အခန်း (၈၉၂)
Vol. 60 Ch. 892
တည်နေရာစက်ဝိုင်း၏ အပြင်ဘက်မှာတော့ ရှိရှိသမျှသော လူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေကြ၏။
တချို့သည် ထိုလူငယ်၏ အရှက်မဲ့လှသောလုပ်ရပ်အတွက် ဆွံ့အနေကြခြင်းဖြစ်ပြီး တချို့မှာမူ ဘုံကိုးပါးကုန်းမြေတိုက် ဆီမှ မြေအဆင့်ကျင့်ကြံသူနှစ်ယောက်တို့အား သေဆုံးလုနီးပါးရိုက်နှက်ခဲ့သောကြောင့်ပင် ဖြစ်သည်။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်ကာဖြင့် ပြောလိုက်၏။ “ထိပ်တန်းဂြိုဟ်တွေကို ရန်သူအဖြစ် သတ်မှတ်နိုင်ဖို့ဆိုတာ စကားလုံးတွေနဲ့တင် အရည်အသွေး ပြည့်မီတယ်လို့ သုံးသပ်ရတာမဟုတ်ဘူး။ အားအင်အဆင့်နဲ့သုံးသပ်ရတာမလား။”
“……”
သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့တော့သည်။
မြေအဆင့်ကျွမ်းကျင်သူနှစ်ယောက်တို့အား အချိန်အတိုင်းအတာတိုအတွင်း သေဆုံးလုနီးပါး ရိုက်နှက်ခဲ့၏။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် အမှန်ပင်အားကောင်းလှသည့်သူမျိုးပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် သွားရောက် ရန်ပြု၍ရနိုင်သည့်အရာမျိုးမဟုတ်တော့ချေ။
“နောက်ကိုဆုတ်”
ဝှစ် ဝှစ် ဝှစ် …
သိုင်းကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ လှုပ်ရှားမှုနည်းစနစ်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အနောက်ဘက် ကို လျင်လျင်မြန်မြန်နှင့် ပျံသန်းထွက်ခွာလိုက်ကြ၏။ ၎င်းတို့သည် နောက်မှ ကျားလိုက်ကိုက်သကဲ့သို့ ထွက်ပြေးနေ ခြင်းဖြစ်သည်။
ကျွင်းချောင်ရှောင်းမှာတော့ အနောက်မှလိုက်၍ တိုက်ခိုက်ရန် အမိန့်မပေးခဲ့ချေ။
ထို့အပြင် သူသည် ဤဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ နာရီ အနည်းငယ်အတွင်း များပြားလှသော ကျွမ်းကျင်သူများကိုလည်း သတ်ဖြတ်ပစ်ခဲ့သည်။ ခရမ်းရောင်ဘုရင်နှင့် တခြားသောသူများအားလုံးသည် အနီရောင်အလင်းတန်းများထွက်ပေါ်၍ ဝရမ်းထုတ်ခြင်းပင် ခံနေရသည်။
ထို့ကြောင့် အပြင်းအထန် တိုက်ခိုက်ခြင်းမပြုမီ အချိန်အနည်းငယ်လောက် အနားယူရန် သင့်သည်ဟု ဆုံးဖြတ်မိသည်။ သူတို့ ဤနေရာသို့ ရောက်ရှိလာပြီဆိုမှတော့ အချိန်ကောင်းကောင်းကို ကျော်ဖြတ်ရမှာ သေချာတော့သည်။
ပထမဦးဆုံး သူတို့သည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ဆီမှ ချီရွမ်စီအား ပြင်းပြင်းထန်ထန် ဒဏ်ရာရှိအောင် ပြုလုပ်ခဲ့၏။
ပြီးသည့်နောက်မှာတော့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးမှ မြေအဆင့်ကျွမ်းကျင်သူနှစ်ယောက်တို့အားလည်း ထိပ်တိုက် ရင်ဆိုင်ခဲ့သေးသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ အပြုအမူသည် အားကောင်းလွန်းသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။
အနီရောင်အလင်းတန်းများထွက်ပေါ်နေသည့် လူသုံးယောက်ရှိနေသည့် ကုန်းမြေတိုက်ကြီးသည် အလွန်တရာ အားကောင်းလှသည်ဖြစ်ကြောင်း အချက်အလက်အားဖြင့် သက်သေပြလျက်ရှိနေတော့၏။
“ဘာ ဒီဘုံကိုးပါးကုန်းမြေတိုက်မှာရှိတဲ့ ကျွမ်းကျင်သူနှစ်ယောက်က သေမတတ်အထိ ရိုက်နှက်ခံရတယ်ဟုတ်လား မဖြစ်နိုင်တာ။”
တခြားသော သိုင်းကျင့်ကြံသူများအားလုံးသည် ဤအချက်အလက်ကို အတည်ပြုပြီးသည့်နောက်မှာတော့ အလိုရှိနေ သည့် ဝရမ်းထုတ်ခံခြင်းခံရသည့် သိုင်းကျင့်ကြံသူများအား လိုက်လံဖမ်းဆီးမည့်အကြံအစည်ကို လက်လျှော့လိုက်ကြ တော့သည်။ ၎င်းတို့အားလုံးသည် လာရာလမ်းကို လှည့်ပြန်ကြ၏။
မြေအဆင့်ကျွမ်းကျင်သူများပင်လျှင် တိုက်ခိုက်နိုင်စွမ်းမရှိသည့် လူများအား သွား၍ တိုက်ခိုက်မည်ဆိုလျှင် မိမိကိုယ်ကို သတ်သေသည်နှင့် ဘာထူးတော့မည်နည်း။
“ကြယ်ကြွေကုန်းမြေတိုက်က သွားပြီးတော့ ပြဿနာရှာလို့မဖြစ်တဲ့နေရာပဲ။ ထားလိုက်တော့။ ထားလိုက်တော့။ ငါတို့ ပွဲကြည့်ရုံပဲလုပ်ကြရအောင်။ သီလမှတ်လေး ငါးရာအတွက်နဲ့ ကိုယ့်အသက်ကို ဆုံးရှုံးမခံချင်နဲ့။”
“ဒါကအဓိပ္ပာယ်ရှိတယ်”
တခြားသော ဂြိုဟ်များတွင်ရှိသော သိုင်းကျင့်ကြသူများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား ကြောက်လန့်လျက် ရှိနေကြတော့၏။
ဟုတ်ပေသည်။ လူတစ်ချို့ကမူ ဘုံကိုးပါးကုန်းမြေတိုက်တွင်ရှိသော လူများအနေနှင့် လက်လျှော့အရှုံးပေးလိမ့်မည် မဟုတ်ကြောင်းကို သိရှိလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မြေအဆင့် ကျွမ်းကျင်သူနှစ်ယောက်တို့သည် သေမတတ်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ပိုမိုများပြားသော ကျွမ်းကျင်သူများကို စေလွှတ်တော့မည်ဆိုသည်မှာ သဘာဝကျပေသည်။
ပြီးတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကလည်း ရှိနေသေး၏။ ဤဂြိုဟ်မှ များပြားလှသော ကျင့်ကြံသူများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ ကျွမ်းကျင်သူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် လွယ်လွယ်နှင့် ပြီးဆုံးသွားမည့်အရာမျိုးမဟုတ်ချေ။
“ဒီလိုဆိုရင်”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ငါတို့ ပွဲကြီးပွဲကောင်းကြည့်ရတော့မှာမဟုတ်လား။”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဂြိုဟ်တိုက်ပွဲအတွက် သတ်မှတ်ချထားခြင်းခံရတဲ့ ဂြိုဟ်အသစ်တစ်ခုပဲ။ ဒီလိုမျိုးရောက်ရောက်ချင်း ဂြိုဟ်တွေအများအပြားကို ပြဿနာရှာပြီး ရန်ပြုခဲ့မယ်ဆိုရင် သူတိုအနေနဲ့ ကြာရှည်ခံမှာမဟုတ်ဘူး။ ပြီးတော့ ပထမအဆင့်စာရင်းဝင်တဲ့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးကိုတောင်မှ ရန်ပြုခဲ့သေး တယ်။”
ဓသူတို့ရဲ့ခေါင်းဆောင်က ကျွင်းချောင်ရှောင်းလို့ ခေါ်တယ်လို့ကြားတယ်။ သူက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ် တဲ့။ ငယ်ရွယ်တယ်။ ဒါပေမဲ့ အရမ်းမောက်မာတာ။”
“ဂြိုဟ်တိုက်ပွဲဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဂြိုဟ်လိုမဟုတ်ဘူးလေ။ မောက်မာပြီးတော့ ဒီလိုမျိုးပြုမူနေမယ်ဆိုရင် ကြီးမား တဲ့ပေးဆပ်မှုကို ပြန်လည်ပေးဆပ်ရလိမ့်မယ်။”
အချိန်အတိုင်းအတာ အတောအတွင်းမှာပဲ ကျွင်းချောင်ရှောင်းနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သတင်းများသည် ပျံ့နှံ့လျက်ရှိနေသည်။
၎င်းတို့သည် ဘုံကိုးပါးကုန်းမြေတိုက်ကြီးမှ ကျွမ်းကျင်သူများအားလုံးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်ဆိုသည့် သတင်းစကားသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေတော့၏။
“နေအုံး။ ဟိုနှစ်ယောက်က ဘာဖြစ်သွားသေးလဲ။”
…
“ဘုန်း ဘုန်း”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝန်းအပြင်ဘက်တွင်တော့ ဟယ်ဝူတီ သည် ကြီးမားလှသော တိုင်ကြီး နှစ်တိုင် ကို စိုက်ထူခဲ့၏။ ပြီးသည့်နောက်မှာတော့ သတိလစ်မေ့မျောနေလျက်ရှိသော လူနှစ်ယောက်အား တိုင်တစ်ခုချင်းစီ တွင် ချည်ထားတော့သည်။
“မိုက်တယ်”
ကျွင်းချောင်ရှောင်းသည် တည်နေရာစက်ဝန်းထဲတွင် ထိုင်လျက်ရှိပြီး ရေနွေးကိုသောက်နေ၏။ “သတိထား။ သူတို့ကိုမနာစေနဲ့။ မဟုတ်ရင် ဘုံကိုးပါးကုန်းမြေတိုက်ကလူတွေလာရင် ရှင်းပြရခက်နေလိမ့်မယ်။”
“…….”
ဟယ်ဝူတီ သည် ဆွံ့အသွားမိ၏။ ဂိုဏ်းချုပ်သည် မကြာသေးခင်ကတင် ဤလူနှစ်ယောက်အား စေတီကြီးနှင့် ဖိကာ ရိုက်နှက်ခဲ့သေးသည်မဟုတ်လား။ ထိုစဉ်က နာကျင်သွားလိမ့်မည်ဟု မတွေးခဲ့လေသလားပင် မသိချေ။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။ “သူတို့က ကျွမ်းကျင်သူတွေကို ထပ်ပြီးပို့လိုက်ရင် ဘယ်လိုလုပ်မလဲ။”
“ခွေးတောင်မှ ခြောက်ပိတ်ရိုက်လို့ရှိရင် ကိုက်သေးတယ်မလား။”
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “သူတို့အနေနဲ့ ကျုပ်ရဲ့သဘောအတိုင်း မပူးပေါင်းဘဲနဲ့ လုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီလူတွေကို သတ်ဖြတ်ပစ် ရမှာပဲ။”
“………”
အကြီးအကဲကုန်းက ပြောလိုက်သည်။ “ဘုံကိုးပါးကုန်းမြေတိုက်မှာရှိတဲ့ ကျွမ်းကျင်သူတွေဟာ တခြားဂြိုဟ်မှာရှိတဲ့ ကျွမ်းကျင်သူတွေကို မျက်လုံးထဲ ထည့်ထားတာမဟုတ်ဘူး။ သူတို့က အရမ်းကို အားကောင်းပုံပေါ်တယ်။ ပြီးတော့ ကျုပ်တို့က စစရောက်ချင်း သူတို့နဲ့ ရန်ငြိုးဖွဲ့တယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူးလို့ထင်တယ်။ ဟုတ်တယ်မလား။”
“ဟုတ်တယ်။ မကောင်းဘူး။”
ကျွင်းချောင်ရှောင်းသည် ရေနွေးခွက်ကို အသာချကာပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့အနေနဲ့ ဘာမှလုပ်နိုင်စွမ်းမရှိဘူး။ သေခြင်း၊ ရှင်ခြင်းကို လက်ခံဖို့ပဲ ရှိတယ်။ လက်မခံနိုင်ရင်လည်း တိုက်ခိုက်ရမှာပဲ။ လက်ခံရင်လည်း တိုက်ခိုက်ရမှာပဲ။”
သူ့အနေနှင့် အဆင့်မြင့်ဂြိုဟ်များနှင့် ရန်သူမဖြစ်ချင်ပေ။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် သူ၏ တည်နေရာစက်ဝိုင်းကို ချဲ့ထွင်ရန်သာ အာရုံစိုက်ထားချင်၏။
လောလောဆယ် သူအဓိကထားခဲ့သည်မှာ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ် ကုန်းမြေတိုက်တို့ပင် ဖြစ်တော့သည်။
သို့ပေမဲ့ ပြဿနာဆိုသည်မှာ ရှောင်ရှား၍ ရသည့်အရာမဟုတ်ပေ။ ဥပမာ ဤဘုံကိုးပါးကုန်းမြေတိုက်ဆီမှ မြေအဆင့် ကျွမ်းကျင်သူနှစ်ယောက်တို့ပင် ဖြစ်သည်။ ဝရမ်းထုတ်ပြန်ခြင်းခံရသော နဂါးလေးနှင့် တခြားသောနှစ်ယောက်အတွက် ၎င်းတို့သည် ရောက်ရှိလာခဲ့ကြတော့၏။ အဘယ့်ကြောင့် မိမိဘာမိမိ အေးအေးချမ်းချမ်း မနေကြသနည်း။
“ဟမ့်”
ခရမ်းရောင်ဘုရင်သည် ဂိုဏ်းဝတ်စုံအသစ်အား ထုတ်ဝတ်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “သူတို့ထပ်လာရဲရင်လည်း ဒီခန်းမသခင်က အားလုံးကို ကျိန်းသေပေါက်ရိုက်နှက်ပစ်မှာ။”
“မဆိုးဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အပြင်မှာရှိတဲ့ အလောင်းတွေက မျက်စိနောက်နေတယ်။ နည်းလမ်းတစ်ခုခုရှာပြီး ရှင်းလိုက်တော့။”
“ကောင်းပါပြီ။”
ဟယ်ဝူတီ သည် အပြင်ဘက်သို့ ထွက်ပြီးသည့်နောက်မှာတော့ မြေပြင်မှာရှိသော အလောင်းများကို ပုံလိုက်တော့သည်။ အလောင်းတော်တော်များများသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ် ကုန်းမြေတိုက်ဆီမှ အလောင်းများပင်ဖြစ်တော့သည်။ ဤအရာသည် ကျွင်းချောင်ရှောင်းအား ပြဿနာရှာမိခဲ့သည့်ရလဒ်ပင်ဖြစ်တော့၏။
…
“ကြယ်ကြွေကုန်းမြေတိုက်”
စောင့်ကြည့်ရေးမျှော်စင်ထဲမှာတော့ အကြီးအကဲအနည်းငယ်တို့သည် ခြေချိတ်ကာ ထိုင်လျက်ရှိနေကြသည်။ ၎င်းတို့ သည် တစ်စုံတစ်ခုကို အပြင်းအထန်ဆွေးနွေးလျက်ရှိ၏။ အချိန်တိုင်းဆိုသလိုပဲ ၎င်းတို့၏ မျက်နှာပေါ်တွင် ဇဝေဇဝါအမူအရာများနှင့် ရှုပ်ထွေးလျက်ရှိနေ၏။
“အားလုံးပဲ”
အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက်က သက်ပြင်းချလိုက်သည်။ “ရရှိရထားတဲ့သတင်းတွေအရဆိုလျှင် ဂြိုဟ်တိုက်ပွဲတည်နေရာကို ဝင်ရောက်မယ့်ဂြိုဟ်တွေက စုစုပေါင်း သုံးရာကျော် လောက်ရှိတယ်။”
“သုံးရာတောင်ကျော်တယ်ဟုတ်လား။”
အကြီးအကဲများ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ကြ၏။ အနည်းဆုံးလူနှစ်ထောင်ကို စေလွှတ်မည်ဆိုလျှင် အထဲတွင် ဂြိုဟ်သုံးရာကျော်ရှိသည်ဆိုမှတော့ အနည်းဆုံးသိုင်းအုပ်စိုးသူအဆင့် ကျွမ်းကျင်သူပေါင်း ခြောက်သိန်း နီးပါးခန့် ရှိပေလိမ့်မည်။ ဤသို့သော မြင်ကွင်းမျိုးသည် စဉ်းစားလိုက်ရုံနဲ့ပင် ကြောက်မက်ဖွယ်ရာကောင်းပေလိမ့်မည်။
အကြီးအကဲက ပြောလိုက်တော့၏။ “ဒီလိုဂြိုဟ်တိုက်ပွဲထဲမှာ အဆင့်တွေက ခွဲခြားထားတယ်။ ကောင်းကင်၊ မြေ၊ အမဲရောင်နဲ့ အဝါရောင်ဆိုပြီး ခွဲခြားထား တယ်။ ပြီးတော့ ဂြိုဟ်တွေကိုလည်း အဆင့်ကိုးခုဖြင့် ပိုင်းခြားထားသေးတယ်။ ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီး ကတော့ အားလုံးသိတဲ့အတိုင်း အနိမ့်ဆုံးအဆင့်ကိုးပေါ့”
အားလုံးသည် နာနာကျင်ကျင်ဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်မိကြတော့၏။
“ထိပ်တန်းပထမအဆင့် ဂြိုဟ်ကြီးက လေးခုရှိတယ်။ သူတို့က ဘုံကိုးပါးကုန်းမြေတိုက်ရယ်၊ ကျယ်ပြော ကုန်းမြေတိုက်ရယ်၊ လုံရင်ကုန်းမြေတိုက်ရယ်၊ ဆားတို့ ကုန်းမြေတိုက်ရယ်”
“အကြီးအကဲ၊ ဒီပထမအဆင့် ဂြိုဟ်တွေက အရမ်းကို အားကောင်းလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။
အကြီးအကဲက ပြန်၍ ပြောလိုက်၏။ “ကျုပ်ရရှိထားတဲ့ သတင်းအရဆိုလျှင် ပထမဂြိုဟ်ထဲမှာပါတဲ့ ဂြိုဟ်ကြီးလေးဂြိုဟ်ဟာ အရမ်းကို အားကောင်း လွန်းတယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ရှေးတုန်းကလိုမျိုး အောင်မြင်မှုတွေရရှိနေတဲ့ အချိန်တုန်းက ဆိုရင်တောင်မှ သူတို့ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး။”
အားလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားခဲ့ကြတော့သည်။
အကြီးအကဲက ဆက်၍ ပြောလိုက်၏။ “ပထမအဆင့် ဂြိုလ်ထဲမှာရှိတဲ့ ဂြိုဟ်ကြီးလေးဂြိုဟ်ဟာ အရမ်းကို အားကောင်းတယ်ဆိုရင် သူတို့က အထက်နယ်မြေက ပေးအပ်တဲ့တာဝန်တွေကို ပြည့်စုံပြီးသွားပြီ။ ဒီတော့ သိုင်းကျင့်ကြံသူတော်တော်များများဟာ ရတနာတွေရှာဖို့နဲ့ လေ့ကျင့်ဖို့အတွက်ပဲ ဦးစားပေးကြတော့တယ်။ တခြားဂြိုဟ်တွေကို လွယ်လွယ်ကူကူနဲ့ ပစ်မှတ် ထားနေမှာမဟုတ်ဘူး။”
အားလုံးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ ဒါပေမဲ့ အကြီးအကဲက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “တခြားဂြိုဟ်တွေကတော့ အဲ့လိုမဟုတ်ဘူး။ ကျုပ်သိသလောက်ဆိုရင် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်၊ လင်းယွမ် ကုန်းမြေတိုက်နဲ့ တခြားကုန်းမြေတိုက်ကလူတွေက ဂြိုဟ်အသစ်တွေရောက်လာပြီဆိုရင် အနိုင်ကျင့် တိုက်ခိုက်တတ်ကြတယ်။”
“သူတို့က ဘယ်အဆင့်လဲ။”
“ကျုပ်လည်းအခုမသိဘူး။ ဒါပေမဲ့ ကျုပ်တို့ကြယ်ကြွေကုန်းမြေတိုက်ကြီးထက်ပိုပြီး အားကောင်းမှာတော့ ကျိန်းသေတယ်။”
“အကြီးအကဲ နောင်ငါးနှစ်ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်တဲ့အချိန်ကြရင် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက် နဲ့ လင်းယုန်ကုန်းမြေတိုက်က သိုင်းကျင့်ကြံသူတွေကို အထူးဂရုစိုက်ရမယ်လို့ ပြောချင်တာလား။”
“အမှန်ပဲပေါ့”
အကြီးအကဲက လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်တို့ သူတို့နဲ့တွေ့မယ်ဆိုရင် ပြေးနိုင်သမျှပြေးတော့ပဲ။ ထိပ်တိုက်တိုက်ခိုက်ဖို့ မစဉ်းစားကြနဲ့။ တကယ်လို့ သူတို့က နောက်ကလိုက်ပြီးတော့ တိုက်ခိုက်နေမယ်ဆိုရင်ရော။” တစ်စုံတစ်ယောက်က မေးလိုက်၏။
အကြီးအကဲသည် သက်ပြင်းချလိုက်သည်။ “ဒါဆိုလို့ရှိရင်လည်း ကံကြမ္မာအတိုင်းပဲပေါ့ကွာ”
“အကြီးအကဲ”
အဘိုးအိုတစ်ယောက်သည် ဆုံးဖြတ်ချက်ချထားသလို ပြောလိုက်တော့၏။ “နောက်ငါးနှစ်မှာရောက်ရှိလာမယ့် ဂြိုဟ်တိုက်ပွဲကြီးက ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက်ဆို ကပ်ဘေး ကြီးတစ်ခုပဲ။ ပြီးတော့ အစောကြီးကတည်းက စိတ်ကိုပိုင်းဖြတ်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားသင့်တယ်။ ဒီလိုအရာမျိုးက ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ဖြေရှင်းလို့ရတဲ့အရာမျိုးမဟုတ်ဘူး။ အစစ်အမှန် အားအင်မရှိပဲနဲ့ ငါတို့သာဝင်သွားမယ်ဆိုရင် …”
အကြီးအကဲသည် ဆက်၍မပြောတော့ချေ။ စကားကိုသာ ပြောင်းလဲလိုက်တော့၏။ “မြို့တော်ဝန်ဟန်ကို ပြောလိုက်။ အဓိကဂိုဏ်းတွေမှာရှိတဲ့ အဆင့်မြင့်အကြီးအကဲတွေအားလုံးကို စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားကြဖို့။”
“ကောင်းပါပြီ”
အချိန်တိုအတွင်းမှာပဲ နောက်ငါးနှစ်ကြာရင် သွားရောက်ရမယ့် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ရွေးချယ်ခံထားရသည့် ကျွမ်းကျင်သူများအားလုံးသည် ထိုသတင်းကို လက်ခံရရှိလိုက်ကြ၏။
၎င်းတို့အားလုံးသည် မျက်မှောင်ကုတ်မိလိုက်ကြသည်။
“ကြက်သွေးရောင်မီးကုန်းမြေတိုက်၊ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်၊ လင်းယွမ် ကုန်းမြေတိုက် …. ငါတို့ဒီလူတွေ နဲ့ဆုံမယ်ဆိုရင် ကျိန်းသေပေါက် သတိထားရလိမ့်မယ်။”
………
ဝှစ် ဝှစ် ဝှစ်
ဂြိုဟ်တိုက်ပွဲအတွင်းမှာတော့ မီးတောက်မီးလျှံများနှင့် တောက်လောင်လျက် ရှိနေတော့သည်။
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နဲ့ လင်းယွမ် ကုန်းမြေတိုက် မှ သိုင်းကျင့်ကြံသူများ၏ အလောင်းများ သည် မီးသြင်္ဂိုလ်ခြင်းကို ခံနေရတော့၏။
ဤအချင်းအရာကို ကြယ်ကြွေကုန်းမြေတိုက်တွင်ရှိသော ကျွမ်းကျင်သူများသာ မြင်ရမည်ဆိုပါက ကျိန်းသေပေါက် ထိတ်လန့်အံ့ဩသွားပေလိမ့်မည်။ ၎င်းတို့အနေနှင့် ရင်ဆိုင်တွေ့လျှင် ထွက်ပြေးမည်ဟု စဉ်းစားထားသော သိုင်းကျင့်ကြံသူများအားလုံးသည် လက်ရှိ အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ လက်ချက်ဖြင့် မီးသြင်္ဂုလ်ခြင်းကို ခံနေရလေသည်။