← Chapters

အခန်း (၈၉၉)

Vol. 61 Ch. 899

အခန်း (၈၉၉)

Vol. 61 Ch. 899

ဂုဏ်သိက္ခာထည်ဝါလှသော သက်လတ်ပိုင်းလူ၏ နာမည်သည် မိုရှန်ရှမ်းဟု ခေါ်သည်။ ၎င်းသည် ဘုံကိုးပါး ကုန်းမြေတိုက်ကြီးမှ အလွန်အားကောင်းလှသော မြို့တစ်ခု၏ မြို့တော်ဝန်လည်း ဖြစ်နေ၏။ စီမေ၊ နုမေနှင့် ကြယ်ကိုးပွင့် အကြီးအကဲများ အားလုံးသည် ၎င်း၏ နောက်လိုက်များပင် ဖြစ်တော့သည်။

ဘုံကိုးပါး ကုန်းမြေတိုက် ကြီးမှာလည်း ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးကဲ့သို့ပင် ငါးနှစ်ဆီတိုင်းတွင် အလွန်အားကောင်းလှ သော ဂိုဏ်းအဖွဲ့အစည်း၊ မြို့တစ်ခုခုအနေနှင့် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ အလှည့်ကျ ရောက်ရှိလာခဲ့ ကြပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ပြုမူကြ၏။ ဤတစ်ကြိမ် အလှည့်ကျသူကတော့ မြို့တော်ဝန်မိုပဲ ဖြစ်တော့သည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာကျော်အတွင်း ၎င်းတို့ ကုန်းမြေတိုက်ကြီးသည် နောက်လိုက်များကို ခေါ်လာပြီး ဤနေရာတွင် အခြေချခဲ့ခြင်းပင် ဖြစ်တော့၏။ လွယ်ကူသည့်အရာမျိုး ကြုံခဲ့ရသည် မဟုတ်ပေ။ များပြားလှသည့် အန္တရာယ်များကို ကြုံခဲ့ရပြီး များပြားလှသည့် ရန်သူများကို အောင်နိုင်ခဲ့ရ၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ၎င်း၏ နောက်လိုက် တော်တော်များများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လက်ချက်တွင် သေဆုံးသူက သေဆုံး၊ ဒဏ်ရာရရှိသူက ဒဏ်ရာရလျက် ရှိနေ၏။

မိုရှန်ရှမ်းသည် အလွန်ပင် စိတ်ဓာတ်ကျမိနေ၏။ ဤကဲ့သို့သော သတင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး တစ်ခုလုံးကို ပျံ့နှံ့သွားမည်ဆိုပါက သူသည် ခေါင်းပင်ဖော်၍ ရနိုင်မည် မဟုတ်တော့ချေ။ သူ၏ ဂုဏ်သိက္ခာတရား သည် အဆုံးစွန်အထိ ကျဆင်းသွားပေလိမ့်မည်။ အထူးသဖြင့် ဤသတင်းသည် ဘုံကိုးပါး ကုန်းမြေတိုက်ကြီး ဆီသို့ ရောက်ရှိသွားပါက သူနှင့်မတည့်သောသူများသည် သူ့အား လှောင်ပြောင် ကဲ့ရဲ့နေတော့မှာ သေချာသည်။

ကျွင်းချောင်ရှောင်းသည်သာ လုံခြုံသည့်တည်နေရာ ခံစစ်ထဲတွင် ထိုင်နေခြင်းသာ မဟုတ်ပါက မိုရှန်ရှမ်းသည် ဒေါသတကြီးဖြင့် ချက်ချင်းတိုက်ခိုက်ကာ အကြိမ်ပေါင်းတစ်ထောင်လောက် ရိုက်နှက်နေမှာ သေချာ၏။

“စိတ်ကို အေးအေးထား၊ စိတ်ကို အေးအေးထား၊ ဒီကုန်းမြေတိုက်ကြီးက ဖန်တီးထားတဲ့ မိုးကြိုးအစီအရင်က နည်းနည်း အားကောင်းတယ်လေ”

သူ၏ ခံစားချက်ကို မထိန်းချုပ်နိုင်ပါက သူ၏နောက်လိုက် ဆယ်ယောက်လုံးသည် ကျိန်းသေပေါက် သေဆုံး သွားပေလိမ့်မည်။ ဘုံကိုးပါး ကုန်းမြေတိုက်ကြီး၏ အလုံးစုံသော အားအင်အဆင့်သည် ကြယ်ကြွေကုန်းမြေ တိုက်ကြီးထက် အားကောင်းသည် ဆိုသော်လည်း မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိပ်ဆုံး အခြေအနေ တစ်ခုအဖြစ်သာ သုံးသပ်၍ ရသော အခြေအနေတစ်ခု ဖြစ်သည်။ ထို့ကြောင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိပ်ဆုံးအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် ဆယ်ယောက် မပြောနှင့် တစ်ယောက်ထဲ ဆိုလျှင်ပင် ဆုံးရှုံးရသည်မှာ နာကျင်ဖွယ်ကောင်းပေလိမ့်မည်။

မိုရှန်ရှမ်းသည် ရန်သူနှင့် ပြိုင်ဘက်များ တည်ရှိလို့နေသေးသည်။ ထို့ကြောင့် ဘုံကိုးပါး ကုန်းမြေတိုက်ကြီးဆီသို့ ပြန်လည်ရောက်ရှိချိန်တွင် သူ၏ အားကောင်းလှသော နောက်လိုက်နောက်ပါများ မရှိပါက ရေရှည်ဆက်လက် ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် မိုရှန်ရှမ်းသည် ကျွင်းချောင်ရှောင်း၏ သဘောကို လိုက်နာကာဖြင့် ဆဋ္ဌဂံကြယ်စိတ်ဝိညာဉ်ကျောက်တုံး မည်မျှနှင့် လဲလှယ်ရမည် ဖြစ်ကြောင်း မေးမြန်းခဲ့ခြင်းပင် ဖြစ်တော့သည်။

“ဒါကို ဆဋ္ဌဂံကြယ်ကျောက်တုံးလို့ ခေါ်တာလား”

ကျွင်းချောင်ရှောင်းသည် ကျောက်တုံး၏ နာမည်ကို သိရှိလိုက်၏။ သူသည် မေးစေ့ကို ပွတ်ကာ ပြောလိုက်၏။ “လူတစ်ယောက်ကို တစ်သန်းပါပဲ”

“တစ်သန်း ဟုတ်လား”

မိုရှန်ရှမ်းသည် တီးတိုးပြောလိုက်၏။ “အဲလောက်အများကြီး မတတ်နိုင်ဘူး”

လူတစ်ယောက်ကို တစ်သန်းဆိုလျှင် လူဆယ်ယောက်စာအတွက် ဆယ်သန်းဖြစ်ပေလိမ့်မည်။ ဤအရာမှာ အလွန် များပြားလှသော ပမာဏပင် ဖြစ်၏။ ၎င်းအနေနှင့် ထုတ်ပေးနိုင်သည်ဆိုလျှင်တောင်မှ ရင်ကွဲနာကျပြီး သွေးတစ်စက်စက်ယိုနေမှာ သေချာ၏။

“ခင်ဗျားက ပြောရဆိုရကောင်းတဲ့လူတစ်ယောက် ဖြစ်သလို ကျုပ်ကလည်း ပြောရဆိုရကောင်းတဲ့လူ တစ်ယောက် ပဲလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လျော့ပေးလိုက်မှာပေါ့၊ လူတစ်ယောက်ကို ကိုးသိန်းကိုးသောင်း”

“………” မိုရှန်ရှမ်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

“မင်းဈေးလျော့ပေးတာက တစ်သောင်းတည်းပါလား”

မိုရှန်ရှမ်း သည် ဆူပုတ်နေသော မျက်နှာဖြင့်ပြောလိုက်၏။ “ကောင်လေး... အရေးတကြီးညိနှိုင်းနေတဲ့ နေရာမှာ ကျုပ်က အလေးအနက် ပြောနေတာပါ”

“ကျုပ်ကပိုပြီး လေးနက်တယ်”

ကျွင်းချောင်ရှောင်းသည် အသာလက်ပိုက်ကာ ပြောလိုက်၏။ “ထပ်ပြီးတော့လည်း ပြောမနေနဲ့တော့၊ လူတစ်ယောက်ကို ကိုးသိန်းရှစ်သောင်းပေါ့”

ဤတစ်ကြိမ်မှာတော့ တစ်ဖက်လူသည် လက်ခံပေးသင့်သည်ဟု ယူဆမိသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းတိတိကို ထပ်၍လျော့ချပေးပြီးဖြစ်နေ၏။

သို့ပေမဲ့ မိုရှန်ရှမ်းသည် လက်မခံချင်သေး ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် ဤအရာမှာ များပြားလွန်းနေသေးသည်။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဆဋ္ဌဂံကြယ်ကျောက်တုံးတွေကို များများစားစား မထုတ်ပေး နိုင်ဘူးဆိုရင်၊ ဆေးပင်တွေ၊ ကျောက်ရိုင်းတွေ၊ ရတနာတွေ၊ လက်နက်တွေ၊ ဘာကိုမဆို လဲလှယ်လို့ရတယ်၊ ကျုပ်က စိတ်မရှိဘူး”

“.........”

မိုရှန်ရှမ်းသည် သွေးအန်လုမတတ် ဒေါသထွက်နေ၏။ ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ ကြီးမားလှသော မြို့တစ်ခု၏ မြို့တော်ဝန်ဖြစ်သည်နှင့်အညီ သူသည် ဤကဲ့သို့ စော်စော်ကားကားဖြင့် တစ်ခါမှ ပြောဆိုခံရဖူးခြင်း မရှိပေ။

“ကောင်လေး”

မိုးရှန်ရှမ်း ၏ဘေးတွင်ရှိသော အဘိုးအိုသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ကျုပ်တို့ မြို့တော်ဝန်က မင်းနဲ့ တည်တည်ငြိမ်ငြိမ် စကားပြောပြီးတော့ မျက်နှာသာ ပေးခဲ့ပြီးပြီလေ၊ ဒီတော့ မယဉ်မကျေးမလုပ်နဲ့တော့”

“မြို့တော်ဝန်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ “ခင်ဗျားရဲ့နောက်လိုက်က လက်ရှိ အခြေအနေက ဘာလဲဆိုတာကို သိပုံမပေါ်ဘူး၊ နည်းနည်း သင်ပေးလိုက်အုံး”

လက်ရှိအခြေအနေသည် မည်သို့ဖြစ်နေသနည်း။ ဓားစာခံများသည် ဂိုဏ်းချုပ်ကျွင်း၏ လက်ထဲတွင်ရှိနေပြီး သူ့အနေနှင့် အချိန်မရွေးသတ်ဖြတ်ရနိုင်သော အခြေအနေမျိုးပင်ဖြစ်သည်။

မိုရှန်ရှမ်း၏ မျက်ခုံးများသည် ကုပ်ဝင် သွား၏။ “ဆဋ္ဌဂံကြယ်ကျောက်တုံးတွေက ကုန်းမြေတိုက်ကြီးမှာ အရမ်းရှားတယ်လေ၊ ဒီတော့ ကျုပ်အနေနဲ့ မင်းပြောတဲ့ ပမာဏကို ထုတ်ပေးနိုင်ဖို့ဆိုတာ အရမ်းခက်တယ်”

“ဒါဆိုရင် ဘယ်လောက် ထုတ်ပေးနိုင်လဲ”

“တစ်သိန်းပဲ”

“တစ်ယောက်ကို တစ်သိန်းလား”

“ဆယ်ယောက်စာအတွက်”

“ထားလိုက်တော့”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ခင်ဗျားဘက်က လေးနက်မှု မရှိဘူးဆိုမှတော့ သူတို့ အားလုံးကို သတ်ဖြတ်ပစ်ရတော့မှာပဲ”

ဝမ် ဝမ်

ပြောပြောပြီးချင်းမှာပဲ ခံတပ်၏ အပြင်ဘက်တွင်ရှိသော မိုးကြိုးအစီအရင်ကြီး တစ်ခုလုံးသည် လင်းလက်သွားခဲ့၏။ ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများသည် စိုးထိတ်သွားခဲ့ကြ၏။ ၎င်းတို့သည် အနောက်ဘက်သို့ ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြသည်။

မိုရှန်ရှမ်းသည် ၎င်း၏ ဒေါသများကို ဖိနှိပ်ကာဖြင့် ပြောလိုက်၏။ “ကောင်လေး... မင်းရဲ့ ခံတပ်အရွယ်အစားကို ကြည့်ရတာ အခုမှစပြီး တည်ထောင်တုန်းပဲ ရှိသေးတယ်၊ သူတို့ကို သတ်လိုက်မယ်ဆိုရင် လူတွေကို ခေါ်လာပြီးတော့ ကျုပ်က ဒီနေရာမှာ ဝိုင်းပတ်ထားမှာလေ၊ ပြီးရင် မင်းတို့ရဲ့ တည်နေရာထဲမှာရှိတဲ့ လူတွေ အားလုံးကို မသေမချင်း တိုက်ခိုက်နေမှာပဲ၊ ဒါက ထိုက်တန်ဆိုတာ သေချာလို့လား”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ တစ်ဖက်လူသည် အဆုံးစွန်အထိ ပြုလုပ်မည်ဟု ပြောဆို နေသေးသည်လား။

မိုရှန်ရှမ်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ဒီဂြိုဟ်ကြီးရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် ဒီခံတပ်ကြီးက သတ်မှတ်ထားတဲ့ အရွယ်အစားကို မရောက်သေးဘူးဆိုလို့ရှိရင် အချိန်ကာလ အကန့်အသတ်တစ်ခု ရှိသေးတယ်လေ၊ အဲအချိန်ကာလကို ရောက်ရင် မင်းတို့ အပြင်ကို ထွက်ရမှာပဲ၊ ဘယ်လိုဖြစ်ပြီးတော့ အသက်ရှင်လျက် ပြန်သွားနိုင်မှာလဲ”

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က အလျင်လိုနေပြီပေါ့၊ ခင်ဗျားအနေနဲ့ သူတို့ကို မရွေးနိုင်ဘူးဆိုရင် ကျုပ် သူတို့ကို သတ်ပစ်ရတော့မှာပေါ့၊ အဆိုးဆုံး ကျုပ်တို့ အတူတူ သေလိုက်ရုံပဲလေ”

ခံတပ်၏ အချိန်အတိုင်းအတာသည် သူ့အတွက် အလုံးစုံ အသုံးမဝင်ခဲ့ပေ။ ထို့အပြင် သူ့အနေနှင့် အချိန်ကာလ အကန့်အသတ်မရှိ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်နိုင်စွမ်းရှိနေ၏။

မိုရှန်ရှမ်းသည် ထိုအရာကို မသိချေ။ ထို့ကြောင့် တစ်ဖက်လူများကို ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်တော့သည်။

“ပြီးတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ ကုန်းမြေတိုက်ကြီးရဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပြီးသားလေ၊ ရန်ငြိုးဆိုတာက ဖွဲ့တည်ထားပြီးသားမဟုတ်လား၊ ဒီတော့ နောက်ထပ် ဆယ်ယောက်ထပ်သတ်လည်း ဘာထူးမှာလဲ”

မိုရှန်ရှမ်း၏ လေသံသည် တည်ငြိမ်သွားသည်။ “သူတို့ကို မင်းလွှတ်ပေးလိုက်မယ်ဆိုရင် အရင်တုန်းက ဘာမှ မဖြစ်ခဲ့သလို နေခဲ့ပေးမယ်၊ ကျုပ်တို့ ဘုံကိုးပါး ကုန်းမြေတိုက်ကြီးက ကြယ်ကြွေကုန်းမြေတိုက်ကြီး လုပ်သမျှ အရာအားလုံးကို ဝင်ရောက်မစွက်ဖက်ဘူး”

“သုံးနှစ်သား ကလေးကိုတောင် ညာလို့မရနိုင်တဲ့ စကားလုံးတွေနဲ့ ဘာလို့ ကျုပ်ကို လာပြောနေရတာလဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

မိုရှန်ရှမ်းသည် တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ်က ဘုံကိုးပါး ကုန်းမြေတိုက်ကြီးရဲ့ နတ်ဘုရားမိုးမြို့ မြို့တော်ဝန် တစ်ယောက်လေ၊ ကျုပ်စကားကို ကျုပ်တည်တယ်”

ကျွင်းချောင်ရှောင်းသည် အတွေးနက်သွား၏။ “ကောင်းပြီ”

သူသည် ထိုင်ခုံလက်ရမ်းကို အသာရိုက်ကာဖြင့် ပြောလိုက်၏။ “ကျုပ်... ခင်ဗျားကို ယုံကြည်တယ်၊ ဈေးနှုန်းကလည်း အဆင်သင့်ဖြစ်ပြီး ဒီတော့ လူတစ်ယောက်ကို ငွေနှစ်သိန်း”

ဤကဲ့သို့ ဈေးနှုန်းလျော့ချပေးခဲ့ခြင်းဆိုသည်မှာ သူ့အတွက် တော်တော်ပဲ အထိနာရသည့် ကိစ္စပင် ဖြစ်နေသည်။ ဖြစ်နိုင်မည်ဆိုပါက ဂိုဏ်းချုပ်ကျွင်းသည် ပိုက်ဆံအပြည့်အဝကို လိုချင်နေမိ၏။

သို့ပေမဲ့ မိုရှန်ရှမ်းသည် ပြိုလဲလု မတတ် ဖြစ်နေသည်။ သူ ဤမျှလောက်ကြာအောင် အာပေါက်မတတ် ပြောဆိုခဲ့သော်လည်း တစ်ဖက်လူသည် ငွေညှစ်ရန်သာ စဉ်းစား နေခဲ့တော့သည်။

သို့ပေမဲ့ သေချာ စဉ်းစားမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းဆိုသည့်လူသည် သူပြုလုပ်မည့်အရာမျိုးကို လွယ်လွယ်ကူကူနှင့် ပြောင်းလဲသည့်လူမျိုး မဟုတ်ချေ။ ပြဿနာ ရှာပြီးပြီဆိုမှတော့ သူသည် အဆုံးစွန်အထိ ပြဿနာရှာတော့မှာ သေချာ၏။

“မြို့တော်ဝန်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဈေးနှုန်းက မသင့်လျော်ဘူးလို့ ထင်တာလား၊ ဒါဆိုရင်လည်း မြန်မြန် သဘောတူညီမှု ယူကြရအောင်၊ မဟုတ်ရင် မိုးကြိုးအစီအရင်ကြီးက ပေါက်ကွဲသွားမှာကို စိုးရတယ်”

“.......”

မိုရှန်ရှမ်းသည် စတင်ကာ တွေးတောလိုက်တော့၏။

“ဘုံကိုးပါး ကုန်းမြေတိုက်ကြီးဆိုတာက အားနည်းတဲ့လူတွေ ကိုသာ အနိုင်ယူနိုင်တဲ့ ကမ္ဘာကြီးတစ်ခုလေ၊ ဒီတော့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်ဆိုတဲ့ ပမာဏက နည်းနည်းနောနောတော့ မဟုတ်ဘူး၊ ဒီဂြိုဟ်တိုက်ပွဲကြီးမှာသာ သေဆုံးသွားမယ်ဆိုရင် ခင်ဗျား အတွက် ကြီးကျယ်တဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်မှာ စိုးရတယ် မဟုတ်လား” ကျွင်းချောင်ရှောင်းက သတိပေးလိုက်သည်။

“ပြီးတော့ ကျုပ်က ခင်ဗျားလူတွေ ဒီလောက်အများကြီးကို ဖမ်းဆီးနိုင်ပြီဆိုမှတော့ သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကို နားလည်မှာပါ၊ ခင်ဗျားအနေနဲ့ လုပ်ချင်တာကို ရဲရဲဝံ့ဝံ့ လုပ်မလား၊ ဒါမှမဟုတ် ကျုပ်ကို ဆဋ္ဌဂံကြယ်ကျောက်တုံး နှစ်သန်း ပေးလိုက်မလား၊ ဒီလိုဆိုရင် ခင်ဗျားအတွက် ကောင်းမယ်၊ ကျုပ်အတွက်လည်း ကောင်းမယ်၊ အားလုံးအတွက်လည်း ကောင်းမယ်”

မိုရှန်ရှမ်းသည် မျက်မှောင်ကုတ်သွား၏။

ဒွီ ဒွီ

မိုးကြိုးအစီအရင်ကြီး၏ လျှုပ်စီးတန်းများသည် တဖျပ်ဖျပ် လင်းလက်လျက်ရှိ၏။ ကြည့်ရသည်မှာ ပိုပို၍ အားကောင်းလာသည့်ပုံပေါ်သည်။ ၎င်းအနေနှင့် အချိန်မဖြုန်းတော့ဘဲ သေသေချာချာ စဉ်းစားရန် တွန်းအားပေး နေခြင်းပဲ ဖြစ်၏။

“ကောင်းပြီ” မိုရှန်ရှမ်းက ပြောလိုက်သည်။

“နှစ်သန်း... အရင်ဆုံးပေး၊ ပြီးရင်သွားတော့” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

မိုရှန်ရှမ်း၏ နှုတ်ခမ်းများသည် တုန်ခါသွားသည်။

သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို အရင်တုန်းက ပြုလုပ်ပြီးပြီမို့ အတွေ့အကြုံများနေပြီဖြစ်၏။

“ကျုပ်က ကြယ်ကြွေကုန်းမြေတိုက်ကြီး ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ကိုယ့်စကားကိုယ် တည်တယ်၊ စိုးရိမ်စရာ မလိုဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရွှီး

သိုလှောင်လက်စွပ်တစ်ကွင်းသည် ခံတပ်၏ အပြင်ဘက်သို့ ကျဆင်းလာ၏။ မိုရှန်ရှမ်းသည် သူ၏ ဒေါသတရားများ ကို ဖိနှိပ်ကာ ခက်ခက်ခဲခဲပြောလိုက်၏။ “ဒီအထဲမှာ ဆဋ္ဌဂံကြယ်ကျောက်တုံး နှစ်သန်းတိတိ ရှိတယ်”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ ခရမ်းရောင်ဘုရင်သည် ချက်ချင်းပဲ ထိုအရာကို သွား၍ ကောက်ယူတော့သည်။

“မြို့တော်ဝန်က တည့်တိုးဆန်တဲ့ လူမျိုးပဲ၊ အနာဂတ်မှာ ကျုပ်တို့ လက်တွဲပြီး အလုပ်တွေလုပ်နိုင်မယ်လို့ မျှော်လင့်မိတယ်လေ” ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲတွင်ပါသော ပမာဏအား သေချာရေကြည့် ပြီးနောက် ပြုံးကာ ပြောလိုက်တော့သည်။ ၎င်းအနေနှင့် ဆယ်သန်းကို မရရှိဘူးဆိုသော်လည်း နှစ်သန်းတော့ ရရှိ သေး၏။ မည်သို့ပင်ဆိုစေကာမူ ထိုက်တန်သည်ဟု ဆိုရမည်။

ဝှစ်

တည်နေရာထဲတွင်ရှိနေသော မိုးကြိုးအစီအရင် တစ်ဒါဇင်ကျော်တို့သည် ပျောက်ကွယ်သွားပြီဖြစ်ပြီး အလွန် ကြမ်းတမ်းလှသော ပေါက်ကွဲနိုင်မှု အော်ရာများသည်လည်း ပျောက်ကွယ်သွားခဲ့၏။ ဂိုဏ်းချုပ်ကျွင်းသည် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့်လူဖြစ်သည်။

ရွီး ရွီး

မိုးကြိုးအစီအရင်များ ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ဘုံကိုးပါး ကုန်းမြေတိုက်ကြီးမှ များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် ပျံသန်းလာပြီးသည့်နောက် သတိမေ့နေသော စီမေ၊ နုမေနှင့် တခြားသောသူများ အားလုံးကို ကယ်ဆယ်လိုက်ကြ၏။

၎င်းတို့အားလုံးသည် ခံတပ်ထဲတွင် တည်ရှိနေသော ကျွင်းချောင်ရှောင်းနှင့် တခြားသောလူများကို စူးစိုက်ကာ ကြည့်ရှုနေကြ၏။ ပထမတုန်းက တစ်ဖက်လူ၏ လက်ထဲတွင် သူတို့၏ ဓားစာခံများ တည်ရှိနေ၏။ ထို့ကြောင့် တိုက်ခိုက်မှုကို မပြုလုပ်ရဲချေ။ လက်ရှိအခြေအနေမှာတော့ ကယ်ဆယ်ပြီး ဖြစ်သည်မို့ သူတို့အနေနှင့် ကြောက်လန့်စိတ်ဆိုသည်မှာ လုံးဝမရှိချေ။

ကျွင်းချောင်ရှောင်းမှာတော့ မတ်တပ်ရပ်ကာ လက်သီးကို ဆုပ်လိုက်၏။ “နောက်ကျနေပြီလေ၊ ကျုပ်တို့ အရင် သွားတော့မယ်”

“ထွက်သွားမယ် ဟုတ်လား” မိုရှန်ရှမ်းနှင့် ဘုံကိုးပါး ကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ မိကြ၏။

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်၏။ အဓိက ဟောခန်း၏ လှေကားထစ်ရှေ့မှာတော့ လေဝဲပုံစံ အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။

မိုရှန်ရှမ်း မျက်လုံးပြူးသွားမိ၏။ “ဒါ.. ဒါက အပြင်လောကဆီကို သွားတဲ့ တည်နေရာ ရွေ့လျားခြင်း အစီအရင်လား၊ မဟုတ်သေးဘူး၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာက အရမ်းကို သေးသေးတယ်လေ၊ ဒီတော့ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် အဆင့်ကို မရောက်သေးဘူး၊ ဘယ်လိုဖြစ်ပြီးတော့ တည်နေရာရွေ့ပြောင်းမှု ပစ္စည်းတစ်ခုက ရှိနေရတာလဲ”

အနောက်ဘက်တွင်ရှိနေသော သိုင်းကျင့်ကြံသူ အားလုံးမှာလည်း ဆွံ့အသွားကြ၏။ ၎င်းတို့အထင်အရဆိုလျှင် တည်နေရာရွေ့ပြောင်းမှုကို ပြုလုပ်နိုင်သည်ဆိုသည်မှာ အဓိက ခံတပ်ကြီးအနေနှင့် ရွာအရွယ်အစားအထိ ရောက်ရှိအောင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေ၏။

ရွှီး ရွှီး

လုချင်းချင်း၊ ဟယ်ဝူတီနှင့် တခြားသောလူများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားခဲ့ကြသည်။ နောက်ဆုံးမှ ဝင်ရောက်ရန် အလှည့်ကျသည့် ကျွင်းချောင်ရှောင်းမှာတော့ မိုရှန်ရှမ်းတို့ဘက် လှည့်၍ လက်ယမ်း ပြကာ ပြောလိုက်တော့သည်။ “နက်ဖြန်မှ တွေ့ကြတာပေါ့”

ဝှစ်

ပြီးသည့်နောက်မှာတော့ သူသည် လေဝဲထဲသို့ ဝင်ရောက်၍ လေထုထဲမှာပင် ပျောက်ကွယ်သွားခဲ့တော့သည်။ မိုရှန်ရှမ်းနှင့် ဘုံကိုးပါး ကုန်းမြေတိုက်ကြီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူ အားလုံးတို့သည် ကြယ်ကြွေကုန်းမြေတိုက် ကြီး၏ ခံတပ်အပြင်ဘက်တွင် စုဝေးလျက်ရှိနေပြီး နဝေတိမ်တောင်ဖြင့် ဖြစ်နေကြ၏။ ၎င်းတို့အနေနှင့် တစ်ဖက်လူ များအားလုံးသည် လုံလောက်သည့် ခံတပ်အကျယ်အဝန်းကို မရရှိသေးဘဲ တည်နေရာ ရွေ့ပြောင်းနိုင်သည်ဆိုသည့် အချက်ကို ကြည့်ရှုရင်း မယုံနိုင်ဖွယ် ဖြစ်လို့ နေခဲ့တော့၏။

All Chapters