← Chapters

ကျိန်စာမဲ့ ကပ်ဘေး

Vol. 91 Ch. 1262

ကျိန်စာမဲ့ ကပ်ဘေး

Vol. 91 Ch. 1262

“ကျိန်စာမဲ့ ကပ်ဘေး...”

ဝေ့ဝူယင်၏ မျက်လုံးများက နာကြည်းနေသည့် လူငယ် တစ်ဦးနှင့် ဆင်တူကာ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အသေအချာ မှတ်နေသလိုမျိုး တက်ရောက်လာသည့် အင်အားစုတိုင်းကို ကြည့်နေခဲ့သည်။ ပုံမှန်ဆိုလျှင် ထိုအကြည့်များက စိတ်မသက်သာ စရာ ကောင်းလှသော်လည်း လက်ရှိ သူတို့ လာရသည့် ရည်ရွယ်ချက်က လူငယ်ကြောင့် ဖြစ်ပေါ်လာနိုင်ချေ ရှိသည့် ကပ်ဘေးကို ကုစားရန်ပင် ဖြစ်လေရာ ဆုံးဖြတ်ချက်များက ခိုင်မာနေဆဲ ဖြစ်သည်။

ဝေ့ဝူယင်နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် အတွက် သူတို့ထံတွင် ရာစုနှစ်၊ ထောင်စုနှစ်များစွာ ရှိနေပေသေးသည်။

သူတို့ အမြင်၌ ထိုလူငယ်မှာ အလွန် ‌ကြောက်စရာ ကောင်းသည်။ မီးဖီးနစ် တစ်ကောင်တည်းက ပင်လျှင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အင်အားစုပေါင်း များစွာကို အပြတ်ရှင်းနိုင်ရန် လုံလုံလောက်လောက် သန်မာနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူ့ နောက်၌ အလွန် အစွမ်းထက်သည့် မြေကြီး ရှန့်ထို နှစ်ယောက်လည်း ရှိပေသေးသည်။ အကယ်၍ သူသာ ပေါက်ကွဲပါက အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ဗုံးတစ်လုံး ဖြစ်လာလိမ့်မည် ဖြစ်သည်။

သို့ဖြစ်လေရာ... မဟာစက်ဝန်း ကြယ်ကွင်းပြင် အနေဖြင့် အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ထံမှ မိမိကိုယ်ကို ကာကွယ်ရန် စည်းမျဉ်း တစ်ချို့ တည်ဆောက်ဖို့ လိုအပ်သည်။

သူတို့၏ မူလ အစီအစဉ်က ထိုပြဿနာကို မဟာ စက်ဝန်း ရှန့်ထို ညီလာခံ အပြီးတွင် ဖြေရှင်းဖို့ ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ ရုတ်တရက် ထွက်ခွာသွားကာ အဆုံးသတ်ချိန်တွင်ပင် ပြန်လည် ရောက်ရှိလာခဲ့ခြင်း မရှိခဲ့ချေ။ ထိုအချိန်ကတည်းက စလို့ သူက သီးသန့် နေခဲ့သည်။

ဝေ့ဝူယင် အခြေစိုက်ရာ နဂါးငွေ့တန်း ကြယ်ကွင်းပြင်ကို သွားဖို့ကျပြန်တော့လည်း မည်သူမှ မဝံ့ရဲကြချေ။ အင်အားကြီး လူတစ်ယောက်ကို သူ့အိမ်ထဲအထိ ကျူးကျော်ပြီး ဖိအားပေး ညှိနှိုင်းရလောက်အောင် မည်သူမှ မမိုက်မဲကြချေ။ နယ်မြေ အားသာချက် အယူအဆက ဒဏ္ဍာရီ သက်သက် မဟုတ်ပဲ လူပေါင်းများစွာ ကြောက်ရွံ့ရသည့် အမှန်တရား တစ်ခု ဖြစ်သည်။

လက်ရှိ၌ ဝေ့ဝူယင်မှာ အထိန်းအကွပ် ကင်းမဲ့နေသည့် သားရဲတစ်ကောင်လိုပင် ဖြစ်သည်။ သူ၏ နောက်လိုက်နောက်ပါများ ဖြစ်သည့် ဝူယုနှင့် အာဏာရှင် အဖွဲ့သားများမှာလည်း အလွန်တရာပင် မောက်မာလှသည်။ သူတို့ စိတ်ထင်လျှင် ထင်သလို ထင်တိုင်းကြဲလေ့ ရှိကြသည်။

ဝေ့ဝူယင်မှာ လွန်ခဲ့သည့် ဆယ်စုနှစ် များစွာ အတွင်း မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ငြိမ်းချမ်းရေးကို အနှောက်အယှက်ပေးနေခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်သည်။

ကံကောင်း ထောက်မစွာပင် အစစ်အမှန် မွေးဖွားခြင်းက သူတို့ အတွက် အခွင့်အရေး တစ်ခု ဖန်တီးပေးခဲ့သည်။ ဝေ့ဝူယင်နှင့် အစစ်အမှန် မွေးဖွားခြင်းတို့ အကြားတွင် ကမ္ဘာမကြေ ရန်ငြိုးများ ရှိကြောင်း အားလုံး သိရှိခဲ့ပြီး ဖြစ်သည်။ ၎င်းက လျှို့ဝှက်ချက် တစ်ခု မဟုတ်ချေ။

အစစ်အမှန် မွေးဖွားခြင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင် တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ထိပ်တန်း ပုဂ္ဂိုလ်ကြီးတိုင်း ခန့်မှန်းမိခဲ့ကြသည်။ ထင်ထားသည့် အတိုင်းပင် လွန်ခဲ့သည့် လပိုင်း အတွင်း၌ ဝေ့ဝူယင်မှာ လေလွင့် ကျင့်ကြံသူများကို လိုက်လံ စုဆောင်းနေကြောင်း သူတို့ သတင်းများ ရရှိခဲ့သည်။ သူက အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ဖို့ စီစဉ်နေတာ ရှင်းလင်းပေသည်။

ကံဆိုးစွာပင်... လူငယ်မှာ သူဝါးနိုင်သည်ထက် ပိုမို၍ စားခဲ့မိသည်။ တဒင်္ဂ အတွင်း သေဆုံးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းကပင် များစွာသော အင်အားစုများ၏ စိတ်နှလုံးအား ခြောက်လှန့်နေသော ကျိန်စာမဲ့ ကပ်ဘေးကို ဖြေရှင်းရန် အကောင်းဆုံးသော အခွင့်အရေး ဖြစ်လာခဲ့ပေသည်။

ဝေ့ဝူယင်မှာ ထိုအင်အားစုများ တစ်စုတစ်ဝေးတည်း ရောက်ရှိလာသည်ကို မြင်ကတည်းက သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... သူက အကောင်းဆုံး မျက်နှာဖုံးကို ဝတ်ဆင်ထားကာ တုန်လှုပ်နေသည့် အမူအရာကို ဖော်ပြထားခဲ့သည။

“မဟာစက်ဝန်း ကြယ်ကွင်းပြင်က ကျိန်စာကို အခြေခံတဲ့ လူအဖွဲ့အစည်း တစ်ခုပဲ... ကျိန်စာနဲ့ပဲ အင်အားကြီးတဲ့ လူတွေကို ထိန်းချုပ်တယ်... ငြိမ်းချမ်းရေးကို ထိန်းသိမ်းတယ်”

ဝေ့ဝူယင် မာ့ကျန်း ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ပြန်လည် စဉ်းစား လိုက်မိ၏။ ထျန်းမျိုးနွယ်မှာ နန်းတက်ပြီးပြီးချင်းပင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အမျိုးမျိုးသော အင်အားစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ကျိန်စာ ယဉ်ကျေးမှု တစ်ခုထဲကို ဝင်ရောက်ခဲ့သည်။ ထိုအရာကလည်း အလွန် ထိရောက်ခဲ့ကာ နှစ်ပေါင်း သောင်းနှင့်ချီ ကြယ်တာရာ စစ်ပွဲများ မဖြစ်အောင် တားဆီးနိုင်ခဲ့သည်။

“...”

အားလုံးမှာ တုန်လှုပ်နေဟန် ရသည့် ဝေ့ဝူယင်ကို တိတ်တဆိတ်ပင် ငေးကြည့် နေကြ၏။ နိဗာန မီးလျှံများ၏ ဝန်းရံမှု အောက်၌ ဝေ့ဝူယင် တစ်ယောက် ပင့်သက် အကြိမ်ကြိမ်ရှိုက်နေသည်ကို သူတို့ တွေ့ရှိရသည်။ သူတို့ သူ့ကို စဉ်းစားရန် သို့မဟုတ် ပြန်လည် ဆင်ခြင်ရန် အချိန် အလုံအလောက် ပေးထားခဲ့သည်။

"ဆိုတော့ ခင်ဗျားတို့က ကျုပ်ကို သံကြိုးနဲ့ ခတ်ချင်တယ်ပေါ့... ကျုပ် သဘောပေါက်ပြီ”

တစ်မိနစ်ခန်မျှ ကြာမြင့်ပြီး နောက်မှ ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်ရင်း ဧကရီကို ကြည့်လိုက်သည်။ ဧကရီ ရှောင်ချွမ်းက တည်ငြိမ်စွာပင် တုန့်ပြန်လိုက်၏။

“ဟုတ်တယ်... ဒါပေမဲ့ ဒါဟာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ တည်ငြိမ်ရေးနဲ့ မှီတင်း နေထိုင်သူတွေ စိတ်အေးလက်အေး နေနိုင်ဖို့ တစ်ခုတည်း အတွက် ဆိုတာ သိထားပေးပါ... အဂ္ဂိရတ် အာဏာရှင်ဝေ့... ဉာဏ်ရည် မြင့်မားတဲ့ လူငယ် တစ်ယောက် အနေနဲ့ အချုပ်အနှောင် မရှိတဲ့ မြေကြီး ရှန့်ထို တစ်ယောက်ဟာ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ရှင်ကိုယ်တိုင်လည်း သိမှာပါ... သက်တံ့ကောင်းကင်က အကောင်းဆုံး ဥပမာပါပဲ”

“...”

ဝေ့ဝူယင်၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။ ထိုအမှုကို ကျူးလွန်ခဲ့သည်က သူနှင့် ဝူယုတို့ မဟုတ်ပါချေ။ ထာဝရ အစည်းအရုံးသာ ဖြစ်သည်။ သူတို့က သူ့ကို သတ်ဖို့ ကြိုးပမ်းရင်း ကိုယ်ပိုင်ဂြိုဟ်ကို ဖျက်ဆီးမိခဲ့ခြင်း ဖြစ်သည်။ ဝမ်မင်ယာ၏ သတိပေးမှုကြောင့်သာ မဟုတ်ပါက သူ ကိုယ်တိုင်ပင် ထိုနေရာတွင် သေဆုံးသွားနိုင်ပေသည်။

“ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ကျိန်စာတွေက အဲဒီဖြစ်ရပ်ကို မတားဆီးနိုင်ခဲ့ဘူး မလား”

ဝေ့ဝူယင် ထောက်ပြလိုက်၏။ ဧကရီ ရှောင်ချွမ်းက တည်ငြိမ်စွာပင် ခေါင်းခါလိုက်သည်။

“ကိုယ့်နယ်မြေရဲ့ ကံကြမ္မာကို ကိုကိုယ်တိုင် စီမံနိုင်တယ်... ဒါပေမဲ့ ပြင်ပ ကျူးကျော်သူ တစ်ယောက်က လာပြီး စီမံဖို့ ကြိုးစားမယ် ဆိုရင်ရော... အချုပ်အနှောင်သာ မရှိဘူး ဆိုရင် လူတစ်ယောက်ဟာ မိစ္ဆာ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ... အခုလေးတင် ငါးထောင့်ကြယ်ကို မီးတင်ရှို့ဖို့ ကြိုးစားနေတဲ့ အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ လုပ်ရပ်ကို ပြန်ကြည့်ပါ...”

“ဒီနေရာမှာ အပြစ်မဲ့တဲ့ သေမျိုးတွေ၊ လေကို နည်းနည်းပဲ ရှူရှိုက်ရသေးတဲ့ ကလေးငယ်တွေ၊ လောကကြီးကို မမြင်ဖူးသေးတဲ့ သန္ဓေသားတွေ၊ မျှော်လင့်ချက် အိပ်မက်တွေနဲ့ ပြည့်နှက်နေတာ လူငယ်လေးတွေ၊ မိသားစုကို ထောက်ပံ့ပေးဖို့ ကြိုးပမ်းနေရတဲ့ လူတွေ... အို... အစုံအလင်ပါပဲ... သူတို့ အားလုံးက မီးသင့်ပြီး သေဆုံးဖို့ ထိုက်တန်တယ်လို့ ထင်လား... ‌ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်ရဖို့ ထိုက်တန်တယ် ထင်လား... ပြင်ပ ကျူးကျော်သူ တစ်ဦးကြောင့် သေဆုံးဖို့ ထိုက်တန်တယ်လို့ ထင်လား”

"အစစ်အမှန် မွေးဖွားခြင်းကရော ပြင်ပ ကျူးကျော်သူပဲ မဟုတ်ဘူးလား...”

ဝေ့ဝူယင်က ပြန်လည် မေးခွန်းထုတ်လိုက်၏။ ထိုလော့ဂျစ် အတိုင်း ပြောရပါက အစစ်အမှန် မွေးဖွားခြင်းမှာလည်း ပြင်ပ ကျူးကျော်သူသာ ဖြစ်သည်။ ရှောင်ချွမ်းပြောသည့် အပြစ်မဲ့ အသက်များမှာ လက်ရှိ၌ သူတို့ လက်အတွင်း ကျရောက် နေသည်။ အကယ်၍ သူတို့သာ ဆန္ဒရှိပါက ကိုယ်ပိုင် အကျိုးအမြတ် အတွက် ထိုလူများကို လွတ်လပ်စွာ သတ်ဖြတ်နိုင်သေးသည်။

"လူလို မသိတဲ့ကောင်ပဲ...”

ဟွမ်ရီကောင်းက အထင်သေး စက်ဆုပ်ဟန်ဖြင့် တံတွေး ထွေးထုတ်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်ကတော့ သူ့ကို ရှိလေသည်ဟုပင် သဘောမပိုက်ပဲ လုံးလုံးလျားလျား လျစ်လျူထားပေသည်။ ချက်ချင်းပင်... ဟွမ်ရီကောင်း၏ မျက်နှာမှာ ဒေါသအငွေ့အသက်များဖြင့် နီရဲလာခဲ့၏။

ဧကရီက ဟွမ်ရီကောင်းကို သတိပေးဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ဝေ့ဝူယင်၏ မေးခွန်းကို ပြန်လည် ဖြေလိုက်၏။

“တွယ်ရာမဲ့ နှလုံးသားဂိုဏ်းဟာ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ တန်ခိုးရှင် အင်အားစု တစ်ခု အနေနဲ့ ရပ်တည်ချင်တယ် ဆိုရင် ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာပဲ... ငါးထောင့်ကြယ်မှာ နေတဲ့ လူတွေ အားလုံး လူမဆန်တဲ့ လုပ်ရပ်တွေကို မခံစားစေရဘူး... သူတို့ ကျိန်ဆိုထားတဲ့ လျှို့ဝှက်ကျိန်စာတွေက အဲဒီလို ဖြစ်ရပ်မျိုးတွေ မဖြစ်အောင် တားဆီပေးလိမ့်မယ်”

ဝေ့ဝူယင်၏ မျက်ခုံးများက အံ့အားသင့်မှုနှင့် အတူ အပေါ်သို့ အနည်းငယ် မြင့်တက်သွားခဲ့၏။ အစစ်အမှန် မွေးဖွားခြင်းက ငါးထောင့်ကြယ်ကို မသိမ်းပိုက်ခင်၊ သို့မဟုတ် သိမ်းပိုက်ပြီး နောက်တွင် လျှို့ဝှက်ကျိန်စာများကို ကျိန်ဆိုခဲ့သည်လော။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အခိုင်အမာ ခြေချလိုသည့် ရည်ရွယ်ချက်ကို ထောင်ချင့်ရပါက ထိုအရာက အဓိပ္ပာယ်တော့ ရှိပေသည်။

“ဆိုတော့ သူတို့က အခြား ဘယ်သူ့ကိုမှ ထပ်ပြီး မတိုက်ခိုက်တော့ဘူးပေါ့”

ဝေ့ဝူယင်က မေးလိုက်၏။

“သူတို့ကို ရန်မစသရွေ့ နောက်ထပ် ရာစုနှစ်ဝက် ကာလ အတွင်းမှာ ဘယ်အင်အားစု၊ ဘယ်အဖွဲ့အစည်းကိုမှ ထပ်ပြီး တိုက်ခိုက်မှာ မဟုတ်ဘူး...”

ဧကရီ ရှောင်ချွမ်းက တည်ငြိမ်စွာပင် ရှင်းပြနေသော်လည်း မြေကြီး ရှန့်ထိုများ၏ အမူအရာများက မတုန်မလှုပ် ရှိနေသည်ကို ဝေ့ဝူယင် သတိထားမိလိုက်သည်။ ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်ရင်း...

“ရာစုနှစ်ဝက်ပဲလား...”

ဧကရီ ရှောင်ချွမ်းက သွယ်ဝိုက်သည့် အဓိပ္ပာယ်ဖြင့် အနည်းငယ် ပြုံးလိုက်သည်။

“ရာစုနှစ်ဝက်က အရမ်း တိုတောင်းတယ်လို့ ရှင်က တွေးနေတာလား... အဂ္ဂိရတ် အာဏာရှင်ဝေ့”

ထိပ်သီး အင်အားစုများမှာ အရင်းအမြစ်များ အတွက် ပဋိပက္ခများ အတွင်း မကြာခဏ ဆိုသလို ဝင်ရောက်ကြလေ့ ရှိလေရာ သူတို့ကို ထာဝရ ထိန်းချုပ်ဖို့က မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။ အထူးသဖြင့် အစစ်အမှန် မွေးဖွားခြင်းမှာ မိစ္ဆာ အင်အားစု တစ်ခု ဖြစ်လေရာ သူတို့ကို နှစ်ဝက် ကန့်သတ်ထားခြင်းကပင်လျှင် ကြီးမားသည့် ထိုးနှက်ချက် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ဟာကွက် တစ်ခု ရှိနေတယ်လို့ ကျုပ် ခံစားရတယ်”

ဝေ့ဝူယင်က ထောက်ပြလိုက်၏။

“ကျိန်စာတိုင်းမှာ ဟာကွက်တွေ ရှိနေတတ်ပါတယ်...”

ဧကရီ ရှောင်ချွမ်းက မငြင်းပဲ ဝန်ခံလိုက်သည်။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ဟာကွက် မရှိသည့် ကျိန်စာ ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ မဟာစက်ဝန်း ရှန့်ထို ညီလာခံ ကျင်းပနေစဉ် အခါက အစစ်အမှန် မွေးဖွားခြင်းမှာ ကျိန်စာ၏ အကာအကွယ်ကို ရရှိထားသည်ဟု ဆိုနိုင်သည့် အာကာသဝေဟင်ဂိုဏ်းကို တစ်စုံတစ်ရာ သက်ရောက်မှု မရှိပဲ တိုက်ခိုက်နိုင်ခဲ့သည်။

ဝေ့ဝူယင် လက်လျှော့ဟန်ဖြင့် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

“ကောင်းပြီလေ... ကျုပ်ရဲ့ ကျိန်စာက ဘာတွေလဲ...”

***

All Chapters