နောက်ပြန် ရေတွက်ခြင်း (၂)
Vol. 91 Ch. 1265
“ဆယ့်လေး စက္ကန့်...”
ခေါင်းဆောင် မြေကြီး ရှန့်ထိုမှာ စက္ကန့်များကို ဆက်လက်၍ နောက်ပြန် ရေတွက်နေခဲ့၏။ သူ့ မျက်လုံးများထဲ၌ အူမြူးမှု တစ်ခုက နေရာယူနေသည်။
အင်ပါယာ မျိုးနွယ်သာ ဝင်ရောက် နှောက်ယှက်ခဲ့ပါက ထိုအရာက အနည်းငယ် ခက်ခဲနိုင်ပေသည်။ သို့သော်လည်း... ယခုတွင်တော့ သူတို့ ဘာကိုမှ စိုးရိမ်စရာ မလိုတော့ပါချေ။
ဝူယုနှင့် နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုတို့ အချိန်မှီ ရောက်လာနိုင်ဖို့လား...။
သူတို့၏ အာကာသ ချိပ်ပိတ်မှုမှာ အလွန်ပင် သိပ်သည်းပေသည်။ ၎င်းက မြေကြီး ရှန့်ထို အဆင့်များ အတွက်ပင် လွယ်လွယ်ကူကူ ထိုးဖောက်နိုင်သည့် အတားအဆီး မဟုတ်ချေ။ ထိုးဖောက်နိုင်တော့ရော ဘာအရေးနည်း။ သူတို့ဘက်မှ မြေကြီး ရှန့်ထိုများကို စေလွှတ်ကာ အချိန်ဆွဲထားနိုင်ဆဲ ဖြစ်သည်။
သို့စေကာမူ... ဝေ့ဝူယင်ကို ကြည့်ရင်း အနည်းငယ် ထူးဆန်းသလို သူ ခံစားရသည်။ လူငယ်၏ အမူအရာက လက်ရှိ အခြေအနေကို လုံးလုံးလျားလျား မလေးမထားဟန် ရလေသည်။ သူက ပြန်လည် တိုက်ခိုက်ဖို့ပင် အဆင်သင့် ဖြစ်နေပုံ ရ၏။
မျက်နှာဖုံးတပ် ညှိနှိုင်းသူမှာ ထိုဖြစ်စဉ် တစ်ခုလုံးကို အကာအကွယ် အစီအရင် အတွင်းမှ ကြည့်နေခဲ့၏။ သူက လက်သီးကို တင်းတင်းဆုပ်ထားရာ လက်သားများပင် လက်ဖဝါး အတွင်း ဖောက်ဝင် နေခဲ့သည်။ သွေးများက တစ်စက်ပြီး တစ်စက် ယိုစီးကျနေခဲ့၏။ ဝေ့ဝူယင်ကို ကြည့်ရင်း တစ်ခုခုက မူမမှန်နေသလို သူ ဆိုးဆိုးရွားရွားပင် ခံစားနေရသည်။
“နေဦး...”
ရုတ်တရက် မျက်နှာဖုံးတပ် ညှိနှိုင်းသူမှာ တစ်စုံတစ်ရာကို သတိပြုမိလိုက်၏။ ဝေ့ဝူယင်မှ အမှောင် ဟင်းလင်းပြင် အတွင်း မည်သည့် စွမ်းအင် အကာအကွယ်ကိုမှ ထုတ်ဖော်ခြင်း မပြုပဲ ရပ်နေခြင်း ဖြစ်သည်။ ၎င်းက... သေမျိုးများ လုပ်နိုင်သည့် စွမ်းရည် မဟုတ်ချေ။ ထို့အပြင်... သူက အမှောင် ဟင်းလင်းပြင် အတွင်း၌ ရပ်ရုံမျှ ရပ်နေခြင်း မဟုတ်ချေ။ မန်နာများကို ထိန်းချုပ်ကာ ပျံသန်းနေခြင်း ဖြစ်သည်။
အပျက်အစီး မန်နာများမှာ အလွန် ထိန်းချုပ်ရန် ခက်ခဲလှသည်။ မန်နာ အမျိုးအစား ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထိုများသာလျှင် မည်သည့် စွမ်းအင်ကိုမှ မသုံးပဲ အမှောင် ဟင်းလင်းပြင် အတွင်း လွတ်လပ်စွာ ပျံသန်း နိုင်ကြသည်။ ထိုရှာဖွေ တွေ့ရှိမှုက မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ ခန္ဓာကိုယ်ကို တုန်ရီ သွားစေခဲ့၏။ ဝေ့ဝူယင်က အမှန်တကယ် သေမျိုးတစ်ယောက် ဟုတ်ပါ၏လော။
ဟူး... ဟူး...
ဝေ့ဝူယင် ကြည့်နေစဉ်မှာပင် ကောင်းကင် ဖျက်ဆီးသူ ဦးဆောင်သည့် ဟင်းလင်းပြင် သင်္ဘောများမှာ နောက်သို့ ဆုတ်သွားကြပြီ ဖြစ်သည်။ အနည်းငယ်သော သင်္ဘောများသာလျှင် မူလ နေရာ၌ ရပ်ကျန်ခဲ့၏။
“ဆယ့်တစ်...”
တွယ်ရာမဲ့ နှလုံးသား ဂိုဏ်း၏ ဦးဆောင် မြေကြီး ရှန့်ထိုက မထွက်ခွာသေးပဲ ရပ်နေသည့် လူများကို လှမ်းကြည့်လိုက်သည်။ သူတို့က အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ ဟုန်ယန်လျှို့လန်၊ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၊ အကန့်အသတ်မဲ့ သိုင်းဂိုဏ်းနှင့် နိုဘယ်ကလန် တစ်ချို့ ဖြစ်ပေသည်။
ဟုန်ယန်လျှို့လန်မှာ တစ်ဦးတည်း တည်ရှိနေကာ မြေကြီး ရှန့်ထိုများ၏ ဝိညာဉ် အော်ရာ ပိတ်ဆို့မှု အစွန်းနားတွင် ပျံဝဲ နေခဲ့သည်။ သူ၏ လျှို့ဝှက်အော်ရာများမှာ အရှိန် တညီးညီး တောက်ပနေကာ အမှောင်ထုကို တိုက်ဖျက် နေ၏။
မည်ကဲ့သို့သော အတားအဆီးကိုမှ ချမှတ် မထားသည့်တိုင် မြေကြီး ရှန့်ထိုများ၏ စုပေါင်း အော်ရာများမှာ ဝေ့ဝူယင်နှင့် ဟင်းလင်းပြင် သင်္ဘောများကို ခြားနားထားသည့် သီးခြား နယ်မြေ တစ်ခု တည်ဆောက်ထားသည်။
မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေ၊ အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ ဟင်းလင်းပြင် သင်္ဘောမှာ ကာဒီနယ်ဆောင်း၏ အမိန့်နှင့် အတူ အစောကြီးကတည်းကပင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သင်္ဘောဦးတွင်တော့ ကာဒီနယ်ဆောင်း၏ မျက်လုံးများက မီးတဝင်းဝင်း တောက်လောင်နေကာ အမိန့်ဖီဆန်ခဲ့သည့် ဟုန်ယန်လျှို့လန်ကို လှမ်း ကြည့်နေခဲ့သည်။
အခြားတစ်ဖက်တွင်တော့ အကန့်အသတ်မဲ့ သိုင်းဂိုဏ်းကြီး၏ ဟင်းလင်းပြင် သင်္ဘော ဖြစ်သော အတိုင်းအဆမဲ့မှာ တိုက်ပွဲနယ်မြေ၏ နယ်နိမိတ် အဆုံးနားတွင် ရပ်နေခဲ့သည်။
“နင့်ရဲ့ လင်လေးက တကယ့်ကို ပြဿနာအိုးပဲ”
မိန်းမငယ်လေး တစ်ယောက်၏ သက်ပြင်းချသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာ၏။ တရှန်းမှာ သင်္ဘာ ကုန်းပတ်ပေါ်တွင် ဆက်လက် တည်ရှိနေခဲ့သည်။ အကန့်အသတ်မဲ့သိုင်းဂိုဏ်း၏ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် အတူ သူမ၏ မျက်လုံးများက အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။ လောင်းကြေးက အလျော်အစား ကြီးသည့်တိုင် သူတို့ အားလုံးမှာ သေသည် တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေကြပုံ ရသည်။
ဝေ့ဝူယင်မှာ အနှိုင်းအဆမဲ့ထက်မှ တရှန်းကို လှမ်းမြင်လိုက်ရ၏။ သူ သူမကို ဖြူရော်စွာပင် ပြုံးပြလိုက်သည်။ မိန်းကလေးမှာ အနည်းငယ် အရပ်ပိုရှည်လာသလို ပို၍ လှပလာကြောင်း သူ သတိထားမိလိုက်သည်။
“တရှန်းက တိုက်တန်တစ်ကောင်နဲ့ ပိုတူလာတယ်”
ဝေ့ဝူယင် တရှန်းကို စစ်မြေပြင်တွင် တွေ့မြင်ခဲ့ရသည့် ကျိဖူနှင့် နှိုင်းယှဉ်ကာ တွေးလိုက်မိ၏။ ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာပင် ဆက်လက် ရွေ့လျားသွားကာ အခြား ဟင်းလင်းပြင် သင်္ဘောများထံသို့ ရောက်ရှိသွားသည်။
“ဟမ်...”
အားလုံးထဲ၌ ဝေ့ဝူယင်ကို အံအားသင့်သွားစေသည်က ထန်မျိုးနွယ်ပင် ဖြစ်သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် ဖြစ်သည့် သွေးမီးတောက်၏ ဦးဆောင်မှုနှင့် အတူ သူတို့မှာ “အနှိုင်းအဆမဲ့” ၏ နံဘေးတွင် ပျံဝဲ နေကြသည်။
"တလွဲ မတွေးနဲ့... ငါတို့က နင့်ကို ကူညီဖို့ ဒီမှာ ကျန်ခဲ့တာ မဟုတ်ဘူး... မီးဖီးနစ်ရဲ့ သွေးက ထန်မျိုးနွယ် အတွက် အရမ်း အဖိုးတန်တယ်... သူများတွေ ယူသွားတာ ခွင့်မပြုနိုင်ဘူး”
သွေးမီးတောက်က ပြောလိုက်ရင်း ဧကရီ ရှောင်ချွမ်းကို တောင်းပန်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ ဧကရီ၏ မျက်လုံးများက လင်းလက်သွားကာ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ ဦးဆောင် မြေကြီး ရှန့်ထိုကို လှမ်းကြည့် လိုက်၏။
“ကျုပ်တို့ဘက်က အင်ပါယာ မျိုးနွယ်ကို မီးဖီးနစ်ရဲ့ သွေးအမတေ တစ်ချို့ ပေးဖို့ ဆန္ဒရှိပါတယ်”
မြေကြီး ရှန့်ထိုက ဆိုလိုက်၏။ ဧကရီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေရာ ထန်မျိုးနွယ်၏ ဟင်းလင်းပြင် သင်္ဘောမှာ နောက်သို့ ကြမ်းတမ်း ခက်ထန်စွာ ဆွဲယူ ခံလိုက်ရလေ၏။ ထိုအရာက မြေကြီးရှန့်ထို တစ်ယောက်၏ စွမ်းအားပင် ဖြစ်လေသည်။
ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကတော့ နယ်မြေ အစပ်နားတွင်ပင် တိတ်တဆိတ် ပျံဝဲ နေခဲ့သည်။ သူတို့က မြေကြီး ရှန့်ထို အော်ရာ နှစ်ခုကို ထုတ်လွှတ်နေ၏။
နောက်ထပ် ဟင်းလင်းပြင် သင်္ဘောများကတော့ မြေကြီး ရှန့်ထို မပါရှိသည့် အင်အားစုများပင် ဖြစ်သည်။ သူတို့ထဲ၌ နိုဘယ် ကလန် တစ်ချို့ ပါဝင်နေ၏။ မင်မျိုးနွယ်၊ ချန်းမျိုးနွယ်၊ ယုမျိုးနွယ်နှင့် ပင်းမျိုးနွယ်တို့ပင်။
မင်မျိုးနွယ်မှာ အလွန် လျှို့ဝှက်သည့် အင်အားစု တစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့မှာ ရောက်ရှိလာခဲ့သည်။ သူတို့ထံတွင် သေမျိုးတစ်ပိုင်း အရှင် အဆင့်နှင့် မြေကြီး ရှန့်ထို အဆင့်များ ပါမလာခဲ့ချေ။ သို့သော်လည်း... သူတို့က ဟင်းလင်းပြင် သင်္ဘောကို အပြည့်အဝပင် အသက်သွင်းထား၏။
ချန်းမျိုးနွယ်ကတော့ အကန့်အသတ်မဲ့သိုင်းဂိုဏ်းနှင့် ချိတ်ဆက်နေသည်။ ထို့ကြောင့်ပင် သူတို့ ထွက်ခွာလို့ မရနိုင်ပါချေ။
ယုမျိုးနွယ်မှာလည်း ရွှေရောင် အသက်နန်းတော်နှင့် နီးစပ်သည့် ဆက်ဆံရေးများ ရှိနေလေရာ ထွက်ခွာသွားခြင်း မပြုပါချေ။ သူတို့ထံတွင် မြေကြီး ရှန့်ထို မရှိလေရာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်သာ တက်ရောက် လာ၏။
ပင်းမျိုးနွယ်၏ သင်္ဘောမှာ စတင်ကာ ဟိန်းဟောက်လာ၏။ သို့သော်လည်း... သူတို့ ရပ်တည်ချက်ကို မကြေညာရသေးခင်မှာပင် ထျန်းမူယန်က ဝေ့ဝူယင်ကို တောင်းပန်ဟန် ကြည့်လိုက်ရင်း နောက်သို့ ပြန်လည် ဆွဲယူသွားသည်။ သူ၏ အချစ်ရဆုံး ဇနီးမှာ ပင်းမျိုးနွယ်မှ ဖြစ်သည်။ သူတို့ သေဆုံးသွားမည်ကို သူ ထိုင်ကြည့် မနေနိုင်ပါချေ။ ထို့အပြင် ပင်းမျိုးနွယ်၏ ဟင်းလင်းပြင် သင်္ဘောထက်၌ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ပင် မရှိချေ။ ထို့ကြောင့်ပင် သူတို့၏ ပါဝင်မှုက လုံးဝ အသုံးမဝင်ချေ။
“ရှစ်...”
ဝေ့ဝူယင်က ရယ်မောလိုက်ရင်း နားလည်ဟန် ခေါင်းညိတ် ပြလိုက်၏။ ထျန်းမူယန် အပါအဝင် တစ်ချို့လူများကို ဝေ့ဝူယင် အပြစ်မတင်ပါချေ။ သူတို့ထံတွင် မမြင်နိုင်သည့် လျှို့ဝှက် ကျိန်စာများ ရှိကြောင်း သူ သိရှိပြီး ဖြစ်ပေသည်။
“မလုံလောက်ဘူး...”
ထျန်းလင်းယုက အောက်နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်လိုက်မိ၏။ ဝေ့ဝူယင်ဘက်မှ မြေကြီး ရှန့်ထို လေးယောက်မှာ အခြေအနေကို ပြောင်းပြန်လှန်ဖို့ မလုံလောက်ပါချေ။ နိုဘယ်ကလန်များမှာလည်း အလွန်ပင် အားနည်းလှသည်။ အခြား အင်အားစုများ ဆိုလျှင် ပိုဆိုးသေးသည်။ ဟင်းလင်းပြင် သင်္ဘောများကိုသာ ဖယ်လိုက်ပါက သူတို့ထံတွင် သေမျိုးတစ်ပိုင်း အရှင် အဆင့် တိုက်ခိုက်ရေး စွမ်းအားပင် မရှိချေ။
“အဆင်ပြေသွားမှာပါ...”
ထျန်းမူယန်က လေးပင်သည့် လေသံဖြင့် ဆိုလိုက်၏။
“ခင်ဗျားတို့ နှစ်သိမ့် မနေနဲ့တော့... ဝေ့ဝူယင် အတွက် လွတ်လမ်း မရှိတော့ဘူး... မြေကြီး ရှန့်ထို အဆင့် အယောက် သုံးဆယ်ကို ဘယ်လိုသေမျိုးက ရင်ဆိုင်နိုင်မှာ မလို့လဲ”
ကုန်းရီက စိတ်မရှည်ဟန်ဖြင့် ဆိုလိုက်၏။ အသိစိတ် လွတ်နေသည့် ဟွမ်ရီကောင်းကို ပြန်လည် ကုသဖို့ ကြိုးပမ်းရင်း သူ၏ မျက်လုံးများက အနည်းငယ် သုန်မှုန်နေသည်။
"..."
ဧကရီ ရှောင်ချွမ်းမှာ စကားမပြောချေ။ သူမ၏ စိတ်နှလုံး အတွင်း၌ တစ်ခုခုက လွဲချော်နေသလို ခံစားနေရသည်။ သို့သော်လည်း... သူမ သေမျိုးတစ်ယောက်၏ ကစားကွက်ထဲမှ ပွန်းတစ်ကောင် မဖြစ်လိုချေ။ ထို့အပြင်... ဝေ့ဝူယင်မှာ ကျိန်စာမဲ့ ကပ်ဘေး တစ်ခု အနေဖြင့် ဆက်လက် ရှိနေသေးဆဲ ဖြစ်သည်။ သူ့ကို ဤနေရာတွင် အဆုံးသတ်ခွင့် ပြုလိုက်တာလည်း ကောင်းပေသည်။
ထျန်းမူယန်က အဝေးရှိ ဝေ့ဝူယင်၏ ပုံရိပ်ကို လက်ညိုးထိုးပြလိုက်သည်။
“သူ့ကိုကြည့်...”
သူတို့အားလုံး သက်တောင့်သက်သာ ရှိနေသည့် ဝေ့ဝူယင်ကို မြင်လိုက်ရ၏။ သူက အပြုံးတစ်ခုနှင့် အတူ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပုံ ရသည်။ မီးဖီးနစ်မှာ သူနှင့် အဝေးကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“သူ့ပုံစံက သေခါနီး ကြောက်နေတဲ့ သေမျိုး တစ်ယောက်နဲ့ တူလား... ဧကရီ... ကျုပ်တို့ အမှားလုပ်မိနေပြီလို့ ထင်တယ်... ဝေ့ဝူယင်က ကျုပ်တို့ကို စမ်းသပ်နေတာ”
“စမ်းသပ်နေတာ ဟုတ်လား...”
ကုန်းရီက မျက်မှောင်ကြုတ် လိုက်၏။ သူ၏ အမူအရာက အထင်သေးခြင်း၊ စက်ဆုပ်ခြင်းများနှင့် ပြည့်နှက် နေသည်။
“အင်ပါယာ မျိုးနွယ်ကို စမ်းသပ်ရအောင် ဝေ့ဝူယင်မှာ ဘာအခွင့်အရေး ရှိလဲ... စမ်းသပ်တယ် ထားဦး... ဘာဂရုစိုက်စရာ ရှိလဲ... ခင်ဗျားမှာ ဦးနှောက် မရှိတော့ဘူးလား... အင်ပါယာ ဧကရာဇ် မူယန်”
ထျန်းမူယန်က ဖြည်းညင်းစွာပင် ခေါင်းခါလိုက်၏။
“ဦးနှောက် မရှိတာက ကျုပ် မဟုတ်ဘူး... ခင်ဗျားလက်ထဲက လူပဲ... အဂ္ဂိရတ် အာဏာရှင်ဟွမ်က အတ္တ တစ်ခုတည်း အတွက်နဲ့ အင်ပါယာ မျိုးနွယ်ရဲ့ ဒုတိယမြောက် ထာဝရ ဧကရာဇ်ကြားက ဆက်ဆံရေးကို ဖျက်ဆီးပစ်ခဲ့တာ... ဒီလို အချိန်မျိုးမှာ ကျုပ်တို့ လုပ်သင့်တာက ဝေ့ဝူယင် ဘေးမှာ ရပ်ပြီး ရဲရဲရင့်ရင့် ကာကွယ်ပေးဖို့ပဲ... အဲဒီလို လုပ်ရပ်မျိုးနဲ့ဆိုရင် ဘာကျိန်စာမှ မလိုဘူး... သူက ကျုပ်တို့ဘက်တော်သား အလိုလို ဖြစ်လာမှာပဲ... ကုန်းရီ... မင်း စောင့်ကြည့်နေ... အဂ္ဂိရတ် အာဏာရှင်ဝေ့က လွယ်လွယ်နဲ့ သေသွားမယ့်လူ မဟုတ်ဘူး... အစစ်အမှန် မွေးဖွားခြင်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး”
ထျန်းမူယန်၏ လေသံက သေချာမှုများနှင့် ပြည့်နှက် နေခဲ့တော့၏။ မြေကြီးရှန့်ထို သုံးဆယ်၏ ဝန်းရံခံထားရသည့်တိုင် တည်ငြိမ်စွာ တုန့်ပြန်နေသည်ကို ကြည့်ခြင်းအားဖြင့် ဝေ့ဝူယင်မှာ အလွန်တရာ ယုံကြည်မှု ရှိနေတာ အလွန် ထင်ရှားသည်။ ထိုယုံကြည်မှုကြောင့်ပင် အားနည်းသည့် အဖွဲ့အစည်းများမှာ ဝေ့ဝူယင်ဘက်မှ အလောင်းအလား လုပ်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ဝေ့ဝူယင် အသက်ရှင်လျှင် သူတို့ အကြား၌ ခိုင်မာသည့် ဆက်ဆံရေးကောင်း တစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် သေလျှင် သူတို့အားလုံး သူနှင့် အတူ လိုက်သေပေလိမ့်မည်။
“...”
ဧကရီ၏ မျက်လုံးများက အနည်းငယ် မှောင်မည်းနေ၏။
“ဒါပေမဲ့ ဆုံးဖြတ်ပိုင်ခွင့်က အာဏာရှိတဲ့လူဆီမှာပဲ တည်တံ့နေတာ ဆိုတော့ ကျွန်မတို့ ဘာတတ်နိုင်မှာပဲ... ဒီနေရာမှာ ရပ်ပြီး သူများတွေ အခွင့်အရေး ရသွားတာကို စောင့်ကြည့်ဖို့ပဲ ကျန်တော့တာပေါ့”
ထျန်းလင်းယု အဝေးကို ငေးရင်း စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။ သူမ၏ စကားလုံးများက တစ်ဖက်လှည့်ဖြင့် ဧကရီကို ထိုးနှက် နေ၏။
“မင်းတို့ကောင်တွေ ရူးနေပြီ...”
ကုန်းရီက သက်ပြင်းတစ်ချက် ချလိုက်သည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဉ်တွင် အလွန် ထူးချွန်တာ သူ ဝန်ခံသည်။ သို့သော်လည်း... ထိုကလေးမှာ သေမျိုး တစ်ယောက်သာ ဖြစ်နေသေးသည်။ သေမျိုး တစ်ယောက်နှင့် ပတ်သက်၍ ထိုမျှ စိုးရိမ်နေခြင်းက ရူးကြောင်ကြောင်နိုင်လွန်းသည်ဟု သူ ခံစားရသည်။
ထျန်းမူယန်က မျက်လုံးများကို မှိတ်လိုက်၏။
“အဂ္ဂိရတ် အာဏာရှင်ဝေ့ နေရာမှာ ရပ်နေတဲ့လူက ထာဝရ ဧကရာဇ်လို့ပဲ မင်းတို့ မြင်ယောင် ကြည့်လိုက်... သူ့ရဲ့ အမူအရာ၊ သူ ပြောနေတဲ့ စကားလုံးတွေ၊ သူ့ မျက်လုံးတွေထဲက ယုံကြည်မှု... အဲဒီလိုဆိုရင်ရော ခင်ဗျားတို့ ဘယ်လို ထင်ကြလဲ”
“...”
လူတိုင်း တိတ်ဆိတ်သွားကြ၏။ ဧကရီ၏ မျက်လုံးများပင်လျှင် အနည်းငယ် မှေးစင်း သွားသည်။ ဝေ့ဝူယင် နေရာတွင် ထာဝရ ဧကရာဇ် ဆိုပါက သူတို့က ကျိန်းသေပင် သူ့ဘက်မှ အလောင်းအစား လုပ်နေလောက်ပြီ ဖြစ်သည်။ ထိုအရာက ငြင်းဆို၍ မရနိုင်သည့် အမှန်တရား ဖြစ်သည်။
“လေး...”
***