← Chapters

ထိန်းချုပ်ခြင်း

Vol. 91 Ch. 1274

ထိန်းချုပ်ခြင်း

Vol. 91 Ch. 1274

“ဆိုတော့ ဒါက ကောင်းကင် ဖျက်ဆီးသူပေါ့ ဟုတ်လား...”

အဖြူရောင်ဝတ်စုံဝတ် လူငယ် ပြောလိုက်သည့် စကားလုံးတိုင်းကို လူတိုင်းမှာ ရှင်းလင်းစွာပင် ကြားလိုက်ရ၏။ သူ၏ လေသံက အနုပညာ လက်ရာ တစ်ခုကို ကြည့်နေသလိုမျိုး ချီးကျူး ထောပနာ ပြုသည့် အငွေ့အသက်များနှင့် ရစ်သိုင်းနေသည်။

“အာကာသ တားမြစ်ခြင်း စွမ်းအင် မပါဘူး ဆိုပေမဲ့ သန့်စင် ခိုင်မာတဲ့ လေထု အလွှာတစ်ခုကိတော့ ဖန်တီးပေးထားတယ်... သုံးထားတဲ့ ပစ္စည်းတွေကလည်း လျှို့ဝှက် မြေကြီး အဆင့်တွေထဲမှာ ထိပ်တန်းလို့တောင် ပြောလို့ရတယ်... ဝင်္ကပါတွေ အားလုံးကလည်း တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားတယ်... ဂြိုဟ် အကာအကွယ် အစီအရင်တွေနဲ့တောင် သဘောတရားချင်း ဆင်တူတယ်... ဆိုးတာက ဟာကွက် နည်းနည်း ရှိနေတာပဲ... ရည်ရွယ်ချက် ရှိရှိ လုပ်ထားတာလား မသိပေမဲ့ ခိုးယူဖို့ အတွက် လုံလောက်တယ်... ဘာပဲ ဖြစ်ဖြစ် ကျုပ် သဘောကျတယ်”

“...”

အားလုံးမှာ ဆွံ့အစွာဖြင့် ကြည့်နေမိကြ၏။ ထို့နောက် သူက ဧကရီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုမိန်းမလှလေးမှာ အားလုံးထဲ၌ တည်ငြိမ်နေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။

“ကျုပ် ပြန်လာခဲ့မယ်...”

ထိုကဲ့သို့ ပြောပြီးနောက် အဖြူရောင် ဝတ်စုံဝတ် လူငယ်မှာ အားလုံး၏ ရှေ့မှောက်တွင်ပင် ဟင်းလင်းပြင် အတွင်း တိုးဝင်ကာ ပျောက်ကွယ် သွားခဲ့၏။ အမှောင် ဟင်းလင်းပြင် အတွင်း၌ လှိုင်းတွန့်ကလေး တစ်ခုပင် မကျန်ရစ်ပါချေ။ သူ မည်သည့် နေရာသို့ ရောက်ရှိသွားသည်ကို မြေကြီး ရှန့်ထို အဆင့်များပင် အာရုံခံနိုင်စွမ်း မရှိချေ။

"ဝေ့ဝူယင်...”

ကုန်းရီမှာ သတိပြန်ရလာကာ အော်ဟစ်လိုက်၏။ ဟွမ်ရီကောင်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ရီလာသည်။ သူက ဝေ့ဝူယင် ပျောက်ကွယ်သွားသည့် နေရာကို လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။

“သူ့ကိုဖမ်း...”

ကုန်းရီက အလွန် လျှင်မြန်စွာပင် လှုပ်ရှားလိုက်၏။ သူ ချက်ချင်းပင် ကောင်းကင် ဖျက်ဆီးသူထက်ရှိ ဝင်္ကပါများကို အသက်သွင်း လိုက်သည်။

"..."

သို့သော်လည်း မည်သည့် အရာမှ ဖြစ်မလာခဲ့ချေ။ ဝင်္ကပါ အားလုံးက သူနှင့် အချိတ်အဆက် ပြတ်လတ် နေသလိုပင်။ ကုန်းရီ နောက်တစ်ကြိမ် ကြိုးပမ်းလိုက်၏။

"..."

“မင်း ဘာစောင့်နေတာလဲ...”

ဟွမ်ရီကောင်းက ကုန်းရီကို အော်ဟစ် လိုက်သည်။

“သူ့နောက်ကို လိုက်လေ...”

ထိုအခိုက်၌ လူအိုကြီးမှာ အလွန်ပင် ခံစားချက် ပြင်းထန်လွန်းနေရကား ဘေးနား၌ ဧကရီ ရှိနေကြောင်းကိုပင် မေ့နေခဲ့ပြီ ဖြစ်သည်။

“ကျုပ် လိုက်လို့ မရဘူး...”

ကုန်းရီမှာ ကောင်းကင် ဖျက်ဆီးသူ အဓိက အစီအရင်ကိုသာ မက အခြား အရံ အစီအရင်များကိုပါ အသက်သွင်းဖို့ အကောင်းဆုံး ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... မည်သည့် တုန့်ပြန်မှုကိုမှ သူ မရခဲ့ချေ။ မသိပါက... ကောင်းကင်ဖျက်ဆီးသူမှာ စက်ယန္တရား ပျက်စီးသွားသည့် အခွံသက်သက်သာ ကျန်သော ယာဉ်တစ်စီးလိုပင်။

မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့်ပင် သူ ၎င်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။

“အသုံးမဝင်ဘူး...”

အချိန် အတန်ကြာ တိတ်ဆိတ်ပြီး နောက်၌ ဧကရီ ရှောင်ချွမ်းက ပထမဆုံး အကြိမ် စကားပြော လိုက်သည်။ အခြားလူများမှာ သူမကို လှည့်ကြည့်လိုက်ကြ၏။ ဧကရီက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဘယ်လို နည်းလမ်းနဲ့လဲ ဆိုတာ မသိပေမဲ့ သူက ကောင်းကင် ဖျက်ဆီးသူ အဓိက အစီအရင်ကို ထိန်းချုပ် သွားခဲ့ပြီ”

ထိုအခိုက်တွင်ပင် လေထုက တဖြည်းဖြည်း သိပ်သည်းလာကြောင်း သူတို့ ခံစားလိုက်ရ၏။ ကောင်းကင် ဖျက်ဆီးသူ၏ ပိတ်ဆို့ခြင်း ဝင်္ကပါက အသက်ဝင် နေခဲ့ပြီ ဖြစ်သည်။ ယခု၌ သူတို့ အားလုံး ကိုယ်ပိုင် သင်္ဘော အတွင်း၌ ပိတ်မိနေကြပြီ ဖြစ်သည်။ လွတ်မြောက်ချင်ပါက ကောင်းကင် ဖျက်ဆီးသူကို ပြန်လည် တိုက်ခိုက်ဖို့သာ ကျန်ရှိပေတော့သည်။ သို့သော်လည်း... ထိုအချိန်လောက် ဆိုလျှင် ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်းများမှာလည်း ရောက်ရှိလာလောက်ပြီ ဖြစ်သည်။

ထျန်းမူယန်၏ မျက်လုံးများက အပေါ်သို့ မော့ကြည့် လိုက်မိသည်။ ၎င်းတို့က ထူးဆန်းသည့် အလင်းရောင်တို့ဖြင့် တောက်ပနေ၏။

“အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ နည်းလမ်းတွေက တကယ့်ကို အံ့မခန်းပဲ”

သူ အသက်ခပ်ပြင်းပြင်း ရှူရင်း ‌ရေရွတ်လိုက်သည်။ သူ့ မျက်ဝန်းများထဲ၌ စိုးရိမ် ပူပန်မှု မရှိသလို ကြောက်ရွံ့မှုများလည်း မရှိပါချေ။ ထို့အစား... လေးစားမှုများကသာလျှင် နေရာယူနေ၏။

သို့သော်လည်း လင်းထျန်းယုကတော့ ဝေ့ဝူယင် ပျောက်ကွယ်သွားသည့် နေရာကိုသာ ဆက်လက် ငေးကြည့်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က လုံးဝ ပြောင်းလဲသွားသလို သူမ ခံစားနေရသည်။ သူမ၏ နှလုံးသားက အရှိန်အဟုန်နှင့် ခုန်လာခဲ့၏။ ယခင်ကလည်း သတိထားပြီး ဖြစ်သည့်တိုင် ဝေ့ဝူယင်မှာ တကယ့်ကိုပင် ခန့်ညား ချောမောလွန်းလှသည်။

“သူက... ဘယ်လိုလုပ်ပြီး...”

ဟွမ်ရီကောင်းမှာ သူ့ နားကိုသူ မယုံနိုင်အောင် ဖြစ်နေခဲ့၏။ မြေကြီး ရှန့်ထိုများ ရှိနေသည့် ကြားမှပင် သေမျိုး တစ်ယောက်က သင်္ဘောထက်သို့ တက်လာကာ ဝင်္ကပါများကို သိမ်းပိုက်သွားသည်လား။ ထိုအခိုက်၌ ဟွမ်ရီကောင်းမှာ သူ ကိုယ်တိုင်က သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်သည်ကို မေ့နေခဲ့သည်။

ကုန်းရီမှာ လက်လျှော့ခြင်း မရှိသေးချေ။ သူက လျှို့ဝှက် စွမ်းအင် ပမာဏ အမြောက်အများကို တစ်ပြိုင်နက်တည်း သုံးကာ အစီအရင်ကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်၏။

ဘုန်း... ဘုန်း... ဘုန်း...

ရုတ်တရက် ကောင်းကင် ဖျက်ဆီးသူထက်၌ ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ အားနည်းသူ များစွာမှာ သွေးမှုန်များ အဖြစ် ပေါက်ကွဲ သေဆုံး သွားကြသည်။

“ရပ်လိုက်တော့...”

လင်းထျန်းယုက အော်ဟစ်လိုက်ရင်း လျှို့ဝှက် စွမ်းအင်ကို အသုံးပြုကာ သေမျိုး အဆင့် သင်္ဘောသားများကို ကာကွယ်လိုက်သည်။ သူမက အချိန်မဆိုင်းပဲ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကို အသုံးပြုကာ သေဆုံးသွားသူများကို ပြန်လည် အသက်သွင်းလိုက်၏။ မြေကြီး ရှန့်ထို အဆင့် တစ်ယောက် အနေဖြင့် သေမျိုးများကို အသက်သွင်းဖို့ ကုန်ကျမှု အနည်းငယ်သာ လိုအပ်ပေသည်။

“ကောင်းကင် ဧကရာဇ်ကုန်း... တော်တော့”

ဧကရီက ကုန်းရီကို လှမ်းကြည့်ကာ အမိန့်ပေးလိုက်၏။ ဟွမ်ရီကောင်းမှာ စောဒကတက်ဖို့ ဟန်ပြင်လိုက်သော်လည်း ဧကရီ၏ စူးစူးရဲရဲ အကြည့်ကို တွေ့မြင်ပြီး နောက်တွင် ပြန်လည် တိတ်ဆိတ် သွားသည်။

ကုန်းရီက ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ထိန်းချုပ်ရေး အဆောင်ကို ပြန်လည် သိမ်းဆည်းလိုက်၏။ ‌ကောင်းကင် ဖျက်ဆီးသူ၏ ထိန်းချုပ်ရေးသမား တစ်ယောက် အနေဖြင့် မိမိ၏ မျက်လုံး ရှေ့မှောက်တွင်ပင် သေမျိုး တစ်ယောက်က အစီအရင်ကို လာရောက် လုယူ သွားခြင်းမှာ အလွန်ပင် ခံပြင်းစရာ ကောင်းလွန်း လှသည်။

“အိုး...”

ထိုအခိုက်တွင်ပင် အသံတစ်ခုမှာ သူတို့ အားလုံး၏ အထက်တွင် ပေါ်လာခဲ့၏။ အားလုံး၏ ခေါင်းများက အပေါ်သို့ မော့ကြည့်လိုက်ကြကာ ချောမော ခန့်ညားသည့် လူတစ်ဦးကို တွေ့မြင်လိုက်ရလေသည်။ သူက သင်္ဘော၏ အကာအကွယ် အစီအရင်ထက်တွင် တည်ငြိမ်စွာပင် ရပ်တည်နေ၏။

ထိုပုဂ္ဂိုလ်ကတော့ အခြားလူ မဟုတ်...။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း တစ်ဖြစ်လည်း ဝူယုပင် ဖြစ်လေတော့သည်။

“ဆိုတော့ ငါက ကလေးထိန်း ရမှာပေါ့... ဟုတ်လား... ကောင်းပါတယ်”

ဝူယုက သူ့လက်ထဲရှိ ကောင်းကင် ဖျက်ဆီးသူ အစီအရင် ထိန်းချုပ်ရေး အဆောင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ဝေ့ဝူယင်မှာ စောစောကလေးတင် သူ့အား ထိုအဆောင်နှင့် တာဝန်ကို လာပေးသွားခဲ့ခြင်း ဖြစ်သ်ည။

"ဘယ်လိုမျိုးလဲ...”

ဝူယု၏ လက်ထဲရှိ အဆောင်ကို ကြည့်ရင်း ကုန်းရီ၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။ ၎င်းမှာ သူ၏ ထိန်းချုပ်မှု အဆောင်နှင့် ကွဲပြားမှု မရှိသလောက် ဖြစ်သည်။ သို့သော်လည်း သင်္ကေတများကတော့ အနည်းငယ် ခြားနားသည်ကို သူ သတိပြုမိလိုက်၏။

"..."

ဧကရီ ‌ရှောင်ချွမ်းမှာ တည်ငြိမ်သည့် မျက်လုံးများနှင့် ဝူယုကို စိုက်ကြည့် နေခဲ့သည်။ သူမ၏အမူအရာက မည်သည့် အန္တရာယ်ကိုမှ အမှုမထားသည့်ဟန်ပင်။

“ဆွေးနွေးပွဲက မပြီးသေးဘူး... မင်းတို့ ခဏ စောင့်ကြဦး...”

ဝူယုက အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ အတွင်းကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ သူ၏ အမူအရာက ဝေ့ဝူယင် အတိုင်းပင် အပန်းဖြေထွက်လာသူ တစ်ယောက်လိုမျိုး သက်တောင့်သက်သာ ရှိနေခဲ့၏။

ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ အစပ်တွင်တော့...

သန့်စင်သည့် ကြယ်တာရာ အင်အားက ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်သို့ ပြန်လည် ဝင်ရောက် သွားခဲ့သည်။ လူငယ်၏ မျက်လုံးများက ဖြည်းညင်းစွာပင် ပွင့်လာခဲ့၏။ သူက ပိုင်လင်၏ ကျောထက်မှ တဒင်္ဂမျှပင် ထွက်ခွာသွားခဲ့ခြင်း မရှိသေးပါချေ။

“ဆိုတော့ ကျုပ်တို့ရဲ့ ကျိန်စာက...”

ဤသို့ဖြင့် ဝေ့ဝူယင်နှင့် အစစ်အမှန် မွေးဖွားခြင်းတို့မှာ သူတို့ အကြားရှိ သဘောတူညီချက်များကို မိနစ်ပေါင်း များစွာကြာ ဆွေးနွေးနေကြပြီ ဖြစ်လေတော့သည်။

***

All Chapters