← Chapters

နောက်ပြန် ရေတွက်ခြင်း

Vol. 91 Ch. 1264

နောက်ပြန် ရေတွက်ခြင်း

Vol. 91 Ch. 1264

“သုံးဆယ်...”

ဝေ့ဝူယင်က စိတ်မရှည်စွာပင် နောက်ပြန် ရေတွက်မှုကို ကိုယ်တိုင် စတင်လိုက်၏။ သူက ပိုင်လင်ကို လက်ဖြင့် ပုတ်လိုက်ရာ နိဗာန မီးတောက်များမှာ လွင့်ပျံ သွားခဲ့သည်။ လက်ရှိ၌ သူက အကာအကွယ်မဲ့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက ပွင့်လင်းသည့် ဖိတ်ခေါ်မှု တစ်ခုလည်း ဖြစ်သည်။

"လာခဲ့ကြလေ...”

“နှစ်ဆယ့် ခုနစ်...”

သုံးစက္ကန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သုံးစက္ကန့် ဆိုသည်မှာ မြေကြီး ရှန့်ထိုများ အတွက် အလွန် ရှည်ကြာသည့် အချိန်တစ်ခု ဖြစ်သည်။ ထိုသုံးစက္ကန့် အတွင်း လက်ရှိ အခြေအနေကို ရှုထောင့် ပေါင်းစုံမှ နေ၍ သူတို့ သုံးသပ် ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း... သူတို့က မလှုပ်ရှားကြ‌သေးချေ။

ဝှစ်...

ဝေ့ဝူယင် ပိုင်လင်၏ ကျောထက်မှ နေ၍ အပေါ်သို့ ပျံတက်ကာ သူမထံမှ ခွာလိုက်သည်။ မူလ အဆင့် မန်နာ ထိန်းချုပ်နိုင်စွမ်းနှင့် အတူ သူ၏ ခန္ဓာကိုယ်က အမှောင် ဟင်းလင်းပြင် အတွင်း ပေါ့ပါးစွာ မျောလွင့်လာသည်။

“နှစ်ဆယ့်လေး...”

ဝေ့ဝူယင်မှာ ပိုင်လင့် အနား၌ မရှိတော့ချေ။ မီတာ ရာပေါင်းများစွာတိုင် ကွာဝေး သွားခဲံပြိ ဖြစ်သည်။ စက္ကန့်နှင့် အမျှ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ အကြားရှိ အကွာအဝေးက ပိုမို ခြားနား သွားခဲ့၏။

ဒုန်း... ဒုန်း... ဒုန်း...

ထျန်းမူယန်၏ နှလုံးသားက အရှိန်အဟုန် ပြင်းစွာဖြင့် တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်က မီးဖီးနစ် အတွက် လွတ်မြောက်ရာလမ်း တစ်ခု ဖန်တီးပေးနေသည်လား။ သူမကို အပြင်သို့ စေလွှတ်၍ ဝူယုနှင့် နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုတို့ကို ဖိတ်ခေါ်ချင်နေသည်လား။

ထိုကဲ့သို့ တွေးနေသည်က ထျန်းမူယန် တစ်ယောက်တည်း မဟုတ်ပါချေ။ ထိုနေရာသို့ ရောက်ရှိလာသည့် လူအားလုံး လိုလိုပင် အလားတူ ယူဆ နေမိကြခြင်း ဖြစ်သည်။

“နှစ်ဆယ့်သုံး...”

ဦးဆောင် မြေကြီး ရှန့်ထိုကလည်း စတင်၍ နောက်ပြန် ရေတွက်လိုက်သည်။ တစ်ချိန်တည်း၌ သူက သတိပေးသည့်နှယ် ဟင်းလင်းပြင် သင်္ဘောများကို လှမ်းကြည့်လိုက်သည်။ မျက်နှာဖုံးအောက်ရှိ သူ၏ မျက်လုံးများက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေလေရာ အမှောင် ဟင်းလင်းပြင်ပင် အနည်းငယ် တုန်ရီသွားသလို ခံစား လိုက်ရသည်။

“နှစ်ဆယ်...”

“နှစ်ဆယ်...”

ဝေ့ဝူယင်နှင့် မြေကြီး ရှန့်ထိုတို့ နှစ်ယောက် စလုံး ပြိုင်တူပင် ရေတွက်လိုက်ကြ၏။ ထိုအခိုက်တွင်ပင် တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ မြေကြီး ရှန့်ထို ငါးယောက်မှာ လှုပ်ရှားလာကာ ပိုင်လင်ကို ဝန်းရံ လိုက်ကြသည်။

ထျန်းမူယန်၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။ ဝေ့ဝူယင်က ဧကရီ၏ တုန့်ပြန်ပုံကို စစ်ဆေး နေသည်လား။ သို့တည်းမဟုတ်... သူ ထောက်ပံ့ထားသည့် လူများ သူ့ဘက်တွင် အမှန်တကယ် ရှိ၊ မရှိ ဖော်ထုတ်ဖို့ ကြိုးပမ်းနေသည်လား။ သူ လက်သီးများကို တင်းတင်း ဆုပ်လိုက်မိ၏။

သို့သော်လည်း... လက်ရှိက အင်ပါယာ ကိုယ်တိုင် ချမှတ်ပေးလိုက်သည့် တာဝန် ဖြစ်လေရာ ဧကရီ၏ အမိန့်မပါပဲ သူ လှုပ်ရှား၍ မရပါချေ။ အကယ်၍ လှုပ်ရှားလိုက်ပါက ထိုအရာက လျှို့ဝှက် ကျိန်စာကို ချိုးဖောက်သလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ကောင်းတယ်... မင်းပဲ ဆက်ပြီး ရေလိုက်တော့...”

ရေတွက်မှု အတွင်း မြေကြီး ရှန့်ထို ပါဝင်လာသည်ကို ကြည့်ကာ ဝေ့ဝူယင်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ဧကရီကို လှမ်းကြည့်လိုက်၏။

“ဆယ့်ကိုး...”

မြေကြီး ရှန့်ထို၏ မျက်လုံးများက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက် သွားသည်။ သို့သော်လည်း သူက နောက်ပြန် ရေတွက်မှုကို ရပ်တန့်ခြင်း မပြုပါချေ။

“ဧကရီ ရှောင်ချွမ်း...”

ဝေ့ဝူယင်၏ စကားသံက များစွာသော အင်အားစုများ၏ အာရုံများကို ဖမ်းစား သွား၏။ သူတို့ အမြင်အရ ဝေ့ဝူယင်မှာ လက်ရှိတွင် လမ်းဆုံလမ်းခွ၌ ရောက်နေခဲ့ခြင်း ဖြစ်သည်။ ရွေးချယ်မှု တစ်ခု မှားယွင်းသည်နှင့် သူက ကျိန်းသေပင် သေဆုံးသွားလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ အလွန် ထူးချွန်ပါသည်။ ပါရမီ မြင့်မားပါသည်။ ခေတ်သစ် တစ်ခုကိုပင် စတင် နိုင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း... သေဆုံးသွားပါက ထိုဂုဏ်ပုဒ်များမှာ သူ့ကို ပြန်လည် အသက်သွင်းပေးနိုင်လိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း... ဝေ့ဝူယင်မှာ အလွန်ပင် ပါးနပ်ပုံ ပေါ်သည်။ ဧကရီ ရှောင်ချွမ်းအား ခေါ်ဆိုလိုက်ခြင်းကို ကြည့်ပါက သူက မဟာမိတ် တပ်ပေါင်းစုထံမှ အကူအညီ တောင်းခံတော့မည့်ပုံ ရသည်။ ၎င်းက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်ပေသည်။

ဧကရီ ရှောင်ချွမ်း၏ အမူအရာက အနည်းငယ် သက်သာရာ ရသွားခဲ့၏။ နောက်ဆုံး၌ သူတို့ ရောက်ရှိလာခဲ့ရသည့် ရည်ရွယ်ချက်က အောင်မြင်တော့မည့်ပုံ ရလေသည်။

သို့သော်လည်း... သူမ မတုန့်ပြန်ရသေးခင်မှာပင် ဟွမ်ရီကောင်းက အေးစက်စက် ရယ်မောလိုက်၏။

“ကောင်စုတ်လေး... အားလုံးက မင်းကို ဝိုင်းပြီး ကာကွယ်ပေးလိမ့်မယ်လို့ ထင်နေတာလား... မင်းအတွက် ငါတို့ အသက်တွေကို စွန့်လွှတ်ရလောက်အောင် ထိုက်တန်တယ်လို့ ထင်နေတာလား... မျှော်လင့် မနေနဲ့... မင်းရဲ့ အင်အားစုတွေလည်း ဒီနေရာမှာ မရှိဘူး... ငါတို့လည်း မင်းကို ကူညီမှာ မဟုတ်ဘူး... မင်းက အမှန်တရားက ဘာဆိုတာ နားမလည်ရလောက်အောင် ငယ်သေးတာပဲ”

"..."

"…"

အားလုံး၏ အကြည့်များက ဒေါသတရား၊ အငြိုးအတေးများနှင့် အတူ ရယ်မောနေသည့် ဟွမ်ရီကောင်းထံသို့ ရောက်ရှိ သွားကြသည်။ ဟွမ်ရီကောင်း ဝန်ခံသည်။ သူ ဝေ့ဝူယင်ကို မုန်းတီးသည်။ သူ၏ ပါရမီကို မုန်းသည်။ သူ၏ ကံကောင်းမှုများကို မုန်းသည်။ သူ၏ ရုပ်ရည်ကို မုန်းသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် သူ အကြီးအကျယ် အရှက်ရခဲ့သည့် အတွက် မုန်းသည်။ ယနေ့တွင်တော့ ထိုဝေ့ဝူယင်မှာ ပျက်စီးခြင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထိုအတွက် သူ မည်ကဲ့သို့ မပျော်ပဲ နေပါမည်နည်း။

"ဆယ့်ခုနစ်..."

ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်မှာ ဟွန်ရီကောင်းကို လျစ်လျူခြင်း မပြုတော့ချေ။ သူ၏ ငွေရောင် မျက်လုံးများက ဖြည်းညင်းစွာပင် ဟွမ်ရီကောင်းထံသို့ ရွေ့လျား သွား၏။

ဟွမ်ရီကောင်းမှာ ကြောက်လန့်ခြင်း မရှိပါချေ။ မဟာ ရန်သူတော် တစ်ဦး အခက်ခဲဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့သည့် အပေါ် သူ နှစ်သက်မိသည်။ ဝေ့ဝူယင်လို မာန်မာန ‌ထောင်လွှားသည့် လူငယ် တစ်ဦးမှာ သင်ခန်းစာ ကောင်းကောင်း ရသင့်သည်။ ဤသည်က အကောင်းမွန်ဆုံး အဆုံးသတ်ဟုပင် သူတွေးလိုက်မိသည်။

“ဒီနေ့ မင်း သေရမယ်...”

ဝေ့ဝူယင်က ပြောလိုက်၏။ သူ၏ လေသံက ခံစားချက် ကင်းမဲ့နေသော်လည်း ကောင်းကင်၏ မြင့်မြတ်သည့် အမိန့်တစ်ခုလိုမျိုး ခိုင်မာလှသည်။ ထျန်းတျန် အတွင်းတွင်တော့ ဝေ့ဝူယင်၏ အင်ပါယာ ဥပဒေသ မျိုးစေ့မှာ ပြင်းထန်စွာပင် တုန်ခါ သွားခဲ့၏။

"ဒီနေ့ မင်းရှေ့မှာ ဘယ်သူပဲ ရပ်နေ ရပ်နေ... အင်ပါယာနဲ့ ဧကရီတို့ ကိုယ်တိုင် မင်းကို ချမ်းသာပေးဖို့ ဒူးထောက် တောင်းပန်မယ် ဆိုရင်တောင် နောက်နှစ် ဒီနေ့က မင်း သေတဲ့ နှစ်ပတ်လည်နေ့ ဖြစ်လာလိမ့်မယ်”

ဝေ့ဝူယင် စကားပြောနေသည့် တစ်ချိန်တည်းတွင်ပင် အင်ပါယာ ဥပဒေသ မျိုးစေ့မှာ အဆုံးစွန်သော အလင်းတန်းများနှင့် စတင်ကာ တောက်ပလာခဲ့၏။ ထိုအခိုက်၌ ကောင်းကင်၏ အင်ပါယာ ဥပဒေသ အော်ရာမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် ပတ်လည်တွင် လျှို့ဝှက်စွာ စုရုံးနေခဲ့ပြီ ဖြစ်လေသည်။

ဂီး...

ရုတ်တရက်... ပိုင်လင်၏ နိဗာန မီးတောက်များက ပြန်လည်၍ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွား၏။ သူမ၏ မျက်ဝန်းများက သတ်ဖြတ်လိုစိတ်များနှင့် တဖျပ်ဖျပ် တောက်ပလာကာ ဟွမ်ရီကောင်းကို စိုက်ကြည့် လိုက်၏။

တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ မြေကြီး ရှန့်ထိုများမှာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ကြရလေရာ ချက်ချင်းပင် လျှို့ဝှက် အကာအကွယ်များကို ထုတ်ဖော် လိုက်ကြ၏။

ဘုန်း...

ကုန်းရီ၏ မျက်လုံးများက ဝိညာဉ် အင်အားများဖြင့် ပေါက်ကွဲ သွား၏။ သူ၏ လျှို့ဝှက် အော်ရာက ဟွမ်ရီကောင်းကို ဝန်းရံကာ ကာကွယ် လိုက်သည်။ တစ်ချိန်တည်း၌ သူက အလျှင်မြန်ဆုံးနှုန်းဖြင့် ဟင်းလင်းပြင် သင်္ဘောကို ထိန်းချုပ်လိုက်ကာ မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင် မိုင်ဆယ်ပေါင်းများစွာ နောက်ဆုတ် လိုက်သည်။ ဟင်းလင်းပြင် သင်္ဘော၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး ဝင်္ကပါများမှာလည်း တစ်ပြိုင်နက်တည်းပင် အသက်ဝင် လာကြ၏။

“...”

ဟွမ်ရီကောင်း၏ မျက်လုံးများက ဗလာဟင်းလင်း ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်က တုန်ရီနေကာ မျက်ရည်များမှာ မျက်လုံး ထောင့်စွန်းမှ စီးကျ နေခဲ့သည်။ သူ၏ ခြေများ၊ လက်များက ကွေးကောက်စ ပြုနေကာ အံအားသွားများမှာ ခိုက်ခိုက်တုန်နေ၏။

“အရှင်ဟွမ်...”

ကုန်းရီက ဟွမ်ရီကောင်းထံသို့ ဝိညာဉ်အာရုံဖြင့် ဆက်သွယ် လိုက်၏။ တစ်ချိန်တည်း၌ နာမည်ကျော် လာဗန်ဒါဆေး အဂ္ဂိရတ် အာဏာရှင်က ထိုမျှ ကြောက်လန့်တတ်သလော ဟူ၍ သူ တွေးလိုက်မိသည်။ ပြင်ပလူများ၏ အမြင်၌ ဟွမ်ရီကောင်း၏ အပြုအမူက ရှက်ရွံဖွယ်ရာ အတိဖြစ်ပေသည်။

“ဟမ်...”

ရုတ်ချည်းပင် ဟွမ်ရီကောင်း၏ အသိစိတ် ပင်လယ်က ပုံမှန် မဟုတ်ကြောင်း သူ သတိထားမိလိုက်သည်။ ထိုအရာက ကြောက်လန့်နေခြင်း သက်သက် မဟုတ်ပါချေ။ သူ ဧကရီကို ကြည့်လိုက်၏။

“အရှင်ဟွမ်ရဲ့ စိတ်တစ်ခုလုံးက လုံးဝ ကစဉ့်ကလျား ဖြစ်နေတယ်... မီးဖီးနစ်ရဲ့ သွေးမျိုးဆက် စွမ်းရည် တစ်ခုခု များလား...”

ဟွမ်ရီကောင်း၏ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် အနေဖြင့် သူ လုံခြုံဖို့၊ ဘေးကင်းဖို့က ကုန်းရီ၏ တာဝန် ဖြစ်သည်။ သို့သော်လည်း... သူ ဘေးနား၌ ရှိနေချိန်တွင်ပင် ဟွမ်ရီကောင်း၏ အသိစိတ် ပင်လယ်မှာ ဆိုးရွားစွာ ထိခိုက် သွားခဲ့ပြီ ဖြစ်သည်။

"..."

ဧကရီက မျက်မှောင်ကြုတ် လိုက်၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အစွမ်း အထက်ဆုံး အင်အားစုများ၏ အရှေ့တွင်ပင် ဝေ့ဝူယင်မှာ အင်ပါယာ မျိုးနွယ်၏ ဂုဏ်ထူးဆောင် သေမျိုး အဂ္ဂိရတ် အာဏာရှင်ကို ခြိမ်းခြောက် နေခဲ့ပြီ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင်တွင် တရားဝင် မဟုတ်သော်လည်း လူတိုင်း လိုက်နာကြသည့် စည်းမျဉ်း တစ်ခု ရှိ၏။ ထိုအရာက အင်ပါယာ မျိုးနွယ်ကို မစော်ကားရ၊ မခြိမ်းခြောက်ရ ဟူ၍ပင်။

ယခုတွင်တော့ ဝေ့ဝူယင်မှာ ထိုစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီ ဖြစ်သည်။ ဟွမ်ရီကောင်း၏ စကားလုံးများမှာ သူ့အပေါ် စော်ကားသလို ဖြစ်သွားသည့်တိုင် ယခုလို တုန့်ပြန်မှုမျိုးနှင့်တော့ ထိုက်တန်ခြင်း မရှိပါချေ။

လူတိုင်းထံမှ စူးစမ်းသည့် အကြည့်များကို ဧကရီ ခံစားလိုက်ရ၏။ အကယ်၍ ပုံမှန် အခြေအနေတွင် ဆိုပါက ဝေ့ဝူယင်ကို ဖမ်းဆီးရန် သူမ အမိန့်ပေးလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း... ယခုက ခြားနားပေသည်။ ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းနှင့် တိုက်ရိုက် ရင်ဆိုင်နေသည်။ သူ့ကို ဖမ်းဆီးလိုက်ခြင်းက အစစ်အမှန် မွေးဖွားခြင်းလက်မှ ကယ်တင်လိုက်ခြင်းလည်း မည်သည်။ ဝေ့ဝူယင်မှာ ၎င်းကို ရည်ရွယ်ချက် ရှိရှိ လုပ်လိုက်ခြင်းပင် ဖြစ်နိုင်သည်။

တစ်စုံတစ်ယောက်၏ ကစားကွက်ထဲမှ နယ်ရုပ် တစ်ရုပ် ဖြစ်ရမည့် အရေးကို ဧကရီ ငြင်းဆန်သည်။ ထို့ကြောင့်ပင် သူမ ဝေ့ဝူယင်၏ တိုက်ခိုက်မှုကို လျစ်လျူဖို့ ဆုံးဖြတ်လိုက်၏။ သူမ၏ အမူအရာက ဖြည်းညင်းစွာပင် ပြန်လည် တည်ငြိမ်သွား၏။ လှပမှု တင့်တယ်မှုနှင့် ထူးကဲလှသည့် ကျက်သရေတို့က သူမ၏ မျက်နှာထက်ဝယ် ပြန်လည် နေရာယူလာခဲ့သည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့... ဒီနေ့ ဒီအချိန်က စပြီး အင်ပါယာ ကလန်က ရှင်နဲ့ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း ကြားက ရန်ငြိုးထဲ ဝင်မပါတော့ဘူး”

“...”

လက်ကျန် အင်အားစုများ အားလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ ဝေ့ဝူယင်မှာ အင်ပါယာ မျိုးနွယ်၏ ပံ့ပိုးမှုကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သလို ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ချိပ်ပိတ် နေခဲ့ပြီ ဖြစ်သည်။ မြေကြီး ရှန့်ထို အဆင့် သုံးဆယ်က ပတ်ပတ်လည်တွင် ဝန်းရံနေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ ဝေ့ဝူယင်ကို မည်ကဲ့သို့ ဆက်လက် ပံ့ပိုးရဲ‌တော့မည်နည်း။ အင်အားစုများစွာမှာ ရှေ့ဆင့်နောက်ဆင့်ပင် နောက်ဆုတ်ကြောင်း ကြေညာ လိုက်ကြ၏။

***

All Chapters