အခန်း (၈၈၉)
Vol. 60 Ch. 889
နဂါးလေး၊ ခရမ်းရောင်ဘုရင်နှင့် ပိုင်လျှိုတို့သည် တိုက်ခိုက်ချက်တစ်ခုတည်းနှင့် လူပေါင်းများစွာတို့ကို သတ်ဖြတ် ပစ်ခဲ့သည်။ ၎င်းတို့အားလုံးသည် ဝရမ်းထုတ်ပြန်ခြင်းကို ခံခဲ့ရသည်။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် စည်းမျဉ်း တစ်ခု ရှိနေသည်။ တခြားသူများကို နှောင့်နှေးမှုမရှိဘဲ သတ်ဖြတ်ရမည်မှာ သဘာဝပင် ဖြစ်သည်။ သို့ပေမဲ့ နှောင့်နှေးမှုမရှိဘဲ လူများကို သတ်ဖြတ်ပြီးနောက်မှာ တခြားသောသူများ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။
“သူတို့လည်း အနီရောင် ဖြစ်သွားပြီပဲ”
ကျိရှုနှင့် ပိုင်လျှိုတို့၏ ခန္ဓာကိုယ်ဆီမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်ရသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးသည် လင်းလက်သွားခဲ့ ကြ၏။ အဆင့်တူကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်လျှင် သီလအမှတ် ဆယ်မှတ်သာ ရရှိပေလိမ့်မည်။ သို့ပေမဲ့ ဝရမ်းထုတ်ပြန်ခြင်းခံရသော သူတစ်ယောက်ကို သတ်ဖြတ်မည်ဆိုပါက သီလအမှတ် ငါးရာတောင် ရရှိမှာဖြစ်၏။ ၎င်းတို့အနေနှင့် နှစ်ယောက်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် များပြားလှသော သိုင်းအရင်းအမြစ်များနှင့် ပြန်လည်ကာ လဲလှယ်နိုင်တော့မှာ ဖြစ်သည်။
အားလုံးသောသူများသည် ကျွင်းချောင်ရှောင်းကဲ့သို့ အားမကောင်းလှချေ။ ထို့ကြောင့် ၎င်းတို့သည် များပြားလှ သည့်လူများကို ဟင်းသီးဟင်းရွက်များ ခုတ်ပိုင်းသလို ခုတ်ပိုင်း၍ သီလအမှတ်များ စုဆောင်းကြရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် များပြားလှသည့် သီလအမှတ်များကို ပိုင်ဆိုင်သော ဝရမ်းသမားများကို သတ်ဖြတ်ကာ များပြားလှသည့် သီလအမှတ်များကို ရယူချင်မိ၏။ ထို့အပြင် သီလအမှတ်ငါးရာဆိုသည်မှာ ကြောက်ခမန်းလိလိ များပြားလှသော အမှတ်ပင် ဖြစ်တော့သည်။
“သွား” အကြီးအကဲတစ်ယောက်သည် တီးတိုးပြောလိုက်၏။
ချက်ချင်းပဲ တခြားသော ဂြိုဟ်များဆီမှ သိုင်းကျင့်ကြံသူများသည် ပျံသန်းရောက်ရှိလာ၏။ တခြားသောသူများ သည်လည်း မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားလာခဲ့ကြတော့သည်။ လက်ရှိအချိန်တွင် မည်သူကမှသည် ကျွင်းချောင်ရှောင်းကို ဂရုမစိုက်ကြတော့ချေ။ ၎င်းတို့အနေနှင့် ဂရုစိုက်ကြသည်မှာ နဂါးလေး၊ ကျိရှုနှင့် ပိုင်လျှိုတို့ ပင် ဖြစ်တော့သည်။ သို့ပေမဲ့ ၎င်းတို့သည် လောဘဇောသာ တက်နေခြင်းဖြစ်သည်။ တစ်ဖက်လူများ ထုတ်ဖော် လိုက်သော ကြောက်ခမန်းလိလိ အားအင်နှင့် တိုက်ရိုက်ရေးစွမ်းအင်များကို မေ့လျော့နေခဲ့ကြသည်။
သီလအမှတ်ငါးရာ၏ ရှေ့တွင်တော့ ရှိရှိသမျှ လူများအားလုံးသည် ရူးသွပ်သွားသောလူများကဲ့သို့ပင် ဖြစ်၏။ တခြားဂြိုဟ်များမှ လူများအားလုံးသည်လည်း မြန်နိုင်သမျှ အမြန်ဆုံးရှေ့သို့ တိုးလာခဲ့ကြ၏။ တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံထက်တွင် အနီရောင်အလင်းတန်း သုံးခုသည် ထိုးတက်လျက်ရှိသည်။ ဤကဲ့သို့သော ဖြစ်စဉ်မှာ ရှားပါး လွန်းလှ၏။
ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းအနီးတွင် မကြာခင်မှာပဲ များပြားလှသော လူများနှင့် ပြည့်နှက်လာခဲ့ကြတော့သည်။
“သတ်စမ်း” ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်တော့၏။ ဤနေရာကို ရောက်လာပြီဆိုမှတော့ အားအင်အဆင့် မဆိုးဝါးလှသောသူများ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့အနေနှင့် လောကကြီးတစ်ခုလုံး မှေးမှိန် သွားသည်အထိ တိုက်ခိုက်ရန် စဉ်းစားထားသည်။
ကျိရှုသည် အေးစက်စက် အော်ဟစ်လိုက်၏။ သူ၏ ခရမ်းရောင်ဓာတ်သဘာဝများသည် ရူးရူးမူးမူး ထွက်ပေါ်လာ ပြီးနောက် ကြီးမားလှသည့် လက်သီးကြီးနှစ်ခုအဖြစ် ဖြစ်တည်လာကာ သူ့အားလာရောက်တိုက်ခိုက်ကြသော သိုင်းကျင့်ကြံသူများအားလုံးကို မြေပေါ်သို့ လဲကျအောင် တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့၏။
ဘန်း ဘန်း ဘန်း
ချက်ချင်းပဲ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝန်းသည်လည်း ပိုမိုကာ ကျယ်ပြန့်လာခဲ့၏။ ထို့အတူ ကျိရှု၏ ခန္ဓာကိုယ်သည်လည်း ပိုမို၍ နီရဲလာ၏။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ကျိရှုသည် သတ်ဖြတ်လေ ပိုမို၍ ခန္ဓာကိုယ်နီရဲလာလေ ဖြစ်သည်။ သို့ပေမဲ့ ၎င်း၏ လက်ရှိအားအင်အဆင့်အရ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်လျှင် သီလအမှတ်တစ်မှတ်သာ ရရှိ၏။ ထိုအရာမှာ ဖြုန်းတီးခြင်းပင် ဖြစ်သည်။
ဘုန်း ဘုန်း
အခြားတစ်ဖက်မှာတော့ ပိုင်လျှိုသည်လည်း ခရမ်းရောင်ဘုရင်လောက် အားမကောင်းလှဘူးဟု ဆိုသော်လည်း သူ၏ အားအင်အဆင့်ကို ထုတ်ဖော်ကာဖြင့် တစ်ဖက်လူများ အားလုံးကို မြက်ပင်လှီးဖြတ်သလို တဖြည်းဖြည်းချင်း သတ်ဖြတ်နေတော့သည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်များကို မုန်းတီးသူဖြစ်၏။ ထို့ကြောင့် အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်နေ၏။
ဘုန်း ဘုန်း
တိုက်ကွက်အနည်းငယ်လောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် သိုင်းကျင့်ကြံသူ တော်တော်များများကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ တစ်ရာပင် ကျော်သွားသည်ဟု ဆိုရမည်။ ကြောက်မက်ဖွယ် ကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်နေသော သားရဲရိုင်းနှစ်ကောင်တို့သည် ရှိရှိသမျှသော လူအားလုံး၏ စိတ်ကို တုန်ခါစေခဲ့တော့၏။ အားလုံးသောသူများသည် အရှေ့သို့ လှမ်းမတက်ရဲတော့ဘဲ အနောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာလာခဲ့ကြတော့သည်။
အလွန်အားကောင်းလွန်းနေသည်။ သူတို့သည်သာ ရှေ့တက်သွားမည်ဆိုပါက ဤကဲ့သို့ပင် သတ်ဖြတ်ခံရမှာ သေချာသည်။ လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာစက်ဝန်း၏ အပြင်ဘက်တွင် မတ်တပ် ရပ်လျက်ရှိနေ၏။
ခရမ်းရောင်ဘုရင် ကျိရှုနှင့် ပိုင်လျှိုတို့သည် သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် အစောင့်အရှောက် များကဲ့သို့ ရပ်နေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှပါသည်ဆိုသော တခြားဂြိုဟ်များမှ သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည်မှာတော့ တည်နေရာအနှံ့ဆီမှ ရောက်ရှိလာခဲ့ပြီး ၎င်းတို့ကို ဝန်းရံထားခဲ့သည်။ ဤမြင်ကွင်းသည် အလွန်အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်ကြောင်းကို ဖော်ညွှန်းပြသ နေသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် အားလုံးကို သွားဖြီးပြလိုက်၏။ “လာကြလေ... ပျော်ပျော်ကြီး တိုက်ခိုက် လိုက်ကြတာပေါ့”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူတို့သည် ဤလူ၏ ပါးစပ်ကို သွား၍ ဆွဲဖြဲချင်နေမိ၏။ သို့ပေမဲ့ ကျိရှုနှင့် ပိုင်လျှိုတို့ တည်ရှိနေသည်ဆိုသောကြောင့် ၎င်းတို့သည် လှမ်း၍ တိုက်ခိုက်ခြင်းကို မပြုလုပ် နိုင်ပေ။
“အင်း...”
ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်လိုက်သည်။ “ငကြောက်တွေပဲ”
မြေအဆင့်စွမ်းအားကျင့်ကြံသူ သုံးယောက်ရှိနေသည်ဖြစ်သောကြောင့် သူသည် စိတ်လိုက်လက်ရဖြင့် ဟန်လုပ်ခြင်း ကို ပြုမူနေနိုင်ပြီဖြစ်သည်။
ဒွီ ဒွီ
ရုတ်တရက်ဆိုသလိုပဲ အဝေးဆီမှ တည်နေရာများသည် တုန်ခါသွားသည်။ ဆံပင်အဖြူရောင်နှင့် အကြီးအကဲ နှစ်ယောက်သည် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့တော့သည်။ ၎င်းတို့သည် ရှည်လျားလှသည့် ဝတ်ရုံကြီးများကို ဝတ်ဆင်ထားပြီး ကြီးမားထည်ဝါလွန်းလှသော အော်ရာများသည် ၎င်းတို့ဆီမှ ထွက်ပေါ်လျက်ရှိသည်။ တစ်ယောက်သည် ကြင်နာတတ်သည့် မျက်နှာပိုင်ရှင်လို တပြုံးပြုံး ရှိနေပြီး တခြားတစ်ယောက်မှာတော့ ကြမ်းတမ်းစူးရှပြီး ခက်ထန်လွန်းလှသည်။
“ဒါက”
သိုင်းကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ဒီလူတွေက ဘုံကိုးပါး ကုန်းမြေတိုက်ကြီး ဆီကပဲ”
ဘုံကိုးပါးဆိုသော စကားကို ကြားရချိန်မှာတော့ ရှိရှိသမျှသော သိုင်းကျင့်ကြံသူများ၏ မျက်နှာများသည် ပြောင်းလဲ သွားကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်များ ထင်ပေါ်လာခဲ့သည်။ တိုက်ပွဲတည်နေရာထဲတွင် ဂြိုဟ်ပေါင်းများစွာ တည်ရှိနေ၏။ ထို့ကြောင့် အားနည်းသည့်ဂြိုဟ်နှင့် အားကောင်း သည့်ဂြိုဟ်ဟူ၍ ရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။
ဘုံကိုးပါးကုန်းမြေတိုက် - ဤအရာသည် တိုက်ခိုက်ရေးဂြိုဟ်တည်နေရာတစ်ခုလုံး၏ အားအကောင်းဆုံးသော ဂြိုဟ်များထဲမှ တစ်ခုပင် ဖြစ်တော့သည်။ ဤဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်လာခဲ့သည့် ပထမဦးဆုံး ယှဉ်ပြိုင်သူများထဲမှ တစ်ခုဖြစ်သည်ဟုလည်း ဆိုရမည်။ ၎င်းတို့သည် တခြားသောဂြိုဟ်အသီးသီးကို အနိုင်ယူ ကာဖြင့် ဂြိုဟ်ဘုရင်ပင် ဖြစ်လာခဲ့ဖူးသည်။
သို့ပေမဲ့ ဤအရာမှာ အစောပိုင်းကာလတုန်းကဖြစ်သည်။ နောက်ပိုင်းတွင် ဂြိုဟ်တိုက်ပွဲဆီသို့ များပြားလှသည့် ဂြိုဟ်များ ဝင်ရောက်တိုက်ခိုက်လာသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲဘုရင်ဆိုသည့် ရာထူးသည် မရှိတော့ချေ။ ရှုပ်ထွေးလှသည့် တိုက်ပွဲများကိုသာ ဖြစ်စေခဲ့တော့သည်။ အတိတ်က ရွှေထီးဆောင်းခဲ့သည်သလို လက်ရှိအခြေအနေမှာတော့ ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ အားအင်အဆင့်သည် မေးခွန်းထုတ်နေစရာပင် မလိုအောင် အားကောင်းနေသေးသည်မှာ သေချာ၏။ ထို့ကြောင့် တခြားသောဂြိုဟ်များမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့အား ရန်မပြုရဲကြချေ။
ဟုတ်ပေသည်၊ ဤအားကောင်းလှသောဂြိုဟ်သည် လိုအပ်ချက်များနှင့်လည်း ကိုက်ညီပြီးသားဖြစ်၏။ ဂြိုဟ်တိုက်ပွဲ တည်နေရာတွင် ၎င်းတို့ကုန်းမြေတိုက်ကြီးသည် တည်နေရာအခိုင်အမာဖြင့် တည်ရှိနေခဲ့တော့၏။ ၎င်းတို့ ဂြိုဟ်မှ လူများသည် ဤနေရာသို့ ရောက်ရှိနေခဲ့သည်ဆိုခြင်းမှာ လေ့ကျင့်ရန်အတွက်သာ ဖြစ်တော့၏။
ပြောရမည်ဆိုလျှင် တခြားသောဂြိုဟ်အသစ်များအနေဖြင့် ကြိုးကြိုးစားစားဖြင့် ၎င်းတို့၏ တည်နေရာများကို ချဲ့ထွင်ရန် ကြိုးစားနေရသည့်အချိန်မှာတော့ ဤအားကောင်းလှပါသည်ဆိုသော ဘုံကိုးပါးကုန်းမြေတိုက်မှ လူများ မှာတော့ ဤနေရာကို လေ့ကျင့်ရေးတည်နေရာတစ်ခုသဖွယ် အသုံးချလျက်ရှိနေကြတော့သည်။
“ဘုံကိုးပါးကုန်းမြေတိုက် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ထိုအရာကို တစ်ခါမှ မကြားဘူးချေ။ သို့ပေမဲ့ ထိုအကြီးအကဲနှစ်ယောက်ဆီမှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် သူသတိလစ် မေ့မျောအောင် ရိုက်နှက်ခဲ့သော ချင်ရွမ်စီထက် ပိုမို၍ အားကောင်းသည်ဆိုသည်မှာ သေချာ၏။
“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ ဂြိုဟ်ပေါင်းသုံးရာကျော်ရှိတယ်၊ ဘုံကိုးပါး ကုန်းမြေတိုက်ကြီးဆိုတာက ထိပ်တန်းဂြိုဟ်တစ်ခုပဲ၊ အရမ်းအားကောင်းတယ်” အမျိုးသမီးစနစ်က ရှင်းပြလိုက် သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက နည်းနည်းတင် မကဘူးနဲ့တူတယ်”
“ဂြိုဟ်တိုက်ပွဲကြီးမှ ဂြိုဟ်နဲ့ပတ်သက်ပြီး အဆင့်ကိုးဆင့်ရှိတယ်”
အမျိုးသမီးစနစ်က ချိုသာစွာ ပြောလိုက်တော့ သည်။ “ပါဝင်ယှဉ်ပြိုင်သူတို့ ပိုင်ဆိုင်တဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကတော့ အဆင့်ကိုး နေရာမှာရှိတယ်၊ အားအနည်းဆုံးထဲက အားအနည်းဆုံးပေါ့”
ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ် ဖြစ်သွားတော့သည်။ သူသည် ဤအရာကို အစောကြီးကတည်းက ခန့်မှန်းထားပြီးသားဖြစ်သည်။ သို့ပေမဲ့ သူသည် ဤအရာကို တစ်ခါမှ ထုတ်မမေးခဲ့ချေ။ အဘယ်ကြောင့် တစ်ဖက် လူသည် သူ့အား ပြောပြနေရသနည်း။ ရင်နာအောင် တိုက်ခိုက်နေခြင်းပင် ဖြစ်နေသည်လား။
“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... စိတ်ဓာတ်မကျပါနဲ့၊ လူတိုင်းလူတိုင်းက ငယ်ငယ်ကနေ ကြီးလာတာပဲလေ၊ ဘယ်သူမှ တစ်ခါတည်း မွေးတာနဲ့ ကြီးတဲ့လူ မရှိဘူးမဟုတ်လား မွ မွ” အမျိုးသမီးစနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ငိုချင်သွား၏။ ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ယောက် ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် လေးနက်သွားခဲ့တော့သည်။
“ဒီနှစ်ယောက်က အရမ်းကို ကျော်ကြားတာပဲ”
ကြင်နာတတ်သည့်မျက်နှာပိုင်ရှင်နှင့်လူသည် ပြုံးကာ ပြောလိုက်၏။ “ဒီလူတွေက ကျုပ်တို့ရဲ့ သားကောင်ပဲ၊ ကျန်တဲ့လူတွေ ငြင်းချင်သေးလား”
သူ၏ လေသံသည် နူးညံ့ပြီး ကြင်နာလွန်း၏။ သို့ပေမဲ့ သူ၏စကားတွင် ငြင်းချက်ထုတ်နိုင်စရာ အကြောင်းအရာမရှိအောင် ဖန်တီး ထားနိုင်လေ၏။
တည်နေရာတွင် ရှိနေကြသော သိုင်းကျင့်ကြံသူ ထောင်ကျော်တို့၏ အမူအရာများသည် ပြောင်းလဲသွားသည်။ သူတို့သည် အလျင်အမြန်ပဲ သံပြိုင်ဆိုသလို ပြောလိုက်ကြ၏။ “ငြင်းစရာမရှိပါဘူး၊ ငြင်းစရာ မရှိပါဘူး”
၎င်းတို့ အနေနှင့် ငြင်းချင်စရာ မရှိပေ။ ထို့ကြောင့် အားလုံးသည် အနောက်သို့ ဆုတ်ခွာလိုက်ပြီးသည့်နောက် ဤမြေအဆင့် ကျွမ်းကျင်သူနှစ်ယောက်အတွက် တည်နေရာ ဖန်တီးပေးလိုက်တော့သည်။
“ဟမ့်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟိတ်ဟန်များလိုက်တာ”
တင်းမာခက်ထန်လှသောလူသည် ခရမ်းရောင်ဘုရင်ကို လှမ်းကြည့်၍ အေးစက်စက် ပြောလိုက်၏။ “မင်းက ဒီလိုမျိုးအရာတွေ လုပ်နေတယ်ဆိုတာ အရှက်ရှိရဲ့လား”
“ငါ လုပ်ချင်တာ လုပ်မှာပေါ့”
ခရမ်းရောင်ဘုရင်သည် လက်ပိုက်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ အလွန် တရာ မောက်မာလှသည့် အမူအရာများ ဖြစ်တည်နေသည်။
တင်းမာခက်ထန်လှသည့် မျက်နှာနှင့်လူသည် ပိုမို၍ ဆိုးရွားသွားခဲ့သည်။ သူသည် အလွန်စိတ်တိုတတ်သူ တစ်ယောက် ဖြစ်ရမည်။ မျက်နှာတစ်ခုလုံးတွင် ဒေါသတရားများနှင့် ပြည့်နှက်သွားသည်။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘုံကိုးပါးကုန်းမြေတိုက်ကြီးက ဒီနေရာကို ဝင်ပြိုင်ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ရန်သူ ဖြစ်ချင်တာလား”
“ရောင်းရင်းလေး” ကြင်နာတတ်သည့်လူသည် ပြုံးကာ ပြောလိုက်၏။ “ဒီနေရာကို ရောက်လာတာ ဝရမ်းထုတ် ထားတဲ့လူတွေဆီကို လာခဲ့တာပဲလေ၊ ဒီတော့ အရှည်အရှည်တွေ မဖြစ်စေချင်ရင် စောစောစီးစီး အပြင်ကို လွှတ်ပေးလိုက်တော့”
ဘုံကိုးပါး ကုန်းမြေတိုက်ကြီးသည် အလွန်အားကောင်းလှသည်ဆိုသော်လည်း ၎င်းတို့သည် ဤနေရာကို ရောက်ရှိပြီဆိုမှတော့ မည်သူ့ကိုမှ တွေးကြောက်၍ မဖြစ်တော့ချေ။ တစ်ဖက်လူများ၏ သားကောင်အဖြစ် ဘယ်တော့မှ အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မည်သူနှင့်မဆို တိုက်ခိုက်ရန် သူအလိုရှိနေ၏။
“ခင်ဗျား ဖမ်းချင်တဲ့လူက ကျုပ်ဂိုဏ်းရဲ့ဟောခန်းသခင်လေ၊ ဒီတော့”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်ရဲ့ရန်သူ ဖြစ်သွားမှာပေါ့”