← Chapters

လျှို့ဝှက်ကျိန်စာ

Vol. 91 Ch. 1263

လျှို့ဝှက်ကျိန်စာ

Vol. 91 Ch. 1263

“ကောင်းပြီလေ... ကျုပ်ရဲ့ ကျိန်စာက ဘာတွေလဲ...”

ဝေ့ဝူယင် ရွေးချယ်စရာ မရှိတော့သည့် ပုံစံဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက အခြေအနေကို လက်ခံလိုက်သည့်နှယ် တည်ငြိမ်သည့် အငွေ့အသက်များ ပြန်လည် ရရှိလာသည်။ လူအများမှာ စိတ်သက်သာရာ ရမှုကို ခံစားလိုက်ရ၏။ လွတ်လပ်မှု ဆုံးရှုံးရမည်ကို ကြောက်ရွံ့ပြီး ဝေ့ဝူယင် မဆင်မခြင် လုပ်မှာ သူတို့ အမှန်တကယ် စိုးရိမ် နေကြခြင်း ဖြစ်သည်။

ဧကရီ ရှောင်ချွမ်းက သူမ၏ နူးညံ့သည့် လက်ချောင်း ကလေးများကို ဝှေ့ယမ်းလိုက်ရာ ရွှေ‌ရောင် စာလိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ညင်သာစွာ တွန်းထုတ်မှုနှင့် အတူ စာလိပ်မှာ ရွှေ‌ရောင် ကြယ်တံခွန် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ဝေ့ဝူယင် အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ပိုင်လင်က ၎င်းကို အတောင်ပံဖြင့် ဖမ်းယူလိုက်ရင်း နိဗာန မီးလျှံများနှင့် ဝန်းရံကာ ဝေ့ဝူယင်ထံ ပို့လွှတ်လိုက်သည်။

ဝေ့ဝူယင် စာလိပ်ကို ဖွင့်ကာ ဖတ်ရှုလိုက်၏။

“ကျွန်ုပ် ဝေ့ဝူယင် ကျိန်ဆိုပါသည်... ယခုမှ စ၍ နောက်နှစ်ဆယ့် ငါးနှစ်တာ ကာလ အတွင်း တန်ခိုးရှင် အင်အားစု အဖြစ် တရားဝင် အသိအမှတ်ပြု ခံထားရသည့် မည်သည့် အဖွဲ့အစည်း၊ မဟာမိတ်ကိုမှ မတိုက်ခိုက်ပါ... မည်သည့် တန်ခိုးရှင် အဆင့် အဖွဲ့အစည်း၏ ပိုင်ဆိုင်မှုများကိုမှ မဖျက်ဆီးပါ... မည်သည့် တန်ခိုးရှင် အဖွဲ့အစည်း၏ ပိုင်နက် အတွင်းကိုမှ ခွင့်ပြုချက် မရှိပဲ မကျူးကျော်ပါ”

“ကျွန်ုပ် ဝေ့ဝူယင် ကျိန်ဆိုပါသည်... မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ တရားဝင် အသိအမှတ်ပြု ခံထားရသည့် တန်ခိုးရှင် အင်အားစုတိုင်းနှင့် မျှတစွာ ကုန်သွယ်ပါမည်... မမျှတသည့် ခေါင်းပုံဖြတ်မှုများ မပြုလုပ်ပါ... ဤကျိန်စာ ပြီးဆုံသည့် နေ့အထိ ကျွန်ုပ် ဖော်စပ်ထားသော အဂ္ဂိရတ် ထုတ်ကုန် ဆယ်ပုံပုံ ရှစ်ပုံကို...”

လျှို့ဝှက်ကျိန်စာ ဒုတိယပိုဒ်ကို ပြီးဆုံးအောင် မဖတ်ရသေးခင်မှာပင် ဝေ့ဝူယင် စိတ်ထဲမှ သဘောကျစွာ ရယ်မော လိုက်မိသည်။ ၎င်းက သူ ဖန်တီးသမျှ အဂ္ဂိရတ် ထုတ်ကုန်တိုင်း၏ ဆယ်ပုံပုံ ရှစ်ပုံကို မျှတသည့် ပြင်ပ အင်အားစုများသို့ ရောင်းချပေးရန် ဖြစ်သည်။ ကြည့်ရသည်က အဂ္ဂိရတ် ပညာရှင်တိုင်းမှာ ထိပ်သီး အင်အားစုဝင်များ မဟုတ်သရွေ့ ထိုကျိန်စာကို ကျိန်ဆိုရသည့်ပုံ ရသည်။

ဝေ့ဝူယင် ဆက်လက်၍ ဖတ်လိုက်၏။ မကြာခင်မှာပင် ထိုဆယ်ပုံပုံ ရှစ်ပုံကို တိုက်ရိုက် သို့မဟုတ် လေလံ နည်းလမ်းများဖြင့် ရောင်းချနိုင်ကြောင်း သဘောပေါက် လိုက်သည်။ တိုက်ရိုက် နည်းလမ်းဖြင့် ဆိုပါက မိမိကိုယ်ပိုင် ကြယ်တာရာ နယ်မြေကိုသာ ရောင်းချခွင့် ရှိသည်။ ပြင်ပ ကြယ်တာရာ နယ်မြေများကို ရောင်းချခွင့် မရှိချေ။ သို့သော်လည်း လေလံတင် ရောင်းချမည် ဆိုလျှင်တော့ အင်အားစုတိုင်း ဝင်ရောက် လေလံဆွဲနိုင်ပေသည်။ ထိုအသေးစိတ် အချက်အလက်က ဝေ့ဝူယင်ကို စိတ်ဝင်စား သွားစေ၏။

သို့သော်လည်း... သူ့ထံတွင် တရားဝင် အသိအမှတ်ပြုထားသည့် ကြယ်တာရာ နယ်မြေ မရှိချေ။ သို့ဖြစ်လေရာ လေလံလမ်းကြောင်း တစ်ခုသာ ရွေးချယ်စရာ ရှိပေသည်။

“ကျွန်ုပ် ဝေ့ဝူယင် ကျိန်ဆိုပါတယ်... မျှတဲ့ စစ်ပွဲတစ်ခုက လွဲလို့ နောက်ရာစုနှစ် တစ်ခု အတွင်း လူတစ်သန်းရဲ့ အသက်ထက် ကျော်လွန်ပြီး မယူပါဘူး... သင့်တင့်တဲ့ ပေးချေမှုနဲ့ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ ချီးမြှင့်မှုမှ တစ်ပါး အယ်ဗန်မျိုးနွယ်တွေကို ကျွန်မပြုပါဘူး.. မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း ဂြိုဟ်တွေ၊ နေကြယ်တွေ ဖန်တီးမှုကို ကန့်သတ်ပါ့မယ်”

ကျိန်စာက စုစုပေါင်း ခုနစ်ဆယ့် နှစ်ခု အထိ ရှိကြောင်း ဝေ့ဝူယင် တွေ့ရှိလိုက်ရသည်။ ထိုအထဲမှ အများစုမှာ သူ၏ အနာဂတ် လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားထားခြင်းပင် ဖြစ်သည်။ ပြီးဆုံးအောက် ဖတ်ရှုပြီးနောက် ဝေ့ဝူယင် ဝေ့ဝူယင် ရွှေ‌ရောင် ပုရပိုက်ကို ပြန်လည် ပိတ်လိုက်၏။ သူ၏ အမူအရာက အသေအချာ စဉ်းစားနေဟန် ရလေသည်။

ရုတ်တရက်... တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ မြေကြီး ရှန့်ထို တစ်ယောက်က ခရမ်းရောင် ပုရပိုက် နှစ်ခုကို ထုတ်ယူကာ တစ်ခုကို ဧကရီ ရှောင်ချွမ်းထံ ပို့ဆောင်လိုက်သည်။ နောက်တစ်ခုကိုတော့ ဝေ့ဝူယင်ထံ ပစ်လွှတ်လိုက်၏။ ဧကရီ ရှောင်ချွမ်းက မျက်မှောင်ကြုတ်ရင်း လက်ကို ဆန့်ထုတ်လိုက်၏။ ထို့နောက် ပုရပိုက်ကို အကြောက်အလန့် ကင်းမဲ့စွာ ဆုပ်ကိုင်ကာ ဖွင့်ဖတ် လိုက်သည်။

ဝေ့ဝူယင် ပုရပိုက်ကို လျစ်လျူဖို့ စဉ်းစားလိုက်သေးသော်လည်း သူတို့ ဘာကို လိုချင်ကြောင်း သိချင်လေရာ ဖွင့်ဖတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ပိုင်လင်က ပုရပိုက်ကို ဖမ်းယူလိုက်ကာ အဝေးတွင်ပင် ဖွင့်လိုက်၏။ ဝေ့ဝူယင် ၎င်းကို ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် ဖတ်ရှု လိုက်သည်။ ၎င်းက ခုနစ်ဆယ့် သုံးခုမြောက် လျှို့ဝှက် ကျိန်စာပင် ဖြစ်လေသည်။

“ကျွန်ုပ် ဝေ့ဝူယင် ကျိန်ဆိုပါတယ်... ယွီစွန်းလီကို... မထိမခိုက်ပဲ...”

ဝေ့ဝူယင်နှင့် ဧကရီ ရှောင်ချန်းတို့၏ အမူအရာများက တစ်ပြိုင်နက်တည်းပင် ပြောင်းလဲ သွားကြ၏။ သို့သော်လည်း သူတို့၏ ခံစားချက်များကတော့ လုံးဝ ခြားနားပေသည်။ သူတို့က ယွီစွန်းလီကို အချိန်အတိုင်းအတာ တစ်ခု အထိ လိုချင်သည်။ သို့သော်လည်း... အကြောင်းပြချက်ကိုတော့ ရှင်းလင်းစွာ ဖော်ပြ မထားပါချေ။

“ဒါက ဘာလဲ...”

ဧကရီ ရှောင်ချွမ်းက မြေကြီး ရှန့်ထိုကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သူမ၏ အသံက ရေခဲ ကဲ့သို့ အေးစက်နေကာ ခန္ဓာကိုယ်မှာ အင်ပါယာ အငွေ့အသက်များကို ထုတ်ဖော် နေခဲ့၏။

မြေကြီး ရှန့်ထို၏ အမူအရာက မတုန်မလှုပ်ပင် ရှိနေ‌ဆဲ ဖြစ်သည်။

“ညှိနှိုင်းတာ မဟုတ်ဘူး... သူ ငြင်းမယ် ဆိုရင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့... ဘာပဲ ဖြစ်ဖြစ် ကျူးကျော်ခဲ့တာက ကျုပ်တို့ မဟုတ်ဘူး”

ဘုန်း... ဘုန်း... ဘုန်း...

ရုတ်တရက်ပင် တစ်ဒါဇင်မျှသော မြေကြီး ရှန့်ထို အဆင့် အော်ရာများမှာ အကာအကွယ် အစီအရင် အတွင်း ပေါက်ကွဲ ထွက်ပေါ်လာကြ၏။ ချက်ချင်းပင် လူတိုင်း၏ အမူအရာများက ပြောင်းလဲ သွားကြသည်။

မြေကြီး ရှန့်ထို အယောက် သုံးဆယ်...

ထိုအရာက မည်ကဲ့သို့သော အင်အားနည်း။ အင်ပါယာ ကလန်ပင်လျှင် ထိုအင်အားကို ယှဉ်နိုင်လိမ့်မည်လော။

“ငါက ယွီစွန်းလီကို မင်းတို့ လက်ထဲ နောက်တစ်ကြိမ် ပါခွင့်ပြုမယ် ထင်နေတာလား... ဒီဘဝမှာတော့ မရဘူး”

ဝေ့ဝူယင်က ဆိုလိုက်၏။ သူ၏ လေသံက ခံစားချက် အရိပ်အမြွက်တို့ ကင်းမဲ့လို့ နေသည်။

"ဒါဆိုလည်း မင်း သေမှပေါ့...”

မြေကြီး ရှန့်ထိုက ပွင့်ပွင့်လင်းလင်းပင် ခြိမ်းခြောက်လိုက်၏။ သူက အင်ပါယာ မျိုးနွယ် အပါအဝင် ထပ်သီး အင်အားစုများကိုပင် နည်းနည်းလေးမှ မျက်နှာသာပေးခြင်း မရှိပါချေ။

ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်း သွားခဲ့၏။

“ဧကရီ... ခင်ဗျား ဒီလိုလူတွေကို တကယ်ပဲ ကြီးထွားဖို့ အချိန်ပေးမလို့လား... သူတို့က ခြေကုပ်ယူနိုင်တာနဲ့ အနာဂတ်မှာ တစ်လောကလုံးကို သိမ်းပိုက်တော့မှာ”

ဝေ့ဝူယင်၏ စကားလုံးများက အင်ပါယာ မျိုးနွယ်နှင့် အစစ်အမှန် မွေးဖွားခြင်းတို့ကို ရန်တိုက် ပေးနေသည့်ပုံ ရသော်လည်း... တကယ်တမ်းတွင်တော့ ဧကရီ ရှောင်ချွမ်း၏ တုန့်ပြန်ပုံကို အကဲဆတ်လိုက်ခြင်းသာ ဖြစ်သည်။ သူမက အနည်းငယ် ဒေါသထွက်နေသည်ပုံ ရ၏။ သို့သော်လည်း အံ့အားသင့်ပုံတော့ မရချေ။

ကြည့်ရသည်က... အင်ပါယာ မျိုးနွယ်မှာ အစစ်အမှန် မွေးဖွားခြင်း၏ ရည်ရွယ်ချက်ကို သိရှိထားပြီး ဖြစ်ပုံ ရသည်။ သူတို့က ထိုအဖွဲ့အစည်းကို ခြိမ်းခြောက်မှု တစ်ခု ဟု ယူဆ မထားတာလည်း ဖြစ်နိုင်ပေသည်။ မြေကြီး ရှန့်ထို အဆင့် အယောက် သုံးဆယ် ထွက်ပေါ်လာချိန်တွင်ပင် ဧကရီ၏ မျက်လုံးများထဲ၌ ကြောက်လန့်သည့် အရိပ်အငွေ့များကို ဝေ့ဝူယင် မတွေ့ရချေ။

“မင်းမှာ ဆုံးဖြတ်ဖို့ အချိန် စက္ကန့် သုံးဆယ် ရှိတယ်”

မြေကြီး ရှန့်ထိုက အေးစက်စွာပင် ကြေညာလိုက်၏။

" ငါ ရေရမလား... မင်း ရေမလား...”

ဝေ့ဝူယင်က သူ၏ သရုပ်ဆောင် မျက်နှာဖုံးကို ပြန်လည် ချွတ်လိုက်၏။ သူ၏ မျက်နှာထက်၌ သက်တောင့်သက်သာ အပြုံးတစ်ခုက ပြန်လည် နေရာယူလာခဲ့လေသည်။

“...”

“...”

ရုတ်တရက် တစ်လောကလုံး တိတ်ဆိတ်သွား၏။ အစစ်အမှန် မွေးဖွားခြင်းက သူတို့၏ အင်အားကို ထုတ်ဖော် ပြသပြီး နောက်တွင် ဝေ့ဝူယင် တစ်ယောက် ကြောက်လန့် တုန်ရီကာ အပေးအယူကို ချက်ချင်း သဘောတူလိမ့်မည်ဟု အားလုံး ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်က ထိုအခြေအနေကို အခွင့်ကောင်း ယူကာ လျှို့ဝှက်ကျိန်စာ ကျိန်ဆိုဖို့ ဝေ့ဝူယင်ကို တွန်းအားပေးရန် ဖြစ်သည်။

သို့သော်လည်း... ထင်မှတ်ထားသည်နှင့် ခြားနားစွာပင် ဝေ့ဝူယင်၏ ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာများက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာတွင် သက်တောင့်သက်သာ ရှိမှုနှင့် ယုံကြည်ချက်တို့က အစားထိုး နေရာယူ လာခဲ့သည်။ ထိုအခြေအနေ တစ်ခုလုံးက လုံးဝ ပုံမှန် မဟုတ်ကြောင်း သူတို့ ခံစားနေမိခဲ့သည်။

သူက မီးဖီးနစ် အပေါ် ယုံကြည်ချက် အပြည့်အဝ ရှိနေသည်လား။ ထိုသားရဲမှာ အစွမ်းထက်သည် ဆိုသော်လည်း ဒါဇင်နှင့် ချီသည့် မြေကြီး ရှန့်ထိုများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။

သို့တည်းမဟုတ်... သူက စစ်ကူများကို မျှော်နေသည်လား။ အာကာသမှာ ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်သည်။ ဝူယုနှင့် အခြား စစ်ကူများ အနှောက်အယှက် အတားအဆီး မရှိ အချိန်မှီ ရောက်ရှိလာဖို့က သာ၍ပင် မဖြစ်နိုင်သေးချေ။

မြေကြီး ရှန့်ထို အဆင့် သုံးဆယ် ဆိုသည့် အင်အားက ပေါ့သေးသေး မဟုတ်ပါချေ။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် အသန်မာဆုံး ကြယ်တာရာ နယ်မြေဖြစ်သည့် အဆုံးမဲ့ ကောင်းကင် ပင်လျှင် မြေကြီး ရှန့်ထို လေးဆယ့်လေးယောက်ကိုသာ ပိုင်ဆိုင်ထားသည်။ ထိုအရေအတွက်သည်ပင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု အတွင်း ဝေ့ဝူယင်ကြောင့် အပြောင်းအလဲများ ဖြစ်ခဲ့သေးသည်။ သို့သော်လည်း... အစစ်အမှန် မွေးဖွားခြင်းကတော့ တစ်ကြိမ်တည်းဖြင့်ပင် မြေကြီး ရှန့်ထို အယောက် သုံးဆယ်ကို ထုတ်ဖော် ပြသခဲ့သည်။

ထိုကဲ့သို့သော အင်အားကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ရလောက်အောင် ဝေ့ဝူယင်က ရူးမိုက်နေသည်လား။ အခြား ဖြစ်နိုင်ချေများကို စဉ်းစားကြည့်သည့်တိုင် ထိုအရာက လုံးဝ အဓိပ္ပာယ် မရှိဟုသာ သူတို့ ခံစားနေရသည်။ သို့တည်းမဟုတ်... ဝေ့ဝူယင်က ဟန်ဆောင်နေသည်လော။

“...”

အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်များမှာ ငြိမ်သက် နေကြ၏။ သူတို့ ဝေ့ဝူယင်ကို အခွင့်အရေး ပေးနေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အင်ပါယာ ကလန်ကြောင့် ဖြစ်သည်။ အင်ပါယာ ကလန်တွင်လည်း ဝေ့ဝူယင်နှင့် ပတ်သက်၍ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေသည့်ပုံ ပေါ်သည်။ သေမျိုး တစ်ယောက် အတွက် အင်ပါယာ ကလန်နှင့် သူတို့ မတိုက်ခိုက်လိုသေးချေ။

“မင်းတိုက မရေဘူးလား... ဒါဆို ငါ ရေမယ်... ကဲ... စပြီ...”

“သုံးဆယ်...”

***

All Chapters