← Chapters

အံ့သြသွားကြခြင်း

Vol. 25 Ch. 346

အံ့သြသွားကြခြင်း

Vol. 25 Ch. 346

နောက်တစ်နေ့၌ပင် ဂူနန်းယှဥ်ပြိုင်ပွဲ၏ရလာဒ်က ကန်ရွှမ်းကလန်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဖြစ်သည်။  ပုံမှန်အားဖြင့်ဆိုလျှင် ဤအဆင့်မျှလောက် ဂူနန်းယှဥ်ပြိုင်ပွဲတစ်ခုအား သက်ဆိုင်ရာတောင်ထွတ်မှလွဲ၍အခြားသောတောင်ထွတ်များမှ စိတ်ပင်ဝင်စားမည်မဟုတ်ချေ။  ပြိုင်ပွဲရလာဒ်အားလည်း မည်သူမှ သိချင်နေကြမည် မဟုတ်ပေ။

ထို့အပြင် ဤဂူနန်းယှဥ်ပြိုင်ပွဲသည် မည်သူမျှစိတ်ဝင်စားမှုမရှိသော မူလသူတော်စင်တောင်ထွတ်မှရွှေခါးစည်းတပည့်များ၏ ယှဥ်ပြိုင်ပွဲတစ်ခုသာဖြစ်လေသည်။ သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ အရာအားလုံးမှာကွာခြားနေခဲ့၏။

နှင်းပဒုမ္မာတောင်ထွတ်မှ အကြီးအကဲမြောင်ကဇူယွမ့်အား အားပေးထောက်ခံမှု ပြုလုပ်ခဲ့ခြင်းကြောင့် ချူချင်း၏အမာခံပရိသတ်များစွာအား အမျက်ဒေါသဖြစ်စေခဲ့လေသည်။  ထို့ကြောင့် ဂူနန်းယှဥ်ပြိုင်ပွဲနေ့တွင် လူပေါင်းများစွာက ဇူယွမ်၏စွမ်းဆောင်ရည်အားလာရောက်ကြည့်ရှုခဲ့ကြ၏။

အများစုမှာ ဇူယွမ်၏ရှုံးနိမ့်မှုအား မြင်ချင်သောရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ကြသော်လည်းသူတို့၏စိတ်နှလုံးထဲ၌ အံ့သြတုန်လှုပ်မှုများစွာဖြင့်သာ ပြန်သွားခဲ့ကြရလေသည်။ အဘယ့်ကြောင့်ဆိုသော် ဤအရေးမပါသော ဂူနန်းယှဥ်ပြိုင်ပွဲလေးကအလှည့်အပြောင်းများစွာကို ဖြစ်ပေါ်စေခဲ့ပြီးအဆုံးသတ်ရလာဒ်မှာ လူတိုင်းမျှော်မှန်းထားသည်ထက်ပင် များစွာပို၍ ကျော်လွန်နေခဲ့၏။

အတွင်းတောင်သို့ ရောက်ရှိလာသည်မှာ တစ်လခန့်သာ ရှိသေးသော ဇူယွမ်သည် သူ၏မူလစဦး တတိယအဆင့်လောက်နှင့်ပင် အလှည့်အပြောင်းများစွာကိုပြုလုပ်နိုင်ခဲ့ပြီး သူတစ်ဦးတည်းဖြင့် အကြီးအကဲလုဟုန်းဖက်မှ တပည့်သုံးယောက်လုံးအား အနိုင်ယူနိုင်ခဲ့ပေသည်။ ထိုသို့သောအောင်မြင်မှုမျိုးသည် ပြောစမှတ်တွင်စဖွယ်ပင် ဖြစ်၏။

ဇူယွမ်အား မျက်စိဒေါက်ထောက်မတက် လိုက်ကြည့်နေခဲ့သော တပည့်များသည်ပင် ဇူယွမ်၏တိုက်ခိုက်မှုများ၌ အမှားလေးတစ်ခုပင် ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ဂူနန်းယှဥ်ပြိုင်ပွဲ၏ အသေးစိတ်အချက်အလက်တိုင်းသည် အခြားတောင်ထွတ်များဆီသို့ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းအား အံ့သြတကြီး ဖြစ်စေခဲ့လေသည်။

“ကြည့်ရတာဇူယွမ်က တော်တော်လေး အရည်အချင်းရှိတဲ့ပုံပဲ။  သူကမူလစဦး တတိယအဆင့်ပဲ ရှိသေးပေမယ့် ဝေယိုရွှမ်းလို မူလစဦး ဆဋ္ဌမအဆင့်ကတောင်သူ့ပြိုင်ဖက်မဟုတ်ခဲ့ဘူး။”

“သူရဲ့ချီစွမ်းအင်အခြေခံက သာမန်မဟုတ်လောက်ဘူး..”

“အကြီးအကဲမြောင်က သူ့ကိုအများကြီး ချီးကျူးခဲ့တာ မထူးဆန်းတော့ပါဘူး။  သူက တကယ်လည်း ဒုတိယ ချူချင်းဖြစ်လာနိုင်တာပဲဟာ။”

“ကျွတ်...အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ ဒါကရွှေခါးစည်းတပည့်တွေကြားက ဂူနန်းယှဥ်ပြိုင်ပွဲလေးတစ်ခုပဲကို။  ရွေးချယ်ခံဆယ်ယောက်နေရာကအဲ့လို လွယ်လွယ်ကူကူနဲ့ ရနိုင်မယ်ထင်လို့လား။ ပြီးတော့ အခုရွေးချယ်ခံဆယ်ယောက်လုံးကလည်းသူတို့ထက် ကျင့်ကြံခြင်းအဆင့်မြင့်နေတဲ့သူတွေကိုအနိုင်ယူလာခဲ့တာပဲဟာ။ ဇူယွမ်ရဲ့အောင်မြင်မှုဆိုတာသူတို့တွေနဲ့ယှဥ်လိုက်ရင် ဘာမှကို မဟုတ်တော့ဘူး။”

“ဟုတ်တယ်...အကိုတော်ချူချင်းက ဒီနှစ်တွေအတွင်းအခက်အခဲတွေအများကြီးကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့တာ။ အကြီးအကဲတစ်ယောက်ဆိုရင် အကိုတော်ချူချင်းက နောက်ဆယ်နှစ်အတွင်းမှာ အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ပြောခဲ့တာ ငါကြားဖူးတယ်။”

“ဝိုး....တကယ်ကြီးလား။  အကြီးအကဲတစ်ယောက်ဖြစ်လာဖို့ ပထမဆုံးလုပ်ရမှာက ကောင်းကင်ဘုံနေမင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ပဲ။”

“စီနီယာအကိုတော် ချူချင်းက ကန်ရွှမ်းကလန်ထဲနှစ်တစ်ရာမှတစ်ယောက်ရှိနိုင်တဲ့ ထူးချွန်ထက်မြက်လွန်းတဲ့ တပည့်မျိုးပဲ။  သူနဲ့ယှဥ်မယ်ဆိုရင် ဇူယွမ်ကအများကြီး အများကြီးကို လိုအပ်နေသေးတယ်။”

“...”

တောင်ထွတ်ခုနစ်ခုလုံးမှာ ထိုသို့သော စကားဝိုင်းများနှင့်သာ ပြည့်နှက်နေခဲ့၏။  အကြီးအကဲမြောင်၏ဝေဖန်မှတ်ချက်ပေးမှုအား တပည့်တော်တော်များများမှ သဘောမကျဆဲဖြစ်သော်လည်း ယခင်ကကဲ့သို့တစ်ဖက်သတ်ဆန်စွာ ဝေဖန်ခြင်းများတော့ မပြုလုပ်တော့ပေ။

ဂူနန်းယှဥ်ပြိုင်ပွဲပြီးသည်မှစ၍ တပည့်အများစုမှာ ဇူယွမ်၏အရည်အချင်းနှင့် စွမ်းဆောင်ရည်အား စတင်၍ အသိအမှတ်ပြုလာခဲ့သည်မှာထင်ရှားပေသည်။ အနည်းဆုံးတော့ ဇူယွမ်မှာ သူနှင့်အဆင့်တူသူများထက် များစွာပို၍ သာလွန်နေခဲ့၏။

ယခုတွင်တော့ လူတိုင်းသည် မူလသူတော်စင်တောင်ထွတ်မှ ဇူယွမ်အား သိရှိသွားကြပြီ ဖြစ်သည်။ တစ်နည်းဆိုရလျှင်မူ ဇူယွမ်မှာ ကန်ရွှမ်းကလန်၌ကျော်ကြားလာခဲ့ပြီ ဖြစ်၏။

ဓားကပ်ဘေးတောင်ထွတ်ကျောက်သားနန်း​တော်ထဲ၌ လူငယ်နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေလျက်ရှိပြီး သူတို့အကြားရှိကျောက်စားပွဲပေါ်၌ စစ်တုရင်ဘုတ်ပြားတစ်ခု ရှိနေ၏။ လူငယ်နှစ်ဦးထဲမှ တစ်ဦးမှာ ခုန်းရှန်ဖြစ်ပြီး သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော လူငယ်သည်အရပ်မြင့်ကာ ပိန်သွယ်သော ခန္ဓာကိုယ်ရှိပြီးရှည်လျားကျဥ်းမြောင်းသော မျက်ဝန်းများမှာလင်းလက်တောက်နေလျက် ရှိပေသည်။ သူ၏လက်အား ဆန့်ထုတ်လိုက်သောအခါတွင် အင်္ကျီလက်မောင်းအိုးမှာ အပေါ်သို့လန်တက်သွားပြီးလက်တလျှောက်မှ များစွာသော ဓားဒဏ်ရာတို့ ပေါ်လာခဲ့၏။

ထိုလူငယ်မှာ ကျောင်းဇူဟုခေါ်တွင်ပြီး ဓားကပ်ဘေးတောင်ထွတ်မှ ဒုတိယမြောက်ရွေးချယ်ခံတစ်ဦးဖြစ်ကာ ရွေးချယ်ခံဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူတို့နှစ်ဦးမှာ ဓားကပ်ဘေးတောင်ထွတ်၏ထိပ်ဆုံးတွင် ရပ်တည်နေကြသူများ ဖြစ်သည်။

ကျောက်သားနန်းဆောင်၏ အောက်ဘက်ခပ်လှမ်းလှမ်းတွင်မူ ဓားကပ်ဘေးတောင်ထွတ်မှတပည့်များ လေ့ကျင့်ရာနေရာဖြစ်သည့် ကျောက်တုံးစင်မြင့်ကြီးတစ်ခု ရှိ၏။  ထိုစင်မြင့်၌လေ့ကျင့်လျက်ရှိနေသော တပည့်များမှာ ကျောက်သားနန်းဆောင်ထက်မှသူတို့နှစ်ဦးအား လေးစားအားကျမှုများဖြင့် ငေးကြည့်နေကြလေသည်။

“ငါသီးခြားကျင့်ကြံခြင်းလုပ်နေတဲ့ အချိန်လေးအတွင်းမှာ ဒီလိုစိတ်ဝင်စားစရာကောင်းတာတွေဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”

ကျောင်းဇူမှပြုံး၍ စကားဆိုလိုက်၏။  ပြုံး၍ပြောနေသော်လည်းသူ၏အပြုံးမှာ ဓားသွားများအလားထက်ရှနေကာတစ်ဖက်လူအား စိတ်ကသိကအောက် ဖြစ်စေနိုင်ပေသည်။

“ဇူယွမ်ဆိုတာ မူလရေကန်မှာ တတိယမြောက် နဂါးရှစ်ကောင်ကောင်းချီး ရရှိခဲ့တဲ့ တပည့်မဟုတ်လား။”

ခုန်းရှန်၏မျက်ဝန်းများသည် စစ်တုရင်ခုံ၌သာအာရုံစိုက်နေခဲ့ပြီး ထိုနာမည်အားကြားရသည့်အချိန်တွင်လည်း မည်သည့်အမူအရာမှ ပြောင်းလဲသွားခြင်းမရှိပေ။  ထိုအစား ခေါင်းကိုသာငြိမ့်​ပြကာ ပြန်၍စကားဆိုလိုက်သည်။

“သူကတော်တော်လေး ဉာဏ်များတဲ့သူပဲ။  သူ့ကြောင့်သာမဟုတ်ဘူးဆိုရင် လီချင်းချန်ရဲ့ ရှစ်ကောင်မြောက်နဂါးကောင်းချီးက ငါ့အတွက် ဖြစ်နေမှာ။” ကျောင်းဇူမှ ဖြည်းညင်းစွာရီရင်း ပြောလိုက်သည်။

“သူက အကိုကြီးရဲ့အစီအစဥ်ကိုတောင် နှောင့်ယှက်ရဲတယ်ပေါ့လေ။  တော်တော်လေး သတ္တိကောင်းတာပဲ။”

“သူက နွားသာသာ အကောင်လေးပါပဲ။  အခုဆိုသူ့ကို ဒုတိယချူချင်းလို့တောင် ခေါ်နေကြပြီ။” ကျောင်းဇူသည် ခေတ္တမျှ ကြောင်စီစီဖြစ်သွားပြီးသည့်နောက် လှောင်ပြောင်ရီမောလိုက်ရင်း ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်လေသည်။

“တပည့်အသစ်လေးတွေက ပိုပိုပြီးစိတ်ကြီးဝင်လာကြပုံပဲ..ဒုတိယချူချင်းဟုတ်လား....” ခုန်းရှင်မှ ဖြည်းညင်းစွာပြုံးကာ ပြန်၍ပြောလိုက်၏။

“ဂူနန်းယှဥ်ပြိုင်ပွဲမှာတော့ သူကအားလုံးကိုအထင်ကြီးအောင် လုပ်ပြနိုင်ခဲ့တယ်လေ။”

ကျောင်းဇူ၏နှုတ်ခမ်းများမှာ တွန့်ကွေးသွားကာစကားဆိုလိုက်၏။

“အဲ့ဒါက ရွှေခါးစည်းတပည့်တွေကြားက ဂူနန်းယှဥ်ပြိုင်ပွဲလေး တစ်ခုပါပဲ။ ကြည့်ရတာအကြီးအကဲလုဟုန်းရဲ့လက်အောက်က တပည့်တွေကပိုပိုပြီး အသုံးမကျတော့တဲ့ပုံပဲ။  မူလသူတော်စင်တောင်ထွတ်က အဖွဲ့လေးတစ်ခုကိုတောင် မကိုင်တွယ်နိုင်တာ မယုံနိုင်ဘူး...သူကတကယ်ကို ငါတို့ဓားကပ်ဘေးတောင်ထွတ်ကို အရှက်ရစေတာပဲ။”

“ဘယ်လိုပဲဖြစ်ဖြစ် သူကအကိုတော်ရဲ့ အစီအစဥ်တွေကို နှောင့်ယှက်ရဲတယ်ဆိုမှတော့ အနာဂတ်မှာ အခွင့်အရေးရခဲ့မယ်ဆိုရင် နည်းနည်းတော့ ခံစားရအောင်လုပ်ပေးရမှာပေါ့လေ။”

ခုန်းရှန်မှ ဂရုပင်မစိုက်သောအမူအရာဖြင့် ပြန်၍ပြောလိုက်သည်။

“ထားလိုက်ပါ။ ရွှေခါးစည်းတပည့်လေးတစ်ယောက်လောက်ကို ငါ့တို့ဂရုစိုက်နေတာကသူ့ရဲ့ဂုဏ်သတင်းကို မြှင့်တင်ပေးနေသလို ဖြစ်နေလိမ့်မယ်။”

“တခြားတပည့်တွေက အရည်မရ အဖတ်မရတွေ လျှောက်ပြောနေကြတာ။  သူကတကယ် ဒုတိယချူချင်း ဖြစ်လာမယ်လို့ ထင်လို့လား။  နှစ်ပေါင်းများစွာ ကန်ရွှမ်းကလန်ထဲမှာ ထူးချွန်ထက်မြက်တဲ့တပည့်တွေအများကြီး ထွက်ပေါ်လာခဲ့တာပဲ။  ဒါပေမဲ့ ဘယ်သူကများ ရွေးချယ်ခံဆယ်ယောက်ထဲကတစ်ယောက်ဖြစ်လာခဲ့လို့လဲ။”

ထိုစကားကိုကြားရသောအခါတွင် ကျောင်းဇူမှာအထိန်းအကွပ်မဲ့စွာ ရီမောပစ်လိုက်ရင်း ခေါင်းငြိမ့်ပြလိုက်၏။ ထိုစကားမှာ မှန်ကန်ပေသည်။  ရွှေခါးစည်းတပည့်အဆင့်လောက်ဆိုသည်မှာ သူတို့တွေးတောနေဖို့ပင် မထိုက်တန်ပေ။

မကြာသောအချိန်လေးအတွင်းမှာပင်ဇူယွမ်၏ဂုဏ်သတင်းမှာ မှေးမှိန်သွားတော့မည်သာဖြစ်သည်။

နှင်းပဒုမ္မာတောင်ထွတ်လီချင်းချန်သည် အစိမ်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး မြူခိုးများဆိုင်းနေသော ကျောက်သားစင်မြင့်ပေါ်၌ ထိုင်နေလျက်ရှိ၏။ သူမ၏လှပတင့်တယ်သောမျက်နှာလေးမှာ ဘယ်တော့မှအရည်ပျော်ခြင်းမရှိသော ရေခဲကျောက်စိုင်အလား အေးစက်မာကျောနေပေသည်။

သို့သော်ယခုအချိန်၌ သူမ၏အေးစက်စက်မျက်နှာလေးပေါ်တွင် အံ့သြထူးဆန်းမှုအရိပ်အယောင်တချို့ဖြတ်ပြေးလျက်ရှိ၏။

“ဇူယွမ်...... အံ့သြစရာပဲ။ ”

သူမဘာသာ ရေရွတ်လိုက်၏။  သူမသည် မူလသူတော်စင်တောင်ထွတ်မှဂူနန်းယှဥ်ပြိုင်ပွဲရလာဒ်အား ကြားသိခဲ့ရပြီး ဖြစ်သည်။ သူမသည် ယခုအချိန်၌ ဇူယွမ်အား သာမန်မျှသာစိတ်ဝင်စားလေသည်။

ပြောရမည်ဆိုလျှင် သူမသည်ဇူယွမ်နှင့်အထူးတလည် ဆက်ဆံရေးရှိနေသော ယောင်ယောင့်အား ပို၍ စိတ်ဝင်စားနေမိ၏။ လီချင်းချန်သည် အဆင့်အတန်းမြင့််မားကာ အလွန်မာနကြီးသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူမ၏စိတ်နှလုံးထဲတွင်မူ ယောင်ယောင်မှာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော ထူးဆန်းသည့် မိန်းကလေးတစ်ဦး ဖြစ်နေဆဲပင် ဖြစ်၏။

ယောင်ယောင်မှာ ဘယ်နေရာသွားသွား လူအများ၏စိတ်ဝင်စားမှုကို ခံရမည်ပင် ဖြစ်သည်။  မည်မျှပင်အရည်အချင်းရှိသော ပါရမီရှင်ဖြစ်နေပါစေ သူမ၏ဆွဲဆောင်နိုင်စွမ်းအောက်၌ ကျရှုံးရမည်သာ ဖြစ်၏။

ထို့ကြောင့် လီချင်းချန်မှာ ယောင်ယောင်နှင့်ဇူယွမ်တို့၏ ထူးခြားသောဆက်ဆံရေးအား နားမလည်နိုင်ဖြစ်ခဲ့ရခြင်း ဖြစ်၏။ သူမ၏အမြင်တွင်မူ သူတို့နှစ်ဦးမှာ ဘာမှမသက်ဆိုင်သောကမ္ဘာနှစ်ခုမှ လာသကဲ့သို့ပင် ခြားနားလေသည်။ ပြောရမည်ဆိုလျှင် သူမသည် ဇူယွမ်က ယောင်ယောင်နှင့် အထူးတလည် ဆက်ဆံရေးရှိဖို့ရန် မထိုက်တန်သူဟုပင် ခံစားနေရ၏။

လီချင်းချန်သည် မူလရေကန်၌ ဇူယွမ်နှင့်တွဲဖက်၍ အလုပ်လုပ်ခဲ့သော်လည်း ထိုအရာမှာ ယောင်ယောင်ကြောင့်သာ ဖြစ်ပေသည်။  ထိုသို့မှမဟုတ်လျှင် ဇူယွမ်ကဲ့သို့သော ရွှေခါးစည်းတပည့်အဆင့်ကလေးက သူမလို တတိယမြောက်ရွေးချယ်ခံနှင်​့အလုပ်တွဲလုပ်ရန် တသက်လုံး မဖြစ်နိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ ဂူနန်းယှဥ်ပြိုင်ပွဲ၌ ဇူယွမ်၏စွမ်းဆောင်ရည်မှာ သူမကို အံ့အားသင့်စေခဲ့လေသည်။  ကြည့်ရတာ ဇူယွမ်တွင်လည်း အလားအလာကောင်းတချို့ ရှိပုံရ၏။

“ဘာပဲဖြစ်ဖြစ်လေ..ဒုတိယမြောက် ချူချင်းဟုတ်လား...အဟက်။”

လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်သူ၏လက်ချောင်းလေးများဖြင့် ရှေ့၌ရှိနေသော မြူခိုးများအား ​မွှေ့နေလိုက်သည်။

“ဇူယွမ်...နင်ကတော့ အများကြီးပိုပြီး ကြိုးစားရတော့မယ်လို့ ငါထင်တယ်။ ”

ရွေးချယ်ခံဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်လာပြီးသည့်အခါမှသာ ရွေးချယ်ခံနံပါတ်တစ်ခုသည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသည်ကို သိရှိနားလည်လာမည် ဖြစ်၏။ သူမ ထင်သည်ကတော့ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသော ယောင်ယောင်သည် ရွေးချယ်ခံဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်လာနိုင်သော်လည်း ဇူယွမ်အတွက်မူ ကံတရားရော အတွေ့အကြုံရော များစွာပို၍ လိုအပ်နေပေသေးလေသည်။

***

မူလသူတော်စင်တောင်ထွတ်ခြံဝင်းတစ်ခုထဲရှိ ဥယျာဥ်ထဲ၌ စိန်းထိုက်ယွမ်မှာ ရိုးရှင်းသောအဝတ်အစားများ ဆင်မြန်းထားပြီးဂေါ်ပြားတစ်လက်ဖြင့် သူစိုက်ပျိုးထားသောအပင်များကို ဂရုစိုက်နေလျက်ရှိ၏။

ဇူယွမ်မှာတော့ အနီးရှိကျောက်တုံးတစ်ခုပေါ်တွင်ထိုင်ကာ စိန်းထိုက်ယွမ်အား ကြည့်နေလေသည်။ စိန်းထိုက်ယွမ်မှာ အချိန်အတော်ကြာအောင် အလုပ်လုပ်နေခဲ့ပြီးနောက်တွင် ကျေနပ်အားရမှုရှိသွားဟန်ရ​ပေသည်။  သူသည် ဇူယွမ်ထံသို့ လှမ်းလျှောက်လာရင်း လက်မှအမှိုက်များကို ခါထုတ်လိုက်၏။

ဇူယွမ်သည် လယ်သမားအိုကြီးနှင့်ပင်တူနေသောစိန်းထိုက်ယွမ်အား ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ဘယ်သူကများ ဒီလိုရိုးရှင်းတဲ့လူအိုကြီးက ကောင်းကင်ဘုံနေမင်းအဆင့် အထွတ်အထိပ်ကိုရောက်နေတဲ့သူလို့ ထင်မှာတဲ့လဲ။

အခြားနေရာတစ်ခု၌ဆိုလျှင် စိန်းထိုက်ယွမ်မှာဂိုဏ်းငယ်တစ်ခုကိုတည်ထောင်ပြီး ဂိုဏ်းချုပ်အဖြစ်ပင် အုပ်စိုး၍ရနေပြီ ဖြစ်သည်။ အကယ်၍ စိန်းထိုက်ယွမ်သာ ကန်းမင်တိုက်ကြီးထဲ၌ဆိုပါလျှင်မူ သူ၏အတွေးလေးတစ်ချက်မျှနှင့်ပင်အရာအားလုံးကို ဖြစ်တည်စေ၊ပျက်စီးစေနိုင်သောထိန်းချုပ်၍ပင်မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာမည်ပင် ဖြစ်သည်။

သို့သော်လည်း ကန်ရွှမ်းကလန်ထဲတွင်တော​့ စိန်းထိုက်ယွမ်မှာ အကြီးအကဲတစ်ယောက်မျှသာဖြစ်ပြီး သူ၏အထက်၌ တောင်ထွတ်ဆရာသခင်များနှင့် ကလန်ခေါင်းဆောင် ချင်းယန်တို့ ရှိနေပေသည်။ ထို့ကြောင့်ကန်ရွှမ်းကလန်မှာမည်မျှပင် စွမ်းအင်ပြည့်ဝသည်ကိုသိနိုင်ပြီး ကန်ရွှမ်းတိုက်ကြီးထဲ၌ အားအကောင်းဆုံးကလန်တစ်ခုဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။

ဇူယွမ်မှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းအား အနည်းငယ်ပို၍ နားလည်လာသည်ဟု ခံစားလာမိသည်။  ကန်ရွှမ်းကလန်အား တည်ထောင်ခဲ့သူ၊ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ထိန်းချုပ်ခဲ့သူ၊ကန်ရွှမ်းဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်။

သူတော်စင်အကြွင်းအကျန်နယ်မြေ၌ သူတွေ့ရှိခဲ့ရသော ချောမောခန့်ညားသည့်လူငယ်လေးမှာတစ်ချိန်တုန်းက ဤကမ္ဘာမြေပေါ်၌ စွမ်းအားအကြီးဆုံးသူတစ်ဦး ဖြစ်ခဲ့၏။

“အကြာကြီးစောင့်လိုက်ရသေးလား။”

စိန်းထိုက်ယွမ်မှ ဇူယွမ်အား ပြုံး၍ပြောလိုက်၏။ ဂူနန်းယှဥ်ပြိုင်ပွဲပြီးကထဲမှစ၍ ပုံမှန်အားဖြင့် ခက်ထန်တင်းမာနေတက်သော စိန်းထိုက်ယွမ်သည် မကြာခဏပြုံးတက်လာသည်ကို တပည့်များအားလုံး သတိထားမိခဲ့ကြသည်။

ဇူယွမ်မှာ ပြန်၍ပြုံးပြကာ ခေါင်းကိုခါယမ်း​ပြလိုက်သည်။ ဇူယွမ်သည် စိန်းထိုက်ယွမ်အား လေးစားရိုသေစွာဖြင့် ဆက်ဆံပေသည်။ အဘယ့်ကြောင့်ဆိုသော် အခြားသူတစ်ဦး၏ တန်ဖိုးထားခြင်းနှင့်ယုံကြည်ခြင်းကိုခံရသည်မှာ ကောင်းမွန်သောအရာတစ်ခု ဖြစ်သောကြောင့် ဖြစ်၏။

အခြားသူများအားလုံးမှ သူ့​အား ဆန့်ကျင်နေကြသည့်တိုင် စိန်းထိုက်ယွမ်သည် ဇူယွမ်ဖက်မှ ရပ်တည်ပေးခဲ့ခြင်းက ဇူယွမ်၏နှလုံးသားကို အမှန်တကယ် နွေးထွေးစေခဲ့သည်။

စိန်းထိုက်ယွမ်သည် ကျောက်တုံးခွေးခြေတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး သူ၏အင်္ကျီလက်မောင်းအိုးထဲမှခရမ်းရောင်တံဆိပ်ပြားတစ်ခုအား ထုတ်ယူလိုက်လေသည်။

“ဒါက ခရမ်းရောင်ဂူနန်းအတွက် တံဆိပ်ပြားပဲ။ ဒီနေ့ကစပြီးတော့ အဲဒီဂူနန်းက မင်းအတွက်ဖြစ်သွားပြီ။”

စိန်းထိုက်ယွမ်မှ ပြုံးရင်းဖြင့် စကားဆိုလိုက်၏။ ဇူယွမ်မှာ ပျော်ရွှင်နေသောမျက်ဝန်းများဖြင့် လက်ခံရယူလိုက်လေသည်။ ခရမ်းရောင်ဂူနန်းသည် အရေးကြီးသော ကျင့်ကြံခြင်းအရင်းအမြစ်ဖြစ်ပြီးသူ၏လေ့ကျင့်မှုများတွင် များစွာအကျိုးဖြစ်ထွန်းစေလိမ့်ပေမည်။ ထို့ကြောင့် သူသည် ဂူနန်းယှဥ်ပြိုင်ပွဲ၌ပါဝင်ခွင့်ရရန် များစွာကြိုးစားအားထုတ်ခဲ့ခြင်း ဖြစ်၏။

“ကျေးဇူးတင်ပါတယ်။”

ဇူယွမ်မှ လက်များကိုဆုပ်ထားရင်း အရိုအသေပေးကာ ပြောလိုက်သည်။ စိန်းထိုက်ယွမ်မှာ သူ၏လက်ကိုခါယမ်းကာ စကားဆိုလိုက်၏။

“မင်းက ဒါကိုရအောင် ကြိုးစားခဲ့တဲ့သူပဲ။ အခုဘယ်သူမှ ဒီအတွက် ဆန့်ကျင်ကြတော့မှာမဟုတ်ဘူးလို့ ငါထင်တယ်။”

စိန်းထိုက်ယွမ်သည် အစထဲက ဤခရမ်းရောင်ဂူနန်းကိုဇူယွမ်အားပေးအပ်ရန် ကြံရွယ်ထားခဲ့ပါသော်လည်း တပည့်ပေါင်းများစွာမှ ဆန့်ကျင်ခဲ့ကြလေသည်။ တပည့်များ၏အမြင်တွင် ဇူယွမ်မှာ ရွှေရောင်ခါးစည်းတပည့်တစ်ဦးသာဖြစ်ပြီး ခရမ်းရောင်ဂူနန်းအားပိုင်ဆိုင်ခွင့်ရရန် မထိုက်တန်ဟု သတ်မှတ်ကြသောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဂူနန်းယှဥ်ပြိုင်ပွဲအပြီးတွင်တော့ ထိုကိစ္စအား ဆန့်ကျင်သော တပည့်တစ်ဦးတစ်လေမှ မရှိတော့ပေ။

ကျန်းယန်နှင့်သူ၏အုပ်စုသည်ပင်ဤကိစ္စနှင့်ပက်သတ်၍ ဘာမှမပြောတော့ပဲ အသိအမှတ်ပြုလိုက်ရပြီပင် ဖြစ်သည်။ ထို့အပြင် ဂူနန်းယှဥ်ပြိုင်ပွဲ၌ ဇူယွမ်မှာအံ့သြစရာကောင်းလောက်အောင် ယှဥ်ပြိုင်နိုင်လိမ့်မည်ဟုမည်သူမှ ထင်မှတ်မထားခဲ့သော်လည်း ဇူယွမ်သည် အခြေအနေများအားလုံးကို ပြောင်းလဲပစ်နိုင်ခဲ့ပြီးသူတို့အုပ်စု၏ကျဆုံးရတော့မည့် ဂုဏ်သိက္ခာ အလုံးစုံကို မြှင့်တင်ပေးနိုင်ခဲ့သည်။

စိန်းထိုက်ယွမ်မှာ ဇူယွမ့်အား နွေးထွေးစွာပြုံး၍ ကြည့်လိုက်ပြီး အင်္ကျီလက်မောင်းအိုးအား ခါယမ်းလိုက်သည်နှင့်တကွ ကျောက်စိမ်းသေတ္တာများ စားပွဲပေါ်၌ ပေါ်လာလေသည်။

“ကောင်လေး...ငါမျက်နှာမပျက်ခဲ့ရတာအတွက် မင်းကိုပဲ ကျေးဇူးတင်ရမယ်။ ဒါတွေကို နောက်ထပ်ဆုလာဒ်အဖြစ် သတ်မှတ်ပြီး ယူလိုက်ပါ။” စိန်းထိုက်ယွမ်မှပြုံးကာ ပြောလိုက်၏။

ဇူယွမ်မှာ အံ့အားသင့်သွားကာ ကျောက်စိမ်းသေတ္တာတစ်ခုကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အထဲမှပြင်းထန်သော အပူလှိုင်းအား ခံစားမိလိုက်လေသည်။

“ဒါတွေက ယင်ကိုးမျိုးသလင်းကျောက်တုံး၊ကောင်းကင်မီးလျှံကျောက်တုံးနဲ့ ရွှေကျီးကန်းနှလုံးသားတွေလား။”

ဇူယွမ်မှာ သေတ္တာများကိုကြည့်ရှုနေရင်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသောလေသံဖြင့် စကားဆိုလိုက်၏။  ထိုအရာများမှာကောင်းကင်ဘုံနေနတ်ဘုရားမှတ်တမ်းကျင့်စဥ်အား လေ့ကျင့်ရန် လိုအပ်နေသော အရာများပင် ဖြစ်သည်။ ဇူယွမ်သည် ထိုအရာများလိုအပ်နေခဲ့သောကြောင့်ကောင်းကင်ဘုံနေနတ်ဘုရားမှတ်တမ်း ကျင့်စဥ်အား ကျင့်ကြံ၍ မရနိုင်ခဲ့ပေ။ စိန်းထိုက်ယွမ်မှာ ထိုအရာများအားလုံးကို သူ့အတွက် ရှာဖွေစုဆောင်းပေးလိမ့်မည်ဟု တစ်ခါမှထင်မှတ်မထားခဲ့ချေ။

“ဟားဟား....ဒါတွေကိုရှာဖို့ တော်တော်ခက်တယ်။ ဒီအဖိုးကြီးက မိတ်ဆွေဟောင်းတချို့ကိုရှာပြီး ဒါတွေကိုရဖို့ တော်တော်ကြိုးစားလိုက်ရတယ်။ ဒီပစ္စည်းတွေက မင်းအတွက် အရမ်းလိုအပ်နေတဲ့ပစ္စည်းတွေဆိုတာ ငါကောင်းကောင်းသိတယ်လေ။”

စိန်းထိုက်ယွမ်မှ ရီမောကာ ပြောလိုက်သည်။ ဇူယွမ်မှာ အလွန်ပျော်ရွှင်သွားခဲ့ရ၏။  ဝေယိုရွှမ်းနှင့်ယှဥ်ပြိုင်တိုက်ခိုက်ခဲ့သောပြိုင်ပွဲတွင်  အစစ်အမှန်ကောင်းကင်ဘုံကျင့်စဥ်တစ်ခုသည် မည်မျှပင်စွမ်းအားကြီးကြောင်း သိရှိခဲ့ရ၏။

ထို့အပြင် ဝေယိုရွှမ်း၏ ကြီးမြတ်သောမဟူရာမိစ္ဆာကျင့်စဥ်မှာ ပြီးပြည့်စုံသော ကျင့်စဥ်တစ်ခုမဟုတ်ကြောင်း ခန့်မှန်းရန်မခက်ခဲပေ။ ထို့ကြောင့် ဝေယိုရွှမ်းမှာ စစ်မှန်ကြီးမြတ်သောမဟူရာမိစ္ဆာကျင့်စဥ်၏တဝက်မျှသော စွမ်းအင်ကိုသာ သုံးစွဲနိုင်ခဲ့လေသည်။

သို့ပေသော်ငြားလည်း ဇူယွမ်မှာအနိုင်ရရှိစေရန် နဂါးကိုးကောင်နိယာမကျင့်စဥ်၏ အထွတ်အထိပ်အဆင့်ထိ အသုံးပြုခဲ့ရ၏။ ထို့ကြောင့် ကောင်းကင်ဘုံကျင့်စဥ်တစ်ခုသည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းကြောင်း သိရှိနိုင်ပေသည်။

ဇူယွမ်သည် ကောင်းကင်ဘုံကျင့်စဥ်တစ်ခု၏စွမ်းအားကို မျက်မြင်တွေ့ကြုံခဲ့ရပြီးနောက် ကောင်းကင်နေနတ်ဘုရားမှတ်တမ်းအား လေ့ကျင့်လိုသော ဆန္ဒမှာမြင့်တက်လာခဲ့ပြီး လွန်ခဲ့သောရက်များ၌ လိုအပ်သောပစ္စည်းများကို အဆက်မပြတ်ရှာဖွေနေခဲ့ပါသော်လည်း မရရှိနိုင်ခဲ့ပါချေ။  ထို့ကြောင့်စိန်းထိုက်ယွမ်မှ ထိုပစ္စည်းများအားလုံးကို သူ့အတွက်ရှာဖွေစုဆောင်းပေးခဲ့ခြင်းအား အလွန်ပင်အံ့အားသင့်နေရခြင်း ဖြစ်ပေသည်။

“တကယ်ကို ကျေးဇူးတင်ပါတယ်။”

ဇူယွမ်မှ အရိုအသေပေးကာ စကားဆိုလိုက်၏။ ဇူယွမ်၏ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာအားကြည့်ရင်း စိန်းထိုက်ယွမ်မှ ခပ်ဖွဖွ ရီမောလိုက်ပြီး ဖြည်းညင်းစွာ ပြန်၍ပြောလိုက်သည်။

“ဇူယွမ်.....မင်း ကန်ရွှမ်းကလန်ကို လာခဲ့တာက တစ်နေ့မှာ ဝူဘုရင်နဲ့တိုက်ခိုက်နိုင်ဖို့ ဟုတ်တယ်မလား။”

ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ စိန်းထိုက်ယွမ်မှာ ကန်ရွှမ်းကလန်မှ အကြီးအကဲတစ်ဦးဖြစ်ပြီး လုဟုန်းနှင့် မကြာခဏဆိုသလို အချင်းများနေရသော်လည်း သူသည် အလွန်ပင်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ ထို့အပြင် ကန်ရွှမ်းကလန်ကဲ့သို့သောအနေအထားက ဇူယွမ်၏နောက်ခံအကြောင်းအရင်းအား ရှာဖွေရန်အတွက်မူ လွန်စွာပင်လွယ်ကူပေသည်။ ထို့ကြောင့် ဇူယွမ်သည်လည်းမည်သည့်အကြောင်းကိုမှ ဖုံးကွယ်နေမည် မဟုတ်ပေ။

“ဝူအင်ပါယာက ဝူဘုရင်က နတ်ဘုံခန်းဝါအဆင့်ကိုရောက်နေတဲ့သူတစ်ယောက်ပဲ။  ဒါပေမယ့် ငါ့မျက်စိထဲမှာတော့ သူကဘာမှမဟုတ်ပါဘူး။ ငါသာ ဆန္ဒရှိရင်သူ့ကို လက်လေးတစ်ချက်တောက်ပြီးတောင် သတ်လို့ရတယ်။”

စိန်းထိုက်ယွမ်မှ တည်ငြိမ်ပြီး သြဇာရှိသော အသံဖြင့် ပြောလိုက်၏။ “မင်းငါ့ရဲ့တပည့်ဖြစ်လာပြီးထဲက မင်းရဲ့ ကြီးမြတ်သော ဇူအင်ပါယာနဲ့ ဝူအင်ပါယာတို့ကြားကပဋိပက္ခတွေကို ငါလေ့လာခဲ့တယ်။  မင်းကျင့်ကြံရေးမှာပဲ အလုံးစုံအားထည့်နိုင်ဖို့အတွက် ငါကလန်ကိုဝူဘုရင်ကိုသတ်ပေးဖို့ တောင်းဆိုခဲ့သေးတယ်။”

ဇူယွမ်မှာ အလွန်အံ့အားသင့်သွားကာ စိန်းထိုက်ယွမ်အား ကြည့်လိုက်သည်။ စိန်းထိုက်ယွမ်မှာ သက်ပြင်းချကာ စကားဆက်ပြောလိုက်၏။

“ဒါပေမယ့် ကလန်က ငါ့တောင်းဆိုချက်ကိုလုံးဝလက်မခံဘူး။  ကြည့်ရတာ ဒီကိစ္စက မြင့်မြတ်သောနန်းတော်နဲ့လည်း ပက်သတ်နေတဲ့ပုံပဲ။ မင်းဝူဟောင်ရဲ့ ရုပ်ခန္ဓာကို ဖျက်စီးခဲ့တုန်းကလည်းစိတ်ဝိဉာဥ်ကို မြင့်မြတ်သောနန်းတော်ကပဲ ယူသွားခဲ့တာ။”

“ငါနောက်ဆုံးရခဲ့တဲ့သတင်းအရ ဘာအကြောင်းပြချက်မှန်းတော့ မသိပေမယ့် မြင့်မြတ်သောနန်းတော်က ဝူဟောင်ကိုတော်တော်လေး တန်ဖိုးထားတဲ့ပုံပဲ။ သူ့ကိုတပည့်အနေနဲ့ လက်ခံခဲ့ရုံမကသေးပဲ သူ့ရဲ့ရုပ်ခန္ဓာပြန်လည်တည်ဆောက်နိုင်ဖို့တောင် ကူညီပေးနေတာတဲ့။”

“အဲ့ဒါကြောင့် ဝူအင်ပါယာက မြင့်မြတ်သောနန်းတော်ရဲ့အထောက်အပံ့ကို ရနေတယ်လို့ ပြောလို့ရတယ်။ ကလန်ခေါင်းဆောင်က မြင့်​မြတ်သောနန်းတော်နဲ့ပြသနာဖြစ်မှာစိုးလို့ ငါ့ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့တဲ့ပုံပဲ။”

ဇူယွမ်၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားခဲ့ရသည်။ ဝူဟောင်သည် အမှန်တကယ်ပင် သတ်၍မရနိုင်သောပိုးဟပ်တစ်ကောင် ဖြစ်နေ၏။ ဇူယွမ်မှာ သူ၏ရုပ်ခန္ဓာအား ဖျက်စီးခဲ့ပြီးသည့်နောက်တွင်တောင်မှနဂါးကောင်းချီးတဝက်အား ယူဆောင်ကာ လွတ်မြောက်သွားနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဇူယွမ်၏မျက်ဝန်းများမှာ ခေတ္တမျှ မတည်မငြိမ်ဖြစ်နေပြီးနောက် စိတ်ခံစားချက်များအား ထိန်းချုပ်နိုင်ခဲ့၏။ ထိုစဥ်က ဝူဟောင်မှာသူနှင့် အလှမ်းဝေးကွာလွန်းလှသည်ဟု ထင်ရသော်လည်းပဲ အဆုံးတွင်ဇူယွမ်က ဝူဟောင်အား ဖျက်စီးနိုင်ခဲ့သည်။

ထိုအချိန်တုန်းကပင် ဝူဟောင့်အား ကြောက်လန့်ခြင်း အလျင်းမရှိခဲ့ပေ။ ယခုအချိန်၌ရော ဘာကြောက်စရာ ရှိမည်နည်း။ ဝူဟောင့်အား တစ်ခါသတ်ဖြတ်ဖျက်စီးနိုင်ခဲ့ပြီး ဖြစ်၏။ နောက်တစ်ကြိမ်လည်း ထပ်၍သတ်ပစ်နိုင်ဦးမည်ပင်။

သူသည် ပထမအကြိမ်၌ ဝူဟောင့်အား အလုံးစုံသတ်ဖြတ်ဖျက်စီးခြင်း မလုပ်နိုင်ခဲ့ပေ။ သို့သော်ဒုတိယအကြိမ်သာရှိလာပါက ဝူဟောင့်အားလုံးဝပြန်၍အသက်မရှင်နိုင်တော့သည်အထိ သေချာစွာ သတ်ဖြတ်ပစ်လိုက်မည်ပင် ဖြစ်သည်။ ဇူယွမ်မှ ဖြည်းညင်းစွာဖြင့် မေး​​မြန်းလိုက်သည်။

“ဆရာစိန်း..မြင့်မြတ်သောနန်းတော်က ဝူအင်ပါယာကိုအထောက်အပံ့ပေးနေတယ်ဆိုတော့ အဲ့ဒါကကြီးမြတ်သောဇူအင်ပါယာအတွက် အခက်အခဲ ​ဖြစ်လာနိုင်မလား။”

ဇူယွမ်သည် ဝူဟောင်အား အနည်းငယ်မျှပင် မကြောက်ရွံ့ပါချေ။ သို့သော်လည်း အင်အားကြီး၍ထူးခြားဆန်းကြယ်သော မြင့်မြတ်သောနန်းတော်ကိုတော့ သတိထားရမည်ပင် ဖြစ်၏။

မြင့်မြတ်သောနန်းတော်သည် ကန်ရွှမ်းကလန်နှင့်ပင် ယှဥ်ပြိုင်နိုင်သော ကြီးမားသောအဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ စိန်းထိုက်ယွမ်သည် လက်ကိုခါယမ်းပြ၍ဖြည်းညင်းစွာ စကားဆိုလိုက်၏။

“စိတ်မပူပါနဲ့....ငါတို့က စည်းမျဥ်းတွေကို မချိုးဖောက်သလို မြင့်မြတ်သောနန်းတော်ကလည်း ချိုးဖောက်ရဲမှာမဟုတ်ဘူးလို့ ငါယုံတယ်။ သူတို့ရီစရာကောင်းတာတစ်ခုခုလုပ်ရဲခဲ့မယ်ဆိုရင် ငါတို့ကန်ရွှမ်းကလန်ကလည်း အလွယ်တကူ ကြည့်နေမှာမဟုတ်ဘူး။”

“ငါပြောခဲ့သလိုပဲ....ဝူအင်ပါယာနဲ့မင်းတို့ ကြီးမြတ်သော ဇူအင်ပါယာကြားက ပိဋိပက္ခတွေကိုမင်းတို့ဘာသာပဲ ဖြေရှင်းရလိမ့်မယ်။”

စိန်းထိုက်ယွမ်မှာ ဇူယွမ်အား အားနာနေဟန် ရှိသည်။ သူသည်ထိုပြသနာအား ဇူယွမ်အတွက် ဖြေရှင်းပေးခဲ့ချင်သော်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။ ဇူယွမ်မှာ လေးနက်စွာဖြင့် စိန်းထိုက်ယွမ်အား အရိုအသေပြုလိုက်၏။ သူသည် အမှန်တကယ်ပင်နှလုံးသားထဲမှ စိန်းထိုက်ယွမ်အား အသိအမှတ်ပြုမိပေသည်။

“ဆရာစိန်းကအဲ့လိုလုပ်ပေးစရာ မလိုပါဘူး။ ဝူအင်ပါယာဆိုတာ ကျွန်တော့ရင်ထဲမှာ စိုက်ဝင်နေတဲ့ကိုယ်တိုင်နှုတ်ပစ်ရမယ့် ဆူးတစ်ချောင်းပဲ။ တစ်ယောက်ယောက်ကသာ ကျွန်တော့အတွက် ဒါကိုဖယ်ရှားပေးခဲ့မယ်ဆိုရင် ကျွန်တော်နာကျင်ရလိမ့်မယ်။”

ဇူယွမ်မှ ဖြည်းညင်းစွာ ဆက်၍ပြောလိုက်သည်။ “တစ်နေ့ကြရင် ဒီပြသနာကို ကျွန်တော်ကိုယ်တိုင်ဖြေရှင်းမှာပါ။ ”ဇူယွမ်၏အသံမှာ တိုးညှင်းသော်လည်း ယုံကြည်ချက်အပြည့် ပါဝင်နေပေသည်။

ဇူယွမ်၏ယုံကြည်ချက်ရှိသော စကားများကြောင့်စိန်းထိုက်ယွမ်အား ပို၍ပင် စိတ်​ကျေနပ်စေခဲ့သည်။ အရည်အချင်းနှင့် စွမ်းရည်တို့ မည်မျှပင် လိုအပ်နေပါစေ။ သည်တပည့်လေး၏စိတ်ဓာတ်ခိုင်မာမှုနှင့်ပင် အရာအားလုံးကို ရရှိရန် ထိုက်တန်ပေသည်။

“ဘာပဲဖြစ်ဖြစ် ငါကူညီနိုင်တာရှိမယ်ဆိုရင် ပြောသာပြောလိုက်။ ငါလုပ်နိုင်တာမှန်သမျှ လုပ်ပေးမယ်။”စိန်းထိုက်ယွမ်မှ စကားဆိုလိုက်၏။

ဇူယွမ်မှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပြုံး၍ပြောလိုက်သည်။  “ကျွန်တော် တောင်းဆိုချင်တာတစ်ခုတော့ ရှိပါတယ်။”

“အော်..” စိန်းထိုက်ယွမ်မှ ခပ်ဖွဖွရီမောရင်း မေးလိုက်၏။ “ပြောလေ..ဘာများလဲ။” ဇူယွမ်သည် စိန်းထိုက်ယွမ်အား လေးလေးနက်နက်ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော်လာမယ့် ခရမ်းရောင်ခါးစည်းရွေးချယ်တဲ့ပြိုင်ပွဲမှာ ပါဝင်ချင်ပါတယ်။” ဇူယွမ်သည် ကန်ရွှမ်းကလန်အား ရွေးချယ်ခဲ့ရခြင်းမှာမူလသူတော်စင်တောင်ထွတ်၏ အဓိကတောင်ထွတ်သို့ ဝင်ရောက်ပြီး ဒုတိယမြောက်သူတော်စင်မှော်စာလုံးအား ရှာဖွေရန်ပင် ဖြစ်၏။

သို့သော် ကလန်၏ စည်းမျဥ်းစည်းကမ်းများအရ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်သာလျှင် အဓိကတောင်ထွတ်သို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ နှစ်အကုန်၌ကျင်းပမည်ဖြစ်သော တပည့်ခေါင်းဆောင်ရွေးချယ်ခြင်းအခမ်းအနားအား ပါဝင်ယှဥ်ပြိုင်နိုင်ရန် ခရမ်းရောင်ခါးစည်းအဆင့်သို့ရောက်ရှိနေရန် လိုအပ်ပေသည်။

ထို့ကြောင့် ဇူယွမ်မှာ ခရမ်းရောင်ခါးစည်းရွေးချယ်ခြင်းပြိုင်ပွဲအား ပါဝင်ယှဥ်ပြိုင်ပြီး ခရမ်းရောင်ခါးစည်းတပည့်တစ်ယောက်ဖြစ်လာရန် လိုအပ်ပေသည်။  ထိုသို့မှမဟုတ်လျှင် တပည့်ခေါင်းဆောင်ရွေးချယ်ခြင်းအခမ်းအနားတွင် ပါဝင်ယှဥ်ပြိုင်၍ရမည် မဟုတ်ပေ။

All Chapters