အခန်း (၈၈၈)
Vol. 60 Ch. 888
ဂြိုဟ်တိုက်ပွဲသည် မည်မျှ အားကောင်းလှသနည်းဆိုသော် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ စက်ဝိုင်းအပြင်ဘက်တွင်ရှိသော များပြားလှသော ကျင့်ကြံသူများကို ကြည့်ရုံနှင့် သိရှိနိုင်၏။ ထို့အပြင် ဤကဲ့သို့သော လူစာရင်းဆိုသည်မှာ ရှားရှားပါးပါး ကိစ္စရပ်များတွင်သာ တွေ့မြင်ရနိုင်သည့် လူစာရင်းပင် ဖြစ်တော့သည်။
ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်းနှင့် တခြားသူတို့သည် လျင်လျင်မြန်မြန်ပဲ အနောက်သို့ ပြန်ဆုတ်နိုင်ခဲ့ပြီဖြစ်၏။ များပြားလှသည့်လူများ ရောက်ရှိလာခဲ့သည် ဖြစ်သော်လည်း ၎င်းတို့သည် လုံခြုံသည့် တည်နေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တည်နေရာထဲသို့ ဝင်ရောက်ခြင်းကို မစွမ်းသာကြပေ။
ဟုတ်ပေသည်၊ သိုင်းကျင့်ကြံသူအားလုံးတို့၏ အကြည့်သည် နဂါးလေးဆီသို့ ကျရောက်လျက်ရှိသည်။ ထို့အပြင် နဂါးလေး၏ ခန္ဓာကိုယ်သည် အနီရောင်အလင်းတန်းများနှင့် တောက်ပလျက်ရှိနေ၏။ ထိုအရာသည် သီလအမှတ်ငါးရာ ထိုက်တန်သည် မဟုတ်ပါလား။
"စီနီယာချင်" ထိုအချိန်မှာတော့ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ဆီမှ ဦးဆောင်လာခဲ့သော အဘိုးအိုသည် ချင်ရွမ်စီ၏ အရှေ့ဆီသို့ ရောက်ရှိသွားပြီဖြစ်၏။ ၎င်းသည် သတိလစ် မေ့မျောနေသော ချင်ရွမ်စီကို အသာကောက်ချီပြီးသည့်နောက် ထွက်ပြေးလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုကာဖြင့် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့တော့သည်။
"အမ် ဒီလူက ရှုတင်းကွမ် မဟုတ်လား၊ ချင်ရွမ်စီကို လာခေါ်ပြီး ပျောက်ကွယ်သွားတာပဲ"
"ဘယ်လိုဖြစ်ပြီး ချင်ရွမ်စီက ဒီလောက်ဆိုးဆိုးရွားရွားဖြစ်အောင် ရိုက်နှက်ခံရတာလဲ၊ ဒါက ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကြောင့်လား"
သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ဖြစ်တည်လာခဲ့ကြတော့သည်။ ဂြိုဟ်တိုက်ပွဲတည်နေရာထဲတွင် ထိပ်တန်းကျွမ်းကျင်သူများသည် ကောင်းကင်အဆင့်နှင့် နှိုင်းယှဉ်နိုင်မည်ဆိုပါက ဒုတိယအဆင့်တွင်ရှိနေသော မြေအဆင့် ကျင့်ကြံသူများဖြစ်သည်။ ထိုကဲ့သို့ ကျင့်ကြံသူများအားလုံးသည် မိမိလုပ်ချင်ရာကို လုပ်နိုင်စွမ်းရှိကြသူများ ဖြစ်ကြပြီး ဤကဲ့သို့ ဆိုးဝါးလှသည့် အခြေအနေဆီသို့ ရောက်ရှိအောင် ရိုက်နှက်ခံရခြင်းမှာ မဖြစ်နိုင်ချေ။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းအရှေ့တွင် ထိုင်လျက်ရှိသည်။ သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ "ဒါက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ရန်ပြုခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ရလဒ်ပဲ"
ကြည့်ရသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည် ချင်ရွမ်စီနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပုံပေါ်သည်။ ဤအရာသည် သတိထားနိုင်မှ ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ယောက်သည် အဓိက ဟောခန်း၏ အရှေ့တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို မြင်လိုက်ရ၏။ ပြီးနောက်သူသည် ဖတ်ကြည့်လိုက်သည်။ "ပြိုင်စံရှားဂိုဏ်း ဟုတ်လား"
"အမှန်ပဲ"
ကျွင်းချောင်ရှောင်းသည် လက်မကို ထောင်ကာ ပြောလိုက်သည်။ "ကျုပ်ရဲ့ဂိုဏ်းလေ"
"ဟမ့် မောက်မာလိုက်တာ၊ အဆင့်နိမ့်ဂြိုဟ်တစ်ခုရဲ့ ဂိုဏ်းတစ်ခုက ဒီကိုလာပြီးတော့ သူတို့ဂိုဏ်းကိုတောင် ကြေညာရဲနေတယ်၊ ဘယ်လောက်ထိ သတ္တိကောင်းလိုက်လဲ"
ကျင့်ကြံသူများ အားလုံးသည် မိမိကိုယ်ပိုင်ဂိုဏ်းကိုယ်စီရှိပြီးသား ဖြစ်သည်။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲဆီသို့ ရောက်ပြီးသည့်နောက်မှာ ဂိုဏ်းဆိုသည့် အကြောင်းအရာကို ထည့်သွင်းကာ မစဉ်းစားရဲကြချေ။ ကုန်းမြေတိုက်ကြီး တစ်ခုအနေနှင့် ဂြိုဟ်တစ်ခုလုံးနှင့် သက်ဆိုင်သည့်အရာဟုသာ သတ်မှတ်ထားခဲ့ကြသည်။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးဆီမှာတော့ မိမိဂိုဏ်းကိုပင် ထည်ထည်ဝါဝါဖြင့် ရေးထိုးထားလျက် ရှိနေသည်။
ကျွင်းချောင်ရှောင်း အနေနှင့် ဂြိုဟ်တိုက်ပွဲဆီသို့ ရောက်ရှိလာသည့်နောက်မှာတော့ သူ၏ စိတ်အခြေအနေသည် မည်သူ့ကိုမှ ဂရုမစိုက်သည့် အခြေအနေသို့ ရောက်ရှိနေ၏။ သူ့အနေနှင့် အလုံးစုံ ဝံ့ကြွားမှုကို ပြုလုပ်ပြီး အားလုံးကို သတ်ဖြတ်ရန် စဉ်းစားထားသည်။ သူ့အနေနှင့် တခြားသူများကို မရိုက်နှက်နိုင်ဘူးဆိုပါက တည်နေရာဂိတ်တံခါးကို အသုံးပြု၍ မြန်မြန်ဆန်ဆန် ပြန်သွားမှာ ဖြစ်သည်။ ပြီးသည့်နောက်မှာတော့ သေသေချာချာ ကြိုးစားလေ့ကျင့်ပြီး ထပ်မံကာ ပြန်လာ၍ လက်စားချေပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျုပ်ဂိုဏ်းရဲ့ နာမည်က ဒီနေရာမှာ ပြဿနာရှိနေလို့လား
"အမှိုက်"
ကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းက လူဆိုရင်လည်း ယောက်ျားပီပီသသ အပြင်ကို ထွက်ခဲ့လေ"
"သူ့ရဲ့အဆင့်ကို သုံးသပ်တာ ပြီးပြီလား" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
စနစ်က ပြောလိုက်၏။ "ဒီနေရာမှာ သိုင်းအုပ်စိုးသူ ကျင့်ကြံသူ နှစ်ထောင့်ခြောက်ရာကျော် ရှိပြီးတော့ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူက နှစ်ရာ့ခြောက်ဆယ်လောက် ရှိတယ်"
ကျွင်းချောင်ရှောင်းသည် လက်ကိုတစ်တောက်တောက်ဖြင့် ခေါက်ကာ တွေးလိုက်မိသည်။ "လူတော်တော်များတယ်ဆိုပေမယ့် မြေအဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး၊ ဒီတော့ အချိန်အတိုင်း အတာအတွင်း သူတို့ကို သတ်ဖြတ်နိုင်မယ်ဆိုရင် တည်နေရာ အကျယ်အဝန်းကို ချဲ့ထွင်နိုင်လိမ့်မယ်"
သို့ပေမဲ့ အားလုံးကို သတ်ဖြတ်ချင်သည်ဆိုလျှင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း နီမြန်းသွားပေလိမ့်မည်။
သူ့အနေနှင့် ဇဝေဇဝါ ချီတုံချတုံ ဖြစ်မိနေသည်။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျုပ်က ဒီကိုလာတာ ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက် တစ်ခုတည်းကိုပဲ ပစ်မှတ်ထားတာလေ၊ ခင်ဗျားတို့ ထွက်သွားရင် ကောင်းလိမ့်မယ်၊ မဟုတ်ရင် …."
သူ၏ အကြည့်များသည် အေးစက်သွား၏။ "အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ခံရမယ်"
"အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်မယ် ဟုတ်လား"
သိုင်းကျင့်ကြံသူ တစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "အမှိုက်လေး မင်းဒါကို လုပ်နိုင်လို့လား"
အားလုံးသောသူများ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အပြုံးများ ဖြစ်တည်လာခဲ့၏။ သူတို့ အနေနှင့် ဤအရာကို ရယ်သွမ်းဖွဲ့စရာဟုပင် ခံစားမိနေကြ၏။ ထို့အပြင် ချင်ရွမ်စီ သတိလစ်မေ့မျော သွားအောင် ရိုက်နှက်ခံရသည် ဆိုလျှင်တောင်မှ ဤနေရာတွင် လူပေါင်းများစွာ ရှိနေသည် ဖြစ်သောကြောင့် ထိတ်လန့် ကြောက်ရွံ့စရာ မလိုချေ။
"ဒီနေရာက မထွက်သွားဘူးဆိုရင် အညာအတာ ကင်းမဲ့တယ်လို့ ကျုပ်ကို အပြစ်မတင်နဲ့" ကျွင်းချောင်ရှောင်း သည် လက်ကိုယမ်းခါပြီးသည့်နောက် အဆင့်မြင့် ကျန်းယန်ဓားသည် သူ၏ လက်ထဲတွင် ပေါ်လာ၏။ ပြီးသည့်နောက် မှာတော့ သူသည် မျက်နှာဖုံးကို ကောက်၍ တပ်လိုက်တော့သည်။
ဝှစ် ဝှစ်
ကျန်းယန်ဝတ်စုံသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီးသည့်နောက်မှာ သူ၏ အားအင်အဆင့်များသည်လည်း တိုးပွားလာ၏။
ဝှစ် ဝှစ်
ခရမ်းရောင်ဘုရင်နှင့် တောင်ပြာဘုရင်တို့သည်လည်း ဘေးတစ်ဖက်တစ်ချက်တွင် မတ်တပ်ရပ်နေ၏။ ၎င်းတို့သည် ခန္ဓာကိုယ်ကို အသာယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ် ကောင်းလှသော အော်ရာများသည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။ ဂိုဏ်းချုပ်သည် ၎င်းတို့အား အသံပို့လွှတ်ပြီး ဖြစ်သည်။ အားအင် အဆင့်ကို ထုတ်ဖော်သည်ဆိုသည်နှင့် မည်သို့မှ ထိန်းသိမ်းထားခြင်းမရှိဘဲ တစ်ခါတည်း ဖြစ်နိုင်သမျှ အများဆုံးကို သတ်ဖြတ်ပစ်ရန်ပင် ဖြစ်သည်။
ကျန့်ရာနှင့် နင်ညီအစ်ကိုတို့အားလုံးသည်လည်း အဆင်သင့် ပြင်ဆင်ထားလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေတော့သည်။ သူတို့သည် များပြားလှသည့် တိုက်ပွဲများကို ရင်ဆိုင်ခဲ့ဖူးသည် ဆိုသော်လည်း မြန်မြန်ဆန်ဆန်နှင့် အဆုံးသတ်ခဲ့သည်ချည်းသာ ဖြစ်တော့သည်။ လက်ရှိ အခြေအနေမှာတော့ အားအင် ကောင်းမွန်လှသော သိုင်းကျင့်ကြံသူ ထောင်ကျော်တို့သည် ရှေ့တွင် တည်ရှိနေ၏။ ထို့ကြောင့် တိုက်ခိုက်ရမည်မှာ ပျော်ရွှင်ဖွယ်ရာပင် ဖြစ်ပေလိမ့်မည်။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။ "ထပ်ပြီးတော့ ပြောမယ်၊ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ ရန်သူက ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ပဲ၊ ဒီတော့ မဆိုင်တဲ့လူတွေအားလုံး ကျေးဇူးပြုပြီး ဒီနေရာက မြန်မြန်ထွက်သွားပါ၊ မဟုတ်ရင် အားလုံး ဒီနေရာမှာ မြေမြှုပ်ခံရလိမ့်မယ်"
တိုက်ခိုက်ရေး တည်နေရာတွင်တော့ ကိုယ်က သူ့ကို သတ်ရင်သတ်၊ မသတ်ရင် သူများက ကိုယ့်ကို သတ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် ဖြစ်နိုင်လျှင် များပြားလှသောဂြိုဟ်များနှင့် ရန်ပြုခြင်းကို မပြုလုပ်ချင်ပေ။
"အမှိုက်လေး"
ဂြိုဟ်တစ်ခုဆီမှ သိုင်းကျင့်ကြံသူက အေးစက်စက်နှင့် ပြောလိုက်သည်။ "လုံခြုံတဲ့ စည်းဝိုင်း တည်နေရာထဲမှာပဲ နေပြီးတော့ အရှက်မဲ့စွာနဲ့ အော်မနေနဲ့၊ တကယ်လို့ စွမ်းရည်ရှိတယ်ဆိုရင် မြန်မြန်ထွက်လာပြီးတော့"
သူသည် နဂါးလေးကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "သူ့ကို အပြင်ဘက်ကို ထုတ်လိုက်"
ဤနေရာသို့ ရောက်ရှိနေကြသော သိုင်းကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်းနှင့် တခြားသူများကို စိတ်မဝင်စားလှချေ။ ၎င်းတို့ စိတ်ဝင်စားသည်မှာ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် နဂါးလေးကိုသာ ဖြစ်သည်။ ထို့ပြင် နဂါးလေးကို သတ်ဖြတ်နိုင်မည်ဆိုပါက သီလအမှတ် ငါးရာတောင် ရရှိမည် မဟုတ်ပါလား။
"ခေါင်းမာလွန်းတာပဲ"
ကျွင်းချောင်ရှောင်းသည် ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။ သူ၏ ကျောဘက်မှာတော့ စက်အတောင်ပံ ပေါ်ပေါက်လာခဲ့သည်။ သူ၏ မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လာခဲ့၏။ "ဒါဆိုလည်း သေပေါ့"
သေပေါ့ဆိုသည့်စကားကို ပြောပြောပြီးချင်းမှာပဲ သူသည် ဝှစ်ဆိုသော အသံနှင့်အတူ အလွန်တရာ မြန်ဆန်လှသော နှုန်းထားဖြင့် တစ်ဖက်ကျွမ်းကျင်သူ၏ အရှေ့သို့ ရောက်ရှိသွားခဲ့သည်။ အေးစက်ပြီး ထက်မြသည့် ဓားအလင်းတန်းသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။
ဇွိ
ဓားအလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက် ဦးခေါင်းတစ်ခုသည် အပြင်ဘက်သို့ ပျံသန်း လွင့်စင်သွား သည်။
ဘုတ် ဘုတ် ဘုတ် ….။
ခေါင်းပြတ်ကြီးနှင့် ခန္ဓာကိုယ် အလောင်းသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ဖြစ်စဉ်တစ်ခုလုံးသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။
အနီးဆုံးတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည်ပင် ဆွံ့အမိနေကြ၏။ ၎င်းတို့ အားလုံးသည် ကျွင်းချောင်ရှောင်း မည်သို့လှုပ်ရှားလိုက်သည်ကို တစ်ယောက်မှ မသိလိုက်ကြချေ။
"ထူးခြားကုန်းမြေတိုက်ရဲ့ အမဲရောင်အဆင့် ကျွမ်းကျင်သူကို ပထမဆုံးသတ်ဖြတ်နိုင်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါတယ်၊ သီလအမှတ် တစ်ရာ ဆုလာဘ်အဖြစ် ရရှိပါတယ်
ရွီး ရွီး
ကျွင်းချောင်းရှောင်းသည် စနစ်၏ သတိပေးသံကို လျစ်လျှူရှုထား၏။ သူသည် တဖက်သို့ လှည့်ကာဖြင့် လင်းကျန့်ဓားသိုင်းကို ထုတ်ဖော်တော့သည်။ ကောင်းကင်တစ်ခုလုံးတွင် ဓားရိပ်ဓားယောင်များ ဖုံးလွှမ်း သွားတော့သည်။ အလွန်တရာ ထက်မြလှသော ဓား၏ အော်ရာများသည် လေထု တစ်ခုလုံးတွင် ပြည့်နှက်လျက် ရှိနေ၏။
"နောက်ဆုတ်၊ နောက်ဆုတ်၊ နောက်ဆုတ်"
အားလုံးတို့သည် သတိဝင်သွားပြီးသည့်နောက်မှာတော့ အနောက်သို့ ခပ်မြန်မြန် ဆုတ်လိုက်ကြသည်။ ဓားအော်ရာများ ကင်းလွတ်ရာနေရာဆီသို့ သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြခြင်း ဖြစ်ပေတော့သည်။ သို့ပေမဲ့ အချိန်မီ မလှုပ်ရှားနိုင်ခဲ့ကြသော အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ အနည်းငယ်မှာမူ များပြားလှသည့် ဓားချီများ၏ ပိုင်းဖြတ်ခြင်းကို ခံခဲ့ရတော့သည်။
ဇွိ ဇွိ ….။
သွေးများသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လွင့်စင်သွားခဲ့၏။ ခြေပြတ်၊ လက်ပြတ်များသည် နေရာအနှံ့တွင် ရှိသည်။ ဓားအော်ရာများသည် လေထုထဲတွင် ပျောက်ကွယ်သွားပြီးသည့်နောက် များပြားလှသည့် သိုင်းကျင့်ကြံသူများသည် ဆိုးရွားသည့် ပုံစံများဖြင့် သေဆုံးနေခဲ့ကြပြီ ဖြစ်တော့သည်။
"xxx ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူကို ပထမဆုံး သတ်ဖြတ်နိုင်သည့်အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါတယ်" အမျိုးသမီး၏ အသံသည် ထပ်မံကာ ထွက်ပေါ်လာခဲ့ပြန်သည်။ ဤအတောအတွင်း တချို့သော သိုင်းကျင့်ကြံသူများသည် ခပ်ဝေးဝေးတည်နေရာဆီသို့ ထွက်ပြေးနေကြပြီ ဖြစ်၏။
"သေစမ်း၊ သေစမ်း"
တစ်ဖက်မှ သေဆုံးသွားကြသော သိုင်းကျင့်ကြံသူများနှင့် အဖော်လိုက်ပါလာသော ကျင့်ကြံသူများသည် မည်သို့မှ မခံစားနိုင်ကြတော့ချေ။ ထို့ကြောင့် ၎င်းတို့သည် ကျင့်ကြံခြင်း နည်းစနစ်များကို အစစ်အမှန် ထုတ်ဖော်ကာဖြင့် ကျွင်းချောင်ရှောင်းကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ ခရမ်းရောင်စွမ်းအင် လက်သီးကြီးတစ်ခုသည် တည်နေရာထဲမှ ထွက်ပေါ်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူနှစ်ဆယ်ကျော်တို့သည် တစ်ခါတည်း နောက်သို့ လွင့်စင်သွားစေ၏။ ပေါက်ကွဲမှု အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသောကြောင့် ၎င်းတို့ ခန္ဓာကိုယ်အားအင်သည် မည်သို့မှ မခံစားနိုင်ဘဲ တစ်ခါတည်း ပေါက်ကွဲကာ သေဆုံးကုန်ကြ၏။ တည်နေရာတစ်ခုလုံးတွင် သွေးမိုးများကဲ့သို့ပင် ရွာချလာ၏။
ဟူး.........
ပတ်ဝန်းကျင်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် သက်မချမိလိုက်၏။ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ အများအပြားကို လက်သီးချက်တစ်ခုတည်းဖြင့် ထိုးနှက်ကာ သတ်ဖြတ်ခဲ့ခြင်း ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည်။ ဤကိုယ်လုံးတီးနှင့်လူ၏ အားအင်အဆင့်သည် အလွန် အားကောင်းလွန်းလှသည်။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ ကြမ်းရမ်းလှသော အားအင်များသည် ကောင်းကင်အထက်တွင် ဖြစ်တည်လာ၏။ ကောင်းကင်တစ်ခုလုံး မဲမှောင်သွားခဲ့သည်။ ၎င်းတို့သည် ထိတ်လန့်တကြားဖြင့် အပေါ်သို့ မော့ကြည့်လိုက် သည့်နောက် ကြီးမားသည့်လက်ဝါးရိုက်ချက်ကြီးသည် အောက်သို့ကျဆင်းလာသည်ကို မြင်လိုက်ရ၏။
"သွားပြီပဲ"
ဘုန်း ဘုန်း ဘုန်း
ကြမ်းတမ်းလှသော အော်ရာများ ပါဝင်နေသော လက်ဝါးရိုက်ချက်ကြီးသည် သိုင်းကျင့်ကြံသူ နှစ်ဆယ်ကျော်တို့အား သေဆုံးပြီး မြေပေါ်သို့ ပြုတ်ကျစေခဲ့တော့သည်။ တိုက်ခိုက်လာသူသည် ပိုင်လျှိုပင် ဖြစ်တော့သည်။
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ဤနှစ်ယောက်သည် ကြမ်းတမ်းစွာဖြင့် တိုက်ခိုက်ခဲ့ကြ၏။ သူတွေးနေတုန်းမှာပင် ခရမ်းရောင်ဘုရင်နှင့် ပိုင်လျှိုတို့၏ ခန္ဓာကိုယ်ပေါ်မှာ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ ကောင်းကင်ယံထက်တွင် အသံတစ်ခု ထွက်ပေါ်လာ၏။
"ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူနှစ်ယောက်က အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ လေးဆယ့်ခြောက်ယောက်ကို တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့တယ်၊ သူတို့ကို အဆင့်သုံးဝရမ်း ထုတ်ပြန်လိုက်တယ်၊ ဆုလာဘ်အနေနဲ့ သီလအမှတ်ငါးရာ ရရှိပါမယ်"
ဝှစ် ဝှစ်
အလင်းတန်းနှစ်ခုသည် ကောင်းကင်ပေါ်သို့ တက်သွား၏။
"ထင်ထားတဲ့ အတိုင်းပဲကိုး"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ "ငါတို့ကတော့ နာမည်ကြီးပြန်ပြီ"