လူသွေးမဟုတ်ဘူး
Vol. 10 Ch. 135
အာရန်၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားသည်။
“သူတို့ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလားဆိုတာ ကျုပ်တို့ မကြာခင် သိရလိမ့်မယ်လို့ ထင်ပါတယ်”
အဘိုးကြီးက သက်ပြင်းချလိုက်သော်လည်း နားလည်ကြောင်းသာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ ခင်ဗျားရဲ့ သူတို့အပေါ် ယုံကြည်ချက်က မှားယွင်းမသွားဖို့ မျှော်လင့်ပါတယ်”
အာရန်သည် ပြင်ဆင်ရန်ထွက်သွားသော ထိုအပြင်စည်းတပည့်များအား ကြည့်နေလိုက်သည်။
ဤတစ်ခေါက် တာဝန်သည် သူတို့အတွက်အန္တရာယ်များကြောင်း သူနားလည်သော်လည်း ပြီးမြောက်အောင် လုပ်ကိုလုပ်ရမည်ဖြစ်ပေသည်။
ယခုရင်ဆိုင်ရမည့် ဂိုဏ်းများသည် မိစ္ဆာဂိုဏ်းထက် အားနည်းသော်လည်း တပည့် ဆယ်ယောက်မျှဖြင့် ချေမှုန်းနိုင်လောက်အောင် အားနည်းသည်တော့မဟုတ်ပေ။
သူရွေးချယ်လိုက်သော ရွေးချယ်မှုသည် အန္တရာယ်များကြောင်း သိနေသော်လည်း ၎င်းသည် မလွှဲမရှောင်သာသော ခြေလှမ်းတစ်ခုဖြစ်သည်။
သူ၏ လက်ရှိကိုယ်ပိုင်တိုးတက်မှုအတွက်သာမက သူ၏ အနာဂတ်အတွက်လည်းပါဝင်လေသည်။
ဤလူငယ်များအတွက်လည်း သူသည် အသေခံခိုင်းရန် စီစဉ်ထားခြင်း မဟုတ်ပေ။
သူ၏အောင်မြင်မှုသည် သူတို့၏အောင်မြင်မှုပေါ်တွင် မူတည်သည်။
အကယ်၍ သူတို့သာ သေဆုံးသွားပါက ဆုလာဘ်ကို မည်သို့ ရယူနိုင်တော့မည်နည်း။
သူသည် ဤဆယ်ယောက်အား သူတို့နေရာတွင် ကူညီ၍ ဝင်ရောက်တိုက်ခိုက်မပေးဘဲ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ကို သိထားသည်။
သို့သော် အခြားနည်းလမ်းများဖြင့် သူတို့ကို မကူညီရဟု မကန့်သတ်ထားချေ။
‘ငါ့မှာ ဖီးနစ်ငှက်သာရှိရင် ဒီတာဝန်မှာ ကလိန်ကကျစ်နဲနဲကျလို့ရနိုင်လိမ့်ဦးမယ် ကံမကောင်းစွာနဲ့
အဲဒါက အခု မဖြစ်နိုင်တော့ဘူး တခြားလူတစ်ယောက်ရဲ့ အကူအညီကိုတော့ ယူလို့မရနိုင်ဘူး အဲဒါဆို ဆယ့်တစ်ယောက်မြောက်အဖြစ် စနစ်က မှတ်ယူသွားတာ ခံရလိမ့်မယ်’
အချိန်အတော်ကြာ အာရန်သည် စနစ်၏ ရွေးချယ်မှုဘောင်အတွင်း မပျက်ကွက်ဘဲ ထိုတပည့်များအား အောင်မြင်အောင် ကူညီနိုင်မည့် နည်းလမ်းများကို စဉ်းစားရင်း တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
.....
တစ်နာရီခန့်ကြာသောအခါ အာရန်သည် ဆိပ်ခံတံတားအစွန်းတွင် ရပ်နေပြီး ကောင်းကင်ယံဆီမှ ထွက်ပေါ်လာသော နေမင်းကြီးကို စောင့်ကြည့်နေခဲ့သည်။
လေသင်္ဘော တစ်စင်းသည် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ အာရန်၏ နောက်တွင်တပည့် ဆယ်ယောက်သည် ရပ်လျက်စောင့်နေကြလေသည်။
သူတို့၏ မျက်နှာများသည် အပြည့်အဝ ယုံကြည်မှု မရှိသေးကြောင်းသိသာနေသည်။
“မှတ်ထားကြ”
အာရန်က ထိုတပည့်များအား မျက်နှာမူရင်း ပြောလိုက်သည်။
“ဒီတာဝန်က မင်းတို့အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်တယ် တကယ်လို့ မင်းတို့သာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရင် မင်းတို့ဟာ အတွင်းစည်းတပည့်တွေ ဖြစ်လာလိမ့်မယ် ဒါကြောင့် ငါပေးထားတဲ့ ဒီအခွင့်အရေးကို မဖြုန်းတီးကြနဲ့”
ထိုသို့ပြောပြီးနောက် အာရန်သည် လေသင်္ဘောပေါ်သို့ တက်လိုက်လေသည်။
တုံ့ဆိုင်းမှု၊မသေခြာမှုတို့နှင့် ပြည့်နှက်လျက်ရှိသော ထိုအပြင်စည်းတပည့်ဆယ်ယောက်သည် အာရန်၏ ပြောစကားကို ကြားသောအခါ သူတို့၏ မျက်လုံးများမှာ တောက်ပလာကြသည်။
အတွင်းစည်းတပည့်များ ဖြစ်လာရန် အခွင့်အရေးဖြစ်သည်။ သူတို့အတွက်မူ ထိုအတွင်းတပည့်များ ဖြစ်နိုင်ရန်မှာ အလွန်တရာ ခက်ခဲသောအိမ်မက်ပင်ဖြစ်လေသည်။
သူတို့သည် အပြင်စည်းဂိုဏ်းတွင်ပင် အားအနည်းဆုံးများ ဖြစ်သောကြောင့် အတွင်းစည်းတပည့်များ ဖြစ်လာရန် စာမေးပွဲတွင်ပင် ပါဝင်ခွင့် မရကြချေ။
အတွင်းစည်းအကြီးအကဲ တစ်ယောက်က သူတို့ကို ကူညီရန် ဆန္ဒရှိပါက ထိုကန့်သတ်ထားသော နေရာများအတွက် မယှဉ်ပြိုင်ရပါပဲနှင့်ပင် အတွင်းစည်းတပည့်များ တန်း ဖြစ်လာနိုင်လေသည်။
အုပ်စုထဲမှ လူငယ်များသည် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
ဤတာဝန်တစ်ခုလုံးသည် သူတို့အတွက် အမှန်တကယ် အခွင့်အရေးနှင့် စမ်းသပ်မှုတစ်ခုဖြစ်သည်။
ထို့ပြင် အကြီးအကဲရန်သည် တာဝန်တစ်လျှောက်လုံး တွင် သူတို့ကို စောင့်ကြည့်နေမည်ဖြစ်သည်။
အကယ်၍ သူတို့သာ သူ့ရှေ့တွင် အံ့မခန်းစွမ်းဆောင်ရည်ကို ပြသနိုင်ပါက သူ၏ အာရုံကို ပို၍ပင် ဖမ်းစားရန် အခွင့်အရေး ရနိုင်ပေလိမ့်မည်။
သူက သူတို့ကို ကိုယ်ပိုင်တပည့်များအဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့လျှင်ကော။
အပြင်စည်းဂိုဏ်းတွင်ပင် အားအနည်းဆုံးများအနေဖြင့် တည်ရှိသောသူတို့အတွက် ဂိုဏ်းတွင် ရာထူးများစွာ မရှိပေ။
သို့သော် သူတို့၏ မွေးရပ်မြို့များတွင်မူ ချီးကျူးခံရဆဲဖြစ်သည်။
သူတို့သည် ဤမိစ္ဆာဂိုဏ်းသို့ဝင်ရောက်နိုင်ခဲ့ကြသောကြောင့် သူတို့၏ မြို့များတွင်မူ တောက်ပသော ကြယ်ပွင့်လေးများဖြစ်ကြလေသည်။
သူတို့သာအကယ်၍ အကြီးအကဲ တစ်ယောက်၏ ကိုယ်ပိုင်တပည့်ရင်းများ ဖြစ်လာပါက မည်သို့ဖြစ်သွားမည်နည်း။
သူတို့၏ မိသားစုများသည် သူတို့နှင့်အတူ အမြင့်နေရာများ တမဟုတ်ချင်း ခုန်ပေါက်၍ တက်လှမ်းရောက်ရှိသွားကြမည် ဖြစ်လေသည်။
ထိုအခါ ဘုရင်ခံများပင် သူတို့၏ မိသားစုများကို
လေးလေးစားစားဆက်ဆံရမည်ဖြစ်သည်။
ထိုအရာက အကြီးအကဲတစ်ဦး၏ တပည့်ရင်းဖြစ်ခြင်း၏ အကျိုးကျေးဇူးများအနက် အစွန်အဖျားကလေးမျှသာ ဖြစ်ပေသေးသည်။
သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအစားလောဘများဖြင့် အစားထိုးခံလိုက်ရလေသည်။
အာရန်၏ စကားများသည် အခြားမည်သည့် စေ့ဆော်မှုစကားလုံးများထက်မဆို သူတို့အား ပိုမို၍ပင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။
သူတို့သည် ဤတာဝန်အတွက် မျှော်လင့်ချက်များစွာဖြင့် သင်္ဘောပေါ်သို့ တက်ခဲ့ကြသည်။
လူအယောက်တစ်ထောင်ကို အလွယ်တကူ သယ်ဆောင်နိုင်သော သင်္ဘောပေါ်တွင် လူတစ်ဒါဇင်ခန့်သာ ရှိပြီး သူတို့အများစုမှာ သင်္ဘောကို လမ်းညွှန်ရန် တာဝန်ရှိသူများ ဖြစ်ကြလေသည်။
လေသင်္ဘောကြီးသည် မကြာမီမှာပင် ကောင်းကင်ထက်သို့ ပျံသန်း၍ထွက်ခွာသွား
လေတော့သည်။
....
မဟာအကြီးအကဲ ဇီယာသည် ထိုမှတ်တမ်းကို တစ်ညလုံး ပြန်ကြည့်နေခဲ့သည်။
တစ်စက္ကန့်ပင် သူမ ပျင်းရိမသွားခဲ့ပါ။ အဲဒီအစား မှတ်တမ်းကို ကြည့်တိုင်း သူမသည် အသိအမြင်အသစ်တစ်ခုစီကို ရရှိခဲ့သည်။
မနက်ရောက်သောအခါ သူမ၏ နားလည်နိုင်စွမ်းသည် ပို၍ပင် တိုးတက်လာသည်ဟု ခံစားမိခဲ့သည်။
သူမသည် ဆဌမအဆင့် ဆေးဖက်ဝင်အပင်များကို အသုံးပြု၍ သတ္တမအဆင့် ဆေးလုံးတစ်လုံးကိုပင် ဖန်တီးနိုင်လိမ့်မည်ဟုပင် တွေးမိလိုက်သည်။
သူမသည် အာရန် အသုံးပြုခဲ့သော ဆေးပေါင်းအိုးကို အလျင်အမြန် ပြင်ဆင်လိုက်သည်။
တူညီသော ဆေးဖက်ဝင်အပင်များကိုသာ အသုံးပြု၍ အာရန်ဖန်တီးခဲ့သည့် အသိစိတ်မြှင့်တင်ဆေးကိုပင် ဖန်တီးရန် ကြိုးစားကြည့်လိုက်သည်။
သူမသည် သူ၏ခြေလှမ်းများအတိုင်း ဂရုတစိုက် ထပ်ခါတလဲလဲ လုပ်ဆောင်ပြီး သူမ၏ ကိုယ်ပိုင်တိုးတက်မှုကို သတိပြုစောင့်ကြည့်နေခဲ့သည်။
သူမသည် အာရန်၏ နည်းလမ်းအတိုင်း တိကျစွာ လိုက်နာခဲ့သော်လည်း တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။
သူမသည် သူ့ကဲ့သို့ပင် သတ္တမအဆင့်ဆေးလုံးမျိုး ကို ဖန်တီးနိုင်ခဲ့သော်လည်း အနိမ့်ဆုံးအဆင့် ဆေးလုံးမျိုးသာဖန်တီးနိုင်လေသည်။
တစ်ဖက်တွင်မူ အာရန်သည် အမြင့်ဆုံး သတ္တမအဆင့် ဆေးလုံးကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
သူမသည် ဘယ်နှစ်ကြိမ် ကြိုးစားသည်ဖြစ်စေ အမြင့်ဆုံး သတ္တမအဆင့် ဆေးလုံးကို မဖန်တီးနိုင်ခဲ့ပေ။
ဆဌမအဆင့် ဆေးဖက်ဝင်အပင်များဖြင့် သူမ စီမံနိုင်သော အကောင်းဆုံးအရာမှာ အလယ်အလတ် သတ္တမအဆင့်ဆေးလုံးတစ်လုံးပင် ဖြစ်လေသည်။
“ငါ ဘာများ မှားနေတာလဲ ငါကသူလုပ်သလိုတသွေမတိန်း လိုက်လုပ်ကြည့်ရင် လုပ်လို့ရမယ်လို့ထင်နေခဲ့တာ ကြည့်ရတာ သူ့ကို လူကိုယ်တိုင် မေးမှပဲ ရတော့မယ်ထင်တယ်”
သူမသည် သူ့ထံမှ လမ်းညွှန်မှုအချို့ရယူရန် ပြင်ဆင်ထားခဲ့သော်လည်း မနက်သို့ရောက်သောအခါတွင်မူ တုံ့ဆိုင်းနေမိခဲ့သည်။
သူ့လိုသူမျိုးထံမှ အကူအညီတောင်းခံရမည်ကို တွေးမိလိုက်သောအခါ ရှက်ရွံ့မိသွားလေသည်။
သူမသည် အာရန်၏ အကူအညီမပါဘဲ ထိုအရာကို လုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ထို့နောက် တပည့်တစ်ဦးအနေဖြင့် သူ့ထံ ချဉ်းကပ်မည့်အစား အဆင့်ခုနစ် အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေဖြင့်သာ ချည်းကပ်လိုနေခဲ့
သည်။
ဤသို့ဆိုပါက သိပ်၍ ရှက်စရာကောင်းတော့မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် သူမသည် သူ၏ အဆင့်သို့ မရောက်ရှိခဲ့ပါ။
သူတို့နှစ်ဦးစလုံးသည် သတ္တမအဆင့် အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြသော်လည်း သူမ၏ အဆင့်သည် သူ့ထက် နိမ့်ကျနေသေးသည်။
သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း နောက်ဆုံးတွင် ရှက်ရွံ့မှုများကြားမှပင် သူ့ထံမှ လမ်းညွှန်မှုရယူရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ဆေးပေါင်းအိုးကို ဆေးဖက်ဝင်အပင် အနည်းငယ်နှင့်အတူ သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။
သူမသည် သူမ၏ ခြံအပြင်သို့ ထွက်ခွာလိုက်ပြီး
အကြီးအကဲရန်၏ နဝမတောင်ထိပ်သို့ ပျံသန်းသွားလိုက်သည်။
“ဒါက သူ့အိမ်လား သူ က ရူးနေတာလား ဒီလိုနေရာမှာ ဘယ်လိုလူက အိမ်ဆောက်ထားတာလဲ”
သူမသည် အာရန်၏ နေအိမ်ကိုလှည့်ပတ် ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် တံခါးအား အကြိမ်ကြိမ် ခေါက်ခဲ့သော်လည်း မည်သူမျှ ပြန်မဖြေခဲ့ပါ။
အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သူမသည် စိတ်ရှည်မှု ကုန်ဆုံးသွားပြီး တံခါးကို ကန်ဖွင့်ကာ ဝင်သွားလိုက်သည်။
“ဟင် သူက ဒီမှာ မရှိဘူးလား”
သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုခဲ့သော်လည်း အာရန်ကို ဘယ်နေရာမှမှ မတွေ့ခဲ့ရချေ။
သူမသည် အခြားနေရာများတွင် ရှာဖွေရန် ထွက်ခွာဖို့ ပြင်ဆင်လိုက်စဉ် သူမ၏ အကြည့်သည် အာရန်၏ အိပ်ရာအောက်ရှိ နေရာတစ်ခုဆီသို့ ကျရောက်သွားလေသည်။
“ဒါက... လူ့သွေး မဟုတ်ပါလား”
#Catfoot