ဟွမ်ရီကောင်း၏ ဒေါသ
Vol. 91 Ch. 1273
မိနစ် အနည်းငယ် ကြာပြီးနောက်၌ ဝေ့ဝူယင်မှာ အသံကို နောက်တစ်ကြိမ် ပြန်လည် ကြားလိုက်ရ၏။ အသံက အရှုံးကို ဝန်ခံခြင်း မရှိသလို ရန်လိုသည့် တင်းမာခြင်းများလည်း မရှိတော့ချေ။ ထို့အစား သိမ်မွေ့သည့် အငွေ့အသက် တစ်ချို့ကိုသာ သယ်ဆောင်ထား၏။
“ကျိုးကြောင်းဆီလျော်မှု ရှိတဲ့ ကျိန်စာ တစ်ချို့ကိုတော့ ငါ သဘောတူနိုင်တယ်... ဒါပေမဲ့ အပြန်အလှန် အနေနဲ့ မင်းဘက်က တိုက်ခိုက်တာ ရပ်ဆိုင်းပေးရမယ်”
သူ၏ စကားလုံးများက ဝေ့ဝူယင်ကို အနည်းငယ် စိတ်သက်သာရာ ရသွားစေခဲ့သည်။ သို့သော်လည်း... နောက်ဆက်တွဲ စကားလုံးများက ဝေ့ဝူယင်၏ မျက်လုံးများကို ဝိညာဉ် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပသွားစေခဲ့လေ၏။
“ချိပ်ပိတ်နယ်မြေကို လှောင်အိမ်ထဲကနေ လွှတ်ပေးဖို့ ငါတို့ရဲ့ တာဝန်ကိုတော့ တားဆီးလို့ မရဘူး... အဲဒါက ငါတို့ရဲ့ ရည်ရွယ်ချက်ပဲ... ငါတို့ရဲ့ ဝတ္တရားနဲ့ ငါတို့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း ဆိုလည်း ဟုတ်တယ်... ဒါပေမဲ့ အခြေအနေ တစ်ခုကိုတော့ ငါ သဘောတူပေးနိုင်တယ်... အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေ ရောက်မလာခင် အချိန်အထိ အစစ်အမှန် မွေးဖွားခြင်းက နောက်ဆုံး ချိပ်ဆက်ကို မရှာဘူး... ဖျက်လည်း မဖျက်ဆီးဘူး”
"..."
ဝေ့ဝူယင် အတန်ကြာ တွေးတော နေခဲ့၏။ အစစ်အမှန် မွေးဖွားခြင်းက အဘယ်ကြောင့် နောက်ဆုံး အခြေအနေကို သဘောတူညီခဲ့ကြောင်း သူ သိပေသည်။ အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေမှာ ချိပ်ပိတ် နယ်မြေထဲကို ဆင်းသက်လာပြီး နောက်တွင် မတော်တဆ ထိခိုက် ပျက်စီးခြင်းများမှ ကာကွယ်နိုင်အောင် တတိယမြောက် ချိတ်ဆက်ကို ထုတ်ဖော် ပြသမည့် သဘော ရှိသည်။ သူတို့က ထိုနေရာကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်ဆောင်မည့် သဘော ရှိသည်။
သို့သော်လည်း... အမှန်တကယ် ကပ်ဘေး ဆင်းသက်လာလျှင်တော့ လွတ်မြောက်မှုကို ရှာဖွေရန် ကိုယ်တိုင်ဖျက်ဆီးပစ်ကောင်း ပစ်နိုင်ပေသည်။ ထိုအရာက မလွဲမသွေ ဖြစ်လာလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ကိုယ်တိုင် အတွက်ပင် တားဆီးဖို့ မသေချာချေ။
အဆုံးသတ်၌ ဝေ့ဝူယင်မှာ ထိုအခြေအနေများကို လက်ခံရုံသာ တတ်နိုင်တော့၏။ မကြာခင်တွင် အဆုံးမဲ့ ဟင်းလင်းပြင်မှာ ချိပ်ပိတ်နယ်မြေကို ဆင်းသက်လာမည် ဖြစ်လေရာ နောက်ထပ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပေသည်။ သူ့ထံတွင် ပြင်ဆင်စရာ များစွာ ကျန်ရှိနေပေသေးသည်။ ကြည့်ရသည်က နောက်ရာစုနှစ် တစ်ခုမှာ ချိပ်ပိတ်နယ်မြေ၏ သမိုင်းတစ်လျှောက် စိတ်အလှုပ်ရှားရဆုံး အချိန်ကာလများ ဖြစ်လာလိမ့်မည် ဖြစ်သည်။
...
ကောင်းကင်ဖျက်ဆီးသူထက်၌...
“ဘာတွေ ဖြစ်နေတယ်လို့ ထင်လဲ...”
ထျန်းလင်းယုက အစစ်အမှန် မွေးဖွားခြင်း ကြယ်ကွင်းပြင် အတွင်းကို လှမ်းမျှော်ကြည့်ရင်း ထျန်းမူယန်ကို မေးလိုက်၏။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့ တွယ်ရာမဲ့ နှလုံးသား အကာအကွယ် အစီအရင်ထဲကို ထိုးဖောက် ဝင်ရောက်သွားကာ နာရီဝက်ခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။ အစီအရင်မှာ ပြန်လည် ပိတ်သွားခဲ့ပြီ ဖြစ်ကာ တိုးဝင်လာသည့် ဝိညာဉ်အာရုံတိုင်းကို တားဆီးထားသည်။ အမြင်အာရုံ အစီအရင်များ ပင်လျှင် ၎င်းကို ထိုးဖောက်နိုင်ခြင်း မရှိပါချေ။
ကောင်းကင် ဖျက်ဆီးသူနှင့် အခြား ဟင်းလင်းပြင် သင်္ဘောများမှာ သူတို့၏ ဆုတ်ခွာမှုများကို အဆုံးသတ်ကာ ရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နာရီဝက်ကျော်ခန့်က ဖြစ်ပျက်သွားခဲ့သည့် အရာများမှာ ပဥ္စလက် ဆန်လွန်းလှသည်။ မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့်ပင် မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သည်ကို ထျန်းလင်းယု ဆန်းစစ်နိုင်ခဲ့ခြင်း မရှိပါချေ။
ထျန်းမူယန်၏ မျက်လုံးများမှာ အကာအကွယ် အစီအရင်ကိုသာ စိုက်ကြည့် နေခဲ့၏။ သူက ထျန်းလင်းယု၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေပါချေ။ ဟွမ်ရီကောင်း၊ ကုန်းရီတို့နှင့် အတူ ရပ်နေသည့် ဧကရီ ရှောင်ချွမ်းကိုသာ လှမ်ကြည့်လိုက်၏။ သူမ မည်သည့် အရာများ တွေးတောနေကြောင်း သူ မခန့်မှန်းနိုင်ပါချေ။
“အဲဒီ မြေကြီးရှန့်ထိုတွေ ဘာဖြစ်သွားတာလဲ သိပြီလား...”
ဟွမ်ရီကောင်းမှာ ထိုမေးခွန်းကို မတူကွဲပြားသည့် နည်းလမ်းပေါင်းစုံဖြင့် အကြိမ်ကြိမ် မေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကုန်းရီ၏ အဖြေက အကြိမ်တိုင်း အတူတူပင် ဖြစ်သည်။ မြေကြီးရှန့်ထိုများ၏ အော်ရာကို သူ လုံးဝ ခြေရာမခံနိုင်ပါချေ။
“ကျုပ် ဆက်ပြီး ရှာနေတုန်းပါပဲ... အရှင်ဟွမ်...”
အခြား ကောင်းကင် ဧကရာဇ်များ၊ အင်ပါယာ ဧကရာဇ်များနှင့် ခြားနားစွာပင် ကုန်းရီမှာ ဟွမ်ရီကောင်းကို အရှင်တပ်ခေါ်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေ... သူက ဟွမ်ရီကောင်း၏ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် မဟုတ်ပါလား။
ဟွမ်ရီကောင်း၏ စိတ်နှလုံးမှာ အလွန်အမင်း တင်းကြပ်နေ၏။ ယနေ့မှာ သူ့ သေနေ့ ဖြစ်လိမ့်မည်ဟု ဝေ့ဝူယင်က ခြိမ်းခြောက်ခဲ့သည်။ ထို့နောက်... သူက မြေကြီးရှန့်ထို သုံးဆယ့်ရှစ်ယောက်ကို လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်း တစ်ခုဖြင့် ရှင်းလင်းပစ်ခဲ့သည်။ ဟွမ်ရီကောင်း အံကို တင်းတင်းကြိတ်ကာ အစစ်အမှန် မွေးဖွားခြင်း၏ အသုံးမကျမှု အပေါ် စိတ်ထဲမှ ကျိန်စာတိုက်လိုက်မိ၏။ သူတို့က သေမျိုး တစ်ယောက်ကိုပင် အသုံးကျအောင် မကိုင်တွယ်နိုင်ကြချေ။
ဧကရီကတော့ အတားအဆီးကိုသာ စိတ်ရှည်စွာ စိုက်ကြည့် နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်က သက်တောင့်သက်သာ ရှိနေသည့်ပုံ ပေါ်ကာ မည်သည့် ရလဒ်မျိုးကိုမှ မကြောက်လန့်သည့်ပုံ ရသည်။
ထျန်းမူယန် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အင်ပါယာ မျိုးနွယ်မှာ အစစ်အမှန် မွေးဖွားခြင်းကို မကြောက်ချေ။ မှန်ပေသည်။ သို့သော်လည်း... သူတို့ အစစ်အမှန် မွေးဖွားခြင်းကို အဆင်ခြင်မဲ့စွာ ရင်မဆိုင်ရဲပါချေ။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ပြင်ဆင်ချိန် အနည်းငယ်ဖြင့်ပင် အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ခဲ့သည်။ အကြီးအကျယ် အထိနာစေခဲ့သည်။ အင်ပါယာ ကလန် အနေဖြင့်ပင် ထိုကဲ့သို့ စွမ်းဆောင်ရန်မှာ မလွယ်ကူသည့် ကိစ္စတစ်ခု ဖြစ်သည်။
“ငါ့ အထင် ပြောရမယ် ဆိုရင်...”
အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက်မှ ထျန်းမူယန်က ထျန်းလင်းယု၏ မေးခွန်းကို ပြန်ဖြေလိုက်၏။ သူ၏ အသံက နူးညံ့ကာ တည်ငြိမ်နေသည်။
“ဝေ့ဝူယင်နဲ့ အစစ်အမှန် မွေးဖွားခြင်းက ညှိနှိုင်းနေတာ ဖြစ်လိမ့်မယ်... စောစောက ထုတ်ဖော်ပြသခဲ့တဲ့ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် အရ ဆိုရင် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်က မင်းကြီးနဲ့ စွမ်းအား သိပ်ကွာမှာ မဟုတ်ဘူး”
“...”
ဧကရာဇ် ရှောင်ချွမ်းနှင့် ကုန်းရီတို့မှာ တိတ်ဆိတ်နေ၏။ ဟွမ်ရီကောင်း တစ်ယောက်သာလျှင် လက်မခံလိုဟန်ဖြင့် ခေါင်းခါလိုက်သည်။
“အဓိပ္ပာယ် မရှိဘူး”
ထိုဖြစ်နိုင်ချေကို သူ လက်မခံနိုင်ချေ။ ညှိနှိုင်းဖို့ အတွက် ဆိုလျှင် နှစ်ဦးနှစ်ဖက်မှာ တူညီသည့် ခွန်အားကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။ အစစ်အမှန် မွေးဖွားခြင်းတွင် မင်းကြီးနှင့် အဆင့်တူသူ တစ်ဦး ရှိသည် ဆိုလျှင် ဝေ့ဝူယင်လို သေမျိုး တစ်ယောက်နှင့် အဘယ်ကြောင့် ညှိနှိုင်းနေမည်နည်း။ သည်အတိုင်း သတ်ဖြတ်လိုက်ရုံသာ ရှိပေသည်။
ထျန်းမူယန်က ဟွမ်ရီကောင်းကို တစ်ချက် စောင်းကြည့်လိုက်၏။ သူ့ မျက်လုံးများက သနားခြင်း၊ လှောင်ပြောင်းခြင်း၊ မထီမဲ့မြင် ပြုခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
“ညှိနှိုင်းမှုသာ မရှိဘူး ဆိုရင် ဒီနေ့က အစစ်အမှန် မွေးဖွားခြင်း စတင်ပြီး အဆုံးသတ်တဲ့နေ့ ဖြစ်လိမ့်မယ်”
လူအိုကြီးက တည်ငြိမ်စွာပင် ဆိုလိုက်၏။ စိုးရိမ် ထိတ်လန့်သည့် ခံစားချက်က ပိုမို တိုးပွားလာသည်နှင့် အမျှ ဟွမ်ရီကောင်းမှာ ပိုမို၍ ဂဏှာမငြိမ် ဖြစ်လာ၏။ သေရမှာ ပိုမို၍ ထိတ်လန့်လေလေ... သူ ဝေ့ဝူယင်၏ အရည်အချင်းကို ပိုမို၍ လက်မခံနိုင်လေလေ ဖြစ်သည်။
“အဓိပ္ပာယ် မရှိဘူး... အားလုံး အဓိပ္ပာယ် မရှိတောတွေချည်းပဲ... အဲဒီ သေမျိုးလေးက ဘာအစွမ်းအစ ရှိလို့ ညှိနှိုင်းနိုင်ရမှာလဲ... အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် ကြောင့်လား... သူ့ နောက်လိုက် အဂ္ဂိရတ် သူရဲကောင်း နှစ်ယောက် ကြောင့်လား... လည်ပင်းရှည် သားရဲကြောင့်လား... ငါ့ အမြင်အရ ပြောရရင် အဲဒီ ကောင်စုတ်လေးက အင်ပါယာ မျိုးနွယ်ကိုတောင် ခြိမ်းခြောက်ရဲတဲ့ ကြွက်တစ်ကောင်ပဲ... အစစ်အမှန် မွေးဖွားခြင်း အသုံးမကျရင်လည်း ငါတို့ အင်ပါယာ ကလန်က သူ့နေရာ သူသိအောင် ကူညီပေးကြရမယ်... ဒါမှပဲ နောက်တစ်ချိန်ကျရင် သူ့လို လူတွေ ထပ်ပြီး ပေါ်မလာမှာ”
“ရှင်...”
ထျန်းလင်းယုက ဟွမ်းရီကောင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ထိုမျှ အမြင်ကျဉ်းမြောင်းသည့် လူတစ်ယောက်မှာ မည်ကဲ့သို့ သေမျိုး တစ်ပိုင်း အရှင် တစ်ယောက်နှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာခဲ့ကြောင်း သူမ နားမလည်နိုင်ပါချေ။ အကယ်၍ ထူးချွန်သည့် အဂ္ဂိရတ် စွမ်းရည်ကြောင့်သာ မဟုတ်ပါက ထိုကဲ့သို့ အမြင် ကျဉ်းမြောင်းပုံနှင့် ဟွမ်ရီကောင်း တစ်ယောက် အသတ်ခံနေရသည်မှာ အစောကြီးတည်းက ဖြစ်သည်။
“ငါ ဘာဖြစ်လဲ...”
ဟွမ်ရီကောင်းမှာ အစောကြီး ကတည်းကပင် စိတ်လွတ်လု နီးပါး လူတစ်ယောက် ဖြစ်နေလေရာ ထျန်းလင်းယု အပေါ် သူ့ ဒေါသများကို ပုံချလိုက်၏။
“မိန်းကလေး... စီနီယာကို လေးစားတတ်ရတယ်... ကျင့်ကြံခြင်း အဆင့် ငါ့ထက် မြင့်ရုံနဲ့ ငါ့ကို ပြန်လှန်ပြောနိုင်မယ် ထင်နေတာလား... နင့်ရဲ့ အဆင့်အတန်းက အင်ပါယာ မျိုးနွယ်ထဲမှာ ဘယ်အဆင့်ကို ဆိုတာ သဘောပေါက်လား... ဟမ်”
ဟွမ်ရီကောင်းက ထျန်းလင်းယုကို လက်ညိုးထိုးရင်း အော်ငေါက် လိုက်၏။ ထျန်းလင်းယုမှာ တုန့်ပြန်ခြင်း မပြုချေ။ သို့သော်လည်း... အကြောင်းပြချက် တစ်ချို့ကြောင့် ဟွမ်ရီကောင်းမှာ ကျောရိုး တစ်ခုလုံး စိမ့်တက် သွားသလို ခံစားလိုက်ရ၏။
ဟွမ်ရီကောင်း ထိုခံစားချက်ကို မဆန်းစစ်နိုင်ခင်မှာပင် ကုန်းရီ၏ မျက်လုံးများမှာ ပြူးကျယ်စွာဖြင့် အရှေ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူ ထျန်းလင်းယုနှင့် ထျန်းမူယန်တို့ကို ကြည့်လိုက်ရာ သူတို့သည်လည်း အလားတူ တုန့်ပြန်နေသည်ကို တွေ့လိုက်ရ၏။
ဟွမ်ရီကောင်း နောက်ကို လှည့်ကာ ကြည့်လိုက်၏။ ထို့နောက်တွင်တော့ သူ့ ခန္ဓာကိုယ် တစ်ခုလုံးက ထိတ်လန့် တုန်လှုပ်မှုနှင့် အတူ ကျောက်ရုပ်တစ်ရုပ်လို အေးခဲ သွားသည်။
“မင်း... မင်း...”
ကောင်းကင်ဖျက်ဆီးသူ ကုန်းပတ်ထက်၌ ရပ်နေသည့် အဖြူရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်ကို မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် မည်သူက မသိလိုနည်း။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ခါးကို ဆန့်တန်းရင်း ရပ်နေခဲ့၏။ သူ၏ ငွေရောင် မျက်လုံးများက အလွန်ပင် လှပကာ မည်သည့် ဖိအား အငွေ့အသက်ကိုမှ သယ်ဆောင်ထားခြင်း မရှိပါချေ။
မသိပါက... သူ၏ အမူအရာမှာ အပန်းဖြေထွက်လာသည့် စိတ်လက်ပေါ့ပါးနေသော လူငယ်လေး တစ်ယောက်လိုပင်။
“ဆိုတော့ ဒါက ကောင်းကင် ဖျက်ဆီးသူပေါ့ ဟုတ်လား...”
***