ထူးဆန်းတဲ့လူ
Vol. 10 Ch. 127
အာရန်သည် သူ၏ အတွေးများထဲတွင် တိတ်တဆိတ်နစ်မြုပ်လျက်ရှိစဉ် ဇီယာမှာမူ သူ့အား မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့လေသည်။
သူမ၏ အကြည့်မှာ သူ၏ လက်တွင်းရှိ ထိုဆေးပင်ငယ်ဆီသို့သာ အမြဲပင် ရောက်ရောက်သွားလေ့ရှိလေသည်။
“မင်းအတွက် လက်ဆောင်တစ်ခုကို ငါပြင်ဆင်ထားတယ်” အာရန်က နောက်ဆုံးတွင် စကားစပြောလိုက်သည်။
“ဆရာ့ရဲ့ လက်ဆောင်ကို ရိုသေစွာ လက်ခံပါ့မယ်”
ဇီယာက ပြန်ဖြေကာ ဆေးပင်ကို လက်ခံရန် သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်လေသည်။
သို့သော် အာရန်သည် ဆေးပင်ကို မပေးသေးပါ။
ထိုအစား သူသည် လက်ဖက်ရည်ကိုသာ နောက်တစ်ငုံထပ်မံ သောက်လိုက်လေသည်။
“ဆရာက မင်းကို လက်ဆောင်တစ်ခု ယခုချက်ချင်း ပေးဖို့ ဆန္ဒရှိနေခဲ့ပါတယ် ဒါပေမယ့် တစ်စုံတစ်ခုကလေ မင်းရဲ့ သနားစရာကောင်းတဲ့ဆရာကို ဒုက္ခပေးနေတယ် အဲ့ဒါကြောင့် ဆရာ့ရဲ့ ချစ်လှစွာသော တပည့်လိမ္မာလေးက ဆရာ့ကို နောက်ထပ် အကူအညီတစ်ခုလောက်ထပ်ပေးနိုင်ဦးမလား” အာရန်သည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော အသံဖြင့် မေးလိုက်သည်။
အာရန်သည် ဇီယာ၏ လက်သီးဆုတ်ဆီမှ အသံများကိုပင် ကြားနိုင်ခဲ့လေသည်။
သူမသည် သူ့အားတိုက်ခိုက်လိုစိတ်ကို အသဲအသန်ဖိနှိပ်နေရမှန်း သိသာနေခဲ့လေသည်။
“တပည့် ဇီယာက သူမ တတ်နိုင်တဲ့ ဘယ်နည်းလမ်းနဲ့မဆို ဆရာ့ကို ကူညီဖို့ အဆင်သင့်ရှိနေပါတယ်” သူမက သူမ၏ အသံကိုအတတ်နိုင်ဆုံး ထိန်းချုပ်ကာ ပြန်ဖြေခဲ့လေသည်။
“ကောင်းတယ် အခြားတော့မဟုတ်ပါဘူး ကျုပ်ရဲ့ ဖီးနစ်ငှက်ကို ကူညီပေးပါ သူမက ကျုပ်ကို ကာကွယ်ဖို့ ကြိုးစားရင်းမှာပဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ်”
အာရန်သည် အခေါ်အဝေါ်အချို့ကိုပင်ပြန်ပြောင်းလိုက်ကာ မတ်တတ်ရပ်၍ တောင်းဆိုလိုက်လေသည်။
သူသည် ဤနေရာကို ရှင်းလင်းသွားစေရန်အတွက် ထိုင်ခုံများနှင့် ဖန်စားပွဲတစ်ခုလုံးကိုပင် သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ထားလိုက်လေသည်။
“သူမက အလွန်ဆိုးရွားတဲ့ အခြေအနေတစ်ခုမှာ ကျရောက်နေတယ် ဒါကြောင့် သူမကို အပြင်ထုတ်လိုက်တဲ့အခါ တစ်စက္ကန့်လေးတောင် မဖြုန်းတီးမိပါစေနဲ့ မင်းနားလည်မယ်လို့ မျှောင်လင့်ပါတယ်”
“ဒါက ‘ဆရာ’ ဆီက နောက်ဆုံး တောင်းဆိုချက်တစ်ခု ဖြစ်မယ်လို့ တပည့် မျှော်လင့်ပါတယ်”
ဇီယာသည် သူမမုန်းတီးသော စကားလုံးတစ်လုံးကို အထူးအလေးပေးကာ ခပ်ကျယ်ကျယ်လေး ပြောဆိုလိုက်လေသည်။
“စိတ်မပူပါနဲ့ ကျုပ်က တွန့်တိုတတ်တဲ့သူမျိုး မဟုတ်ပါဘူး ဒီဆေးပင်သာမက မင်းအတွက် လာမယ့်အနာဂတ်မှာပါ အဂ္ဂိရတ်ပညာရဲ့ ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်အောင် အကူအညီဖြစ်စေပြီး အသုံးဝင်တဲ့ အရာတွေ အများကြီးကိုလည်း ကျုပ်က မင်းကို ထပ်ပေးဦးမှာ”
ထို့နောက် အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ဖီးနစ်ငှက်ကို ထုတ်ယူလိုက်လေသည်။
စနစ်သိုလှောင်ခန်းအတွင်း ရှိစဉ်အခါက ဖီးနစ်၏ အချိန်များသည် ရပ်တန့်နေခဲ့ခြင်းဖြစ်လေသည်။
သူမကို ထုတ်ယူလိုက်သည့်အချိန်အထိ သူမသည် ထိုနေရာတွင် ရပ်တန့်လျက်ပင် ကျန်ရှိနေခဲ့ခြင်းဖြစ်လေသည်။ ယခုမြင်ရသော သူမသည် ကျွန်းပေါ်တွင် ရှိနေခဲ့စဉ် အချိန်ကနှင့် မခြားနားခဲ့ပေ။
သူမ၏ အတောင်ပံများက သွေးများယိုစီးကျနေပြီး အသားအချို့မှာလည်း ပျောက်ဆုံးလျက်ရှိနေလေသည်။
“ကြည့်စမ်း..... သူမကို ဒီလောက်ထိ ဆိုးဆိုးရွားရွား ထိခိုက်စေရအောင် ရှင်က သူမကို ဘယ်လိုအရာနဲ့များ တိုက်ခိုက်စေခဲ့ရတာလဲ”
ဖီးနစ်၏ သနားစရာကောင်းသော အခြေအနေကို မြင်ပြီးနောက် ဇီယာသည် သူမဆီသို့ အလျင်အမြန်ပင် ပြေးသွားခဲ့လေသည်။
သူမသည် အဂ္ဂိရတ်ပညာရှင် ဖြစ်နေသည့်အပြင် သားရဲထိန်းတစ်ဦးလည်း ဖြစ်နေခဲ့လေသည်။
သူမသည် လူသားများထက်ပင် သားရဲများကို ပို၍ ဂရုစိုက်တတ်သောသူတစ်ဦးလည်း ဖြစ်လေသည်။
သူမသည် ဖီးနစ်ကို ကုသရန် စတင်ကျိုးစားလိုက်သောအချိန်တွင် သူမသည် သူမအရမ်းလိုချင်နေခဲ့သော သလင်းကျောက်ဆေးပင် အကြောင်းကိုပင် မေ့သွားခဲ့လေသည်။
အာရန်သည် ဇီယာအား သူ၏ ဖီးနစ်ကို လွတ်လွတ်လပ်လပ် ဂရုစိုက်နိုင်ရန် တိတ်ဆိတ်စွာဖြင့် နောက်သို့ ဆုတ်ပေးလိုက်လေသည်။
သူသည် လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်နေစဉ် သူ၏ ဖီးနစ်ငှက်ဆီမှ နာကျင်စွာအော်ဟစ် မြည်ကြွေးသံများကို ကြားသောအခါ သူကိုယ်တိုင်ပင်နာကျင်နေရသကဲ့သို့ ခံစားလိုက်ရလေသည်။
ဖီးနစ်သည် ဤကမ္ဘာပေါ်သို့ သူစတင်ရောက်ရှိလာစဉ်ကတည်းက သူ့နှင့်အတူ တစ်ချိန်လုံး အမြဲတမ်းရှိနေခဲ့သူ တစ်ဦးလည်းဖြစ်လေသည်။
သူမသည် အတိတ်တွင် သူ၏ အသက်အား အကြိမ်များစွာ ကယ်တင်ခဲ့ဖူးလေသည်။
ယခုမူ သူမ၏ အသက်သည် သေခြင်းနှင့်ရှင်ခြင်း နယ်နိမိတ်ကြားတွင် လွန်ဆွဲနေရပြီ ဖြစ်လေသည်။
“ကျေးဇူးပြုပြီး ကုသမှု အောင်မြင်ပါစေ”
အာရန်သည် သက်ပြင်းတစ်ချက်ချကာ ရေရွတ်လိုက်လေသည်။
ဇီယာသည် ဒဏ်ရာရနေသော ဖီးနစ်အား ကုသခြင်းအပေါ် အာရုံစိုက်နေစဉ် အာရန်၏ စိတ်တွင် နောင်တအချို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။
သူမ၏ ယခုအခြေအနေအတွက် သူ့ကိုယ်သူ အပြစ်မတင်ဘဲ မနေနိုင်ခဲ့ပါ။
သူသည် အဆိပ်လည်ဆွဲထိမ်းချုပ်နည်းအား ပို၍စောစီးစွာ အသုံးပြုနိုင်ခဲ့ပါက သူသည် သူမအား ကယ်တင်နိုင်ခဲ့လိမ့်မည်ဖြစ်လေသည်။
သို့မဟုတ် သူသည် သင့်လျော်သော ပြင်ဆင်မှုတစ်ခုမျှ မပြုလုပ်ထားခဲ့ဘဲနှင့် သမုဒ္ဒရာသို့ သွားရာတွင် အလွန် အလျင်စလို နိုင်လွန်းခဲ့လေသည်။
ပင်လယ်မြွေကို အလွယ်တကူသတ်နိုင်ခဲ့ခြင်းကြောင့် သူသည် ထိုပင်လယ်နဂါးကိုလည်း ထိုနည်းလမ်းအတိုင်း ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်မိခဲ့လေသည်။
သူသည် ပင်လယ်နဂါးကို အထင်သေးခဲ့မိလေသည်။
သူ၏ လုပ်ရပ်များက သူ့ကိုယ်သူ အန္တရာယ်ထဲသို့ ကျရောက်ခဲ့စေရုံသာမက ရှုယင်အပါအဝင် ဆီလက်စ်ကလေးနှင့် သူ၏ ဖီးနစ်ကိုလည်း အန္တရာယ်တောထဲသို့ ရောက်ရှိစေခဲ့ကြောင်းကို ပြန်တွေးရင်း သဘောပေါက်ခဲ့လေသည်။
သူမ၏ အသက်ကို ကယ်တင်ရန် ဇီယာက ကြိုးစားလုပ်ဆောင်နေသည်ကို မြင်ရသောအခါ သူ့ကိုယ်သူအပြစ်ရှိသည်ဟူသော ဆိုးဝါးသည့် ခံစားချက်တစ်ခုအား မဖယ်ရှားနိုင်ဖြစ်နေရလေသည်။
“ခွန်အား... ငါက ပိုပြီး သန်မာလာဖို့ လိုအပ်တယ်”
....
အချိန်တစ်ခုကြာပြီးသည့်နောက်တွင် ဇီယာ၏ ကြိုးပမ်းမှုများဆီမှ အသီးအပွင့်များ စတင် ရရှိလာခဲ့လေသည်။
ဖီးနစ်၏ ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ကုသနေရင်းဖြင့် သူမ၏ နာကျင်စွာ မြည်ကြွေးသံများမှာလည်း တဖြည်းဖြည်းချင်း ပို၍ သက်သာလာခဲ့လေသည်။
အာရန်သည် သူ၏ ပခုံးများပေါ်မှ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ယခုမှပင် သက်ပြင်းအနည်းငယ်ချနိုင်လေတော့သည်။
ဖီးနစ်ငှက်၏ တိုးတက်လာသော အခြေအနေကို ကြည့်ရင်း သူမသည် မကြာမှီအချိန်တွင် ပြန်လည်သက်သာလာတော့မည်ဟု သူခံစားနိုင်လေသည်။
ဇီယာသည် သူမကိုယ်တိုင် ဖန်တီးထားသော ဆေးဝါးများဖြင့် ရောစပ်ထားသော အထူးအဆင့်မြင့် ပတ်တီးတစ်ခုဖြင့် ဖီးနစ်၏ အတောင်ပံများကို စည်းပေးလိုက်သည်။
ထို့နောက်ဇီယာသည် ကျန်ရှိနေသော အဝတ်စအချို့ဖြင့် သူမ၏ သွေးစွန်းနေသော လက်များကို သုတ်လိုက်သည်။ ထို့နောက် သူမသည် မတ်တတ်ရပ်ကာ သူမ၏ နဖူးပေါ်မှ ချွေးများကို ထပ်မံသုတ်လိုက်သည်။
“ရှင်က မိုက်မဲတဲ့သူပဲ ... ရှင့်ရဲ့ သားရဲတစ်ကောင်ကို ရှင်ဂရုမစိုက်နိုင်ဘဲနဲ့ ဘာကြောင့် ဆက်ပြီးမွေးထားသေးတာလဲ” ဇီယာသည် ဒေါသတကြီး တုံ့ပြန်ပြောလိုက်မိပြီးမှ အာရန်တွင် သူမလိုအပ်သော ဆေးပင် ရှိနေသေးသည်ကို သတိရလိုက်လေသည်။
သူမသည် ဖီးနစ်ကို ကယ်တင်ရန် ကြိုးပမ်းရင်းဖြင့် ယင်းကိစ္စကိုပင်ကို လုံးဝ မေ့သွားခဲ့လေသည်။
အာရန်သည် သူမ၏ စကားများကြောင့် ဒေါသမထွက်သွားခဲ့ပါ။ အကယ်၍ ပြောရမည်ဆိုပါက ထိုအချိန်တွင် သူမ၏အပြုအမူသည် အတော်လေး ကလေးဆန်သော ပုံစံပေါက်နေခဲ့လေသည်။
အာရန်သည် သူမကို ကျေးဇူးတင်နေခဲ့လေသည်။
“ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဇီယာက အသိအမှတ်ပြုသည့်ဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်လေသည်။
“ဆရာ့အတွက် အရေးကြီးတဲ့သူတွေကို ကာကွယ်ပြီး ကုသပေးရတာက တပည့်တစ်ယောက်ရဲ့ တာဝန်ပါ ဆရာ”
သူမက ကဲ့ရဲ့ပြောင်လှောင်မှုဖြင့် ပြည့်နှက်နေသော အသံမျိုးလုပ်၍ ပြန်ဖြေလိုက်လေသည်။
သူမ၏ အကြည့်သည် အာရန်၏ လက်ထဲရှိ ဆေးပင်ဆီသို့ ပြန်ရောက်သွားခဲ့သည်။
သူမသည် ရိုးရှင်းသော ထိုအကြည့်တစ်ချက်ဖြင့်ပင် အရာများစွာကို ရှင်းလင်းသွားစေခဲ့သည်။
“စိတ်မပူပါနဲ့ ငါက ငါ့ကတိကို တည်ပါ့မယ်” အာရန်သည် ဇီယာအားဖြတ်သွားစဉ် သူမ၏ လက်အတွင်းသို့ သလင်းကျောက်ဆေးပင်ကို ထည့်ပေးလိုက်ရင်း ပြောလိုက်လေသည်။
ထို့နောက် သူသည် ဇီယာ၏ ဆေးဝါးများ အာနိသင်အောက်တွင် အိပ်ပျော်လျက်ရှိနေသော သူ၏ ဖီးနစ်ငှက်ရှေ့တွင် ထိုင်နေလိုက်သည်။
“ ကလေး မင်းက အများကြီး ကြိုးစားခဲ့ပြီးပြီ ငြိမ်းချမ်းစွာ အိပ်စက်အနားယူလိုက်ပါ” သူသည် ညင်သာသောလေသံဖြင့် ဖီးနစ်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
“သူမက အရမ်း အားနည်းနေသေးတယ် သူမကို ငါနဲ့အတူ ခေါ်သွားရင် သူမအတွက် မကောင်းဘူး သူမကို ဒီမှာပဲခဏထားခဲ့လို့ ရမလား”
အာရန်သည် ဇီယာအား မေးလိုက်လေသည်။
“အဆင်ပြေပါတယ် ရှင်က သူမကို ခေါ်သွားချင်ရင်တောင် ကျွန်မက သဘောတူမှာ မဟုတ်ဘူး သူမသာ ဒီမှာရှိရင် ကျွန်မကလည်း သူမကိုလိုအပ်တဲ့အချိန်တွေမှာ ပိုပြီးကူညီပေးနိုင်တယ် ဒါ့အပြင် ရှင့်လို မသိနားမလည်တဲ့သူတွေက ကျွန်မလောက် ဒဏ်ရာရတဲ့ သားရဲတစ်ကောင်ကို ကောင်းကောင်း ဂရုစိုက်နိုင်မှာမဟုတ်ဘူး”
“မင်းရဲ့ ဆရာကို ပြန်ပြောတဲ့လေသံက အတော်လေး ရိုင်းစိုင်းနေတယ်လို့မထင်မိဘူးလား” အာရန်က ပြန်လည်နောက်ပြောင်ကာ မေးလိုက်သည်။
“ဟွန့်” ဇီယာက နှာခေါင်းတစ်ချက်ရှုံ့လိုက်လေသည်။
“ငါ ဂိုဏ်းက မထွက်ခွာခင်အထိ မင်းကို မကြာခဏ လာတွေ့ပါ့မယ် ဒါကြောင့် ကောင်းကောင်း အိပ်စက်ပါ ကလေးလေး” အာရန်သည် မတ်တတ်ထမရပ်ခင် သူ့ ဖီးနစ်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးခဲ့သည်။
သူသည် မဟာအကြီးအကဲကို နောက်ထပ် မနှောင့်ယှက်ချင်တော့သဖြင့် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။
“မင်းကို ငါ့တပည့်ဖြစ်စေဖို့ လူမိုက်ဆန်ဆန်နည်းလမ်းအချို့ အသုံးပြုခဲ့မိပေမယ့် မင်းကို ငါကတိပေးတယ် မင်းရဲ့ ဒီနေ့ဆုံးဖြတ်ချက်ကို နောင်တမရစေရဘူး တစ်နေ့မှာ မင်းဟာ ကြယ်တွေဆီကနေ ကောင်းချီးပေးခြင်းကိုခံရလိမ့်မယ်”
ဤသို့ဖြင့်ပင် အာရန်သည် တံခါးကို တွန်းဖွင့်လိုက်ကာ အခန်းတွင်းမှ ထွက်ခွာသွားခဲ့ပြီး မဟာအကြီးအကဲနှင့် တွေ့ဆုံမှုကို အဆုံးသတ်လိုက်လေသည်။
ဇီယာသည် အာရန်၏ စကားများကို အနည်းငယ်မျှပင်မယုံကြည်ခဲ့ပေ။
ဇီယာသည် အာရန်မှ ဤမျှ အဖိုးတန်သော ဆေးပင်ကိုပင် ပေးအပ်ရန် ဆန္ဒရှိသည်အထိ အဘယ်ကြောင့်များ သူမကို သူ၏ တပည့်အဖြစ် လိုချင်နေခဲ့ရသည်ကိုမူ နားမလည်နိုင်ဖြစ်နေမိလေသည်။
သူမ၏ အဆင့်အတန်းကို မသိခင်တုံးက သူသည် သူမအား သူ၏ တပည့်ဖြစ်လာစေရန် ရုတ်တရက် တောင်းဆိုခဲ့သည့်အချိန်တွင်လည်း ထိုနည်းတူ ပင် ဖြစ်ခဲ့လေသည်။
“အတော် ထူးဆန်းတဲ့လူပဲ...”
#Catfoot