အခန်း (၈၉၈)
Vol. 60 Ch. 898
ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ စေလွှတ်လိုက်သော ကြယ်ကိုးပွင့်အကြီးအကဲများ အားလုံးတွင် ရှစ်ယောက်သည် ဖမ်းဆီးခြင်းကို ခံထားရပြီး တစ်ယောက်မှာတော့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ၎င်းတို့သည် အလုံးစုံရှုံးနိမ်ခဲ့သည်ဟုဆိုရမည်။
ပွဲကို လာရောက်ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ကြောက်လန့်တကြားဖြင့် ခပ်ဝေးဝေးကို ထွက်ပြေးကြကုန်၏။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ကိုးယောက်တို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိသွားခဲ့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သွားရောက်ရန်ပြုတိုက်ခိုက်ရဲသူသည် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားနေမည်နည်း။
စီမေနှင့် နုမေတို့နှစ်ယောက်သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိနှင့်ပြီးသား ဖြစ်နေတော့သည်။ လက်ရှိ အခြေအနေ မှာတော့ ကြယ်ကိုးပွင့်အကြီးအကဲများအားလုံးသည် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သွားခဲ့သည်ဆိုသည့်သတင်း သည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တော့သည်။
“ခံတပ်ရဲ့ တည်နေရာက စတုရန်းမီတာနှစ်ဆယ်တောင် ပိုပြီး ကြီးမားလာခဲ့တာပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ အဆင့်မြင့် စွမ်းအားမြင့် ကျင့်ကြံသူတွေကို တိုက်ခိုက် နိုင်မယ်ဆိုရင် သီလအမှတ် နှစ်ဆရရုံတင်မဘူး တည်နေရာကြီးကလည်း နှစ်ဆပိုပြီး တိုးလာတာဖြစ်မယ်”
ပထမတုန်းက တည်နေရာခံတပ်ကြီးထဲတွင် အဓိကဟောခန်းကြီးတစ်ခုသာရှိ၏။ တော်တော်များများကို ထိုဟောခန်းကြီးကသာ ရယူထားသည်။ လက်ရှိအခြေအနေမှာတော့ ပိုမိုချဲ့ထွင်လာပြီဖြစ်သောကြောင့် ဘေးဘက်တွင် ခန်းမဆောင်လေးများပင် တည်ဆောက်နိုင်ပြီဖြစ်သည်။ ဟုတ်ပေသည်။ ဤကဲ့သို့သော ဆောက်လုပ်ရေး အခြေအနေများကို လီချင်းယန်ကိုသာ လွှဲအပ်ထားရပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် ထိုအရာများကို တွေးတောရန် စိတ်ကူး မရှိချေ။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် သိုလှောင်လက်စွပ်ကို အသာကိုင်ကာ ပြောလိုက်၏။ “ဒီလူကိုးယောက်ရဲ့ သိုလှောင်လက်စွပ်တွေက အရမ်းကို တန်ဖိုးကြီးတာပဲ”
“အင်း…. ဟုတ်လား” ကျွင်းချောင်ရှောင်သည် ယူပြီးတော့ တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ကိုးယောက်တို့၏ သိုလှောင်လက်စွပ်သည် အလွန်ပင် တန်ဖိုးကြီးမားလှ၏။ အရေအသွေးမြင့် သလင်းအမြူတေ မျိုးစုံရှိပြီး ဆေးပင် များ၊ ကျောက်ရိုင်းတုံးများသည် သန်းနှင့်ချီ၍ တည်ရှိနေတော့သည်။ မတူညီသည့် ကျင့်ကြံခြင်းအဆင့်နှင့် မတူညီသော သိုင်းနည်းစနစ်များလည်း တည်ရှိနေသေးသည်။
ဂြိုဟ်၏တည်နေရာအလိုက် ဘုံကိုးပါးကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ကြယ်ကြွေကုန်းမြေ တိုက်ကြီးမှ သိုင်းကျင့်ကြံသူများနှင့် နှိုင်းယှဉ်လို့မရအောင် အားကောင်းသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
ထိုသိုင်းနည်းစနစ်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးသည့်နောက်မှာ သိုင်းနည်းစနစ် ခန်းမဆောင်ကို ဖွင့်လှစ်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သူလဲလှယ်နိုင်သော သိုင်းနည်းစနစ်များ၏ နှုန်းထားသည် အရေအတွက်အရ ပိုမိုတိုးတက်သွားသည်ကို မြင်လိုက်ရ၏။ ဆိုလိုသည်မှာ တခြားသောဂြိုလ်များဆီမှ သိုင်းနည်း စနစ်များသည်လည်း သူ၏ လဲလှယ်နိုင်သော စာရင်းတွင် အရေအတွက်အရ အသုံးဝင်နေသေးသည်ဟု ဆိုခြင်းပင်။
“ဒါက စိတ်ဝင်စားစရာပဲ” ကုန်းရှန့်သည် စပ်ဖြီးဖြီးနှင့် ဖြစ်သွားခဲ့၏။ ရှန်ကွမ်းရှင်းရောင်သည် တစ်ချိန်လုံး သိုင်းနည်းစနစ်များကို ဖန်တီးနေခဲ့၏။ သို့ပေမဲ့ သူ၏ အမြင်ထဲမှာတော့ နှေးကွေးနေသေးသည်။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဆီသို့ ရောက်ရှိလာခဲ့သည့်နောက်မှာတော့ သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို ရယူခဲ့တော့၏။ ထို့ကြောင့် သိုင်းနည်းစနစ်ခန်းမဆောင်မှ သိုင်းနည်းစနစ်များနှင့် လဲလှယ်ရန် အရေအတွက်အရ ပိုမို၍ ပြည့်စုံလာ၏။
“ဟမ်” ကျွင်းချောင်ရှောင်းသည် သေချာကြည့်ရှုလိုက်ပြီးသည့်နောက် ဆဋ္ဌဂံပုံစံ ကျောက်တုံးများသည် သိုလှောင် လက်စွပ်ထဲတွင် တည်ရှိနေသည်ကို မြင်လိုက်ရ၏။ ထိုအရာကို လက်ကကိုင်ကြည့်ပြီးသည့်နောက် စိတ်ဝိညာဉ် စွမ်းအင်များကို အာရုံခံကာ လှမ်းကြည့်လိုက်သည်။ အထဲတွင် အလွန်သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ သူအံအားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတွေထက်တောင် ပိုပြီးတော့ အားကောင်းနေတာပဲ”
စနစ်က ပြောလိုက်သည်။ “ဆယ်ဆ ပိုအားကောင်းတယ်လေ”
“ဆယ်ဆ ဟုတ်လား” ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည်။ ဆိုလိုသည်မှာ ဤကျောက်တုံးတစ်တုံးသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးနှင့် တူညီသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်တော့သည်။
“ဘုံကိုးပါး ကုန်းမြေတိုက်ကြီးက ကျွမ်းကျင်သူတွေက ပိုပြီး အားကောင်းကြတယ်ဆိုတာ ဒီလိုမျိုး သူတို့ စုပ်ယူ နေကြတဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေကလည်း ပိုပြီးအားကောင်းနေလို့ကိုး၊ သူတို့လောကမှာ ဒါကို စိတ်ဝိညာဉ်ကျောက်တုံးလို့ ခေါ်တာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်”
သို့ပေမဲ့ ဤဆဋ္ဌဂံပုံ စိတ်ဝိညာဉ်ကျောက်တုံးများသည် ရှားပါးလွန်းသည့်အရာမျိုးဖြစ်ပြီး သိုင်းကျင့်ကြံသူများ အနေနှင့် အရင်းအမြစ်များအဖြစ် အသုံးပြုရန် အရေးကြီးသည့်အရာလည်း ဖြစ်နေသည်။
“ဒါကို အသုံးပြုမယ်ဆိုရင် ကျင့်ကြံခြင်း အမြန်နှုန်းက ပိုပြီးတိုးလာမှာပဲ၊ ဒါကို ဘယ်လိုပဲခေါ်ခေါ် ကိစ္စမရှိဘူး”
ကျွင်းချောင်ရှောင်းသည် နာမည်များနှင့်ပတ်သက်၍ အာရုံစိုက် မနေချေ။ သူ၏ မျက်လုံးများသည် လင်းလက် လျက်ရှိ၏။ “ဒီအရာကို အသုံးပြုပြီးရင် ငါနဲ့ ငါ့တပည့်တွေ အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုပြီးမြန်လာမယ်”
ဆဋ္ဌဂံပုံ ကျောက်တုံးထဲတွင် သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင်များ ရှိလို့နေ၏။ ထိုအရာများကို အသုံးပြု၍ ကျင့်ကြံမည်ဆိုပါက တစ်နေ့ထက်တစ်နေ့ ကျင့်ကြံခြင်းအဆင့်များသည် ပိုမို၍ မြန်ဆန်လာမှာ ကျိန်းသေသည်။
“ဂိုဏ်းချုပ်”
တင်းရှင်းဝမ်က ပြောလိုက်သည်။ “မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ရှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး တစ်ယောက်ကို သတ်ပစ်ခဲ့တယ်၊ ဒီတော့ ဘုံကိုးပါး ကုန်းမြေတိုက်ကြီးက လုံးဝ လက်လွှတ်ပေးမှာ မဟုတ်ဘူး၊ သူတို့ ကျွမ်းကျင်သူတွေကို စေလွှတ်ပြီးတော့ ကျုပ်တို့ကို လာသတ်နိုင်တယ်လေ”
သူ့အနေနှင့် ဤဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသို့ ပထမဦးဆုံး ဝင်ရောက်လာသည့် အချိန်တွင် သာမန်သာ ဖြစ်သည်ဟု ခံစားမိ၏။ သို့ပေမဲ့ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူ များဆိုသည်မှာ နေရာအနှံ့တွင် ရှိနေပြီး သူတော်စင်အဆင့် သိုင်းကျင့်ကြံသူများဆိုလျှင်ပင် လမ်းဘေးခွေးများကဲ့သို့ ပေါများနေသည်။ ထို့ကြောင့် ဤတည်နေရာကြီးသည် ရိုးရှင်းသည်တည်နေရာကြီး မဟုတ်မှန်း နားလည် လိုက်မိ၏။
“ဒါကြောင့်ပဲ ကျုပ်တို့က သေသေချာချာ ပြင်ဆင်ထားရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် ခံတပ်အပြင်သို့ ထွက်လိုက်၏။ ပြီးနောက် သေးငယ်သော အလံတိုင်များကို ထုတ်ကာ ပစ်လွှတ်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အချိန်ရောက်လာပြီဆိုရင် သူတို့အားလုံးက ငြိမ်ငြိမ်သက်သက်နဲ့ ဒီနေရာကို လာပြီးတော့ လူရွေးဖို့ လုပ်ရလိမ့် မယ်”
ရွှီး ရွှီး ရွှီး
အလင်းတန်းများ ဖြစ်တည်ပြီးသည့်နောက် နေရာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။
ဝမ် ဝမ် ဝမ်
အချိန်အတိုင်းအတာအတွင်းမှာပဲ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှသော မိုးကြိုးစုစည်းခြင်း အစီအရင် ဆယ်ခု သည် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။ မြေပေါ်တွင် တချို့တည်ရှိနေကြပြီး တချို့သည် လေထုထဲတွင် လွင့်မျောနေ၏။ ထိုအစီအရင်များ အားလုံးသည် စီမေ၊ နုမေ၏ တခြားသောလူများ အားလုံးကို ဖုံးလွှမ်းထားခဲ့ တော့၏။ ဤအစီအရင်သည် ဆန်းကြယ်ဂိတ်တံခါးသုံးဆယ်နှစ် ကျမ်းစာထဲမှ အစီအစဉ် တည်ဆောက်မှုပုံစံဖြစ်ပြီး အလွန်အမင်း အားကောင်းလို့နေ၏။
အရင်တုန်းက ခရမ်းရောင်ဘုရင်နှင့် များပြားလှသော ကျင့်ကြံသူများ တိုက်ခိုက်ချိန်တွင် တည်နေရာကြီးတစ်ခုလုံး အက်ကွဲသွားခဲ့၏။ သို့ပေမဲ့ အခြေခံသည် ပျက်စီးသွားခြင်း မရှိချေ။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ပြန်လည် ဖန်တီးလိုက်သည့်နေရာမှာ အလွန်အားကောင်းသည့် ပေါက်ကွဲမှုများကိုပင် ဖြစ်ပွားစေနိုင်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်း အနေနှင့် တည်နေရာထဲတွင်ရှိသော မိုးကြိုးအစီအရင်များကို ဖုံးကွယ်မထားချေ။ ပတ်ဝန်းကျင် တည်နေရာထဲတွင် ပွင့်ပွင့်လင်းလင်း တည်ဆောက်ထားခြင်း ဖြစ်သည်။
အစီအရင်၏ နံရံများသည် တစ်ခုပြီးတစ်ခု ချိတ်ဆက်လျက်ရှိပြီး ပတ်ဝန်းကျင်တွင် ကြီးမားသည့် အစီအရင်ကြီး တစ်ခုအဖြစ် တည်ရှိနေတော့သည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းလွန်း၏။ သူသည် ဓားစာခံများကို မိုးကြိုးအစီအရင်ထဲတွင် ထည့်သွင်းထားသည်။ ရွေးချယ်ရန် ပိုက်ဆံမပေးပါက ရှိရှိသမျှ အရာအားလုံးကို ဖောက်ခွဲ ပစ်မည်ဟူသည့် သဘောပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ပြုလုပ်ပြီးပြီးချင်းမှာပဲ ခပ်ဝေးဝေးတည်နေရာဆီမှ စွမ်းအားမြင့် ကျင့်ကြံသူ များ လေထုထဲတွင် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ဦးဆောင်လာသည့်သူမှာ ဂုဏ်သိက္ခာထည်ဝါလှသည့် သက်လတ်ပိုင်းလူတစ်ယောက်ပင် ဖြစ်လို့နေသည်။ ထိုသူသည် လည်သာဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် အလွန်ထက်ရှသည့် ဓားတစ်ချောင်းကို ချိတ်ထား၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် အားကောင်းလွန်းသော အော်ရာ များ ထုတ်ဖော်လျက်ရှိ၏။ သူ၏ နောက်တွင် သိုင်းကျင့်ကြံသူ နှစ်ဆယ်ကျော်တို့ တည်ရှိနေပြီး သူတို့၏ အားအင် အဆင့်မှာလည်း မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်တော့သည်။
ဝှစ် ဝှစ်
လူတစ်ဒါဇင်ကျော်တို့သည် လေထုထဲတွင် လွင့်မျောလျက်ရှိပြီး အလွန်အားကောင်းလှသော ချီဖိနှိပ်မှုကြီးကို ထုတ်လွှတ်လျက်ရှိနေ၏။
တင်းရှင်းဝမ်သည် အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်… ရှေ့ဆုံးမှာ ရပ်နေတဲ့လူက သိုင်းနယ်မြေ ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ရောက်နေတဲ့သူ ဖြစ်ဖို့များတယ်”
ကျွင်းချောင်ရှောင်းသည်လည်း အာရုံခံမိ၏။ သူသည် အဓိကဟောခန်း၏ရှေ့ ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိပြီး ခြေတစ်ချောင်းကို ချိတ်ထား၏။ ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်တော့သည်။ “ဘုံကိုးပါးကုန်းမြေတိုက် ကလား”
ထည်ဝါခန့်ညားလှသောသူသည် စီမေ၊ နုမေနှင့် တခြားသောသူများကို ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သတ်ဖြတ်ခံလိုက်ရသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကို ထပ်မံ ကြည့်လိုက်ပြန်သည်။ သူသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “မင်း တကယ့်ကို သတ္တိရှိတာပဲ၊ ငါတို့ ဘုံကိုးပါး ကုန်းမြေတိုက်ကလူ ကိုတောင် သတ်ရဲတယ်”
ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာ ပြောလိုက်၏။ “ရွေးချယ်စရာ မရှိလို့ပါ”
“မြို့တော်ဝန်”
ထိုသူ၏ အနောက်တွင်ရှိသော အဘိုးအိုသည် တီးတိုးပြောလိုက်၏။ “ကျုပ်သွားပြီးတော့ စီမေ၊ နုမေ နဲ့ တခြားသူတွေကို သွားပြီးတော့ ကယ်ခဲ့မယ်”
သက်လတ်ပိုင်းလူသည် သူ့အား တားဆီးလိုက်၏။ “ပတ်ဝန်းကျင် တစ်ခုလုံးမှာ စီရင်ထားတဲ့ အစီအရင်တွေက သာမန်မဟုတ်ဘူး၊ အလျင်စလို မလုပ်နဲ့”
“ရောင်းရင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားကို ကြည့်ရတာ ပြောဆိုရ အဆင်ပြေမယ့်ပုံပဲ၊ ကျုပ်ကလည်း ဒီလို လူမျိုးကို သဘောကျတယ်၊ အေးအေးဆေးဆေး စကားပြောဖို့ ဘာလို့ မစဉ်းစားတာလဲ”
“ဘာကို ပြောချင်တာလဲ” သက်လတ်ပိုင်းလူက မေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ချောင်းများကို ယှက်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့လူတွေက သီလအမှတ် တွေကို လိုချင်လို့ ဝရမ်းထုတ်ခံထားရတဲ့ ကျုပ်လူတွေကို လာပြီး ဖမ်းဆီးတယ်လေ၊ ဒါက နားလည်သင့်တယ်၊ နားလည်ပေးဖို့လည်း ကောင်းတယ်လေ၊ ဒီတော့ သူတို့အနေနဲ့ ကျုပ်တို့ကို အနိုင်မယူနိုင်ဘဲနဲ့ ဖမ်းဆီးခံထား ရတယ်ဆိုတာလည်း နားလည်ဖို့ကောင်းတယ် မဟုတ်လား”
သက်လတ်ပိုင်းလူသည် ငြိမ်သက်သွားသည်။ သူတို့သည် ဝရမ်းထုတ်ခံထားသည့်လူများကို ဖမ်းဆီးရာတွင် ကျရှုံးခဲ့ သည်သာမက သူတို့ကိုယ်တိုင်ပင်လျှင် အကျဉ်းသားအဖြစ် ကျရောက်ခဲ့ကြ၏။
ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ မျက်နှာသည် စီမေနှင့် နုမေတို့ကြောင့် အလုံးစုံ ပျက်စီးခဲ့ရပြီ ဖြစ်တော့၏။ ထို့အပြင် ကြယ်ကိုးပွင့် အကြီးအကဲများလည်း တည်ရှိနေသေး၏။ ၎င်းတို့အားလုံးသည် စီမေနှင့် နုမေအား ကယ်တင်နိုင်လိမ့်မည်ဟု ခံတပ်ထဲတွင် ကျိန်ဆိုကာ ထွက်ခွာသွားခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ရှစ်ယောက်သည် ဖမ်းဆီးခံရပြီး တစ်ယောက် မှာ သတ်ဖြတ်ခံလိုက်ရသည်။ ဤအဖွဲ့သည် ဘာတစ်ခုမှ မပြုလုပ်နိုင်ခဲ့ချေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမှာ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက် ရှိတယ်လေ၊ ဒီနေ့လိုခေတ်မျိုးမှာ ဒီလိုလူမျိုးတွေကို ရှာဖွေရတာ လွယ်ကူလှတာ မဟုတ်ဘူးလေ၊ ဒီတော့ ကျုပ်က သူတို့ရဲ့ အသက်ကို မယူချင်ဘူး”
“ဆိုလိုတာက”
သက်လတ်ပိုင်းလူသည် အေးစက်စက် ပြောလိုက်သည်။ “ဒီမြို့တော်ဝန်က မင်းကို ကျေးဇူးတင် ရမှာလား”
“ကျေးဇူးတင်ဖို့ မလိုပါဘူး” ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ ဆဋ္ဌဂံပုံ ကျောက်တုံးများကို ထုတ်ယူကာ ပြောလိုက်တော့သည်။ “ဒီအရာတွေနဲ့ ပြန်ရွေးပေါ့”
“……”
သက်လတ်ပိုင်းလူ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့သည်။ ဤကောင်လေးသည် သူ့အား ပြောဆိုရ လွယ်ကူ သည့်လူတစ်ယောက်ဟု ပြောဆိုခဲ့ပြီး အဆုံးသတ်မှာတော့ ငွေညှစ်နေခြင်းပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်လို့ ဒီဟာက အဆင်မပြေဘူး ဆိုရင်လည်း တခြားအရာတွေ ထုတ်ပြီးတော့ လဲလှယ်လို့ရတယ်လေ၊ သူတို့ကို ကျုပ် ချက်ချင်း မသတ်သေးပါဘူး”
ဤအရာမှာ အမှန်ပင် နောက်ပြောင်ခြင်း မဟုတ်ပေ။ သူ့အနေနှင့် သတ်ဖြတ်ချင်သည်ဆိုပါက မိုးကြိုးအစီအရင်ကို ထုတ်ဖော်၍ တစ်ခါတည်း သတ်ဖြတ်ပစ်နိုင်သည်။ ထို့အပြင် စီမေနှင့် နုမေတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားခြင်းဖြစ်ပြီး သတိလစ် မေ့မျောနေကြ၏။ ဖောက်ခွဲလိုက်မည်ဆိုပါက ကျိန်းသေပေါက် အသားစများ အဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။
“မင်း… ဒီမြို့တော်ဝန်ကို ခြိမ်းခြောက်နေတာလား” ထိုလူ၏ မျက်နှာပေါ်တွင် ဒေါသတရားများ ဖြစ်တည်လာ သည်။
ကျွင်းချောင်ရှောင်းသည် လက်ကို ဖြန့်ကားကာ ပြောလိုက်တော့၏။ “ကျုပ်က အစောကြီးကတည်းက အခွင့်အရေး ပေးပြီးသားလေ၊ သူတို့ သေခြင်း၊ ရှင်ခြင်းဆိုတာ ခင်ဗျားရဲ့ ဆုံးဖြတ်မှု အပေါ်မှာပဲ မူတည်တယ်၊ ကောင်းပြီ၊ ခင်ဗျားကို ခင်ဗျား အရမ်းအားကောင်းတယ်လို့ထင်ရင် သူတို့ကို မိုးကြိုးအစီအရင်ထဲက ထွက်ခွာသွားနိုင်အောင် ကြိုးစားလေ”
ဝမ် ဝမ်
ပြောပြောပြီးချင်းမှာပဲ မိုးကြိုးအစီအရင်များ အားလုံးသည် လင်းလက်သွားခဲ့၏။ အချိန်မရွေး ထ၍ ပေါက်ကွဲတော့ မည့် ဟန်ပန်မျိုး ဖြစ်နေတော့သည်။ ဘုံကိုးပါး ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် တုန်လှုပ်သွားခဲ့ ကြ၏။ အစီအရင်၏ ပုံပန်းသွင်ပြင်နှင့် အလင်းတန်းများကို ကြည့်လိုက်သည်နှင့် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အစီအရင်ဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း နားလည်မိသည်။
သက်လတ်ပိုင်းလူက မျက်မှောင်ကုတ်လိုက်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူက ပြောလိုက်တော့ သည်။ “ဒီလူတွေကို ရွေးဖို့အတွက် ဆဋ္ဌဂံကြယ်ကျောက်တုံး ဘယ်လောက်နဲ့ လဲရမလဲ”