လမ်းညွှန်ချက်... တစ်ခုတည်းသော လမ်းကြောင်း
Vol. 91 Ch. 1272
ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ အတွင်းပိုင်း၌... အန္တရာယ် အများဆုံး ဇုန်ကြီး သုံးဇုန် အနက် တစ်ဇုန် အဖြစ် ကျော်ကြားသော ဖူရီယာဇုန် တည်ရှိလေသည်။ ၎င်းမှာ အပျက်အစီး နေကြယ် အမတေများနှင့် ပြည့်နှက် နေသည့် နေရာ တစ်ခု ဖြစ်ကာ လျှို့ဝှက် အာဏာရှင် အဆင့်များပင် ဝင်ရောက်ရန် လက်တွန့်ကြသည်။ ထိုဇုန်းကြီး အတွင်း၌ အစစ်အမှန် မွေးဖွားခြင်း ပိုင်ဆိုင်သည့် နောက်ဆုံး အရိပ်ဥ တစ်ဖြစ်လည်း အကြီးမားဆုံး အရိပ်ဥကြီး ရှိနေခဲ့ပေသည်။
အရိပ်ဥ၏ ဗဟို ထိန်းချုပ်ခန်း အတွင်းတွင်တော့ ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ပုံရိပ် တစ်ခုမှာ အရိပ်မှန် တစ်ခု ရှေ့တွင် ရပ်နေခဲ့သည်။ မှန်က ဘဲဥ ပုံသဏ္ဌာန် ရှိကာ မီးခိုးရောင် အငွေ့အသက်များနှင့် လွှမ်းခြုံနေ၏။ ကြေးမုံ မျက်နှာပြင်ထက်တွင်တော့ ခရမ်းရောင် ဝတ်စုံ ပုဂ္ဂိုလ်၏ ရောင်ပြန် ပုံရိပ် တစ်ခု ရှိနေခဲ့သည်။
ထိန်းချုပ်ခန်း အတွင်းရှိ လေထုမှာ မှုန်မှိုင်းကာ သိပ်သည်းနေ၏။ ခရမ်းရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်မှာ လျှို့ဝှက် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ ထိုစွမ်းအင်များ အတွင်းတွင် သေခြင်းတရား၏ အော်ရာ တစ်ခု ဖြစ်သော နက်ခရို စွမ်းအင် အငွေ့အသက် တစ်ချို့ ပါဝင်နေ၏။
“မင်း ဒီကိစ္စကို ဘာလို့ သတိမထားမိခဲ့ရတာလဲ...”
ခရမ်းရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်က စကားပြောလိုက်သည်။ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက ထိုအသံမှာ သူနှင့် ဆက်သွယ်နေသည့် အသံပင် ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။
ပိန်ပိန်သွယ်သွယ် လှပသော ကောက်ကြောင်းများနှင့် ရွှေရောင် ဝတ်စုံဝတ် ပုံရိပ် တစ်ခုမှာ ခရမ်းရောင် ဝတ်စုံဝတ်၏ နံဘေးတွင် ပေါ်လာခဲ့သည်။ သူမ၏ တည်ရှိမှုက အရိပ်လိုလို မပီပြင် ဝိုးတဝါး ရှိ၏။ ထိုအရာက ပုံရိပ်ယောင် တစ်ခုလိုပင်။
“ငါ နင့်ကို သတိပေးခဲ့တယ် မလား...”
“မဟာ စက်ဝန်း ကြယ်ကွင်းပြင်ထဲမှာ ရှိတဲ့ အရိပ်ဥ အားလုံးနဲ့ ငါ အဆက်အသွယ် ပြတ်သွားပြီ... နက်ခရို ရှန့်ထို တပ်ဖွဲ့ကိုလည်း ဆုံးရှုံးသွားပြီ... ငါ သူတို့ရဲ့ အဆောင်တွေကို အာရုံခံလို့ မရတော့ဘူး... သူတို့က သေသွားတာ ဖြစ်နိုင်သလို ငါ့ ဝိညာဉ် အာရုံ မထိုးဖောက်နိုင်တဲ့ သီးသန့် နယ်မြေ တစ်ခုမှာ အဖမ်းခံလိုက်ရတာလည်း ဖြစ်နိုင်တယ်... အဲဒါက မင်း သတိပေးခဲ့တဲ့ ရိုးရှင်းတဲ့ တိုက်ခိုက်မှု မဟုတ်ဘူး... ငါ့ရဲ့ အခြေခံ တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ တိုက်ခိုက်မှု... အခု အဲဒီ သေမျိုးက ငါ့ကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပြီ”
ခရမ်းရောင် ဝတ်စုံဝတ်၏ အသံက ဒေါသထွက်နေသည့်ဟန် မရချေ။ သို့သော်လည်း သူ၏ စကားလုံးများက မြင့်မြတ် ထည်ဝါကာ အလှမ်း မမှီနိုင်သည့် အရှိန်အဝါ တစ်ခုကို သယ်ဆောင်ထား၏။
“သူ သတ်နိုင်မယ်လို့ နင် ထင်နေတာလား...”
ရွှေရောင် ဝတ်စုံဝတ် အမျိုးသမီးက မေးခွန်းထုတ်လိုက်သည်။ သူမ၏ လေသံက ခရမ်းရောင် ဝတ်စုံဝတ်၏ တုန့်ပြန်မှုကို လုံးဝ အလေးမထားဟန် ရ၏။
"သူ မသတ်နိုင်ဘူးလို့ နင် အာမခံလား...”
ခရမ်းရောင် ဝတ်စုံဝတ်က တူညီသည့် မေးခွန်းဖြင့် တုန့်ပြန်လိုက်၏။ ရွှေရောင် ဝတ်စုံဝတ် အမျိုးသမီးမှာ တုန့်ပြန်ခြင်း မပြုချေ။ ခရမ်းရောင်က သက်ပြင်းတစ်ချက် ချလိုက်၏။
“ငါ အရူး မဟုတ်ဘူး... သူ့ဆီမှာ ချိပ်ပိတ်နယ်မြေရဲ့ အကန့်အသတ်ထက် ကျော်လွန်နေတဲ့ နည်းလမ်းတွေ ရှိတယ်... သူက အလွှာ အပြင်က လာတာလို့တောင် ငါ သံသယ ရှိတယ်... ငါ့ကိုတောင် မကြောက်ပဲ ခြိမ်းခြောက်ရဲတဲ့လူ... ငါပိုင်တဲ့ နယ်မြေထဲကို တစ်ယောက်တည်း ဝင်လာရဲတဲ့လူ... မြေကြီး ရှန့်ထို သုံးဆယ့် ရှစ်ယောက်ကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်တဲ့လူ... အဲဒီလို လူမျိုး ပြောတဲ့စကားကို ငါ မလျစ်လျူဝံ့ဘူး”
အတွေ့အကြုံရင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်မှာ အလွန် ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်ကြောင်း သူ ပြောနိုင်ပေသည်။ ထို့အပြင်... သူ၏ အကြောက်အလန့် ကင်းမဲ့မှု နောက်တွင် ယုံကြည်နိုင်လောက်သည့် ထောက်ပံ့မှု တစ်ခု ရှိနေနိုင်ပေသည်။
"တကယ်လို့ သူက ဟန်ဆောင်နေတာ ဆိုရင်ရော...”
ရွှေရောင် ဝတ်စုံဝတ် အမျိုးသမီးက အနည်းငယ် ပြုံးလိုက်၏။ ဝေ့ဝူယင်မှာ သူ့ထံတွင် အကြွင်းမဲ့ အားသာချက် ရှိကြောင်း ထင်ရှားစေဖို့ ထူးခြားသော နည်းလမ်းများကို အသုံးပြုနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“ဟန်ဆောင်တာ...”
ခရမ်းရောင် ဝတ်စုံဝတ်က အရိပ်မှန်ကို စိုက်ကြည့်လိုက်၏။ ဝေ့ဝူယင်ထံတွင် လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခု ရှိသည်။ ကြယ်တာရာ ဝိညာဉ် နှစ်ခု ရှိသည်။ ပြိုင်စံရှား အဂ္ဂိရတ် ပါရမီ ရှိသည်။ သို့တိုင်အောင် သူ့ အသက်က တစ်ရာပင် မပြည့်သေးချေ။ ထို့အပြင်... သူက သူတို့ကို အစကတည်းက ထောင့်နားကပ်နေသည့် ကြွက်တစ်ကောင်လို ကစားနေခဲ့ခြင်းသာ ဖြစ်သည်။
“တကယ်လို့ မင်းနဲ့ သူက ပူးပေါင်းနေတာ ဆိုရင်ရော...”
ခရမ်းရောင် ဝတ်စုံဝတ်က မဲ့ပြုံးပြုံးရင်း မေးလိုက်၏။ သူ၏ လျှို့ဝှက် အော်ရာက အခန်း အတွင်း ရိုက်ခတ် သွားလေရာ ရွှေရောင် ပုံရိပ်ယောင်ထက်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း... အမျိုးသမီးမှာ ထိုအရာကို လုံးဝ အမှုမထားဟန် ရသည်။
“သူသာ မဟာသူတော်စင်နဲ့ ပူးပေါင်းနိုင်ရင် နင်ရဲ့ ဆုံးရှုံးမှုတွေက ဒီလောက်နဲ့ ရပ်သွားလိမ့်မယ်လို့ ထင်နေတာလား...”
သူမက အကြောက်အလန့် ကင်းမဲ့စွာပင် အဖြေပေးလိုက်၏။
"မဟာ သူတော်စင်ကို မပြောဘူး... မင်းကိုပဲ ပြောတာ...”
ခရမ်းရောင်ဝတ် ပုံရိပ်က သူ့စကားကို ရှင်းလင်းလိုက်၏။ အမျိုးသမီးက ထူးမခြားနား အမူအရာဖြင့် ပခုံးတွန့် လိုက်သည်။ အကယ်၍ သူမသာ ဝေ့ဝူယင်နှင့် ပူးပေါင်းပါက ထိုအရာမှာ မဟာ သူတော်စင်၏ ဗျူဟာ အောက်တွင်သာ ဖြစ်ပေလိမ့်မည်။ ကွဲပြားခြားနားမှု မရှိပါချေ။
“နင့်ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ ငါ့ရဲ့ ဒီပုံရိပ်ယောင်ကို ဖျက်ဆီးပစ်ချင်တယ် ဆိုလည်း ကိစ္စ မရှိဘူး... အနည်းဆုံး တန်ဖိုးထက် အဆတစ်ထောင် ပိုတဲ့ လျော်ကြေးရရုံပေါ့”
"..."
ခရမ်းရောင် ဝတ်စုံဝတ်မှာ တိတ်ဆိတ်သွား၏။ သူက အရိပ်မှန်ကိုသာ ဆက်လက် ငေးကြည့် နေခဲ့သည်။ အချိန် အတန်ကြာပြီးနောက်မှ သူက နောက်တစ်ကြိမ် စကားပြောလိုက်၏။
“မဟာသူတော်စင်ရဲ့ သတင်းစကားက ဘာလဲ...”
ရွှေရောင် ဝတ်စုံဝတ် အမျိုးသမီး၏ အသံက ထုံးစံအတိုင်းပင် ခွန်အား၊ နွေးထွေးမှုနှင့် အမြန်နှုန်းတို့ ကင်းမဲ့ နေ၏။
“ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကို တွန်းလှန်ဖို့ ချိပ်ပိတ်နယ်မြေမှာ အစစ်အမှန် မွေးဖွားလာတဲ့ လူတွေ အတူတကွ ပူးပေါင်းရမယ်... အဲဒါပဲ”
ထို့နောက် သူမမှာ ပျောက်ကွယ်သွားခဲ့၏။ သက်တောင့်သက်သာ မရှိလှသည့် အုံ့စိုင်းစိုင်း ထိန်းချုပ်ခန်းထဲတွင် ခရမ်းရောင် ဝတ်စုံဝတ် တစ်ယောက်သာ ကျန်ရစ်ခဲ့ပေတေ့သည်။
“ဘယ်လောက် အသုံးမကျလိုက်သလဲ...”
သူက တံတွေးထွေးလိုက်၏။ ထိုမှာကြားချက်မှာ သူ့ကို လမ်းညွှန်မှု မပေးသလို သူ၏ လက်ရှိ အခြေအနေကို မည်ကဲ့သို့မှ ကူညီပေးနိုင်ခြင်းလည်း မရှိချေ။ ငွေရောင် မျက်လုံးများနှင့် သေမျိုးမိစ္ဆာမှာ သူ့ တံခါးဝတွင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ့ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် မဟာ သူတော်စင်ကို ကျိန်ဆဲ လိုက်မိ၏။
သူ ရွှေရောင် ဝတ်စုံဝတ် အမျိုးသမီး၏ စကားလုံးများကို ပြန်လည် စဉ်းစားလိုက်၏။ ဝေ့ဝူယင် ဟန်ဆောင်နေခြင်း ဖြစ်နိုင်သလော။ မည်သို့ပင် ဆိုစေ... ထိုအရာကို ဖြစ်နိုင်ချေ တစ်ခု အဖြစ် ထည့်သွင်း စဉ်းစားရမည် ဖြစ်ပေသည်။
...
ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ၏ အစွန်အဖျား တစ်နေရာ၌ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ထူးဆန်းသည့် နေရာ တစ်ခုကို လှမ်းကြည့်နေခဲ့သည်။ ၎င်းကတော့ ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ၏ အန္တရာယ် အများဆုံး ဇုန်သုံးဇုန် အနက် ဖူရီယာဇုန်ပင် ဖြစ်လေသည်။
ဖူရီယာဇုန်မှာ သန့်စင်ရန် အလွန်အမင်း ခက်ခဲလှသည့် အပျက်အစီး နေကြယ် အမတေများကို သိုလှောင် ထား၏။ ၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်ပြင်၏ အကြီးကျယ်ဆုံးသော ရတနာသိုက်များထဲမှ တစ်ခုလည်း ဖြစ်ပေသည်။ အပျက်အစီး နေကြယ် အမတေကို အဖိုးတန် ရင်းမြစ် တစ်ခု ဖြစ်သည့် ကြယ်တာရာ အမတေ အဖြစ် ပြောင်းလဲ ပစ်နိုင်ပေသည်။
သို့သော်လည်း... ၎င်းကို ရှာဖွေရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ ဖူရီယာဇုန် အတွင်း စွန့်စားသွားလာရင်း များစွာသော အသက်များမှာ နှစ်စဉ်နှစ်တိုင်း ဆုံးရှုံးနေသည်။ သို့ဖြစ်လေရာ အချို့သော ကျင့်ကြံသူများသာလျှင် ထိုနေရာကို ဝင်ရောက်ဖို့ သတ္တိရှိပေသည်။
“...”
အိုရီ မူလ ဥပဒေသ မျိုးစေ့ကို မွေးဖွား ပြီးချိန်မှ စ၍ စွမ်အင်များ အပေါ် ဝေ့ဝူယင်၏ အာရုံခံနိုင်စွမ်းမှာ အလွန်ပင် မြင့်မားလာခဲ့သည်။ ထို့ကြောင့်ပင် အရိပ်ဥ စွမ်းအင်များ၏ တည်နေရာကို သူ ချက်ချင်း အာရုံခံမိခဲ့သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြား ပုန်းကွယ်နေသည့် အရိပ်ဥများကို ခြေရာခံကာ တပ်ဖွဲ့များစေလွှတ်နိုင်ခဲ့ခြင်းမှာလည်း ထိုစွမ်းအင်ကြောင့်ပင် ဖြစ်သည်။
“နင် တိုက်သင့်တယ်...”
ကောင်းကင် စစ်ဝိညာဉ်က အကြံပြုလိုက်၏။ အကယ်၍ ဝေ့ဝူယင်သာ စစ်ဝိညာဉ် တစ်သောင်း ပါဝင်သည့် တပ်မဟာကို ဆင့်ခေါ် တိုက်ခိုက်ပါက လောကရှန့်ထို တစ်ယောက်ပင်လျှင် ခုခံနိုင်ဖို့ အခွင့်အရေး နည်းပါးပေသည်။
ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်မိသည်။ အကယ်၍ ထိုမျှသာ ရိုးရှင်းပါက သူ လုပ်ပြီးလောက်ပြီ ဖြစ်သည်။ မှန်၏။ သူ့ထံတွင် ဝှက်ဖဲများစွာ ရှိသည်။ ချိပ်ပိတ်နယ်မြေထက် ကျော်လွန်သည့် ဗဟုသုတများ ရှိသည်။ မြေကြီး ရှန့်ထို တစ်သောင်းကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း... အမှန်တရားက မြင်ရသလောက် မရိုးရှင်းချေ။
ဝေ့ဝူယင် ဟန်ဆောင်နေသလော။ မှား၏။ သူ အမှန်အတိုင်း ပြောခဲ့ခြင်းသာ ဖြစ်သည်။ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ကို သူ တွေ့အောင်ရှာကာ သတ်ပစ်နိုင်သည်။
သူ စိုးရိမ်သည့် တစ်ခုတည်းသော အရာက အရိပ်ဥကို ဖောက်ခွဲပစ်မှာ ဖြစ်သည်။ ဖူရီယာဇုန် အတွင်းရှိ အရိပ်ဥသာ ပေါက်ကွဲသွားပါက အပျက်အစီး နိုဗာထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ သူ ကိုယ်တိုင်မှာ ဟင်းလင်းပြင် ပေါ်တယ်ဖြင့် လွတ်မြောက်နိုင်သည့်တိုင် ငါးထောင့်ကြယ် တစ်ခုလုံးကတော့ ပြာအဖြစ် ပြောင်းလဲသွားရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ ရည်ရွယ်ချက်က အစစ်အမှန် မွေးဖွားခြင်းနှင့် သူသေ ကိုယ်သေ တိုက်ခိုက်ရန် မဟုတ်ချေ။ သူတို့ကို ဦးညွှတ်စေဖို့သာ ဖြစ်သည်။ ထို့အပြင်... အစစ်အမှန် မွေးဖွားခြင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုတည်းတွင်သာ အာရုံစိုက်သည်ဟု ထင်ရလောက်အောင် သူ မမိုက်မဲသေးချေ။ လက်ရှိ သူ သိမ်းပိုက်ထားသည့် အရိပ်ဥများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အရိပ်ဥများသာ ဖြစ်သည်။
သူတို့မှာ ထိပ်သီး အင်အားစုများစွာထဲ၌ ပုန်းကွယ် နေကြကာ အမှောင် ဟင်းလင်းပြင်ကို ဖြန့်ကျက်၍ တတိယမြောက် ချိပ်ဆက်ကို ရှာဖွေ နေကြသည်။ ထို့အပြင် သူတို့ထံ၌ အချိန်မရွေး ပြန်လည် ထူထောင်နိုင်သည့် ရင်းမြစ်များနှင့် လောကနယ်မြေများ ရှိနေမှာ ကျိန်းသေသည်။ ချိပ်ပိတ်နယ်မြေ အတွင်း နှစ်ပေါင်း သောင်းနှင့်ချီ ခြေကုပ်ရယူ ဖြန့်ကျက်ထားသည့် အဖွဲ့အစည်းကြီးကို ယခုလို ရိုးရှင်းစွာ နှိမ်နင်းနိုင်မည်ဟု တွေးနေပါက ထိုအရာက ရူးရာ ကျလိမ့်မည် ဖြစ်သည်။
ပိုမို၍ အရေးကြီးသည့် အရာက သူတို့မှာ ရည်မှန်းချက် တစ်ခု အတွက် တည်ရှိနေကြခြင်း ဖြစ်သည်။ ရည်မှန်းချက် ရှိသည့် အဖွဲ့အစည်း တစ်ခုမှာ ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက်သည်။ ခေါင်းဆောင်ကို သတ်ဖြတ်လိုက်ခြင်းဖြင့် သူတို့က ပြိုကွဲသွားလိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်မှာ ထိုအခြေအနေများကို ကောင်းကင် စစ်ဝိညာဉ်အား စိတ်ရှည်စွာပင် ရှင်းပြလိုက်၏။ နောက်ဆုံးတွင်တော့ ရွှေရောင်ဥကလေးမှာ လေသံ ပြောင်းလဲ သွားခဲ့တော့သည်။
“ငါ နားလည်ပြီ... ဒါဆို ငါတို့ အစီအစဉ်က ဘာလဲ”
သူမက စိတ်ဝင်တစား မေးလိုက်၏။
“စောင့်ကြတာပေါ့”
ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း ဆိုလိုက်လေ၏။