← Chapters

လမ်းဆုံ

Vol. 91 Ch. 1271

လမ်းဆုံ

Vol. 91 Ch. 1271

ကြယ်တာရာဖျက် ကပ်ဘေး

“...”

ထိုနာမည်အား ပြောလိုက်သည့် အခိုက်တွင်ပင် မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း မှီတင်း နေထိုင်ကြသည့် လူအားလုံးမှာ စိတ်ပျက် အားငယ်သည့် ခံစားချက်ကို ထူးဆန်းစွာပင် ခံစားလိုက်ရသည်။ ထိုနာမည်မှာ ပြောင်းလဲ၍ မရနိုင်သည့် ကောင်းကင်၏ အလိုတော်ကို သယ်ဆောင်ထားသလိုပင်။

ဝေ့ဝူယင် ကိုယ်တိုင်သည်လည်း ထိုခံစားချက်ကို ထပ်တူညီစွာပင် ခံစားလိုက်ရ၏။ ချက်ချင်းပင် သူ၏ အမှန်တရား မျက်လုံးများက တက်ကြွစွာပင် လှုပ်ရှားလာကာ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ လောက၏ လမ်းကြောင်းများကို ရှာဖွေ လိုက်သည်။ မကြာခင်မှာပင် ၎င်းမှာ ကြယ်တာရာ ဝါးမြိုသူ ထန်ဂူ ရောက်ရှိခဲ့တုန်းက ခံစားချက်နှင့် ဆင်တူကြောင်း ဝေ့ဝူယင် အတည်ပြု နိုင်လိုက်၏။

"..."

မိနစ်များက ဖြည်းညင်းစွာပင် ဖြတ်ကျော် သွားခဲ့သည်။ ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ်နားတွင်ပင် ဆက်လက် ရှိနေခဲ့၏။ လူငယ်၏ မျက်နှာက နက်မှောင်နေကာ အတွေးနက်သည့် အမူအရာတစ်ခုကို ဖော်ဆောင်ထားသည်။ တိတ်ဆိတ်နေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း အသံပိုင်ရှင်က အချိန်ကိုက်ပင် နောက်ထပ် စကားလုံးများကို ပြောလိုက်၏။

“အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေ ရောက်လာမယ် ဆိုတာကို သိပေမဲ့ ငါတို့ တာဝန်ကို ရပ်လိုက်လို့ မရဘူး... ဒီလှောင်အိမ်ထဲက လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ရှာရဦးမှာပဲ... ငါတို့ ကျင့်ကြံသူတွေရဲ့ တာဝန်က အသက်ရှင်ဖို့ပဲ... သေဖို့ မဟုတ်ဘူး... သေရင်တောင် အဓိပ္ပာယ် ရှိရှိပဲ သေရမယ်... လှောင်အိမ်ထဲမှာ သူတစ်ပါး စိတ်တိုင်းကျ အသတ်ခံရမယ့် ဘဝမျိုးနဲ့ မဟုတ်ဘူး”

အသံက ရေပြင်အလား တည်ငြိမ်၏။ သံမဏိ အလား ခိုင်မာ၏။ ယုံကြည်မှုနှင့် အမှန်တရားကို စွဲကိုင်ထား၏။ တစ်ချိန်တည်း၌ ညှိနှိုင်းလိုသည့် ဆန္ဒတစ်စုံကိုလည်း ဆုပ်ကိုင်ထားသယောင် ရှိသည်။

“ဒီကပ်‌ဘေးက ငါတို့ အားလုံးကို အဆုံးသတ် သွားလိမ့်မယ်... အကယ်၍...”

ကံမကောင်းစွာပင်...

“အကယ်၍ ငါတို့သာ မပူးပေါင်းခဲ့ရင်.... ချိပ်ပိတ် အစီအရင်ရဲ့ နောက်ဆုံး ချိတ်ဆက်ကို ရှာဖွေပြီး မဖျက်ဆီး နိုင်ခဲ့ရင်... လှောင်အိမ်ထဲက မထွက်နိုင်ခဲ့ရင်... ဟုတ်တယ် မလား”

ဝေ့ဝူယင်၏ မျက်လုံးများက ယုံကြည်မှုနှင့် တည်ငြိမ်မှုတို့ကို ပြန်လည် ရရှိလာကာ ကြားဖြတ် ပြောလိုက်သည်။

“ခင်ဗျား အဲဒီ ကပ်ဘေး အကြောင်းကို ဘယ်နေရာကနေ ကြားလာတာလဲ... ရွှေရောင် ဂိတ်တံခါး နန်းတော် မဟာ ပုရောဟိတ် ဆီကလား”

“ချိပ်ပိတ်နယ်မြေရဲ့ အတော်ဆုံး ကောင်းကင် ပုရာဟိတ်ဆီက... သူက ဘယ်တော့မှ မမှားဘူး”

အသံက တည်ငြိမ်ကာ ပြင်းထန်သည့် ယုံကြည်ချက်များနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင် အနည်းငယ် တိတ်ဆိတ်သွား၏။ အစစ်အမှန် မွေးဖွားခြင်းကို အလွန်တရာ အစွမ်းထက်လှသည့် ကောင်းကင် ပုရောဟိတ် တစ်ယောက်က နောက်ကွယ်မှ ပံ့ပိုးထားကြောင်း ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များမှ တစ်ဆင့် သူ သိရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ချိပ်ပိတ်နယ်မြေ၏ အတော်ဆုံး ကောင်းကင် ပုရောဟိတ် ဆိုသည့် စကားကို မျက်စိ စုံလုံးမှိတ် ယုံရလောက်အောင်တော့ သူ မအ‌သေးချေ။

“ဒါဆိုရင် တတိယ ချိပ်ဆက်က ဘယ်နေရာမှာ ရှိတဲ့ ခင်ဗျား သိလား”

ဝေ့ဝူယင် လက်နှစ်ဖက်ကို ပိုင်ရင်း မေးလိုက်၏။ အသံပိုင်ရှင်က မည်ကဲ့သို့မှ တုန့်ပြန်ခြင်း မပြုချေ။ သူ မသိသေးကြောင်း ထင်ရှားပေသည်။ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်၏။

“အဲဒီ ကြယ်တာရာဖျက် ကပ်ဘေးက ခင်ဗျားတို့ တတိယ ချိပ်ဆက်ကို ဖျက်ဆီးလိုက်တာနဲ့‌ရော တိုက်ရိုက် မသက်ဆိုင် နိုင်ဘူးလား”

"..."

“ကြည့်ရတာ ခင်ဗျားက သတင်း နှစ်ခုကို သီးခြားစီ ရခဲ့တာ ထင်တယ်... ဟုတ်တယ်မလား... ဘာပဲ ဖြစ်ဖြစ် အဓိပ္ပာယ်တော့ ရှိပါတယ်”

ဝေ့ဝူယင်မှာ ပွင့်ပွင့်လင်းလင်းပင် ကောက်ချက်ချနေခဲ့၏။ အကြောင်းပြချက်က ရှင်းပေသည်။ သူက ငါးမျှား နေခြင်းပင် ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်မှာ သူ လိုချင်သည့် အဖြေများကိုလည်း ရရှိနေခဲ့သည်။ ၎င်းတို့ တိုက်ရိုက် အဖြေများ မဟုတ်သည့်တိုင် သုံးသပ်ချက် အများအပြားကို ဝေ့ဝူယင် လုပ်နိုင်ခဲ့ပေသည်။

‘ငါက အကြောင်းရင်းပဲ...’

ထိုအရာက ဝေ့ဝူယင်၏ ယုံကြည်ချက် ဖြစ်သည်။ ထင်ရှားသည့် သက်သေ အထောက်အထားများက ထိုအချက်ကို ကျားကန်ထားသည်။ လောကလမ်းကြောင်းများနှင့် ကောင်းကင် တာအိုများ အပေါ် နားလည်မှု၊ အချိန်ကိုက် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများနှင့် ဘေးဒုက္ခများ အပေါ် ဆန်းစစ်ဝေဖန်မှုတို့မှာ ထိုသီအိုရီ တစ်ခုထဲ အဖြစ်သို့ ပေါင်းစည်းသွားသည်။

‘ငါ ဝိညာဉ် ဆင်းတု ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ပြီး သိပ်မကြာခင် လောကလမ်းကြောင်း အပြောင်းအလဲ ဖြစ်ခဲ့တယ်... ငါ ထုတ်လွှတ်ခဲ့တဲ့ အငွေ့အသက်က ထန်ဂူကို ဖိတ်ခေါ်သလို ဖြစ်စေခဲ့တယ်... ထန်ဂူ နီးကပ်လာတာနဲ့ အမျှ လောက လမ်းကြောင်းတွေက ပိုပြီး ထင်ရှားလာတယ်... ငါ သိတဲ့ အချိန်မှာ အဲဒီ ကပ်ဘေးကို တားဆီးဖို့က နောက်ကျနေပြီ... ဒါပေမဲ့ အဲဒီ ကပ်ဘေးကပဲ ငါ့အတွက် မခန့်မှန်းနိုင်တဲ့ ကံကောင်းခြင်းတွေကို ယူဆောင်လာခဲ့တယ်... ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ နေရာ တစ်ခုကို ရောက်စေခဲ့တယ်’

‘လောကအပေါ် ရှုမြင်ချက် အရ ဆိုရင် ဒီကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကလည်း ငါ့ကြောင့် ဖြစ်လာတာလို့ပဲ ယုံကြည်လို့ ရတယ်... ဒါပေမဲ့ ဘာလို့လဲ’

‘ငါ့ရဲ့ ခန်းမှန်းချက်သာ မှန်မယ် ဆိုရင် ကောင်းကင် တာအိုက ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးအတွက် အစီအစဉ်ဆွဲ နေလောက်ပြီ... လောကကတော့ ခြေတစ်လှမ်း နောက်ကျနေတယ်’

ဝေ့ဝူယင်၏ အတွေးများက သဘာဝ အတိုင်းပင် စီးဆင်း နေခဲ့သည်။ သူ့ အာရုံအတွင်း၌ သူနှင့် အလွန် ဆင်တူသည့် လောက ကိုယ်ပွားကို ပြန်လည် သတိရလိုက်မိ၏။ လောကသခင် အဆင့် ကြယ်တာရာ ကပ်ဘေးတွင် ဝေ့ဝူယင်မှာ ထိုကိုယ်ပွားနှင့် ရင်ဆိုင်ကာ အနိုင်ယူခဲ့သည်။

လောက ဆိုသည်မှာ အမှန်တရား မျက်လုံးဖြင့် ရှုမြင်ခဲ့ရသည့် ဆန်းကြယ်သော တည်ရှိမှု ဖြစ်နိုင်သည်။ ထိုဉာဏ်ရည်မြင့် တည်ရှိမှုများ၏ အစီအစဉ်နှင့် လုပ်နိုင်စွမ်း အပေါ် နားလည်မှုများ ပိုမို မြင့်မားလာခဲ့ပြီး နောက်တွင် ဝေ့ဝူယင်၏ ကောက်ချက်ချနိုင်စွမ်းများမှာလည်း ပိုမို တိုးလာခဲ့သည်။

သူ၏ သီအိုရီက တစ်ခုတည်းသော ဖြစ်နိုင်ချေကိုသာ ချန်ရစ်သည်။ ကောင်းကင်တာအို၏ အနာဂတ် ရည်မှန်းချက်က သူ့ထံ ချိပ်ပိတ်နယ်မြေ၏ အဆုံးသတ်ကို ယူဆောင်လာစေဖို့ ဖြစ်သည်။ ထိုအရာက မည်ကဲ့သို့မှန်း မသိသလို မည်သည့် အချိန်တွင် ဖြစ်လာမည်မှန်းလည်း သူ မသိချေ။

သို့သော်လည်း ကောင်းကင်တာအိုများမှာ ကောင်းမွန်သော ကံကြမ္မာ အတွက် လုံလောက်သည့် ကမ္မတန်ဖိုးများကို မဖြတ်‌တောက်ခင် လောကအတွင်း ရေစက်ကြိုးပေါင်းများစွာဖြင့် အလုပ်လုပ် နေခဲ့ပေလိမ့်မည်။ ထိုအရာက ဝေ့ဝူယင် အတွက် ကမ္မ ကံကောင်းခြင်း ဖြစ်ရပ်တစ်ခုကို ပထမဆုံး အကြိမ် အဖြစ် အချိန်မတိုင်ခင် ကြိုတင် ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု၌ သူက လမ်းဆုံတစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကြယ်တာရာဖျက် ကပ်ဘေးကို အဆုံးသတ် မည်လော။ သို့မဟုတ်... ၎င်းကို ဖြစ်စေမည်လော။

ပထမ ရွေးချယ်မှုက သူ၏ လက်ရှိ အစီအစဉ်များကို ဆက်လုပ် လုပ်ဆောင်ဖို့၊ အနာဂတ် အစီအစဉ်သစ်များ ဆွဲဖို့၊ လျှို့ဝှက်ချက်များကို ရှာဖွေဖို့၊ ထို့နောက်... ရှောင်လွှဲမရနိုင်သည့် အနာဂတ်ကို ပြင်ဆင်ဖို့ ဖြစ်ပေသည်။

ဒုတိယ ရွေးချယ်မှုကတော့ အရာရာကို ကောင်းကင်တာအို၏ သဘော ဆန္ဒ အတိုင်း ဖြစ်စေဖို့ ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် သူသည်လည်း ကမ္မ ကံကောင်းမှုများနှင့် အတူ အလွန်မြင့်မားလှသည့် အကျိုးအမြတ်များကို ရရှိလာမှာ ကျိန်းသေသည်။ ရင်ဆိုင်လာရနိုင်သည့် အပြောင်းအလဲများနှင့် အန္တရာယ်များကို ထည့်တွက်ရလျှင် အလားအလာအားဖြင့် ထိုရရှိမှုမှာ ကြယ်ကွင်းပြင် တစ်ခုလုံး၏ တန်ဖိုးထက်ပင် ကျော်လွန်သွားနိုင်ချေ ရှိသည်။

ဝေ့ဝူယင် အပြစ်သား တက်တူးကို ငေးကြည့် နေခဲ့မိ၏။ တတိယမြောက် ရွေးချယ်စရာ တစ်ခုလည်း ရှိနေပေသေးသည်။

၎င်းမှာ ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကို စတင်ခွင့်ပြုကာ ၎င်းထံမှ အကျိုးအမြတ်များကို ရယူဖို့ ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းကို ထာဝရ အဆုံးသတ်ကာ ချိပ်ပိတ်နယ်မြေကို ကယ်တင်ဖို့ ဖြစ်သည်။

သို့သော်လည်း... အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် အနေဖြင့် ထိုအခွင့်အရေးများကို ရယူဖို့ အလွန် အန္တရာယ်များမှန်း ဝေ့ဝူယင် နားလည်ပေသည်။ သူ ကာကွယ်လိုသည့် အရာများကို ကာကွယ်ရင်း တစ်ချိန်တည်း၌ အကျိုးအမြတ် အားလုံးကို သိမ်းပိုက်ဖို့က ယိုပေါက် တစ်ခုတစ်လေပင် မရှိသည့် ပြင်ဆင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးများ အပြင် အနှိုင်းမဲ့ ခွန်အားနှင့် အနာဂတ်ကို ကြိုတင် ခန့်မှန်းနိုင်သည့် စွမ်းရည်ကိုပါ လိုအပ်ပေသည်။ ၎င်းက အလွန်တရာ ပင်ပန်းမည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ပေလိမ့်မည်။

သူ ပိုမိုကာ အစွမ်းထက် လာသည်နှင့် အမျှ ကောင်းကင်တာအိုမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း သူ့အတွက် အကျိုးအမြတ် ဖြစ်ထွန်းမည့် ကမ္မ အခွင့်အလမ်းများကို ဖော်ဆောင်နိုင်မှု နည်းပါးလာသည်။ ထိုအကြောင်းကို ကောင်းကင်တာအို ကိုယ်တိုင် ရိပ်စားမိပေလိမ့်မည်။ ၎င်းမှာ အပြစ်သား တက်တူးနှင့် သူ၏ လျှို့ဝှက် စွမ်းအား တစ်ချို့ကို မမြင်နိုင်သည့်တိုင် သူ ထုတ်ဖော်ခဲ့သည့် ခွန်အားနှင့် ‘လောက’မှ မြင်နိုင်သည့် အရာများ ကတော့ သူ့ အမြင်အတွင်းမှာပင် ရှိနေပေသည်။

ဥပမာအားဖြင့် သူ၏ ဆက်စပ်မှု စစ်အလံ၊ မြေကြီး ရှန့်ထို တစ်သောင်း၊ အလွန်အမင်း များပြားလွန်းသည့် ပိုင်ဆိုင်မှုများကို ကောင်းကင်တာအိုမှာ ရှင်းလင်းစွာပင် သိသည်။ သူ၏ လုပ်ငန်းစဉ် အတိုင်း ဆိုလျှင် ကမ္မတန်ဖိုး အဆမတန် မြင့်တက်လာသည်နှင့် အမျှ ထိုအရာများထက် ပိုမို အဖိုးတန်သည့် ကမ္မ ကံကောင်းမှုတစ်ခုကို ဖန်တီးပေးဖို့ လိုသည်။

အလွှာကြားက လောကကို စေလွှတ်ခဲ့ပြီးနောက်... ဝေ့ဝူယင် ကောင်းကင်တာအိုထံမှ ကမ္မ ဖြတ်တောက်မှု ကြီးကြီးမားမား မရခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း ဝေ့ဝူယင် ဘဝအား ပြောင်းလဲစေနိုင်သည့် ရတနာသိုက်များ မရှိသလို၊ သူ့ကို ထိထိရောက်ရောက် လမ်းညွှန်ပေးနိုင်မည့် ကျင့်ကြံသူများလည်း မရှိပါချေ။

အတွေးအာရုံ အတွင်းမှ ရုန်းထွက်လိုက်သည်နှင့် အမျှ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ပြန်လည် ကြည်လင် သွား၏။ သူက ဒေါသဥဿုံ ကြယ်တာရာ နယ်မြေကို စိုက်ကြည့်လိုက်သည်။

“ခင်ဗျားတို့ရဲ့ တာဝန်ကို ရပ်တန့်ချင်သေးရဲ့လား လို့ ခင်ဗျား မေးခဲ့တယ် မလား... ကျုပ် အဖြေကို စဉ်းစားပြီးသွားပြီ”

“ဘာတွေပဲ ဖြစ်လာဖြစ်လာ... မင်း အသက်ရှင်ဖို့ အခွင့်အလမ်းက ငါတို့တွေထက် ပိုနည်းလိမ့်မယ် ဆိုတာ သိထားပါ”

အသံပိုင်ရှင်က ဝေ့ဝူယင်ကို သတိပေးလိုက်၏။ အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေ ဆင်းသက်လာမှုနှင့် ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး နှစ်ခုစလုံးမှာ ဝေ့ဝူယင်၏ အစီအစဉ်များကို ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ ပစ်နိုင်တာ ထင်ရှားပေသည်။ အလွှာကြားက လောကတွင် ဝေ့ဝူယင် မည်ကဲ့သို့ ထင်တိုင်းကြဲခဲ့သည်ကို ထောက်ချင့်ခြင်း အားဖြင့်... အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေမှာ သူ့ကို ကျိန်းသေပင် ချမ်းသာပေးလိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်၏။

“ခင်ဗျား မှားသွားပြီ... ချိပ်ပိတ် နယ်မြေမှာ ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာဖို့နဲ့ ဘုရင်တစ်ဆူလို နေဖို့ ကျုပ် အတွက် လွယ်လွယ်လေးပဲ... အဲဒီအခါ သူတို့တွေ ကိုယ်တိုင် ကျုပ်ဆီမှာ ခယကြရလိမ့်မယ်”

သူ၏ အသံက ပြင်းထန်သည့် ယုံကြည်ချက်များနှင့် ပြည့်နှက် နေသည်။

“...”

အသံပိုင်ရှင်မှာ စကားပြောဆိုခြင်း မပြုချေ။ သို့သော်လည်း... ဝိညာဉ် အော်ရာမှ တစ်ဆင့် သူ့ ခံစားချက်က ပြောင်းလဲသွားခဲ့ကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။

"ခု ခင်ဗျားရဲ့ မေးခွန်းကို ကျုပ် ဖြေမယ်... အကယ်၍ ကျုပ်သာ ခင်ဗျားကို အသုံးပြုနိုင်မယ်၊ ထိန်းချုပ်နိုင်မယ်၊ ခင်ဗျားဆီက အကျိုးအမြတ်တွေ ရနိုင်မယ် ဆိုရင် ကျုပ် ခင်ဗျားကို ဆက်ပြီး အသက်ရှင်ခွင့် ပြုနိုင်တယ်... ခင်ဗျား သွားချင်တဲ့ လမ်းကြောင်းကို ဆက်သွားနိုင်တယ်... အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ ကျုပ် ခင်ဗျားကို လိုက်ရှာပြီး သတ်မယ် ဆိုတာ သိထားပါ... နောက်ပြီး ခင်ဗျားတို့ရဲ့ တာဝန် ဆိုတဲ့ ကိစ္စကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ ကျုပ် အတွက် ခင်ဗျားကို မလိုဘူး”

ဝေ့ဝူယင်၏ လေသံက ‌အေးစက်နေ၏။

“အခု ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်... ဘယ်တစ်ခုကို ရွေးချင်လဲ ပြောပါ”

"..."

"..."

“ငါက မင်းကို ကြောက်မယ်လို့ ထင်နေတာလား...”

အသံက ရုတ်ချည်း ပြောင်းလဲသွားကာ ရန်လိုမှု အငွေ့အသက်များနှင့် ပြည့်နှက်လာ၏။ ၎င်း၏ ပျူငှာမှုများက အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ဟန် ရလေသည်။

ဂီး...

ပိုင်လင်က တိုက်ပွဲအတွက် အဆင်သင့် ပြင်လိုက်၏။ နိဗာန မီးတောက်များက သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ပြန်လည်၍ ဝန်းရံလာသည်။

“ဟုတ်လား... ခင်ဗျား စမ်းကြည့်ချင်တယ် ဆိုလည်း ကိစ္စ မရှိဘူး”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆိုလိုက်၏။ သို့သော်လည်း သူ၏ အသံက သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် အေးစက် နေခဲ့သည်။

အစစ်အမှန် မွေးဖွားခြင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ တည်ငြိမ်မှုကို အနှောက်အယှက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။ အခြားလူများ၏ အသက်များကို ဂရုမစိုက်လျှင်ပင် နေရာ အနှံ့ ပြန့်ကျဲနေသည့် သူ့လူများစွာ ရှိသည်။ တကယ်တမ်းအားဖြင့် အစစ်အမှန် မွေးဖွားခြင်း ထိန်းချုပ်ထားသည့် ငါးထောင့်ကြယ် နယ်မြေ အတွင်းတွင်ပင် သူ့ သူလျှိုများ ရှိပေသည်။ ထိုလူများ၏ အသက် အန္တရာယ် အတွက် ဝေ့ဝူယင် အစစ်အမှန် မွေးဖွားခြင်းကို ထင်တိုင်းကြဲခွင့် မပေးနိုင်တော့ချေ။

"..."

"..."

လက်ရှိ၌ ဝေ့ဝူယင်သာလျှင် မက အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ပါ လမ်းဆုံတစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

သူက အစစ်အမှန် မွေးဖွားခြင်းကို ဆက်လက် တည်တံ့စေမည်လော။ သို့မဟုတ်... ပျက်စီးခြင်းလမ်းစကို ရွေးချယ်မည်လော။

ထိုအရာက သူ ဉာဏ်ရှိရှိ ဆုံးဖြတ်ရမည့် ကိစ္စ ဖြစ်လေတော့သည်။

***

All Chapters