← Chapters

အခန်း (၉၀၅)

Vol. 61 Ch. 905

အခန်း (၉၀၅)

Vol. 61 Ch. 905

လီချင်းယန်နှင့် တခြားသူများအားလုံးသည် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အားအင်အဆင့်အရ တိုးတက်ရုံတင်မက ပိုလျှံ၍ပင် နေတော့သည်။ သို့ပေမဲ့ ဂိုဏ်းသားအရေအတွက် ငါးသောင်းကို ပြည့်မီအောင် လုပ်ဖို့ လိုအပ်နေသေး၏။ သို့ပေမဲ့ ဤအရာမှာ ပြဿနာကြီး မဟုတ်ပေ။ လက်ရှိအခြေအနေတွင် ဂိုဏ်း၏တပည့်အရေအတွက်သည် တဖြည်းဖြည်းနှင့် တိုးပွားလာခဲ့ပြီး လေးသောင်းနီးပါးအထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် လစဉ်လတိုင်း လူသစ်ခေါ်ဆောင်မှုတွင် စံချိန်စံညွှန်းများကို လျော့ချလိုက်သည်ဆိုပါက ဂိုဏ်းသားငါးသောင်းကို စုစည်းရန်ဆိုသည်မှာ လွယ်ကူလွန်းနေ၏။

“အချိန်တွေအများကြီး ရှိသေးတာပဲ၊ အလျင်လိုစရာမလိုဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ အရည် အသွေး ပိုမိုကောင်းမွန်သော လမ်းစဉ်ကို လျှောက်လှမ်းချင်သည်ဖြစ်သောကြောင့် တပည့်များအား စံချိန် လျော့ချရန် မစဉ်းစားချင်ပေ။ “ငါ့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ၊ ပစ္စည်းပစ္စယတွေ လိုအပ်သေးတယ်၊ ဒါမှ တပည့်တွေရဲ့ အလုံးစုံအားအင်အဆင့်က ပိုပြီးတိုးတက်သွားမှာလေ”

ပြိုင်စံရှားဂိုဏ်း၏ သိုင်းပညာလေ့ကျင့်ရာခန်းမဆောင်များနှင့် ပစ္စည်းပစ္စယများအားလုံးတို့သည် တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့တော့သည်။ ထို့အပြင် အရေအတွက်အရလည်း များပြားလာခဲ့၏။ တပည့်များသည် မြန်မြန်ဆန်ဆန် နှင့် အဆင့်ချိုးဖြတ်နိုင်နေကြ၏။ သို့ပေမဲ့ အစစ်အမှန် တိုက်ပွဲများကို ရင်ဆိုင်သည့်နေရာတွင် လက်နက်ပစ္စည်း များကလည်း အရေးကြီးသည့် အခန်းကဏ္ဍကို ပိုင်ဆိုင်လို့နေ၏။

လီချင်းယန်နှင့်တခြားသူများ အားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာတွင် သိုင်းအုပ်စိုးသူ ကျွမ်းကျင်သူများနှင့် အဘယ်ကြောင့် တိုက်ခိုက်နိုင်သနည်းဆိုသော် အလွန် ကောင်းမွန်လှသည့် ကျန်းယန်ဝတ်စုံများကို ဝတ်ဆင်ကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

“ဆေးပင်၊ ဆေးလုံး၊ ကျောက်ရိုင်း၊ သလင်းအမြူတေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို လိုအပ်နေတာပဲ”

ကျွင်းချောင်ရှောင်းအနေနှင့် ဂိုဏ်း၏ တိုးတက်လာသော တပည့်အရေအတွက်နှင့်အမျှ အရင်း အမြစ်များ ပိုမိုလိုအပ်လာသည်ကို နက်နက်နဲနဲ နားလည်မိ၏။ ကျိန်းသေပေါက် ထောက်ပံ့မှုများမရှိပါက ဂိုဏ်းအနေနှင့် အချိန်အတိုင်းအတာတစ်ခုအတွင်း အဆင့်မြှင့်တင်ရန် အလွန်ပဲ ခက်ခဲပေလိမ့်မည်။

လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း ပြိုင်စံရှားဂိုဏ်းသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့၏။ တခြားသော ဂိုဏ်းကြီးများထက်ပင် ပိုမိုမြန်ဆန်စွာ တိုးတက်လာ၏။ သို့ပေမဲ့ ထိုကဲ့သို့ ဖြစ်ပေါ်လာရခြင်း၏ အဓိက အကြောင်းအရာသည် ဂိုဏ်းသည် အရင်းအမြစ်များ လုံလုံလောက်လောက် ထောက်ပံ့ပေးထားခြင်း ကြောင့်ဖြစ်သည်။

အထူးသဖြင့် သူ့တွင် အဓိကတာဝန် တည်ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် ချိန်ကိုက်ဗုံးကြီးတစ်ခုကလည်း တည်ရှိနေ၏။ မြန်မြန်ဆန်ဆန်နှင့် ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်မည်ဆိုပါက သူ့အနေနှင့် အလုံးစုံ လွတ်လပ် သည့်လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ သူ၏ ခံစားနေရသည့်ဖိအားသည် အလုံးစုံ ကြီးမားလို့နေ၏။

တစ်ခါတစ်ရံတွင် ဂိုဏ်းချုပ်ကျွင်းသည် ကောင်းမွန်သည့်ရွှေပေါင်ကြီးကို ဖက်၍ ဝိညာဉ်ကူးပြောင်းလာခဲ့သော အဓိက ဇာတ်ကောင်များကိုပင် အားကျလျက်ရှိနေ၏။ သူ့အနေနှင့်မူ အလွန်တရာ ခက်ခဲလှသည့် လမ်းစဉ်ကို လျှောက်လမ်းနေရပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ချိန်ကိုက်ဗုံးကြီးတစ်လုံးက ရှိနေ၏။ ထို့အပြင် ဘာမှန်းမသိသည့် ဂိုဏ်းတစ်ခုအား ပြိုင်စံရှားဂိုဏ်းတစ်ခုအဖြစ် ဖန်တီးရန် တာဝန်ကလည်း ပူးတွဲပါဝင်လာသေးသည်။

“အင်း”

အဓိက ဟောခန်းထဲတွင် ထိုင်ပြီးသည့်နောက် သူသည် ကောင်းကင်ကြီးကို မော့ကြည့်ကာဖြင့် ပြောလိုက်၏။ “အရမ်းချောတဲ့လူတွေက ပိုပြီးကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ရတာ သဘာဝတရားလား မသိဘူး”

……………..

သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးနောက်မှာတော့ လီချင်းယန်သည် မည်သို့မှ မနေနိုင်တော့ဘဲ စာကြည့်ခန်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။ “ဂိုဏ်းချုပ်… ခံတပ်ထဲဆီကို သွားပြီးတော့ အဆောက်အဦတွေ ဆောက်လို့ရပြီလား”

“အင်း… ရတာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ဂိုဏ်းကိုချဲ့ထွင်ဖို့ အချိန်ရောက်ပြီလို့ ငါခံစား မိတယ်”

ဂိုဏ်းသားခေါ်ဆောင်မှုနှုန်းအရ မကြာခင် ဂိုဏ်းသားငါးသောင်း ပြည့်မီတော့မှာဖြစ်သည်။ ထိုသို့ဆိုလျှင် ဂိုဏ်း၏ အဆင့်သည်လည်း ပိုမို၍ တိုးပွားလာခဲ့လိမ့်မည်။ ထို့ကြောင့် သူသည် ဂိုဏ်း၏ တည်နေရာကြီးကို ချဲ့ထွင်ရန် စဉ်းစားနေမိသည်။

လီချင်းယန်က ပြောလိုက်သည်။ “ဒီတပည့်က အရာအားလုံးကို ပြင်ဆင်ပြီးသားပါ၊ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို စောင့်နေတာလေ”

ကျွင်းချောင်ရှောင်းသည် ဒုတိယတပည့်၏ ဝါသနာကို ကောင်းကောင်းသိ၏။ လီချင်းယန်သည် အဆောက်အဦ များ ဒီဇိုင်းရေးဆွဲခြင်းကို အလွန်တရာ စိတ်ပါဝင်စားသူဖြစ်သည်။ ထို့ကြောင့် မေးလိုက်မိ၏။ “မင်းဆီမှာ အစီအစဉ် ကောင်းတွေ ရှိနေလို့လား”

“ရှိတာပေါ့” လီချင်းယန်သည် ရှေ့သို့လှမ်းတက်လိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ မူကြမ်းများကို ထုတ်ယူလိုက်တော့၏။ မြေပုံထဲတွင် ပါဝင်သည့်အချက်အလက်များကို ကြည့်ရှုလိုက်မည်ဆိုလျှင် ၎င်းဖန်တီး ထားသည်မှာ သံမဏိအရိုးတောင်တစ်ခုလုံးအပြင် ဆက်စပ်နေသည့်တောင်များကိုပါ ရည်ရွယ်၍ ဖန်တီးရေးဆွဲ ထားခြင်းပင် ဖြစ်တော့သည်။ သံမဏိအရိုးတောင်သည် ထီးထီးကြီးတစ်ခုတည်း တည်ရှိနေသည့်တောင်မျိုး မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိသော တောင်များလည်း ပူးတွဲတည်ရှိလျက်ရှိ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ပုံကြမ်းထဲမှ နေရာတစ်ခုကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ဒီမှာ ဂိုဏ်းရဲ့ တည်နေရာတစ်ခုလုံးက ဒါအကုန်ပဲလေ၊ ဒီထက်ပိုပြီး ချဲ့ထွင်လို့ မရတော့ဘူး၊ ဒီတော့ တခြားတောင်တွေကို သွားပြီးတော့ ချဲ့ထွင်မှ ဖြစ်တော့မယ်၊ ဂိုဏ်းက လူတွေပိုပိုပြီး များလာတယ်ဆိုတော့ တခြားတည်နေရာတွေကို ချဲ့ထွင်ဖို့ လိုအပ်လာတာပဲ”

ဆွစ် ဆွစ်

လီချင်းယန်သည် သူ၏ တခြားသော ပုံကြမ်းတစ်ခုကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။ ၎င်းအရာ တွင်တော့ တောင်များ ဆက်စပ်၍ ဆွဲထားသည့် ပုံကြမ်းတစ်ခုအား သေသေချာချာ ပြသလိုက်၏။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် တည်နေရာအနည်းငယ်အား လက်ညှိုးညွှန်ကာ ရှင်းပြလိုက်၏။ “တပည့်က ဒီတည်နေရာတွေမှာ အဆောက်အဦတွေ တည်ဆောက်ချင်တယ်၊ ပြီးရင် ဂိုဏ်းရဲ့ ဟောခန်းတည်နေရာတွေကို တောင်တစ်ခုချင်းဆီမှာ ထားချင်တယ်”

“ဪ” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ “မင်းဆိုလိုချင်တာ ဆေးဟောခန်းဆောင်၊ သားရဲစီး ဟောခန်းဆောင်၊ စိတ်ဝိညာဉ်ဟောခန်းဆောင်နဲ့ တခြားဟောခန်းဆောင်တွေ အကုန်လုံးကို ဒီတောင်တွေပေါ်မှာ တစ်ခုချင်းစီ ထားမှာပေါ့”

“ဒါ အမှန်ပါပဲ”

“အကြံအစည်ကောင်းပဲဟ”

ပြိုင်စံရှားဂိုဏ်း၏ လက်ရှိပုံသဏ္ဍာန်သည် အပြင်ဘက်ခြံဝန်းတွင် အဓိကဟောခန်းကြီး ရှိနေပြီး တခြားသောဟောခန်းများအားလုံးသည် ဖြစ်သလို တည်ဆောက်ထားခြင်းသာဖြစ်၏။ အစပိုင်း အဆင့်နိမ့် တုန်းက ဤအရာသည် ပြဿနာတစ်ခု မဟုတ်ပေ။

သို့ပေမဲ့ တပည့်ငါးသောင်းနီးပါးခန့် ရှိလာသည့်အချိန်မှာတော့ ကျဉ်းကျပ်လာသည်ဟု ခံစားရသည်။ ဤကဲ့သို့ တခြားသောတောင်များဆီသို့ ခွဲခြားလိုက်မည်ဆိုပါက တပည့်များ အနေနှင့် လွတ်လွတ်လပ်လပ် နေထိုင်နိုင်စွမ်းရှိသလို လွတ်လွတ်လပ်လပ်နှင့် ကျင့်ကြံနိုင်စွမ်းရှိမည်ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ “ချင်းယန်… မင်းသိုင်းပညာရှင် တစ်ယောက် ဖြစ်နေတာ လောကကြီးအတွက် ဆုံးရှုံးမှုပဲ၊ မင်းက တကယ်တော့ ဆောက်လုပ်ရေးပညာရှင် တစ်ယောက် ဖြစ်ရမှာ၊ ဒီ‌တော့ ဆုံးဖြတ်လိုက်ပြီ၊ မင်းရဲ့ ပုံစံမူကြမ်းတွေအတိုင်းပဲ ဂိုဏ်းကို တည်ဆောက်ကြ ရအောင်”

လီချင်းယန်သည် ဂိုဏ်းချုပ်၏ ထောက်ပံ့မှုကို ရရှိပြီးနောက် အလွန်ပင် ပျော်ရွှင်သွား၏။ သို့ပေမဲ့ သူက ပြောလိုက် သည်။ “ဂိုဏ်းချုပ်… ဒီတောင်တွေကို နာမည်ပေးရမယ်လေ၊ ဟုတ်တယ်မလား”

“ဟုတ်တာပေါ့” ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်၏။ ပြီးသည့်နောက် စုတ်တံကို ယူကာဖြင့် မူကြမ်းပေါ်တွင် စာများရေးသားလိုက်တော့သည်။ ပြိုင်စံရှားဂိုဏ်း အဓိက တည်ရှိနေရာ သံမဏိအရိုးတောင်ကို နံပါတ်တစ်ဟု သတ်မှတ်ထားပြီးသည့်နောက် ဆက်စပ်နေသည့်တောင်များအား နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် ဟု အသီးသီး ရေးသားလိုက်၏။

လီချင်းယန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ “ဂိုဏ်းချုပ်… ဒါက နည်းနည်း ဖြစ်ကတတ်ဆန်း နိုင်နေသလားလို့”

“ဒီနာမည်တွေက သင်္ကေတနာမည်တွေပဲလေ၊ မှတ်ရလည်း လွယ်ကူတယ်မဟုတ်လား”

လီချင်းယန် “….”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီနေရာကို ချဲ့ထွင်ဖို့အတွက် မင်းကို တာဝန်ပေးလိုက်မယ်၊ ပိုက်ဆံလိုရင် ပြော”

“ဒါက တကယ့်ကို လုပ်ငန်းခွင် အကြီးကြီးတစ်ခုပဲ”

လီချင်းယန်က ပြောလိုက်သည်။ “ဒီတော့ ဂိုဏ်းချုပ်ရဲ့ ပဋိညာဉ်သားရဲကို ငှားရမ်းချင်တယ်”

“ပြဿနာ မရှိဘူး”

“ဒါဆိုရင် ကျွန်တော် သွားပြီးတော့ ပြင်ဆင်လိုက်တော့မယ်”

“ကောင်းပြီ၊ သွား သွား”

လီချင်းယန် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဂိုဏ်းက ချင်းယန်ဖန်တီးထားတဲ့ ပုံပန်းသွင်ပြင်မျိုး ဖြစ်သွားမယ်ဆိုရင် တကယ့်ကို ထိပ်တန်းဂိုဏ်းတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ နေရာမျိုးကို ရောက်ရှိသွားလိမ့်မယ်”

“ဆိုးတာက”

စနစ်က ပြောလိုက်သည်။ “တောင်ကမြင့်မနေဘူးလေ၊ ဒီတော့ သိပ်မကောင်းဘူးလို့ ခံစားရတယ်”

ဤအရာကိုလည်း ကျွင်းချောင်ရှောင်း စိတ်ဓာတ်ကျမိခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဆက်စပ်တည်နေရာ များကို နာမည်ပေးသည့်နေရာတွင် နှစ်၊ သုံး၊ လေး၊ ငါး ဟု နာမည်ပေးခဲ့ခြင်းဖြစ်သည်။ များပြားလှသော ဂိုဏ်းကြီး များအားလုံးသည် မြင့်မားလှသည့် တောင်ပေါ်တွင် နေရာယူထားကြ၏။ ၎င်းတို့သည် မြင့်မားလှသည့် တောင်ပေါ် တွင်ရှိသောကြောင့် တိမ်များကြားတွင် နေထိုင်ရသလို ခံစားရစေတော့၏။

သံမဏိအရိုးတောင်မှာတော့ မြင့်မားလှခြင်း မရှိပေ။ လတ်တလောနှစ်ပိုင်းတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပိုမို အားကောင်းလာခဲ့သည်ဆိုသော်လည်း တောင်၏ အမြင့်သည် ဩချရလောက်သည့် အခြေအနေတွင် မရှိသည်မှာ နှမျောစရာ ကောင်းလွန်းလှသည်။

“တကယ်လို့ တောင်ကသာ အမြင့်ကြီး ဖြစ်သွားမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ” ကျွင်းချောင်ရှောင်း သည် တီးတိုးရေရွတ်လိုက်၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ စတိုးထဲကို သွားပြီးတော့ မွှေနောက်ကြည့်မယ်ဆိုရင် တောင်ကို ပိုပြီး တိုးတက်မြင့်မားအောင်လုပ်ဖို့ ပစ္စည်းကောင်းတွေ ရှိရင် ရှိနိုင်တယ်လေ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒါကြောင့် မင်း ရုတ်တရက်ကြီး ထွက်လာ တာပြီး ငါ့ကို တိုက်ခိုက်ခဲ့တာ မဟုတ်လား”

“ဒါ အမှန်ပဲလေ” စနစ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ သူတို့သည် ရင်းနှီးပြီးသား သိဟောင်းကျွမ်းဟောင်း များဖြစ်သောကြောင့် ဖုံးကွယ်စရာ မလိုအပ်တော့ချေ။

……………….

စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုရန် ကြံစည်နေသည်ဟု ဆိုသော်လည်း ဤအရာသည် အမှန်ပင် လိုအပ်နေသည့်အရာပင် ဖြစ်သည်။ ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ပြိုင်စံရှားဂိုဏ်းအား အားအကောင်းဆုံးဖြစ်အောင် တည်ဆောက်ချင်သည့် ရည်ရွယ်ချက် ရှိနေ၏။

ထိုသို့ဆိုလျှင် သံမဏိ အရိုးတောင်အား ပိုမိုမြင့်မားသည့် တောင်ကြီးတစ်ခုပေါ်တွင် တည်ရှိပြီး တခြားသော သိုင်းကျင့်ကြံသူများအတွက် နတ်ဘုံနတ်နန်းတစ်ခုလို ဖန်တီးရန် လိုအပ်နေသေးသည်။ ထိုကဲ့သို့ နတ်ဘုံနတ်နန်းကဲ့သို့ အားလုံးက ထင်မှတ်စေမည့် အဓိကအချက်သည် တောင်၏ မြင့်မားမှုပင် ဖြစ်သည်။

ထိုက်ရွမ်အအေးဂိုဏ်းကဲ့သို့ ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းသည် တောင်ခြေဆီမှ တောင်ပေါ်ဆီသို့ တက်ရောက်ရန် လှေကားထစ်များမှာ ရှည်လျားလွန်းလှ၏။ ထို့အပြင် ၎င်းတို့၏ အဆောက်အဦများသည် တိမ်များကြားတွင် တည်ရှိနေ၏။ ထို့ကြောင့် အောက်မှမော့၍ ကြည့်လိုက်မည်ဆိုလျှင် အလွန်အားကောင်းသည့် ခံစားချက်များကို ပေးစွမ်းနေ၏။

“ရှာကြည့်လိုက်လေ”

စနစ်က ပြောလိုက်သည်။ “ဒီလိုပစ္စည်းမျိုးကို အလယ်အလတ်စတိုးထဲမှာ ရှိနိုင်တယ်”

အရည်အသွေးမြင့်လှသော အရောင်းသမားတစ်ယောက်ဖြစ်သည်မို့ ၎င်းသည် လက်ခံသူအား မည်သို့သောအချိန်မျိုးတွင် ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုရန် လိုအပ်ကြောင်း ကောင်းကောင်းနားလည်စွာဖြင့် ညွှန်ြ့ပလျက် ရှိနေတော့သည်။

မူလတုန်းက အနည်းငယ် ဇဝေဇဝါဖြစ်နေသော ကျွင်းချောင်ရှောင်းသည် ထိုစကားကို ကြားရပြီးသည့်နောက်မှာတော့ သူ၏ အိပ်ခန်းဆီသို့ ပြန်လာလိုက်တော့၏။ ရေမိုးချိုး၊ အမွှေးတိုင်ထွန်းပြီးသည့် နောက် သူသည် အလယ်အလတ်စတိုးကို ဖွင့်လိုက်တော့၏။

“ဗုဒ္ဓ၊ ကွမ်ရင်မယ်တော်၊ ဗောဓိသတ္တ၊ ပစ္စေကဗုဒ္ဓါ ရှိရှိသမျှသော တန်ခိုးရှင်များအားလုံး ကောင်းချီးပေးကြပါ”

All Chapters