အခန်း (၉၀၆)
Vol. 61 Ch. 906
ဒုန်း
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ် အသာမှီလှဲကာ ခြေပစ်လက်ပစ်ဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေ၏။ သူ၏ အမူအရာတစ်ခုလုံးသည် ပျက်ယွင်းလျက် ရှိနေ၏။ အချိန်အတော်ကြာသည်အထိ refresh လုပ်ပြီးသည့်နောက် သူသည် လိုချင်သည့် တည်နေရာပုံသဏ္ဍာန် အဆင့်မြင့်တင်ခြင်း ပစ္စည်းအဆောင်အား ရရှိခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ သူသည် ထိုအရာကို ရရှိရန် သူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြုခဲ့ရ၏။
ရွီ …။
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ ပြောလိုက်သည်။ “အနည်းဆုံး ဂိုဏ်းစုဆောင်းမှတ်တွေ အသုံးပြုတဲ့အချိန် အဆင့်နိမ့် သိုင်းနည်းစနစ်လေး တစ်ခုတစ်လေလောက် ပါသင့်တယ် မဟုတ်ဘူးလား”
စနစ်သည် သူ့အား နှစ်သိမ့်လိုက်၏၊ “အနည်းဆုံးတော့ လိုချင်တာကိုတော့ ရခဲ့တယ် မဟုတ်လား၊ ဆုံးရှုံးတာမျိုးတော့ မရှိပါဘူး”
“ဆုံးရှုံးတာ ဘာမှ မရှိဘူး ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ထ၍ ပြောလိုက်သည်။ သူ့အနေနှင့် ပို၍ လက်သင့်မခံနိုင်သည်မှာ ဤတည်နေရာပုံသဏ္ဍာန် အဆင့်မြင့်တင်ခြင်း ပစ္စည်းသည် ဂိုဏ်းစုဆောင်းမှတ် ငါးထောင်သာ ကျသင့်၏။ သို့ပေမဲ့ ထိုအရာကို ရရှိရန် Refresh လုပ်ခဲ့ရသည်မှာ ဂိုဏ်းစုဆောင်းမှတ် ငါးထောင်တောင် ကုန်ခဲ့ရ၏။
လက်ခံသူ၏ စိတ်ခံစားချက်များသည် မတည်ငြိမ်ကြောင်းကို စနစ်က ကောင်းကောင်းသိ၏။ ထို့ကြောင့် ချက်ချင်းပဲ မရှိသလိုပင် ဟန်ဆောင်နေလိုက်တော့သည်။
“ဟင်း” စိတ်တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ကျွင်းချောင်ရှောင်းသည် တည်နေရာပုံသဏ္ဍာန် အဆင့်မြင့်တင်ခြင်း ပစ္စည်းအား ဂိုဏ်းစုဆောင်းမှတ် ငါးထောင်အသုံးပြုကာ ဝယ်လိုက်တော့၏။ ဤအရာသည် ဥခွံတစ်ခုနှင့် တူညီသောအရာလေးတစ်ခုဖြစ်၏။ မိတ်ဆက်အရဆိုလျှင် မြေအောက် သို့မဟုတ် တောင်ပေါ်တွင် ဤအရာကို ထားလိုက်သည်ဆိုသည်နှင့် သတ်မှတ်အတိုင်းအတာ အတောအတွင်း အမြင့်ကို ပိုမို၍ တိုးစေလိမ့်မည်။
“ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတာပဲ”
ကျွင်းချောင်ရှောင်းသည် ထိုပစ္စည်းကို ထုတ်ယူပြီးသည့်နောက် လီချင်းယန်၏ မြေပုံထဲတွင်ရှိသော အမှတ်အသား တည်နေရာသို့ သွားလိုက်၏။ ပြီးသည့်နောက်မှာတော့ ထိုအရာလေးကိုချကာ စတင်မည်ဆိုသော ခလုတ်ကို နှိပ်လိုက်တော့၏။ မြင်ကွင်းတွင် ပေါ်ပေါက်လာသည်မှာ အမြင့်ပေကို ရွေးချယ်ပါဆိုသည့် စာသားပင် ဖြစ်၏။ “ဧဝရတ်တောင်က မီတာ ရှစ်ထောင်မြင့်တယ်၊ ဒီတော့ ငါ မီတာတစ်သောင်းထားလိုက်မယ်”
ဒီ ဒီ ဒီ …။
ကျွင်းချောင်ရှောင်းသည် မီတာတစ်သောင်းဆိုသည့် ခလုတ်အား နှိပ်လိုက်၏။ အမြင့်ပေကို အတည်ပြုပြီးသည့်နောက် ဥတစ်ခုကဲ့သို့သော အရာသည် ရုတ်တရက် များပြားလှသည့် လက်များ ထွက်လာပြီးနောက် မြေတွင် ကုပ်ကာ ထားခဲ့တော့၏။ တည်နေရာမြင်ကွင်း၏ အပေါ်မှာတော့ ပုံစံပြောင်းလဲနေခြင်း ဟူသော စာတမ်း ပေါ်လာခဲ့တော့သည်။
“ဒီလိုပဲ အမြင့်ပေကို တိုးစေနိုင်တာလား”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိသွား၏။ သူသည် ဤနေရာတွင် တစ်နာရီကျော်လောက် နေထိုင်ခဲ့၏။ သို့ပေမဲ့ ပတ်ဝန်းကျင် အနေအထားတစ်ခုလုံးသည် မည်သည့် ပြောင်းလဲမှုကိုမှ မတွေ့ရှိရပေ။ ထို့ကြောင့် သူသည် ဂိုဏ်းဆီသို့ ပြန်လာလိုက်တော့သည်။ အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ ကျင့်ကြံတော့၏။
“နဂါးဆင်လက်ဝါး”
ဟူး ဟူး
တည်နေရာထဲမှာတော့ နဂါးများ၊ ဆင်များ၏ စွမ်းအားများသည် အလုံးစုံဖြစ်တည်နေ၏။ လေထုထဲတွင်တော့ နဂါးနှင့်ဆင်ပုံရိပ်များသည် နှစ်ဆယ်လောက်ရှိနေပြီး အလွန် ရှေးကျပြီး အားကောင်းလွန်းလှသော အော်ရာများသည် ဖြစ်တည်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးနောက် ထွက်ပေါ်နေသော စွမ်းအင်များကို ရုတ်သိမ်းလိုက်၏။ ပြီးနောက် စိတ်ချမ်းသာစွာဖြင့် ပြောလိုက်တော့သည်။ “ငါ ဒီအထဲကို တစ်ခါလာပြီး လေ့ကျင့်တိုင်း ပုံရိပ်ယောင် အကောင်ရေက ငါးကောင်စီ တိုးလာတာပဲ … မဆိုးဘူး”
အချိန်သတ်မှတ်ချက်ရှိသောကြောင့် သူသည် အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေထဲမှ ပြန်လည်ကာ ထွက်ခွာလာခဲ့၏။ သို့ပေမဲ့ အပြင်ဘက်သို့ လျှောက်လျှောက်ခြင်းမှာပဲ သူသည် မျက်လုံးပြူးသွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ မြင်ကွင်းတွင် မြင့်မားလှသည့် တောင်တစ်ခု ပေါ်နေသာကြောင့်ပင် ဖြစ်၏။
“ချီးတဲ့မှ”
သူသည် ကြိုးစားပမ်းစားဖြင့် ခေါင်းကိုမော့ကာ အံ့အားတသင့်ဖြင့် မေးလိုက်မိ၏။ “ဘာတွေဖြစ်နေတာလဲ”
စနစ်က ပြောလိုက်သည်။ “တောင်က တည်နေရာပုံစံကို ပြန်ပြီးပြင်ဆင်နေတာလေ”
ဤအရာကို ကျွင်းချောင်ရှောင်းသည် သိရှိ၏။ သို့ပေမဲ့ အပြင်လောကတွင် သုံးရက်သာ ကြာမြင့်သေးသည်။ ဤအတောအတွင်း မြင့်မားလှသည့် အနေအထားတစ်ခုဆီသို့ မည်သို့ရောက်ရှိသွားရသနည်း။ မြန်လွန်းမနေဘူးလား။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီချင်းယန်သည် အပြေးအလွှား ရောက်ရှိလာကာ ပြောလိုက်၏။ “ဂိုဏ်းချုပ် အချိန်နဲ့ တည်နေရာလျှို့ဝှက်နယ်မြေထဲကို ဝင်သွားတဲ့ ညမှာပဲ တောင်ပေါ်မှာ ငလျင်တွေ လှုပ်တယ်လေ၊ ပြီးတော့” သူသည် တောင်ထိပ်နေရာအား လက်ညိုးထိုးပြကာ ပြောလိုက်၏။ “ဒီလိုကြီး ဖြစ်သွားတာပဲ”
“အဲညမှာ ဟုတ်လား” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။
တည်နေရာပြောင်းလဲခြင်းပစ္စည်းသည် အလွန်ဈေးကြီးလှသည်ဆိုသော်လည်း အစွမ်းသက်ရောက်မှုမှာ အလွန် ကောင်းနေ၏။ တစ်ညအတွင်းမှာပဲ သေးငယ်လှသည့် တောင်လေးတစ်ခုအား ကြီးမားလှသည့် တောင်ကြီးတစ်ခုဖြစ်အောင် ပြောင်းလဲပစ်နိုင်၏။
“ချင်းယန်…. ဒီဟာ ဘယ်လို အခြေအနေရှိလဲ” တောင်၏ထိပ်တည်နေရာဆီသို့ ရောက်ရှိပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလိုက်မိ၏။
“အင်း မဆိုးပါဘူး”
လီချင်းယန်သည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ဒီထက် ပိုမြင့်ရင်တော့ ပိုကောင်းတာပေါ့”
“ဒါဆိုရင် ပြောင်းလဲလိုက်မှာပေါ့”
“ပြောင်းလဲမယ် ဟုတ်လား” နောက်တစ်ရက်မှာတော့ လီချင်းယန်သည် တောင်၏ အနောက်ဘက်တွင် မတ်မတ်ရပ်လျက် ရှိသည်။ သူ၏ မျက်နှာတစ်ခုလုံးသည် မျက်လုံးများ ပြူးထွက်လာမတတ် အံအားသင့်လျက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် တောင်၏ထိပ်မျက်နှာပြင်တစ်ခုလုံးသည် မီတာတစ်သောင်းနီးပါးခန့်ပင် ရောက်ရှိနေပြီဖြစ်၏။ မနေ့ကထက်ပင် ပိုမိုမြင့်မားလာခဲ့ပြီဖြစ်၏။
“ဘယ်လိုအနေအထားရှိလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်နေ၏။ “ဒါ … ဒါဘယ်လိုလုပ်လိုက်တာလဲ”
ကျွင်းချောင်ရှောင်းသည် ရှင်းပြမနေချေ။ သူသည် လီချင်းယန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “ငါတို့က တောင်ထိပ်ပေါ် ရောက်နေပြီလေ၊ မင်းအနေနဲ့ အဆောက်အဦတွေ စပြီးတော့ ဆောက်သင့်နေပြီလေ၊ ငါ့ကို စိတ်မပျက်စေနဲ့”
“ကောင်းပါပြီ”လီချင်းယန်သည် တည်ငြိမ်စွာ ပြောလိုက်သည်။
ညရောက်ချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းတွင် ငလျင်များ လှုပ်ပြန်၏။ နောက်တစ်ရက်မှာတော့ တပည့်များသည် တောင်၏ ဂိတ်တံခါးရှေ့တွင် မတ်မတ်ရပ်နေ၏။ အောက်သို့ ငုံ့ကြည့်လိုက်ချိန်မှာတော့ အဆုံးမဲ့ များပြားလွန်း လှသော လှေကားထစ်များသည် တည်ရှိလို့နေ၏။ သူတို့အားလုံးသည် အလုံးစုံဆွံ့အလို့နေ၏။
တည်နေရာ ပြောင်းလဲခြင်းပစ္စည်းသည် ကျွင်းချောင်ရှောင်း ထင်ထားသည်ထက် ပိုမို၍ကောင်းမွန်လျက်ရှိနေ၏။ တောင်၏ တောင်ခြေရင်းဆီမှ လှမ်းကြည့်လိုက်မည်ဆိုလျှင် ဂိုဏ်း၏ အတွင်း၊ အပြင် ခြံဝန်းများသည် မြင့်မားသည့် တည်နေရာတွင် တည်ရှိနေသည်ကို မြင်ရမည်ဖြစ်၏။ ဤတည်နေရာကြီးတွင် တိမ်များ ဖြစ်တည်လာမည်ဆိုပါက ပိုမို၍ ကြည့်ကောင်းတော့မှာဖြစ်သည်။
သံမဏိအရိုးမြို့တွင် နေထိုင်ကြသော နေထိုင်သူများသည်လည်း ဆွံ့အလျက် ရှိနေကြ၏။ မူလအားဖြင့် သံမဏိအရိုးတောင်သည် တစ်ချက်လှမ်းကြည့်လိုက်သည့်နှင့် မြင်နိုင်သည့်နေရာတွင် ဂိုဏ်း၏ ဂိတ်တံခါး တည်ရှိနေခြင်း ဖြစ်သည်။ ယခု မကြာသေးသည့်ရက်အတွင်း ဤမျှမြင့်မားသွားရသနည်း ဆိုသည်ကို သူတို့ မစဉ်းစားနိုင်တော့ချေ။ ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ညစဉ်ညတိုင်း ငလျင်လှုပ်လျက်ရှိပြီး မြို့သူမြို့သားတိုင်းသည် ထိုအချင်းအရာကို အသားကျလျက် ရှိနေတော့၏။
“စီနီယာအစ်ကို”
လီဖေးသည် ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ “ကြည့်အုံး … တခြားတောင်တစ်ခုက ထပ်ပြီးတော့မြင့်လာပြန်ပြီ”
ဤကိစ္စနှင့်ပတ်သက်၍ တပည့်များအားလုံးသည် အံ့အားသင့်သည့် စိတ်ခံစားချက်ဟူ၍ မရှိတော့ချေ။ ရက်အနည်းငယ်ကြာမြင့်ပြီးနောက် သံမဏိအရိုးတောင်နှင့် ဆက်စပ်နေသော တောင်တန်း တော်တော်များများ သည် အမြင့်ပေ ပို၍ မြင့်မားလာတော့၏။
“ချင်းယန်” ကျွင်းချောင်ရှောင်းသည် တောင်ထွတ် အနည်းငယ်ဆီကို ညွှန်ပြလိုက်၏။ “မင်းအရင်တုန်းက ပုံစံဆွဲထားတဲ့အတိုင်း ဆောက်တော့လေ၊ တောင်ထိပ်တစ်ခုစီတိုင်းမှာ ခန်းမတစ်ခုစီ ထားလိုက်”
“ကောင်းပါပြီ”
လီချင်းယန်က ပြောလိုက်သည်။ “ဒါဆိုရင် တောင်ရဲ့နာမည်တွေကို တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနှစ် ဆိုပြီး ပေးရဦးမှာလား”
“ဘယ်ဟုတ်ပါ့မလဲ” ကျွင်းချောင်ရှောင်းသည် ပျံသန်းပြီးသည့်နောက် လေထုထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်၏။ ပြီးနောက် တောင်၏ အလယ်လောက်တွင် စာတမ်းများကို စတင်ကာ ရေးသားတော့သည်။
ရွီး
သူသည် မူလနေရာကို ပြန်လည်ရောက်ရှိပြီးနောက် တောင်တစ်ခုစီတိုင်းတွင် နာမည်တစ်ခုစီ ရှိနေပြီဖြစ်၏။ ၎င်းတို့သည် မိုးဆွေတောင်ထွတ်၊ သားရဲစီးတောင်ထွတ်၊ စိတ်ဝိညာဉ်သားရဲ တောင်ထွတ်၊ စည်းကမ်းထိန်းသိမ်းရေး တောင်ထွတ် စသည်ဖြင့် ….
လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။ “ဒါက ဟောခန်းနေရာမှာ တောင်ထွတ် ဆိုပြီး ပြောင်းလိုက်တာ မဟုတ်ဘူးလား”
ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်းသည် အပြင်းအထန် စဉ်းစားပြီး သေသေချာချာ နာမည်ပေးခဲ့ခြင်းသာ ဖြစ်တော့၏။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းရဲ့ ပါရမီကို ပြသတော့”
“ကောင်းပါပြီ”
လီချင်းယန်သည် အစောကြီးကတည်းက ပြင်ဆင်ပြီးဖြစ်၏။ သူသည် တပည့်များနှင့်အတူ တောဝက်ရိုင်းလေးကို ခေါ်ဆောင်လိုက်တော့၏။ ၎င်းတို့သည် ဆောက်လုပ်ရေးပစ္စည်းပစ္စယများကို ထုတ်ယူကာဖြင့် တောင်ပေါ်သို့ ပို့လျက်ရှိသည်။
စိတ်ဝိညာဉ်စွမ်းအင်များသည် တောင်၏ထိပ် တည်နေရာတွင် တိမ်အဖြစ်ဖွဲ့တည်လျက် ရှိသည်။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လက်ရှိအချိန်မှာ ဂိုဏ်းက အဓိက ဂိုဏ်းကြီးလိုမျိုး အားကောင်းလာခဲ့ပြီပဲ၊ ဒီတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးကောင်းမွန်လာတဲ့ သီးခြားဖြစ်တည်ခြင်း အစီအရင်တွေ ဖယ်ပစ်မှ ဖြစ်တော့မယ်”
ဝှစ်
သူသည် တောင်၏ အတွင်းဘက်ဆီသို့ ပျံသန်းသွား၏။ ပြီးသည့်နောက်မှာတော့ လက်ကိုယမ်းခါ လိုက်သည့်အချိန်တွင် သီးခြားဖြစ်တည်ခြင်း အစီအရင်များအားလုံးသည် ဖယ်ရှားပြီး ဖြစ်နေတော့၏။ ထိုအရာ သည် အရင်တုန်းက လူအများ သိရှိသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။ လက်ရှိအချိန်တွင် ပြိုင်စံရှားဂိုဏ်းသည် ကြီးမားလှသော ဂိုဏ်းတစ်ခုဖြစ်နေသည်မို့ မည်သူ့ကိုမှ စိုးရွံ့စရာ မလိုတော့ချေ။ ထို့ကြောင့် စိတ်ဝိညာဉ် စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသော အရိပ်အယောင်များကို သိုဝှက်ထားစရာ မလိုတော့ချေ။
ရက်အနည်းငယ် ကြာပြီးသည့်နောက် သံမဏိအရိုးတောင်ထိပ်ကြီးသည် ပိုမို၍ မြင့်မားလာခဲ့တော့သည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် စုစည်းလျက် ရှိနေတော့၏။ ဤအရာသည် နတ်ဘုံနတ်နန်းတစ်ခုပင် ဖြစ်နေတော့၏။
ကြီးမားပြီး မြင့်မားလွန်းလှသော တောင်၏ အလယ်တဝိုက်တွင် ပြိုင်စံရှားဂိုဏ်းဟု ထင်ရှားသည့် စာလုံးများ ရေးထိုးထား၏။ သံမဏိအရိုးတောင်တွင် နေထိုင်ကြသော မြို့သူမြို့သားများ အားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ တောင်ကြီးကို လှမ်း၍ ကြည့်ပြီးသည့် နောက်မှာတော့ ၎င်းတို့၏ စိတ်ထဲတွင် အလွန်အံ့အားသင့်ကြသလို ချီးလည်းကျူးမိကြသည်။
မြို့ဆီသို့ ရောက်လာကြသော ဆယ်ကျော်သက်များဆိုလျှင် နောက်လဂိုဏ်းစုဆောင်းပွဲတွင် ပါဝင်၍ ဖြေဆိုရန်ပင် စဉ်းစားနေမိကြတော့၏။ ဤသံမဏိအရိုးတောင်ကြီးတစ်ခုလုံး ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း သည် မြို့တော်ဝန်ရှဲ့အား ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့၏။ သူသည် အလျင်အမြန်ဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ကြီးမားလှသည့် တောင်ကီးကို မြင်လိုက်ရသည့်အချိန်တွင် အမှတ်မထင် သူ့ပါးကိုပင် သူရိုက်လိုက် မိ၏။ “ဒါ ဒါ အိမ်မက် မက်နေတာ မဟုတ်ပါဘူးနော်”
ချင်းယန်နိုင်ငံရှိ ကျင့်ကြံသူများသည် ထိုသတင်းကို ကြားမိကြ၏။ ထို့ကြောင့် အားလုံးသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြပြီး ပြိုင်စံရှားဂိုဏ်းကို လာရောက်ကြည့်ရှုကြတော့သည်။ ပြိုင်စံရှားဂိုဏ်းသည် ပိုမိုမြင့်မားသည့် တည်နေရာတွင် တည်ရှိနေပြီး နတ်ဘုံနတ်နန်းကြီးကဲ့သို့ ပြောင်းလဲနေ၏။
ထို့အပြင် ကောင်းကင်နှင့် မြေကြီးတွင် ရှိသော သန့်စင်သည် စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ဖြစ်တည်လျက်ရှိနေ၏။ ချင်းယန်နိုင်ငံတစ်ခုလုံး ထိုသတင်းသည် ပေါက်ကြားသွားခဲ့၏။ ထိုသတင်းကြီးတစ်ခုလုံးသည်လည်း အရှေ့တောင်ရန်ကျူးတစ်ခုလုံးတွင် အုတ်အော်သောင်းနင်းဖြင့် ပျံ့နှံ့လျက်ရှိနေတော့သည်။
မူချန်းဟုန်၊ ရီထျန်းချန်၊ စစ်တုဟောင်ယွင်တို့အားလုံးသည် ထိုသတင်းကို ကြားပြီးသည့်နောက် ချက်ချင်းလာရောက် ကြည့်ရှုကြတော့သည်။ ပြိုင်စံရှားဂိုဏ်း၏ ကြီးကြီးမားမား ပြောင်းလဲမှုကို မြင်ရပြီး သည့်နောက် သူတို့သည် တောင်၏ ဂိတ်တံခါးရှေ့တွင် အချိန်အတော်ကြာ အံ့အားတသင့်ဖြင့် ရပ်နေမိကြ၏။