အခန်း (၉၀၇)
Vol. 61 Ch. 907
မူချန်းဟုန်၊ ရီထျန်းချန်နှင့် တခြားသောသူများသည် သတင်းကို ကြားပြီးသည့်နောက် လာရောက်ကြတော့သည်။ ၎င်းတို့သည် ကျိန်းသေပေါက် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ကာ လည်ပတ်ကြတော့သည်။ သန့်စင်သည့် သဘာဝ စိတ်ဝိညာဉ် စွမ်းအင်များကို ခံစားပြီးသည့်နောက် ဤတောင်ကြီးနှင့် ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သော အကြောင်းအရာများကို အထိတ်တလန့် ဖြစ်စေတော့၏။
ဤဂိုဏ်းသည် ဘာမှမဟုတ်သော အဆင့်တစ်ခုမှသည် ကြီးမားသည့် ဂိုဏ်းကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သလို ၎င်း၏ ဂိုဏ်းတည်နေရာကြီး တစ်ခုလုံး ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။
“ဂိုဏ်းချုပ်ကျွင်း”
စစ်တုဟောင်ယွင်သည် ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ ”ဒါက ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားရတာလဲ”
မူချန်းဟုန်နှင့် ရီထျန်းချန်တို့သည်လည်း ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ ၎င်းတို့အား ဇဝေဇဝါနှင့် ဖြစ်မိနေသည်မှာ ဤတောင်ထဲတွင် အလွန်အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်များ တည်ရှိနေခြင်းပင်ဖြစ်သည်။ သဘာဝ စိတ်ဝိညာဉ်များ ပြန်လည် ကောင်းမွန်လာခဲ့သည်လား၊ ပြန်လည်ကောင်းမွန်လာခဲ့သည်ဆိုလျှင် သဘာဝဖြစ်စဉ်များ ပြောင်းလဲမှုကို သူတို့ သိရှိရပေလိမ့်မည်။ အဘယ်ကြောင့် ရုတ်တရက်ကြီး ဤသို့ ဖြစ်သွားရသနည်း ဆိုသည်ကို သူတို့ မစဉ်းစားနိုင်ခဲ့တော့ချေ။
“ထူးဆန်းတယ်၊ ဒါက အရမ်းကို ထူးဆန်းတာပဲ”
“အရိုးသားဆုံး ပြောရမယ်ဆိုရင်”
ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်၏။ “သံမဏိအရိုးတောင်က ပြိုင်စံရှားဂိုဏ်းရဲ့ အခြေခံတစ်ခုပဲလေ၊ ရှေးတုန်းကတည်းက ကောင်းချီးပေးခံထားရတဲ့ နတ်ဘုံနတ်နန်း ကုန်းမြေတစ်ခုပေါ့၊ ဒါပေမဲ့ မြေအောက်မှာ စည်းခတ်ခြင်း ခံထားရတယ်လေ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျုပ်က ဂိုဏ်းရဲ့ ရှေးစာအုပ်တွေကို လေ့လာခဲ့ပြီးတော့ မြေထဲမှာရှိတဲ့ စည်းကို ဖယ်ရှားခဲ့တယ်လေ၊ ဒါကြောင့် တောင်မှာရှိတဲ စိတ်ဝိညာဉ်ချီတွေ ပြန်လည်ကောင်းမွန်လာပြီး ဒီလို အခြေအနေကို ရောက်ရှိခဲ့ရတာပဲ”
တစ်ဖက်လူများ ယုံသည်၊ မယုံသည်ကို ဂရုစိုက်စရာ မလိုချေ။ သူသည် ပြောချင်ရာကိုသာ လျှောက်ပြောနေခြင်း ဖြစ်သည်။ သူ၏ ရှင်းပြချက်များအားလုံးသည် အဖြစ်မှန်နှင့် ဝေးကွာလျက်ရှိသည်ဆိုသော်လည်း မူချန်းဟုန်နှင့် တခြားသူများအားလုံးသည် သံမဏိအရိုးတောင် အဘယ့်ကြောင့် ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားသည်ကို နားမလည်သောကြောင့် ကျွင်းချောင်ရှောင်း ပြောသည်ကိုသာ လက်ခံလိုက်ရတော့သည်။
တစ်ဖက်လူများသည် ရှည်ရှည်ဝေးဝေးတွေ လျှောက်၍ မေးမြန်းနေမည်ကို စိုးရိမ်သောကြောင့် ကျွင်းချောင်ရှောင်းက စကားလမ်းကြောင်းလွှဲလိုက်သည်။ “ခင်ဗျားတို့ သုံးယောက် ဒီကိုရောက်တုန်းလေး အစားအစာတွေ စားသွားပါအုံးလား”
မူချန်းဟုန်တို့သည် သံပြိုင်ပဲ ပြောလိုက်၏။ “ဒါဆိုလည်း စားလိုက်ကြတာပေါ့”
ချီးတဲ့မှ... နည်းနည်းပါးပါး ငြင်းဖို့တောင် စိတ်မဝင်စားပါလား၊ ကျုပ်ရဲ့ ဂိုဏ်းဆီကို လာပြီးတော့ ဂုန်းဆင်းဖို့ စဉ်းစားနေကြတာပဲ။
လျှိုဝမ်ရှစ်သည် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့သည်ဆိုသည့်အကြောင်းကို မည်သူက မသိရှိဘဲ နေမည်နည်း။ ၎င်းတို့သည် ဤနေရာသို့ ရောက်လာကြပြီးဆိုမှတော့ ပြန်၍ မသွားခင်တွင် ကောင်းမွန်သော အစားအစာများကို စားသုံးသွားကြရမှာ ဖြစ်တော့သည်။
...........
ဂိုဏ်း၏ အသွင်ပြောင်းလဲသွားပြီးနောက် ပြိုင်စံရှားဂိုဏ်းသည် အစစ်အမှန်ပင် အခြေခံများနှင့် ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် အားနည်းလွန်းပြီး ထိပ်တန်းဂိုဏ်းများနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သော်လည်း စဦးဖွံ့ဖြိုး တိုးတက်မှုမှသည် အလုံးစုံဖွံ့ဖြိုးတိုးတက်မှု အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ဟုတ်ပေသည်။ ဂိုဏ်း၏ တောင်အလယ်လောက်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လျက်ရှိပြီး တိမ်များကဲ့သို့ ဖြစ်တည်လျက် ရှိနေတော့သည်။ ထို့ကြောင့် ဤနေရာကြီး ပိုမိုလှပစေရန်အတွက် သစ်ပင်ပန်းမန်များ စိုက်ပျိုးထားမှ ပို၍ ကောင်းမွန်ပေလိမ့်မည်။
“ဟောခန်းသခင်လီ”
မိုးဆွေဟောခန်းထဲမှာ ထိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဝယ်တော်ဟောခန်းက အဖွဲ့ဝင်တွေကို စုစည်းပြီးတော့ တန်ဖိုးကြီးတဲ့ သစ်ပင်ပန်းမန်တွေကို စုစည်း ဝယ်ယူခိုင်းလိုက်၊ ပြီးတော့ တောင်ရဲ့ထိပ်နားမှာ မျိုးစုံ စိုက်ပျိုးကြတော့”
“ကောင်းပါပြီ” လီလိုရှုက မြန်မြန်ပဲ ညွှန်ကြားလိုက်တော့၏။ မိုးဆွေဟောခန်းရှိ အဖွဲ့ဝင်များသည် အဓိကမြို့များ ဆီသို့ သွားရောက်ပြီးနောက် သစ်ပင်ပန်းမန်များကို ဝယ်ယူတော့၏။
“ဂိုဏ်းရဲ့ အကာအကွယ်အစီအရင်က ပိုပြီးချဲ့ထွင်ဖို့ လိုအပ်လာခဲ့ပြီ” ကျွင်းချောင်ရှောင်းသည် ကျန်းတယ်ကျွင်းကို ခေါ်ပြီးသည့်နောက် အသစ်ဖန်တီးမည့် အစီအရင်စနစ်အား သေသေချာချာ ရှင်းပြလိုက်၏။ တောင်တစ်ခုချင်းစီတိုင်းတွင် ဂိုဏ်းအကာအကွယ်အစီအရင်များကို ထားရှိမည်ဖြစ်သည်။ တစ်ခုနှင့် တစ်ခုကလည်း ချိတ်ဆက် ထားပြီးသည့်နောက် တစ်စုံတစ်ခုသည် အသက်ဝင်သွားသည်ဆိုသည်နှင့်တပြိုင်နက် အားလုံးသည် ပူးပေါင်းကာ အသက်ဝင်သွားရမည်။
“အကြီးအကဲကျန်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းရဲ့ အကာအကွယ်အစီအရင်နဲ့ပတ်သက်ပြီး ခင်ဗျားရဲ့လက်ထဲ အပ်လိုက်တော့မယ်”
“ကောင်းပါပြီ” ကျန်းတယ်ကျွင်းသည် အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များကို ဦးဆောင်ကာဖြင့် အလုပ်များလျက် ရှိနေတော့၏။
ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်များသည် အသီးသီး အလုပ်များနေကြ၏။ တချို့သည် ဆောက်လုပ်ရေးပစ္စည်းများကို ရွေ့ပြောင်းရာတွင် ကူညီနေကြပြီး တချို့မှာတော့ သစ်ပင်ပန်းမန်များကို စိုက်ပျိုးရာတွင် ကူညီနေကြ၏။ များပြားလှသော ဟောခန်းမှာ ရှိနေသည့် အဖွဲ့ဝင်များအားလုံးသည်လည်း အလကားမနေနေကြပေ။ ၎င်းတို့ အားလုံးသည် သက်ဆိုင်ရာတောင်များဆီသို့ ရွေ့မည့် လုပ်ငန်းစဉ်များတွင် အတူပူးပေါင်းကာ ဆောင်ရွက်လျက် ရှိနေကြ၏။
အထူးသဖြင့် အကြီးအကဲဝေပင် ဖြစ်သည်။ လက်ရှိအချိန်တွင် သူသည် စွန်းပုကုံးနှင့် တခြားသောသူများကို ဦးဆောင်၍ ဆေးဟောခန်းကြီးတစ်ခုလုံး ပြောင်းရွေ့မည့် တည်နေရာနှင့် ပတ်သက်ပြီး လေ့လာလျက်ရှိ၏။ သားရဲစီးဟောခန်းမှာတော့ ၎င်းတို့၏ အဓိက ပင်မတောင်ကြီးနှင့် နီးစပ်သည့်တည်နေရာကို ရွေးချယ်ထားခဲ့ တော့သည်။ ၎င်းတို့သည် နေ့စဉ်လေ့ကျင့်ရန်အတွက် တည်နေရာကြီးတစ်ခုလုံးကိုပင် ပြင်ဆင်ထားသည်။
ပြိုင်စံရှားဂိုဏ်းသည် နေ့စဉ်နေ့စဉ်ပင် ပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်နေသည်ဟု ဆိုရမည်။ ထို့အတူ နေ့စဉ်နေ့စဉ် တစ်ရက်ချင်းစီ ပိုမို၍ တိုးတက်လာခဲ့တော့၏။
အပြင်လောကတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် သံမဏိ အရိုးတောင်ကြီးတစ်ခုလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့် တည်နေရာကြီးတစ်ခု ဖြစ်မှန်း သိရှိပြီးသည့်နောက်မှာတော့ အလုအယက်နှင့် ရောက်ရှိကာ လာရောက်ကြည့်ရှုကြတော့သည်။
“ဂိုဏ်းချုပ်”
နင်တုရှင်းက ပြောလိုက်သည်။ “လက်ရှိမှာ သံမဏိအရိုးမြို့ဆီကို လာရောက်လည်ပတ်တဲ့လူ တော်တော်များလာတယ်”
“ဒါက သာမန်ပဲလေ”
ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ချေ။ “ကျုပ်တို့ ပြိုင်စံရှားက တကယ့်ကို ကြယ်ကြွေ ကုန်းမြေတိုက်ကြီးမှာ ကျော်ကြားတဲ့ဂိုဏ်းတစ်ခု ဖြစ်နေပြီ၊ ဒီတော့ အားလုံးက အာရုံစိုက်ကြတာ သဘာဝပဲလေ၊ အမိန့်ပေးလိုက်”
သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “ခုနှစ်ရက်ကြာရင် ဂိုဏ်းက တရားဝင် ဖွင့်လှစ်မယ်၊ အားလုံး ဒီထဲကို ဝင်ပြီး လာလည်လို့ ရတယ်၊ ဒါပေမဲ့ လူတစ်ယောက်ကို ငွေတစ်သောင်း ပေးရမယ်”
နင်တုရှင်းသည် ကြောင်အသွား၏။ ဤကဲ့သို့ အပြင်လူများ အားလုံးကို လာရောက်လည်ပတ်စေခြင်းသည် အလွန် ရဲရင့်လှသည့် ကိစ္စဖြစ်သည်ဟု သုံးသပ်မိသည်။
....................
“ကြားပြီးသွားပြီလား၊ ပြိုင်စံရှားဂိုဏ်းက ဂိုဏ်းကို တရားဝင်ဖွင့်ပေးထားပြီ၊ ငွေတစ်သောင်းပေးရင် ကြိုက်တဲ့လူ လာလည်လို့ရတယ်လို့ ပြောထားတယ်”
“သိပြီးပြီပေါ့၊ အစောကြီးကတည်းက ပိုက်ဆံတောင် ပြင်ဆင်ထားပြီးပြီ”
“တောင်ပေါ်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းများတယ်၊ တကယ့်ကို နတ်ဘုံနတ်နန်းလိုပဲလေ၊ သွားပြီတော့ ဝင်ရောက်လည်ပတ်ရတာ ထိုက်တန်မယ့်ပုံပဲ”
များပြားလှသော စီရင်စုများမှ သိုင်းကျင့်ကြံသူများသည် သံမဏိအရိုးတောင်တွင် ခဏလောက်လည်ပတ်ရန် စဉ်းစားလျက်ရှိနေကြ၏။ ၎င်းတို့သည် ထို့အတွက် ငွေတေးလ်တစ်သောင်းလောက်ကို ထုတ်သုံးရန် တွန့်တိုနေ ကြလောက်မည်မဟုတ်ချေ။ ရက်အနည်းငယ်လောက်ကြာပြီးသည့်နောက် လူတစ်ထောင်ကျော်တို့သည် သံမဏိ အရိုးတောင်၏ ခြေရင်းတွင် စုဝေးလျက် ရှိနေကြ၏။ ၎င်းတို့သည် ဝင်ကြေးအဖြစ် လီထျန်းထျန်းနှင့် တခြားသော တပည့်များကို ငွေကြေးများ ပေးအပ်ပြီးသည့်နောက် တောင်ပေါ်သို့ တက်လာကြတော့သည်။
ဝှစ် ဝှစ်
သူတို့သည် အသာလှမ်းလျှောက်ပြီးသည့်နောက်မှာတော့ အပြင်ဘက်ခြံဝန်းတွင် လေ့ကျင့်လျက်ရှိနေကြသော အပြင်စည်းတပည့်များကို မြင်လိုက်ကြရ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များထံမှ ထွက်ပေါ်နေကြသော အော်ရာများကို ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် လာရောက်လည်ပတ်ကြသောသူများ၏ မျက်နှာများသည် ကြီးကြီးကျယ်ကျယ် ပြောင်းလဲသွားခဲ့ကြ၏။
“အားကောင်းလိုက်တာ၊ ဒီတပည့်တွေ အကုန်လုံးရဲ့ စိတ်ဝိညာဉ်အမြစ်တွေ အားလုံးက အဆင့်မြင့်အဆင့်ပဲ”
အပြင်ခြံဝန်းဆီသို့ ပထမဦးဆုံး လာရောက်လည်ပတ်ကြသည် ဖြစ်သော်လည်း အလွန်အံ့အားသင့်မိနေကြ၏။ များပြားလွန်းသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် ခံ့ညားလွန်းသော အဆောက်အဦများသည် ၎င်းတို့၏ နှလုံးသား အား ကြီးကြီးကျယ်ကျယ် အံ့အားသင့်စေ၏။ သံမဏိအရိုးဂိုဏ်းသည် တကယ့်ကို ပထမအဆင့် ဂိုဏ်းတစ်ခု၏ ပုံပန်းသွင်ပြင်မျိုး တည်ရှိနေပြီ ဖြစ်တော့၏။
ဟုတ်ပေသည်။ လာရောက်လည်ပတ်ကြသော သိုင်းကျင့်ကြံသူများသည် ဂိုဏ်း၏ ခန့်ညားမှုကို ချီးကျူးရန် မမေ့ ကြသလို ဂိုဏ်းထဲတွင်ရှိသော တပည့်များ၏ ကျင့်ကြံခြင်းအဆင့်များကို လေ့လာကြည့်ရှုရန်လည်း မမေ့ကြချေ။ ၎င်းတို့အနေနှင့် နောင်အနာဂတ်တွင် ၎င်းတို့၏ ကလေးများ အရွယ်ရောက်သည်ဆိုသည်နှင့်တပြိုင်နက် ပြိုင်စံရှား ဂိုဏ်းဆီသို့ ပို့လွှတ်ရန် ကြိတ်ကာစဉ်းစားနေပြီ ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းအနေဖြင့် ဤကဲ့သို့ လာရောက်လည်ပတ်မှုကို ခွင့်ပြုပြီးသည့်နောက် ဝင်ကြေးအဖြစ် ပိုက်ဆံ များရရှိသလို့ နောင် ဂိုဏ်းသားသစ်များ ရရှိရန်အတွက် ဂိုဏ်းကို ကြော်ငြာခြင်းမျိုး ပြုလုပ်ပေးနိုင်ခဲ့ပြီ ဖြစ်တော့သည်။ ကြည့်ပြီးသည့်နောက်တွင် လူငယ်အသီးသီးတို့သည် သူ၏ဂိုဏ်းဆီသို့လာရန် စိတ်အား ထက်သန်နေပေတော့မည်။ ဤအကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်သည်ဟု ဆိုရမည်။
ယခုလ၏ တပည့်များခေါ်ယူရန် သတ်မှတ်ထားသည့်နေ့တွင်တော့ အလွန်များပြားလှသော လူများအားလုံးသည် စာရင်းပေးသွင်းကြတော့၏။ သိုင်းပညာနှင့်ပတ်သက်သော များပြားလှသည့် ပါရမီရှင်များ ပါဝင်နေကြ၏။ ဓားသမားများ၊ အစီအရင်ကျွမ်းကျင်သူနှင့် ဆေးကျွမ်းကျင်သူများပင် ပါဝင်လျက် ရှိနေတော့၏။ ဂိုဏ်း၏ ဝင်ခွင့်ကို အောင်မြင်ပြီးသည့်နောက် ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များ ဖြစ်လာကြတော့သည်။
“ဂျူနီယာညီလေး.... ဆေးဟောခန်းကို ဝင်ဖို့ စိတ်ဝင်စားလား”
“ဂျူနီယာညီလေး.... မင်းခြေထောက်တွေက ရှည်တယ်နော်၊ မိုးဆွေဟောခန်းမှာ အဖွဲ့ဝင်ဖြစ်ဖို့ မွေးဖွားလာခဲ့ တာပဲ”
“ဂျူနီယာညီလေး... သားရဲရိုင်းတွေ စီးပြီးတော့ တိုက်ခိုက်ချင်လား၊ ဒါဆိုရင် သားရဲစီးဟောခန်းဆီကို လာခဲ့လိုက်တော့”
အစပဲရှိသေး၏။ တပည့်သစ်များသည် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ၎င်းတို့ အားလုံးအား သင့်လျော်သည့် ပါရမီနှင့်အတူ ဟောခန်းအသီးသီးသို့ တာဝန်ချထားပေးခဲ့ဖူး၏။ သို့ပေမဲ့ အနည်းငယ် ပြဿနာများစရာတော့ ရှိနေသေးသည်။ ထို့ကြောင့် ဟောခန်းအသီးသီးသည် ၎င်းတို့ လိုချင်သည့် တပည့်များကို ကိုယ်တိုင်ရွေးချယ်ရန် ခွင့်ပြုပေးခဲ့ခြင်းပင် ဖြစ်တော့သည်။
“ကောင်းလိုက်တာ” အဓိကဟောခန်း၏ အပြင်ဘက်တွင် ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ဂိုဏ်းကြီး တစ်ခုလုံးအား ကြည့်လျက်ရှိ၏။
“ဂိုဏ်းချုပ်”
လီလိုရှုသည် လျှောက်လှမ်းလာပြီးနောက် ပြောလိုက်သည်။ “ရှောင်မိုက သတင်းပေးတယ်၊ ထိုက်ရွမ် အအေးဂိုဏ်းက ရွှေကြေးခွံ တောင်တန်းကို သွားပြီးတော့ အလယ်အလတ် အဆင့်ကိုး စိတ်ဝိညာဉ်သားရဲကို အမဲ လိုက်ကြမလို့ စီစဉ်နေတယ်လို့ ပြောတယ်”
“ရွှေကြေးခွံ တောင်တန်း ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနေရာက ယွမ်လင်တောင်တန်း ထက် ပိုပြီးတော့ အန္တရာယ်များတယ် မဟုတ်လား၊ ပထမအဆင့် ဂိုဏ်းတွေက သေလမ်းရှာတာကို ကြိုက်တယ်နဲ့ တူတယ်”
အမှန်တကယ်တမ်းမှာတော့ သေလမ်းရှာခြင်းကို ကြိုက်ခြင်း မဟုတ်ပေ။ ကြမ်းတမ်းလှသော သားရဲများကို အမဲလိုက် သတ်ဖြတ်ခြင်းဆိုသည်မှာ ပထမအဆင့်ဂိုဏ်းများ မဆိုနှင့် သာမန်ဂိုဏ်းများပင် ပြုလုပ်တတ်သော အရာပင် ဖြစ်၏။
လီလိုရှုက ပြောလိုက်သည်။ “ဒီအမဲလိုက်တဲ့အစီအစဉ်ကို ထိုက်ရွမ် အအေးဂိုဏ်းရဲ့ အကြီးအကဲတွေက ဦးဆောင် တာလေ၊ အပြင်စည်းတပည့်အချို့လည်း လိုက်ပါသွားရမယ်၊ ဒီထဲမှာ ရှောင်မိုက ရွေးချယ်ခံထားရတာလေ”
“အင်း”
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “သူတို့က သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် သားရဲတွေကို သွားပြီးတော့ အမဲလိုက်မယ်ဟုတ်လား၊ ပြီးတော့ အပြင်စည်းတပည့်တွေကိုလည်း ခေါ်လာသေးတယ်၊ တပည့်တွေကို သေစေချင်တာလား မသိဘူး”
လီလိုရှုက ပြောလိုက်သည်။ “သူတို့က တပည့်တွေကို တန်ဖိုးထားတယ်လေ၊ ဒီတော့ လိုက်ပါလာတဲ့လူတွေက တကယ့်အကြီးအကဲတွေ ပါမှာလေ”
“ဒါဆိုရင် လူအရေအတွက်နဲ့ သူတို့ရဲ့ အားအင်အဆင့်ကို အတည်ပြုပေးအုံး”
“သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် အကြီးအကဲလေးယောက်နဲ့ အပြင်စည်းတပည့်ခြောက်ယောက်တို့ ပါမှာလေ၊ အဲထဲမှာ ရှောင်မိုနဲ့ ဆက်ဆံရေးကောင်းတဲ့ စွန်းရင်ချွမ်နဲ့ ရှရွှေယွင်တို့လည်း ပါမယ်”
“ဒီစာရင်းက အလယ်အလတ် အဆင့်ကို စိတ်ဝိညာဉ်သားရဲကို ရင်ဆိုင်ဖို့ လုံလောက်နေပြီ၊ တကယ်လို့ တစ်စုံတစ်ခု မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာရင် ပြဿနာများမှာပဲ”
ကျွင်းချောင်ရှောင်းသည် နဖူးပေါ်လက်တင်ကာဖြင့် သေသေချာချာ စဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “ကြည့်ရတာ အဘိုးကြီးကျွင်း သွားပြီးတော့ ကယ်တင်ရမယ့် အခြေအနေကို ရောက်လာပြီပဲ”