တပည့်စာရင်း
Vol. 10 Ch. 133
“အဲဒီဝတ္ထုတွေကို ငါလည်းဖတ်ခွင့်ရရင်ကောင်းမှာပဲ အနည်းဆုံးတော့ ငါရင်ဆိုင်ရမယ့်အရာတွေကို အကြမ်းဖျင်းနားလည်နိုင်မှာပေါ့”
အရှေ့ပိုင်းတိုက်ကြီး၏ အဓိကဇာတ်လိုက်မှာ မည်သို့သောခြိမ်းခြောက်မှုမျိုးဖြစ်သည်ကိုမူ သူသည်သိရှိထားပြီးဖြစ်လေသည်။
ရဲ့လန်တွင် သူ့ကဲ့သို့ပင် စနစ်တစ်ခုရှိနေသည်မှာမှန်သော်လည်း ထိုအရာသည် အားနည်းရာမှ တဖြည်းဖြည်းချင်း သန်မာလာသော ဇာတ်လမ်းမျိုးဖြစ်လေသည်။
စနစ်အကူအညီ ရှိနေသော်လည်း ခြိမ်းခြောက်နိုင်လောက်သည့် အဆင့်အထိ အားကောင်းလာဖို့ ဆိုသည်မှာ အချိန်အတော်ကြာယူရဦးမည်ဖြစ်လေသည်။
ဤသို့ဖြင့် သူ၏ လမ်းကြောင်းတစ်လျှောက်လုံးတွင် ပိုမိုသန်မာလာစေရန် အခွင့်အရေးများစွာကို တဖြည်းဖြည်းချင်းရယူရမည် ဖြစ်လေသည်။
အာရန်မှာ ထိုကဲ့သို့ဇာတ်လိုက်မျိူးကိုအချိန်ပြည့် စောင့်ကြည့်နေသရွေ့ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်အောင် တားဆီးနိုင်ရုံသာမက သူ၏ အကျိုးအမြတ်များအတွက်ပါ အသုံးချနိုင်သေးသည်။
တစ်ဖက်တွင်မူ ကျန်ဝတ္ထုသုံးပုဒ်၏ ဇာတ်လိုက်များမှာ ဘယ်သို့သောပုံစံမျိုးဖြစ်ကြသည်ဆိုခြင်းကိုပင် သူ မသိနိုင်ချေ။
သူသည် ထို ဇာတ်လမ်းများ၏ ခေါင်းစဉ်များမှတစ်ဆင့်သာ ခန့်မှန်းနိုင်ရုံပဲတတ်နိုင်ပြီး ထိုအရာမှာလည်း ခန့်မှန်းချေသာဖြစ်သဖြင့်မှားယွင်းနိုင်ချေများရှိနေလေသည်။
သူသိသမျှထဲတွင် ကျန်စာအုပ်သုံးအုပ်အကြောင်းကို သိထားသောတစ်ဦးတည်းသောသူမှာ စာရေးဆရာဆိုသူသာဖြစ်ပြီး ထိုပုဂ္ဂိုလ်မှလည်း သူ့ကိုယ်သူ စာရေးဆရာမဟုတ်ကြောင်းကို ခေါင်းမာစွာဖြင့် ငြင်းဆန်ထားလေသည်။
“ငါ့လူတွေကို တခြားတိုက်ကြီးတွေကို စုံစမ်းဖို့ လွှတ်သင့်သလား”
ဟု တိုးတိုးလေး ပြောလိုက်သည်။
“မဖြစ်ဘူး အဲဒါက တာဝန်ပိုကြီးသွားစေလိမ့်မယ် အဲဒီလိုသာ လွှတ်လိုက်ရင် လွှတ်လိုက်တဲ့လူတွေကိုသာ ဖမ်းမိသွားရင် ငါ့အတွက် ပိုပြီး ဒုက္ခရောက်စေလိမ့်မယ်”
“ပထမဆုံး ငါ့ရဲ့ အင်အားကို အရှေ့တိုက်မှာ စုစည်းဖို့ လိုတယ် ပြီးရင် ငါ့ရဲ့ ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားတဲ့စည်းတံဆိပ်ကို ဖွင့်ပေးနိုင်တဲ့ အဲ့ဒီ ပစ္စည်းကို ခိုးဖို့ သူရဲကောင်းအကယ်ဒမီထဲကို ဝင်ရောက်ဖို့လဲလိုသေးတယ်”
“အခုချိန်ထိတော့ အရာအားလုံးက တည်ငြိမ်နေ
ပုံရတယ် ဒါပေမဲ့ ငါ့ရဲ့ ကံဆိုးပုံနဲ့ဆိုတော့ ဘာကိုမှ သေချာမပြောနိုင်ဘူး ငါ့အစီအစဉ်တွေ ပျက်စီးမသွားဖို့ မျှော်လင့်ပါတယ်...”
အာရန်သည် အိပ်ရာပေါ်မှထလိုက်ပြီး သူ့အားအသင့်စောင့်ဆိုင်းနေသော လေးလံသည့် အကြီးအကဲ ဝတ်စုံဆီသို့ လျောက်သွားလိုက်လေသည်။
သူသည်ထိုဝတ်စုံကို မဝတ်ရသေးသော်လည်း မြင်သည်နှင့်ပင် ပင်ပန်းနေပြီဟု ခံစားရလေသည်။
“ဘာမှမလုပ်ခင် ကျန်ဂိုဏ်းတွေကို ရှင်းလင်းပစ်ဖို့ လိုအပ်နေတယ် အဲဒီအခါမှ ဂိုဏ်းချုပ်ဆီကနေငါ့ လွတ်လပ်ခွင့်ကို ပြန်ရနိုင်မှာဖြစ်တယ်”
ထို့နောက်သူသည် သူ၏ လေးလံတဲ့ ဝတ်စုံရှည်ကြီးကို ကောက်ယူလိုက်ပြီး ဝတ်ဆင်လိုက်လေသည်။
“ဆီလက်စ်ရေ ငါတို့ အပြင်ထွက်ကြမယ်”
အာရန်၏ အသံကို ကြားတော့ ဆီလက်စ်ကလေးသည် သူ့ဆီကို ပျံသန်းလာကာ သူ၏ ပခုံးပေါ်တွင် ထိုင်လိုက်သည်။
ထို့နောက် အာရန်သည်လည်း အိမ်အတွင်းမှ ထွက်လာခဲ့လေသည်။
ဂိုဏ်းချုပ်က သူ့အား ကိုယ်တိုင်ပင် တာဝန်တစ်ခု ပေးအပ်ထားခြင်းဖြစ်သဖြင့် ယခုတာဝန်ကို ထမ်းဆောင်နေစဉ်တွင် သူ့၌ အာဏာအပြည့်အ၀
ရှိနေလေသည်။
တာဝန်ခန်းမကတောင် ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပဲ ယခုသူလုပ်ရန်လိုအပ်သည်မှာ ဂိုဏ်းသားများအား ဤတာဝန်အတွက် သူစိတ်ကြိုက် စုစည်းပေးရန်ပင်ဖြစ်သည်။
အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်စေဖို့ သူသည် အဓိကတပည့်များနှင့် အတွင်းတပည့်များကို အကုန်ခေါ်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
“အဓိကတပည့်တွေနဲ့ဆိုရင် ငါက မလိုအပ်ဘဲ ဝင်ပါဖို့တောင် လိုမှာမဟုတ်ဘူး” ဟုတွေးမိလိုက်သည်။
“ခုခရီးစဉ်ဟာ ငါ့အင်အားကို တည်ဆောက်ရင်း ကျင့်ကြံခြင်းအဆင့်တွေကို မြှင့်တင်နိုင်ဖို့လည်း အလွန် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်လိမ့်မယ်”
တာဝန်ခန်းမသို့ မသွားခင် ချင်းယုအား သွား
ရောက်ကြည့်ရှုရန် သူမ၏ ခြံရှေ့တွင် ဆင်းသက်လိုက်လေသည်။
သူမအား ယခုခရီးစဉ်တွင် အတူ ခေါ်ဆောင်သွားရန်ပင် တွေးထားခဲ့ခြင်းဖြစ်သည်။
သူမအတွက်လည်း လေ့ကျင့်ရေးပုံစံတစ်ခု ဖြစ်သွားနိုင်လေသည်။
အဓိကတပည့်များ တိုက်ခိုက်သည်ကို ကြည့်ရှုရင်းဖြင့် သူမသည် များစွာ သင်ယူနိုင်ဦးမည်ဖြစ်လေသည်။
အာရန်သည် တံခါးကို ဆွဲဖွင့်၍ အတွင်းထဲသို့ ဝင်သွားလိုက်ကာ မကြာခင်မှာပင် ချင်းယုအား သူမ၏ အခန်းအတွင်း၌ တွေ့လိုက်ရလေသည်။
ချင်းယုသည် သူမ၏ အိပ်ရာပေါ်မှာ ထိုင်နေခဲ့ပြီးချီစုဆောင်းခြင်းကျင့်စဉ်စာအုပ်က သူမ ဘေးတွင်ရှိနေခဲ့လေသည်။
“မဆိုးဘူး ဒြပ်စွမ်းအင်အတတ်ကို အာရုံစိုက်မယ့်အစား သူ့ရဲ့ ချီ စုဆောင်းခြင်းအတတ်ကိုပဲ တိုးတက်အောင် အရင်လုပ်နေတယ်”
သူမသည် ချီစုဆောင်းခြင်း၏ အနှစ်သာရကို နားလည်နေရုံသာမက သူမ ပတ်ဝန်းကျင်ရှိ ချီအားလုံးကိုလည်း လောဘကြီးစွာ စုပ်ယူနေခဲ့လေသည်။
‘သူမက အဆင့်တက်တော့မယ့်နဲ့ တူတယ်’
အာရန်သည် ယခုလိုအချိန်မျိုးတွင် သူမအား အနှောင့်အယှက် မပေးလိုခဲ့ပေ။
ယခုလို အခွင့်အရေးမျိုးသည် ရှားပါးလေသည်။
အထူးသဖြင့် သူမသည် ထိုကျင့်စဉ်ကို မနေ့ညကမှ ရထားခြင်းဖြစ်လေသည်။
အာရန်သည် သူမအား စောင့်ရန် တွေးလိုက်မိသေည်လည်း အချိန်များစွာကြာသွားနိုင်လေသည်။ ထို့အပြင်သူသည် အချိန်မည်မျှကြာမည်ကိုပင် မခန့်မှန်းနိုင်ချေ။
နောက်ဆုံးတွင် သူမအား ခေါ်သွားရန် စိတ်ကူးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ထို့ကြောင့်သူသည် ဂိုဏ်းအပြင်ခဏထွက်သွားရန်လိုအပ်ကြောင်းကို အသိပေးရန် စာတစ်စောင် ရေးထားခဲ့လိုက်လေသည်။
သူသည် ထိုစာအား အခန်း၏ စားပွဲပေါ်တွင် တင်ပြီး ထွက်လာခဲ့သည်။
ထို့နောက်တော့ တောင်ခြေဘက်သို့ ဆက်သွားခဲ့သည်။
ထိုနေရာတွင် ရဲ့လန်မှ ဆေးပင်ထုပ်အား ခေါင်းအုံးအဖြစ် အသုံးပြုကာအိပ်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။
အာရန်သည် ထို ဆေးပင်ထုပ်များအား သူ၏ သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းလိုက်ပြီး
ရဲ့လန်မှ ခေါင်းအုံးအဖြစ် အသုံးပြုနေသော နောက်ဆုံးအထုပ်ကို ဆွဲထုတ်လိုက်သည်။
ရဲ့လန်သည် မြေပြင်အား ခေါင်းနဲ့ ဆောင့်မိသွားပြီး ချက်ချင်း လန့်နိုးလာကာ အပေါ်ရှိ လှပသော ကောင်းကင်ကို မြင်လိုက်ရသည်။
“ဒါတွေအားလုံး အိပ်မက်လို့ ငါထင်ခဲ့တာ”
သူသည် မတ်တပ်ရပ်ကာ ခေါင်းနောက်ပိုင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“အိပ်မက်တွေက လည်း မကြာခင်မှာ အိပ်မက်ဆိုးတွေ ဖြစ်လာတတ်တယ်”
အာရန်က ရဲ့လန်အားလှည့်ကြည့်ရင်း ပြောလိုက်သည်။
“အကြီးအကဲ ရန်လား မင်္ဂလာပါ”
ရဲ့လန်မှာ သူအလွန်သတ်ချင်နေသော အာရန်အား ချိုသာစွာ နှုတ်ဆက်လိုက်လေသည်။
“နှုတ်ဆက်တာတွေ တော်လောက်ပြီ ငါ ဂိုဏ်းအပြင် ထွက်တော့မယ် မင်းလည်း ငါနဲ့ လိုက်ခဲ့ရမယ်”
အာရန်က ရဲ့လန်၏ ကော်လာစကို ဆွဲကာ ကောင်းကင်မှ ပို၍မြင့်အောင် ပျံသန်းသွားလေသည်။
....
အာရန်က တာဝန်ခန်းမကို ရောက်သွားသောအခါ အံ့အားသင့်စရာပင် တာဝန်ခန်းမ၏ ခေါင်းဆောင်မှ သူ့အား အပြင်ထွက်၍ စောင့်ကြိုနေခဲ့လေသည်။
“အကြီးအကဲ ရန် ဒီနေ့ ခင်ဗျားလာမယ်လို့ သတင်းရထားပါတယ်”
မုတ်ဆိတ်မွှေးထူထူနှင့်အဘိုးကြီးက စာမျက်နှာ တစ်ထောင်ကျော်ရှိပုံရသော ထူထဲသည့် စာအုပ်တစ်အုပ်ကို အာရန်အား ပေးရင်း ပြောလိုက်သည်။
“ဒါက...” အာရန်က စိတ်ရှုပ်ထွေးသွားသဖြင့် ပြန် မေးလိုက်သည်။
“ဒါက ဂိုဏ်းတပည့်အားလုံးရဲ့ စာရင်းပါ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အင်အားပေါ်မူတည်ပြီး အားအကောင်းဆုံးကနေ အားအနည်းဆုံးအထိ အဆင့်သတ်မှတ်ထားပါတယ်” ဟု မုတ်ဆိတ်မွှေးထူထူနှင့်ထိုအဘိုးကြီးမှ ရှင်းပြလိုက်သည်။
“လက်ရှိ ဂိုဏ်းထဲမှာ မရှိတဲ့ တပည့်တွေကို သူတို့နာမည်ရှေ့မှာ အစက်လေးနဲ့ မှတ်သားထားပါတယ် သူတို့ကို ဖယ်ထားပြီးရင် ကျန်တဲ့ဘယ်သူ့ကိုမဆို ရွေးချယ်နိုင်ပါတယ်”
“ဟုတ်ပါပြီ ဂိုဏ်းချုပ်က ခင်ဗျားကို အသိပေးထားပြီးသားပဲ”
အာရန်သည် ထိုစာအုပ်ကို ဖွင့်လိုက်ကာ အဓိကတပည့်များ၏ စာရင်းပါသော ပထမစာမျက်နှာကို စစ်ဆေးရင်း ပြောလိုက်သည်။
“ကျွန်တော် ရွေးချယ်နိုင်တဲ့ တပည့်အရေအတွက်မှာ ကန့်သတ်ချက်များ ရှိလား” ဟု ထပ်မံမေးလိုက်သည်။
အဘိုးကြီးက ခေါင်းခါလိုက်သည်။
“ဒီလို ကန့်သတ်ချက်တွေအကြောင်း ကျွန်တော် မသိရပါဘူး ခင်ဗျားလိုချင်ရင် သူတို့အားလုံးကို ခေါ်သွားနိုင်ပါတယ်”
“ကံမကောင်းစွာနဲ့ ခင်ဗျားကို ခေါ်သွားမယ့် သင်္ဘောမှာ လူတစ်ထောင်ပဲ ဆံ့ပါတယ် တခြားနည်းလမ်းတွေ စီစဉ်နိုင်ရင် လူတိုင်းကို ခေါ်သွားနိုင်ပါတယ်”
“အဲဒီကိစ္စအတွက် လူတစ်ထောင်ဆို လုံလောက်ပါပြီ ကျွန်တော် ခေါ်သွားမှာက-“
အာရန်က စိတ်ပိုင်းဖြတ်ပြီးသားဖြစ်လေသည်။
အရည်အသွေးကို အရေအတွက်ထက် ပိုလိုချင်ခဲ့လေသည်။
သူသည် အားအကောင်းဆုံး တပည့်များကိုသာ ရွေးချယ်မည်ဖြစ်လေသည်။
သူ၏ ဆန္ဒကို ပြောပြရန် ပြင်ဆင်လိုက်စဉ်မှာပင် သူသည် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။
ထို့နောက် အာရန်၏ ရှေ့တွက် ရွေးချယ်စရာ လေးခုပါသော မျက်နှာပြင်တစ်ခု ပေါ်လာလေသည်။
“တကယ်ကြီးလား”
သူသည် ရွေးချယ်စရာများအား ဖတ်ရှုရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
#Catfoot