မတည်ငြိမ်သည့် ကျင့်ကြံခြင်း
Vol. 91 Ch. 1268
“မဖြစ်နိုင်ဘူး...”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒါက လိမ်နေတာပဲ ဖြစ်မယ်...”
“ဟုတ်တယ်... ပုံရိပ်ယောင် တစ်ခုပဲ... သေချာတယ်”
တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် သေမျိုး များစွာမှာ အလင်း မျက်နှာပြင် အတွင်း ပြနေသည့် မြင်ကွင်းများကို ကြည့်ကာ လက်မခံနိုင်အောင် ဖြစ်နေကြ၏။
မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ အသက်ရှူသံများက မြန်ဆန်လာကာ ရင်ဘတ်မှာ ဖောင်းလိုက်ပိန်လိုက် ဖြစ်လာခဲ့သည်။ ထိုအခါတွင်မှ ကောက်ကြောင်းများက ပိုမို ထင်ရှားလာကာ အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်း ထုတ်ဖော် ပြသလာ၏။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ လူများကတော့ ထိုအချင်းအရာကိုပင် သတိထားမိခြင်း မရှိခဲ့ချေ။ သူတို့ အားလုံး၏ မျက်လုံးများမှာ အနီးအနားရှိ အရိပ်ဥ အပေါ်တွင်သာ ကျရောက် နေခဲ့သည်။
“လေလွင့် ကျင့်ကြံသူတွေ...”
မျက်နှာဖုံးတပ် ညှိနှိုင်းသူက ရေရွတ်လိုက်၏။ လတ်တလော အစီရင်ခံစာများထဲ၌ ဝေ့ဝူယင်မှာ ဂိုဏ်းအဖွဲ့ မရှိသူများ၊ မိစ္ဆာ ကျင့်ကြံသူများ၊ ဟင်းလင်းပြင် ဓားပြများနှင့် ရတနာ မုဆိုးများ အပါအဝင် လေလွင့် ကျင့်ကြံသူများကို လိုက်လံ ရှာဖွေ စုဆောင်း နေကြောင်း သူမ ကြားသိခဲ့ရသည်။
လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း၌ ဝေ့ဝူယင်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အခန်း ကဏ္ဍများတွင် တိုက်ရိုက် ပါဝင်မှု မရှိသလောက် ဖြစ်သည်။ သို့ဖြစ်လေရာ... အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို ဖွဲ့စည်းပြီး နောက်... ဖြစ်ပေါ်လာခဲ့သည့် ထိုလှုပ်ရှားမှုက လမ်းပြမီးအိမ် တစ်ခုလို ထင်ရှားခဲ့သည်။ ထိုအချက် တစ်ခုတည်းဖြင့်ပင် လူငယ်မှာ အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ဖို့ ရည်ရွယ်နေကြောင်း သူတို့ မှတ်ချက် ချနိုင်ခဲ့သည်။
စစ်ပွဲ အတွက် သူတို့ ပြင်ဆင်ခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ မီးဖီးနစ်နှင့် တစ်ကိုယ်တော် ရောက်ရှိလာခဲ့လိမ့်မည်ဟုတော့ မျှော်လင့် မထားခဲ့ပါချေ။ မီးဖီးနစ်၏ တိုက်ခိုက်မှု အောက်တွင် သူတို့၏ တွယ်ရာမဲ့ နှလုံးသား အကာအကွယ် အစီအရင်မှာ ကြီးမားစွာ ထိခိုက်ခဲ့ရသည်။ နှစ်ပေါင်းထောင်ချီ အားထုတ်မှုများ၊ အစီအစဉ်များ၊ လူစွမ်းအားများ အပါအဝင် မရေမတွက်နိုင်သည့် ရင်းမြစ်များ ပျက်ဆီး ဆုံးရှုံးခဲ့ရသည်။
ထိခိုက်မှုများက ထိုနေရာတွင်ပင် မရပ်တန့်ခဲ့ချေ။ သူတို့၏ မြေကြီး ရှန့်ထို သုံးဆယ့်ရှစ်ယောက်မှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ရသည်။ အရိပ်ဥများမှလည်း သိမ်းပိုက်ခံလိုက်ရပြီ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူတို့ စဉ်းစား၍ပင် မရနိုင်တော့ချေ။
အလင်း မျက်နှာပြင် အတွင်းရှိ ပုံရိပ်များမှာ ဖမ်းဆီးခံလိုက်ရသည့် သို့မဟုတ်... အသတ်ခံလိုက်ရသည့် အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်များကို ဆက်လက်၍ ပြသနေခဲ့၏။
“ကြယ်တာရာ နယ်မြေထဲမှာ ရှိတဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေလည်း ပိတ်သွားပြီ ဆိုတာ အခုလောက်ဆို မင်းတို့ သိလောက်ရောပေါ့... အခု မင်းတို့ အားလုံး ကိုယ်တိုင် လုပ်ထားတဲ့ အချုပ်ခန်းထဲ ရောက်နေပြီလို့တောင် ဆိုနိုင်တယ်... လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး... မြေကြီး ရှန့်ထိုတွေလည်း မရှိတော့တဲ့ အတွက် အာကာသ ရွှေ့ပြောင်းမှုကို တားဖို့ဆိုတာ လွယ်လွယ်လေးပဲ... ဆိုတော့ ထွက်ပြေးဖို့ မကြိုးစားတာ မင်းတို့ အတွက် အကောင်းဆုံးပဲ”
"မင်းတို့ရဲ့ မြေကြီး ရှန့်ထိုတွေကတော့ အားလုံး အဖမ်းခံလိုက်ရပြီ ဆိုပါတော့လေ... မစိုးရိမ်ပါနဲ့... သူတို့ အသက်ရှင်နေတုန်းပါပဲ...”
ဝေ့ဝူယင်မှာ မျက်နှာဖုံးတပ် ညှိနှိုင်းသူကို စကားပြောနေသယောင် ထင်ရသည့်တိုင် သူ့ ငွေရောင် မျက်ဝန်းများ အတွင်းတွင် ထူးဆန်းသည့် အလှမ်းကွာမှု တစ်ခု ရှိနေခဲ့၏။ သူက မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ နောက်ရှိ လူကို စကားပြောနေသည့်ဟန် ရလေသည်။
“မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို သုံးပြီး ကျုပ်ကို အမိန့်နာခံအောင် ဖိအားပေးချင်တဲ့ ကြိုးပမ်းမှုကလည်း ကျရှုံးသွားပြီ... ဒါပေမဲ့ ကျိန်ဆိုရမယ် ဆိုရင်လည်း ကျုပ် အတွက် ဘာကိစ္စမှ မရှိပါဘူး”
ထို့နောက်တွင်တော့ ဝေ့ဝူယင်က နောက်ကို လှည့်ကာ အဝေးရှိ ဟင်းလင်းပြင် သင်္ဘော အုပ်စုကို လှမ်းကြည့် လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများမှာ ဧကရီ ရှောင်ချွမ်းကို လွယ်လွယ်ကူကူပင် ရှာတွေ့ သွား၏။ သူမက ထိုအုပ်စုအား ဦးဆောင်နေလေရာ သူ၏ နောက်ဆက်တွဲ စကားလုံးများက သူမကို ရည်ရွယ်ပေသည်။
“အခု ကျုပ် အဂ္ဂိရတ် ထုတ်ကုန် အသစ်တစ်ခုကို စမ်းသပ် တွေ့ရှိထားပြီးပြီ... အဲဒါက သေမျိုး ဝိညာဉ် ဝိညာဉ်ထဲမှ စွဲကပ်နေတယ် လျှို့ဝှက်ကျိန်စာကို ဖျက်ဆီးပေးနိုင်တယ်... ကျုပ်ရဲ့ ထုတ်ကုန်က ထာဝရ ဧကရာဇ် ထားခဲ့တဲ့ အံ့ဖွယ် ခုနစ်ပါးထဲက လျှို့ဝှက် ကျိန်စာ ပယ်ဖျက်ခြင်း ဆေးရည်လို လျှို့ဝှက် အာဏာရှင် အဆင့်တွေ အတွက် အသုံးမဝင်ဘူး ဆိုပေမဲ့ လက်ရှိကျုပ် အတွက်တော့ လုံလောက်တာထက် ပိုတယ်...”
“...”
အားလုံးမှာ ဆွံ့အသွားကြ၏။ လျှို့ဝှက် ကျိန်စာ ပယ်ဖျက်ခြင်း ဆေးရည်ကို မည်သူက မသိပဲ နေပါမည်နည်း။ ၎င်းမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ဟန်ချက်ညီမျှမှုကို တဒင်္ဂ အတွင်း ဖျက်ဆီးပစ်နိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် ဖြစ်ပေသည်။
ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်များ အတွင်း ထိုဆေးရည်အား အင်ပါယာ မျိုးနွယ်၏ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ဖော်စပ် အောင်မြင်သွားမှာ လူတိုင်း ကြောက်လန့်ခဲ့ကြခြင်း ဖြစ်သည်။ လျှို့ဝှက် ကျိန်စာ၏ ချည်နှောင်မှုမှ လွတ်မြောက်သွားခဲ့သည့် အဆုံးမဲ့ ကောင်းကင် အင်ပါယာမှာ အကန့်အသတ် ကပ်ဘေးများစွာကို ယူဆောင် လာနိုင်စွမ်း ရှိပေသည်။ ၎င်းမှာ ကျိန်စာမဲ့ ဝေ့ဝူယင် အဆပေါင်း ထောင်သောင်းချီ ပိုမို ကြောက်စရာ ကောင်းပေသည်။
"..."
ဧကရီ ရှောင်ချွမ်း၏ လှပသော မျက်ဝန်းများက မသိမသာ ကျဉ်းမြောင်းနေသည်။ ဝေ့ဝူယင် ထိုအရာကို အမှန်တကယ်ပဲ ပြောနေသလော၊ လိမ်လည် လှည့်စား ပြောနေသလော သူမ မခွဲခြားနိုင်ပါချေ။ သို့သော်လည်း လက်ရှိ အခြေအနေအတိုင်း ဆိုလျှင် သူ့ကို အတင်းအကြပ် ကျိန်စာဖြင့် ထိန်းချုပ်ဖို့ကတော့ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
လင်ယောက်ျား ဖြစ်သူ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ပိုင်ဆိုင်ထားသည့် ခွန်အား အကြောင်းကို ပြန်လည် စဉ်းစားလိုက်သော အခါတွင်မှ သူမ အနည်းငယ် တည်ငြိမ်သွားခဲ့၏။
ဝေ့ဝူယင်က အနည်းငယ် ပြုံးကာ သူမကို လျစ်လျူလိုက်၏။ ထို့နောက် သူက မျက်နှာဖုံးတပ် ညှိနှိုင်းသူထံ ပြန်လည် ကြည့်လိုက်သည်။ ထို့နောက် အပြုံးဖြင့်ပင် ဆိုလိုက်၏။
“ခင်ဗျား ဆက်ပြီး ပုန်းနေလို့ ရပါတယ်... ဒါပေမဲ့ ထွက်လာဖို့ ကျုပ် အကြံပေးချင်တယ်... ခင်ဗျား ထွက်မလာဘူး ဆိုရင် ကျုပ် အထဲဝင်လာပြီး ခင်ဗျားကို သတ်ရလိမ့်မယ်..."
“...”
ထိုအခါတွင်မှ တက်ရောက်လာကြသူများမှာ ဝေ့ဝူယင်က အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ကို စကားပြောနေခြင်း ဖြစ်ကြောင်း သဘောပေါက် သွားကြ၏။ သူက အမြဲတမ်း လျှို့ဝှက် နေတတ်သည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကာ သရုပ်မှန်ကို မည်သူမှ မသိကြချေ။
“...”
တိတ်ဆိတ်မှုက မိနစ်ပေါင်း များစွာတိုင် ဆက်လက် ဖြစ်ပေါ်နေခဲ့၏။ မည်သည့် တုန့်ပြန်မှုမှ ထွက်ပေါ်မလာသည်ကို တွေ့မြင်ပြီးနောက် ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကောင်းပဲီလေ...”
ဝေ့ဝူယင် ဟင်းလင်းပြင်ထဲမှ ငွေရောင် ကုဗတုံးကလေးကို ဆွဲထုတ်လိုက်ရင်း တပ်မဟာကို ဆင့်ခေါ်ဖို့ အဆင်သင့် ပြင်လိုက်သည်။ ကုဗတုံး အတွင်းရှိ တိုက်ပွဲမှာ အလွန် လျှင်မြန်စွာပင် အဆုံးသတ်သွားခဲ့ပြီး ဖြစ်သည်။ မြေကြီး ရှန့်ထို သုံးဆယ့် ခုနစ်ယောက်လုံး၏ ခန္ဓာကိုယ်များမှာ ဖျက်ဆီးခံခဲ့ရကာ သူတို့၏ လျှို့ဝှက် အမြုတေများမှာ ချိပ်ပိတ် ခံခဲ့ရ၏။
လက်တစ်ဆုပ်စာ ကုဗတုံးကလေး အတွင်းတွင် နေများ၊ ဂြိုဟ်များကို ထည့်သွင်းထားနိုင်သည့် နေရာကျယ်ကြီး တစ်ခုနှင့် မြေကြီး ရှန့်ထို တစ်သောင်း ရှိနေသည်ကိုသာ လူအများ သိပါက သူတို့အားလုံး ကျိန်းသေပင် အံ့အားသင့် သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းမှာ မြေကြီး ရှန့်ထို တစ်သောင်း စုပေါင်း၍ ဖန်တီးထားသည့် လောကနယ်မြေပင် ဖြစ်လေသည်။
‘တပ်မဟာကို ထုတ်ဖော်ပြီးရင် ငါ တစ်ချို့ အင်အားစုတွေကို ရှင်းလင်းရေး လုပ်ရမယ်... ဧကရီကို ဦးစားပေး အနေနဲ့ ဖမ်းရမယ်’
စစ်ဝိညာဉ် တစ်သောင်း ပါဝင်သည့် တပ်မဟာကို ထုတ်ဖော် လိုက်ခြင်းက မိမိ၏ အင်အားကို ကြေညာလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ သို့ဖြစ်လေရာ... လုပ်သင့်လုပ်ထိုင်သည့် ရှင်းလင်းရေးများကို တစ်ပါတည်း ပြုလုပ်ရန် ဝေ့ဝူယင် ဆုံးဖြတ်ထားသည်။
ထိုအခိုက်၌... အခြား ကျင့်ကြံသူများကတော့ ဝေ့ဝူယင်ထံတါင် လောကပုလဲ အခွံ ကဲ့သို့ ဟင်းလင်းပြင် ရတနာ တစ်ခု ရှိနေသည်ဟု ယူဆထားကြသည်။ သူက ထိုရတနာဖြင့် မြေကြီး ရှန့်ထိုများကို ဖမ်းလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... ထိုကဲ့သို့ ဖမ်းထားရန် အတွက် အချိန် ကန့်သတ်ချက် ရှိလိမ့်မည်ဟု သူတို့ ယူဆကြသည်။
အဘယ်ကြောင့်နည်း။ မြေကြီး ရှန့်ထိုများ၏ စွမ်းအားကြောင့်ပင်။ မြေကြီး ရှန့်ထို တစ်ယောက်ချင်းစီတိုင်းမှာ အလွန်ပင် အစွမ်းထက်လှကာ သူတို့ကို ထာဝရ ထိန်းသိမ်းထားဖို့ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ မြေကြီး ရှန့်ထို သုံးဆယ့် ရှစ်ယောက် ဆိုလျှင် ပိုပြီးတော့ပင် မဖြစ်နိုင်သေးသည်။
ဧကရီ ရှောင်ချွမ်း၏ နှလုံးသားက စတင်ကာ ခုန်လာခဲ့သည်။ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာမှ အန္တရာယ် အငွေ့အသက် တစ်ခုကို သူမ ခံစားနေရသည်။ သို့သော်လည်း ထိုခံစားချက်က မည်သည့် နေရာမှ လာသည်ကို သူမ ဆုံးဖြတ်နိုင်ခြင်း မရှိပါချေ။
ထျန်းမူယန်ကတော့ တည်ငြိမ်စွာပင် ရပ်နေခဲ့၏။ ဝေ့ဝူယင်မှာ ယနေ့တွင် အစစ်အမှန် မွေးဖွားခြင်းနှင့် အဆုံးစွန်ထိ စာရင်းရှင်းရန် ဆုံးဖြတ်ထားကြောင်း ထင်ရှားပေသည်။ ထို့အပြင်... သူက ဟွမ်ရီကောင်း၏ သေနေ့မှာ ယနေ့ဟု ပြောခဲ့လေရာ အင်ပါယာ မျိုးနွယ်နှင့်လည်း ပြဿနာ ဖြစ်လာနိုင်ချေ ရှိသည်။
သူ့ အမြင်အရ ဆိုလျှင်... ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်ထက်ပင် ပိုမို ကြောက်စရာ ကောင်းသူ ဖြစ်သည်။ နောက်ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် လူငယ်မှာ ထာဝရ ဧကရာဇ်၏ အောင်မြင်မှုများကို ကျော်လွန် သွားနိုင်ချေ ရှိသည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို စွန့်ပယ်ဖို့ ရွေးချယ်ခဲ့သည့် ဧကရီ၏ ဆုံးဖြတ်ချက်က အင်ပါယာ မျိုးနွယ် အတွက် အကြီးမားဆုံးသော ထိခိုက် ဆုံးရှုံးမှု တစ်ခု ဟုပင် သူ ခံစားလိုက်ရသည်။
အခြာတစ်ဖက်၌...
ဝေ့ဝူယင် တပ်မဟာကို ဆင့်ခေါ်ဖို့ ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လှိုင်းတစ်ခုမှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေထဲမှ ထွက်ပေါ်လာခဲ့သည်။ မင်းမှာ သေဆုံးခြင်း၊ သတ်ဖြတ်ခြင်း၊ ပေါက်ကွဲခြင်း၊ မြင့်မြတ်ခြင်း စသည့် အငွေ့အသက်များကို သယ်ဆောင်ထားကာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို လှုပ်ခါ သွားစေခဲ့သည်။
လျှို့ဝှက် အာဏာရှင် အဆင့်များစွာ၏ လျှို့ဝှက် ဝိညာဉ်များမှာ တီးခတ်နေသည့် ဗုံမျက်နှာပြင်ထက်မှ ဆန်စေ့ တစ်ခု အလား ပြင်းထန်စွာ တုန်ခါ လာခဲ့၏။
ထျန်းမူယန်၏ တည်ငြိမ်မှုများက ပျက်ရွင်းသွားကာ သူ့ မျက်လုံးများက ပြူးကျယ်သွားခဲ့၏။ ထိုကဲ့သို့ အော်ရာမျိုးကို မကြာသေးခင်ကပင် သူတို့ အားလုံးခံစားဖူးကြပေသည်။ ၎င်းက အပျက်အစီး နိုဗာ ဖြစ်ပွားချိန်တွင် ဖြစ်လေ၏။
ထိုအော်ရာမှာ အခြား မဟုတ်...။ ကြီးကျယ် မြင့်မြတ်လှသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ပင် ဖြစ်လေတော့သည်။
***