အခန်း (၈၉၆)
Vol. 60 Ch. 896
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ခုနှစ်ယောက် တွင် သုံးယောက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရ၏။ တစ်ယောက် သည် တင်းရှင်းဝမ်၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး တစ်ယောက်သည် ပိုင်လျှို၏ တိုက်ခိုက်ခြင်းကို ခံနေရ၏။ ကျန်သည့် ငါးယောက်မှာတော့ ခရမ်းရောင်ဘုရင်၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရ၏။
ကတုံးပြောင်နှင့် လူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီ အရူးလိုကောင်ကို သတ်ပစ်၊ ကျန်တဲ့ နှစ်ကောင်က ကြောက်ဖို့ မလိုဘူး”
သူတို့သည် အရူးများ မဟုတ်ကြချေ။ ထို့ကြောင့် ဤနေရာတွင် ခရမ်းရောင်ဘုရင်သည် အားအကောင်းဆုံး ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ ၎င်းတို့အနေနှင့် ခရမ်းရောင် ဘုရင်ကို သတ်ဖြတ်နိုင်မည်ဆိုပါက ကျန်သည့် နှစ်ယောက်ကို ရင်ဆိုင်ရန် ပြဿနာတစ်ခု မဟုတ်တော့ချေ။
ဝှစ် ဝှစ်
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ငါးယောက်တို့သည် ပြိုင်တူပဲ လှုပ်ရှားလိုက်ကြတော့၏။ ၎င်းတို့သည် အားအကောင်းဆုံးသော တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်ပြီးသည့်နောက် ခရမ်းရောင်ဘုရင်ကို ဝင်ရောက် တိုက်ခိုက်၏။
“သဲရူး အင်ပါယာ၏လက်”
“မိုးကောင်းကင် နဂါးအက”
“မီးတောက်စိမ်း ကျိန်စာ”
များပြားလှသော အဆင့်မြင့် စွမ်းအားမြင့်ကျင့်ကြံခြင်း နည်းစနစ်များသည် လေထုထဲတွင် ဖြစ်တည်လာခဲ့တော့၏။ ကောင်းကင်တစ်ခုလုံးတွင် ရောင်စုံအလင်းများနှင့် ပြည့်နှက်သွားခဲ့တော့၏။
“……” သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အနေကြတော့သည်။ ခရမ်းရောင်ဆံပင်နှင့်လူသည် အစစ်အမှန်ပင် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ငါးယောက်နှင့် တစ်ယောက်တည်း တိုက်ခိုက်လျက်ရှိနေ၏။ ၎င်းဆီမှ ထွက်ပေါ်နေသော ကြမ်းတမ်းလှသည့် အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ၎င်းသည် အောက်စည်းသို့ မရောက်ရှိသည်ကို ကောင်းကောင်းသိရှိနိုင်၏။ အလွန် အံ့အားသင့်စရာကောင်းလှသလို အလွန်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည်။
ဘုန်း ဘုန်း
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် ကောင်းကင်ယံထက်မှာတော့ ကြမ်းတမ်းလှသည့်စွမ်းအင်လှိုင်းများနှင့် ရှုပ်ထွေးလျက်ရှိပြီး တည်နေရာကြီးတစ်ခုလုံးသည်ပင်လျှင် အက်ကွဲနေတော့၏။ တင်းရှင်းဝမ်သည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်နှင့် တိုက်ခိုက်နေ၏။ သူသည် ဆိုးယုတ်လှသော နည်းစနစ်မျိုးစုံကို ထုတ်ဖော်အသုံးပြုပြီး တစ်ဖက်လူအား အလစ်ချောင်းတိုက်ခိုက်၏။ ထို့ကြောင့် သူသည် အပေါ်စီးမှ တိုက်ခိုက် နိုင်စွမ်းရှိနေ၏။
ပိုင်လျှိုမှာ ပိုမို၍ပင် ဆိုးရွားနေသည်။ သူသည် မြေအဆင့် ကျင့်ကြံသူအား အလုံးစုံ ဖိနှိပ်ထားနိုင်တော့သည်။ သို့ပေမဲ့ ၎င်းတို့၏ တိုက်ခိုက်မှုသည် ခရမ်းရောင်ဘုရင်နှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်ဘုရင်သည် ငါးယောက်တစ်ယောက် တိုက်ခိုက်နေသည့်အချိန်တွင် အသာစီးမှ တိုက်ခိုက်နေခြင်း ဖြစ်သောကြောင့်ပင်။
ဝှစ် ဝှစ်
အဆင့်မြင့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးတွင် ရူးရူးမူးမူး ဖြစ်တည်နေခဲ့တော့သည်။ ခရမ်းရောင်ဘုရင်သည် သူ၏ ခန္ဓာကိုယ်အားအင် တစ်ခုတည်းနှင့် ထိုတိုက်ခိုက်ရေး နည်းစနစ်များအားလုံးကို တားဆီးထားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် ကြမ်းကြမ်းတမ်းတမ်း ပြန်လည်ကာ တိုက်ခိုက်နေ၏။
သိုင်းကျင့်ကြံသူများ အားလုံးသည် အံ့အားသင့်လျက်ရှိ၏။ ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တခြားသောသူများ အားလုံး သည်လည်း ပါးစပ်အဟောင်းသား ဖြစ်မိနေသည်။ တစ်ယောက်ငါးယောက် တိုက်ခိုက်သည့်အချိန်တွင် အထက်စီးမှ တိုက်ခိုက်နိုင်နေ၏။ ကျိရှုသည် ဘယ်လောက် ကြောက်မက်ဖွယ်ရာကောင်းသည်ဆိုခြင်းကို သူတို့ အလုံးစုံ သိရှိသွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျန်းယန်မျက်နှာဖုံးကို ကောက်တပ် လိုက်သည်။ “ငါ့ရဲ့ အစစ်အမှန် စွမ်းရည်တွေကို ပြသရမယ့် အချိန်ပဲ”
အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် နှစ်ဖက်လုံးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုးကို ပြောင်းလဲချင်သည်ဆိုလျှင် သူသည် ကျိန်းသေပေါက် ဝင်ရောက်တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။ အဆင့်မြင့်လက်နက်ပစ္စည်းများကို တပ်ဆင်ကိုင်ဆောင်ထားပြီးဖြစ်သော ဂိုဏ်းချုပ်ကျွင်းသည် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံခြင်းအဆင့်တွင် ရှိသူဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝင်ရောက်တိုက်ခိုက် သည်မှာ အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။ အဓိကအားဖြင့် လက်ရှိတွင် ထွန်းတောက်နေသူမှာ ခရမ်းရောင်ဘုရင် ဖြစ်သည်။ သူ့အနေနှင့် ဘာမှဝင်၍ မလုပ်နိုင်ပါက တခြားသောသူများ ရယ်သွမ်းဖွဲ့နေမှာ သေချာ၏။
ဘုန်း
ထိုအချိန်မှာပဲ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုသည် ခံတပ်၏ အပြင်ဘက်ဆီမှ ထွက်ပေါ်လာ၏။ ကတုံးပြောင်နှင့်လူသည် ခရမ်းရောင်ဘုရင်၏ ထိုးနှက်ခြင်းကို ခံခဲ့ရတော့သည်။
“ငါ့အခွင့်အရေး ရောက်လာပြီပဲ” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွား၏။ ချက်ချင်းပဲ သူသည် စက်အတောင်ပံကို ထိန်းချုပ်ပြီးနောက် အပြင်ဘက်သို့ ပျံသန်းသွား၏။ လက်တွင်ရှိသော ကျန်းယန်ဓားသည် တလက်လက် အလင်းများနှင့် တောက်ပသွား၏။ အခြေအနေကို အခွင့်အရေး ယူပြီးသည့်နောက် တစ်ဖက်လူ ကျဆင်းလာသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် ဓားဖြင့် ခုတ်ပိုင်း၏။
ဟူး ဟူး
ဓားချီများသည် ဖြတ်သန်းသွားပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံး စုတ်ပြတ်သွားသည်။
နောက်ဘက်သို့ လွင့်စင်သွားခဲ့သော ကတုံးပြောင်နှင့်လူသည် သူ့ဆီသို့ ရောက်ရှိလာသော ဓားချီများကို မြင်ရသည့်အချိန်မှာတော့ ကျောပင်ချမ်းသွားမိ၏။ ထို့ကြောင့် သူသည် တိုက်ခိုက်မှုမှ လွတ်ကင်းအောင် မနည်းကြိုးစားကာ ရှောင်တိမ်းလိုက်ရ၏။ ဓားတိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ခဲ့သည်ဆိုသော်လည်း သူ၏ နှလုံးသား တစ်ခုလုံးသည် တုန်ခါသွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူ့ဆီသို့ ရောက်ရှိလာခဲ့သော ဓားချီများသည် ကြောက်မက်ဖွယ်ကောင်းလှအောင် ထက်မြလွန်းလှ၏။ ဤအရာသည် ဓားတာအိုအား အလွန်နက်နဲစွာ နားလည်နိုင်သော လူတစ်ယောက်၏ ဓားတိုက်ခိုက်ချက်ပင် ဖြစ်နေ၏။
“ဒီကောင်လေး… ဒီကောင်လေးကိုလည်း အထင်သေးလို့ မဖြစ်ဘူး”
ရွှီး ရွှီး
ကျွင်းချောင်ရှောင်းသည် လျင်လျင်မြန်မြန်နှင့် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီးသည့်နောက် လင်းကျန့် ဓားသိုင်းကို ထုတ်ဖော်ပြန်၏။ နက်နဲပြီးတော့ ထက်မြလွန်းသော ဓားချီများသည် ပတ်ဝန်းကျင်တည်နေရာ တစ်ခုလုံးတွင် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲလှသော ပိုက်ကွန်ကြီးကဲ့သို့ ဖြစ်တည်လာခဲ့၏။
ကတုံးပြောင်နှင့်လူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက် အကာအကွယ်တစ်ခုသည် ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာခဲ့၏။
ဒင်… ဒင်.
ဓားချီများသည် ထိုဒိုင်းပေါ်သို့ ကျဆင်းပြီးသည့်နောက်မှာတော့ သံသံချင်း ထိမှန်သံများသည် ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့၏။ သို့ပေမဲ့ ဓားများဆက်တိုက် တိုက်ခိုက်မှု၏ အောက်မှာတော့ ထိုအကာအကွယ်သည် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ နောက်ဆုံး ဓားချီအလင်းတန်း ပြုတ်ကျလာသည့်အချိန်မှာတော့ ထိုအကာအကွယ် သည် ကျိုးပြတ်သွားခဲ့တော့သည်။
ဟူး ဟူး
ကောင်းကင်ပေါ်တွင်ရှိနေသော တောက်ပလှသည့် အလင်းတန်းများသည် ပျောက်ကွယ်သွားခဲ့၏။
ဖူး
ကတုံးပြောင်နှင့်လူသည် သွေးတစ်လုတ် အန်ထုတ်လာခဲ့တော့သည်။ ခရမ်းရောင်ဘုရင်၏ လက်သီးချက်ကို ခံလိုက်ရသည့်အချိန်တွင်ပင် အလွန် ရှက်ရွံ့စရာ ကောင်းနေပြီဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ တစ်ဖက်လူ၏ ဓားတိုက်ခိုက်ချက်များကို ခံရပြီးသည့်နောက်မှာတော့ သူသည် နောက်ဘက်သို့ လွင့်စင်သွားခဲ့သည့်အပြင် သူ၏ မရီဒန်များသည် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရ၏။
“သေစမ်း” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။ သူသည် ရှေ့သို့ လှမ်းတက်လိုက်တော့ သည်။ သူသည် ကတုံးပြောင်ကြီးအနားဆီသို့ ရူးရူးမိုက်မိုက် တိုးဝင်သွားခဲ့သည်။ လင်းကျန့်ဓားသိုင်းကို ထုတ်ဖော် ပြီးသည့်နောက်မှာတော့ များပြားလှသော ဓားတိုက်ခိုက်ချက်များကို အရင်ဆုံး ထုတ်ဖော်လိုက်သည်။
ကတုံးပြောင်နှင့်လူသည် ထိပ်တိုက် ရင်ဆိုင် မနေချင်ပေ။ ချက်ချင်းပဲ ခပ်ဝေးဝေးဆီသို့ ပျံ့သန်း၍ ထွက်ခွာလိုက်၏။ ၎င်းသည် များပြားလှသော ဓားပိုက်ကွန်များကြားထဲမှ လွတ်ကင်းနိုင်သည်ဆိုသော်လည်း သူ၏ ညာဘက်လက်ကိုတော့ ဓားဖြင့် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ သွေးများသည် မြေပြင်ပေါ်သို့ တတောက်တောက်နှင့် ကျဆင်း ကုန်၏။
သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားမိ၏။ ဓားဖြင့်တိုက်ခိုက်နေသော ကောင်လေး၏ ခန္ဓာကိုယ်ဆီမှ အားအင်အဆင့်များကို ကြည့်မည်ဆိုလျှင် အမဲရောင်အဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်သာဖြစ်သည်။ သို့ပေမဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုပင် ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်စွမ်းရှိသည်ဆိုမှတော့ ထိုသူ၏ လက်ထဲတွင် ရှိနေသော ဓားသည် သာမန်ထက်ပိုနေခြင်းသာ ဖြစ်ပေလိမ့်မည်။
အမှန်မှာတော့ ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ကိုင်ထားသော ဓားတင်သာမဟုတ်၊ ၎င်း၏ ခြေထောက်တွင် စီးထားသောဖိနပ်၊ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသောချပ်ဝတ်နှင့် သူ၏ အနောက်ဘက်တွင်ရှိသော စက်အတောင်ပံတို့ အားလုံးတို့သည် သာမန်ထက်ပိုသော အရာများပင် ဖြစ်နေတော့သည်။ ဤအရာများအားလုံး ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ၎င်း၏အားအင် အဆင့်သည် ဆထက်ထမ်းပိုး တိုးတက်သွားခဲ့၏။
ရွှီး
စက်အတောင်ပံ၏ ပျံသန်းမှုအားအင်နှင့် ပေါင်းစပ်ပြီးသည့်နောက် သူသည် အရှေ့ဘက်သို့ လျင်လျင်မြန်မြန် ပျံသန်းလိုက်၏။ ဓားကို မြှောက်ကိုင်လိုက်ပြီးသည့်နောက်မှာတော့ ကတုံးပြောင်နှင့်လူအား ရူးရူးမူးမူး လိုက်လံ ခုတ်ပိုင်းတော့၏။
“အားလုံးပဲ… လာကြည့်ကြ၊ ကျုပ်က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို ကြည့်တော့”
ရွှီး ရွှီး
ဓားအရိပ်ယောင်များသည် ထောင့်ဖြတ်အတိုင်း လှုပ်ရှားသွားခဲ့တော့၏။ ဓားအော်ရာများ အားလုံးသည် တည်နေရာကြီးတစ်ခုလုံးတွင် ပေါက်ကွဲထွက်ကုန်၏။ ကျွင်းချောင်ရှောင်းသည် သူ၏ ဓားအသိပညာများကို အဆုံးစွန်အထိ ထုတ်ဖော်ကာ တိုက်ခိုက်ပြီးသည့်နောက် လင်းကျန့်ဓားသိုင်းကိုလည်း ပူးတွဲကာ ထုတ်ဖော်နေ၏။ လက်ရှိအခြေအနေမှာတော့ ပတ်ဝန်းကျင်လေထု တစ်ခုလုံးသည် အားကောင်းလွန်းလှသော ဓားချီများ၏ ဖိနှိပ်ခြင်းကို ခံနေရ၏။ ဓားအော်ရာများ ဖြတ်သန်းသွားသည့် နေရာများအားလုံးတွင် ဓားရာများနှင့် ပြည့်နှက် နေ၏။
အချိန်တိုအတွင်းမှာပဲ ဒဏ်ရာရရှိထားသော ကတုံးပြောင်နှင့်လူသည် ကျွင်းချောင်ရှောင်း၏ ဆက်တိုက် တိုက်ခိုက်မှုကြောင့် စကားပင် မပြောနိုင်တော့ချေ။ တိုက်ခိုက်ရေးတည်နေရာထဲမှာ မြန်မြန်ဆန်ဆန်ပင် ပျံသန်း ထွက်ခွာလိုက်ပြီးသည့်နောက် ၎င်းသည် ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ ဆယ်ခုထက်မနည်း တည်ရှိလို့နေတော့ သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖုံးလွှမ်းလျက်ရှိနေပြီး ၎င်းသည် အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ကြောင်း ဤပုံစံကိုသာ မြင်ပါက မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။
ဘုန်း ဘုန်း
တခြားတစ်ဖက်မှာတော့ ခရမ်းရောင်ဘုရင်သည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ လေးယောက်တို့နှင့် တစ်ယောက်တည်း တိုက်ခိုက်နေ၏။ သို့ပေမဲ့ တစ်ယောက်လျော့ကျသွားပြီဖြစ်သောကြောင့် သူ၏ တိုက်ခိုက်ချက် များသည် ပိုမိုကာ ပြင်းထန်လာတော့သည်။ တစ်ဖက်လူများ အားလုံးသည် စိတ်ဓာတ်ကျဆင်းနေကြ၏။ ငါးယောက်တစ်ယောက် တိုက်ခိုက်နေချိန်တွင် ၎င်းတို့သည် အသာစီးမှ မရယူနိုင်ခဲ့ချေ။ အခု တစ်ယောက်လျော့ သွားပြီဆိုတော့ ပိုမိုကာ အခြေအနေဆိုးရွားသွားခဲ့၏။
ဘုန်း
ထိုအချိန်မှာတော့ တင်းရှင်းဝမ်သည် ၎င်း၏ဆိုးယုတ်လှသော မိစ္ဆာနည်းစနစ်များကို အသုံးပြု၍ တစ်ဖက်လူကို အောင်မြင်စွာဖြင့် အလစ်ချောင်း တိုက်ခိုက်နိုင်ခဲ့တော့၏။ တစ်ဖက်လူသည် မဲနက်သည့် လက်ဝါးရိုက်ချက်ကြီး နှင့်အတူ မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် အခွင့်အရေးကို အရယူပြီး ရုတ်တရက် လှည့်လိုက်၏။ ဓာတ်ငါးပါးချီများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူအား သူသည် ဘေးတစ်ဖက်တစ်ချက်ဆီမှ ဝင်ရောက်၍ ဓားဖြင့် ခုတ်ပိုင်း၏။ အချိန်တိုအတွင်းမှာပဲ သူ၏ ဓားကိုင်ဆောင်ထားသောလက်သည် အလွန် လျင်မြန်စွာ လှုပ်ရှားသွားခဲ့တော့၏။
မိစ္ဆာသူတော်စင် ဝူကျူးနှင့် တိုက်ခိုက်လျက်ရှိသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် အလွန်တရာ ဆိုးရွား လှသည့် ခံစားချက်များကို အာရုံခံမိတော့၏။ သူသည် ထိတ်လန့်တကြားဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားကာ ရှောင်ရှား လိုက်သည်။
ဇွိ
သွေးများ ပျံ့နှံ့သွားတော့၏။ ၎င်း၏ လက်တစ်ဖက်သည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ ကျွင်းချောင်ရှောင်း ၏ဓားမှာ အလွန် မြန်ဆန်လွန်းလှ၏။ ထို့အပြင် အလွန်လည်း တိကျနေ၏။
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ သည် ရှောင်ရှားလိုက်နိုင်ပြီးသည့်နောက် သွေးများသည် ခန္ဓာကိုယ်မှ ပန်းထွက်လာသည်။ သူ၏ ညာဘက်လက် သည် တစ်ဖက်လူ၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။ အသဲခိုက်ဖွယ် နာကျင်မှုသည် ခန္ဓာကိုယ်တွင် ဖြစ်တည်လာခဲ့၏။ ထို့အပြင် မိစ္ဆာချီများ အားလုံးသည် ၎င်း၏ သိစိတ်ပင်လယ်အား တိုက်စားလျက် ရှိနေပြန်၏။
အား……….
လက်မောင်းတစ်ဖက် ဆုံးရှုံးသွားခဲ့ပြီဖြစ်သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
“သေစမ်း” ကျွင်းချောင်ရှောင်းသည် အရှေ့ဘက်သို့ ပျံသန်းလိုက်ပြီးသည့်နောက်မှာတော့ သူ၏ ကျန်းယန်ဓားနှင့် ထိုးခွင်းကာ တိုက်ခိုက်ပြန်၏။ နှိုင်းယှဉ်၍ မရနိုင်အောင် အေးစက်လှသော ဓားချီများသည် တည်နေရာတစ်ခုလုံး တွင် ဖြစ်တည်လာပြန်၏။
ဇွိ
ဓားအလင်းတန်းများ ဖြတ်သန်းသွားပြီးသည့်နောက် ဦးခေါင်းတစ်ခုသည် လွင့်စင်သွားခဲ့သည်။
ဘုတ်
ထိုလူသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက် ဦးခေါင်းပြတ်ကြီးသည် မျက်လုံးများပြူးကျယ်လျက် ရှိနေတော့၏။
“သေ.. သေသွားပြီလား”
“မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် အသတ်ခံလိုက်ရတာလား”