အခန်း (၈၈၂)
Vol. 59 Ch. 882
အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ရောက်ရှိလာခဲ့ကြသော သိုင်းကျင့်ကြံသူ နှစ်ဆယ်ကျော်တို့သည် ရှိရှိသမျှသော သိုင်းကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး ဖြစ်နေ၏။ ကြက်သွေးရောင်မြေ တည်နေရာကြီးမှာတော့ အလောင်းများ ပြန့်ကျဲလျက်ရှိနေသည်။ ဟုတ်ပေသည်။ တချို့သည် အခွင့်အရေးကို အရယူကာ အဝေးသို့ ပြေးထွက်သွားခဲ့ကြသည်။
ဝှစ် ဝှစ်
ထိတ်လန့်တကြားဖြင့် အနောက်ဘက်သို့ ပြေးထွက်သွားခဲ့သော ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်ဘောလုံး၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။
"မင်းထွက်ပြေးနိုင်လို့လား" နဂါးလေး၏ ကလေးအသံတစ်ခုသည် မီးတောက်များကြားမှ ထွက်ပေါ်လာသည်။ ၎င်းသည် ငရဲပြည်မှ လျှောက်ထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။
"မဟုတ်ဘူး" သိုင်းကျင့်ကြံသူသည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏၊
ဝှစ် ဝှစ်
မီးတောက်များ ပေါက်ကွဲထွက်သွားပြီးနောက် ၎င်းသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နဂါးလေး၏ မျက်လုံးများထဲတွင် အထင်သေးမှုများနှင့် ပြည့်နှက်လျက်ရှိသည်။
ဝှစ် ဝှစ်
ထိုအခိုက် ကောင်းကင်၏ တခြားတစ်ဖက်မှာတော့ ငှက်မွေးများနှင့် ပေါက်ကွဲထွက်လျက် ရှိနေ၏။ အဝေးသို့ ထွက်ပြေးရန်ပြင်ဆင်နေကြသော လင်းယွမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် လေထဲမှာတင် သေဆုံးကုန်ကြ၏။
ဆွစ် ဆွစ်
ရှောင်မိုရှန်းသည် သူ၏ အတောင်ပံများကို အသာခတ်ကာဖြင့် လေထဲတွင် လွင့်မျောနေသည်။ သူမသည် အလွန်တရာဝံ့ကြွားလှသော ဘုရင်မတစ်ပါးကဲ့သို့ နဂါးလေးအား လှမ်း၍ ကြည့်ရှုနေသည်။
နဂါးလေးသည် နှာခေါင်းရှုံလိုက်၏။ "အရှုပ်ထုတ်"
"ထပ်ပြောစမ်း"
"နင်က အရှုပ်ထုတ်၊ အထုတ်ရှုပ်"
................................
ဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူ လေးဆယ်တို့သည် အချိန်အတိုင်းအတာအတွင်း သတ်ဖြတ်ခံလိုက်ရ၏။ အမြန်နှုန်းမှာ အလွန်ပင် မြန်ဆန်လွန်းနေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းသည် သုံးဆယ်မီတာမှ ခုနှစ်ဆယ်မီတာအထိ ကျယ်ဝန်းသွားခဲ့သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် အရှေ့သို့ လှမ်းလျှောက်လိုက်သည်။ သူသည် သေမလိုဖြစ်နေသော သက်လတ်ပိုင်းလူ၏ အရှေ့ဆီသို့ လျှောက်သွားပြီး ထူးမခြားနားသလို မေးလိုက်သည်။ "အခု ဘယ်သူက သေချင်ယောင်ဆောင် နေတာလဲ"
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီး၏ မြေအဆင့် ကျွမ်းကျင်သူသည် အလွန်ပင် နာကျင်လွန်း သောကြောင့် စကားပင် မပြောနိုင်ချေ။ သူ၏ မရီဒန်များအားလုံးသည် သက်တန့်ရောင်စဉ်ကျမ်းကြောင့် ပြင်းပြင်းထန်ထန်နှင့် ထိခိုက်သွားခဲ့ရပြီဖြစ်၏။
ရွှီး
ဓားမော့အလင်းတန်းဖြတ်ပြေးသွားပြီးနောက် သူ၏ဦးခေါင်းသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့ရပြီ ဖြစ်သည်။
"မြေအဆင့် သိုင်းကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့်အတွက် ဂုဏ်ယူပါတယ်၊ ဆုလာဘ်သည် သီလအမှတ် ဆယ်မှတ်ဖြစ်သည်" အမျိုးသမီး စနစ် ၏ အသံသည် ထွက်ပေါ်လာသည်။
"ဆယ်မှတ်တည်းလား" ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ သူသည် မြေအဆင့် ကျွမ်းကျင်သူအား ပထမဦးဆုံးသတ်ဖြတ်ခဲ့သည့်အချိန်တွင် သီလအမှတ် နှစ်ဆယ်ကို ရရှိသည်။ လက်ရှိအချိန်မှာတော့ ဆယ်မှတ်ထဲသာ ရရှိ၏။
"အမှန်ပဲ" အမျိုးသမီး စနစ်၏ အသံက သူ၏ နားထဲသို့ ဝင်လာပြန်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အဝါရောင်အဆင့် သိုင်းကျင့်ကြံသူကို သတ်ဖြတ်ချိန်မှာ သီလအမှတ် ဘယ်လောက်ရမလဲ"
"ငါးမှတ်ပါ"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ "တကယ်လို့ ကျုပ်က မြေအဆင့် သိုင်းကျင့်ကြံသူဖြစ်ပြီး အဝါရောင်အဆင့် သိုင်းကျင့်ကြံသူကို သတ်မယ်ဆိုရင် သီလအမှတ် ဘယ်လောက်ရမလဲ"
"တစ်မှတ်ပါ"
"ဒါဆိုရင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က အဝါရောင်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်မယ်ဆိုရင်"
"သုညမှတ်ပါ"
..........
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို သိမ်းဆည်းလိုက်ပြီးနောက် မေးစေ့ကို ပွတ်သပ်လိုက်သည်။ "ဒါဆိုရင် သီလအမှတ် အများဆုံးရဖို့အတွက် ငါဘယ်လို တွက်ချက်ရမလဲ မသိတော့ဘူး"
သူ့အနေနှင့် သူ့ထက်ပို၍ အဆင့်နိမ့်သည့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်မည်ဆိုလျှင် အမှတ်နည်းနည်းသာ ရရှိပေလိမ့်မည်။
"တိုက်ပွဲတည်နေရာကြီးကို ရှင်းလင်းလိုက်တော့"
"ကောင်းပါပြီ" တပည့်များသည် စတင်ကာ လှုပ်ရှားတော့၏။ မကြာခင်မှာပဲ ရှိရှိသမျှသောတပည့်များ အားလုံးတို့သည် မြေပေါ်တွင် ပြန့်ကျဲနေသော သိုလှောင်လက်စွပ်များကို သိမ်းဆည်းကြတော့၏။
ကျွင်းချောင်ရှောင်းသည် တစ်ခုပြီးတစ်ခု စစ်ဆေးပြီးသည့်နောက် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ဘာလို့ ပစ္စည်းကောင်းတွေ တစ်ခုမှမရှိရတာလဲ"
စနစ်က ပြောလိုက်သည်။ “ဘယ်အချိန်မဆို သေဆုံးသွားနိုင်တဲ့ ဒီလိုနေရာမျိုးမှာ ဘယ်သူတွေက ပစ္စည်းကောင်း တွေယူပြီးတော့ လျှောက်သွားနေမှာလဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ငါ အတွေးလွန်သွားမိတယ်”
ပြောပြီးသည့် နောက်မှာတော့ သူသည် သူ၏ တည်နေရာစက်ဝန်းထဲ၌ အရှေ့၊ အနောက် လျှောက်လျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ထွက်ကာ သေးငယ်သော အလံများကို စိုက်ထူလျက်ရှိသည်။ ဤနှစ်ပိုင်း အတွင်း သူ၏အဆင့်သည် ပိတ်မိလျက်ရှိသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူသည် အားအားယားယား နေထိုင်ခြင်းကို မပြုလုပ်ခဲ့ပေ။ အဆင့်မြင့်အစီအရင် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်ကို သောက်သုံး ပြီးသည့်နောက် သူသည် ကျန်းတယ်ကျွင်း ဆီသို့သွား၍ အစီအရင်နှင့် ပတ်သက်၍ လေ့လာမှုမျိုးကို ပြုလုပ်ခဲ့၏။ ရှန်ကွမ်းရှင်းရောင်ကဲ့သို့သော ဦးနှောက်ပြေးလှသော တပည့်၏ အကူအညီဖြင့် ၎င်းတို့သုံးယောက်သည် မိုးကြိုး အစီအရင်သစ်တစ်ခုလုံးကို အောင်မြင်စွာဖြင့် ဖွဲ့တည်နိုင်ခဲ့ပြီဖြစ်သည်။ ဤအရာသည် အလွန်ပင် အားကောင်း လွန်းလှ၏။
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်မှ များပြားလှသော ကျင့်ကြံသူများကို သတ်ဖြတ်ပြီးသည့်နောက် တစ်ဖက်မှ လူများသည် ကျိန်းသေပေါက်အားကောင်းလှသော ကျင့်ကြံသူများကို စေလွှတ်တော့မှာဖြစ်၏။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသော မိုးကြိုးအစီအရင် များကို ကြိုတင်ပြင်ဆင်ကာ စီရင်ထားခဲ့ခြင်းပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရန် လာခဲ့သည်ဖြစ်သော်လည်း သူ့ကိုယ်သူ အန္တရာယ်ကင်းရန် မည်ကဲ့သို့ ထောက်ပံ့ရမည်ဖြစ်ကြောင်းကို ကောင်းကောင်းနားလည်မိ၏။ သူ့အနေနှင့် ပထမတစ်ကြိမ်တုန်းကလို အသက်လုကာ ထွက်ပြေးရသည့် အခြေအနေမျိုး ထပ်မံဖြစ်ပေါ်မလာရန် အကောင်းမွန်ဆုံး ကြိုးစားရပေလိမ့်မည်။
......................
"ဒါက တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းတာပဲ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းကျင့်ကြံသူ တွေထက် ဒီက သိုင်းကျင့်ကြံသူတွေက ပိုပြီးအားကောင်းတာပဲ"
"ကျုပ် လက်သီးချက် တော်တော်များများကို ထိုးပြီးတော့ အဲကောင်ကို အနိုင်ယူခဲ့တယ်လေ၊ ဒီနေရာမှာ သာမန်သိုင်းအုပ်စိုးသူတစ်ယောက်သာဆိုရင် သေခဲ့တာ ကြာပြီပေါ့"
ကျွင်းချောင်ရှောင်း အစီအရင် ဖန်တီးနေတုန်းမှာပဲ တပည့်များသည် စုဝေးလျက်ရှိပြီး တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးခြင်းများကို ပြုလုပ်နေတော့သည်။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိသည်။ တိုက်ပွဲသည် ဆယ်မိနစ်တောင် မကြာခဲ့ဘူး ဆိုသော်လည်း ရန်သူ၏ အားအင်အဆင့်သည် အလွန်အားကောင်းလှကြောင်း ၎င်းတို့ သိရှိခဲ့ပြီးဖြစ်သည်။
ဂြိုဟ်တိုက်ပွဲတွင်ရှိသော တိုက်ခိုက်ပွဲများသည် အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး ၎င်းတို့အတွက် လေ့ကျင့်ရန် သင့်တော်သည့်နေရာလည်း ဖြစ်နေ၏။ ကံဆိုးစွာဖြင့် ၎င်းတို့သည် နှစ်နာရီသာ ဤနေရာတွင် နေနိုင်စွမ်းရှိ၏။
ခရမ်းရောင်ဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်၍ ဘေးတစ်ဖက် တွင် ရပ်လျက်ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်နေပြီး သူနှင့် ပိုင်လျှိုတို့သည် တိုက်ခိုက်ခြင်းကို မပြုလုပ်ကြပေ။
ပထမဦးဆုံးအနေဖြင့် ကျွင်းချောင်ရှောင်းသည် သူတို့အား အမိန့်မပေးခဲ့ချေ။ ၎င်းအနေနှင့် တပည့်များကို တိုက်ခိုက်ရန် အခွင့်အရေးပေးချင်နေမိ၏။ ထို့အပြင် ရန်သူသည်ကလည်း အလွန်တရာ အားနည်းလွန်းနေ၏။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဤသားရဲကျင့်ကြံသူ နှစ်ယောက်တို့သည် သူတော်စင်အဆင့် သိုင်းကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ရသည့်သူများဖြစ်သည်။ ၎င်းတို့သည် မြေအဆင့် သိုင်းကျင့်ကြံသူ ပေါ်လာသည်ဆိုမှ လက်စွမ်းပြရသည့်လူများ ဖြစ်ပေလိမ့်မည်။
ထို့အပြင် အဆင့်မြင့်ကျင့်ကြံသူများအနေဖြင့် အဆင့်နိမ့်ကျင့်ကြံသူများကို သတ်ဖြတ်မည် ဆိုပါက နည်းပါးလှသည့် ရလဒ်များကို ရရှိမည်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မလိုအပ်ပါက တိုက်ခိုက်ခြင်းကို မပြုလုပ်ချင်ပေ။ သူ့အနေနှင့် သီလအမှတ်များကို များများစားစား ရရှိစေရန်အတွက် တပည့်များကိုသာ တိုက်ခိုက်ခြင်းပြုမူစေသည်။
ခရမ်းရောင်ဘုရင်၊ ပိုင်လျှို၊ တင်းရှင်းဝမ်၊ ကုန်းစွန်းဟောင်ဟိုင်၊ နဂါးလေးနှင့် ရှောင်မိုရှန်း ၎င်းတို့ အားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော တိုက်ခိုက်သူများ ဖြစ်တော့သည်။ အားအင်အဆင့်အရဆိုလျှင် မြေအဆင့်နှင့် ကောင်းကင်အဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်စွမ်း ရှိနေသူများ ဖြစ်၏။
ဟုတ်ပေသည်၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သော ကျွင်းချောင်ရှောင်း သည်လည်း တော်တော်အားကောင်းသည်ဟု ဆိုရမည်။ သို့ပေမဲ့ သာမန်အခြေအနေတွင် သူ့အနေနှင့် တစ်စုံတစ်ယောက်နှင့် ထိပ်တိုက် တစ်ယောက်ချင်းတိုက်ခိုက်မှုမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အခွင့်အရေး ရမည်ဆိုပါက တပည့်များကိုသာ တိုက်ခိုက်ရန် ခွင့်ပြုပေးလိမ့်မည်။ ပထမဦးဆုံးအနေနှင့် သူ၏ ရည်ရွယ်ချက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာကို ပိုမိုချဲ့ထွင်ရန်သာ ဖြစ်တော့သည်။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် တည်နေရာထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် လွတ်နေသည့် တည်နေရာကြီးကိုကြည့်ကာ ပြောလိုက်မိသည်။ "ဒီနေရာမှာ ဌာနချုပ် တည်ဆောက်လိုက်ရင် ကောင်းမလား" လီချင်းယန်၏ အဆောက်အဦ ဆောက်လုပ်ချင်စိတ်များသည် တဖွားဖွားနှင့် ပေါ်လာခဲ့တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဆောက်ကြတာပေါ့"
လီချင်းယန်၏ မျက်လုံးများသည် တောက်ပသွားခဲ့တော့သည်။ ပြီးနောက် ပြောလိုက်သည်။ "တပည့် ဒါဆိုရင် ဒီနေရာမှာ ဟောခန်းအကြီးကြီးကို အရင်ဆုံးဆောက်မယ်"
ဤတည်နေရာသည် ဆက်လက်ချဲ့ထွင်ရန် လိုအပ်သည်ဆိုသော်လည်း သိုင်းကျင့်ကြံသူ တော်တော်များများကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ မီတာတစ်ရာနီးပါးခန်း ဖြစ်တည်လာခဲ့ပြီပဲဖြစ်သည်။ ထို့ကြောင့် ဟောခန်းကြီးတစ်ခုကို တည်ဆောက်ရန်အတွက် လုံလောက်သည့် တည်နေရာ ဖြစ်လာခဲ့တော့၏။
"လုပ်လေ"
ကျွင်းချောင်ရှောင်းသည် ခဏလောက်တွေးကာ ပြောလိုက်သည်။ "ငါတို့ အနည်းဆုံး ဒီနေရာမှာ နေလို့ရတာပေါ့"
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် တည်နေရာသည် တည်နေရာအလွတ်ကြီးဖြစ်ပြီး မည်သည့် အဆောက်အဦမှ မရှိချေ။ ထို့ကြောင့် အချိန်ကာလတစ်ခုတွင် အနားယူရန်အတွက် အဆောက်အဦတစ်ခုခုကို တည်ဆောက်ထားခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
"ကောင်းပါပြီ"
ဂိုဏ်းချုပ်၏ သဘောတူညီမှုကို ရပြီးနောက် လီချင်းယန်သည် စားပွဲတစ်ခုကို အရင်ဆုံး ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ပုံကြမ်းများကို ဆွဲတော့သည်။ ဤတည်နေရာနှင့် လိုက်ဖက်ညီလှသော အဆောက်အဦ၏ ဒီဇိုင်းများကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းချုပ်ကို ပြလိုက်သည်။ "ဂိုဏ်းချုပ်...ဒီပုံကြမ်းတွေကို ဘယ်လိုထင်လဲ"
"မင်းဘာမင်း ဆုံးဖြတ်လိုက်တော့"
လီချင်းယန်သည် အကောင်းမွန်ဆုံး ပုံကြမ်းတစ်ခုကို ရွေးချယ်ပြီးသည့်နောက်မှာတော့ သူ၏ သိုလှောင်လက်စွပ်ထဲမှ များပြားလှသော ဆောက်လုပ်ရေးပစ္စည်းများကို ထုတ်ယူတော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် ရှောင်ကျီ၊ လီဖေးနှင့် တခြားသူများကို ခေါ်ယူကာ အလုပ်များလျက် ရှိနေတော့သည်။
“..........”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ လီချင်းယန်ဆိုသည့်ကောင်သည် အမှန်ပင် ကျောက်တုံး၊ ကျောက်ခဲ၊ အုတ်ခဲနှင့် တခြားသော ဆောက်လုပ်ရေးသုံးပစ္စည်းများကို သိုလှောင်လက်စွပ် ထဲသို့ထည့်၍ လျှောက်ကာ သွားလာနေသူတစ်ယောက်ဖြစ်လို့နေ၏။ ကြည့်ရသည်မှာ ဤနေရာသို့ မဝင်လာခင် ကတည်းက ကြိုတင်စဉ်းစားပြီး ယူဆောင်လာခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်၊ လီချင်းယန်သည် ဂြိုဟ်တိုက်ပွဲဆိုသည့် အကြောင်းအရာ၏ အသေးစိတ်ကို သိရှိပြီးသည့် နောက်မှာတော့ အစောကြီးကတည်းက အဆောက်အဦကြီးတစ်ခုကို တည်ဆောက်ရန် စီစဉ်ထားခဲ့ပြီး ဖြစ်တော့သည်။
တည်နေရာ အကန့်အသတ်သာ မရှိပါက သူ့အနေနှင့် အလွန်ကြီးမားသည် ဟောခန်းကြီး တစ်ခုကို သေသေချာချာ တည်ဆောက်တော့မှာဖြစ်သည်။ အချိန်အတိုင်းအတာတိုလေး တစ်ခုအတွင်း များပြား လှသည့် အဆောက်အဦများ ဖြစ်တည်လာရန်အတွက်၎င်းသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိလို့နေ၏။