အခန်း (၈၈၆)
Vol. 60 Ch. 886
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ အပူလှိုင်းကြီးတစ်ခုလုံးသည် ကြီးမားစွာဖြင့် ဖြစ်တည်လာခဲ့သည်။ ၎င်းတို့၏ရှေ့ တည်နေရာတစ်ခုလုံး သည် မြန်ဆန်စွာဖြင့် အပူလှိုင်းများ စုစည်းလာခဲ့၏။
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ ကျင့်ကြံသူ သည် တစ်စုံတစ်ခု မှားယွင်းသွားသည်ကို ခံစားလိုက်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ နောက်သို့ ဆုတ်ခွာသွား၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။
“မီးမုန်တိုင်း” နဂါးလေးက အော်ဟစ်လိုက်သည်။
ဝှစ် ဝှစ်
ချက်ချင်းပဲ တလိပ်လိပ် တက်လာခဲ့သော အပူလှိုင်းများသည် မီးတောက်လှိုင်းကြီးများအဖြစ် ဖြစ်တည်လာခဲ့ပြီး သည့်နောက် ကောင်းကင်ယံထက်တွင် မီးဒေါက်တိုင်ကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ နဂါးမီးတောက် နည်းစနစ်သည် အလုံးစုံ အသက်ဝင်သွားခဲ့ပြီဖြစ်၏။
အား အား
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ ကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် ရှောင်ရှားရန်အတွက် အချိန်မရှိ ကြတော့ချေ။ ၎င်းတို့အားလုံးသည် မီးပင်လယ်ထဲတွင် နစ်မြှုပ်လျက်ရှိပြီး ဆိုးရွားစွာပဲ အော်ဟစ်နေကြတော့၏။ နောက်မှ လိုက်ပါလာကြသော ကျင့်ကြံသူများသည်လည်း အချိန်မီ ရပ်တန့်လိုက်ကြ၏။ ၎င်းတို့သည် လျင်လျင်မြန်မြန် နောက်သို့ ဆုတ်ခွာလိုက်ကြသည်။ သို့ပေမဲ့ မီးအပူချိန်လာဟပ်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့ကြသည်။ တချို့ဆိုလျှင် ခန္ဓာကိုယ်တွင် မီးလောင်ကျွမ်းမှုကြောင့် မြေပေါ်တွင် လှိမ့်လျက်ရှိသည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “အရမ်းအားကောင်းတာပဲ”
နဂါးလေးသည် နဂါးမီးတောက် နည်းစနစ်ကို သင်ယူတတ်မြောက်ပြီးစဉ်ကတည်းက အတွင်းခြံဝန်းထဲတွင် တစ်ကြိမ်သာ အသုံးပြုခဲ့၏။ ထို့အပြင် အင်ပြည့်အားပြည့် ထုတ်ဖော်ခြင်းကို မပြုလုပ်သောကြောင့် မည်မျှ အားကောင်းလှသည်ဆိုသည်ကို မည်သူမှ မသိရှိကြချေ။ လက်ရှိအချိန်မှာတော့ ရှေ့သို့ လှမ်းတက်လာခဲ့ကြသော သိုင်းကျင့်ကြံသူတစ်ရာကျော်နီးပါးတို့သည် ကြီးမားသည့် မီးဘေးကြီးကို သင့်လျက်ရှိနေတော့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။
မီးတောက်ကြီးသည် လေပေါ်တွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တစ်ဖက်သိုင်းကျင့်ကြံသူများ၏ ဖန်တီး ထားသော သိုင်းနည်းစနစ်များအားလုံးသည် ချက်ချင်းပဲ ပျောက်ကွယ်သွားရတော့၏။
အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူ နှစ်ယောက်တို့သည် မည်သို့မှ မလွတ်မြောက်နိုင် ကြတော့ချေ။ ၎င်းတို့သည် မီးများ၏ ဝါးမြိုခြင်းကို ခံရပြီး ပြာအတိအဖြစ် ပြောင်းလဲသွားခဲ့တော့၏။ ၎င်းတို့၏ တည်ရှိမှုကို သက်သေပြရန်ဆိုသည်မှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်သည့် အသံများသာ ပဲ့တင်ထပ် ကျန်ရှိနေခြင်းပင် ဖြစ်တော့သည်။
နဂါးမီးတောက်နည်းစနစ် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ ခုနှစ်ဆယ်၊ ရှစ်ဆယ်ထဲမှ နှစ်ဆယ့်သုံးယောက်တို့သည် သေဆုံးသွားခဲ့ကြပြီဖြစ်ပြီး လေးဆယ်လောက်သည် ပြင်းပြင်းထန်ထန် နှင့် ဒဏ်ရာရရှိခဲ့၏။ ကျန်သည့်သူများ အားလုံးမှာလည်း အချိန်မီ မီးတောက်စက်ဝန်းဆီမှ မြန်မြန်ဆန်ဆန် နောက်သို့ ဆုတ်ခွာခဲ့ရတော့သည်။ လွတ်မြောက်သွားကြသူများ အားလုံးသည် ထိတ်လန့်တုန်လှုပ်လျက်ရှိနေ ကြပြီး ၎င်းတို့၏ နဖူးနှင့် ကျောပြင်များတွင် ချွေးစေးများ ပြန်လျက်ရှိနေကြ၏။
ဤအရာသည် မည်သို့သော တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သနည်း။ ထုတ်ဖော်လိုက်သည်နှင့် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့်အတူ တည်နေရာတစ်ခုလုံးကို ဖုံးလွမ်းသတ်ဖြတ်နိုင်ခြင်း ရှိနေသည်။
“ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြုရတာ တန်တာပဲ” ဂိုဏ်းချုပ်ကျွင်းသည် ရယ်လိုက်မိ၏။
နဂါးမီးတောက်မုန်တိုင်းသည် အမြှောက်ကြီးပစ်ခတ်လိုက်သည်ထက်ပင် ပိုမို၍ အားကောင်းလျက်ရှိနေ၏။ သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည် ဤနေရာတွင် စုဝေးရောက်ရှိနေပါက အကုန်လုံး သေဆုံးသွားခဲ့ကြမှာ သေချာသည်။
“အဲလောက် အားကောင်းတာလား” နဂါးလေးသည်လည်း ကြောင်အသွားမိ၏။ သို့ပေမဲ့ ကုန်ခမ်းသွားသည် စွမ်းအင်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထုတ်ဖော်ရသည်မှာ ကျိန်းသေပေါက် ထိုက်တန်သည့်အရာပင် ဖြစ်တော့ သည်။ ထို့အတူ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ကုန်ခမ်းမှုမှာ များပြားလွန်းနေ၏။
.........................
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်ယံထက်မှာတော့ အဘိုးတင်းနှင့် ချင်ရွမ်စီတို့သည် တိုက်ခိုက်လျက် ရှိနေကြ၏။ နှစ်ယောက်လုံးသည် အလွန်အားကောင်းလှသော သူတော်စင်အဆင့် သိုင်းကျင့်ကြံသူများဖြစ်သည်မို့ ၎င်းတို့၏ အားအင်အဆင့်များသည် တစ်ယောက်နှင့် တစ်ယောက် သိပ်၍ မကွာကြပေ။ ထို့ကြောင့် အနိုင်ရရှိသူကို ဆုံးဖြတ်စေချင်သည်ဆိုပါက ၎င်းတို့၏ ကလေးများ လက်ထပ်၍ သားစဉ်မြေးဆက်များ ရသည်အထိ စောင့်စားရမည်ဖြစ်သည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည်လည်း ဤနှစ်ယောက်ကို ဤအတိုင်းဆက်၍ တိုက်ခိုက်ခြင်း မပြုစေချင်ပေ။ သူ့အနေနှင့် အခွင့်အရေးကို အရယူ၍ သူ့အား ရိုက်နှက်ခဲ့သော မြေအဆင့် ကျွမ်းကျင်သူအား ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီနှင့် ရိုက်နှက်ပစ်ရန် ပြန်လည်စဉ်းစားထားမိ၏။
“သခင်”
ထိုအချိန်မှာ နဂါးလေးသည် ဇဝေဇဝါဖြင့် မေးလိုက်၏။ “ကျုပ်ရဲ့ခန္ဓာကိုယ်က ဘာလို့နီလာတာလဲ”
“နီလာတယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ခေါင်းလှည့်ကာ အသာကြည့်ရှုလိုက်သည့်နောက်မှာတော့ နဂါးလေး၏ ခန္ဓာကိုယ်ဆီမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “မဖြစ်တော့ဘူး၊ မင်း လူတွေအများကြီးကို သတ်လိုက်လို့ ဒီလို ဖြစ်သွားတာ”
သူ ဤဂြိုဟ်ကြီးဆီသို့ ပထမဦးဆုံး ရရှိချိန်တွင် အဝါရောင် ကျင့်ကြံသူ ဆယ့်ကိုးယောက်နှင့် အမဲရောင် ကျင့်ကြံသူ တစ်ယောက်တို့ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ အဆင့်သုံးဝရမ်းကို ထုတ်ပြန်ခြင်း ခံခဲ့ရ၏။ ရှိရှိသမျှသော သိုင်းကျင့်ကြံသူများအားလုံးသည် သူ့အား လိုက်လံ၍ သတ်ဖြတ်ခဲ့ကြသေးသည်။ နဂါးလေးသည် များပြားလှသော အဝါရောင်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး နီရဲလာသည်မှာ သဘာဝပင် ဖြစ်တော့သည်။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူက အဝါရောင်အဆင့် ကျင့်ကြံသူ နှစ်ဆယ့်သုံးဦးနဲ့ မြေအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်၊ ဒီတော့ အဆင့်သုံးဝရမ်းကို ထုတ်ပြန်လိုက်တယ်၊ ရရှိနိုင်တဲ့ ဆုလာဘ် ကတော့ သီလအမှတ် ငါးရာပါပဲ” အလွန်လေးနက်သည့် အသံတစ်ခုသည် ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာ၏။
“ထင်မှတ်ထားတဲ့ အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ “ဝရမ်းထုတ်ခံ လိုက်ရတာပဲ”
ဆွစ်
သူပြောပြီးပြီးချင်းမှာပဲ နဂါးလေးဆီမှ ထွက်ပေါ်နေသော အနီရောင်အလင်းတန်းများသည် ကောင်းကင်ဆီသို့ ထိုးတက်သွား၏။ မိုင်ရာချီ အဝေးတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် ထိုအချင်းအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးကလား … ဘာလို့ သူတို့ ထပ်ပေါ်လာတာလဲ”
“ထပ်ပြီးတော့ လူတွေ သတ်ပြန်ပြီလား၊ တကယ့်ကို အဆင်အခြင်မဲ့တဲ့ ဂြိုဟ်ပဲ”
“သွားကြရအောင်၊ ငါတို့နဲ့ နည်းနည်းနီးတယ်၊ သေချာသွားကြည့်ရအောင်”
“ကံကောင်းရင် အဲလူကို သတ်ပြီးတော့ သီလအမှတ်ငါးရာရအောင် ဖန်တီးလို့ရတယ်”
ဆွစ် ဆွစ်
ချက်ချင်းပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစည်းဝိုင်းနှင့် မိုင်ရာချီအနည်းငယ်တွင်ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် တက်နိုင်သမျှ အမြန်ဆုံးဖြင့် ရောက်ရှိလာခဲ့ကြတော့သည်။ ၎င်းတို့ထဲတွင် မြေအဆင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်လည်း ပါဝင်လျက်ရှိနေ၏။ အဆင့်မြင့် သိုင်းကျင့်ကြံသူများအားလုံးသည် အဆင့်နိမ့်သိုင်းကျင့်ကြံသူများကို သတ်ဖြတ်မည်ဆိုလျှင် သီလအမှတ် အနည်းငယ်ကို ရရှိ၏။ ထို့ကြောင့် သူတို့သည် စိတ်မဝင်စားကြချေ။ သို့ပေမဲ့ အဆင့်သုံးဝရမ်း ထုတ်ပြန်ခြင်းကို ခံရသူသည် သီလအမှတ် ငါးရာကို ရရှိနိုင်၏။ ထို့ကြောင့် သူတို့အနေနှင့် ကျိန်းသေပေါက် စမ်းသပ်ရပေလိမ့်မည်။
“ကျိရှု၊ ပိုင်လျှို”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဘိုးကြီးတင်းကို ကူညီပြီး အဲလူကို ရိုက်လိုက်တော့” ထိုအချိန်မှာတော့ အနီရောင်အလင်းတန်းများသည် သိုင်းကျင့်ကြံသူ အများအပြားကို ဆွဲဆောင်စေလိမ့်မည် ဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်းပြီးသား ဖြစ်နေသည်။ ထို့ကြောင့် ဖြစ်နိုင်သမျှ မြေအဆင့် ကျွမ်းကျင်သူကို ရှင်းပစ်မှ ဖြစ်ပေလိမ့်မည်။
ဘုတ်
ခရမ်းရောင်ဘုရင်သည် ရှေ့သို့လှမ်းထွက်လာ၏။ ဘုန်း ဟူသော ပေါက်ကွဲသံနှင့်အတူ သူ၏ အဝတ်အစားနှင့် ဘောင်းဘီများ အားလုံးသည် အစိတ်စိတ် အမွှာမွှာ ဖြစ်သွား၏။ သူ၏ သန်မာတောင့်တင်းလှသော ကြွက်သားများ အမြောင်းမြောင်းနှင့် ခန္ဓာကိုယ်သည် ပေါ်ပေါက်လာခဲ့တော့သည်။
"………”
ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားခဲ့၏။ “ရှက်စရာ ကောင်းလိုက်တာ”
ဝှစ်
ခရမ်းရောင်ဘုရင်သည် ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ တိုက်ပွဲတည်နေရာတွင် ပြန်လည် ပေါ်ပေါက်လာတော့သည်။ သူသည် အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒီအဘိုးကြီးကို ကျုပ်ဆီ ထားခဲ့တော့”
ထိုအချိန်မှာတော့ တင်းရှင်းဝမ်သည် ချင်ရွမ်စီ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။ အလွန်အားကောင်းလှသော လက်ဝါးရိုက်ချက်သည် ကျိရှု၏ ရင်ဘတ်ဆီသို့ ကျဆင်းလာခဲ့တော့သည်။
ဘုန်း
ခရမ်းရောင်ဘုရင်သည် အမြှောက်ဆန်ကဲ့သို့ပင် မြေပေါ်သို့ လွှင့်စင်သွားတော့၏။
ကျွင်းချောင်ရှောင်း “…”
ကျန့်ရာနှင့် တခြားသူများ “…”
“ချီးတဲ့မှ”
ခရမ်းရောင်ဘုရင်သည် နက်ရှိုင်းလှသော တွင်းကြီးထဲတွင် ပြန်လည် မတ်တပ်ရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင်အလင်းတန်းများနှင့် ပြည့်နှက်နေ၏။ သူသည် အလွန်စိတ်တိုလျက်ရှိသည်။ “ငါ မင်းကို သေချင်စိတ်ပေါက်တဲ့အထိ လုပ်ပြမယ်”
ဝှစ်
ပြောပြီးပြီးချင်းမှာပဲ သူ၏ ခြေထောက်များသည် အားအင်အဆင့်များနှင့် ပြည့်နှက်လာ၏။
ဘုန်း
မြေပြင်ကို ဆောင့်နင်းပြီးနောက် စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ခရမ်းရောင်ဘုရင် သည် လေထဲသို့ ခုန်တက်လိုက်၏။ သူ၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မြန်ဆန် လွန်းနေသည်။
ဆွစ်
သူသည် ချက်ချင်းပဲ ချင်ရွမ်စီ၏ အနားဆီသို့ ရောက်ရှိသွား၏။ လက်နှစ်ဖက်ကို ဆန့်ကားပြီးသည့်နောက် အသာပင် ရိုက်နှက်လိုက်၏။ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးတွင်တော့ စွမ်းအင်လှိုင်းများသည် ပေါက်ကွဲ ထွက်ကုန်၏။
“မကောင်းတော့ဘူး” ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူ၏ အမူအရာသည် ပြောင်းလဲ သွားသည်။ သူသည် အလျင်အမြန်ဖြင့် လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုပြီး ထူးဆန်းသည့်ပုံစံဖြင့် ရှောင်ရှားလိုက်သည်။
ဘုန်း …။
သို့ပေမဲ့ သူ၏ ခန္ဓာကိုယ် ဟန်ချက်ညီအောင် မထိန်းသိမ်းရသေးခင်မှာပဲ ခရမ်းရောင်ဘုရင်သည် သူ၏ အနောက်ဘက်လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။ ခရမ်းရောင်ဘုရင်သည် အနောက်ဘက်ဆီသို့ ရောက်ရှိလာပြီးသည့်နောက် တံပြေန်လည်ရရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ရေးစွမ်းရည်များမှာ ကြောက်မက်ဖွယ်ရာကောင်းနေသည်မှာ သဘာဝပင်ဖြစ်၏။
ဆွစ်
ခရမ်းရောင်ဘုရင်သည် အောက်သို့ ခုန်ဆင်းလာပြီးသည့်နောက်မှာတော့ ကြီးမားသည့် တွင်းကြီးအထက်တွင် မတ်တပ်ရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ခရမ်းရောင် ဓာတ်သဘာဝများသည် ပေါက်ထွက်လျက်ရှိသည်။
ကြီးမား လှသည့် လက်သီးကြီးတစ်ခုအဖြစ် ဖြစ်တည်လာ၏။ ပြီးသည့်နောက်မှာတော့ မြေအဆင့် ကျွမ်းကျင်သူအား ကြမ်းကြမ်းတမ်းတမ်း စတင်ကာ ထိုးနှက်တော့သည်။ သူသည် အလွန်တရာ စိတ်တိုနေ၏။ ထို့ကြောင့် အားကုန် အသုံးပြုကာ ဤအဘိုးကြီး သေချင်စိတ်ပေါက်သည်အထိ ထိုးနှက်နေခြင်းပင် ဖြစ်တော့၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ကြောက်မက်စရာ စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့ပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့၏။ အက်ကွဲကြောင်းများ သည် တည်နေရာကို အလယ်ဗဟိုပြု၍ အခြားပတ်ဝန်းကျင်သို့ အဆုံးအစမဲ့ ပျံ့နှံ့နေသည်။
ဟူး ဟူး
စွမ်းအင်လှိုင်းများသည် ရူးရူးမူးမူး ယမ်းခါလျက်ရှိနေ၏။ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများ အားလုံးသည် ထိတ်လန့်တုန်လှုပ်မိနေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ ခရမ်းရောင်ဆံပင်နှင့် တစ်ဖက်လူသည် ကြောင်တောင်တောင် နိုင်လှစွာဖြင့် အနီရောင်အတွင်းခံကို ဝတ်ဆင်ထားခဲ့သည်ဆိုသော်လည်း ဆံပင်ဖြူနှင့် အဘိုးအိုထက် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။
စီနီယာ ချင်ရွမ်စီသည် ဤကြမ်းတမ်းလှသည့် တိုက်ခိုက်ချက်အောက်တွင် ကြံ့ကြံ့ခံနေနိုင်မည်လား။ သို့ပေမဲ့ ၎င်းတို့အနေနှင့် တခြားသူများကို စိတ်ပူနေစရာ အချိန်မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ကျန့်ရာ၊ နင်ညီအစ်ကို၊ အကြီးအကဲကုန်း၊ နဂါးလေး၊ ရှောင်မိုရှန်းနှင့် တခြားသောသူများသည် ၎င်းတို့ဆီသို့ ပြေးဝင်ကာ တိုက်ခိုက်နေသောကြောင့်ပင်။
ကျွင်းချောင်ရှောင်းသည် မြေအဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်ချင်ရုံသာမက ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူ အကုန်လုံးကိုလည်း သတ်ဖြတ်ချင်နေမိသည်။ “ကျုပ်ကို အနိုင်ကျင့်ချင်တာလား၊ ထိုက်တန်တဲ့ ပေးဆပ်မှုကို ပြန်လည်ပေးအပ်ရမယ်”