မျှော်လင့်မထားသည့် လှုပ်ရှားမှုများ
Vol. 91 Ch. 1261
မြေကြီးရှန့်ထို အဆင့် ဆယ့်ခြောက်ယောက်...
“ဘုရားရေ...”
ထျန်းလင်းယု၏ နှလုံးခုန်နှုန်းက အမြင့်ဆုံးထိ ခုန်တက်သွားသည်။ အာကာသ အလွှာများထဲတွင် မြေကြီး ရှန့်ထို အဆင့် ဆယ့်ခြောက်ယောက် ပုန်းကွယ်နေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ချေ။ သူတို့က ဝေ့ဝူယင်နှင့် အလွန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။
ကုန်းရီ၏ မျက်လုံးများက မှေးစင်း သွား၏။ အမှန်အတိုင်း ဝန်ခံရပါက သူ့ ကဲ့သို့ အာကာသ ဝိညာဉ် ပိုင်ဆိုင်ထားသူ တစ်ယောက် ပင်လျှင် မြေကြီး ရှန့်ထိုများ ရောက်ရှိနေခြင်းကို သတိမထားမိခဲ့ချေ။ သို့ဖြစ်လေရာ ဝေ့ဝူယင်လို သေမျိုး တစ်ယောက်ကလည်း သတိထားမိလိမ့်မည်ဟု သူ မယုံကြည်ချေ။ သူ့အမြင်အရ... ဧကရီရှောင်ချွမ်းသာ အချိန်ကိုက် ချီတက်ခြင်း မပြုခဲ့ပါက ဝေ့ဝူယင် တစ်ယောက် ကျိန်းသေ သေနေလောက်ပြီ ဖြစ်သည်။
ထျန်းမူယန် အကာအကွယ် အစီအရင် အတွင်းပိုင်းကို လှမ်းကြည့်လိုက်၏။ ထိုနေရာ၌လည်း မြေကြီး ရှန့်ထို နှစ်ယောက်ကို ရှိနေခဲ့ပေသည်။ အပြင်ဘက်ရှိ ဆယ့်ခြောက်ယောက်နှင့် ပေါင်းပါက တွယ်ရာမဲ့ နှလုံးသားဂိုဏ်းတွင် အနည်းဆုံး မြေကြီး ရှန့်ထို အဆင့် ဆယ့်ရှစ်ယောက် ရှိနေသည်ဟု ဆိုလိုပေသည်။ သို့သော်လည်း... ၎င်းမှာ စဦး ပို့လွှတ်မှုသာ ရှိပေသေးသည်။ နောက်ကွယ်၌ မြေကြီး ရှန့်ထို အဆင့် ဘယ်ရွေ့ဘယ်မျှ ရှိဦးမည်ကို သူတို့ ကိုယ်တိုင်သာ သိပေလိမ့်မည်။
တွယ်ရာမဲ့ နှလုံးသားဂိုဏ်း...
ဝေ့ဝူယင်၏ သရုပ်ဆောင် စွမ်းရည်က အမြင့်ဆုံးထိ ရောက်ရှိသွား၏။ မြေကြီး ရှန့်ထို အဆင့် ဆယ့်ခြောက်ယောက်ကို ကြည့်ရင်း သူ၏ မျက်လုံးများက အလွန်အမင်း တုန်လှုပ် ချောက်ချားမှုများနှင့် ပြည့်နှက် သွားသည်။ သူက ပိုင်လင်ထံသို့ တစ်စုံတစ်ရာ ဆက်သွယ်လိုက်ဟန် ရ၏။ ချက်ချင်းပင် မီးဖီးနစ်မှာ သတိ ဝီရိယ ရှိစွာ အော်ဟစ်လိုက်ရင်း နိဗာန မီးတောက်များကို ထုတ်လွှတ်ကာ ဝေ့ဝူယင်ကို ကာကွယ်လိုက်သည်။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့၏ တုန့်ပြန်ပုံများက သူတို့အား သတ်ဖြတ်ရန် မြေကြီး ရှန့်ထိုများ ပုန်းကွယ် ချီတက်လာကြသည်ကို လုံးလုံးလျားလျား မသိထားကြသည့် စာသူငယ်လေးများ အတိုင်းပင်။
ဟင်းလင်းပြင် သင်္ဘောထက်ရှိ လူများမှာ ဝေ့တူယင်တို့ကို ကြည့်ကာ အနည်းငယ် အထင်သေး သွားကြ၏။ တစ်ချိန်တည်း၌ စောစောက ဝေ့ဝူယင် ပြုမူခဲ့သည့် မလေးမစား အမူအရာကို ပြန်လည် သတိရသွားကြသည်။ ဤဖြစ်ရပ်က ဝေ့ဝူယင်ကို သင်ခန်းစာ တစ်ခု ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။
“ဧကရီကို နှုတ်ဆက်ပါတယ်...”
အကာအကွယ် အစီအရင် ပြင်ပရှိ မြေကြီး ရှန့်ထို အဆင့် ဆယ့်ခြောက်ယောက်နှင့် အတွင်းရှိ မြေကြီး ရှန့်ထို အဆင့် နှစ်ယောက်တို့မှာ ပြိုင်တူပင် ဧကရီ ရှောင်ချွမ်းကို နှုတ်ဆက် လိုက်ကြသည်။ သူတို့က ဒူးမထောက်ကြသလို ဦးညွှတ်ခြင်းလည်း မပြုကြချေ။ သို့သော်လည်း... သူတို့၏ အသံများကတော့ လေးစားမှု အငွေ့အသက်များနှင့် ပြည့်နှက် နေပေသည်။
ထိုလေးစားမှုက ဧကရီ ရှောင်ချွမ်းကိုသာ မက သူမ ကိုယ်စားပြုနေသည့် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာကို ရည်ရွယ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
မြေကြီး ရှန့်ထို ဆယ့်ရှစ်ယောက်၏ တစ်ညီတစ်ညွှတ်တည်း နှုတ်ဆက်မှု ကြည့်ကာ ဟင်းလင်းပြင် သင်္ဘောထက်ရှိ လူများမှာ ဝေ့ဝူယင်၏ အပြုအမူနှင့် နှိုင်းယှဉ် ချီးကျူး လိုက်မိသည်။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကတော့ ပြီးပြည့်စုံသည့် သရုပ်ဆောင် အတွဲအဖက် တစ်ခုနှယ် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ဟိုဟိုဒီဒီ လှည့်ပတ် ပျံသန်း နေခဲ့သည်။ သို့သော်လည်း... သူတို့၏ လွတ်လမ်း အားလုံးကို မြေကြီး ရှန့်ထိုများနှင့် ဟင်းလင်းပြင် သင်္ဘောများက ပိတ်ဆို့ထားသည်ကိုသာ တွေ့ရှိ လိုက်ရသည်။ ဝေ့ဝူယင် ချက်ချင်းပင် ဝိညာဉ် ဆက်သွယ်မှုများကို အဆက်မပြတ် ပြုလုပ်လိုက်၏။
မြေကြီး ရှန့်ထိုအဆင့် ဆယ့်ရှစ်ယောက်၏ မျက်လုံးများကတော့ အလွန်တရာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေကာ ဝေ့ဝူယင်ကို လိုက်ကြည့် နေခဲ့သည်။
ဝေ့ဝူယင်လို သေမျိုးတစ်ယောက် ထုတ်လွှတ်နေသည့် ဝိညာဉ် ဆက်သွယ်မှုလှိုင်းများကို ဖမ်းယူရန် သူတို့လို မြေကြီး ရှန့်ထိုများ အတွက် မခက်ခဲလှပါချေ။ ထိုအခိုက်၌ သူတို့ အားလုံးမှာ ဝေ့ဝူယင်ကို စကားတစ်ခွန်း ပြောချင် နေ၏။ ၎င်းကား... “မင်းခေါ်နေတဲ့ စစ်ကူတွေက လာမှာ မဟုတ်ဘူး... အရူးရဲ့” ဟူ၍ပင်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... စိတ်အေးအေးထားပါ... ဘယ်သူမှ ရှင့်ကို မတိုက်ခိုက်ပါဘူး”
ဧကရီ ရှောင်ချွမ်းက အရူးမီးဝိုင်းဖြစ်နေသည့် ဝေ့ဝူယင်ကို နှစ်သိမ့်ဖို့ ကြိုးပမ်း လိုက်သည်။ အဆုံးမဲ့ ကောင်းကင် ဧကရီ တစ်ပါး အနေဖြင့် သူမ၏ စကားလုံးများက မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ဥပဒေ တစ်ခု သဖွယ် ဖြစ်သည်။
တရှန်းမှာ ထိုအရာ အားလုံးကို ငြိမ်သက်စွာပင် ကြည့်နေခဲ့၏။ သို့သော်လည်း... သူမ၏ ရွှေရောင် မျက်လုံးများထဲတွင်တော့ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် တစ်ခုမှာ တရိပ်ရိပ်ပင် မြင့်တက် နေခဲ့လေသည်။
“ကြည့်ရတာ နင့်ရဲ့ လင်လေးက ဝါးနိုင်တာထက် ပိုပြီး စားမိသွားတဲ့ပုံပဲ... သူ့ကို ကြည့်ပါဦး... ခေါင်းဖြတ်ခံထားရတဲ့ ကြက်ပေါက်လေး တစ်ကောင်လိုပဲ”
တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီက ခေါင်းကို ခါယမ်းရင်း ဆိုလိုက်သည်။ သို့သော်လည်း... ထိုအရာကို သူမ မျှော်လင့်ထားပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ အသက် တစ်ရာပင် မပြည့်သေးသည့် သေမျိုး လူငယ်လေး တစ်ယောက် ဖြစ်နေဆဲ မဟုတ်ပါလား။
တရှန်းက ဆရာဖြစ်သူကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ထက်ရှနေသော်လည်း ဘာကိုမှ မပြောပါချေ။ ဤနေရာတွင် ရှိနေသမျှ လူအားလုံးထက် ဝေ့ဝူယင် အကြောင်းကို သူမ ပိုသိသည်။ တစ်ခါတစ်ရံ၌ ဝေ့ဝူယင်၏ အစီအစဉ်များမှာ မည်မျှ လျှို့ဝှက် ဆန်းကြယ်ကြောင်း သူမ အကြိမ်ကြိမ် မြင်တွေ့ဖူးပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူမ ဝေ့ဝူယင် အပေါ် အပြည့်အဝ ယုံကြည်ပေသည်။
ထျန်းလင်းယု သက်ပြင်း တစ်ချက် ချလိုက်ရင်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် သင်္ဘောများကို လှည့်ပတ် ကြည့်လိုက်သည်။ မရေမတွက်နိုင်သည့် ထိပ်တန်း အင်အားစုများ၊ အဖွဲ့အစည်းများ၊ ကလန်များမှ စုံစုံညီညီပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့ အားလုံးတွင် ကိုယ်စီ ရည်ရွယ်ချက်များ ရှိကြသည့်တိုင် အဆုံးသတ်တွင်တော့ ဝေ့ဝူယင် အသက်ကို ကယ်တင်ခဲ့ပေသည်။
အခြားတစ်ဖက်တွင်တော့ ဝေ့ဝူယင်မှာ ဖြည်းညင်းစွာပင် ပြန်လည် တည်ငြိမ်သွားခဲ့၏။ သို့သော်လည်း သူ၏ ငွေရောင် မျက်လုံးများက သုန်မှုန်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့သည်။
“မင်းတို့ အာကာသကို ချိပ်ပိတ် လိုက်တာလား...”
သူက အေးစက်စက် လေသံဖြင့် မေးလိုက်ရင်း တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ မြေကြီး ရှန့်ထိုများနှင့် ဟင်းလင်းပြင် သင်္ဘောများထက်မှ ကျင့်ကြံသူများကို လှည့်ပတ် ကြည့်လိုက်သည်။ အင်ဖာနို နေမီးတောက် ဘုရားကျောင်း အပါအဝင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ထိပ်သီး လျှို့ဝှက် အင်အားစု အတော် များများမှာ ဤနေရာတွင် စုံလင်နေခဲ့ပြီ ဖြစ်သည်။ ခေါင်းဆောင်များ ပါမလာသည့်တိုင် သူတို့က မြေကြီး ရှန့်ထိုများကို ခေါ်ဆောင် လာခဲ့ပေသည်။
ဟင်းလင်းပြင် သင်္ဘောများနှင့် မြေကြီး ရှန့်ထိုများမှာ အတူတကွပင် ပူးပေါင်းကာ အာကာသကို ချိပ်ပိတ် ထားကြ၏။ ဝေ့ဝူယင်က ဒေါသ အရိပ်အငွေ့ ပါဝင်နေသည့် လေသံဖြင့် ထပ်မံ၍ မေးခွန်းထုတ် လိုက်လေသည်။
“ဆိုတော့... မင်းတို့ အားလုံးက ဒါကို စီစဉ်ထားကြတာပေါ့”
ထိုအခိုက်တွင်ပင် ကာဒီနယ်ဆောင်းက ပြောလိုက်၏။
“အဂ္ဂိရတ် အာဏာရှင်ဝေ့.... ကျွန်မတို့ဘက်က အခက်အခဲကို ရှင် နားလည်ရပါလိမ့်မယ်”
ဟယ်ကလန်၏ မြေကြီး ရှန့်ထို ဟယ်ပို့ကျွင်းကလည်း နောက်မှ သံယောင်လိုက် လိုက်သည်။
“မင်းရဲ့ လက်ရှိ အခြေအနေကြောင့် ငါတို့ အစီအစဉ်ကို ခပ်မြန်မြန်လေး စလိုက်ရတာပါ... ကျေးဇူးပြုပြီး နားလည်ပေးပါ”
သူ၏ စကားလုံးများက တောင်းပန်နေသယောင် ထင်ရသည့်တိုင် မျက်လုံးများ အတွင်းတွင်တော့ လှောင်ပြောင်သည့် အရိပ်အငွေ့ တစ်ခု ရှိနေခဲ့သည်။
အကန့်အသတ်မဲ့သိုင်းဂိုဏ်း အပါအဝင် အဆုံးမဲ့ ကောင်းကင်မှ တော်ဝင် ကလန် ရှစ်ခုစလုံးမှာ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ ထန်ကလန် ပင်လျှင် သေမျိုးတစ်ပိုင်း အရှင် သွေးမီးတောက်၏ ဦးဆောင်မှုဖြင့် တက်ရောက် လာခဲ့သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၊ ရွှေရောင် အသက်နန်းတော်နှင့် ရွှေရောင် ဂိတ်တံခါး နန်းတော်တို့ကတော့ ထင်ရှားစွာပင် ပျက်ကွက်နေ၏။
ထိုမှတစ်ပါး... အဆုံးမဲ့ ကောင်းကင် အတွင်းရှိ အသန်မာဆုံး အင်အားစုတိုင်း လိုလိုမှာ ရောက်ရှိလာခဲ့ကြပေသည်။
ထို့အပြင်... မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ လက်ကျန် ကြယ်တာရာ နယ်မြေ ဆယ့်ကိုးခုတွင်လည်း မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေနှင့် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေတို့မှ တစ်ပါး အခြား ကြယ်တာရာ နယ်မြေ ဦးဆောင် အင်အားစုတိုင်း လိုလို တက်ရောက်လာခဲ့သည်။
ထိုအခိုက်၌ အမှောင် ဟင်းလင်းပြင်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ထိပ်တန်း သြဇာအာဏာ အငွေ့အသက်များနှင့် လွှမ်းခြုံ နေခဲ့ပြီ ဖြစ်သည်။
“အားလုံးက ကျုပ် အတွက်ပဲပေါ့လေ”
ဝေ့ဝူယင်၏ အမူအရာက ချောင်ပိတ် အရိုက်ခံရသည့် တိရစ္ဆာန် တစ်ကောင်လို သုန်မှုန်မှုများနှင့် ပြည့်နှက် နေခဲ့၏။ သူက အေးစက်စက် လေသံဖြင့် ဆက်လက်၍ မေးလိုက်သည်။
“ခင်ဗျားတို့ အားလုံးက ကျုပ်ကို ဖမ်းဖို့ လာကြတာလား...”
“သောက်ရူးပဲ...”
တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ မြေကြီး ရှန့်ထို တစ်ယောက်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့ လိုက်သည်။ ဝေ့ဝူယင်က သူ့ကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်သောလည်း အခြား ဘာမှ မဆိုပါချေ။ ထို့အစား... ဧကရီကိုသာ အဖြေတစ်ခု တောင်းဆိုသည့်နှယ် လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများက အလွန် ရိုင်းစိုင်းလေရာ များစွာသော လူများမှာ မျက်မှောင်ကြုတ် သွားကြ၏။
ဧကရီက သူမ၏ လှပသည့် ဦးခေါင်းလေးကို ခါယမ်း ပြလိုက်သည်။
“မဟုတ်ဘူး...”
“ကောင်လေး... ငါတို့ ဒီကို လာရတဲ့ အကြောင်းရင်းက ငါတို့ ကြယ်ကွင်းပြင်ရဲ့ ကျိန်စာမဲ့ ကပ်ဘေးကို ဖြေရှင်းဖို့ပဲ”
ဒုတိယမြောက် အဖြေပေးလိုက်သူက ဧကရီ မဟုတ်ပဲ မည်သူမှ မျှော်လင့် မထားသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ သူက လာဗင်ဒါဆေး အဂ္ဂိရတ် အာဏာရှင် တစ်ဖြစ်လည်း ဟွမ်ရီကောင်းပင် ဖြစ်လေသည်။
***