကို ဖိနှိပ်ထားခဲ့လေသည်။
“မတ်တတ်ရပ်ဖို့ မင်းကို ငါခွင့်ပြုထားလို့လား တောင်းပန်ရင် တောင်ပန်တာနဲ့တူအောင်လုပ်ဆောင်ဖို့လိုမယ်” အာရန်က ရဲ့လန်ကို တည်ငြိမ်စွာ သတိပေးလိုက်သည်။
ရဲ့လန်သည် သူ့ကိုယ်သူ ထိန်းချုပ်ရန် အလွန်ခက်ခဲကြောင်း တွေ့ရှိလိုက်ကာ သူ၏ လက်သီးများကိုသာတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့လေသည်။
အာရန်သာအကယ်၍ ထိုမျှခွန်အားကြီးမနေခဲ့ပါက ရဲ့လန်သည် သူ၏ အဓိက တာဝန်ကို ပြီးမြောက်ရန် ပြင်းထန်သော တစ်စုံတစ်ခုကို လုပ်ဆောင်နေခဲ့ပြီး ဖြစ်ပေလိမ့်မည်။
သူသည် ဒူးထောက်လျက်ပင် ဆက်လက်ကျန်ရှိနေကာ ဝမ်ချင်းယုကို မော့ကြည့်လိုက်လေသည်။
“အကို လုပ်ခဲ့မိတဲ့အရာအတွက် တကယ်ကိုတောင်းပန်ပါတယ် မင်းက အကို့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ဒါမျိုး နောက်ထပ် မဖြစ်စေရဘူးလို့လည်း ကတိပေးပါတယ်”
ဝမ်ချင်းယု သည် သူမအတွက် ဤအခြေအနေမျိုး ကြုံတွေ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်လေသည်။
အားကောင်းသော အကြီးအကဲနှစ်ဦးက သူမကို ကြည့်နေခဲ့ပြီး အကြီးအကဲတစ်ဦး၏ တပည့်မှာ သူမ၏ ခြေရင်းတွင် ဒူးထောက်ကာ သူမအား တောင်းပန်နေခဲ့လေသည်။
“ရှင်တောင်းပန်တာကိ လက်ခံပါတယ်”
သူမသည် ထိုတောင်းပန်မှု မရှိခဲ့လျှင်ပင် အဆင်ပြေပါသည်။
သို့သော် လောလောဆယ်တွင် သူမသည် ဤအခြေအနေကို အဆုံးသတ်ချင်နေခဲ့သည်။
သူမသည် အကြီးအကဲနှစ်ဦး တိုက်ခိုက်ကြမည်ကိုအမှန်တကယ် မလိုလားခဲ့ပါ။
“အကြီးအကဲလီ မင်းက ခုထိ မထွက်သွားသေးဘူးလား”
အာရန်က ထိုနေရာတွင် ဆက်လက်ရပ်ကြည့်နေသော ရေခဲနတ်ဆိုးကို မေးလိုက်သည်။
ရေခဲနတ်ဆိုး၏ နှုတ်ခမ်းများက စိတ်ပျက်စွာ တုန်ရင်သွားခဲ့သော်လည်း သူသည် ဘာကိုမျှ ပြန်မလုပ်နိုင်ခဲ့ပါ။
သူသည် သူ၏ ကတိကိုလည်း မဖျက်ပစ်နိုင်ခဲ့ပါ။ ထို့ကြောင့် သူသည် ထိုနေရာမှ လှည့်ပြန်ခဲ့ရလေသည်။
“ငါ့ရဲ့ ချစ်လှစွာသော တပည့်လေး မင်းပြန်လာမှာကို ငါ စောင့်နေမယ် အကြီးအကဲရန် မင်းလည်း မင်းရဲ့ ကတိကို မှတ်မိနေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် င့ါတပည့် မင်းနဲ့အတူ ရှိနေစဉ်မှာ ဘာတစ်ခုမှ ဖြစ်လို့မရဘူးနော် ဒါမှမဟုတ်...”
သူသည် သူ၏ စကားကို မပြီးဆုံးမှီမှာပင် ပျောက်ကွယ်သွားခဲ့လေသည်။
အချိန်အတော်ကြာအောင် အေးစက်သောလေထုသည် ထပ်မံကျန်ရှိနေခဲ့ပြီး အချိန်တစ်ခုရောက်မှသာ အပူချိန်မှာ ဖြည်းဖြည်းချင်း ပုံမှန်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
အာရန်၏ အဆိပ်လည်ဆွဲမှာလည်း တောက်ပနေမှုမှ ပြန်လည်ရပ်တန့်သွားခဲ့ပြီး သူသည်လည်း ဓားဧကရာဇ် အော်ရာကို ပြန်ရုပ်သိမ်းခဲ့သည်။
အာရန်သည် ဝမ်ချင်းယုဆီသို့ လျှောက်သွားလိုက်ကာ သူမ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
“ငါက အချိန်အတော်ကြာအောင် အပြင်ထွက်နေခဲ့ရလို့ လူမိုက်အချို့က မင်းကို အနိုင်ကျင့်နိုင်တယ်လို့ တွေးခဲ့ကြတယ် ဒါပေမဲ့ ငါက ပြန်ရောက်လာပြီဆိုတော့ အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ် လောလောဆယ်မင်းနေရာကို ပြန်သွားလိုက်ပါ မနက်ဖြန်ကစပြီး မင်းရဲ့ လေ့ကျင့်မှုအတွက် ငါက တရားဝင် စတင်သင်ကြားပေးတော့မယ်”
“ဟုတ်ကဲ့ပါ ဆရာ”
ချင်းယုသည် သူမ၏ ခေါင်းကို ငုံ့၍ အရိုအသေပေးလိုက်သည်။
သူမ၏ ဆရာစကားကို နားထောင်ပြီးနောက် သူမသည် ပြန်လည် လှည့်ထွက်သွားကာ တောင်ပေါ်သို့ တက်သွားခဲ့လေသည်။
သူမ လှည့်ထွက်သွားသောအခါမှသာ အာရန် မမြင်လိုက်ရသော အပြုံးတစ်ခုသည် သူမ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။
“မင်းအတွက်ကတော့...”
အာရန်သည် ဒူးထောက်နေဆဲဖြစ်သော အဓိကဇာတ်လိုက်ကျော် ရဲ့လန်အား ငုံ့ကြည့်လိုက်လေသည်။
လူငယ်လေး ရဲ့လန်သည် မည်သည့် မနှစ်မြို့ဖွယ် အမူအရာများကိုမျှ မဖော်ပြခဲ့ဘဲ သူသည် ဖြစ်ပျက်ခဲ့သည့်အရာများအတွက် အမှန်တကယ် နောင်တရနေပြီး လုံးဝ မဒေါသထွက်သည့်အလား ပုံစံဖမ်းနေခဲ့လေသည်။
သို့သော် အာရန်သည် ဤလုပ်ရပ်ဖြင့် အရူးလုပ်
ခံမည့်သူမဟုတ်ပါ။
သူသည် ဤအဓိကဇာတ်ကောင်အကြောင်းကို အခန်းအတော်များများ ဖတ်ထားခဲ့ပြီးသားဖြစ်လေသည်။
ရဲ့လန်မှ သူ့ကိုယ်သူပင် မသိသေးသော သူ၏ အဓိကဇာတ်ကြောင်းကိုပင် အာရန်မှ သိထားခဲ့ပြီးဖြစ်လေသည်။
ရဲ့လန်မှာ ယခု ဒေါသအလွန်ထွက်နေကြောင်းကို ခန့်မှန်းရန်မှာ သူ့အတွက် မခက်ခဲခဲ့ပါ။
ရဲ့လန်သည် အနာဂတ်တွင် အာရန်အား သတ်ရန် နည်းလမ်းများကို တွေးတောနေမိသော်လည်း အပြင်တွင်မူ အလွန်ယဉ်ကျေးစွာပင်တုံ့ပြန်နေခဲ့လေသည်။
‘ပထမတော့ ငါက မင်းနဲ့ ဘာကိုမှ မပတ်သက်ချင်ခဲ့ပါဘူး တကယ်ပါ ဒါပေမယ့် ယခုမင်းက မင်းလုပ်ချင်သမျှ အရာအားလုံးကို ကြိုးစားကြည့်နိုင်တယ် မင်းရဲ့ မာနကို လာမယ့်အချိန်တွေမှာ တဖြည်းဖြည်းချင်း အမှည့်ချွေရတာက ပို၍ ပျော်စရာကောင်းလိမ့်မယ်လို့ ထင်မိတယ်’ ဟု အာရန်ကတွေးလိုက်သည်။
“အကြီးအကဲရန် ကျွန်တော် တကယ် မှားသွားတယ်လို့ ခံစားရပါတယ် အကြီးအကဲကို တကယ် တောင်းပန်ချင်ပါတယ်”
ရဲ့လန်သည် ခေါင်းငုံ့ရင်းပြောလိုက်လေသည်။
“စိတ်မပူပါနဲ့ ငါက မင်းကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်မဲ့ အခွင့်အရေးတွေ အများကြီး ပေးပါ့မယ်” အာရန်က ပြုံးရင်းပြောလိုက်သည်။
“ဒါနဲ ငါတို့က ခရီးတိုလေးတစ်ခုကို အခု သွားကြမယ်”
“ခရီးတိုလေး…”
ရဲ့လန် သည် ပြန်ဖြေရန် ကြိုးစားခဲ့သော်လည်း သူ၏စကားမပြီးဆုံးခင်မှာပင် အာရန်သည် သူ၏ အင်္ကျီကော်လာကို ဆုပ်ကိုင်ကာ ကောင်းကင်ယံတွင် ခပ်မြင့်မြင့် ပျံတက်သွားခဲ့လေသည်။
“ငါက အစကတည်းက နေရာတစ်ခုဆီကို သွားဖို့ဆုံးဖြတ်ထားခဲ့တာ ဒါပေမယ့် မင်းကြောင့် နောက်ကျသွားခဲ့ရတယ် မင်းရဲ့ တောင်းပန်ခြင်းခရီးစဉ်အစကို ဒီခရီးကနေပဲ စတင်လိုက်ကြရအောင်”
အာရန်သည် ရဲ့လန်အား အထုပ်တစ်ထုပ်ကဲ့သို့ သယ်ဆောင်ကာ မဟာအကြီးအကဲ ဇီယာနေထိုင်သော တောင်ဆီသို့ ပျံသန်းသွားခဲ့လေသည်။
သူ၏ ယခုအချိန် ပထမ ဦးစားပေးလုပ်ရန်လိုသည်မှာ သူ၏ စနစ်ကို ပြန်လည်ရယူရန် ဖြစ်နေခဲ့သော်လည်း ယခု သူတွင် ဖျော်ဖြေရေးအချို့လည်း ရှိနေခဲ့ပြီဖြစ်သည်။
ရဲ့လန်သည် အာရန်၏ဆိုလိုခြင်းကို နားမလည်ခဲ့သော်လည်း ၎င်းတို့သည် ခမ်းနားထည်ဝါသော တောင်ထွဋ်တစ်ခုဆီသို့ ပျံသန်းနေစဉ် သူ့အပေါ်သို့ ရှေ့ဖြစ်ဟောဗေဒင်ကဲ့သို့ မကောင်းသည့် ခံစားချက်တစ်ခု တိုးဝင်လာခဲ့လေသည်။
အောက်ရှိ ရှုခင်းမှားမှာအလွန်လှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ တည်ရှိနေခဲ့သော်လည်း ရဲ့လန်သည် ထိုမကောင်းသော ခံစားချက်ကို ဖယ်ရှားနိုင်ခြင်း မရှိခဲ့ပေ။
အာရန်သည် မဟာအကြီးအကဲ ဇီယာ၏ ခြံဝင်းဆီသို့ တိုက်ရိုက် မသွားခဲ့ပါ။
ထို့အစား သူသည် တူညီသော တောင်ပေါ်တွင်ရှိသော အဂ္ဂိရတ်ခန်းမရှေ့တွင် ဆင်းသက်လိုက်လေသည်။
မဟာအကြီးအကဲ ဇီယာသည် သူ့ကို အဂ္ဂိရတ်ခန်းမနှင့် သားရဲခန်းမမှ နှင်ထုတ်ခဲ့လေသည်။
သူ့အား မည်သည့်နေရာသို့မျှ ဝင်ခွင့်မပြုထားသော်လည်း သူတွင် ကွဲပြားခြားနားသော အစီအစဉ်တစ်ခု ရှိနေခဲ့ပြီဖြစ်လေသည်။
#Catfoot