ဆရာ့ကို ဂါရဝပြုပါတယ်
Vol. 10 Ch. 126
အာရန်၏ နှုတ်ခမ်းများပေါ်ရှိ ကစးလိုသော အပြုံးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ကစားပွဲများအတွက် အချိန်သည် ကုန်ဆုံးသွားခဲ့ပြီဖြစ်လေသည်။
ယခုအချိန်သည် အလေးအနက်ထားပြောဆိုရမည့်အချိန်လည်းဖြစ်လေသည်။
သူသည် ဇီယာပင် တပင်တပမ်းရှာဖွေနေခဲ့ရသော အဖိုးတန် သလင်းကျောက် ဆေးပင်ကို လက်ဝယ်ပိုင်ဆိုင်ထားပြီဖြစ်သည်။
ယင်းဆေးပင်သည် သူ့အတွက် အကျိုးရှိစေရန် အသုံးပြုနိုင်သည့် အားကောင်းသော ညှိနှိုင်းရေးပစ္စည်းတစ်ခုလည်း ဖြစ်လေသည်။
ယခုရင်ဆိုင်နေရသော အခြေအနေ၏ အရေးကြီးပုံကို သတိချပ်လိုက်မိသောအခါ ဇီယာ၏ ဒေါသသည် စိတ်ပျက်အားငယ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အာရန်၏ အဆိုအရ ယင်းသည် သူပိုင်ဆိုင်ထားသော နောက်ဆုံး သလင်းကျောက် ဆေးပင် ဖြစ်သည်။
သူသာ ၎င်းဆေးပင်ကို ထပ်မံဖျက်ဆီးခဲ့ပါလျှင် သူ့ကို အကြိမ်ထောင်ပေါင်းများစွာ သတ်လိုက်လျှင်ပင် ယင်းကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည် မဟုတ်တော့ပေ။
“ရှင်က ဘာလိုချင်နေတာလဲ” သူမက ပြန်မေးခဲ့
လေသည်။
“ရှင်က ကျွန်မပြန်တောင်းပန်တာကို လိုချင်တာလား ဒါမှမဟုတ် ပိုက်ဆံလိုချင်တာလား ရှင်လိုချင်တဲ့ အရာအားလုံးကို ပေးဖို့ ကျွန်မဆန္ဒရှိတယ်”
“အရာအားလုံးအား”
အာရန်က ကျီစားသည့် အရိပ်အယောင်များပြည့်နှက်နေသည့် မေးခွန်းတစ်ခုကိုထပ်မံမေးလိုက်လေသည်။
“အဲ့အရာအားလုံးဆိုတဲ့ထဲမှာ မင်းကိုယ်တိုင်ကောပါလား”
“ရှင်.....”
မဟာအကြီးအကဲ ဇီယာသည် အာရန်အား စက်ဆုပ်ရွံရှာသော အကြည့်တစ်ခုဖြင့်ကြည့်လိုက်လေသည်။
သူမ၏ ထိုအကြည့်ဖြင့် တုံ့ပြန်မှုကိုမြင်လိုက်သောအခါ အာရန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားရလေသည်။
အာရန်သည် သူမ၏ စိတ်ထဲတွင် ဖြစ်ပေါ်သွားသော ထူးဆန်းသည့် အတွေးများအကြောင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ပြီဖြစ်သည်။
“မင်းက ဘာကြောင့် ငါ့ကို အဲဒီလိုစိုက် ကြည့်နေတာလဲ”
အာရန်မှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် ပြန်မေးလိုက်သည်။
“မင်းကို ငါ့တပည့်ဖြစ်စေချင်တယ်လို့ ငါပြောပြီးသား မဟုတ်ဘူးလား”
ဇီယာသည် အာရန်၏ တောင်းဆိုမှုကို အဓိပ္ပာယ်မဲ့သည်ဟု တွေးလိုက်မိသည်။
“မဖြစ်နိုင်ဘူး” သူမက ပြန်ပြောလိုက်သည်။
“ကျွန်မက မိစ္ဆာဂိုဏ်းရဲ့ မဟာအကြီးအကဲတစ်ဦးလေ ကျွန်မက ရှင့်ထက် ရာထူးပိုမြင့်ရုံသာမကဘူး ပို၍တော့လဲ စွမ်းအားကြီးတယ် အဲ့ဒီတော့ ရှင်က ကျွန်မကို ဘာတွေများ သင်ပေးနိုင်မှာမို့လို့လဲ”
တည်ငြိမ်ပြီး ယုံကြည်မှုရှိသော အမူအရာဖြင့် အာရန်ကပြန်ဖြေလိုက်လေသည်။
“မင်းလိုချင်တဲ့အရာကို ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်နဲ့ ဘယ်လို သဘောတူညီချက်တစ်ခု ရယူရမလဲဆိုတာကို ငါက မင်းကို သင်ပေးနိုင်တယ်လေ အဲ့ဒါဆို လုံလောက်တယ်မဟုတ်လား”
သူမကို မည်သည့်အရာမျှ အမှန်တကယ် သင်ပေးနိုင်မည် မဟုတ်ကြောင်းကို အာရန်သည် သူ၏ စိတ်ထဲတွင် သိနေခဲ့ပြီးဖြစ်သည်။
ဇီယာသည် သူ့ထက် စွမ်းအားကြီးရုံသာမက သူမသည် ဂိုဏ်းအတွင်း အဆင့်အတန်းမြင့် အဂ္ဂိရတ်ပညာရှင်တစ်ဦးလည်း ဖြစ်နေလေသည်။
ထိုစနစ်မှ သူ့အား လှည့်စားခဲ့ခြင်းမျိုးမရှိခဲ့ပါက ဇီယာလို မဟာအကြီးအကဲမျိုးကို သူ၏ တပည့်အဖြစ်လက်ခံဖို့ဟူသောအရာမှာ စဉ်းပင်စဥ့်စားခဲ့မိမည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် သူမ၏ ရာထူးမြင့်မားမှုကြောင့်လည်း သူမကို သူ့တပည့်ဖြစ်လာစေရန် အခြားလှည့်ကွက်များကိုအသုံးပြုနိုင်ခြင်းမျိုးမရှိတော့ပေ။
ထို့ကြောင့် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ သူမကို သူ့တပည့်ဖြစ်လာစေရန်အတွက် လူမိုက်များပြုလုပ်သကဲ့သို့ ချိန်းချောက်အကျပ်ကိုင်သည့် နည်းလမ်းတစ်ခုသာ ကျန်ရှိလေတော့သည်။
ဂိုဏ်းချုပ်၏ တာဝန်ပေးချက်အရ အပြင်သို့ခရီးထွက်ခွာခြင်းမပြုမီ သူ၏ စနစ်ကို ပြန်လည်ရယူခြင်းကသာ သူ့၏ ပထမဦးစားပေး အစီအစဉ်လည်း ဖြစ်လေသည်။
ဇီယာသည် အာရန်၏ လက်အတွင်း လှည့်လည်နေသော သလင်းကျောက် ဆေးပင်လေးအား
မျက်စောင်းတခဲခဲဖြင့် စောင့်ကြည့်နေခဲ့လေသည်။
အနည်းငယ်သာအားစိုက်ထုတ်လိုက်မိပါက ဆေးပင်တစ်ခုလုံးသည် ကြေမွသွားနိုင်ပြီး ထိုအခြေအနေသို့ရောက်သွားပါက ထိုဆေးပင်မှာ မည်သို့မျှ အသုံးဝင်နိုင်တော့မည်မဟုတ်ချေ။
အာရန်က သူမတွင် ရွေးချယ်စရာများ ရှိနေသေး
သည့်အလား ပြုမူနေခဲ့သော်လည်း အမှန်တကယ်တွင်မူ သူမတွင်မည်သည့်ရွေးချယ်စရာ မျှ ရှိမနေကြောင်းကို သိနေခဲ့လေသည်။
သူမ၏ အဂ္ဂိရတ်ပညာတွင် နောက်အဆင့်သို့ ရောက်ရှိလိုပါက သူမသည် ဤညှိနှိုင်းမှုကို လက်ခံမှသာရပေလိမ့်မည်။
အဂ္ဂိရတ်ပညာသည် သူမ၏ရူးသွတ်မှုတစ်ခုလည်း ဖြစ်လေသည်။
ယင်းအတွက် သူမသည် မည်သည့်အရာကိုပင် လုပ်ဆောင်ရန် ဆန္ဒရှိနေခဲ့လေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူမသည် မကျေမနပ်လေသံဖြင့်ပင် လက်ခံလိုက်ရလေသည်။
“ကောင်းပြီလေ ကျွန်မက ရှင့် တပည့် ဖြစ်ပေးပါ့မယ်”
“ဒါပေမယ့် ဒီအချက်ကို ဘယ်သူ့ကိုမှ သိလို့မဖြစ်ဘူး ငါက လှောင်ရယ်စရာတစ်ခုဖြစ်သွားမှာ မလိုချင်ဘူး”
“ငါကလည်း အခြားသူတွေကို ပြောဖို့ အစီအစဉ် မရှိပါဘူး”
အာရန်က ပခုံးတွန့်ပြလိုက်လေသည်။
ဂိုဏ်းချုပ်၏ နားသို့ ဤကဲ့သို့ အရာများရောက်သွားစေရန် သူက အဘယ့်ကြောင့် ပြုမူချင်ရမည်နည်း။ ယင်းက ကိစ္စများကို ပိုမို၍ ရှုပ်ထွေးသွားစေနိုင်သည်မဟုတ်ပါလား။
အဂ္ဂိရတ်ခန်းမ မန်နေဂျာသည် သူမ၏ နားများကို မယုံကြည်နိုင် ဖြစ်သွားရလေသည်။
မဟာအကြီးအကဲတစ်ဦးသည် သာမန်အကြီးအကဲတစ်ဦး၏ တပည့် ဖြစ်သွားသည်တဲ့လား။
ယင်းသည် အိမ်မက်တစ်ခုဟုသာထင်နိုင်စရာရှိသော်လည်း ယခုမူအမှန်တကယ်ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်လေသည်။ မည်သူကကော ထိုအရာကိုယုံကြည်နိုင်မည်နည်း။
“ငါပြောတာကို နင်နားလည်ရဲ့လား”
ဇီယာက သူမနောက်တွင် ရပ်နေသော အမျိုးသမီးကို ပြောလိုက်ခြင်း ဖြစ်လေသည်။
“နားလည်ပါတယ်”
အဂ္ဂိရတ်ခန်းမ မန်နေဂျာသည် သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်သည်။
“ဒီဆေးတစ်လုံးက သူ့ကိုမသောက်ခင်နောက်ဆုံးအချိန် ဆယ်မိနစ်တာ ကာလရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်တယ်”
သူမသည် ထိုမယုံကြည်ဖွယ်အာနိသင်မျာရှိသောဆေးတစ်လုံးအား ရဲ့လန်ကိုလည်းပေးလိုက်လေသည်။
‘ဒီဂိုဏ်းထဲမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ’
သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူသည် ထိုဆေးလုံးကို သောက်သုံးရန်မှလွဲ၍ အခြားမည်သည့်နည်းလမ်းမှမရှိတော့ပေ။
အဂ္ဂိရတ်ခန်းမမှ မန်နေဂျာမလေးမှာ ရဲ့လန်တစ်ယောက် ထိုဆေးကိုသောက်လိုက်သည်ကို သေခြာစေရန် စောင့်ကြည့်နေပြီးနောက် သူမသည်လည်း ထိုဆေးကိုပင် ဆက်လက်သောက်လိုက်လေသည်။
ဤသို့ဖြင့် ယနေ့ ဤနေရာတွင် ဘာဖြစ်ခဲ့သည်ဆိုသည့်အမှန်တရားကို ကမ္ဘာပေါ်တွင် လူနှစ်ဦးသာ သိနေနိုင်တော့မည် ဖြစ်လေသည်။
အာရန်နှင့် ဇီယာမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ ယခုဖြစ်ရပ်ကို မှတ်မိတော့မည် မဟုတ်ပေ။
“ဟင် ခန်းမသခင်က ...”
အဂ္ဂိရတ်ခန်းမ၏ မန်နေဂျာမလေး သည် ခေါင်းကိုက်ခြင်း အနည်းငယ် ခံစားလိုက်ရကာ သူမ၏ နဂိုအသိစိတ်ကို ပြန်လည်ရရှိလာခဲ့လေသည်။
သူမသည် ဤအခန်းထဲသို့ မည်သည့်အချိန်က ဝင်ရောက်ခဲ့သည်ကိုပင် မမှတ်မိနေခဲ့ပါ။
ဘာဖြစ်ခဲ့လဲဆိုတာကို သိရှိရန် သူမအတွက် အချိန်များစွာ မယူခဲ့ရပါ။
ခန်းမသခင်သည် သူမ၏ မှတ်ဉာဏ်များကို အဘယ်ကြောင့် ဖျက်ပစ်ခဲ့သည်ကို သူမက သိချင်နေခဲ့သော်လည်း မမေးဝံ့ခဲ့ပါ။
သူမ၏ မှတ်ဉာဏ်များကို ဖျက်ရန် လိုအပ်ခဲ့လျှင် ထိုအကြောင်းအရာသည် သူမသိသင့်သည့်အကြောင်းအရာမျိုးမဟုတ်သည်မှာတော့သေခြာနေလေသည်။
ရဲ့လန်သည်လည်း မကြာခင်မှာပင် သတိပြန်လည်လာခဲ့လေသည်။
သူမှတ်မိသော နောက်ဆုံးအရာမှာ အာရန်နှင့်အတူ အဂ္ဂိရတ်ခန်းမသခင်ကို စောင့်ဆိုင်းနေခြင်းပင် ဖြစ်လေသည်။
“တွေဝေမနေနဲ့တော့ ဒီစာရင်းကို ယူထားလိုက်”
အာရန်သည် စာရင်းတစ်ခုကို ရဲ့လန်အား ပေးလိုက်သည်။
“အဂ္ဂိရတ်ခန်းမမန်နေဂျာ က ငါတို့လိုအပ်တဲ့ ဆေးပင်တွေကို အခမဲ့ ပေးဖို့ လုံလောက်အောင် ရက်ရောလွန်းတဲ့သူဖြစ်တယ် သူမနဲ့အတူ လိုက်သွားပြီး ဒီဆေးပင်တွေကို စုဆောင်းလိုက်ပါ”
ရဲ့လန်သည် စာရင်းစာရွက်ကို ယူလိုက်သည်။
အဂ္ဂိရတ်ခန်းမမှ မန်နေဂျာမလေးသည်လည်း သူမ၏ မှတ်ဉာဏ်များ မဆုံးရှုံးခင် ဤနေရာတွင် တစ်စုံတစ်ခုကို အမှတ်တကယ် ကတိပေးခဲ့မိတာလားဟု တွေးတောကာ ဇီယာကို ကြည့်လိုက်လေသည်။
“သူ့ကို ကူညီလိုက်ပါ”
ဇီယာက ခေါင်းညိတ်ထောက်ခံလိုက်သည်။
ယခုအချိန်တွင် အခြားဆေးပင်များမှာ အရေးမပါပေ။
သူမလိုချင်သည်မှာ သလင်းကျောက် ဆေးပင်တစ်ခုသာ ဖြစ်လေသည်။
ရဲ့လန်သည် အဂ္ဂိရတ်ခန်းမ မန်နေဂျာနှင့်အတူ အခန်းအတွင်းမှ ထွက်ခွာသွားခဲ့လေသည်။
ဇီယာသည် သူမ၏ လက်ကိုတစ်ချက်လှုပ်လိုက်ကာ တံခါးကိုလှမ်း ပိတ်လိုက်လေသည်။
“အခု မလိုအပ်တဲ့ လူတွေအားလုံး ထွက်သွားပြီဆိုတော့ မင်းက... မင်းရဲ့ ဆရာကို ဂါရဝပြုသင့်ပြီ မဟုတ်လား”
အာရန်က ယခုအချိန်တွင် လုံးဝ ပျော်ရွှင်နေဟန်ဖြင့် ပြုံးရင်း ပြောလိုက်လေသည်။
ဇီယာသည် သူမ၏ နှုတ်ခမ်းများကို စိတ်ပျက်စွာဖြင့်တစ်ချက်ကိုက်လိုက်မိသည်။ ယနေ့သည် သူမဘ၀တွင် အရှက်ကွဲအခံရဆုံးနေ့လည်း ဖြစ်လေသည်။
သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ရှေ့သို့ တက်သွားပြီး ရိုသေစွာဖြင့် သူမ၏ ဦးခေါင်းကို ငုံ့ထားလိုက်သည်။
သူမသည် ခွက်တစ်ခုထဲတွင် လက်ဖက်ရည်အနည်းငယ် ထည့်လိုက်သည်။
သူမ၏ ဦးခေါင်းကို ငုံ့လျက်ပင် သူမသည် ထိုလက်ဖက်ရည်ကို အာရန်အား ကမ်းပေးလိုက်သည်။
“တပည့် ဇီယာက ဆရာကို ဂါရဝပြုပါတယ်”
အာရန်သည် ယခု ဇီယာက သူ့ကို အလွန်သတ်ဖြတ်ချင်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏ ရယ်မောသံကို ကမန်းကတမ်းထိန်းချုပ်လိုက်ရလေသည်။
သူသည် ဇီယာဆီမှ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။
“လိမ္မာတဲ့ တပည့်ပဲ”
ထို့နောက် လက်ဖက်ရည်ကို တစ်ငုံမျှသောက်လိုက်စဉ် သူ၏ မြင်ကွင်း ထောင့်တွင် ရင်းနှီးသော အကြောင်းကြားချက်လေးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။
[သင်သည် သတ်မှတ်ထားသော ရွေးချယ်မှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်]
[သင့်အား သတ္တမအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ဦး ၏ အသိပညာနှင့် အတွေ့အကြုံများကို ဆုအဖြစ်ချီးမြှင့်လိုက်ပါပြီ]
‘မေးခွန်းထုတ်ချင်စရာကောင်းတဲ့ အရာအချို့ကို လုပ်ဆောင်ခဲ့ရပေမယ့် နောက်ဆုံးတော့ င့ါရဲစနစ်လေးကို ပြန်ရလိုက်ပြီပဲ’
အကြောင်းကြားချက်ရပြီးနောက် အာရန်သည် တစ်ချက် တိတ်ဆိတ်သွားခဲ့သည်။
အဂ္ဂိရတ်ပညာနှင့် သက်ဆိုင်သော အသိပညာဆိုင်ရာ မှတ်ဉာဏ်များမှာ သူ၏ ခေါင်းအတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာခဲ့လေသည်။
အခြားအဂ္ဂိရတ်ပညာရှင်များ၏ တစ်ဘဝစာလေ့လာဆည်းပူးချက်များကို ကိုယ်တိုင်အချိန်ကုန်ခံ လေ့လာရန် မလိုအပ်ခဲ့ဘဲနှင့်ပင် သူသည် သတ္တမအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ ဘဝအသိဉာဏ်များကို ခံစားဆင်ခြင်မိလိုက်ခြင်းဖြစ်လေသည်။
သူသည် ရာစုနှစ်များစွာ အဂ္ဂိရတ်ပညာကို လေ့လာလိုက်စားခဲ့သူတစ်ဦးအလားပင် ခံစားမိလိုက်လေသည်။
‘ဘယ်လောက် မယုံနိုင်စရာကောင်းလိုက်လဲ... ဒီအသိပညာတွေ... အဂ္ဂိရတ်ပညာရှင်တွေက ဘာကြောင့် ဒီလောက်ထိ လေးစားခံရသလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး ဒါက ငါက ငါ့ရဲ့တပည့်နဲ့ အဂ္ဂိရတ်ပညာ အဆင့်ချင်း အတူတူမှာ ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား’
အာရန်၏ အပြုံးသည် ပိုမို၍ ကြည်လင်လာခဲ့လေသည်။
#Catfoot